“မျက်နှာစုံညီ ယုံကြည်သလောက်ဆွေးနွေး သွေးအေးအေးရင်ဆိုင်”(EPISODE 16)
ပထမစာအုပ် “ရွက်ကြွေတော” ထွက်အပြီးမှာ တော်တော်များများ လူတွေမေးလေ့ရှိကြတာကတော့ “အိမ်ကလူတွေက ဘာပြောသလဲ။ သူတို့နဲ့ အဆက်အသွယ်ရော ရှိသေးရဲ့လား။” တဲ့။ အဲဒီစာအုပ်ထွက်ဖို့က တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဘယ်သူကမှ ထုတ်မပေးချင်ကြဘူး။ နောက်ဆုံးတော့ လန်ဒန်က နံမယ်ကြီးထုတ်ဝေသူအယ်ဒီတာ ဆူဇန်ဝပ် လက်ထဲ ရောက်သွားတယ်။ “ဇာတ်အိမ်ကိုတော့ ကြိုက်ပါတယ်။ ဒါပေမယ့် ကျစ်ကျစ်လစ်လစ်မရှိဘူး။ ရှည်လွန်းတယ်။ စာလုံးရေ တစ်သိန်းလောက်နဲ့ ဝင်အောင် ပြန်တည်းဖြတ်လိုက်ဦး။” လို့ ပြောပြီး လက်ရေးစာမူကို ပြန်အပ်တယ်။ “ဒီစာအုပ်ကို ရေးရတာ မင်းအတွက် ဘယ်လောက် သတ္တိမွေးရမလဲဆိုတာ သိပါတယ်။ မင်းအိမ်ကလူတွေကတော့ ပျော်နိုင်မယ် မထင်ဘူး။ အဲဒါရော တွေးထားရဲ့လား။” တဲ့။ တစ်နှစ်လောက်ကြာအောင် ဖြတ်တောက်ပြုပြင်ပြီးတဲ့နောက်မှာတော့ ထုတ်ဝေသူ လက်ခံနိုင်တဲ့အဆင့်ရောက်သွားတယ်။ ဒါတောင် ပြင်လိုက်တာ ပြင်လိုက်တာမှ ထပ်ထပ်ကြမ်းနေတာပဲ။ သူပြောတာလည်း အမှန်ပါပဲ။ မူရင်းလက်ရေးစာမူက ရှည်လွန်းတဲ့အပြင် အဲဒီအတိုင်းသာ ထုတ်လိုက်လို့ကတော့ ဆွေခန်းမျိုးခန်းတွေ ပြတ်ကုန်ကြတော့မှာပဲ။ မှန်တာပြောတိုင်း လက်မခံနိုင်တဲ့အထဲမှာ တရုတ်မိသားစုတွေ ရှေ့ဆုံးက ပါတာပေါ့။ ကိုယ့်အထုပ်ကိုယ်ဖြေတာပေမယ့် ကိုယ်နဲ့အတူ ဒီအထုပ်ထဲမှာ ပါနေတဲ့သူတွေကျတော့ အလကားနေရင်း မျက်နှာအထားရခက်တယ်လေ။
နောက်ဆုံးတော့ ၁၉၉ရ မှာ လန်ဒန်ကနေ စာအုပ်အဖြစ်ထွက်လာပါတယ်။ သည်ကနေ့ထိတိုင်အောင်ပဲ ကိုကိုလေးဂျိမ်းစ်ဆီကို ဖုန်းဆက်ချင်တဲ့စိတ်က တားမရဘူး။ ဘာမှတော့ အရေးတကြီး ပြောစရာ စကား မရှိပါဘူး။ ငယ်ငယ်တုန်းက ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ ပြန်တွေးတိုင်း သတိရမိတာ တစ်ခုတည်းကြောင့်ပါ။ စိတ်အလျဉ်ဆိုတာက သစ်ရွက်ကြွေ လေမှာမျောသလို ရှန်ဟိုင်းအိမ်က ဆောင်းတွင်းနေ့လည် တတိုင်းမွှေးပင်ကြီးအောက်ကို ရောက်သွားလိုက်၊ ဂျင်းနံ့ ရှာလကာရည်နံ့သင်းသင်းနဲ့ ရှန်ဟိုင်းဂဏန်းလက်မတွေကို တမ်းတလိုက်၊ လမ်းပေါ်မှာလာရောင်းတဲ့ နောင်နောင်သည်တွေရဲ့ အသံဝါဝါကြီး ကြားယောင်လိုက်နဲ့ဆို မနေနိုင်တော့ဘူး။ “ဂျိမ်းစ်ရေ။ နှစ်ကူးတုန်းက ဒေါ်လေးငယ် ဝယ်လာတဲ့ ကန်စွန်းဥပြုတ် ပူပူလေးတွေကို မှတ်မိသေးလား။ ဂျော်ဖာလမ်းက ဒယ်အိုးပူပူနဲ့လှော်ထားတဲ့ သစ်အယ်စေ့ မွှေးမွှေးလေးတွေရောပဲ။” လို့ မေးချင်လိုက်တာ။
မကြာသေးခင်က ဟောင်ကောင်မှာ အန်ကယ်ဟွေးနဲ့ စကားစပ်မိတော့ သူ့ကို သတိရကြောင်း ပြောမိပါသေးတယ်။
“စိတ်ထဲထားမနေနဲ့တော့။ သူ နင့်ကို ဘယ်တော့မှ ပြန်ခေါ်မှာ မဟုတ်ဘူး။ နင် ရေးချင်တာတွေလည်း ရေးပြီးမှပဲ။”
“ဟင်။ သူများက မဟုတ်တာတွေ ရေးနေလို့လား။”
“အေးလေ။ ဟုတ်တာတွေမို့ ခက်နေတာပေါ့။ ကိုယ့်အိမ်တွင်းရေးတွေ လူတကာသိကုန်တော့ မျက်နှာဘယ်နား သွားထားမတုန်း။ အမှန်တရားတွေပါဆိုပြီး ကိုယ့်မိဘအကြောင်းကိုယ်ထုတ်ရေးတဲ့ တရုတ်လူမျိုး နင် ဘယ်နှစ်ယောက် မြင်ဖူးသလဲ။ ငါတို့ယဉ်ကျေးမှုမှာ မျက်နှာဆိုတာ ဘယ်လောက်အရေးကြီးသလဲ နင် မသိဘူးလား။ နင်ရေးတဲ့စာဟာ နင့်မိသားစုဘက်ကကြည့်ရင် မျက်နှာမထောက်မထား၊ မခန့်လေးစား ပြုရာရောက်တယ်။ ကြားဖူးမလားတော့ မသိဘူး။ ဟုန်မင်တံခါးက ထမင်းစားပွဲအကြောင်းလေ။ “Hong Men Yan” (The Banquet at Wild Goose Gate) တဲ့။ တရုတ်ပြည်မကြီးရဲ့ သမိုင်းကြောင်းတစ်ခုလုံးဟာ အဲဒီမျက်နှာဆိုတဲ့ကိစ္စတစ်ခုအတွက် အဲသလောက်ပြောင်းလဲသွားရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ နှစ်ပေါင်း ၂၀၀ဝ ကျော် ကြာလာတဲ့ သည်ကနေ့အထိလည်း မျက်နှာဆိုတာ အရေးပါနေတုန်းပဲဆိုတာ သိအောင် ပြောပြရသေးတာပေါ့။ …”
ဘီစီ ၂၀၆ ခု တုန်းက လျူဘန် နဲ့ ရှန်းယုဟာ ရှန်းယန်မြို့အပြင် ဟုန်မင်တံခါးထိပ်မှာ ဆုံကြသတဲ့။ ရှန်းယုမှာ စစ်သည်လေးသိန်းအင်အားရှိပြီး လျူဘန်မှာတော့ စစ်သည်တစ်သိန်းနောက်လိုက်ပါတယ်။ လျူဘန်က ရှန်းယုရဲ့တပ်တွေကို ဟန်ကူတံခါးက ဝင်ခွင့်မပေးခဲ့တဲ့အတွက် အခြေအနေတွေက အရမ်းတင်းမာနေပြီး ရှန်းယုဘက်က လျူဘန့်ကို အပြီးတိုင်ချေမှုန်းဖို့ အတိုင်ပင်ခံ အကြံပေး ဖန်ဘိုးဘိုးနဲ့အတူ အရေးပေါ် အစည်းအဝေးကျင်းပကြတယ်။ နောက်တနေ့မနက် မိုးသောက်တာနဲ့ တစ်စစီဖြစ်အောင် နင်းခြေပစ်မတဲ့။ အားလုံး စစ်သွေးတွေကြွနေတဲ့ ရှန်းယုရဲ့တပ်ထဲမှာ မျက်နှာပူနေမိသူ တစ်ယောက်ကတော့ ရှန်းယုရဲ့ ဦးလေးအငယ်ဆုံး ရှန်းဘိုတဲ့။ လျူဘန်တို့ဘက်မှာ သူ့အတွက် ထောက်ထားစရာ မျက်နှာတစ်ခု ရှိနေတယ်။ သူငယ်ငယ်တုန်းက လူသတ်မှုတစ်ခုနဲ့ ချင်စစ်တပ်တွေလက်ကလွတ်အောင် ပုန်းရှောင်နေရတဲ့အခါ လျူဘန်ရဲ့ ဗျူဟာအကြံပေး ဆန်းလျန်က သူ့အသက်အန္တရာယ်ကိုတောင် မငဲ့ကွက်ပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့ဖူးတယ်။ အချိန်အတန်ကြာ အတူနေခဲ့ဖူးတာမို့ သံယောဇဉ်လည်း ရှိကြတယ်။
ဒါကြောင့် ရှန်းဘိုဟာ အစည်းအဝေးပြီးတာနဲ့ မြင်းကိုဒုန်းစိုင်းပြီး ညကြီးမင်းကြီး လျူဘန်တို့ တပ်ထဲကို အရောက်လာပြီး ဆန်းလျန်နဲ့ ဝင်တွေ့တယ်။ နောင်ကို အချင်းချင်း မျက်နှာပျက်စရာ မဖြစ်ရလေအောင် သူပြောတဲ့စကားကို သေသေချာချာ နားထောင်ပါတဲ့။ နက်ဖြန်မနက်ကျရင် သည်မှာ သွေးချောင်းစီးတဲ့ တိုက်ပွဲကြီး ဖြစ်တော့မှာ သေချာလို့ အခုပဲ သူနဲ့အတူ လိုက်ခဲ့ပါတော့ လို့ ဆိုတယ်။ ဆန်းလျန်ကတော့ သူဟာ သူ့သခင်ရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လျက်နဲ့ အခုလို သေရေးရှင်ရေးမှာ ကိုယ်လွတ်ရုန်းမသွားချင်တဲ့အတွက် အကျိုးအကြောင်းပြောပြပြီး သူ့သဘောကို သိချင်ပါသေးတယ်။ ဒီနေရာက ခဏစောင့်ပါလို့ ခိုင်းပြီး လျူဘန့်တဲထဲဝင်သွားသတဲ့။ ဆန်းလျန်ဆီကစကားကို ကြားလိုက်ရတဲ့အခါ လျူဘန်လည်း တော်တော် တုန်လှုပ်သွားပြီး “ငါတော့ သူများစကားကို နားယောင်ပြီး ရှန်းယုကို ဝင်ခွင့်မပေးလိုက်တာ မှားပြီ။ ငါတို့ချင်းထားခဲ့တဲ့ ကတိစကားကို သူမမေ့လောက်သေးဘူး အောင့်မေ့မိတာကိုး။ ဘယ်သူမဆို ရှန်းယန်ကို အရင်သိမ်းနိုင်တဲ့သူက ဂိတ်တံခါးအကြားကနယ်မြေကို အပိုင်စားရမယ်ဆို။ ခုတော့ ဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ဘယ့်နှယ်လုပ်ရပါ့။” လို့ ပြောသတဲ့။
“အရှင့်တပ်အင်အားနဲ့ ရှန်းယန်ကို မယှဉ်နိုင်လောက်ဘူးလား။”
“ဘယ့်နှယ်ပြောပါလိမ့်ကွယ်။ ယှဉ်နိုင်မှတော့ ဒီအတိုင်းဘယ်နေပါ့မလဲ။”
“ဒါဆိုလည်း အရှင်ကိုယ်တိုင် ရှန်းဘိုနဲ့ တွေ့ပြီး တူတော်မောင် ရှန်းယုကို အာခံ ရန်ပြုရန် ရည်ရွယ်ချက် မရှိကြောင်း ရှင်းပြပါလေ။ ဟန်ကူတံခါးကို ဖွင့်မပေးရခြင်းကိုတော့ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးနိုင်မှ ရပါလိမ့်မယ်။ အဲဒါ သူတို့ကို အနာပေါ်တုတ်ကျသလို ခံရခက်စေတာကိုး။”
“မင်းနဲ့ ရှန်းဘိုနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ။ တော်တော် ရင်းနှီးသလား။”
“ကြာတာတော့ တော်တော်ကို ကြာပါပြီ။ ဒါပေမယ့် ကျွန်တော်မျိုးကြီး သူ့အကြောင်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်နဲ့ ပတ်သက်လာရင် ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး။ ချင်ဧကရာဇ်ကို လုပ်ကြံပြီး မအောင်မြင်လို့ ထွက်ပြေးတိမ်းရှောင်နေခိုက်မှာ သူလည်းပဲ ရာဇဝတ်မှုတစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်နေရင်း ကျွန်တော်မျိုးကြီးနဲ့အတူ အချိန်ကြာကြာ ရင်းနှီးခဲ့ဖူးပါတယ်။ ဒါကြောင့် ခုလိုအချိန်မှာ ဒီနေရာအထိ အရောက်လာပြီး အရေးကြီးတဲ့စကားကို ပါးတာပါ။”
“မင်းတို့နှစ်ယောက် ဘယ်သူက ကြီးသလဲ။”
“သူက နည်းနည်းကြီးပါတယ်။ ဘာဖြစ်လို့လဲ။”
“မင်းအကိုဆိုရင် ငါ့အတွက်လည်း အကိုပဲ ဖြစ်ရစေ့မှာပေါ့။ သူ့ကို တဲနန်းထဲ ဖိတ်လိုက်ပါ။ ဧည့်ဝတ်မကျေရာကျနေပါဦးမယ်။”
လျူဘန်ဟာ ရှန်းဘိုကို ကျိုးနွံပျူငှာစွာ ဖိတ်ခေါ်ပြီး အကောင်းဆုံးအရက်သေစာ ဟင်းလျာများနဲ့ လိုလေသေးမရှိ ဧည့်ခံပါသတဲ့။ ဆတ်ချိုနုအရက်များကို ပြောင်ချိုခွက်နဲ့တိုက်ပါသတဲ့။ ရှန်းဘိုကြီး ကျန်းမာပါစေကြောင်း ဆုတောင်းပြီး ကမ်းပေ့ ကမ်းပေ့ လုပ်တာလည်း ခဏခဏတဲ့။ အရက်သမားများဟာ အရက်ကောင်းကောင်း အတူတူ သောက်ကြပြီဆိုရင် သူတို့လောက် ရင်းနှီးခင်မင် သွားကြတာ မရှိပါဘူး။ အာသွက်ခယံဖြစ်လာတဲ့အခါ အချင်းချင်း သားပေးသမီးယူများတောင် ကတိကဝတ် ထားကြလေသတဲ့။ ရေချိန်ကိုက်လောက်တဲ့အချိန်ကျမှ လျူဘန်က
“ဒီဟန်ကူနယ်တံခါးဝကို ဝင်လာချိန်ကစလို့ သူတပါးပိုင် ပစ္စည်းဥစ္စာတွေနဲ့ ပတ်သက်လာရင် လက်ဖျားနဲ့ တို့ဖို့ဝေးလို့ မျက်စောင်းနဲ့တောင်ထိုးပြီး မကြည့်မိအောင် စောင့်ထိန်းခဲ့ပါတယ်။ နန်းတော်ကို သိမ်းပိုက်တဲ့အချိန်မှာ အဖိုးတန် ရွှေငွေရတနာများ သိုထားမကုန်ရှိခဲ့တာကိုလည်း စာရင်းဇယားအတိအကျနဲ့ ထိန်းသိမ်းထားလျက်ရှိတယ်။ အဲဒါတွေအားလုံးဟာ အသင်စစ်သူကြီးရဲ့ တူတော်မောင်အလာကို စောင့်နေဆဲပါပဲ။ အဲဒီများပြားလှတဲ့ ရတနာပစ္စည်းတွေကို သူခိုးသူဝှက်ရန်က ကာကွယ်နိုင်ဖို့အတွက် ဟန်ကူတံခါးကို လုံခြုံရေးတင်းကြပ်စွာ ပိတ်ပင်ထားရခြင်းဖြစ်ပါတယ်။ ကျွင်္နုပ်ဘက်မှ သစ္စာပျက်ယွင်းစရာ အကြောင်းတစုံတရာ မရှိပါ။ စစ်သူကြီးမင်း ပြန်သွားသောအခါ တူတော်မောင်ကို ကျွင်္နုပ်တို့ဘက်မှ ပကတိ အခြေအနေမှန်များကို နားဝင်အောင် ရှင်းပြပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။” တဲ့။
“ဒါဆိုလည်း နက်ဖြန်နံနက် မိုးသောက်တဲ့အခါ ရှန်းယုထံ ကိုယ်တိုင်လာလို့ တောင်းပန်ပါလေ။” လို့ အကြံပေးသတဲ့။ သူ့တပ်ထဲသူပြန်ရောက်လို့ ရှန်းယုဆီမှာ ဖြစ်ကြောင်းကုန်စင် သံတော်ဦးတင်တဲ့အခါ ရှန်းယုမျက်နှာမှာ ဇဝေဇဝါဖြစ်သွားတဲ့အခိုက်ကလေးကို အခွင့်ကောင်းယူပြီး “တကယ်လို့သာ လျူဘန်က ရှန်းယန်ကို ငြိမ်သက်အောင် အုပ်စီးမထားနိုင်ခဲ့ရင် ငါတို့တပ်တွေလည်း ဒီနေရာအထိ အခုအခံမရှိ အလွယ်တကူ ရောက်လာစရာ အကြောင်း မရှိဘူး။ သူလည်း သူ့တာဝန်သူကျေအောင်ထမ်းတာကို စစ်ပြိုင်ရန်ပြုနေရင် ကိုယ့်အဆိုးဖြစ်နေမယ်။ ရည်ရွယ်ချက် ဦးတည်ချက်ချင်းလည်း တူနေမှတော့ မိတ်ဆွေအဖြစ် ဆက်ဆံတာ မမှားပါဘူး။” လို့ အုန်းကျွန်းနဲ့ ချော့သိပ်လိုက်သေးသတဲ့။
လျူဘန်ကတော့ အဲဒီည တစ်ညလုံး ဘယ်အိပ်ပျော်နိုင်ပါ့မလဲ။ အထောက်တော်တွေလွှတ်လို့ ရှန်းယုတို့တပ်ဘက်က အရိပ်အကဲကို မပြတ် အကဲခတ်နေစေသတဲ့။ အားလုံး အခြေအနေမပျက် အေးအေးဆေးဆေးရှိတာ သေချာတော့မှ သူကိုယ်တိုင် စစ်ရထားပြင်ပြီး စစ်ဘက်အကြံပေးဆန်းလျန် နဲ့ သက်တော်စောင့်ဖန်ကွေ့ကိုခေါ်ပြီး မြင်းသည်တော် တစ်ရာနဲ့အတူ ရှန်းယုတို့တပ်ကို ဟန်ကလေးနဲ့ ချီလာသတဲ့။ သေမင်းခံတွင်းထဲကို ဝင်ရတာမှန်းတော့ သဘောမပေါက်တဲ့သူ တစ်ယောက်မှ မပါပါဘူး။ ဒါပေသိ မရဲသော်လည်း ပြေးခဲစေ မဟုတ်လား။ တဲနန်းထဲမှာ မျက်နှာချင်းဆိုင် တွေ့ကြတာနဲ့ တပြိုင်နက် လျူဘန်ကပဲ ရှန်းယုအပေါ် တောင်းပန်စကားဆိုပါတယ်။
“မနှစ်ကတုန်းက ရှန်းစစ်သူကြီးနဲ့ ကျွင်္နုပ် ချင်စစ်သည်တွေကို အတူတူ တိုက်ခိုက်ကြတာ မှတ်မိပါသေးရဲ့ဗျာ။ စစ်သူကြီးမင်းက မြောက်ဘက်စစ်မျက်နှာမှာ မြစ်ဝါမြစ်ကို သိမ်းဖို့ထွက်၊ ကျွင်္နုပ်ကလည်း တောင်ဘက်စစ်မျက်နှာကို တာဝန်အရစေလွှတ်ခံရတာနဲ့ ကွဲကွာသွားလိုက်တာ။ ကိုယ်ကအရင် ရှန်းယန်ကို ရောက်နှင့်ပြီး စစ်သူကြီးမင်းကို ခရီးဦးကြိုဆိုခွင့်ရလိမ့်မယ် လို့ အိပ်မက်တောင် မမက်မိပေါင်ဗျာ။ ဒါထက် ကျန်းခန့်သာလို့ မာရဲ့နော်။ မတွေ့တာ ကြာမှကိုး။ မလိုသူတွေ သွေးထိုးစကားနဲ့ စိမ်းကားမသွားလောက်ဘူးလို့တော့ မျှော်လင့်လျှက်ပါဗျား။”
“သွေးထိုးစကားဆိုတာ တခြားလူက ပြောတာမှ မဟုတ်တာဗျာ။ ခင်ဗျားတပ်ထဲက အရာရှိ ကောလူကြီးမင်းဆီကပဲ ကျုပ်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာပါ။ နို့မို့ဖြင့် အလကားနေရင်း စိတ်ဆိုးပါ့မလား။ ခုတော့ ဦးရီးတော် ရှန်းဘို ပြောပြလို့ အထင်အမြင်လွဲကြရတယ် လို့ သိပြီးပါပြီ။ ဒီလိုဆိုတော့ ကျုပ်ကပဲ ရောင်းရင်းကြီးကို ဂုဏ်ပြုနေ့လည်စာနဲ့ တည်ခင်းဧည့်ခံဖို့ အသင့်ပြင်ထားပါသဗျ။ ကြွတော်မူပါ။”
ထမင်းဝိုင်းထိုင်ကြတဲ့အခါ ရှန်းယုတို့တူဝရီးက အရှေ့ဘက်လှည့်ထိုင်ပြီး ဆန်းလျန်နဲ့ မျက်နှာချင်းဆိုင်နေပါတယ်။ လျူဘန်က မြောက်ဘက်လှည့်ပြီး ဖန်ဘိုးဘိုးနဲ့ မျက်နှာချင်းဆိုင် ထိုင်သတဲ့။ အရက်ခွက်ကလေးတွေ မြှောက်ကာမြှောက်ကာနဲ့ သောက်ကြသော်ငြား ဘယ်သူကမှ ဘယ်သူ့ကို အလစ်မပေး အကဲခတ်လို့သာ နေသတဲ့။ ဖန်ဘိုးဘိုးခမျာ ရှန်းယုကို လက်ကုပ်ပြီး လျူဘန့်ကိုသတ်ဖို့ မျက်နှာရိပ် မျက်နှာကဲပြရတာ တစ်ဝိုင်းလုံးက သိကုန်သလောက် စစ်သူကြီးရှန်းယုကတော့ ဘာမှမသိသလို မျက်နှာထားကြီးနဲ့ စားကာသောက်ကာ ဣန္ဒြေမပျက်နေသတဲ့။ ဖန်ဘိုးဘိုးလည်း တော်တော်စိတ်တိုလာလို့ အပြင်ထွက်ပြီး ရှမ်းယုရဲ့ ဝမ်းကွဲညီ ရှန်းချွမ်ကို “မင့်အကိုကြီးတော့ လျူဘန့်ကို မသတ်ရက်ဘူးဖြစ်နေပြီ။ ခုချိန်မှာ သူကိုယ်တိုင်သတ်ဖို့ကလည်း သိပ်ကိုသိသာလွန်းနေတယ်။ မင်းအထဲကို ဝင်သွားပါ။ လျူဘန်ကို ကမ်းပေ့လုပ်ပြီး အရက်တစ်ခွက် အရင်သောက်လိုက်။ ပြီးရင် ဓားသိုင်းအကနဲ့ ဂုဏ်ပြုလိုပါတယ် လို့ ခွင့်တောင်း။ ကရင်းကရင်း လျူဘန့်အနားကို ကပ်နိုင်သမျှကပ်၊ အခွင့်သာတာနဲ့ လက်မနှေးစေနှင့်။ နို့မို့ရင် ငါတို့အားလုံး ဒီကောင့်လက်ခုပ်ထဲကရေ ဖြစ်ကုန်တော့မှာ မြင်ယောင်သေး။”
ရှန်းချွမ်လည်း ဘိုးဘိုးမှာ မှာတဲ့အတိုင်းလုပ်တာပါပဲ။ ဒါပေမယ့် ကိုယ့်မျက်နှာ တစ်ရွာမှတ်ပြီး လိုက်လာတဲ့ ဧည့်သည်ကို ကိုယ့်မျက်စိရှေ့မှာတင် သတ်တာကတော့ ရှန်းဘိုမျက်နှာကို အိုးမည်းသုတ်ရာကျတာပေါ့။ ဒါကြောင့် ရှန်းဘိုလည်း မနေသာတော့ပဲ သူ့တူနဲ့အတူ ဝင်ရောက်ကခုန်ပါလေတော့တယ်။ ဓါးချက်တွေ ဓါးချက်တွေဆိုတာ ဝင်းကနဲလက်ကနဲ လျူဘန့်အနားမှာ ဝဲလို့ချည့်နေသတဲ့။ (ရုပ်ရှင်ထဲမှာသာဆိုရင်တော့ ကြည့်လို့ကောင်းလိုက်မယ့်ဖြစ်ခြင်းဗျာ)။ ဇာတ်ရှိန်တက်လာတော့ အသည်းတယားတယားနဲ့ ဆက်မကြည့်နိုင်တော့တဲ့ ဆန်းလျန်ဟာ မျက်စိပျက်မျက်နှာပျက်နဲ့ တဲအပြင်ထွက်လာပြီး သက်တော်စောင့်ဖန်ကွေ့ကို ခေါ်သတဲ့။ ဖန်ကွေ့လည်း သိသိချင်း လက်နက်တွေကိုင်စွဲပြီး တဲနန်းထဲ ပြေးဝင်မလို့လုပ်တော့ အပေါက်စောင့်နှစ်ယောက်က လှံချင်းယှက်ပြီးတားတာကို ဗလအားကိုးနဲ့ ကိုယ်လုံးချင်းဝင်တိုက်လိုက်တာ လွင့်တောင်သွားသတဲ့။ အထဲက သူ့သခင်ကိုယ်ပေါ်မှာ မိုးနေတဲ့ ဓါးကွက်တွေ မြင်လိုက်တဲ့အခါမှာတော့ သူကိုယ်တိုင် လိပ်ပြာလွင့်မတတ် မျက်လုံးပြူးသွားပြီး ရှန်းယုကို စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်တာ တီးမှုတ်ကခုန်နေတဲ့သူတွေတောင် လန့်ဖျတ်ပြီး ရပ်သွားပါတယ်။ ဝုန်းကနဲထရပ်ပြီး ဓါးတဝက်ဆွဲထုတ်ထားတဲ့ ရှန်းယုက “ဒါ ဘယ်သူလဲ။ ဘယ်ကကောင်လဲ။” လို့ မေးလိုက်တဲ့အခါ နောက်ဘက် မလှမ်းမကမ်းမှာ ပါလာတဲ့ဆန်းလျန်က “လျူဘန်သခင်ရဲ့ သက်တော်စောင့် ဖန်ကွေ့ဖြစ်ပါတယ်။” လို့ ကမန်းကတမ်း မိတ်ဆက်ပေးလိုက်ရသတဲ့။ ဖန်ကွေ့ကပဲ မျက်နှာမြင်ချစ်ခင်ပါစေ ဆုတောင်းပြည့်လို့လား။ လျူဘန်က သူ့လို ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်း မြင်ရင် သဘောကျလို့လားတော့ မသိပါဘူး။ “ကျောက်ဆစ်ရုပ်အလား ယောကျင်္ားပီသလှပါပေတယ်။ သူ့ကို အရက်တစ်စည်လောက် တိုက်လိုက်ကြစမ်း။” လို့ ခိုင်းပါတယ်။ ဒူးတစ်ချက်ထောက် အရိုအသေပြုပြီးတာနဲ့ အရက်အိုးကို အသက်မရှူပဲ တဘရိတ်တည်း မော့ချလိုက်တဲ့အခါ “ဝက်သားကင်ကလေးလည်း ပေးဦးမှပေါ့” လို့ ရှန်းယုက ခိုင်းပြန်တာနဲ့ ဒိုင်းကိုပန်းကန် ဓါးကိုခက်ရင်းထားပြီး အားရပါးရ စားပြလိုက်တဲ့အခါ ဝမ်းသာအားရဖြစ်သွားပြီး “စစ်သည်တော်ကြီး အရက်ထပ်သောက်နိုင်သေးရဲ့လား။” လို့ မေးပါသတဲ့။
“အရှင့်ငယ်ကျွန်ဟာ အသက်ကိုတောင် ပဓါနမထားတာမို့ အရက်ကလေး တစ်အိုးနှစ်အိုးလောက်ကို စာမဖွဲ့ပါဘူး။ သို့သော်လည်း ကိုယ့်အသက်ကိုယ် မငဲ့ပဲ အရှင့်ကောင်းကျိုးလျှောက်တင် သတိပေးလိုပါတယ်။ ချင်အင်ပါယာအရှင် ဒုတိယမြောက်ဧကရာဇ်မင်းကို အရှင်ရော ကျွန်တော်မျိုးပါ ကြုံခဲ့ပြီးပါပြီ။ ကျားတစ်ယောင်လို ကြမ်းကြုတ်ပြီး ဝံပုလွေတစ်ကောင်လို အလိုရမက်ကြီးသူပီပီ လူပေါင်းများစွာကို မတင်းတိမ်နိုင်အောင် သတ်ဖြတ်စီရင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်မျိုးတို့အားလုံး စည်းစည်းလုံးလုံး တွန်းလှန်တိုက်ထုတ်ခဲ့ရပါတယ်။ အရှင်စစ်သူကြီးမင်းနှစ်ပါးအကြားမှာ ချူဘုရင်မင်းမြတ် ကတိကဝတ်ပြုခဲ့တဲ့ လက်ဦးသူ သိမ်းယူစတမ်း စိန်ခေါ်မှုကြီးကို မှတ်မိသေးပါရဲ့လား။ ကျွန်တော့်အရှင် လျူဘန်ဟာ ရှန်းယန်ကို အရင်သိမ်းပိုက်ထားသော်ငြား နန်းတော်ထဲက အပ်တိုတစ်ချောင်းတောင် လက်ဖျားနဲ့မတို့ ချိတ်ပိတ်သိမ်းဆည်းလျက် မြို့ပြင်ကထွက်ပြီး စောင့်နေတာဟာ အရှင့်ကို မဟုတ်ရင် ဘယ်သူ့ကို ဖြစ်ပါသလဲ။ အဖိုးတန်နန်းစဉ်ရတနာများကို မသမာသူ သူခိုးသူဝှက်လက် ပါမသွားရလေအောင် မြို့တံခါးကို အခိုင်အမာပိတ်ပြီး စောင့်ရှောက်ကာကွယ်နေတာကြောင့် အရှင်တို့အတွက် ဟန်ကူတံခါးကို အလွယ်တကူ ဖွင့်မပေးခဲ့တာသာ ဖြစ်ပါတယ်။ မလိုသူတွေ ခလောက်ဆန်တဲ့စကားကြောင့် အချင်းချင်း သွေးကွဲသတ်ဖြတ်ကုန်ရင် ချင်အင်ပါယာကျဆုံးသလိုပဲ ကျဆုံးပျက်စီးရပါလိမ့်မယ်။”
ဘာစကားမှ မပြောနိုင်ပဲ အသံတိတ်သွားတဲ့ ရှန်းယုဟာ မျက်နှာသေကြီးနဲ့ “ပြန်ထိုင်ကြ” လို့တော့ အော်လိုက်ပါတယ်။ ဒါပေမယ့် ထမင်းဝိုင်းကတော့ ပြန်အသက်ဝင်မလာတော့ပါဘူး။ ဆန်းလျန်နံဘေးမှာ ဝင်ထိုင်လိုက်တဲ့ဖန်ကွေ့ဟာ လျူဘန်က အိမ်သာသွားမယ်ပြင်တော့ လက်တို့ပြီး နောက်ကလိုက်သွားကြပါတယ်။ “ငါတော့ ပြန်မှဖြစ်တော့မယ်။ ဒါပေမယ့် ရှန်းယုတို့ကို နှုတ်မဆက်ရသေးဘူး။” ဆိုတော့ ဖန်ကွေ့က “ဆင်လိုက်ရာ ဝါကြီးဝါငယ် မရွေးသာ တဲ့။ ခုချိန်မှာ သူတို့က စဉ့်တီတုံးတွေ ဓါးတွေပမာရှိပြီး ကိုယ်ကတော့ သားစိမ်းငါးစိမ်းများပမာ လည်စင်းခံရမယ့်သဘောရှိတယ်။ အန္တရာယ်များလွန်းတယ်။ လောကဝတ်သက်သက်နဲ့တော့ နှုတ်ဆက်မနေပါနဲ့တော့။” လို့ ဖြောင်းဖျတယ်။ ဒါနဲ့လျူဘန်လည်း ဆန်းလျန်ကို “ငါ့ကိုယ်စား နှုတ်ဆက်စကားဆိုလိုက်ပါ။ တကယ်တော့ ငါလည်းသူတို့ကိုပေးစရာ လက်ဆောင်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ အခြေအနေမလှလို့ မင်းဆီကပဲ ပါးလိုက်ပါ၊” လို့ မှာခဲ့ပါတယ်။ မြန်နိုင်သမျှမြန်မြန် နဲ့ ဝေးနိုင်သမျှ ဝေးဝေးရောက်ဖို့ လျူဘန်ဟာ ရထားပြန်မပြင်တော့ပဲ မြင်းလွတ်တစ်စီးနဲ့ ဖြတ်လမ်းက ပြေးပါတော့တယ်။ ဖန်ကွေ့နဲ့ ကိုယ်ရံတော် တချို့ကတော့ နောက်နားက ကာပြီး ရံလိုက်ပေးရသတဲ့။ နောက်ကလိုက်မမီနိုင်လောက်အောင် ခရီးပေါက်တော့မှ ဆန်းလျန်က ဟန်မပျက် တဲနန်းထဲကို ပြန်ဝင်ပါတယ်။
“ကွန်တော်မျိုးသခင်ဟာ အရက်သောက်နိုင်စွမ်း သိပ်မရှိပါဘူး။ နည်းနည်းသောက်ရင် များများအန်တတ်တယ်။ ခုတော့ ရုပ်ပျက်မှာစိုးလို့ ဘိုးဘိုးတို့၊ စစ်သူကြီးမင်းတို့ကို ကိုယ်တိုင်တောင် နှုတ်မဆက်နိုင်ရှာတော့ဘူး။ သူ့ကိုယ်စား လက်ဆောင်ကလေးတွေပဲ ဆက်ခွင့်ပြုပါ။” ဆို လျူဘန်ပေးခဲ့တဲ့ ကျောက်စိမ်းပြားလက်ဆောင်ကလေးတွေကို ရှန်းယုလက်ထဲတစ်ခု ဖန်ဘိုးဘိုးလက်ထဲတစ်ခု ဆက်လိုက်တဲ့အခါ “လျူဘန်က ဘယ်ရောက်သွားလို့တုန်း။” လို့ မေးပါတယ်။
“ခုလောက်ရှိရင်တော့ သူ့တဲနန်းကို ပြန်ရောက်လောက်ပါပြီ။ အရှင်စစ်သူကြီးတို့ကို တစုံတရာ စိတ်အနှောင့်အယှက် မပေးလိုတော့လို့ ကျွန်တော်မျိုးကြီးကို တောင်းပန်ရစ်ခဲ့ဖို့မှာပြီး ပြန်သွားပါတယ်။” ဆိုတော့ ဖန်ဘိုးဘိုးက သူလက်ဆောင်ရတဲ့ ကျောက်စိမ်းခွက်ကို ကြမ်းပေါ်လွှင့်ပစ်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခုတ်ပလိုက်ပါတယ်။ “ခေတ်ကာလ သားသမီးများဟာ သုံးစားလို့ကို မရဘူး။ ငါလိုလူနဲ့လည်း မတန်ဘူး။ မြဲမြဲမှတ်ထားလိုက်စမ်းပါ။ နင်တို့ရှန်းအိမ်ကထီးနန်းကို လုယူမယ့်သူဟာ လျူဘန်ကလွဲလို့ ဘယ်သူမှ မဟုတ်ဘူး။ တို့အားလုံး သူ့လက်အောက်မှာ သုံ့ပန်းဘဝရောက်ဖို့ ဘာမှ မဝေးတော့ပြီ။” လို့ ပြောပြီး ငိုပါတယ်။
တရုတ်လူမှုအသိုင်းအဝိုင်းမှာ ဟုန်မင်ယန် (ငန်းရိုင်းတံခါး) လို့ ပြောလိုက်ရင် ရန်ဘက်နှစ်ဘက် မျက်နှာစုံညီ အသက်အန္တရာယ်ကို ပမာမထားပဲ နှလုံးရည်နဲ့ ရင်ဆိုင်ဖြေရှင်းကြတဲ့ ပွဲကြီးပွဲကောင်းတစ်ခု၊ အပေါ်ယံကြည့်လိုက်ရင် ထည်ဝါခမ်းနားတဲ့ ပွဲလမ်းသဘင်တစ်ခုဖြစ်ပေမယ့် စားပွဲခုံအောက်မှာ လက်နက်တွေ ဝှက်ထားပြီး အချင်းချင်းသာ သိလိုက်တဲ့ တိုက်ကွက်တွေ ဗျူဟာတွေနဲ့ သွေးအေးအေး ဉာဏ်ကစားရတဲ့ စစ်ပွဲအသေးစားတစ်ခု လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာမှာတော့ လဂွန်းအိမ် နဲ့ မိုးညှင်းသတိုးတို့ကြောင့် ပျက်သွားတဲ့ မွန်မြန်မာ ငြိမ်းချမ်းရေး သစ္စာပြုပွဲနဲ့ အတူတူပဲပေါ့။ ဒီဟုန်မင်ယန်ထမင်းပွဲမှာ ရှန်းယန်က လျူဘန့်ကို အခွင့်သာပါလျက်နဲ့ ဘာဖြစ်လို့ အသေမသတ်လိုက်သလဲ သိသလား။ အဲဒါ မျက်နှာနဲ့ဆိုင်ပါတယ်။ လျူဘန်က ရှန်းယုဆီလာတာ သူ့သဘောနဲ့သူလာတာ။ သူသိမ်းပိုက်ထားတဲ့ ရှန်းယန်မြို့ကို အတူတူမျှဝေယူလှည့်ပါ လို့ ပြောပြီးလာတာ။ ဒီတစ်ချက်တည်းနဲ့တင် ရှန်းယုဟာ သူ့တပ်သားတွေ အလယ်မှာ ဘယ်လောက် မျက်နှာပန်းလှတယ် မှတ်သလဲ။ လျူဘန်က သူ့ဘက်မှာ နှိမ့်နှိမ့်ချချနဲ့ အားမတန်မာန်လျှော့ပြီး မြင်းသည်တော်ကလေးတစ်ရာလောက်နဲ့ ငြိမ်းချမ်းရေးလာဆွေးနွေးတာကို ရှန်းယုတို့ဘက်က အခွင့်သာတုန်း မတရား အနိုင်ယူလိုက်ရင် ဘယ်လောက် မျက်နှာပျက်စရာကောင်းသလဲ။ ပြီးတော့ သူက ဧည့်သည် ကိုယ်က အိမ်ရှင်။ ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တစ်ယောက်လုံးကို ကိုယ့်အိမ်ထဲမှာ ကိုယ်ကိုယ်တိုင်က လုပ်ကြံလိုက်တယ်ဆိုရင် ကိုယ့်အိမ်က ဘိုးဘေးဆွေမျိုးတွေကို ဘယ်လိုမျက်နှာသွားပြရမလဲ။ တကယ်တော့ လျူဘန်ဟာ ရှန်းယုအိမ်ပေါ်တက် ရှန်းယုကျွေးတဲ့ထမင်းကိုစားသွားပြီး ရှန်းယုကို ဘေးကျပ်နံကျပ် ဖြစ်အောင် မျက်နှာသေလေးနဲ့ ဂိုးထည့်သွားတာပါ။ မျက်နှာလိုမျက်နှာရလုပ်မိတဲ့ ဖန်ဘိုးဘိုးဆို့ ရှန်းချွမ်တို့တောင် မျက်နှာကောင်းမရတဲ့အပြင် မျက်နှာမရ ခြေထောက်ရ ဖြစ်ကုန်တယ်။ အဲဒါကြောင့် မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ လို့ ပြောတာဖြစ်မယ်။
တရုတ်စကားမှာ မျက်နှာ လို့ ပြောလိုက်ရင် နောက်ကလိုက်လာတဲ့ အဓိပ္ပါယ်တွေ အများကြီး ကျန်သေးတယ်။ လူတစ်ယောက်ရဲ့မျက်နှာဟာ သူ့ရဲ့အရှက်နဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲ့ပုံရိပ်ပဲ။ အတွင်းစိတ်ထဲက သူ့ကိုယ်သူထားတဲ့တန်ဖိုးကိုလည်း မျက်နှာ လို့ပဲ ခေါ်တယ်။ မျက်နှာကြီးတယ်၊ မျက်နှာပွင့်တယ်၊ မျက်နှာပန်းလှတယ်၊ မျက်နှာကောင်းရတယ်၊ ဆိုတာ မြန်မာမှာလည်း ရှိတာပဲ မဟုတ်လား။ တရုတ်မှာတော့ မျက်နှာပျက်တယ်၊ မျက်နှာရောင်းစားတယ်၊ မျက်နှာငှားတယ်၊ မျက်နှာပေးတယ်၊ မျက်နှာလွှဲတယ် ဆိုတာပါ ရှိတယ်။ ခြုံပြောရရင် မျက်နှာဆိုတာ မပျက်အောင် စောင့်ထိန်းသင့်တယ်။ အထူးသဖြင့် ပရိသတ်ဗိုလ်ပုံအလယ်မှာပေါ့။ တရုတ်လူမျိုးတွေနဲ့ဆက်ဆံတဲ့အခါ သူတို့ကိုကျေနပ်စေချင် လူ့ရှေ့သူ့ရှေ့ မျက်နှာသာပေးပြီးသာ အလိုက်အထိုက်နေလိုက်၊ လုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ ဒါပေမယ့် သူတို့ကို လူပုံအလယ် မျက်နှာငယ်ရအောင် မျက်နှာအထားရခက်အောင် လုပ်မိရင်တော့ ခွင့်လွှတ်နိုင်စွမ်းမရှိဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ယင်းမာ ရွက်ကြွေတောကို ထုတ်မိလို့ အခု ယင်းမာမိသားစုက ဘယ်သူမှ ယင်းမာကို မခေါ်ကြတော့ဘူး။ ဒါကြောင့်လည်း တရုတ်ပြည်မှာ ကိုယ်ရေးအထုပ္ပတ္တိဆိုတာ ဘယ်သူမှ မရေးကြတာ ထင်တယ်နော်။
ဒီနေရာမှာတော့ အမှန်တရားဆိုတာနဲ့ပတ်သက်ပြီး စာရေးသူတစ်ယောက်ရဲ့ ဖော်ပြပိုင်ခွင့်ကို စဉ်းစားစရာ ဖြစ်လာပါတယ်။ လူတိုင်းလူတိုင်းမှာ ခံစားချက်ဆိုတာ ရှိတယ်။ အတွေးအမြင်ဆိုတာလည်း ရှိတယ်။ အဲဒါတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့အခါမှာ တဘက်သားကို ထိခိုက်နစ်နာမှု မရှိစေရဘူးပေါ့။ ဒါကြောင့် ကိုယ်အပါအဝင် တကယ့်အဖြစ်အပျက်ကို ထုတ်ဖော်ခံစား ရေးသားသူတွေမှာ မျက်နှာပျက်စရာ၊ မျက်နှာနာစရာအကြောင်းတွေ အများကြီး ရှိတယ်။ အကြောင်းအကျိုး အကောင်းအဆိုးတွေကို အမှန်အတိုင်း ရေးတယ်ဆိုဦးတော့ သူသူကိုယ်ကိုယ် ဘယ်သူကမှ ကိုယ့်မကောင်းကြောင်း စာမျက်နှာပေါ် အတင်ခံချင်မှာ မဟုတ်ဘူး။ မကြာသေးခင်က ကိုယ်ကိုယ်တိုင်လည်း ယင်းမာလို အဖြစ်မျိုး ကြုံခဲ့ရဖူးတယ်။ ကိုယ်ကတော့ ဘယ်သူဘယ်ဝါ အမည်နာမ မတပ်ပဲ အဖြစ်အပျက်ကိုသာ ညွှန်းလို့ အဖြေရှာတဲ့သဘော ရေးသားအကြံပေးတာပေမယ့် လူဆိုတာ ဘယ်သူ မသိသိ သိသိ ကိုယ့်ဘာသာကျတော့ အသိဆုံး မဟုတ်လား။ ကြည့်စမ်းပါဦး။ ဒါ ငါ့အကြောင်းရေးထားတာ။ သူနံမယ်ကြီးချင်လို့ ငါ့ကို သက်သက် ခုတုံးလုပ်တာ။ ကာယကံရှင်ဆီ ခွင့်မတောင်းပဲနဲ့ အင်တာနက်ပေါ်မှာ လျှောက်ဖွတယ်။ (တကယ်တော့ ကိုယ်လည်း ဂျာနယ်ထဲကဖတ်ရလို့ သိတာ) ဒီလိုနဲ့ပဲ မိတ်ပျက်ဆွေပျက်တွေ ဖြစ်ကုန်ရော။
အဲလို အကြောင်းကြောင်း အကြောင်းကြောင်းတွေကို ထောက်ထားပြီး သူများမျက်နှာ အိုးမည်းသုတ်တဲ့စာမျိုးတော့ တတ်နိုင်သလောက် မရေးမိအောင် သတိထားပါတယ်။ ကိုယ်ရေးတဲ့စာတွေကို အစဉ်တစိုက်ဖတ်တဲ့သူဆိုရင်တော့ သိပါလိမ့်မယ်။ နာကျည်းချက်တွေ ဖောက်ခွဲထုတ်တဲ့စာမျိုးထက် ကောင်းကွက်ကလေးတွေ တွေးတွေးပြီး လွမ်းတဲ့အကြောင်းသာ ရေးပါတယ်။ ဒါပေမယ့် မတော်မတည့် မတရားတာတွေကျတော့ ထင်သာမြင်သာအောင် ထိထိမိမိ ကလိရတဲ့အခါ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် လို့ မမြင်ဘူးဆိုရင်တော့ ဖတ်သူလည်း အကျိုးမယုတ်၊ ရေးသူလည်း အကျိုးရှိမယ် မဟုတ်လား။ ကိုယ့်စာတွေ ဖတ်ခြင်းအားဖြင့် ခေတ်ကိုလည်း မြင်ရပါစေ့မယ်။ စံနစ်ကိုလည်း ထင်ရပါစေ့မယ်။ အဲဒီနောက်ခံ ပန်းချီကားချပ်အလယ်မှာ ထင်းကနဲထွက်လာမှာကတော့ သူများမျက်နှာထက်စာရင် စာရေးတဲ့သူရဲ့ မျက်နှာ အစစ်ကိုသာ ခံစားတွေ့မြင်ရလိမ့်မယ် လို့ ကိုယ့်ဘာသာကိုယ်တော့ ထင်မိပါကြောင်းဗျာ။
credit to Dr Soe Min and it’s original owner Dr Yin Mar
One comment
Mobile
November 28, 2012 at 3:44 am
ဝင်ရောက် ခိုးယူ အဲ့ဟုတ်ပေါင်။
ကူးယူ ထားလိုက်ပါကြောင်း။