ဇလီဖားတုံးတွေ ရေတွက်ကြည့်ခဲ့ဖူးတဲ့ ထိုတနေ့ (အစမှ အဆုံး.. လုံးချင်း ပို့စ်)
လင့်ခ်တွေကနေ ပြန်ကြည့်မယ်ဆို ကော်နက်ရှင်ကြောင့် ခက်ခဲနေမှာစိုးလို့ အရင်အပိုင်း(၁+၂) ကို ပြန်ထည့်ထားတာပါ.. ဖတ်ပြီးသားဆိုရင် မေတ္တာဖြင့် ခွင့်လွှတ်ပြီး ကျော်ဖတ်ပေးကြပါခင်ဗျ..
…. …. အပိုင်း (၁) …. ….
သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။
“ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။”
“ဟုတ်ကဲ့..ဒေါ်လေး” ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် သူပြန်ဖြေလိုက်သည်။
“နင့် သူငယ်ချင်းကလည်း ခဏဆိုပြီး ထွက်သွားတာ ပေါ်မလာတော့ပါလား၊ အဲဒီ ဂျူးမြစ်တော့ ဧည့်သည်က တစ်ယောက်တည်း ဖြစ်နေပြီ” ဟု သူ့ တူမကို အပြစ်တင်သလို ပြောပြန်သည်။
မျက်နှာချင်းဆိုင် စကားမပြောချင်လို့ ရှောင်တာလားမှ မသိတာလို့ စိတ်ထဲက ရေရွတ်လိုက်မိသော်လည်း ပါးစပ်ကတော့ ဘာမှမပြောဘဲ သူနေလိုက်၏။
“ပျင်းရင် စာအုပ်တွေ ဖတ်လေ သား..”
“ဟုတ်.. လေးအုပ်တောင် ဖတ်ပြီးသွားပြီ၊ အောက်က မဂ္ဂဇင်းတွေကလည်း အရင်တစ်ခေါက်က ဒေါ်လေးပေးလို့ ဖတ်ပြီးသားတွေလေ..”
“ဖတ်အုံးမလား သား၊ ဒေါ်လေးမှာ အများကြီးရှိသေးတယ်”
“နေ နေ ဒေါ်လေး၊ ကျွန်နော် မျက်စိလည်း ညောင်းလာလို့.. ”
“အေး_ ဒီအိမ်က ဘယ်သူမှ ဒေါ်လေးစာအုပ်တွေကို စိတ်မဝင်စားကြဘူး၊ ရှုပ်တယ်တောင် ပြောချင်ကြတာ။ ဒီစာအုပ်တွေက ပိဿာချိန်နဲ့ ဝယ်တဲ့သူတွေဆီက တဆင့်ပြန်ဝယ်ထားတာ၊ စာအုပ်ဆိုတာ သစ်တယ်ဟောင်းတယ် ဆိုတာထက် အထဲကစာက တန်ဖိုးရှိတာကိုးကွယ့်” တစ်ဖက်ခန်းမှာဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲ အလုပ်များနေတဲ့ ညီမနှင့်မတ်ဖြစ်သူတို့ အခြေအနေကို အကဲခတ်ရင်း ဒေါ်လေး စကားဆက်လာပြီမို့ တစ်ယောက်တည်း ဖြစ်နေတဲ့ သူ့ကို ဧည့်ထောက်ခံစကားဆိုတော့မည်ဟု သိလိုက်သည်။
“ဟုတ်.. ဟုတ်ကဲ့” လက်မှ နာရီကိုကြည့်ရင်း သူဖြေ၏။ လမ်းမဘက် တချက်ကြည့်ကာ အပြင်သွားသည့် သူငယ်ချင်းလေး ပြန်လာမလား မျှော်မိသေး၏။
“ဒေါ်လေးကလေ ဒီအိမ်မှာ… @#<,..& …သိလား?… ”။ …“…. ဟုတ်”
“တူ တူမတွေဆိုတာလည်း.. ဒေါ်လေးများဆို.. @# %#.., $$*^ <. ကိုးကွယ့်”။ ..“..ဟုတ်ကဲ့” သူ စာဖတ်ဝါသနာပါမှန်းလည်းသိကာ လာတိုင်း ရှိတဲ့ စာအုပ်ဟောင်းတွေထုတ်ပေး (သူကလည်း စိတ်လိုလက်ရ ဖတ်ရှုအားပေးနေကျ) သူ့တူမ သူငယ်ချင်းမို့ သူ့တူလေးလို ခင်မင်နေတဲ့ အမျိုးသမီးကြီးပြောသမျှ ခေါင်းညိမ့်နေမိတော့သည်။
တကယ်ဆို အိမ်လည်လာတုန်း သူ့အနားမှာ ဒီလို ပြောဆိုနေတာ သူ့သူငယ်ချင်းဆိုတဲ့ မိန်းကလေးသာ ဖြစ်စေချင်မိသည်။ အလာပ သလာပဖြစ်ဖြစ်၊ ဟိုးတချိန် ကျောင်းအတူ တက်ခဲ့ကြတုန်းက ရယ်မောစရာတွေပဲဖြစ်ဖြစ်ပေါ့..။ ထိုမိန်းကလေး နောက်ဆုံးထွက်လိုက်တဲ့ အလုပ်အကြောင်း၊ အိမ်ပြန်နေရတော့ ဘာဖြစ်တယ် ညာဖြစ်တယ်.. အကြောင်းအရာကအရေးမကြီး။ သူငယ်ချင်းတစ်ယောက် အိမ်လည်လာတာ နည်းနည်းတော့ ဂရုစိုက်ပေးစေချင်သည်။ ခုတော့ သူရောက်စ ခဏ လက်ဖက်ပွဲနဲ့ အချိုရည်လာချ၊ စကားနည်းနည်းပြောပြီးကတည်းက ဆိုင်ထဲမှာပဲ အလုပ်ရှုပ်သလို၊ ပစ္စည်းပဲထွက်ဝယ်သလိုနဲ့ ပျောက်သွား၏။
ဒေါ်လေးပြောသမျှ ဟုတ်ကဲ့ လိုက်ရင်း အတွေးထဲမှာ အဖြေထုတ်နေမိသည်။ သူ ဘာ အမှားလုပ်ခဲ့မိသလဲ။ ဘယ်နေရာ မှားနေလို့လဲ။ အဲလိုလည်း ရှာမတွေ့။ သုံးပတ်တစ်ခါလောက် ဒီမိန်းကလေးအိမ်ကို လာလည်လို့ စားအိမ်သောက်အိမ်တောင်ဖြစ်နေမင့်ဟာ။ ဒါကပဲ အမှားဖြစ်သွားတာလား။ ချောင်းပေါက်မတတ် ဆိုတဲ့အဖြစ်ရောက်နေတယ်လို့ သူမက ဘရိတ်ဖမ်းစေချင်တာများလားလို့တွေးမိတော့ သူ့ရင် ဆစ်ကနဲခံစားလိုက်ရသလို နည်းနည်းတော့ တင်းသွား၏။ သူ့ဆီမှာ နောက်ဆုံးကျန်နေသေးတဲ့ ယောက်ျားမာနလေးက ခလုတ်တိုက် ခံလိုက်ရသလို ဖြစ်လာသည်။
“ဒေါ်လေး တူမသွားတာလည်း ကြာလိုက်တာနော်..” ပြောစရာကုန်သလောက်နီးနီးဖြစ်နေတဲ့ အဒေါ်ကို စကားလမ်းကြောင်း ပြောင်းပေးရပြီ။ “အေးကွယ်.. ဂျူးမြစ်ရယ် ဘယ်များဝင်နေပါလိမ့်”
“ကျနော်လည်း ပြန်မှထင်တယ်.. တော်ကြာ ဈေးကားလွတ်သွားမှာစိုးလို့”
“ဟဲ့ မစောင့်တော့ဘူးလား။ အရင်တစ်ခေါက်က မင်း ရောင်းဖို့ပေးခဲ့တဲ့ လုံချည်ဖိုးတွေရော..”
“ရောက်ကတည်းက ပေးထားတယ်ခင်ဗျ.. ဦးတို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်နော်..”
တအိမ်သားလုုံးကို လိုက်နှုတ်ဆက်လို့ အပြီးမှာ မိဂျူးမြစ်က အချိန်ကိုက် ပြန်ရောက်လာသည်။
“နင် သွားတော့မလို့လားဟ။ ဘာနဲ့ ပြန်မှာမို့လဲ…။” “..အေလာ ဈေးကားနဲ့လေ” မျက်နှာလွှဲလျက်က သူပြန်ဖြေလိုက်သည်။
“ဟဲ့ တစ်နာရီတောင်ခွဲနေပြီ မှီသေးလို့လား…။” သူ ဖြေမနေတော့..၊ ဆိုင်ထဲက ဆိုက်ကားဆရာကို လက်ညှိုးထိုးပြလိုက်သည်။ လိုက်ပို့ရမလားလို့ မပြောပါလားလို့ တွေးရင်း ဆိုက်ကားပေါ်တက်ထိုင် နှုတ်ဆက်လက်ပြဖို့ ကြည့်တော့ မိန်းကလေးရဲ့မျက်နှာ ညှိုးနေသလိုပဲဟုထင်မိလိုက်သေးသည်။
ပျဉ်းမနားဈေးထဲရောက်တော့ သူတွက်ထားသည့် အတိုင်း ဈေးကားက ထွက်သွားခဲ့ပြီ။ ၂-အစုန် စာပို့ရထားနဲ့ ပြန်မယ်ဆုံးဖြတ်ကာ ဘူတာဘက်လမ်းလျှောက်ခဲ့လိုက်သည်။ ဘူတာတွင် လက်မှတ်ရုံမှာ လူတန်းထဲဝင်မတိုးတော့ဘဲ အားလုံးကုန်မှ ထိုင်ခုံမဲ့ တစ်စောင် ဖြတ်လိုက်သည်။ လက်မှတ်စာရေးကို မေးကြည့်တော့ တူးဒေါင်း(၂-အစုန် စာပို့ရထား) က တပ်ကုန်းကတော့ ထွက်သွားပြီ၊ ဖိုးဒေါင်း(၄-အစုန် အမြန်ရထား)က ကျော်ချင်ကျော်လိမ့်မည်ဟုဆိုသည်။ ဒီနေ့ ကံမကောင်းပါလားလို့ သူတွေးမိသွားသည်။ ခုပဲ နှစ်နာရီ ခွဲပြီးနေတာ အကယ်၍များ နောက်ရထားကျော်မယ်ဆိုလျင်ဖြင့် စောင့်ပေအုံးတော့ ထမင်းထုပ်ကြီးနဲ့ ဖြစ်ပေမည်။ ထူးပါဘူး အရင်လာတဲ့ ရထား တက်လိုက်မည်ဟု စိတ်ဒုံးဒုံးချလိုက်ကာ ဘူတာ ပလက်ဖောင်းအရိပ်တနေရာမှာ ထိုင်ရင်း ငေးရင်း စောင့်သည့်အလုပ်ကို ရထားမလာမချင်း သူဆက်လုပ်ရပြန်ပြီ။
စိတ်က စနောင့်စနင်းဖြစ်တော့ သူငယ်ချင်းလေးကိုပဲ စိတ်တိုမိ၏။ သူမသာ အိမ်လည်လာတဲ့ သူငယ်ချင်းကို ဝမ်းပန်းတသာ ဂရုစိုက်ပေးမယ်ဆိုရင်၊ သူမနဲ့သာ စကားတွေဖောင်ဖွဲ့ ပြောခဲ့ရမယ်ဆိုရင် သန်းခေါင်ချိန်ထိ ထိုရထားတွေ မလာလည်း သူ အပျော်တွေနဲ့ စောင့်နေမိမည်သာ။ တကယ်ဆို သူမ ဒီနေ့ လိုမျိုး ပြုမူစရာ အကြောင်းမရှိဟု သူထင်သည်။ ဟိုအရင်တုန်းကများဆို ငယ်ပေါင်းတွေ မဟုတ်ကြသော်လည်း ဆယ်တန်းအောင်ပြီး၊ မန္တလေးရွှေမြို့တော်ကြီးက ဂျီတီအိုင်ကျောင်းတက်တော့ တခြားသူငယ်ချင်း လေးယောက်အပါအဝင် သူတို့အဖွဲ့ ရင်းနှီးလွန်းပုံက အများအမြင်မှာ သမီးရည်းစားအတွဲတွေလို့ ထင်ရလောက်တဲ့ထိပဲလေ။ ဂျီတီအိုင်ပြီးတော့ လူချင်းကွဲကွာခဲ့ကြပေမယ့် အိမ်နဲ့ခွဲပြီး ပညာဆက်သင်နေကြတဲ့ သူတို့နှစ်ယောက်မှာ စာအပြန်အလှန်ဆက်သွယ်ရင်း သံယောဇဉ်မပြတ်ခဲ့တာ အမှန်။ …. …. …
…. …. အပိုင်း (၂) …. ….
အကြောင်းတိုက်ဆိုင်စွာပဲ သူမ အစိုးရဌာနတစ်ခုမှာ အလုပ်ဝင်တော့ သူ့ဇာတိနယ်က မလှမ်းမကမ်း မြို့ကလေးသို့ တာဝန်ကျခဲ့သည်။ ပညာရေးခရီးကြမ်းရှည်ကို မမောတမ်းဆက်လျှောက်နေတဲ့ သူ ကျောင်းပိတ်ရက် နယ်ပြန်သည့်အခါတိုင်းလိုလို် သူမတာဝန်ကျရာမြို့ကို သွားတတ်သည်။ မရအရ ခေါ်လွန်းလို့ သူ့အိမ်သို့ပင် အလည်တစ်ခေါက် သူမရောက်ဖြစ်သေး၏။ ဤသို့ အသွားအလာရှိတာ၊ စာ အဆက်အသွယ်ရှိတာ သိမြင်ကြတဲ့ သူမအလုပ်ထဲမှ တချို့ကတော့ သူ့တို့နှစ်ယောက်ကို ရည်ရွယ်ထားကြသူတွေလို့ ထင်ကြသလို၊ (သူပို့သမျှစာ အတူဖတ်သည်အထိ) ရင်းနှီးသူ အကြောင်းသိများကလည်း စနောက်တတ်ကြပေမယ့် သူတို့နှစ်ဦးရင်မှာ ဘာခံစားချက်မှ မရောဘဲ အဖြူသက်သက်ဆိုတာ နှစ်ဦးသားအသိပါ။ အိမ်လွမ်းနာနဲ့ ကိုယ်စီ အခက်အခဲများအတွက် အားပေးဖော်၊ အပျော်တွေကြည်နူးစရာတွေ ဝေမျှဖက်၊ အကြံပေးဖော် တိုင်ပင်ဖက်၊ အူမက ချေးခါးအထိမဟုတ်တောင် တစ်ယောက်နဲ့တစ်ယောက် အတွင်းအစင်းသိ နားလည်မှုရှိခဲ့တယ် ထင်ရဲ့။
အဲဒီလို သံယောဇဉ်တွေ…
“တူ..နောင် ဒန်တန်… ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ…”
ဘူတာ အသံချဲ့စက်မှ တီးလုံးလေးနဲ့အတူ ထွက်ပေါ်လာတဲ့ အသံကြောင့် သူ့ အတွေးစ ပြတ်သွားကာ နားစွင့်လိုက်သည်။ သူစောင့်နေသည့် ရထားဝင်လာလို့ ကြေငြာတာ ဖြစ်မည်တွေးကာ ကဲ.. ဒီကနေ့ စောင့်ရတဲ့ဝဋ်က ကျွတ်ပြီဆိုတဲ့သဘောနဲ့ လေတစ်ချက် ချွန်လိုက်မိသည်။
“ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ၊ ရန်ကုန်မြို့မှ စတင်ထွက်ခွာလာသော.. အမှတ် (xx) အဆန် အမြန်ရထားသည် မကြာမီအချိန်အတွင်း စင်္ကြန်အမှတ် (၂) သို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။ လိုက်ပါမည့် ခရီးသည်များ အဆင်သင့် ပြင်ဆင်ထားကြပါရန် ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျာ… ကျေးဇူးတင်ပါတယ်ခင်ဗျာ…. တူ.. နောင် ဒန်တန်”
သူ စောင့်နေတာက မန္တလေးမှလာမည့် အစုန်ရထား၊ ခု လာတာ ဆန့်ကျင်ဘက်က။ သက်သက် ကလူကျီစယ်နေသလိုပါလား။ ရထားကြီး အိန္ဒြေရစွာ စင်္ကြန်မှာဝင်ရပ်စဉ် ပျဉ်းမနားဘူတာသည် ဆင်းသူတတ်သူ ခရီးသည်များနှင့် ခဏတာ ရှုပ်ယှက်ခတ်သွားပြီး ရထားကြီး အေးအေးလူလူ ပြန်ထွက်သွားတော့ မူလအတိုင်း ငြိမ်သက်လို့။ လေးနာရီထိုးဖို့ မိနစ်အနည်းငယ်သာလိုတော့ကြောင်း ပြနေသည့် နာရီကိုကြည့်ရင်း သူ့ရင်ထဲ ဒေါသကလေး ပြန်ထလာ၏။
`တောက်…´ ကြိတ်မနိုင်ခဲမရစိတ်ကြောင့် သတိလက်လွတ် တောက်ခေါက်မိသွားတော့ သူ့ဘေးမှ အုန်းမှုတ်ခွက်လေးခံပြီး ဆေးပေါ့လိပ်ဖွာနေသည့် ဦးလေးကြီးမှာ မလုံမလဲ ဆေးလိပ်ကို မီးသတ်လိုက်တာ မြင်၏။ ဟူးးး ကြည့်ရတာ သူစောင့်နေသည့် ရထားကို နောက်ကတစ်စီးက ကျော်တတ်မည်ထင်သည်။ ဒါဆို ငါးနာရီခွဲလောက်မှ ထိုရထား ပျဉ်းမနားဝင်၊ ခြောက်နာရီ စွန်းစွန်း မှောင်မှ အေလာသို့ ရောက်မှာပါလား…!! နှစ်နာရီကျော်လောက် ဒုက္ခခံရဦးမည့်အရေးတွေးကြည့်ကာ စိတ်ပိုညစ်လာပြီ။ တော်ကွာ ဒီကနေ့ စောင့်ရတဲ့ အလုပ် ဒီမျှနဲ့ တန်တော့၊ ဘယ်အချိန် ရောက်မယ်မသိတဲ့ သောက်ရထားကိုလည်း မေ့လိုက်တော့။ ငါ အေလာထိ လမ်းလျှောက်ပြန်မယ်…။ နာရီဝက်လောက် ရထားစီးရမယ့်ခရီး နှစ်နာရီလောက် သူ လမ်းလျှောက်ပြီး အရောက်သွားနိုင်မှာပါ။ ရထားအရင် သူ ရောက်ချင် ရောက်သွားအုံးမယ်.. ဟုတ်တယ်။ စိတ်ကူးနဲ့ သူ ထိုင်ရာက ထလျှောက်ခဲ့စဉ် သူ ကိုယ်ရောစိတ်ပါ ပေါ့ပါး သွားတယ်ထင်၏။
ပျဉ်းမနားဘူတာလေး၏ စင်္ကြန်အဆုံး ဇလီဖားတုံးများပေါ် စလျှောက်တော့ မြေပြင်ပေါ်လျှောက်ရသလို ပြင်ညီမဟုတ်သဖြင့် သိပ်အဆင်မပြေ၊ ကိစ္စမရှိ.. အောက်ကြည့်လျှောက်တော့ ပိုက်ဆံထုပ်တောင် ကောက်တွေ့နိုင်သေး၏။ ထိုအတွေးကြောင့် တစ်ယောက်တည်း ပြုံးမိသွားသည်။ စီးထားသည့် `မြစံပယ်´ တံဆိပ် ဖိနပ်အသစ်လေးကိုတော့ နှမြောအားနာမိသည်။ တော်ရုံဖိနပ်သဲကြိုးဆို ချုပ်ရိုးကြောင့် သူ့ခြေထောက် ဖိနပ်ပေါက်တတ်လို့ မြစံပယ်တံဆိပ်မှာ သူ့အကြိုက်ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်ကမှ သူ့အမေပို့လိုက်သည့် အသစ်ကျပ်ချွတ်မို့ သဲကြိုးက ခြေထောက်မှာ အနည်းငယ်တင်းကြပ်နေကာ စီးရတာ သက်တောင့်သက်သာပင် မဖြစ်သေး၊ ဇလီဖားတုံးတွေက အစိပ်အကျဲမညီတော့ ခြေလှမ်းမတော်လျှင် ခလုတ်တိုက်မိမှာ၊ ဖိနပ်လေး ခါးကျိုးသွားမှာ စိုးမိသေး၏။
သူ့ရှေ့ မလှမ်းမကမ်းမှာလည်း လမ်းလျှောက်သူ သုံးယောက်ကိုတွေ့သည်။ ငါ့လို လူတွေရှိသေးတယ်ဟ လို့ တွေးရင်း၊ သူတို့ဆီမှ တချက်တချက် လွင့်လျှံလာတဲ့ စကားပြောသံတွေကို နားစွင့်ရင်း ဇလီဖားတုံးပေါ် ခြေအပြားလိုက်ကျအောင် သတိထားကာ ခပ်သွက်သွက် လိုက်လျှောက်တော့သည်။ ပျဉ်းမနားမြို့က ထွက်ပြီးမကြာ ရှေ့ကလူတွေ လူသွားလမ်းခွဲလေးတစ်ခုသို့ ချိုးဝင်သွား၏။ လမ်းကလေးဦးတည်ရာဘက်တွင် မြေလမ်းကျယ်တစ်ခုဝယ် သုံးဘီးတုတ်တုတ်တွေ၊ ဆိုင်ကယ်တွေ၊ ခြေလျင်နှင်သူတွေ ဥဒဟိုသွားလာနေတာ လှမ်းမြင်ရတော့ တစ်ချက် တွေခနဲဖြစ်သွားသည်။ ဘယ်အလုပ်ကိုမဆို ပြီးဆုံးအောင်မလုပ်ချင်တဲ့ သူ့အကျင့်ဆိုးက ထိုလမ်းဘက်ချိုးပြီး တုတ်တုတ်နဲ့ သွားရင်ကောင်းမယ်လို့ အတွေးကိုပေး၏။ သူငယ်ချင်းလေးက ပေးလိုက်တဲ့ ဒေါသနဲ့ ရှိစုမဲ့စု မာနက ဆုံးဖြတ်ပြီးသားကို မပြင်ဖို့ တားသည်။ ဦးနှောက်မှ ထိုမြေလမ်းကျယ် အေလာ ရောက်မရောက် မသေချာကြောင်း သတင်းပို့ရာ သံလမ်းပြိုင်အတိုင်း သူ ဆက်လျှောက်ခဲ့တော့သည်။
ကျနေချိုအောက်မှာ နာရီဝက်လောက်လျှောက်ပြီးတော့ ရွာလေးတစ်ရွာအရောက် ထိုမြေလမ်း တိုးဝင်ပျောက်ကွယ်သွားမှ သူ ဆုံးဖြတ်ချက်မှန်ကြောင်း ပိုသေချာကာ ကျေနပ်စရာဖြစ်၏။ သက်ရှိဆို၍ တခါတရံ ဖြတ်ပြေးသွားတဲ့ ပတတ်လို၊ ပုတ်သင်လိုအကောင်တွေမှလွဲလို့ မမြင်တော့ရာ ပို အထီးကျန်သွားသလိုလည်း ခံစားလိုက်မိသည်။ ဟိုး အရှေ့ ရှမ်းကုန်းမြင့် အစွန်းဆီမှ ဆန်းစ လကွေးကွေးကျပြန်တော့လည်း နေရောင်မပြယ်သေးသမို့ မြင်ရတာနွမ်းလျလျ။ လသာတာမြင်ရင် နင့်ကို သတိရတယ်လို့ ပြောဖူးတဲ့ သူငယ်ချင်းလေးနဲ့ အမှတ်ရစရာတွေက စိတ်ထဲ ပြန်ရောက်လာသည်။
သူ ဘွဲ့လွန်သင်တန်းအတွက် ရန်ကုန်မှာရှိစဉ် သူမကလည်း ဌာနဆိုင်ရာသင်တန်းအတွက် ရောက်လာခဲ့ဖူးသည်။ အားရက်တွေမှာ နှစ်ဦးဆုံကာ မြို့ရန်ကုန်အနှံ့ သူတို့ သွားဖြစ်၏။ တစ်ရက် အပြန်ကားကလည်းခက်၊ အချိန်ကလည်း လင့်နေပြီမို့ သူမ ခေတ္တနေရာ ကျိုက္ကလော့ဝ်ဘုရားနားက သင်တန်းကျောင်းဆီထိ သူလိုက်ပို့ဖြစ်ခဲ့သည်။ မှတ်တိုင်မှာ ဆင်းသည့်အချိန်ထိ တိုးဝှေ့ဆင်းခဲ့ရလို့ ပြေလျော့နေသည့် သူမရဲ့ခေါင်းစည်းကြိုးကို ပြင်စည်းပေးလိုက်ရင်ကောင်းမလားအတွေးနဲ့ စိတ်လွန်ဆွဲနေတဲ့ သူ… မှတ်မှတ်ရရ ဖြစ်စရာ လပြည့်ရက် ဖြစ်လာမယ်ဆိုတာ သတိပင် မမူမိခဲ့။
နှစ်ယောက်သား စကားပြောရင်း ကျိုက္ကလော့ဝ်ဘုရားကုန်းပေါ် တက်လာစဉ်မှာ မီးပြတ်သွား၏။ ရှစ်နာရီထိုးတော့မလား မဆိုနိုင်သည့် ထိုအချိန်မှာ ဘုရားကုန်းတစ်ခုလုံးသည် မှောင်ပိန်းမသွားဘဲ လရောင်အေးအေးကြောင့် ဝင်းသန့်လို့ပင် ရှိခဲ့သည်။ ဝလုံးလေးလို ပြည့်ဝိုင်းနေတဲ့ လမင်းကို မော့ကြည့်ရင်း
“လမင်းကလည်း သာလိုက်တာနော်…”ဟု သူမ တစ်ယောက်တည်းရေရွတ်သလိုလို သူ့ကိုပဲ ပြောသလိုဆိုသည်။
“အင်းးးးး.. လသာတော့ ဘာဖြစ်လဲ” အင်းလိုက်သည့် အသံရှည်နောက် မေးခွန်းပါ လိုက်သွားမိပြီးကာမှ ပုံပြင် တစ်ခုကို သတိရကာ သူမကို စချင်သည့် အကြံဖြင့် “ဟာ… ဟေ့ ဟေ့ အဲ့မေးခွန်း ငါ မမေးဘူးလို့ထားလိုက်..” ဟု အလန့်တကြား အသံဖြင့် ဆက်ပြောလိုက်သည်။
“ဟင်.. ဘာဖြစ်လို့လဲ…” တအံ့တဩ သူမ မေးလာတော့ လူတိုင်းသိတဲ့ လူပျိုကြီး ရည်းစားစကားပြောသည့် ပုံပြင်ကို ပြောပြလိုက်သည်။
“နင်လည်း သိပြီးသားပါဟ.. ဟိုပုံပြင်လေ။ လူပျိုကြီးတစ်ယောက်က အပျိုကြီးတစ်ယောက်အိမ် လူပျိုလှည့်သွားတာလေ..။ ရှက်ရှက်နဲ့ ဘာမှလည်း စီကာပတ်ကုံးမပြောတတ်၊ နောက်ဆုံး လသာတာမြင်တော့ လကြီးကလည်း သာလိုက်တာနော်လို့ ပြောတယ်လေ။ အပျိုကြီးက လကြီးသာတော့ ဘာဖြစ်သတုန်း ပြန်မေးပါရော၊ ဒီတော့ အနားမှာ စဉ်းအိုးကြီးကြည့်ပြီး .. လကြီးသာတော့ စဉ်းအိုးကြီး ပြောင်တာပေါ့လို့ ဖြေသတဲ့။ ကဗျာမဆန် မစည်မဆိုင်တွေမို့ စဉ်အိုးကြီးပြောင်တော့ ဘာဖြစ်သတုန်းတော့လို့ အပျိုကြီး ငေါ်တူးမှ စဉ်းအိုးကြီးပြောင်တော့ နင့်ကို ငါချစ်တာပေါ့ဟ လို့ လူပျိုကြီး ရည်းစားစကားပြောတဲ့ ပုံပြင်လေ…။”
“အင်းလေ.. အဲ့ဒီ ပုံပြင်သိသားပဲ၊ ခု ဘာဖြစ်လို့လဲ”
“ခု.. နင်က လမင်းကြီးသာတယ်ပြောတော့ ငါက ဘာဖြစ်သလဲ မေးမိရောလေ။ ပြီးရင် စဉ်းအိုးကြီး ပြောင်တယ်လို့ နင်ကဖြေ၊ စဉ်းအိုးကြီးပြောင်တော့ ဘာဖြစ်လဲလို့များ ငါက ဆက်မေးမိရင် .. နင့်ကို ငါချစ်တာပေါ့လို့ ငါ အပြောခံရတော့မှာလေဟာ။ တော်သေးတယ် ဒီပုံပြင် ငါ ကြားဖူးထားလို့သာပေါ့.. မဟုတ်ရင် နင်ဆင်တဲ့ ဂွင်ထဲဝင်ပြီး ငါ ရည်းစားစကား အပြောခံထိမှာမလား ဂျူးမြစ်ရ ဟား..ဟား..ဟား..”
“နင့်ကိုများ ငါက ဂွင်ဆင်စရာလားဟဲ့ ကောင်စုတ်ရဲ့..ခစ် ခစ် ခစ်” … သူ ရှင်းပြတာ နားထောင်ပြီး အော်လိုက်ပေမယ့် သူမ စိတ်မဆိုးခဲ့ဘူးဆိုတာ ထိုရယ်သံလွင်လွင်နဲ့ သိစေခဲ့တာ ဒီနေ့အထိ ကြားယောင်နေသလိုပါပဲလား..။ ထိုအဖြစ်ပြီး နောက် သူမဆီကလာတဲ့စာထဲမှာ လသာတာမြင်တော့ အဲဒီညကအကြောင်း စဉ်းစားမိပြီး သတိရတယ်လို့ ဆိုလာသလို.. သူကိုယ်တိုင်ကလည်း အမှတ်ရတိုင်း လသာလေမလား မော့ကြည့်တတ်ပြီး လသာတာမြင်တိုင်းလည်း သတိရတတ်တဲ့ ရောဂါစခဲ့သည်လေ။ လသာလို့ သတိရတာလား သတိရလို့ လမင်းသာစေချင်တာလား မကွဲပြားအောင် ရောဂါရင့်လာသော်လည်း..
“ဒုတ်…”“အောင်မငှီး ..လ..လမင်းကယ်ပါဗျာ…”
+++ အပိုင်း (၃) = ဇာတ်သိမ်း +++
သူ အတွေးလွန် ခြေလှမ်းမှားကာ ဇလီဖားတုံးကို ခလုတ်တိုက်ပြီး ဟပ်ထိုးလဲမလို ဖြစ်သွားသည်။
“အ.. ကျွတ် ကျွတ်” ညာဘက်ခြေမ အတွင်းကြေသွားသည်ထင့် ကျွတ်သွားသည့် ဖိနပ်ကို ပြန်စီးစဉ် နည်းနည်း နာနေသည်။ သူ ဘယ်လောက် သတိလက်လွတ် လျှောက်ခဲ့မိတယ်မသိ .. မြစံပယ်တံဆိပ် ဖိနပ်သစ်လေးမှာ ခါးကျိုးရာပင် ထင်နေပြီ။ အိပ်ကပ်ထဲက ပိုက်ဆံ၊ ပစ္စည်းတွေ ထွက်ကျသွားမသွား ပြန်ကြည့်ကာ ခြေအနာကိုဖိနင်းပြီး ခရီးဆက်လိုက်သည်။ သစ်ပင်လေးတွေ အုပ်ဆိုင်းဆိုင်းနှင့် တောကျောင်းလေး တစ်ခု အရောက် စိတ်ပြေလက်ပျောက် ခဏရပ်ကာ နားလိုက်သည်။
ရထားလမ်းနှင့် ကပ်လျက် စေတီလေးဆီမှ ဆည်းလည်းသံလွင်လွင်၊ သစ်ပင်ကြိုကြားက အိပ်တန်းရှာ ကျေးငှက်တို့ အသံတွေကြောင့် စိတ်အေးလက်အေး ခံစားလိုက်မိကာ သူငယ်ချင်းလေးကြောင့် ဖြစ်နေသော ဒေါသ၊ ခလုတ်တိုက်မိတဲ့ ခြေမကနာတာတွေပါ အတန်ငယ် လျော့ပါး သွားသယောင်ယောင်..။ အချိန်လင့်မှာ စိုးသမို့ စေတီကို လက်အုပ်ချီ ကန်တော့ကာ အသော့နှင်ရပြန်ပြီ။
ရွာတန်းရှည်လေးတစ်ခုလွန်ပြီးမကြာ ပြည်ဝင်ဘူတာသို့ အရောက် ထိုင်ရင်း ရပ်ရင်း ရထားအလာ စောင့်နေသူများကို မြင်တော့ ထုံးစံအတိုင်း သူ့စိတ်က ပျော့ချင်လာပြန်သည်။ ဘူတာမှာ ရထားအခြေအနေ မေးရင်ကောင်းမလား၊ သူလမ်းလျှောက်ခဲ့သည့် အချိန်အတွင်း ပျဉ်းမနားမှ ရထား ထွက်လာခဲ့လေမလားပေါ့။ နောက်တော့ ခရီးတစ်ဝက်ကျော်တောင် လမ်းလျှောက်ပြီးတဲ့ သူ့အားထုတ်မှုကို အချည်းအနှီးဖြစ်၊ တစ်ဝက်တစ်ပျက် အဆုံးမသတ်စေချင်။ ဘူတာထဲသို့ပင် ဝင်မနေတော့ဘဲ သံလမ်းအတိုင်း သူ ဆက်သွားတော့ အထူးအဆန်းသဖွယ် တစ်ချို့က လှမ်းကြည့်နေသေး၏။
ဘူတာလွန်ပြီး ရေကျော် တံတားငယ်တစ်ခု အရောက် ဆေးလိပ်လေးတဖွာဖွာ၊ စကားတပြောပြောနဲ့ အေးအေးလူလူ ငါးမျှားနေသူ နှစ်ယောက်ကို တွေ့ရာ ခဏရပ်လို့ စပ်စုလိုက်မိပြန်သည်။ ငါးရတဲ့ အခြေအနေသိချင်သဖြင့် ဘေးနားက ပလိုင်းတောင်းထဲ သူ ငဲ့ကြည့်တော့ ပုဆိုးစုတ်တစ်ခုနှင့် မကျည်းယမကာ ဟု တံဆိပ်ကပ်ထားသော နီကျင်ကျင် ပုလင်းတစ်လုံးသာရှိ၏။ သူကြည့်နေတာ သတိထားမိသွားတဲ့ တစ်ယောက်က ပုဆိုးစုတ်နဲ့ ပုလင်းကို ဖုံးလိုက်သမို့ တချက်ပြုံးကာ သူ လှည့်ထွက်လာခဲ့သည်။
ဪ.. သူတို့လည်း သူတို့စည်းစိမ်နဲ့ သူတို့ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ။ ငါ့ ကျတော့ကော.. ဘာဖြစ်လို့ ဒီနေ့လိုအဖြစ်မျိုး ကြုံရတာပါလိမ့်။ သူလျှောက်ခဲ့သည့် ခရီးကို ပြန်တွေးကြည့်ကာ ဖြစ်သင့်ရဲ့လားလို့ ဆောကြောမိ၊ ခုလို လုပ်ခဲ့တာ တန်ရဲ့လားလို့ အဖြေထုတ်နေမိသည်။ တွေးစဉ်းစားရင်း ခလုတ်မတိုက်အောင် သတိထားလျှောက်ကာလာရင်း နောက်နားမှ ချိုးချိုးချွတ်ချွတ် အသံကြား၍ ထိတ်ခနဲ ဖြစ်ကာ သူ လှည့်ကြည့်လိုက်တော့ တူရွင်းကို ထမ်းကာ ခပ်သွက်သွက် လိုက်လာသူတစ်ဦးကို မြင်လိုက်ရသည်။
ထိုပုဂ္ဂိုလ်ကြည့်ရတာ ပုတောင့်တောင့် ဂင်တိုတိုနဲ့ မျက်နှာကလည်း ရှုတည်တည်။ လူ အသွား အလာ ကလည်း ပြတ်၊ ကိုယ့်ပုံစံကလည်း ဒီအရပ်ကလူမဟုတ်မှန်း သိသာနေတော့ကာ ရိုက်နှက်ပြီး လုမလို့များလား..!! ခုနေ ကိစ္စတုံးပြီး ရထားလမ်းဘေးတင် မြှုပ်လိုက်ရင် လောကကြီးထဲက သူ ပျောက်သွားတာ ဘယ်သူမှ သိလိုက်မှာတောင် မဟုတ်။ အတွေးကြောင့် ခေါင်းနားပန်းကြီးကာ ငွေသုံးသောင်းခန့်နဲ့ ဖောင်းနေတဲ့ အိပ်ကပ်ကိုဖိကာ မသိမသာ အရှိန်တင် လှမ်းတော့သည်။ စိုးရိမ် စိတ်စောနေ၍လားမသိ ရှေ့မှာ လှမ်းမြင်နေရသော ရွာကလေးက ရောက်နိ်ုင်ခဲလှသည်ထင်၏။
နောက်လှည့် ကြည့်ပြန်တော့လည်း တူရွင်းနှင့်လူမှာ ဝါးနှစ်ရိုက်ခန့်အကွာမှ လိုက်လာနေဆဲ … ပြည်ဝင်ဘူတာမှာ ရထား စောင့် မစီးဖြစ်ခဲ့တာက်ို အမှားကြီးမှားပြီဟုလည်း တွေးမိသွား၏။ ရွာလေးထဲ ဝင်တော့လည်း ခွေးတအုပ်၏ ဆွဲမလို ခဲမလိုလုပ်ကာ ဝိုင်းဟောင်တာခံရသဖြင့် အမျိုးသမီးကြီး တစ်ယောက်က ဝင်ဟန့်ပေးရသေး၏။
“ဟဲ့ မောင်ဖိုးတုတ်၊ ဒီကနေ့ ပြန်တာနောက်ကျပါလားကွယ့်”.. အဒေါ်ကြီး တူရွင်းနဲ့လူကို နှုတ်ဆက်တာ ဖြစ်သည်။
“ဟုတ်တယ် အရီးရာ၊ ငတိုးနွားတွေ ကျုပ်အခင်းထဲ ဝင်စားလို့ လိုက်မောင်းတာ..။ အဲ့ဒီကောင် ငတိုးနဲ့လည်း ရှင်းရအုံးမယ်”
“အိုကွယ်၊ ပြေပြေလည်လည် လုပ်ကြပါဟဲ့..”
“..@@#3 …$$ %..%&#…!!” ပြောပြောဆိုဆိုနဲ့ ထိုလူ ကျန်ခဲ့ပါလေသည်။
ဪ..ငါ့နှယ်..! အခင်း နွား ဝင်စားလို့ စိတ်တိုပြီး လယ်ထဲကပြန်လာသူကိုမှ ရိုက်လုမယ့် လူမိုက် ထင်ရတယ်လို့။ စောစောက စိုးရိမ်စိတ်တို့ ရယ်စရာ အသောအဖြစ်ပြောင်းကာ အလုံးကြီး ကျသွားလေပြီ။ ရွာထဲမှ တစ်အိမ်စ နှစ်အိမ်စ မီးနီကျင်ကျင် ထွန်းထားတာ သတိထားမိ၏။ နေ လုံးဝ ဝင်သွားပြီး ရောင်ပြန်အလင်းတွေသာ ကျန်တော့သည်။ ခြောက်နာရီတောင် ထိုးသွားပြီမို့ သုတ်ခြေတင်လိုက်သည်။
ရထားလမ်း ညာဘက် မျက်စိတဆုံးအဝေးမှာ စက်ကြီး၊ ကားကြီးများကြောင့် ဖုန်တထောင်းထောင်းနှင့် လုပ်ငန်းခွင်ကြီးတခုကို လှမ်းမြင်ရသည်။ အေလာ လေဆိပ်အသစ်ကြီး တည်ဆောက်နေတဲ့ နေရာဖြစ်၏။ လေဆိပ်နေရာ အရှေ့အရပ် တည့်တည့်တွင် အေလာမြိူ့ရှိတာမို့ စိတ်မှန်းနဲ့ မျဉ်းဆွဲကြည့်ကာ ရောက်ဖို့မဝေးတော့ဟု တွက်လိုက်သည်။
ညဦးသည် ကသောကမျောလို့ ဆိုရလောက်အောင် မှောင်ရိပ်ကျတာ မြန်လှသည်။ လျှောက်နေရင်း လှမ်းနေရင်းကို အလင်းအားနည်းသည်ထက် နည်းလာရာ သူ ကြောက်စိတ်ပင် ဝင်ချင်လာ၏။ ဟိုခြုံ ဒီခြုံထဲမှ ပုရစ်လို အကောင်လေးများ၏ အော်သံသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတော့သည်။ မြွေပါး ကင်းပါးလည်း သတိထားကာ မှိန်ဖျော့ဖျော့ ဆန်းစ လရောင်အားကိုးနှင့် သွားရပါပြီ။
လေဆိပ်လုပ်ငန်းခွင်မှ မာကျူရီမီးရောင်တို့ ကောင်းကင်ထိ လင်းထိန်နေချိန်မှာ သူ့ရှေ့သံလမ်းကတော့ အမှောင်ထုက သိပ်သည်းအားကောင်းလို့သာ လာသည်။ သူငယ်ချင်းလေးအပေါ် ထွက်မိသည့် ဒေါသလည်းမရှိတော့၊ မြစံပယ်တံဆိပ် ဖိနပ်သစ်လေးကိုလည်း မနှမြောမိတော့.. သူ အလဲလဲ အပြိုအပြို၊ ရောက်ချင်စိတ်စောနဲ့ ကျော်ကာလွှားကာ အပြေးတစ်ပိုင်း လျှောက်တော့၏။
ပြေပြေလေး ကွေ့သွားသည့် ရထားလမ်းကွေးတစ်ခုဘေး ချုံပုတ်တွေအကွယ်မှ ထွက်လိုက်ချိန်မှာတော့ အေလာမြို့ပြင် သံဘောင်တံတားကြီးကို ထိုးထိုးထောင်ထောင် ဝိုးတဝါးလှမ်းတွေ့လိုက်ရပြီ။ ရုတ်တရက် သူ့ခြေထောက်အောက် သံလမ်းမှ တုန်ခါနေသလို သူခံစားလိုက်ရသဖြင့် ငလျင်အသေးစား လှုပ်သလားပဲ ထင်ကာ စူးစမ်းမိပြန်သည်။ ရောက်ခါနီးမှ တောခြောက်၊ သူရဲခြောက်ခံရပြီလားလို့ ပေါက်ကရအတွေးလည်းဝင်ကာ ကျောချမ်းမိသေး၏။
အောင်မြင်ခါနီးပြီပဲကွ ဟု ကိုယ့်ကိုယ်ကို အားပေးကာ သွက်သွက်ခြေလှမ်းလာစဉ် အဝေးဆီမှ မီးရထား ဥဩဆွဲသံကြားရ၏။ မင်းဘယ်လောက် အော် လိုက်လိုက်၊ လမ်းလျှောက်တဲ့ ငါက ဘူတာအရင်ရောက်မှာကွ လို့ စိတ်ထဲက ကြုံးဝါးရင်း တံတားပေါ် သူ စ.ဖြတ်တော့သည်။ သံလမ်းဆီမှ ရထားကြောင့် တုန်ခါမှုကလည်း တဖြည်းဖြည်း ပိုသိသာလို့လာသည်။
ခြေချော်သွားရင် အောက်ကရေထဲ ပြုတ်ကျသွားနိုင်သဖြင့် သတိနဲ့ တလှမ်းချင်းလှမ်းကာ တံတားအလယ်နား ရောက်ခါနီးမှာတော့ ပတ်ဝန်းကျင်တခုလုံး ဝင်းခနဲ ဆလိုက်မီးထိုးကျလာသည်။ ဟာခနဲ သူ လှည့်အကြည့် “ဘော်…ပူ…” ဆိုသည့် ရထားဥဩသံကြီး ထပ်မံ ကြားလိုက်ရရာ လိပ်ပြာလွင့်မတတ် သူ လန့်ဖျန့်ကာသွား၏။ အငွေ့ပျံပြီးပျောက်သွားလောက်အောင် ထူပူနေစဉ် မသိစိတ်တနေရာမှ ပြေးဟ.. ပြေး ပြေး ဟု သတိပေးသံကြောင့် တံတားတဖက်စွန်းဆီ ပုဆိုး.မ.ကာ သူ ပြေးတော့သည်။
တံတားစွန်း မြေကြီးကိုရောက်တော့ အောက်မှာဘာရှိလည်း မကြည့်အား.. အားသကုန် ခုန်ထွက်လိုက်ခါ ရထားလမ်းနဲ့ဝေးရာသို့ သူ ဆက်ပြေးသည်။ စောင့်နေစဉ်က ပေါ်မလာသည့် ကိုရွှေရထားသည် ရှူး.. ရှဲ.. ဂျုန်း..ဂျိမ်းနှင့် သံစုံပေးကာ သူ့အနားမှ ဒေါသတကြီး ဖြတ်သွားပြီး အေလာဘူတာမှာ ဝင်ရပ်လေသည်။ ငါ လုပ်လိုက်နိုင်ပြီဟူသည့် ကျေနပ်စိတ်တစ်ဝက်၊ ပန်းဝင်ခါနီးမှ ရထားကပ်ကျော်တာ ခံလိုက်ရသဖြင့် ခံပြင်းစိတ်တစ်ဝက်ဖြင့် ဘူတာထဲသို့ သူရောက်စဉ်ခဏမှာ ရထားကြီး ပြာတီးပြာယာ ခရီးဆက်သွား၏။
“ဟဲ့ ကောင်လေး၊ ချွေးတွေ သံတွေနဲ့ တစ်ယောက်တည်း ဘာထိုင်လုပ်..?” ဘူတာရုံလေးထဲမှာ အထိတ်အလန့်ပြေ၊ အမောပြေ ထိုင်နေစဉ် ပုခုံးပုတ်ခါ နှုတ်ဆက်တာ ခံလိုက်ရသည်။
“ဟာ အစ်မ၊ ကျွန်တော်..ဟို.. ဟို..” အလုပ်ထဲမှ သူ့ သူငယ်ချင်းတစ်သိုက်နှင့်အတူ သူ့အာစရိကတော်ကို တွေ့ရ၏။ သူ ဘာဖြေလိုက်ရမလဲ ဖြစ်နေစဉ်..
“မေးမနေပါနဲ့ အစ်မရယ်.. သူ့ ပင်းတယ ဂျူးမြစ်ဆီက ပြန်လာတာနေမှာပေါ့.” သူငယ်ချင်းတစ်ယောက်က ဝင်ပြောလာသည်။
“ဟေ့ရောင့် ကရင်၊ တော်တော်..။ ကျွန်တော် ပျဉ်းမနားက သူငယ်ချင်းနဲ့တွေ့ပြီး ပြန်လာတာ အစ်မ အဟဲ.. .. ဒါနဲ့ အစ်မက ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“နင့် အစ်ကို ရန်ကုန်သွားမှာ ရထားလိုက်ပို့တာလေ.. ၊ မတွေ့ဘူးလား အပေါ်မှာ..”
“ဟုတ်လား..။ ထိုင်ခုံမဲ့တွေနဲ့ ရထားကကြပ်၊ အတက် အဆင်းလူတွေ ရုတ်ရုတ်သဲသဲဆိုတော့ မတွေ့လိုက်မိဘူးဗျ”.. မင်သေသေနဲ့ သူ ဖြီးလိုက်သည်။
“အေး နင့်ပုံ ဖရိုဖရဲ ကြည့်တာနဲ့သိပါတယ်။ အင်း ဒီလောက် ဒုက္ခခံပုံထောက် သွားတွေ့တဲ့သူငယ်ချင်းက ရိုးမှရိုးရဲ့လားဟယ်..”
“ဟာဗျာ.. အစ်မကလည်း… အဟီး..”
“မေးမနေနဲ့ အစ်မရေ၊ ဒီကောင်က သူငယ်ချင်း သူငယ်ချင်းလို့ပြောပြီး ပျဉ်းမနားကို နှာခေါင်းနဲ့ သွားနေတာဗျ ဟား.. ဟား.. ဟား..”
“ခစ်..ခစ်..ခစ်”
ကရင်ရဲ့ နောက်လိုက်တဲ့စကားကို သူ ပြန်မချေပတော့ပါ..။ ဆူးခြစ်ရာတွေက စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ ခြေထောက်တွေကို မသိမသာပွတ်ရင်း ခေါင်းငုံ့လျက် ပြုံးလို့သာနေလိုက်တော့သည်။
ပြီးခဲ့သော နာရီပိုင်းလောက်က ကော့ပျံကာ ခြေထောက်နဲ့ တင်းကြပ်နေခဲ့သော မြစံပယ်တံဆိပ် သားရေဖိနပ်ကလေးခမျာ.. သဲကြိုးမှာလျော့ရဲ.. ဦးကလည်းဖွာ.. ခါးလယ်ကလည်း ကျိုးနေပါပကောလား..။
+++ +++ +++ +++
17 comments
မင်းနန္ဓာ
November 26, 2012 at 1:22 pm
အပိုင်း (၃) ဇာတ်သိမ်း တင်လိုက်ပါပြီ.. အားပေးကြပါအုံး..
ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်.. ကွန်မင့် လိုလို့ဝဲပါတယ်.. (ခရက်ဒစ်တူ ဦးခင်ခ)
…
ကွန်မင့်အသား ချိုလားခါးလား သိရအောင် မန့်ပေးကြပါအုံးနော.. :528:
မိုချို
November 26, 2012 at 2:14 pm
တော်သေးတာ ပေါ့ ၊ အပြေး မြန် ပေလို့သာ ရှင် မွေး လွန်း ရဲ့ ချစ်ချစ် မင်း နန္ဒာ အဖြစ်နဲ့ဒီ အချိန် မှာ စာတွေ ရေးနေ နိုင် တာ ပေါ့ နော်။ အသည်း ထိတ် စရာပဲ။
နေပြည်တော် ရထား တွေ စီး တုန်း က တံတားတွေ ပေါ် ဖြတ်တဲ့ အချိန် ၊ ဟိုဘက် ခြမ်း တံတား ပေါ် လူတွေ လျောက်နေတာ တွေ့ တော့ သူတို့ ဖြတ်နေတုန်း ရထား လာရင် ဘယ် လို များ လုပ်ကြ မလဲ လို့ တွေး ပူ ဖူးတယ်။
မင်းနန္ဓာ
November 26, 2012 at 4:11 pm
ဘယ်ရမတုန်းဗျ.. တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့မလဲ.. ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာ.. ချစ် နှစ်ပတ်လည်တောင် ခြောက်ခါ ကြုံပြီးလို့ ရှင်မွေးလွန်းဘွဲ့ ပေးထားလိုက်ပြီ.. ဟီ
kyeemite
November 26, 2012 at 3:28 pm
တော်တော်အားထုတ်ပီး စိတ်ရှည်ရှည်ရေးထားတာပဲ…
ငယ်ငယ်က ရထားလမ်းပေါ် မကြာခဏလျှောက်ခဲ့ဖူးပါတယ်
တော်တော်ဂွကျသဗျို့…ဇလီဖားတုံးတွေက အကွာအဝေးမညီတော့
ကြာကြာလျှောက်ရင် ခလုတ်တိုက်တာပဲဗျို့…
ကျနော့ အထင်တော့ “ဘဝ” ဆိုတာ…ရထားလမ်းပေါ်လမ်းလျှောက်နေရသလိုပါပဲဗျာ…
ခင်တဲ့.. :kwi:
မင်းနန္ဓာ
November 26, 2012 at 8:12 pm
ဟုတ်ပါတယ် ဦးကြီးမိုက်ရေ.
“ဘဝ“ ဆိုတာ မလွယ်ကူတဲ့သူတွေအတွက်တော့ အစိတ်အကျဲမညီတဲ့ ဇလီဖားတုံးတွေပေါါ် လျှောက်သလို ခလုတ်တိုက်လိုက် လဲကျလိုက် ပြန်ထလိုက်နဲ့ ….
ကွန်မင့်လေးအတွက် ကျေးဇူးပါ
အလင်းဆက်
November 26, 2012 at 7:39 pm
ဟုတ်တယ်နော် ။
ဝေဝေဆာဆာ ဖော်ပြသွားတာလေး…။
အားကျတယ်ဗျို ့ .။
candle .
November 26, 2012 at 7:56 pm
သဲထိတ်ရင်ဖိုပါလား ….
တော်သေးရဲ ့ အပြေးတော်လို ့သာဘဲ
ပိုစ့်ကို ခုမှ အစ အဆုံး အာ:ပေးလိုက်တာ….
ကြည့်ရတာ ရှင်မွေးလွန်းက ဇွဲဆုပေးခဲ့တာဘဲဖြစ်မယ်….
မောင်ပေ
November 26, 2012 at 8:30 pm
ဟဲဟဲ အခုမှပဲ ရှင်းတော့တယ်
ရည်းစားဟောင်းအကြောင်းများလားလို ့
ဘယ်ဟုတ်မလဲ… ဂီယာကြီး နံပါတ်၁ အကြောင်း ကို စုံစေ့အောင် ရေးပြထားတာကိုး
မင်းနန္ဓာ
November 26, 2012 at 8:57 pm
@အလင်းဆက်
ညီရေ.. ရသပိုင်းအရေးအသားမှာ အလင်းဆက်ရဲ့ အဖွဲ့အနွဲ့တွေကို မှီအောင် မလိုက်နိုင်ပါဘူးကါွ..
@candle ရေ
ဇွဲဆုမဟုတ်ဘူးဗျ.. လူမရောက်တော့ တစ်ပတ်တစ်စောင်စာရေး.. နီးတော့အိမ်လာတွေ့နဲ့ နောက်တော့ သူ့ ဘယ်သူမှ ကပ်တော့ဝူးတဲ့ဗျာ.. အဲဒါနဲ့ စိတ်ဒုံးဒုံးချပြီး ကျုပ်နဲ့ ပေါင်းခဲ့တာတဲ့ဗျ.. :528:
@ဗျို့… ကပေ
ဂီယာအသေးလေးတွေ အကြောင်းရေးရင်ကော အားပေးမှာလား .. 😆
pooch
November 26, 2012 at 10:20 pm
အစအဆုံးဖတ်လိုက်ရတော့ ပိုဖတ်လို့ကောင်းတယ် ။ အရင်က ဖတ်ဖူးတာ မေ့တေ့တေ့ဖြစ်နေလို့ ။
မိန်းမကြိုက်တော့ မျှော်လိုက်တာ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ ဆိုတဲ့ရှေးစကားလေး လိုပဲ ပေါ့။
ဒါမျိူးကမှ စာဖွဲ့နိုင်လောက်တဲ့ အချစ်။ နောက်ဆုံးမှာ ဝရိယအကျိုး ခံစားလိုက်ရတာပေါ့လေ။ ပျော်စရာတော့ အကောင်းသား ။ သူချစ်ကိုယ်ချစ် စုံဖက်ရတဲ့ အခါ ဘယ်အချိန်တွေးတွေး အားလုံးက သတိရစရာ အမှတ်ရစရာတွေနဲ့ ပြည့်လျှံနေတော့တာပဲ။
အစကနေ အဆုံး ဖွဲ့ထားတဲ့ အဖွဲ့ရော အဖွင့်ရော အပိတ်ရော သဘောကျတယ်။ ဝတ္ထုတိုတောင် ဝင်ပြိုင်လို့ရမယ်ထင်။ ပို့ကြည့်ပါလား။
မင်းနန္ဓာ
November 27, 2012 at 11:25 am
TT Pooch
ဂယ်ပြောတာလားဟင်.. ပြိုင်ပွဲတောင် ဝင်လို့ရလောက်တယ်ဆိုတာ.. ဟိ
ခုချိန်မှာ.. အားလုံးက သတိရစရာ အမှတ်ရစရာ ပျော်စရာတွေဖြစ်ပေမယ်..
ဟိုးတချိန်တုန်းကတော့ အီစလံဝေအောင် ခံစားခဲ့ရတာပါဗျာ
Crystalline
November 27, 2012 at 1:46 pm
ပထမပိုင်းရေးတင်တာ အတော်ကြာလှပေါ့.. အခုမှအစအဆုံးပြန်ဖတ်သွားတယ်။ ကိုရွာစားကျော်က စာရေးကောင်းတယ်။ အတိတ်ကို ပြန်တူးဆွပြီးပြီ ဆိုတော့ နောက်တခါ သားတော်မောင် ဖိုးတတ် အကြောင်းလည်း ရေးပါအုံး..
မင်းနန္ဓာ
November 27, 2012 at 6:00 pm
သားအကြောင်းဖွဲ့ဖို့ စဉ်းစားထားတာတွေလည်း ရှိတယ်..
မောင်ဖိုးတတ်အကြောင်းတော့ စာဖွဲ့လို့ ကုန်မှာဟုတ်ပါဘူးဗျာ
ကိုယ့်ကို စာရေးကောင်းတယ်ပြောဖော်ရတော့ ရေးရကျိုးနပ်တယ် ပျော်သွားပါတယ်ဗျ
Novy
November 27, 2012 at 3:24 pm
နောက်ဆုံးတော့လည်း ပင်ပန်းခံရကြိုးနပ်သွားတယ်မဟုတ်လား
ရွာစားကျော်ရေ…
Mr. MarGa
December 2, 2012 at 3:04 pm
ဂျူးမြစ်
အင်းးးးးးးးးးးး အဲဒီနာမည်လေးဖတ်မိတော့ ဦးမာဃ လွမ်းစရာလေးတွေ ထွက်လာတယ်ဗျာ
ဦးမာဃရဲ့ တိတ်တခိုး စွဲလမ်းသူလေးပေါ့လေ
မင်းနန္ဓာ
December 2, 2012 at 3:46 pm
@မနိုရေ
ခုချိန်မှာတော့ လက်ဖက်ကောင်းလေး မြုံ့နေတဲ့ အချိန်ပေါ့ဗျာ.. 🙂
@ဦးမာဃရေ
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါဗျာ.. သုစိတာတို့ လေးယောက်အပြင် တိတ်တခိုးလေးက တစ်ယောက်ရှိသေးသပေါ့ ..ေွိ ေွိ
Mr. MarGa
December 2, 2012 at 3:57 pm
တစ်ယောက်မကဘူးကွယ့်
အင်းးးးးးးးးးးးးးးပြောတော့ပါဘူးလေ
တော်ကြာ နတ်ပြည်က ဟိုလေးယောက်က ပြဿနာ ရှာနေမှာစိုးလို့