အရုပ်ကြိုးပြတ်နေ့ရက်များ
“အရုပ်ကြိုးပြတ်နေ့ရက်များ”
ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင်ရယ်ကြပါတယ်
အရုပ်ကြိုးပြတ် …. ကြိုးတွေပြတ်လို့ …. ကျိုး … ပျက်လို့
မသိတော့ပါဘူးကွယ်
ပြဿဒါးဆိုတာ ငါ့အဆင်မပြေခြင်းတွေကိုဟားတိုက်ဖို့ ပြက္ခဒိန်ရဲ့အလိုအတိုင်းရောက်လာ ….
မှတ်မိသလောက် ဒါဟာ `ဗုဒ္ဓဟူး´ရာသီဖြစ်မယ်ထင်တယ်
တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ
ကောင်းကင်ကိုနင်းချင်လို့ ဖိနပ်ဆောင်းထားတာ
မင်း …. သွားမယ်ဆိုလည်း စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ် …. နွေရာသီရောက်လာတာကိုက စောလွန်း….
မြစ်ကျိုးအင်းများ၊ မီးစားအိပ်မက်များ၊ မှောင်မိုက်နာကျင်ခဲ့သောလမ်းများ
ဝေး ……….. စကားတစ်လုံးတည်းနဲ့တောင် ဆွေးလိုက်ရတာကွယ်
အထီးကျန်ဝေးကွာမှုသီချင်း၊ လေနဲ့အတူလေနေတဲ့စိတ်၊ ရင်ထဲဟာသွားတဲ့နေရာမှာ ဘာမှအစားထိုး၍မရ၊
ရွေ့လို့လည်းမရပါ …. အခုထိ ဗုဒ္ဓဟူးည ဆယ့်တစ်နာရီ ……
ပန်းနီလေးပွင့်တာကအစ ငေး … ကြည့်၊ ငိုချင်တယ် ……. အ ထီး ကျန်
မျှော်လင့်ချက်ဟာ အရက်စက်ဆုံး လူသတ်လက်နက်ပဲ
မျှော်ရင်း ….. မျှော်ရင်း …. လင့်သွားတာ … လွင့်သွားတာ ….
ငါ့အတွက်တော့ နေသံလသံရောနေခဲ့တာလည်းကြာပြီ
ငါကလည်း နင့်ကိုမှ ………….
ကွယ် …….. (၂) နှစ်စာ နောက်ပြန်လှည့်မှ ပြယ်မယ့်ကျိန်စာတွေ
အဲဒီလိုပါပဲ
မသိသူအယူခက်တော့ အိပ်မက်ကိုကျောင်းမှာဝယ်မိတယ်
ငါ မရှက်မပါဘူးကွယ် ……
`စောင့်ရမှာချင်းအတူတူတော့ ငါအခုကတည်းကစောင့်မယ်၊ နင်သာ မြန်မြန်ပြန်လာခဲ့ ….´
တကယ်ပဲ …. ပြန်လာခဲ့ပါတယ် … လှောင်ရယ်သံတွေ ပွေ့ပိုက်ပန်ဆင်ပြီး …..
နင်က ငါ့အတွက် ဒုက္ခဆုပန်သူ … မီးကျိုးမောင်းပျက် စကားထာတွေဝှက်သူ …. အရောင်မပါတဲ့ သက်တန့်တွေပဲ ပစ်ပေါက်ကျဲချသူ ….
ငါရပ်တန့်နေ … ငါ ကန္တာရကိုဖြတ်နေ
ခရီးပြင်းနှင်ခဲ့တာပဲ၊ မြို့ရိုးတံခါးကိုက မှုန်ပျပျသာမြင်နေရ …..
`ကိုယ်ဆောင်းတဲ့ထီး အစိမ်းလား၊ အပြာလား မသိပါဘူး …´
မိုးကိုမော့ကြည့်နေလား၊ ငါ့ကို ငုံ့ကြည့်နေလားမသိပါဘူး
နတ်ဖွက်တတ်တဲ့ည၊ ဗုဒ္ဓဟူးတပိုင်း တနင်္ဂနွေတပိုင်းည၊ မီးအိမ်တံခါးဖွင့်ထားတဲ့ည၊ သုည …..
လူငယ်တစ်ယောက်ရဲ့စွန့်စားခြင်းကို ဘယ်လိုဇာတာအမှားတွေများ လာတပ်ဆင်ကြပါလိမ့်
ငါ့ကိုယ်ငါတောင် မရှာဖွေတော့တာ … နင်လည်းမကြိုးစားပါနဲ့တော့ကွယ်
ငါ့မှာ သက်တန့်တွေပွင့်တဲ့မိုးရာသီတစ်ခုတော့ ရှိခဲ့ဖူးပါတယ်
ပြောခဲ့သလို …. အရောင်မပါတဲ့သက်တန့်တွေ …. နာမ်စိတ်မရှိသောသက်တန့်တွေ …
… အရုပ်ကြိုးပြတ် …
မင်းစိုမှာစိုးလို့ မိုးပေးချင်တာတောင် ကိုယ့်မှာထီးတစ်လက်မရှိပါကွယ်
ဒါဟာလည်း အမှတ်တရတစ်ခုတော့ ဖြစ်လာပါလိမ့်မယ်
နင်က ငါ့ကိုချည်နှောင်တာမဟုတ်ဘူး ….. ငါ့ကိုယ်ငါ ချည်နှောင်ပစ်ခဲ့တာ …..
အိမ်မပြန်ချင်သေးပါဘူး …. ၁၃ ရက်နေ့မှ မရောက်သေးတာ …… အိမ်မပြန်ချင်သေးပါဘူး …. ၁၃ ရက်နေ့မှ မရောက်သေးတာ ….. ၁၃ ရက်နေ့မှ …. ပြေရင်းဆိုရင်းကပဲ ၁၃ ရက်နေ့ရောက်လာပါတော့တယ်
အိုး …. တိုက်ဆိုင်လိုက်ပုံ ……
၁၃ ရက်နေ့ဟာ ဗုဒ္ဓဟူးနေ့နဲ့ တစ်ထပ်တည်းကျသွား ……. ငါ.. ထွက်ခွာလို့ရပါ့မလား …..
ငါနဲ့ ငါ့နာရီလေးကတော့ တစ်နေရာတည်းမှာ အကြာကြီးရပ်နေ …..
သမိုင်းတစ်ခုဖြစ်ချင်မှဖြစ်လိမ့်မယ် … ဒါပေမယ့် သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတစ်ခုတော့ ဖြစ်နိုင်
ဒီမှာ ….. အရုပ်ကြိုးပြတ် မျက် ဝန်း တွေ . . . .
အခုတော့ ဆန့်ကျင်ဘက်တွေချည်း …. အာရုံခံစားမှုအလွဲတွေချည်း …….
ပထမ ….. တစ်ယောက်တည်း သင်းကွဲသောညနေ …… နောက် … သူ့ကိုယ်သူချော့သိပ်နေသော ပြောမပြဖြစ်ခဲ့တဲ့ပုံပြင်လေး …. နောက် … သစ်ဂျပိုးခေါက်ကိုမုန်းတဲ့ကော်ဖီ … မှတ်တိုင်လေးဟာ လူတွေကြားမှာ သောင်တင်နေ …… အိမ်ပြန်လို့မရဘူး
ခြောက်ခြောက်အက်အက် ငါရယ်တယ်… ငါပဲမှားသွားပြန်ပါတယ်
တကယ်တော့ငါက အန္ဓပါ … တေလေပါကွယ် ….
အသူတရာကမ္ဘား၊ ကုမ္ဘာဏ်တစ်ထောင်တံခါး၊ ခြောက်ခြားပူခြစ်မီးလျှံများ …. အဲဒီကြားကနေ နင်လက်ကလေးကို ငါ့ဆီဆွဲမယူရက်ခဲ့ဘူး
အဲဒီလိုနဲ့ ဆန့်ကျင်ဘက်တွေဆီ ……. တစ်ယောက်တည်းသင်းကွဲနေသော …….. ဆန့် ကျင် ဘက် တွေ ……
မျက်လုံးတွေဖွင့်လိုက်တော့ ငါမှောင်သွားပါတယ်
….. ….. ….. ….. ….. ….. ….. …..
….. ….. ….. ….. ….. ….. ….. …..
….. ….. ….. ….. ….. ….. ….. …..
….. ….. ….. ….. ….. ….. ….. …..
….. ….. ….. ….. ….. ….. ….. …..
ငါ့….. ….. ….. ….. ….. ….. ….. ..
.. ကိုယ်….. ….. ….. ….. ….. ….. …..
….. ငါ….. ….. ….. ….. ….. ….. …..
….. ….. ….. ….. ….. ….. ….. …..
… ….. ခ….. ….. ….. ….. ….. ….. …..
… ….. … ….. ….. ….. ဏ…………..
. ….. ….. … …..တ….. ….. ….. …..
… …..ဖြုတ်….. ….. ….. ….. ….. ….. .
….. ….. ….. ….. ….. ….. ….. …..
…… …..ပျောက်….. ….. ….. ….. …..
……. ….. ….. ….. ….. ….. ဆုံး….. ….
… … ….. …..သွား….. ….. ….. ..
… …….. ….. ………. …..တယ် ..
….. ….. ….. ….. ….. ….. ….. …..
ဘဝက ဖိနပ်ကို ကြိုးငုံ ့ချည်နေတုန်း …….. မစံပယ်ဖြူက ကျွန်တော့်ကို မုန်းသွားသည်….
ငါ့မှာတော့ ဖိနပ်လိုက်ရှာနေတုန်းမှာတင် အမုန်းခံလိုက်ရတာပါကွယ်။ ကဗျာဆိုတာ အချစ်ဦးမသိ အောင်ရေးရတဲ့အရာ ……..
ငါက နင့်အငွေ့အသက်လေး .. နင့်အရိပ်လေးကတောင် အသိအမှတ်ပြုတာ မခံခဲ့ရတဲ့ကောင်
သီချင်းတွေ ဆိုပြချင်ပါသေးတယ် … စစ်တုရင်ထိုးနည်းသင်ပေးချင်ပါသေးတယ် ….
နယ်ရုပ်တွေဟာ နယ်နယ်ရရ အရုပ်တွေမဟုတ်ကြောင်း သိစေချင်သေးတယ်
ဒါပေမယ့် … အခုထိ ဗုဒ္ဓဟူးပဲဖြစ်နေ …. ညဆယ့်တစ်နာရီဖြစ်နေ …
တချို့က ဘဝမှာ ကြယ်တွေလတွေတောင် ကြွေခဲ့ဖူးပါသတဲ့
ငါကတော့ ဘာမှမဟုတ် …. ငါ့ဆေးလိပ်ပြာက ငါ့ကို တဖြုတ်ဖြုတ်ခြွေချနေ …. ငါ့သက်ပြင်းက ငါ့ကို ခြွေချနေ … အခုထိ အရုပ်ကြိုးပြတ် လရောင်တွေ ……
ရေရွတ်ကြည့်တော့ လေထုထဲ တိုး–အက်—မော–လျ ….
ငါ့ အသံတွေ….. ငါ့ အက်သံတွေ……
ပြဿဒါး ဟာ ဓားတစ်ချောင်းလို “ထက်” လို့ ………. ပြဿဒါး ဟာ ငါ့ပြက္ခဒိန်တွေထဲ “ထပ်” လို့…….
ခေါ်သံတွေ မရှိတော့ပေမယ့် ထူးနေခဲ့ပါတယ်ကွယ်…
ချစ်လှစွာသော… ငါ့ရဲ့ညီမသေးသေးလေးရေ…လွမ်းတယ်၊ … ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ
ကမ္ဘာမြေကြီးကတော့ ကျဉ်းပါရဲ့၊ မိုင်တွေကသာ ကျယ်နေတာ…
ခေါ်သံတွေ မရှိတော့ပေမယ့် ထူးနေ…
ငါ့နာမည်ခေါ်တဲ့ဓားတစ်ချောင်း ရင်ဘတ်ထဲထိုးထည့်ပစ်တာကြာနေပြီ
ဘယ်ကို လွင့်စင်ရမယ်မှန်း မသိဘူး … မသိဘူး … မ သိ ခဲ့ ဘူး ..
ကောင်မလေးရေ….တို့တွေ နားလည်လိုက်ရအောင် မင်းနဲ့ငါ တကယ်နားလည်သွားသလိုပုံမျိုးနဲ့ နားလည် ပစ်လိုက်ကြရအောင်လေ………………..
အရာရာဟာ အရာရာ ထဲ နစ်မြုပ်လို့…၊၊ သစ္စာတရားကို ဖက်တွယ် လိုတဲ့ ငနဲတစ်ယောက်ရဲ့ ကျဆုံးခန်းပေါ့ ….
ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး လူက… လှေကား ခြေရင်းမှာ ကျန်ခဲ့ရတယ်
ဗျပ်စောင်းသံရဲ့ တိတ်ဆိတ်မှု့က ငါ့ကို ခေတ်အဆက်ဆက် ခြောက်လှန့် … ငါတို့တွေ ကြိုးပြတ်နေကြပြီ ၊၊ ငါတို့တွေ ကျိုး ပျက် နေ ကြ ပါ ပြီ
ငါဆိုတာ နင်လှောင်ရယ်ပစ်ခဲ့တဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်လား …. ငါဆိုတာ နင်လုံးဝမကြိုက်တဲ့ အက်စ်ပရက်စ်စို ကော်ဖီတစ်ခွက်လား …. ငါဆိုတာ နင်လွှင့်ပစ်လိုက်တာခံရတဲ့ လက်ဆောင်ပန်းစည်းလေးလား ….. ငါဆိုတာ … ငါဆိုတာ… ငါဆိုတာ ဘာလဲကွယ်…
ပြောပါ … ငါ ရပ်နေရမှာလား ၊ ဆက်လျှောက်ရမှာလား ဆိုတာကို..
ဒီည ….
ငါ့ကိုဖျောက်ထားတဲ့ နှင်း …
မိုင်တိုင်တွေ လဲကျတုန်း ငါ့ကိုကယ်ပါ …
ညတွေပျင်းရိတုန်း ငါ့ကိုကယ်ပါ …
အလွမ်းတစ်ဆူလင်းသစ်ဖို့ နင်ရဲရဲသာ ဖြန့်ကျက်ထားစမ်းပါ..
ပြီးရင်… ငါ့ကို ကယ်ပါ …. ပြီးရင် ….
ပြီးသွားပါပြီ
ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင် ရယ်ကြပါတယ်
`ဗုဒ္ဓဟူး´ရာသီမှာ တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ ………..
ဇာတိ
သူရဿဝါ
ဝန်ခံချက် – ယခုကဗျာတွင် တာရာမင်းဝေ ၊ မင်းခိုက်စိုးစန် ၊ တိုးနှောင်မိုး ၊ ဇာတိ ၊ သိုးမဲ၊ သူရဿဝါ၊ ၊ ဝိုင်ချို ၊ သောတ ၊ ပိုင်စိုးဝေ ၊ ရွှေယုန် ၊ ရုပ်သေး တို့၏ ကဗျာစာပိုဒ်အချို့ကို ထည့်သွင်းအသုံးပြုပါသည်။
2 comments
manawphyulay
July 16, 2010 at 8:39 am
တကယ်တော့ငါက အန္ဓပါ … တေလေပါကွယ် ….
တေလေနာမည်လည်း ပါသေးတယ်လား ကျန်သေးလား …. 😛
htet way
December 7, 2011 at 6:38 pm
ငါ့နာမည်ခေါ်တဲ့ ဓါးတချောင်းရင်ဘတ်ထဲကို ထိုးသွင်း
ကောင်မလေးရေတိုတွေနားလည်လိုက်ရအောင်…..
ကဗျာကို …. ဟုတ်ကဲ့ ကဗျာလို ခံစားလိုက်ပါတယ်
အငွေ့ အသက်လေး တောင် အသိအမှတ်ပြုမခံရ……
ကျွန်တော်လည်းစိတ်မှာ အလာ့ဂျစ် ဖြစ်နေပါတယ်
စနေဂြိုလ်က ရက်စက်နေတယ်
အင်္ဂ ါဂြိုလ်က အရှက်ကွဲတတ်တယ်လို့ ဆရာဦးကြာမြင့်ရေးတာဖတ်ရတယ်
လှည့် စားခံရတယ်လို့ သိရတယ် နှလုံးသားမှာ အလာ့ဂျစ်ဖြစ်နေတယ်