လွန်ခဲ့သော ၁ဝ နှစ်ခန့်က ၁ဝ တန်းကိုသတိရမိခြင်း -( ၂ )
ပထမပိုစ့် ကိုအပြီးအထ်ိရိုက်မလို့ ဘေးမှာ လူရှိနေရင်စာဆက်မရိုက်တတ်တော့လို့ တစ်ဝက်ဖြတ်ပြီး ပိုစ့်တင်လိုက်ရတာနားလည်ပေးကြပါ။
လွန်ခဲ့သော ၁ဝ နှစ်ခန့်က ၁ဝ တန်းကိုသတိရမိခြင်း အပိုင်း (၂)
အဲဒီကျူရှင်က အပျိုကြီး အသက်၂၅ နဲ့ ၃ဝ အရွယ်ကြား ဆရာမ နှစ်ယောက်နဲ့ သူတို့အမေ အသက် ၆ဝ လောက်ရှိမယ့်အဖွားကြီးတစ်ယောက် ရှိတယ်။ အဲဒီမှာ ပထမ အော်ကြောလန်တစ်ယောက်က သေးပေါက်တာ အိမ်သာတံခါးမပိတ်မိလို့ ဆိုပြီး ယောက်ျားလေးတွေကို ရှူရှူမပေါက်ရအမိန့်ထုတ်ထားတယ် ။ အိမ် မှာ ဇာတ်လမ်းတွေ အပြတ်ရှင်းခဲ့ဆိုတဲ့သဘော။ ကျွန်တော်တို့ ယောက်ျားလေးငါးယောက်ကလဲထ်ိန်းပါတယ် ကျူရှင်ဆင်းမှ အဲဒီတိုက်ရှေ့ မှောင်တဲ့နေရာလေးတွေမှာ အဆင်ပြေသလိုပန်းကြတာပေါ့။ အဲကျူရှင်ချိန်မှာလဲ ပေါက်ချင်တယ်ဆိုရင် ဆင်း ပန်း ခွင့်ပြုတယ်ဗျ။ အဲဒီလိုဖြစ်အောင်များ ပထမ အောကြောလန်က ခွင်ဆင်ထားသလားမသိ ကျွန်တော်အတွက်က ပိုတောင် အဆင်ပြေသေး ဆေးလိပ်လေးဘာလေးသောက်ပြီးမှ ပြန်တက်လာတာပေါ့ ။ အဲဒီကျူရှင် က အဖွားကြီးကလဲ ကန့်လန့်ကြီးဗျ စကားပြောတာတောင် “ဘူး”ထည့် မပြောတတ်ဘူး ။ နားရှုပ်သွားသလားမသိဘူး ဥပမာ– ထမင်းမစားရသေးဘူးလား ဆိုတဲ့စကားကို ထမင်းမစားသေးလာ ၊ မပြန်သေးဘူးလား ဆိုတဲ့ စကားကို မပြန်သေးလား ၊ ကျူရှင်လခ မပေးသေးဘူးလား ဆိုတဲ့စကားကို ကျူရှင်လခ မပေးသေးလား အဲဒီတော့ ကျွန်တော်က အဲဒီအဖွားကြီးကို ဘူးပျောက် ကြီးဆိုပြီး နာမည်ပေးထားလိုက်တယ် ။ သူကလဲ ကျူရှင်လခကို တစ်ရက်အစွန်းမခံဘူးတိကျတယ် ခင်ဗျ ကျွန်တော် ဖြောင်မယ်ကြံရင် မားသားကြီးဆီ တိုက်ရိုက်တောင်းတယ်။ ကျွန်တော်လဲ အဲလို ဘူးပျောက် အဖွားကြီးနဲ့ နဲနဲလေးမှ အတင်စီးမခံပါဘူး ကျူရှင်လခ ၁၅၀၀ဝ ကို နှစ်ဆယ်တန၊် ငါးဆယ်တန် ၊ တစ်ရာတန် ၊ နှစ်ရာတန် တွေလခပေးခါနီးကျရင် တတ်နိုင်သလောက်ရှာစုထား နောက်ပြီး လကုန်တာနဲ့ တစ်ရက်နေ့ကိုမကူးစေဘူး “အန်တီမြင့် လခ မယူသေး…..လား” ဆိုပြီးသူလိုပဲ ဘူးပျောက် တိုက်ကွက်နဲ့ ပြောပြီး ၁၅၀၀ဝ အကြွေတစ်ထပ်ကို ပေးလိုက်ပါတယ် ။ အဲဒီအချိန်တုန်းက အကြွေက အခုလိုမရှားတော့ ထောင်တန်ပဲ လိုချင်တာပေါ့ ။ ကျွန်တော်ပေးတဲ့ အကြွေ တွေနဲ့ ကျူရှင်ချိန် တစ်ဝက်လောက်အထိ အဖွားကြီးပိုက်ဆံထိုင်ရေနေတာ ကြည့်ရင်းစာသင်ရတာ ကြည်နူးစရာ ။ ဒါပေမယ့် အဲဒီ အချိန်တုန်းက အဲဒီကျူရှင်လခ ကို မိဘ တွေဘယ်လိုရှာခဲ့ရလဲဆိုတာကိုတော့နားလည်ရဲ့သားနဲ့ နားမလည်သလို နေခဲ့မိတယ်။
အဲဒီကျူရှင်မှာလဲ သိပ်ကြာကြာမခံပါဘူး အရင်လို ပေတေလိုက် ကျူရှင်တက်လိုက်နဲ့ မျောနေရင်း ကျွန်တော် အရင်ကျူရှင် က ဖဲသွားသွားရိုက်နေတဲ့ သူငယ်ချင်ရဲ့ဦးလေး ကျွန်တော်တို့ရဲ့ဖဲရိုက်ဖော် ရှက်ကီဘဲကြီး ကြွသွားတယ် ။ မှတ်မှတ်ရရ အခုလို အောက်တိုဘာ အကုန် နိုဝင်ဘာ အကူးလောက်မှာ ထင်တယ် ။ ခုနှစ်ရက် ခုနှစ်လီ အဲဒီအိမ်က ကျွန်တော်တို့ အဖွဲ့ရဲ့ ထွက်ချည်ဝင်ချည်ခိုနားရာ ဖြစ်ကရော ။ ကျူရှင်တက်ဖို့ နေနေသာသာ ခုနှစ်ရက်လုံး ဖဲရိုက်ကောင်းတာ ရက်လည် ဘုန်းကြီးကြွလာတာပဲ မှတ်မိတယ် ဘယ်လိုပြန်ကြွသွားလဲ မသိဘူး ကျွန်တော်တို့ အဖွဲ့ လက်အုပ်လေးတွေချီ ပြီး အိပ်ပျော်နေတာ လူကြီးတွေက လဲ သဘောကောင်းပါတယ် ကလေးတွေ ကူညီတတ်တဲ့စိတ်ရှိတယ်တဲ့ ခုနှစ်ရက်လုံးလာစောင့်ပေးတာ အိပ်ရေးတွေ ပျက်လို့သနားပါတယ်တဲ့ ။ အဲဒီစကား ကြောင့် ဖဲရှုံးတာတောင် ပျော်လို့ “အန်တီဒီညလဲ ရက်လည်နောက်ဆုံးည မိုးလင်းအထိကျွန်တော်တို့ အဖွဲ့စောင့်ပေးမယ်” ဆိုပြီး နောက်ဆုံးရက်အတွက်တောင် ဘွတ်ကင်လုပ်လိုက်သေးတယ် ။
အဲဒီ အသုဘ လဲပြီးရော ရပ်ကွက်ထဲမှာ ပွဲဈေးတန်းက စ ပါလေရောဗျာ ။ ပွဲဈေးတန်းမှာ ကျွန်တော်တို့ အဖွဲ့ ဗူသီးကြော်ဆိုင်မှာ ထိုင် ရေနွေးကြမ်းလေးနဲ့ ဆေးလိပ်လေးခိုးသောက် ဟန်ကျနေတုန်း ဖြောင်း ကနဲဆို ဇက်ပိုး အုပ်တာခံလိုက်ရပါတယ် ။ ဒေါသ က ထောင်းကနဲထွက်သွား ကိုယ်တွေအဖွဲ့ကလဲ လူအုပ်ကတောင့် ဆိုတော့ ဘယ်ကောင်လဲကွဆိုပြီးလှည့်အကြည့် “ ဟာ ဆရာ တစ်ယောက်ထဲလား ဟီး..ဟီး” ဆရာက ကျန်းကျန်းမာမာ ကြီး ကို မတ်တပ်ရပ်ပြီး ကျွန်တော့်ကိုပြောပါလေရော “ကျက်သရေတုံး ဉာဏ်လေးက ကောင်းရဲ့ သားနဲ့စာမေးပွဲတော့ကျတော့မယ် မင်း ဘုန်းသွားတဲ့ သုံးလစာ ကျူရှင်လခ ငါမယူဘူး မနက်ဖြန်ငါ့ဆီ ကိုလာခဲ့ ” ဆိုပြီး ကျိမ်းမောင်းသွားပါလေရော ။
ဆက်ပါအုံးမည် သည်းခံဖတ်ရှုသူအပေါင်းအားကျေးဇူးအထူးတင်လျှက်
သုဝေ
4 comments
Shwe Ei
November 17, 2012 at 3:52 am
ခိခိ ဇက်ပိုးအုပ်ခံရတဲ့အခန်းအကျိုက်ဆုံးဘဲ 😛
ခိုင်ဇာ
November 17, 2012 at 8:35 am
အင်း။ အစ်မတို့ကျတော့ လွန်ခဲ့သော ၁၅ နှစ်လောက်ကို သတိရမှ ဖြစ်မယ်ထင်ပါတယ်။
သတိမရချင်ပေါင်ကွယ်။ မကျက်ချင်တဲ့စာတွေကို ကျက်ရ၊ ဖိအားအပေးခံရ နဲ့ ကျောင်းမတက်ချင်တာနဲ့ကို အသက်လည်း ပြန်မငယ်ချင်ဘူး။
သုဝေက ခုအသက်နဲ့ အသက်မွေးဝမ်းကျောင်းပညာတစ်ခုရှိနေပြီ ဆိုအကောင်းဆုံးပေါ့လေ။ အစ်မ အဲ့ဒီ အသက်မှာ အလုပ်လက်မဲ့နဲ့ ဟေးလားဝါးလားလုပ်လို့ကောင်းတုန်းရယ်။ (ဟီး ခုလည်း မထူးပါဘူး)
ခုအသက်က ကိုယ့်သဘောကို ဆောင်ဖို့အကောင်းဆုံးအရွယ်ပဲ။
ကျန်တဲ့ အဆက်တွေလည်း စောင့်ဖတ်ပါ့မယ်။
Foreign Resident
November 17, 2012 at 9:35 am
အခုထက်ထိတော့ ဆိုးတဲ့အခန်း သိပ်မပါသေးဘူး ။
ငယ်တုန်း ဆိုးခဲ့တာ ကောင်းပါတယ် ။
ကြီးလာရင် အမှတ်တရ ပြန်ပြောစရာ ရှိတာပေါ့ ။
ကြီးတဲ့အထိသာ ဆက်မဆိုးဖို့ အရေးကြီးတာ ။
လုံမလေးမွန်မွန်
November 17, 2012 at 3:33 pm
ဟီးဟီး… အပေအတေကျောင်းသားဘဝများ တယ်ရယ်ရသကိုး…
ဘူးပျောက် ဆိုတာကို ပြန်ဖတ်မိတိုင်း ရယ်လို့မဆုံးဘူး…
အပိုင်း (၃) လေး ဆက်ပါဦး…