“ဘုရင့်နောင် ဖောင်ဖျက် စစ်ထွက်သည့်ထုံး (၂)”(EPISODE 12)
ဖန်ဘိုးဘိုးရဲ့ စကားကို ရှန်းတူဝရီးက သဘောပေါက်လို့ ချူဘုရင်မင်းမြတ်ရဲ့အနွယ်တော်ကို လိုက်ရှာတဲ့အခါ တောမှာသိုးကျောင်းနေတဲ့တစ်ယောက်ကို ခြေရာခံမိပြီး သူတို့တော်လှန်ရေးအဖွဲ့ရဲ့ အမည်ခံခေါင်းဆောင် ချူဘုရင်မင်းမြတ်အဖြစ် နန်းတင်လိုက်သတဲ့။ ဒီအခါမှာ တကွဲတပြားစီဖြစ်နေတဲ့ သူပုန်တပ်တွေအားလုံး တပေါင်းတစည်းတည်း သစ္စာခံ ခိုဝင်လာလိုက်ကြတာ လျူဘန်တို့ တပ်တောင် မနေသာတော့ဘူးတဲ့။ တပ်ပေါင်းစုကြီးကို ဦးရီးတော်ကိုယ်တိုင်ကွပ်ကဲပြီး ဘဏ္ဍာထိန်းဆန်းဟန်ရဲ့ ချင်တပ်မဟာကြီးကို တိုက်ခိုက်တဲ့အခါ အောင်ပွဲတွေ အလီလီရလာပါလေရော။ အဲဒီအချိန်မှာ ဖန်မြို့တော်ကို ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ လျူဘန်တို့တပ်ဆီကို စစ်ကူပေးဖို့ ရှန်းယုကို စစ်သည်အများအပြားနဲ့အတူ စေလွှတ်လိုက်တယ်။ စစ်သတင်းတွေပေါက်ကြားလို့လား။ တိုက်ဆိုင်သလားတော့ မသိပါဘူး။ ချင်ဧကရာဇ်ကလည်း ဆန်းဟန်တို့တပ်ဆီကို စစ်ကူလွှတ်လိုက်တော့ စစ်ပွဲချိန်ခွင်ညှာက ပြောင်းသွားပါတယ်။ ဆန်းဟန်တို့က သူပုန်တပ်တွေကို ထွက်ပေါက်မရှိအောင် ဝိုင်းထားနိုင်ပြီး အားကိုးရမယ့် ရှန်းယုနဲ့ လျူဘန်ကလည်း လက်လှမ်းမမီတဲ့ အရပ်မှာ ရောက်နေတဲ့အတွက် ဦးရီးတော် ရှန်းလျံဟာ လက်ရဖမ်းဆီး ကွပ်မျက်ခံလိုက်ရတယ်။
သတင်းကြားကြားချင်း စစ်ဆုတ်ပြီး ချူမြို့တော်ကို အပြေးပြန်လာတဲ့ ရှန်းယု နဲ့ လျူဘန်ကို အသုဘအခမ်းအနားက ဆီးကြိုငိုကြွေးစေပြီး စိတ်ဓါတ်မကျရအောင် ချူဘုရင်မင်းမြတ်က ရှန်းယန်မြို့ကိုသွားလုပ်ကြံချေပါ။ အရင်ဆုံးအောင်ပွဲရတဲ့သူကို ရေမြေသဘာဝ သယံဇာတ ကြွယ်ဝတဲ့ ကွမ်ဆောင်းမြို့ကို စားစေမယ် လို့ ကတိပေးသတဲ့။ (သူ့ကိုယ်သူ တကယ့်ဘုရင်ကြီးများ မှတ်နေသလား မသိပါဘူး)။ ချူသူပုန်တပ်တွေကို ခေါင်းဆောင်ကနေသုတ်သင်နိုင်လိုက်တဲ့ ဘဏ္ဍာထိန်းဆန်းဟန်ဟာ စစ်သည်သုံးသိန်းနဲ့ သူ့ရဲ့စစ်ဦးကို ထောင်ထားခြားနားနေတဲ့ ဆောင်နိုင်ငံဘက် လှည့်ရပြန်ပါတယ်။ ဆောင်ဘုရင်ကို ဂျူလူမြို့တော်အထိ ဆုတ်ခွာစေပြီးတဲ့အခါ လက်ထောက်စစ်သူကြီးဝမ်လီကို မြို့ပတ်လည်က ဝိုင်းရံထားစေပါတယ်။ ဆောင်ဘုရင်က စစ်ကူတောင်းလို့ ချူဘုရင်က လျူဘန်ကို စစ်သည် ၃၀၀ဝ နဲ့ ရှန်းယန်ကိုသိမ်းဖို့ စေလိုက်ပြီး ရှန်းယုကိုတော့ ရှိသမျှတပ်အင်အားတွေနဲ့ မြစ်ဝါမြစ်ကိုဖြတ်ပြီး ဂျူလူမြို့ကိုရံထားတဲ့ ချူစစ်တပ်တွေကို ချေမှုန်းဖို့ စေလွှတ်လိုက်ပါတယ်။ ရှန်းယုက မြို့တော်သိမ်းတဲ့တပ်ကို သူဦးဆောင်မယ်လို့ အထွန့်တက်ပေမယ့် ချူဘုရင်နဲ့ မူးကြီးမတ်ရာများက သဘောမတူပါဘူး။ သူက အသက်ကလည်းငယ်၊ စိတ်ကလည်းတိုတတ်တဲ့ စစ်ဦးဘီလူးမို့လို့ မြို့တော်တစ်ခုလုံး ထောင်းထောင်းကြေသွားမှာ စိုးတာကတကြောင်း၊ ချင်ဧကရာဇ်နဲ့ ဂျောင်ကောကုန်းကုန်းတို့လို ပရိယာယ်ဝေဝုစ်များတဲ့သူတွေကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ဖို့အတွက် သူ့နိုင်ငံကို လက်နက်နဲ့ မသိမ်းပဲ ပြည်သူလူထု အလိုဆန္ဒနဲ့ သိမ်းပိုက်တာက ပိုကောင်းလိမ့်မယ် လို့ ယူဆတာကတကြောင်းပေါ့။ ဒီအခါမှာ ချူဘုရင်ကလေးက ရှန်းယုကို မြှောက်ပင့်ခြော့မော့လွှတ်ရပါတယ်။ ချင်စစ်တပ်ကြီးရဲ့ အင်အားကို သူမှတပါး ရင်ဆိုင်နိုင်တဲ့သူ ရှားသလို ဦးရီးတော်အတွက် သွေးကြွေးဂလဲ့စားကို သူကိုယ်တိုင်ဆပ်ရတော့ မိသားစုတာဝန်ကျေတာပေါ့ ဆိုပြီး မြားဦးကို ကျွမ်းကျင်စွာ ရန်သူ့ဘက် ဦးတည်ပေးလိုက်ပါတယ်။ သို့သော် ရှန်းယုကိုထိန်းဖို့ စစ်သူကြီးဆုန်ယိကို သေနာပတိခန့်ပြီး အထက်က ဦးဆောင်စီမံစေပါတယ်။
မြစ်ဝါမြစ်ကိုဖြတ်အပြီးမှာ ဆုန်ယိက စခန်းချ တထောက်နားပြီး စစ်မြေပြင်အခြေအနေကို လေ့လာသုံးသပ်တဲ့အခါ ရှန်းယုက အခုချက်ချင်း ထိုးစစ်ဆင်ဖို့ တွင်တွင် အရေးဆိုတော့တာပါပဲ။ ဆုန်ယိပြောတာကတော့ “ယာလည်းညက်စေ ကြက်လည်းပန်းစေချင်လို့ အချိန်ယူတာ” လို့ ဆိုပါတယ်။ ဟိုမှာ ဆောင်နဲ့ချင် နှစ်ဘက်စလုံး စစ်ပန်းတော့မှ အလွယ်တကူ ဝင်သိမ်းရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ရမှာပေါ့။ နောက်ကို သူ့ဆီခဏခဏ အထွန့်မတက်အောင် “စစ်မိန့်မနာခံတဲ့သူကို မဆိုင်းမတွ စီရင်စေရမယ်” လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း အဝေးကြီးက စစ်ချီလာရလို့ ခရီးကပန်းနေသလို ဆိုးရွားတဲ့ ရာသီဥတုဒဏ်၊ အစားအစာ မလုံလောက်တဲ့ ဒုက္ခတွေကြောင့် တော်တော်ကြီး နွမ်းနယ်နေကြပါပြီ။ ရှန်းယုကတော့ အထွေထွေ မကျေနပ်မှုတွေကို အခွင့်ကောင်းယူပြီး သူ့တပ်တွင်းမှာ သူလှည့်လို့ တိတ်တဆိတ် စည်းရုံးပါတယ်။ နောက်တနေ့မှာ ဆုန်ယိနဲ့ နှစ်ဦးချင်း တွေ့ခွင့်တောင်းပြီး အလွယ်တကူပဲ ဆုန်ယိခေါင်းကို ဖြတ်နိုင်ခဲ့ပါတယ်။ စစ်သူကြီးဆုန်ယိက ချူဘုရင်မင်းမြတ်ကို ပုန်စားလို့ သူကိုယ်တိုင် နှိမ်နှင်းစီရင်လိုက်တယ် လို့ တပ်ထဲမှာ အမိန့်ပြန်ပြီး ဘုရင့်ဆီ ဆက်သားစေလိုက်တော့ သည်လိုအချိန်ကြီးမှာ လက်မခံချင်သည်ဖြစ်စေ လက်ခံချင်သည်ဖြစ်စေ သူ့ဦးဆောင်မှုအောက်က လိုက်ကြဖို့ပဲ ရှိတော့တာပေါ့။
ရှန်းယုက သူ့အာရုံကို ဂျူလူမြို့ပေါ်မှာပဲ လုံးလုံးလျားလျား ပုံလိုက်တော့တယ်။ တပ်သားအားလုံး သုံးရက်စာ ရိက္ခာကိုပဲသယ်စေပြီး ရွက်ဖျင်တဲတွေကိုမီးရှို့၊ လှေတွေကို နှစ်မြှုတ်ပလိုက်သတဲ့။ မင်းတို့အားလုံးအတွက် စစ်ကို မနိုင်နိုင်အောင် တိုက်ဖို့မှတပါး အသက်ရှင်စရာလမ်းကြောင်း ဘာမှမရှိဘူးလို့ တစ်တပ်လုံးကို သိစေပါတယ်။ အဲဒါကြောင့် အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီဆိုတဲ့စကားဟာ စစ်သူကြီးရှန်းယုက လာတယ် လို့ ဆိုကြတာပါ။ ကိုယ်တို့ မြန်မာတွေဆီမှာလည်း အရှိသားပဲ။ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲဟာ အဲသည် စစ်ဗျူဟာနဲ့ တစ်ထပ်တည်းပဲ မဟုတ်ဘူးလား။ ဘုရင့်နောင် ဖောင်ဖျက်သလိုဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာပဲ။ ဒါပေမယ့် သူတို့ဆီက ကူးချတာ မဟုတ်ဘူးလို့တော့ အခိုင်အမာ ပြောလို့ရပါတယ်။ သမိုင်းအဆက်ဆက် တရုတ်စကားတတ်တဲ့ မြန်မာရှင်ဘုရင်မှ မရှိပဲနဲ့။ တို့ဗမာဘုရင်တွေဆီကို ဆွန်ဇူးကျမ်းကြီး ဆက်သလာတယ် လို့လည်း မှတ်တမ်း မတွေ့ဖူးပါဘူး။ တကယ်တော့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓါတ်ရှိသူတိုင်း အဲသလိုတော့ လုပ်ကြမှာ မလွဲဘူး။ အခြေအနေတွေက တွန်းပို့လာရင်ပေါ့။
ဘာပဲပြောပြော ရှန်းယုဟာ သူ့ထက်အင်အားဆယ်ဆသာတဲ့ ချင်တပ်မဟာကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ရန်သူစစ်ခေါင်းဆောင်များကတောင် တအံတဩ မင်တက်မိတဲ့အထိ သတိ္တ ဗျတ္တိ၊ ခေါင်းဆောင်မှုအရည်အသွေးတွေကို ပြနိုင်ခဲ့ပါတယ်။ တဘက်က သူရည်ရွယ်သလို ချင်စစ်သူကြီးအများအပြား သုတ်သင်နိုင်တဲ့အပြင် လက်ထောက်စစ်သူကြီး ဝမ်လိကိုတောင် လက်ရဖမ်းနိုင်ခဲ့ပါတယ်။ သူ့အဖိုးစစ်သူကြီးကို ဝမ်လိအဖိုးက လက်ရဖမ်းဆီးခံရလို့ သတ်သေလိုက်ရတဲ့ သွေးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီပေါ့။ ဆောင်ဘုရင်မင်းမြတ်က တခြားခြောက်ပြည်ထောင်သော မင်းတို့ကို စစ်ကူတောင်းသော်ငြား ရှန်းယုရဲ့လက်ရည်ကို ဂျူလူမှာ မြင်လိုက်ရတော့ ဘယ်သူကမှ မကူရဲကြဘူးတဲ့။ စစ်ပွဲပြီးတဲ့အခါ ရှန်းယုက သူ့ရဲမက်တွေကို တဲနန်းထဲခေါ်ပြိး ဆုလာဘ် ဘွဲထူးဂုဏ်ထူး အမည်အရည်များ ပေးပါသတဲ့။ ဒူးတုပ်လို့ ခစားစေရပြီး အခွင့်မရပဲ မော်ဖူးရဲတဲ့သူတောင် မရှိဘူးတဲ့။ သည်လိုနဲ့ ရှန်းယုလည်း တော်လှန်ရေးတပ်ပေါင်းစုရဲ့ စစ်သေနာပတိချုပ်ရာထူးကို ဘယ်သူမှ ခန့်စရာမလိုပဲ ရရှိသွားပါတော့တယ်။
စစ်ပွဲမှာ ခါးပြတ်သွားတဲ့ ဘဏ္ဍာစိုးဆန်းဟန်ဟာ လက်ကျန်တပ်သားကလေးတွေ စုလိုက်တော့ နှစ်သိန်းလောက်ကျန်သေးတာနဲ့ ရှန်းယန်မြို့တော်ဘက်ကို ပြန်တပ်ဆုတ်လာခဲ့ပါတယ်။ နောက်ထပ် စစ်မျက်နှာက အဲသည်မှာ မဟုတ်လား။ ဆန်းဟန်တိုက်ပွဲမှာ အရေးမလှတဲ့သတင်းကို ကြားရတဲ့ ချင်ဧကရာဇ်က ပြစ်ဒဏ်ပေးတဲ့ စာသဝဏ်ကို စေတဲ့အခါ အခြေအနေအရပ်ရပ်ကို ရှင်းပြဖို့ လက်ထောက်တစ်ယောက် စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် နေပြည်တော်မှာ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပဲ နန်းတော်တံခါးဝမှာ သုံးရက်တိုင်တိုင်စောင့်ခိုင်းထားတော့ ကြာရင် ကိုယ့်အသက်ဘေးတောင် စိတ်ချရစရာမရှိလို့ လှည့်ပြန်ခဲ့ပါသတဲ့။ ပြန်ပြန်ချင်း သူ့နောက်ကို ဂျောင်ကောက လူလွှတ်အသတ်ခိုင်းပေမယ့် သတိကြီးစွာနဲ့ တောလမ်းကရှောင်သွားလို့ သီသီကလေး လွတ်သွားရှာတယ်။ နောက်တော့ နန်းတော်မှာ ဂျောင်ကော အာဏာသိမ်းထားမှန်း ရိပ်မိသွားတဲ့ ဆန်းဟန်ဟာ ရှေ့တန်းမှာ သူရှုံးရှုံးနိုင်နိုင် ဂျောင်ကောလက်ထဲရောက်ရင်တော့ ရှင်လမ်းမရှိတော့တာကိုလည်း သဘောပေါက်သွားတယ်။ ရှန်းယုဆီမှာ လက်နက်ချအညံ့ခံပြီး ပူးပေါင်းဖို့ ကြိုးစားတဲ့အခါ ဟိုဘက်ကလည်း ရိက္ခာပြတ်လို့ စစ်ရပ်ချင်တာနဲ့ အတော်ပဲ။ ကိုယ့်စစ်တပ်ကိုယ် ပြန်အုပ်စီးမပျက်ရှိစေပြီး ယုန်နယ်စားခန့်လိုက်တဲ့အခါ ရှန်းယုအောက်ကလူတွေဆီက မကျေနပ်သံတွေ ထွက်လာပါတယ်။ ချင်စစ်တပ်ဆိုတာ သူတို့အပေါ်တသက်လုံး အနိုင်ကျင့်နှိပ်စက်လာခဲ့တာ မဟုတ်လား။ ခုတော့ ဗုံလုံတလှည့် ငါးပြန်တလှည့်ဆို ပြန်အနိုင်ကျင့်ကြတော့ ချင်စစ်သားတွေရဲ့စိတ်မှာ ငါတို့ဗိုလ်ချုပ်ကတော့ ငါတို့ကို ရန်သူ့လက်မှာ ရောင်းစားသွားပြီလို့ ခံစားရပါတယ်။ အရင်တုန်းက ရဲဘော်ရဲမက်တွေ ဖြစ်ခဲ့တဲ့ ချင်စစ်တပ်တွေနဲ့ ပြန်တိုက်ရတဲ့အခါမှာလည်း ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။ ချင်ဘုရင်မင်းမြတ်က သူတို့ အပြစ်တွေကို သိပြန်ရင်လည်း ဟိုမှာကျန်ခဲ့တဲ့ မိဘဆွေမျိုးသားချင်းတွေ အကုန် အသတ်ခံရဦးမယ်။
အဲသလိုဖြစ်နေတာတွေကို ရှန်းယုပြန်ကြားတဲ့အခါ သူ့လက်အောက်ငယ်သားတွေကို ခေါ်ပြီး “စစ်သည်နှစ်သိန်းကို သေသေဝပ်ဝပ်ထိန်းထားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အခုကတည်းက မကျေနပ်နေတဲ့ စစ်တပ်ဟာ သူ့အိမ်သူ့ယာ ပြန်ရောက်သွားတဲ့အခါ ပိုပြီးထကြွလာလိမ့်မယ်။ ဆန်းဟန်နဲ့ စစ်သူကြီး နှစ်ယောက်သုံးယောက်လောက်ချန်ထားပြီး ကျန်တာ အကုန်ရှင်းပစ်လိုက်တာ အေးလိမ့်မယ်။” လို့ အမိန့်ထုတ်ပြီး ညတွင်းချင်း တစ်ယောက်မကျန် သုတ်သင်တာ အသံတောင် မထွက်ဘူးတဲ့။ နောက်ဆုံးတော့ ရှန်းယုဦးဆောင်တဲ့ စစ်သည်လေးသိန်းတပ်ကြီးဟာ ရှန်းယန်နယ်စပ် ဟန်ကူတံခါးကို ရောက်လာပါလေတယ်။
ဟန်ကူတံခါးက ဝင်ခွင့်မပေးပဲ ပိတ်လျက်ခုခံနေတာတွေ့လို့ အခြေအနေကို အကဲခတ်ကြည့်တဲ့အခါ တံခါးစောင့်တပ်တွေဟာ ဒုတိယမြောက်ဧကရာဇ်ရဲ့ ချင်တပ်သားတွေ မဟုတ်ပဲ သူတို့ထက်အရင် မြို့ကို စီးနင်းမိထားတဲ့ ဗိုလ်ချုပ်လျူဘန်ရဲ့ ပေတပ်မတော်သားတွေ ဖြစ်လို့နေပါတယ်။ ဒေါသူပုန်ထသွားတဲ့ ရှန်းယုဟာ ဟန်ကူတံခါးကို အလုံးအရင်းနဲ့ တိုက်ခိုက်ဝင်ရောက်ခဲ့ပြီး မြို့တော်နဲ့ မိုင် ၂ဝ အကွာ ဟုန်မင်တံခါးအထိ ရောက်လာပါတယ်။ မနှစ်တုန်းက လျူဘန်ကို ချူဘုရင်မင်းမြတ်ရဲ့ ရှေ့တော်မှာ တွေ့ခဲ့တုန်းက စစ်သည်ကလေးမှ သုံးထောင်ကျော်နဲ့ ဟိုးအဝေးကြီးမှာပဲ ရှိသေးတာလေ။ ဒီလောက်တိုတောင်းတဲ့အချိန်အတွင်း ဒီလောက်နည်းပါးတဲ့ စစ်သည်ကလေးနဲ့ ဒီလောက် ကျယ်ပြန့်တဲ့အင်ပါယာကြီးကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်တာကို ရှန်းယုအတွက်တော့ မယုံနိုင်အောင် ဖြစ်ရသတဲ့။ ဘိုးဘိုးဖန်ကို ခေါ်တိုင်ပင်တဲ့အခါ လျူဘန်တို့တပ်ကို လွှတ်ထားတဲ့ အထောက်တော်တစ်ယောက်အဆိုအရ ဇီယင်းမင်းသားက ချင်ဧကရာဇ်ကို လုပ်ကြံသူ ဂျောင်ကောကို သတ်ပြီးနောက် သူကိုယ်တိုင် လျူဘန့်ဆီမှာ လက်နက်ချလိုက်လို့ အခုဆိုရင် လျူဘန်က ချင်ဧကရာဇ်မင်းအဖြစ်နဲ့ တစ်နန်းတော်လုံးသိမ်းပိုက်ပြီးနေပြီ လို့ သိလိုက်ရပါတယ်။ ယမ်းပုံမီးကျသွားတဲ့ ရှန်းယုကတော့ မနက်ဖြန် နံနက်မိုးသောက်တာနဲ့ မီးကုန်ယမ်းကုန်တိုက်ပွဲဝင်ဖို့ စစ်ပြင်ပါလေတော့တယ်။
တရုတ်နိုင်ငံရဲ့သမိုင်းကြောင်းတလျှောက်မှာ အဲသလို တစ်တိုင်းတစ်ပြည်လုံး အတိဒုက္ခရောက်ကျရတဲ့ အချိန်တွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်။ ဒုက္ခဆိုတဲ့စကားကို သူတို့တရုတ်လို ဝေကျိ လို့ခေါ်ပါသတဲ့။ ဝေဆိုတာက အန္တရာယ်၊ ကျိဆိုတာကတော့ အခွင့်အရေးပါတဲ့။ ဘယ်လိုအန္တရာယ်မျိုးမှာမဆို ရင်ဆိုင်နိုင်ရင် အခွင့်အရေးဆိုတာ တွဲလျက်ပါတယ် ဆိုတဲ့သဘောပေါ့။ သူတို့ဆီမှာ လောလောလတ်လတ် ရင်ဆိုင်လိုက်ရတဲ့ ဝေကျိတစ်ခုကတော့ ၁၉၇၆ မှာ ဥက္ကဋ္ဌကြီးမော် ကွယ်လွန်သွားတုန်းကပေါ့။ နှစ်ဦးပိုင်းကမှ ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်သွားတာ ဘာမှမကြာသေးဘူး။ တိန့်ရှောင်ဖိန်ကြီးကလည်း အဝေးမှာ နယ်နှင်ခံထားရတုန်း။ ဒီလိုနဲ့ မထင်မရှား ငုပ်ကောင်တစ်ကောင်ဖြစ်တဲ့ ဝှာ့ကိုဖုန်းကို မော့်ဇာတိ ဟူနန်ကနေ လှမ်းခေါ်ပြီး အနားမှာထားလိုက်တော့ အားလုံး တအံတဩ ဖြစ်ကုန်သတဲ့။ (တို့ကတော့ မအံ့ဩပေါင်။ ငရို့ဆီ ကျောက်ဆည်သားတွေ ကောင်းစားနေတာ ဖြုတ်လို့ထုတ်လို့တောင် မကုန်သေးဘူး)။ နောက်သုံးလအကြာမှာ အသက် ၈၃ နှစ်ရှိတဲ့ မော်စီတုံးကြီးဂန့်သွားတော့ တရုတ်ပြည်ရဲ့ နိုင်ငံရေးအာဏာဟာ အုပ်စုကြီးသုံးခု လက်ချင်းဆိုင်လာတဲ့အကြားကို ရောက်လာတယ်။ တစ်ဖွဲ့က မော်စီတုံးကတော် မယ်မယ်ဘုရားဦးဆောင်တဲ့ လေးဦးကော်မီတီ၊ တစ်ဖွဲ့က တချိန်က မော်စီတုံးနဲ့လက်တွဲပြီး ချန်ကေရှိတ်ကို မောင်းထုတ်လိုက်တဲ့ တိန့်ရှောင်ဖိန်ရဲ့ စစ်မှုထမ်းဟောင်းအဖွဲ့၊ နောက်တစ်ဖွဲ့ကတော့ မော်ကိုယ်တိုင် ဆက်ခံသူအဖြစ် ခေါင်းခေါက်ရွေးထားတဲ့ ဝှာ့ကိုဖုန်းတို့အဖွဲ့။ ဒီနေရာမှာလည်း နှုတ်တစ်ရာစာတစ်လုံးဆိုသလို သွားလေသူ ဥက္ကဋ္ဌကြီးရေးသွားတဲ့ နောက်ဆုံးမှာတော်ပုံကို ကိုယ်လိုရာဆွဲပြီး လက်ကိုင်ထား အငြင်းပွားကြတယ်။ လိုရင်းအချက်ကတော့ စစ်မှုထမ်းဟောင်းများဆိုတဲ့အဖွဲ့ကို ဆက်ထားမလား၊ မထားဘူးလား ဆိုတဲ့အပေါ်မှာပါ။ ဒီလိုနဲ့ ဝှာ့ကိုဖုန်းတို့ဘက်က မယ်မယ်ဘုရားတို့ လေးဦးကော်မီတီကို ဆက်ဩဇာခံရင် ကိုယ့်အသက်အန္တရာယ်တောင် စိုးရိမ်ရတာမို့ အိုးစားလည်းပစ် လှေလည်းနှစ်ပြီး တိန့်ရှောင်ဖိန်တို့နဲ့ လက်တွဲလိုက်ရပါတယ်။ မယ်ဘုရားရဲ့ ကျဆုံးခန်းသတင်းထွက်လာတော့ ဘေကျင်းရင်ပြင်မှာ လူပေါင်းတစ်သန်းခွဲလောက်က ထောက်ခံဆန္ဒဖော်ထုတ်ကြပါလေသတဲ့။ မယ်ဘုရားလျှောက်လဲချက်ကတော့ သူဟာ မော်သေဆိုသေ ရှင်ဆိုရှင်ရတဲ့ ခွေးကလေးသာဖြစ်လို့ မော်က ကိုက်စေချင်ရင် ထွက်ကိုက်ရုံပဲ ရှိမပေါ့ လို့ ဆိုပါတယ်။ ခွေးကလေးလို ကြိုးနဲ့ဆွဲကာ ခေါ်သွားမလားဆိုတာ သူ့ကိုပြောတာထင်ပါရဲ့။
ကိုယ်တို့ဆီမှာတော့ ဘုရင့်နောင်ဖောင်ဖျက် စစ်ထွက်တဲ့ဗျူဟာကို မကြားဖူး မသိဖူးဘူးဆိုတဲ့ စစ်ဗိုလ်စစ်သားဘယ်မှာ ရှိပါ့မလဲ။ တကယ်ကော လိုက်နာကျင့်သုံးနိုင်လို့လားဆိုရင်တော့ အခြေအနေအရပဲလို့ ပြောရမယ် ထင်ပါတယ်။ တုံးဆိုတိုက် ကျားဆိုကိုက်ဆိုတာ စစ်တိုက်တော့သာ လွယ်တာ နိုင်ငံရေးမှာတော့ Plan B ဆိုတာ မပါလို့ မဖြစ်ဘူး မဟုတ်လား။ ဒါကြောင့်ဘာပဲလုပ်လုပ် အရေးအကြောင်းမှာ ကိုယ့်လွတ်ရာလွတ်ကြောင်းအတွက် ဂယ်ပေါက်ပြေးပေါက် ထွက်ပေါက်ကို မရအရ ခြေကုတ်ယူထားတာကို သတ္တိနည်းတယ် လို့ မပြောပဲ အမြှော်အမြင်ကြီးတယ် လို့ ဖြေတွေးတွေးရမှာပေါ့။ ခုတလောတော့ နောက်ကြောင်းပြန်မလှည့်နိုင်အောင် ဖောင်တွေလိုက်လိုက်ဖျက်နေသလိုလို သိုးသိုးသန့်သန့် ကြားမိပါတယ်။ တိုက်ပွဲကို ဦးဆောင်တဲ့ ဗျူဟာမှူးကြီးတွေ သေနာပတိကြီးတွေက ပိုပြီး အတွင်းကျကျ သိပါလိမ့်မယ်။ ပြည်သူတွေအတွက် ပြောချင်တာကတော့ ရှေ့ခရီးကိုဆက်လှမ်းတဲ့နေရာမှာ ဒုက္ခဆင်းရဲတွေ၊ တစ်ယောက်တစ်ပေါက် သူတလူငါတမင်းလုပ်နေတာတွေကို၊ စိတ်ညစ်စိတ်ပျက်ပြီး နဂိုအတိုင်းပြန်နေတာကမှ ကောင်းလိမ့်ဦးမယ်ဆိုတဲ့အတွေးတွေ မကြာခဏ ရှိတတ်ပါတယ်။ (ရှိတာပေါ့။ ကိုယ်တောင် တနေ့တခြား စိတ်ကုန်ကုန်လာတဲ့ဥစ္စာ)။ နဂိုထက် ပိုဆိုးသွားတာတွေလည်း အများကြီးရှိနိုင်တယ်။ ဇွဲမရှိလို့ နောက်ကြောင်းကို ပြန်လှည့်သွားရင်တော့ ဒုံရင်းကဒုံရင်းပဲလို့ မမှတ်ပါနဲ့။ ကိုယ့်ရဲ့အချိန်တွေ၊ အားထုတ်မှုတွေ၊ အသက်သွေးချွေးတွေ ရင်းနှီးထားသမျှ အလဟဿ ဆုံးရှုံးကုန်ပြီ လို့ မှတ်လိုက်စမ်းပါ။ ရှေ့ခရီးဆက်ဖို့ အရင်ဆုံး ဖျက်ပစ်ရမယ့်ဖောင်ကတော့ အစကတည်းက သူတို့ဟာသူတို့ ထင်သလိုလုပ်နေကြတာကမှ ဟုတ်တုတ်တုတ်ဆိုတဲ့ အတွေးအမြင်ပဲ ဖြစ်မယ်ထင်ပါရဲ့။ ပဲ့ကိုင်ရှင်များကိုလည်း သတိပေးချင်တာကတော့ လှေနစ်ရင် လှေထိုးသားချည့်သေရတာ မဟုတ်ဘူး။ မာလိန်မှူးလည်း ရေထဲရောက်ရမှာ မလွဲဘူး လို့ သိစေချင်ပါတယ်။ တကယ်တော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြရမယ့်သူတွေပဲ မဟုတ်ဘူးလားခင်ဗျာ။
credit to Dr Soe Min and it’s original owner Dr Yin Mar
3 comments
pooch
November 18, 2012 at 3:49 pm
စစ်တိုုက်ပုံတွေ ဖတ်ရတော့ Red Cliff ဇာတ်ကားကိုတောင် မျက်စိထဲ ပြေးမြင်မိတယ်။
ဦးကြောင်ကြီး
November 18, 2012 at 8:11 pm
တရုတ်ရာဇဝင် စစ်ပွဲတွေမှာ သိန်းနဲ့ချီပြီး စစ်တိုက်ကြတယ်ဆိုတာ မြန်မာ့သမိုင်းမှာလို စစ်အင်အားကို ချဲ့ကားရွှီးတာနေမှာ။ ကြေးမုံဂျီး ရွာထဲမှာ လေနဲ့ရေကာတာ ဆောက်နေသလိုပေါ့…။ 😛
nicolus agral
November 26, 2012 at 7:37 pm
sorry
(EPISODE 13)
To admin
please change episode number
with thanks
nicolus