တစ်ချို့တစ်ဝက် ပိုင်းဖြတ်ကြည့်တဲ့အခါ
အုံ့ပျနေတဲ့ အရိုင်းစိတ်ကို
ခေါင်းလောင်းသံက ပြန်သတ်သွားတယ်..
င့ါကိုယ်ငါ
ဘယ်နှစ်နာရီထိုးခဲ့ပြီလဲ မသိဘူး..။
လူတွေက
မနက်ခင်းပဲလိုချင်တယ် ဆိုကြပါစို့
ငါတို့
ရှေ့ဆက်
ပူပြင်းအိုမင်းသွားဖို့ပဲ ရှိတော့မပေါ့…။
အမှောင်ထဲက
အရုဏ်ကိုထိုင်စောင့်ရတာ
ပိုပြီးမျှော်လင့်ချက် ရှိမလားလို့…..။
တံခါးစေ့ထားတဲ့ ထောင်ချောက်တိုင်းကို
ငါတွန်းဖွင့်ဝင်ရောက်တတ်တယ်
အလဲလဲ အကွဲကွဲ
တစ်ခါတစ်လေ
မချိသွားဖြဲလေးနဲ့…၊
ဖုံးကပ်နေတဲ့ အညှိတွေကို
မိုးထဲရေထဲထပ်ပစ်ထားပြီး
အနက်တွေကို ပိုနက်သွားစေတယ်…။
နရက်မီးပွင့်တွေကြားမှာ
ဘဝသံသရာတေးသွားနဲ့ကမယ်…
နှစ်ပါးခွင်လေးတော့ မြိုင်ချင်သား..။
ဆယ်ယူတိုင်း ဆယ်ယူတိုင်းမှာ
ကိုယ့်ကိုယ်ကိုယ် ပြန်မမိဘူး..
ငါကိုက
လှုပ်ခတ်လွန်းတဲ့ အမှုန်တစ်ခု..။
ဘုရားရှိခိုးဖို့ သတိရတယ်..။
အိပ်ရာဝင်ဖို့ သတိရတယ်..။
သူမကို သတိရတယ်..။
နွေဦးလွင်ကို သတိရတယ်..။
ဟိန်းလတ်ရဲ့ ဗန်ဒါရွက်တွေကို သတိရတယ်..။
ညတာက
ဆန့်ထွက်လာပြန်ရော…။
ဒီနေ့အသုံးမပြုတော့ဖို့
ဆုံးဖြတ်ချက်ကျသွားတဲ့ အရာတစ်ခုရှိတယ်..၊
ကတိကဝတ်တွေ အရောင်မှိန်မသွားအောင်
စာချုပ်စာတမ်းတွေ တီထွင်လာကြတယ်…၊
အချင်းချင်း မယုံကြည်ကြတဲ့ သဘောဖြစ်မယ်..
ငါ့ကိုယ်ငါလည်း မယုံဘူး..။
ငါစားသုံးတဲ့ ယဉ်ကျေးမှုကို
မင်းလှောင်ပြုံးပြုံးမယ်…
မင်းနှစ်သက်တဲ့ နေထိုင်မှုကိုလည်း
ငါ မျက်စိစပါးမွေးစူးတယ်..၊
ကျေရောပေါ့..။
ဘာပဲပြောပြော
တို့တစ်တွေ ဖြေလျော့ကြတာပေါ့..။
ခေါင်းလောင်းထပ်ထိုးသွားပြန်တယ်..။
အဓိပ္ပါယ်မဲ့တဲ့ အော်သံတစ်ခုကြားတယ်..။
နောက်
ငြိမ် ၊
ဆိတ် ၊
ငါ့ ခေါင်းထဲကပဲ
တဖျစ်ဖျစ်မြည်သံကြားတယ်..
အသက်ရှူမဝလို့
လမ်းလျှောက်ထွက်ကြတာတဲ့..။
ဒီည…
ရင်ဘတ်ထဲ မီးမလာဘူး…။ ။
လင်းစက်ရာ
5 comments
Nay Chi
November 23, 2012 at 11:54 am
လူတွေက
မနက်ခင်းပဲလိုချင်တယ် ဆိုကြပါစို့
ငါတို့
ရှေ့ဆက်
ပူပြင်းအိုမင်းသွားဖို့ပဲ ရှိတော့မပေါ့…။
အမှောင်ထဲက
အရုဏ်ကိုထိုင်စောင့်ရတာ
ပိုပြီးမျှော်လင့်ချက် ရှိမလားလို့…..။ >>>>> ဘဝမှာ ဒဏ်ရာတွေနဲ့ ညည်းညူရတိုင်း၊ ကိုယ့်လမ်းကိုဖောက်ပြီး ကိုယ့်ခရီးကိုလျောက်ရတိုင်း ပြန်ရွတ်ကြည့်မယ်..။ ကျေးဇူးပါဗျာ..။
ခင်ခ
November 23, 2012 at 2:14 pm
(လူတွေက
မနက်ခင်းပဲလိုချင်တယ် ဆိုကြပါစို့
ငါတို့
ရှေ့ဆက်
ပူပြင်းအိုမင်းသွားဖို့ပဲ ရှိတော့မပေါ့…။)
လိုချင်တဲ့မနက်ခင်းကို အင်အားသစ်တွေ ဆုပ်ကိုင်ဆွဲပြီး
ခွန်နဲ့အားနဲ့ မလျော့ဇွဲလုံလ အသုံးချကာ
ရှေ့ဆက်ခရီးနှင်ခဲ့ပြီးရင် ပူပြင်းအိုမင်းလည်း မမှု့တော့ပြီပါသကား။
အလင်းဆက်
November 23, 2012 at 7:06 pm
ဒီ ည..ကျွန်ေတော်…တို ့ရပ်ကွက်..
မီးလာပါစေ….
================
လွတ်လပ်သော.. ကဗျာ…ကို..
နှလုံးသားနဲ ့ဖတ်သွားပါတယ် ။
လင်းစက်ရာရေ…..
မောင်ပေ
November 23, 2012 at 9:14 pm
ဒီကဗျာထဲမှာ အကြိက်ဆုံးစာသားကတော့
ငါစားသုံးတဲ့ ယဉ်ကျေးမှုကို မင်းလှောင်ပြုံးပြုံးမယ် ဆိုတာပါပဲ
အားပေးသွားပါတယ်
Mobile
November 24, 2012 at 5:03 am
အုံ့ပျနေတဲ့ အရိုင်းစိတ်ကို
ခေါင်းလောင်းသံက ပြန်သတ်သွားတယ်..
င့ါကိုယ်ငါ
ဘယ်နှစ်နာရီထိုးခဲ့ပြီလဲ မသိဘူး..။
ဒီအပိုဒ်လေးနဲ့ ပတ်သတ်ပြီးတော့ လင်းစက်ရာကို
လက်ပတ်နာရီတစ်လုံး ဝယ်ပြီးအမြဲးတမ်းပတ်ထား ဖို့အကြံပြုလိုက်ပါရစေ။
ဖတ်ရတာ ခံတွင်းတွေ့မိပါတယ်ဗျာ . . . . . . . . .