ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှာသမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပြောသွားတဲ့စကားကို ကြားကတည်းက ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေတာ ….
ဒါနဲ့ Facebook မှာ ကိုချိုတူးဇော်ရေးထားတဲ့စာကို တွေ့ပီးဖတ်လိုက်ရတာကြိုက်လို့ .. ကျနော်တို့ရွာသားတွေလည်း သိရအောင် ပြန် Share ခြင်းဖြစ်ပါတယ် ….
“ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း”
တရုတ်က မြန်မာပြည်ကို ငတ်တုန်းကျွေးထားခဲ့တဲ့ ကျေးဇူးတွေ ရှိတယ် ဆိုတဲ့ စကားဗျာ တနုံ့နုံ့ဖြစ်ရလွန်းလို့၊ သမိုင်းနဲ့ချီပြီး သုံးသပ်မိတယ်။
၁၉၆၂ မတိုင်မီတုန်းက ကျနော်တို့တိုင်းပြည်ဟာ ဘာကြွေးမြီမှ မရှိရုံမက၊ ကမ္ဘာ့ဘဏ်ထဲ အရန်ရွှေတွေ တောင် ရှိခဲ့တယ်။
အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်၊ အကောင်းဆုံးဆေးရုံ၊ နဲ့ အချမ်းသာအကြွယ်ဝဆုံး တိုင်းပြည်။
လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်တိုင် ထိုင်း ကိုတောင် ပို့ကုန်တဘက်သတ်နဲ့၊
ရွှေကျီးနိုင်လွန်၊ ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိငံပြာရည်တို့ နိုင်ငံခြားပို့ကုန်တွေ ဖြစ်ခဲ့ရ။
ခေါင်းဆောင်တွေဆိုလည်း ဦးနု ဟာ အရှေ့တောင်အာရှမှာ ဩဇာရှိတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့သလို(အင်ဒိုနီးရှားလွတ်လပ်ရေးအတွက် တောင် ထောက်ပံ့ခဲ့တယ်)၊ ဦးသန့်ဟာ နိုင်ငံတကာ က လေးစားလွန်းရတဲ့ ကမ္ဘာ့ ခေါင်းဆောင် တဦးဖြစ်ခဲ့တယ်။
စင်္ကာပူ ထူထောင်သူ လီကွမ်ယု က မြန်မာပြည်ကို စံပြုခဲ့တယ်၊ မြန်မာပြည်လို ဖြစ်အောင် ကြိုးစားမယ်လို့ ပြောခဲ့တယ်။ ဒီကနေ့ စင်္ကာပူဟာ ချမ်းသာကြွယ်ဝသော်ငြား ဒီမိုကရေစီရေး နဲ့ လူ့တန်ဖိုးရှိမှု၊ နိုင်ငံသား တဦးချင်း ထူးချွန်ထက်မြက်မှုတို့မှာ အဲဒီခေတ်မြန်မာပြည်ကို မမီသေးပါဘူး (ရဲရဲ ကိုပြောရဲတယ်)။
ဒီလို တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်တလုံး အလို လို့ အကြောင်းပြပြီး ကယ်တင်ရှင်လုပ် အာဏာသိမ်းခဲ့တဲ့ ဦးနေဝင်းနဲ့ စစ်အုပ်စု တသိုက် ရဲ့
လက်ထဲမှာ တိုင်းပြည်ဟာ တဖြည်းဖြည်း ချွတ်ခြုံကျ ဆင်းရဲနိမ့်ပါးလိုက်တာ
၁၉၈ရ မှာ အဆင်းရဲဆုံးတိုင်းပြည်စာရင်း L.D.C ဝင်ခဲ့ရတယ်။
၁၉၈၈ မှာ ပြည်သူတရပ်လုံးက တောင်းဆို ဆန္ဒပြပြီး ပြောင်းလဲရေး ကို ဦးတည်နေတဲ့ကြားက စစ်တပ်ဟာ အာဏာသိမ်းပြီး၊ လမ်းဟောင်းကိုပဲ လျှောက်ခဲ့တယ်။
၈၈၈၈ မှာ ပြည်သူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ အသိဉာဏ်နိမ့်ပါးမရင့်ကျက်မှု
တွေကြောင့် တိုင်းပြည်အာဏာကို မလွှဲမရှောင်သာ ထိန်းသိမ်းခဲ့ရတာပါဆိုရင်
အလွန်ဆုံး စစ်တပ်အနေနဲ့ ကြားဖြတ်အစိုးရအသွင် အာဏာကို
ထိန်းသိမ်းသင့် တနှစ်ပေါ့။
၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပပြီး ပြည်သူ့ဆန္ဒတခဲနက်သိရပြိီးတဲ့အချိန်မှာ
သူရဲဘောကြောင်လှတဲ့ စစ်တပ်ဟာ နောက်ကြောင်းပြန်လှည့်ပြီး တိုင်းပြည် ကို ပြည်သူ့ဆန္ဒ၊ ပြည်သူ့အစိုးရ လက်ထဲအာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်
ခဲ့တယ်။
ဒီ ၂၃ နှစ်လုံးလုံး မြန်မာပြည ်ရလိုက်တာတွေဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ တနင့်တသီးကြီးပဲ။
သယံဇာတ တောတောင်ရေမြေတွေ အများကြီးပျက်စီးခဲ့တယ်။
ကမ္ဘာနိုင်ငံအသီးသီးက ကန့်ကွက်နေတဲ့ကြားက အာဏာကို ဆက်ကိုင်စွဲထားလိုမှုတခုထဲနဲ့ တို်င်းပြည်ကို တရုတ် ဆီမှာ ဖြစ်ကတတ်ဆန်း
ရောင်းစားခဲ့တယ်။
လက်ရှိတာဝန်ထမ်းဆောင်ဆဲ နဲ့ အငြိ်မ်းစား စစ်အုပ်စုဗိုလ်ချုပ်တွေ တဦးချင်းစီ ရဲ့ ပိုင်ဆိုင်မှုတွေကို ၈၈ မတိုင်မီ နဲ့ ၈၈ ပြီးမှ သေချာစိစစ်ပါ။ ဘယ်လောက်ကြီးမားတဲ့ အလွဲသုံးစားမှုတွေ ရှိနေတယ်
ဆိုတာ သိသာမြင်သာပါလိမ့်မယ်။
ပြောရမယ် ဆိုရင် စစ်ဗိုလ်ချုပ်တွေရဲ့ အကျင့်ပျက်ခြစားမှုဟာ ဆင်သတ်အရပ်ဝေ ဖြစ်အောင် လုပ်ခဲ့တယ်။ သူတို့ကိုယ်တိုင် အလွဲသုံးစားမှုတွေ လုပ်ခဲ့ရုံသာ မက၊ အဆင့်ဆင့် ဝန်ထမ်းတွေ ကိုလည်း လာဘ်ပေး၊ လာဘ်ယူမှုကို ခွင့်ပြုခဲ့တယ်။
စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ အကျင့်စာရိတ္တ၊ စိတ်ဓါတ်တွေကိုလည်း အကြီး
အကျယ်ဖျက်ဆီးခဲ့တယ်။ လာဘ်ပေးလာဘ်ယူမှုကို တရားဝင်နီးပါးခွင့်ပြုခဲ့တယ်။ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်တွေဟာ နဂိုု ထက် အများကြီးပျက်စီးခဲ့တယ်။ ပညာရှင်တွေ ပညာတတ်တွေကို ချိုးနှိမ်ခဲ့တယ်။
ဌာနတိုင်းမှာ နေရာဝင်ယူပြီး တလွဲ စီမံအုပ်ချုပ်မှုတွေ လုပ်ခဲ့တယ်။ အဆင့်တိုင်း စစ်ဗိုလ်ဟောင်းတွေဟာ ကိုယ်ကျိုးစီးပွားရှာခဲ့တယ်။
နောက်ဆုံးရလာဒ် ဟာ ဒီနေ့မြင်နေရတဲ့ အဘက်ဘက် က ပျက်စီးယိုယွင်း
ကြွေးမြီတင်နေတဲ့ တိုင်းပြည်ကြီးပါ။
ဒါကို ကိုယ်အာဏာဆက် ဆုပ်ကိုင်နိုင်ဖို့ ပေးကမ်းပေါင်းသင်းခဲ့တဲ့ တရုတ်ပြည်ကို ကျေးဇူးရှိတယ်။ မြန်မာပြည်ရဲ့ ကျေးဇူးရှင်မို့ ခုလို သာသနိက အဆောက်အဦးတွေက အစ ဖျက်ပြီးကျေးဇူးပြန်ဆပ်ရမယ် ဆိုတာ အမှန်တကယ်ပြောင်းလဲမှု ကို လိုလားတဲ့ အစိုးရတရပ်က ဝန်ကြီးတယောက် ရဲ့ စကားလား။
မကြာသေးမီ က လွှတ်တော်ထဲမှာ ဦးပိုင်ကိစ္စကို စစ်ဗိုလ်ချုပ်တယောက်က
ရှင်းလင်းတင်ပြသွားတာကို ဖတ်တဲ့အခါမှာ သူတို့တွေရဲ့ အဓိက ပြဿနာတရပ် ကို
ကျနော့်အနေနဲ့ ထင်းထင်းလင်းလင်း မြင်မိတယ်။
အဲဒီပြဿနာက ဘာလဲ ဆိုတော့ သူတို့တွေဟာ အကြီးအကျယ် အီလျူးရှင်း illusion ဖြစ်နေတာပဲ။ ဦးနေဝင်းက အစပြုပြီး တပ်တွင်းမှာ မျက်စိပိတ်၊ နားပိတ် လိမ်ညာခဲ့တယ်။ သမိုင်းကို အတုအယောင် ရိုက်သွင်းခဲ့တယ်။
စစ်တပ်ဟာ တိုင်းပြည်ကို ပေးဆပ်နေတယ်။ စစ်တပ်ဟာ တိုင်းပြည်ကို ကယ်တင်နေတယ်။ စစ်တပ်မရှိရင် တိုင်းပြည်ကြီးပျက်စီးသွားလိမ့်မယ်၊
စစ်တပ် မရှိရင် ပြည်ထောင်စုကြီးပြိုကွဲလိမ့်မယ် စသဖြင့် မျိုးစုံအောင် ရိုက်သွင်းခဲ့တယ်။
စစ်တပ်ထဲက ထိပ်တန်းအရာရှိကြီးတွေရော၊ ဟိုး အလယ်အလတ်၊ အောက်ခြေ အရာရှိ၊ အရာခံတွေဟာ သူတို့ရပ်တည်ချက်မှန်တယ် လို့ အီလျူးရှင်းဖြစ်နေကြတယ်။
သိသိကြီးနဲ့ ဘူးခံကာကွယ်နေကြတဲ့သူတွေ ရှိသလို၊ တချို့တကယ်ကို ရိုက်သွင်းဖျက်ဆီးခံထားရလို့ အမှန်ကို မမြင်နိုင်တဲ့သူတွေ ရှိနေတယ်ဆိုတာပါပဲ။
ဟိုတလောက ဦးသိန်းစိန် ရဲ့ ဝတ္ထုတို ဆိုတာကိုလည်းဖတ်ကြည့်ပါ။
နိုင်ငံရေးအမြင်ကင်းမဲ့တာတွေကို တွေ့လိမ့်မယ်။
ဝန်ကြီး ဦးအောင်မင်း ပြောသွားတာလည်း အဲဒါတွေပဲ။ ဗကပ တွေ ရဲ့ ရန်တွေ ရှိတယ်။ ဒါတွေကို ကာကွယ်ဖို့လိုတယ်။ ပြည်ထောင်စု ကြီး ဘာဖြစ်တယ်။ ညာဖြစ်တယ်။ သူတို့ မှာ နိုင်ငံရေး ဆိုတဲ့ အမြင်လေးနဲ့
ဖြေရှင်းဖို့ လုံးလုံး မရှိဘူး။
အရာရာ ကို သံသယစိတ်နဲ့ ပြည်သူကို ရန်သူလို ဆက်ဆံတယ်။
ဒါတွေဟာ နိုင်ငံရေး အမြင် မရှိလို့ ဖြစ်ရတဲ့ ပြဿနာတွေချည်းပါ။
နိုင်ငံရေး အမြင်ဆိုတာ ဘာလဲ လို့မေးရင် အယူအဆအမြင်ကွဲလွဲတာကို
ရန်သူလို့ မြင်တာကိုက နိုင်ငံရေး အမြင်မဲ့တာပဲပေါ့။
ဗကပ ကို နိုင်ငံရေး အမြင်မတူတဲ့ မြန်မာပြည်သားတွေလို့ မမြင်ဘူး။ ဒီတော့ ညှိနှိုင်းဖို့ မစဉ်းစားဘူး။ အပြိုင် လွတ်လပ်စွာ နိုင်ငံရေးလုပ်ကိုင်ခွင့် ပေးဖို့
သတ္တိမရှိဘူး။
တိုင်းရင်းသားတွေကိုလည်း သူပုန်တွေ သောင်းကျမ်းသူတွေ လို့ သတ်မှတ်တယ်။ ကျောက်စိမ်းတုံးကြီးတုန်းက တဘက်နိုင်ငံကို ခိုးထုတ်ရောင်းချမှာစိုးလို့ ကာကွယ်ရတယ် ဆိုပြီး စစ်တိုက်ခဲ့တယ်။
ကချင်တွေဘက်က ဒါသူတို့ရေမြေက ထွက်တဲ့ သယံဇာတ သူတို့ကာကွယ်ရမယ် ဆိုတဲ့ စိတ် နဲ့ တိုက်တယ် ဆိုတဲ့ အမြင် မဆလ တခေတ်လုံး ဘယ်ပြည်သူမှ မမြင်အောင် ဘရိမ်းဝပ်ရှ် လုပ်ခဲ့တယ်။
သူတို့ကိုယ်တိုင်လည်း အသက်တွေ ၆ဝ – ၇ဝ တန်းသာ ရှိနေကြတယ်။ တသက်လုံး တခါမှ မြင်ဖူး၊ တွေးဖူးကြဟန် မရှိဘူး။
အဲဒီကျောက်စိမ်းတုံး ကြီး ကို လုပြီး တူးပြီး သူတို့ကော ဘာလုပ်လဲ ဆိုတော့ အဲဒီ တဘက်နိုင်ငံကိုပဲ ရောင်းခဲ့တယ်။
နောက်ဆုံးတော့ အနှစ်ချုပ်ရရင် ဒီတိုင်းပြည်ကြီး ဒီလောက်ထိ ဆိုးရွားနိမ့်ပါး
ကြွေးမြီတွေ တင်ခဲ့တဲ့ အဓိက တာဝန်ရှိသူတွေဟာ သူတို့ကိုယ်တိုင်ပဲ။
ဒါကို ခုထိ ဝန်မခံရဲသေးဘူး။
ဒါကို ခုထိ ရင်မဆိုင်ရဲသေးဘူး။
ဒါကို ခုထိ ဖုံးကွယ်ထားတုန်းပဲ။
အဲဒီ ကြွေးမြီတွေကိုု ပြည်သူတွေရဲ့ ခေါင်းပေါ်တင်ထားရုံသာမက သူတို့ဟာ
ဒီမိုကရေစီ ကို ထူထောင်ပေးခဲ့တဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးသမားတွေ
အနေနဲ့ ကိန်းကြီးခန်းကြီး လုပ်နေကြသေးတယ်။
တိုင်းပြည်တပြည် က စစ်တပ် တတပ်ရဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် တိတိကျကျ ပြောရရင် ဒီမိုကရေစီ တိုင်းပြည်တပြည်က စစ်တပ် တတပ်ရဲ့ အခန်းကဏ္ဍ ကို သဘောပေါက် လက်ခံမယ့်၊ သတ္တိရှိရှိ ပြုပြင်မယ့် စစ်တပ်ထဲ
က ဗိုလ်ချုပ်အောင်ဆန်းလို့ ရိုးဖြောင့်၊ သတ္တိရှိမယ့် ခေါင်းဆောင်တွေ ထွက်လာမှသာ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းကို အမြန်ဆုံး ရောက်ဖို့
ရှိတော့တယ် လို့ မြင်မိပါတော့တယ်။
လောလောဆယ် ကျေးဇူးခံကျေးဇူးစား ပြဿနာကို ချေပပြောလိုတာကတော့
ဒီအကြွေးတွေဟာ မြန်မာပြည်သူတွေကြောင့် တင်ရတဲ့၊ မြန်မာပြည်သူတွေ ရဲ့ အကြွေးတွေ မဟုတ်၊ ခင်ဗျားတို့ ဖန်တီး ဖျက်ဆီးခဲ့တဲ့ ခင်ဗျားတို့ရဲ့အကြွေးတွေပါ။
တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းတပါးသားဆီမှာ ကျွန်ဆက်ခံခိုင်းနေတာ၊ ရောင်းစားနေတာတွေ သတ္တိရှိရှိ ရပ်တန်းက ရပ်ပါတော့လို့ပဲ ပြောပါရစေ။
ချိုတူးဇော်
မူရင်းဖတ်ချင်သူများအတွက် … Facebook မှာ … https://www.facebook.com/chotuzaw/posts/426274690772078 သွားဖတ်နိုင်ပါတယ် ….
5 comments
kyeemite
November 26, 2012 at 8:41 am
တော်တော်ဟုတ်တဲ့ ဝန်ကြီးပါလား…ပြောသွားတာကြည့်ပါအုံး…
:chee: :chee:
မဟာရာဇာ အံစာတုံး
November 26, 2012 at 1:01 pm
အဲဒီလိုမျိုး ပြောသွားတာလားဗျ …
အဟက် ….
တရုတ်က အစုတ်တွေ သွင်း၊ ပေးပြီး
ကောင်းပေ့ ဆိုတာတွေကို မ,မ သွားတဲ့အကြောင်း ..
ပြည်သူတွေတောင် ဖင်ခေါင်းထိ သိတယ် ..
ဒီလူက ဒါကိုတောင် မသိဘူးလား ???
ဒါ .. ပြည်သူ့တွေရဲ့ ရှေ့က လျှောက်နေတဲ့ သူတဲ့လား ????
အဲဒီလူ မျက်စိ မှုန်နေရင်လည်း အနားယူခိုင်းလိုက်တော့ဗျာ …
uncle gyi
November 26, 2012 at 12:06 pm
ဖြစ်ပြီးတာတွေပြောနေလို့မပြီးပါဖူး
ဖြစ်ပြီးတာတွေကိုသင်ခန်းစာယူပြီ
နောက်လုပ်မဲ့အလုပ်တွေကောင်းအောင်လုပ်ဖို့ပဲအရေးကြီးတယ်လို့မြင်ပါတယ်
ညောင်မြစ်တူးရင်ပုတ်သင်ဥပေါ်မှာပါ
ပုတ်သင်ဥကဘာမှလုပ်လို့မရပါဖူး
အမှိုက်ရှုပ်တာပဲအဖတ်တင်ပါမယ်
အခုလည်းသင်ပုန်းချေဆိုပြီးပြောဆိုလုပ်နေကြလို့ဒီအခြေရောက်လာပြီ
သင်ပုန်းမခြေနိုင်တဲ့အဖြစ်တွေပြောနေလို့မပြီးပါဖူး
ဘယ်လိုလုပ်ကြမယ်ပဲပြောဖို့လိုမယ်ထင်ပါတယ်
အလင်းဆက်
November 26, 2012 at 7:44 pm
တရုတ်စက် တစ်ရက်စုတ်..
ဦးဦးပါလေရာ
November 26, 2012 at 11:12 pm
ကျန်တာတွေတော့ မပြောဘူးဗျာ…
အဲ… မပြောသေးဘူးဗျာ….
တစ်ခုပဲ ပြောချင်တယ်….
ကျေးဇူး ဆိုတဲ့စကားက
အရောင်းအဝယ် အလဲအလှယ်လုပ်တဲ့နေရာမှာ
ထောင်မြင်ရာစွန့် အရိုးပစ်ကျွေးပြီး ခြံစောင့်ခွေးမွေးတဲ့နေရာမျိုးမှာ သုံးရတဲ့စကားမျိုးမဟုတ်ပါဘူး…
ကျေးဇူး ဆိုတဲ့စကားက စိတ်ကောင်းစေတနာကောင်းနဲ့ အကျိုးပြုတာကိုမှ သုံးရတဲ့စကားပါ…
လိုအပ်မယ်ထင်ရင် မြန်မာစာလေးပြန်သင်သင့်လှပါကြောင်း….