Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပညာတတ်ကြီး ဖြစ်ဦးမှာ (၂)”(EPISODE 13)

nicolus agralNovember 23, 20121min3191

ဝမ်ပြည်နယ်ရဲ့ မြို့တော်ကို ရောက်တဲ့အခါ လျူဘန်က မြို့တော် တံတိုင်းအထပ်ထပ်မှာ ဝိုင်းကာပတ်ကာ ကင်းချထားတဲ့ လေးသည်တော်တွေ ကို မြင်ပါတယ်။ စံနစ်တကျ ကာကွယ်ထားတဲ့ မြို့မို့လို့ အလွယ်တကူနဲ့ ကျမှာ မဟုတ်ဘူး လို့ လည်း ရိပ်မိသတဲ့။ ဒါကြောင့် ဘေးကရှောင်ပြီး ရှန်းယန်ကိုပဲ ခရီးဆက်ဖို့ ပြင်ပါတယ်။ ဆန်းလျန်က အကြံပေးတာကတော့ နောက်ကနေ ဝူတပ်တွေ လိုက်လာရင် ရှန်းယန်မှာ စစ်နှစ်ဘက်ညပ်နိုင်တယ်။ အန္တရာယ်များလွန်းတယ်။ နောက်ကြောင်းအေးအောင် အရင် လုပ်သွားပါတဲ့။ ညသန်းခေါင်ကျော်တော့မှ ကွန်မန်ဒိုလက်ရွေးစင်တွေနဲ့ အလံတွေ တံခွန်တွေလိပ်၊ မြင်းတွေကို အသံမထွက်အောင် ဇက်ခွံ့ပြီး မြို့ရိုးအစပ်ထိ တက်စေပါတယ်။ မိုးလင်းတာနဲ့ ရုတ်တရက်ကြီး ဟန်တပ်တွေ မြို့ရိုးအပြင်ရောက်နေတာ မြင်တဲ့ ဝမ်မြို့စားဟာ မြို့ရိုးပေါ်တက်ပြီး သူ့လည်ပင်းသူလှီးမယ် လုပ်တော့ သူ့သက်တော်စောင့် ရဲမက်က သုံးမိနစ်ပဲစောင့် သူ လျူဘန်နဲ့ ညှိပေးမယ် လို့ပြောပြိး တားပါသတဲ့။

ရဲရင့်စွာနဲ့ လျူဘန်ရဲ့ တဲနန်းထဲဝင်သွားပြီး “ကျွန်တော်မျိုးတို့ ကြားသိထားသလို စစ်သူကြီးမင်းဟာ ဗိုလ်ချုပ်ရှန်းယုနဲ့ အလောင်းအစားလုပ်ထားတာ ရှန်းယန်ကို အရင်သိမ်းနိုင်တဲ့သူက လမ်းခုလပ်မှာရှိတဲ့နယ်ပယ်တွေနဲ့ ဝူဆောင်းမြို့ကို စားရစတမ်း လို့ ဆိုတာ မှန်ပါသလား။ အဲဒါအမှန်ဆိုရင် ကျွန်တော်မျိုးတို့ ဝမ်ပြည်မှာ အချိန်မဖြုန်းပါနဲ့။ ဝမ်ပြည်နယ်သားတွေအားလုံးက မြို့ကျဆုံးရင် အသတ်ခံရမှာသိလို့ အသက်စွန့်ပြီး ခုခံမယ့်သူချည့်ပါပဲ။ စစ်သူကြီးမင်းရဲ့ အရေးတော် နှောင့်နှေးဖို့သာ ရှိပါလိမ့်မယ်။ စစ်ဖြစ်လာတဲ့အခါမှာလည်း နှစ်ဘက်စလုံးမှာ အသေအပျောက်တွေနဲ့ အင်အားချည့်နဲ့လာမှာ အမှန်ပဲ။ သေချာတာကတော့ ဝမ်မြို့ကို နိုင်ကောင်းနိုင်မယ်။ ရှန်းယုကိုတော့ ရှုံးတော့မှာ။ မြို့ကိုကွင်းပြီး ရှန်းယန်ချီပြန်ရင်လည်း ဝမ်စစ်တပ်က နောက်ကလိုက်လာရင် စစ်မျက်နှာနှစ်ခု တပြိုက်နက်ဖွင့်ဖို့ခက်မယ်။ အကောင်းဆုံးကတော့ ဝမ်အကြီးအကဲဘက်က လက်နက်ချနိုင်အောင် အခြေအနေကောင်းတစ်ခု ညှိနှိုင်းယူသင့်ပါတယ်။ အစိုးရသစ်ဖွဲ့တဲ့အခါ အုပ်ချုပ်သူ အကြီးအကဲများကို ရှိရင်းစည်းစိမ်မပျက် ရာထူးများ ပြန်ခန့်ထားပေးပါ။ (အစိတ်သားပေးပါထက်တောင် များနေပြီ)။ အရှင့်လက်အောက်ခံ ဝမ်မြို့တော်ကို ဆက်လက်ကာကွယ်ဖို့ အမိန့်ပေးပါ။ ရှေ့ဆက်ဖို့ လိုအပ်တဲ့ စစ်သည်အင်အားကိုလည်း ယူဆောင်သွားပါ။ ဤနည်းအားဖြင့် စစ်သူကြီးမင်း၏ စိတ်ထားသဘောထား ပြည့်ဝမှုကို သက်သေပြနိုင်လျှင် စစ်ကြောင်းတလျှောက် ဘယ်မြို့ရွာကို မဆို လွယ်လင့်တကူ သိမ်းယူနိုင်ပါလိမ့်မည်။” လို့ ငြိမ်းချမ်းရေး စကားဆိုပါသတဲ့။ ဉာဏ်ပညာနှုတ်မှုနှုတ်ရေးနဲ့ ဆွေးနွေးတာဟာ စစ်သည်ဗိုလ်ပါ လက်နက်အလုံးအရင်းနဲ့ စစ်ခင်းကစားတာထက် အများကြီးသာပါတယ်။ အပျက်အစီးအဆုံးအရှုံးလည်း မရှိဘူး။ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် အဖြေကိုလည်း ရှာနိုင်တယ်။ ကြားထဲက အကျိုးဆောင်ပေးတဲ့ မောင်မင်းကြီးသားကလေးလည်း အိမ်ခြေတစ်ရာ အခွန်ထွက်တဲ့ ရွာစားကလေး ဖြစ်သွားတယ်။ သူ့သခင်ရဲ့ အသက်ကိုလည်း ကယ်လိုက်နိုင်တယ်။ ဒါပေမယ့် အဲဒီတန်ဖိုးတွေကို ပညာတတ်တဲ့ အသိဉာဏ်ရှိတဲ့သူတွေမှသာ သဘောပေါက်နိုင်ပါလိမ့်မယ်။ (သဘောမပေါက်ရင် သဘောပေါက်လိုက်တော့နော်။ ဟိဟိ)

စစ်သူကြီးလျူဘန်ဟာ သူကိုယ်တိုင် အပျော်အပါးမက်တယ် လို့ ဆိုခဲ့ပေမယ့် အကြီးအကဲဖြစ်လာတဲ့အခါမှာ သူ့စစ်တပ်ကို စည်းကမ်းသေဝပ်စွာ အုပ်ချုပ်ပါတယ်။ အမိန့်နာခံရမယ်။ ယဉ်ကျေးပျူငှာရမယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေဆီက လုယက်ယူငင်တာမျိုး လုံးဝ ခွင့်မလွှတ်ဘူး။ အကျိုးအမြတ်ကတော့ သူ့တပ်မတော်သားတွေကို လူချစ်တာပေါ့။ သူ့တပ်ကြီး အနားရောက်လာလို့ ဘယ်သူပုန်သူကန်မျိုးကမှ တောင့်မခံနိုင်ဘူး။ အားလုံး နောက်ကပါလာကြတာ။ ဒီလိုနဲ့ ချူဘုရင်က စစ်သည် ၃၀၀ဝ နဲ့ လွှတ်လိုက်တဲ့တပ်ဟာ ရှန်းယန်နယ်စပ်က တောင်ပေါ်ရောက်တော့ စစ်သည်တစ်သိန်းဖြစ်နေပြီ။ အရင်ကလို အရပ်သားတွေ ရရာလက်နက် ကိုင်စွဲထားတာလည်း မဟုတ်တော့ဘူး။ စည်းနဲ့ စံနစ်နဲ့ အကြံကောင်းဉာဏ်ကောင်းပေးနိုင်မယ့်သူတွေ ခေါင်းဆောင်ထားတယ်။ ပြည်သူချစ်တဲ့ တပ်မတော်မှသာလျှင် တိုင်းပြည်အတွက် စစ်မှန်တဲ့အင်အားဆိုတာကလေး သင်ခန်းစာယူလိုက်ကြဦးစို့ တရားနာ ပရိသတ်ရေ။

အစောင့်အကြပ်တွေ ထူထပ်တဲ့ ဟန်ကူတံခါးကနေ ဝင်မယ့်အစား တောင်ဘက်က ဝူတံခါးကလှည့်ဝင်ရင်ကောင်းမလား စဉ်းစားတဲ့အခါ စိတ်ကလည်းတော်တော်လောနေပြီ။ အလျင်အမြန်ကို ဝင်စီးပလိုက်ချင်နေပြီ။ ဒါပေမယ့် ဆန်းလျန်က တားပါတယ်။ ရန်သူ့အင်အားကို ဘယ်တော့မှ လျှော့မတွက်ရဘူးတဲ့။ “လောလောဆယ် ချင်စစ်တပ်ကို ဦးဆောင်နေတဲ့ ဂျောင်ကုန်းကုန်းသားမက်ဟာ အမဲဖျက်သမားရဲ့သား လို့ သိရတယ်။ သည်လို အတန်းအစားကလာတဲ့သူဆိုတာ ပိုက်ဆံ မမြင်ဖူးဘူး။ ငွေနဲ့ပေါက်ဝယ်လိုက်။ သည်နားပတ်ပတ်လည် တောင်ကုန်းမြင့်မြင့်ရှိသမျှမှာ လျူဘန် နံမယ် အကြီးကြီးရေးထားတဲ့ အလံတွေ တံခွန်တွေ ပွစိတက်နေအောင် ဖြန့်ထား၊ ဟိုကလှမ်းကြည့်ရင် အင်အားသုံးဆလောက် မြင်နေရပစေ။ ဆရာပေါသွပ်လျှာကို ရွှေချပြီး နန်းတော်ထဲ သံတမန်စေလိုက်။ ချင်စစ်ဗိုလ်တွေ လက်နက်မချတော့ ပြောချင်တိုင်းပြော။” လို့ အကြံပေးပါတယ်။

ဟုတ်ပါရဲ့။ ဆရာပေါသွပ်ရဲ့လျှာကလည်း ရွှေချထားလောက်တယ်။ တပ်မှူးတပ်သားတွေအားလုံး စိတ်ယိုင်လာကြသတဲ့။ ဒါပေမယ့် ဆန်းလျန်က “အဲဒါစိတ်မချရသေးဘူး။ ခေါင်းဆောင်ပိုင်းရဲ့သဘောထားပဲ ရှိသေးတာ။ အောက်က စစ်သည်ရဲမက်တွေစိတ်ထဲက ပါချင်မှ ပါတာ။ ဘာပဲပြောပြော အခုလောက်ဆို သူတို့ဘက်က ခုခံဖို့ အင်အားချနဲ့သွားပြီ။ မဆိုင်းနဲ့။ ချက်ချင်း သိမ်းလိုက်တော့။” လို့ အခါပေးပါတယ်။ လျူဘန့်တပ်ကြီးတက်လာတာ မြင်တော့ ဂျောင်ကောကောလည်း နေစရာတောင် မရှိအောင်ကြောက်ပြီး ချင်ဧကရာဇ်ကို သတ်လို့ လျူဘန် နဲ့ ညှိပါတယ်။ တစ်ယောက်တစ်ဝက်စီ ယူကြရအောင်လေ။ မကောင်းဘူးလားတဲ့။ အဲဒီအခြောက်ကြီးရဲ့ မာယာကို သိပြီးသား လျူဘန်က တခြားသွားပြောချေ။ တို့မယုံဘူး လို့လုပ်တဲ့အခါ ဟိုကလည်း ရှင်ဘုရင်သတ်ပြီးတာတောင် နန်းတော်ထဲ အာဏာသိမ်းမရတဲ့အတူတူ ဇီယင်းမင်းသားကို ဟန်ပြနန်းတင်ပြီး နောက်မှ ပြန်ရှင်းပစ်မယ် လို့ တေးထားပါတယ်။ ဒီဟာမကြီး ပလီချက်တွေက များလှပြီဆိုတော့ ဇီယင်းမင်းသားကလည်း မယုံပါဘူး။ ဂျောင်ကောကို လက်ဦးအောင် သုတ်သင်ပြီး သူကိုယ်တိုင် လျူဘန့်ဆီမှာ လက်နက်ချလိုက်ပါတယ်။ နောက်လိုက်နောက်ပါတွေက ဇီယင်းမင်းသားကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းခိုင်းပေမယ့် လျူဘန်က သူများမြှောက်ပေးတိုင်း နားမယောင်တော့တာ ချီးကျူးစရာပါ။ “ချူဘုရင်မင်းမြတ်က ငါ့ကို ရှန်ယန်းတက်သိမ်းခိုင်းဖို့ ရွေးရတဲ့ အကြောင်းက တစ်ချက်ပဲ ရှိတယ်။ သဘောထားပြည့်တယ်။ ညှာညှာတာတာရှိတယ် ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပဲ။ သည်လိုဂုဏ်ပုဒ်နဲ့လူက ကိုယ့်ဆီမှာ အကြွင်းမဲ့လက်နက်ချတဲ့သူကို ဆွေမျိုးသားချင်းပါမကျန် ရက်ရက်စက်စက် သုတ်သင်စရာလား။” လို့ပြောပြီး အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

သာမန်လယ်သမားလေးဘဝကနေ တောသူကြီးအဖြစ်နဲ့ အမှုထမ်းခဲ့တဲ့ လျူဘန်ဟာ အခုတော့ တရုတ်ပြည်မှာ အကျယ်ပြန့်ဆုံးအင်ပါယာကြီးရဲ့ အရှင်သခင် ပထမမြောက်ဧကရာဇ်မင်းရဲ့ နန်းတော်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်လာနိုင်တာ “ဘယ်လိုခံစားရပါသလဲရှင့်” လို့ ဂျာနယ်လစ်တွေသာရှိရင် မေးကြဦးမှာ မလွဲဘူး။ ၂၇ဝ သော နန်းဆောင်၊ မိုင်ပေါင်းများစွာကျယ်တဲ့ ဥယျာဉ်၊ ဥဒဟိုသွားလာနိုင်တဲ့ လမ်းမကျယ်ကြီးတွေ၊ အကုန် စေလိုရာစေလို့ ရနိုင်ပြီ။ ခန်းဆောင်တွေ ခန်းဆောင်တွေထဲက အဖိုးထိုက်အဖိုးတန်ရတနာတွေဆိုတာတော့ သူ့မျက်စိတောင် သူမယုံနိုင်အောင်ပဲတဲ့။ ဖူးမြှော်ကန်တော့ခံတဲ့ နန်းမဆောင်ကြီးမှာတင် တစ်သောင်းဗိုလ်ခြေ ခစားစေလို့ရတယ်။ သံလိုက်ကျောက်တံခါးကြီးတွေ အပြင်ဘက်မှာ သူ့နံမယ်နဲ့ တံခွန်တွေက အမြင့်ပေ ၅ဝ အထက်မှာ တလူလူလွင့်တယ်။ နန်းရင်ပြင်က ဧရာမကြေးသွန်း သူရဲကောင်းရုပ်ထုကြီးတွေကလည်း ဟိတ်ဟန်ကြီးပါပေတယ်။ ရွှေငွေရတနာ၊ သန္တာ ပုလဲ၊ ပန်းဆွဲ ကျောက်စိမ်း စီချယ်တဲ့ တော်ဝင်နန်းသုံး အဆင်တန်ဆာတွေကလည်း အလျှံပယ်။ သူအကြိုက်ဆုံးကတော့ မြခြူးနွယ်အိမ် နဂါးလိမ် မီးတိုင်ကလေးဖြစ်ပါသတဲ့။ အမြင့်ခြောက်ပေလောက်ရှိပြီး အကြေးခွံတလက်လက်နဲ့ နဂါးငါးကောင်ဟာ ခံတွင်းကထွန်းညှိထားတဲ့ မီးတောက်အရောင်ကြောင့် အသက်ဝင်နေသလား ထင်ရလောက်အောင် လက်ရာမြောက်တယ် ဆိုပဲ။ အမြင့်၂ ပေလောက်ရှိတဲ့ ကြေးဝါပန်တျာသည်ရုပ်ထုကလေး ၁၂ ရုပ်လည်း ရှိသတဲ့။ လူနှစ်ယောက်က ကြိုးဆွဲကပြလိုက်ရင် ဆိုင်းဝိုင်းကြီးတစ်ဝိုင်း တီးမှုတ်နေသလား မှတ်ရတယ် တဲ့။ ပါးစပ်အဟောင်းသားနဲ့ အံဩမဆုံးရှိနေတဲ့ လျူဘန်ဟာ အနောက်ဆောင်တော်ရောက်လို့ ယောင်္ကျားကောင်း မောင်းမတစ်ထောင်နဲ့လည်းတွေ့ရော သည်သောင်ယံက မခွာရက်နိုင်တယ် ဖြစ်ပါလေရော။

သူ့ကိုယ်ရံတော်လုပ်နေတဲ့ ယောက်ဖတော် ဖန်ကွေ့က “အာစိ။ ဒီရှန်းယန်မြို့လောက်နဲ့ ကျေနပ်တော့မှာလား။ ကျန်တဲ့ မြို့တွေ ရွာတွေနဲ့ တစ်နိုင်ငံလုံး ဆက်သိမ်းဖို့ အစီအစဉ် မရှိတော့ဘူးလား။” လို့ မေးပါတယ်။ “မေးစရာလား ယောက်ဖရယ်။ မင်းလည်းသိပါတယ်။ တအောင့်လေးတော့ နေပါရစေဦး။’ လို့တောင်းပန်တဲ့အခါ “အာစိ သွားရည်ကျနေတာတွေ အားလုံးက ချင်ဘုရင်မင်းမြတ် သယ်မသွားနိုင်လို့ ကျန်ခဲ့တာသာ ဖြစ်ပါတယ်။ အဲဒီစည်းစိမ်တွေအလယ်မှာ သူ ဘယ်နှစ်လ စံစားသွားရလို့လဲ။ စည်းစိမ်မြဲမြံချင်ရင် ကုလားထိုင်ခိုင်အောင် အရင်လုပ်ပါဦး။” ဆိုတော့ “ဪ သည်ကောင့်နှယ်။ သူ့အမကများ ငါ့ကိုထိန်းဖို့ စပိုင်လွှတ်ထားသလား မှတ်ရတယ်။” လို့ ရယ်သွမ်းသွေးပါတယ်။ အကြံပေးအရာရှိ ဆန်းလျန်ကတော့ “အရှင် စစ်သူကြီး ဒီကနေ့ အဲဒီစည်းစိမ်ကို ခံစားနိုင်ခြင်းဟာ ချင်ဧကရာဇ်က အာဏာယစ်မူးနေတဲ့အတွက်ကြောင့် အလွယ်တကူ သိမ်းပိုက်နိုင်တာပါ။ အခု ကိုယ်တိုင် ဘုရင်ဖြစ်တဲ့အခါ ချင်ဧကရာဇ်နဲ့ မတူကွဲပြား ခြားနားကြောင်းကို အများ သိသာထင်ရှားပါစေ။ ကုန်လွန်ခဲ့ပြီးသော မသမာ အကျင့်ပျက် ခြစားမှုများကို အလုံးစုံ သန့်စင်စေလျက် သေဝပ်နှိမ့်ချစွာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ စေတနာနဲ့ ပေးတဲ့ အကြံကောင်း ဉာဏ်ကောင်းများဟာ တခါတရံ နားဝင်မချိုပါဘူး။ အနာရောဂါ ကင်းစင်စေလိုပါလျှင် ခါးသက်သော ဆေးဝါးများကိုပင် မြိုချရကြောင်းပါ။ ဖန်ကွေ့၏ အကြံပေးချက်များမှာ ထိုနည်းအတူဖြစ်၍ လိုက်နာသင့်ပါသည်။” တဲ့။

ဒီလိုတော့လည်း လျူဘန်က လိမ္မာရှာပါတယ်။ ရတနာတွေ အားလုံးကို မှတ်တမ်းမှတ်ရာနဲ့ စံနစ်တကျ ချိပ်ပိတ် သိမ်းဆည်းစေပြီး စစ်စခန်းတဲနန်းကို ပြန်လို့ မြို့တော် အုပ်ချုပ်ရေးမှူးနဲ့ စာရွက်စာတမ်း၊ မြေပုံ၊ အထောက်အထား၊ စာရင်းဇယားများကို လေ့လာပါတယ်။ အဲဒီတော့မှ သူလည်းပဲ ချင်ပြည်နယ်မှာ မျိုးရိက္ခာ စပါးဆန်ရေ ဘယ်ကရတယ်။ အခွန်အတုပ် ဘယ်ကအများဆုံးထွက်တယ်။ ကုန်သွယ်ရေးလမ်း ဘယ်ဘက်က ပွင့်တယ် ဆိုတာတွေကို သိမြင်လာတဲ့အပြင် ပြည်သူလူထုရဲ့ တိုင်စာ မကြေနပ်ချက် အသံပလံတွေကိုလည်း စနည်းနာခွင့် ရပါတယ်။ သိပ်မကြာပါဘူး။ မြို့မိမြို့ဘတွေကို အစည်းအဝေးခေါ်ပြီး

“အဖိုးတို့ အဖေတို့ အဘတို့ခင်ဗျား။ တင်းကြပ်တဲ့ ချင်ဥပဒေ အမိန့်တော်တွေကြောင့် နှစ်ရှည်လများ စိတ်ဆင်းရဲခဲ့ကြရတယ် လို့ သိရပါတယ်။ အရင်ကဆို ချင်အစိုးရနဲ့ပတ်သက်လို့ မကောင်းတဲ့စကားများ ပြောမိဆိုမိရင်တောင် မိသားစု ဆွေမျိုးပါမကျန် ဈေးလည်ခေါင်မှာ စီရင်ခံရတယ် လို့လည်း သိရပါတယ်။ အခု ကျွန်တော်စီမံအုပ်ချုပ်တဲ့ကာလမှာတော့ အဓိကအားဖြင့် ဥပဒေသုံးရပ်နဲ့သာ စီရင် အုပ်ချုပ်မယ့်အကြောင်း အသိပေးချင်ပါတယ်။ ပထမကတော့ သူများအသက်ကို သတ်တဲ့သူအတွက် သေဒဏ် စီရင်ပါမယ်။ ဒုတိယအချက် ရိုက်နှက်နှိပ်စက် လုယက်ခိုးယူသူအတွက်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်နဲ့ စီရင်ပါမယ်။ တတိယအချက်ကတော့ ဆိုခဲ့ပြီးသော ပြစ်မှုမျိုးမှတပါး အားလုံးသော ချင် ဥပဒေတို့ကို ရုပ်သိမ်းပါတယ်။ အဲဒီဥပဒေ သုံးရပ်နဲ့ မငြိစွန်းသရွေ့ အေးချမ်းသာယာစွာ လုပ်ကိုင်မပျက် ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်ပါတယ်။ အဖိုးတို့ အဖေတို့ အဘတို့ ခင်ဗျား။ ကျွန်တော်တို့ကို ကြောက်စရာ မလိုပါဘူး။ ကြောက်စရာဘေးအန္တရာယ်တွေက ကာကွယ်ပေးဖို့အတွက် ကျွန်တော်တို့ လာပါတယ်။ ခုအချိန်ကစလို့ ချင်မင်းဆက်ဆိုတာ မရှိတော့ပါဘူး။ မကြာခင် ကျွန်တော်တို့ရဲမက်တွေနဲ့ စစ်သူကြီး ရှန်းယု ရောက်လာတဲ့အထိ စောင့်ဆိုင်းပြီး ချင်တိုင်းပြည်ရဲ့ ကံကြမ္မာ ကို အတူတကွ ဖန်တီးကြပါစို့။”

မိန့်ခွန်းအပြီးမှာ လျူဘန်ဟာ ချင် အုပ်ချုပ်ရေး အရာရှိတွေကတဆင့် သူ့သဘောထားကို တစ်နိုင်ငံလုံး သိအောင် ကြော်ငြာစေပါတယ်။ လူတွေခမျာ ဝမ်းသာလွန်းလို့ အိမ်ရှိတဲ့ ဆန်စပါး မျိုးရိက္ခာ ကျွဲနွားများပါမကျန် တပ်ရိက္ခာအဖြစ် လာထောက်ပံ့ကြပါတယ်။ ဒါပေမယ့် လျူဘန်က သူတို့မှာ ပြည့်စုံတယ်ဆိုပြီး ဘယ်သူ့ဆီကမှ လက်မခံပါဘူး။ ဒီလိုနဲ့ သူ့ရဲ့ဂုဏ်သတင်းတွေက တဟုန်ထိုး ကျော်ကြားသွားပြီး ပြည်သူတွေ အစိုးရိမ်ဆုံး ကိစ္စရပ်ဟာ လျူဘန် ရှင်ဘုရင် ဖြစ်မလာပဲ တခြားလူတစ်ယောက်ယောက် နန်းတက်လာမှာကိုသာ ဖြစ်ပါတယ်။ လျူဘန်အတွက်ဆို အသက်ပေးကာကွယ်မယ့်သူတွေကလည်း မနည်းမနောကြီးကို တိုးပွားလာပါတယ်။ (တကယ်လား ပါးစပ်ပြောလား ဆိုတဲ့ကိစ္စကတော့ ပြည်သူလူထုအပေါ် လျူဘန်ထားတဲ့စေတနာဟာ တကယ်လား ဟန်ဆောင်နေတာလား ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ဗူးပင်စိုက်ရင်တော့ ဗူးသီးပဲ သီးစရာ ရှိတာပေါ့။ ဟုတ်ဘူးလား)။

အံ့ဩစရာကောင်းတာ တစ်ခုကတော့ အဲလောက် အချိန်တိုတို အတွင်းမှာ လျူဘန်လို အောက်ခြေလူတန်းစား လယ်သမားတစ်ယောက်က ငယ်ငယ်ကတည်းက အသားကျလာခဲ့တဲ့ အကျင့်စရိုက်တွေကို နှိမ်ချိုးပြုပြင်ပြီး ပြည်သူတရပ်လုံး သူ့နောက်ပါလာအောင် နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းနိုင်တာပါ။ အစတုန်းကတော့ အပျင်းလည်းကြီး၊ တာဝန်လည်းမယူတတ်တဲ့ လူငယ်တစ်ယောက်ပါပဲ။ သူကြီးဖြစ်လာတဲ့အခါမှာ တခြားသော အုပ်ချုပ်ရေးအရာရှိများနဲ့မတူတာက တောသား၊ လယ်သမားများနဲ့အတူ ဖျာပေါ်မှာတပြေးတည်းထိုင်ပြီး လက်ရည်တပြင်တည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ စကားပြောတဲ့ဆိုတဲ့အခါမှာလည်း သူတို့ပေနယ်သားတွေနဲ့ တတန်းတည်းပြောနိုင်လို့ မြို့ကြီးသားများက နှုတ်ကြမ်းတယ်။ ရိုင်းတယ်လို့ မှတ်ချက်ပေးကြပြီး သူ့ကို အထင်ကြီးတဲ့သူတွေဟာ ဆန်းလျန်ကလွဲရင် အကုန်လုံး သာမာန်အရပ်သားများသာ ဖြစ်ပါတယ်။ ဒီအချက်ဟာ သူကိုယ်တိုင် စစ်ဘုရင် ဖြစ်လာတဲ့အခါမှာ အများကြီး တာသွားပါတယ်။ ပြည်သူတွေစိတ်ထဲမှာ ဘယ်လိုရှိမယ်၊ ဘာတွေ ခံစားနေရတယ်ဆိုတာ သူ့လောက်သိတဲ့သူ ဘယ်ရှိမလဲ။ ဒါကြောင့်သူ့ကို ထောက်ခံမယ့်သူတွေ ဝိုင်းဝိုင်းလည်ကုန်တာ။ (ဘဝမမေ့တတ်တာလည်း အရည်အချင်းကောင်းတစ်ခုပဲ လို့ သတိပြုစရာပါဗျား)။

တစ်ဦးကောင်း တစ်ယောက်ကောင်းတော်နေတာတော့လည်း မဟုတ်ပြန်ဘူးဗျ။ ဘယ်သူတွေ ဘယ်နေရာမှာတော်တယ်ဆိုတာ သိတဲ့အပြင် ဘယ်လိုအသုံးချရမယ်ဆိုတာလည်း သိတယ်။ အကြံကောင်းဉာဏ်ကောင်းမှန်ရင် ဘယ်လိုလူမျိုးဆီကဖြစ်ဖြစ် လက်ခံဖို့ အသင့်ရှိတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါ မတုန့်ဆိုင်းဘူး။ အဲဒီအရည်အချင်းအားလုံးအပြင် လူဆိုတာ ဘယ်လောက်ပဲတော်တော် ကြော်ငြာလေးလည်းဝင်ဦးမှ ဖြစ်တာဆိုတာလည်း သဘောပေါက်လေတယ်။ နို့မို့ ထမင်းမှနပ်မမှန်တဲ့ လူပြိန်းတွေက အလကားနေရင်း သူ့လိုက် စိတ်ဝင်စားနေပါ့မလား။ စစ်ချီတဲ့အခါ အခုခေတ် စိတ်ဓါတ်စစ်ဆင်ရေး ပြည်သူ့ဆက်ဆံရေးတပ်တွေ လွှတ်သလို ဝါဒဖြန့်တပ်ဦးကို အရင်လွှတ်ပြီး သူ့အကြောင်း၊ သူ့လမ်းစဉ်အကြောင်း ကောင်းကောင်းသတင်းလွှင့်ထားတယ်။ လူတွေရဲ့စိတ်ထဲမှာ သူဟာတကယ့်ကို ကိုယ်ကျိုးမဘက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်၊ အာဏာ နဲ့ အခွင့်အရေးကို ပြည်သူလူထုအတွက်သာလျှင် အသုံးချမည့်သူတစ်ယောက်အဖြစ် စွဲစွဲမြဲမြဲ ယုံကြည်စေတယ်။ (နိုင်ငံရေးနဲ့ စစ်တိုက်တာနဲ့ လက်နက်နဲ့စစ်တိုက်တာ ဘယ်လိုကွာသလဲဆိုတာ စေ့စေ့တွေးလေ ရေးရေးပေါ်လေပဲ။ မပေါ်သေးရင်တော့ တော်တော်ကို ပိန်းနေပြီ။ မွှန်နေပြီ လို့သာမှတ်)

မော်စီတုံးကြီးဟာလည်း သူ့ကိုယ်သူ ပထမမြောက်ဧကရာဇ်နဲ့ တုတုပြီး ဥပမာတွေဆောင်ခဲ့သော်ငြား တကယ်တော့ စစ်သူကြီးလျူဘန်နဲ့ ပိုတူပါတယ်။ သူ့အဖေက ဟူနန်နယ်မှာ မြေကလေးသုံးဧကနဲ့ ထွန်ယက်စားသောက်ရတဲ့ စာမတတ်ပေမတတ် လယ်သမားတစ်ယောက်ပဲ။ ကလေးဘဝက ပညာတော်ပေမယ့် ၁၃ နှစ်သားမှာ သူ့အဖေက ကျောင်းထုတ်ပြီး အလုပ်ကြမ်းလုပ်စေခဲ့တယ်။ အိမ်ကထွက်ပြေးတဲ့ကလေးတွေလည်း သမ္မတကြီးဖြစ်ဖို့ စိတ်ကူးယဉ်နိုင်တယ်ဆိုတာ မော်စီတုံးကြီးနဲ့ သက်သေပြလို့ရတယ်။ နှစ်နှစ်လောက်ကြာတော့ အိမ်ကထွက်ပြေးပြီး သူ့ဘာသူကျောင်းအပ်လို့ စာဆက်သင်တာ ကျောင်းဆရာကလေး ဖြစ်လာတယ်။ အသက်အစိတ်မှာ ဘွဲ့ရတော့ ကဗျာတွေ စာတွေ ဂျောင်းဂျောင်းပြေး ရွတ်နိုင်ဖတ်နိုင်တာမှ တရုတ်ရိုးရာတင်မကဘူး။ အနောက်တိုင်းဂန္တဝင်တွေပါ နှံ့စပ်သတဲ့။ ဘေကျင်းတက်ပြီး အဲဒီကတက္ကသိုလ်မှာ စာကြည့်တိုက်လက်ထောက်အဖြစ်နဲ့ စာအုပ်စာပေ ညက်ညက်ကြေပြီးမှ ဟူနန်မှာပြန်ပြီး မူလတန်းပြဆရာလုပ်တာ။ သတင်းစာဂျာနယ်တွေထဲကနေ မာ့ခ်စ်ဝါဒနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ကဗျာတွေရေးရင်းနဲ့မှ သူ့နံ့မယ်ကို လူတွေသိလာတာပါတဲ့။ နိုင်ငံရေးသမားအဖြစ် ဝက်ဝက်ကွဲအောင်မြင်လာစေတာကတော့ ဆင်းရဲသား လယ်သမားကျောမွဲတွေဟာ (မြို့နေ ပစ္စည်းမဲ့လူတန်းစားတွေနဲ့စာရင်) ကွန်မြူနစ်တော်လှန်ရေးကြီးအတွက် ကျောထောက်နောက်ခံဖြစ်တယ် ဆိုတဲ့ စည်းရုံးရေးကြွေးကျော်ချက်ပဲ ဖြစ်ပါတယ်။ လျူဘန့်နည်းတူ လယ်သမားတွေကို ဦးဆောင်ပြီး ဂျပန်တွေကိုရော၊ ချန်ကေရှိတ်ရဲ့ အမျိုးသားပါတီကိုရော တိုက်ထုတ်နိုင်ခဲ့တယ်။ သူ့လက်အောက်က စစ်သားတွေကို လုယက်ခိုးယူဖို့မဆိုထားနဲ့ ပြည်သူတွေဆီက အပ်တိုတစ်ချောင်းတောင် တံစိုးလက်ဆောင် မယူရဘူးလို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားတယ်။ နေ့ဘက်မှာစိုက်ပျိုးထွန်ယက်ပြီး ညဘက်မှာ စာရေးစာဖတ်မယ်ဆိုတဲ့ ပျောက်ကျားတပ်သား စစ်သည်စာဆိုတစ်ယောက်ပါ လို့ သူ့ကိုယ်သူဆိုတယ်။

အတက်လမ်းကိုချည့်ပဲ ကြည့်ရင်တော့ အဟုတ်ကြီးပါပဲ။ မော်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နတ်ဘုရားတစ်ပါးလို ထောက်ခံယုံကြည်မှုကို ရခဲ့တာဟာ သူ့ပါရမီ၊ သူ့အရည်အချင်း၊ သူ့ကြိုးစားအားထုတ်မှု စစ်စစ်တွေနဲ့ပါ။ လန်ဒန်မှာတုန်းက မော့်ကို ထိုင်ရှိခိုးမတတ် ကြည်ညိုကိုးကွယ်တဲ့ ဘွဲ့လွန်ကျောင်းသား သချင်္ာဆရာတစ်ဦးနဲ့ တွေ့ခဲ့ဖူးပါတယ်။ ကျောင်းပြီးပြီးချင်း မျှော်လင့်အားကိုးစွာ မော့်အပါးမှာ အလုပ်အကျွေးပြုဖို့ တရုတ်ပြည်ပြန်သွားတဲ့ အဲသည်ဆရာလေးဟာ နောက်နှစ်ကျတော့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှာ ထောင်ကျသွားတယ် လို့ ကြားလိုက်ရတယ်။ မော်ဟာ ဘယ်တော့မှ ကတိဖျက်တဲ့သူ မဟုတ်ဘူးလို့ လူတိုင်းကို ကြားကဝင်ကတိခံရဲတဲ့ သူဟာ ပြောင်းလဲသွားတဲ့မော့်ကို မခံစားနိုင်လို့ထင်ပါရဲ့။ ထောင်ထဲမှာ သူ့ကိုယ်သူ သတ်သေသွားရှာတယ်။

လျူဘန်၊ ရှန်းယု၊ မော်၊ အစရှိတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေးသူရဲကောင်းကြီးတွေအကြောင်းဖတ်ရတာ ကိုယ့်ဆီက ဘဘကြီးတွေကိုချည့် ပြေးပြေးမြင်မိပါတယ်။ ပြည်သူကိုစည်းရုံးတယ်ဆိုတာ လမ်းခင်းပေးမယ်၊ ပိုက်ဆံချေးမယ်၊ ထမင်းလည်းကျွေးမယ်၊ နင်းလည်းပေးမယ်တွေနဲ့ စည်းရုံးလို့ မအောင်မြင်ပါဘူး။ ဦးနုခေတ်ကို မီလိုက်တဲ့သူတွေ ကောင်းကောင်းသိပါလိမ့်မယ်။ ရှန်းယုလို လက်နက်အင်အား နောက်လိုက်ဗိုလ်ပါအားကိုးနဲ့ ပြန်မချစ်ရင် သတ်ပစ်မယ် နည်းလမ်းကလည်း ထောက်ခံမှု အစစ်အမှန်ကို မရနိုင်ပါဘူး။ မှန်ချင်မှန် မမှန်ချင်နေ။ မဲနိုင်ရင်တော်ပြီ။ ငါတက်လာတော့ ငါ့အာဏာဆိုတာမျိုးဟာ ကြာလေ ပြည်သူနဲ့ အဟပ်ကွာလေ ဖြစ်ရဦးမှာပေါ့။ ပထမမြောက်ဧကရာဇ်ကြီးလောက် လူတွေကို သတ်ပစ်နိုင်လို့လား။ သတ်ပစ်လို့ရသလား။ သူတောင် ဂုတ်ပေါ်ဓါးတင်ပြီး အုပ်ချုပ်တာ ဘယ်လိုဆင်းပေးလိုက်ရသလဲ။ ကိုယ့်ရှေ့မှာ မကြာသေးခင်ကမှ လွန်လေပြီးသွား ခေါင်းဆောင်များရဲ့ လမ်းစဉ်အတိုင်းလိုက်ရင် ဘယ်ဘူတာဆိုက်သလဲ အတွင်းလူတွေက ပိုသိကြပါလိမ့်မယ်။

သူတို့နိုင်ငံက အောင်မြင်တဲ့ စစ်ရေးခေါင်းဆောင်များဟာ စစ်ဦးစီးတက္ကသိုလ်ကဆင်းတာနဲ့ တစ်နိုင်ငံလုံး ဘယ်ဌာနမှာဖြစ်ဖြစ် စီမံအုပ်ချုပ်လို့တတ်တယ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ထင်ရာမစိုင်းတာလည်း အတုယူစရာပါ။ ကိုယ့်ထက် အတွေ့အကြုံများတဲ့၊ ပညာရပ်ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးပြီး ပညာတတ်ကို နေရာပေး အလေးပေး ဆက်ဆံရကောင်းမှန်း သိတယ်ဗျ။ အုပ်ချုပ်ရေးပညာဟာ ပညာရပ်တစ်ခုဖြစ်သလို၊ စီမံခန့်ခွဲမှု အတတ်ပညာဟာလည်း ပညာရပ်တစ်ခုဖြစ်သလို အခြားသူတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပညာရပ်နယ်ပယ်မှာလည်း သူ့အတတ်ပညာနဲ့သူ ကျွမ်းကျင်ရာ လိမ္မာကြပါတယ်။ ဆရာဝန်တွေကို စီမံအုပ်ချုပ်ဖို့အတွက် ကိုယ်ကိုယ်တိုင် ဆရာဝန်ဖြစ်ဖို့ လိုအပ်တယ် လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဆရာဝန်တွေရဲ့ လုပ်ငန်းသဘာဝကို နားလည်ပြီး သူတို့နဲ့ အတူတကွ လက်တွဲအလုပ်လုပ်ဖူးရင်၊ သူတို့ဘဝကို စာနာနားလည်နိုင်ရင်တော့ ဆရာဝန်တွေကို အုပ်ချုပ်ရတာ ပိုပြီး လွယ်ကူအဆင်ပြေမှာ အမှန်ပဲ။ ကျန်တဲ့ပညာရပ်နယ်ပယ်တွေမှာလည်း အဲဒီသဘောပဲ ရှိပါလိမ့်မယ်။ ကိုယ်တိုင်က ပညာရပ်နယ်ပယ်မှာ အသက်မွေးနေတဲ့သူ ဖြစ်တာမို့ လျှို့ဝှက်ချက်ကလေး လက်ထောက်ချရရင် ပညာတတ်တွေကို စေလိုရာစေချင်တယ်ဆို ဓါးမိုးခိုင်းလို့ ဦးမကျိုးပါဘူး။ ထိုက်တန်တဲ့နေရာကလေးပေးလို့ လေးစားမှုကလေး အပြန်အလှန်ရှိနေရင် ပေါသွပ်တို့ ဆန်းလျန်တို့လိုပဲ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံကောင်းဉာဏ်ကောင်းများ ရရှိနိုင်လိမ့်မယ် မဟုတ်ဘူးလားဗျာ။

credit to Dr Soe Min & Dr Yin Mar