ချစ်သောမောင်
ဝရံတာနောက်က တိတ်တခိုးချောင်းကြည့်တတ်တဲ့မျက်ဝန်းတစ်စုံကို မောင်သိခဲ့မယ်ဆိုရင် ၊ ကျစ်လျစ်တဲ့မောင့်ပုံစံလေးကို အဝေးကနေမျှော်ကြည့်တတ်တဲ့သူတစ်ယောက်ကိုမောင်သိခဲ့မယ်ဆိုရင် ၊ မမလေးဆီကိုလာတိုင်း အငယ်မလေးအတွက်ဆိုပြီး လက်ဆောင်တွေယူယူလာတတ်တဲ့ မောင့်ကို ဒီဇင်ဘာ ပိတ်ရက်ရောက်တိုင်းလည်တမော့မော့နဲ့မျှော်နေတဲ့သူကို မောင်သာသိခဲ့မယ်ဆိုရင် … ပြီးတော့ ကိုယ့်ထက် ငါးနှစ်နီးပါးကြီးတဲ့သူတစ်ယောက်ကို မောင်လို့တိတ်တခိုးလေးခေါ်တဲ့သူကို မောင်သာသိခဲ့မယ်ဆိုရင်…. ဒီဇင်ဘာနှင်းစက်တွေက အလွမ်းတွေသယ်လာစရာအကြောင်းမရှိဘူးလေ ။
မောင့်ကိုမောင်လို့စခေါ်မိတဲ့နေ့လေးအကြောင်းကို မောင်သိချင်နေမလား အဲဒီနေ့က မောင်နဲ့ကျမနဲ့ပထမဆုံးဆုံဖူးတဲ့နေ့လေ…လွန်ခဲ့တဲ့ငါးနှစ်လောက်က ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ… အပြာနုရောင်ရှပ်အကျီလေးဝတ်ထားတဲ့မောင့်နဲ့ ကျမတို့ညီမနှစ်ယောက်နဲ့လမ်းမှာတွေ့ကြတာလေ..။ မမလေးရဲ့လက်ကိုဆွဲရင်း မောင့်မျက်နှာကိုမော့ကြည့်ပြီး မောင်နဲ့မျက်လုံးချင်းဆုံသွားတဲ့ခဏ အံအားသင့်သွားတဲ့မောင့်မျက်နှာရယ်လေ…။
‘မမလေး နင့်ညီမက အချောလေးပဲဟေ့… ပုတာလေးကလွဲရင်ပေါ့’ တဲ့..။
အချောလေးပဲဆိုလို့ ဝမ်းသာရမလိုရှိသေး ပုတာလေးကလွဲရင်ဆိုတဲ့စကားက ကျမရင်ကိုဆို့စေခဲ့တယ်မောင်..ဒါပေမယ့်လည်း….တောက်ပတဲ့မောင့်မျက်ဝန်းတွေအတွက် ကျမစိတ်မဆိုးရက်ဘူးလေ..။ ငါးပေဆယ့်တစ်လက်မဆိုတဲ့မောင့်အတွက်..ငါးပေမပြည့်တဲ့ ကျမက ပုတာပေါ့နော်..မောင်..။ သန့်စင်ထက် ဆိုတဲ့နာမည်အစား…..အဲဒီညက မောင်လို့နာမည်လေးပေးရင်း ကျမတစ်ညလုံးကြယ်ပွင့်လေးတွေရေတွက်ခဲ့မိတယ်မောင်..။ ပြီးတော့ ပုပုသေးသေးကိုယ်လုံးနဲ့မလိုက်အောင် ဒေါက်ဖိနပ်မြင့်မြင့်ကြီးတွေကျမစီးဖြစ်ခဲ့တယ်…။
မမလေးနဲ့မောင်နဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းကိုစကြားရတဲ့အချိန်မှာ
ကျမမငိုဘူးဆိုတာ မောင်သိမယ်ဆိုရင် မောင်ဝမ်းသာလိမ့်မယ်ထင်တယ်။ ကျမတကယ်လည်းမငိုခဲ့ပါဘူးမောင်ရယ်..။ မောင် ဒီကိုပြန်မလာခင်ပို့လိုက်တဲ့ အငယ်မလေးအတွက်ဆိုတဲ့စာထဲကအတိုင်း ကျမရင့်ကျက်အောင်နေပါတယ် ပြီးတော့ ကျမချစ်တဲ့ မမလေးအပေါ်မှာလိပ်ပြာသန့်ချင်ခဲ့တယ်လေ။
အငယ်မလေးရယ်….
နေကောင်းရဲ့လား …ကိုကြီးသန့်ကိုသတိရရင်…လိမ်လိမ်မာမာနေ ဘယ်အရာကိုမှစိတ်လိုက်မာန်ပါမလုပ်နဲ့ အငယ်မလေးဘဝမှာ သင့်တော်တဲ့သူတွေအများကြီးရှိဦးမှာပါ ။ ဘယ်အရာကြောင့်မှ ကိုယ့်ဘဝကိုနစ်မွမ်းမခံနဲ့ ။ ဘဝတက်လမ်းအတွက် ကိုယ့်ဦးတည်ရာလမ်းကြောင်းကိုမှန်မှန်လျှောက်ပါနော် ။
ချစ်တဲ့
ကိုကြီးသန့်
ကိုကြီးသန့်လို့ခေါ်ဖို့မမလေးအပါအဝင်အိမ်ကလူတွေတိုက်တွန်းလို့ကျမ ကိုကြီးသန့်လို့ပဲခေါ်ခဲ့ရတယ်လေ..။ ကျမမှာမောင်လို့ခေါ်ဖို့အခွင့်အလမ်းမရှိနိုင်တာ နားလည်ခဲ့ပါတယ်။ တွယ်တာလွန်းတဲ့စိတ်တစ်ခုကြောင့်သာ ဒီနေ့အထိတမ်းတနေမှန်း မောင်ပဲအသိဆုံးပါ ။ ခရစ်စမတ်ရောက်တိုင်း နှင်းတွေတဖွေးဖွေးကျတိုင်း မောင့်ကိုသတိရနေခဲ့တာပါ..။ မောင်ရယ်…. မောင်နဲ့စတွေ့တဲ့နှစ်ရဲ့ခရစ်စမတ်နေ့တုန်းက မောင်ပေးဖူးတဲ့ အလှတင်ဖန်လုံးလေးလေ..ခုထိ ကျမရဲ့တောက်တိုမယ်ရတွေသိမ်းထားတဲ့ဘူးလေးထဲမှာ အမြတ်တနိုးနဲ့ရှိနေတုန်းပဲလေ.. ။ အရပ်ပုပုညှပ်ညှပ်နဲ့ကောင်မလေးဟာ မောင့်စိတ်ထဲမှာ ကလေးတစ်ယောက်လိုပဲရှိနေမယ်မှန်းကျမသိပါတယ်။ မောင်ပေးတဲ့ခရစ်စမတ်လက်ဆောင်တိုင်းဟာ အမှတ်တရတစ်ခုစီနဲ့ကျမရင်ထဲကိုထိအောင်ပေးခဲ့သလိုပါပဲမောင်ရယ်..။ ဒုတိယအကြိမ်ခရစ်စမတ်လက်ဆောင်အဖြစ်မောင်ပေးခဲ့တဲ့…စာအုပ်တစ်အုပ်….ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့တဲ့……။ ကျမဟာ မောင့်အတွက် သမီးလေးလိုကောင်မလေးတစ်ယောက်လားမောင်..။ ဒေါက်ဖိနပ်ခပ်ထူထူစီး ၊ ဂါဝန်ဖားဖားနဲ့ ၊ ဆယ့်ကိုးနှစ်ဆိုတဲ့အရွယ်ဟာ ငယ်ရွယ်လွန်းနေမလားမောင်..။ ဒါပေမယ့်ကျမရင်ထဲကခံစားချက်တွေက မငယ်ရွယ်တော့ဘူး…။
သန့်စင်က နည်းနည်းလေးရှုပ်တယ်ဆိုတဲ့အတင်းစကားကို ပတ်ဝန်းကျင်ကကြားရတဲ့အချိန်မှာ တိုက်ဆိုင်စွာပဲမောင့်ဆီက တတိယအကြိမ်မြောက်ခရစ်စမတ်လက်ဆောင်ရခဲ့တဲ့နေ့ပဲ..။ ကျမကိုယ်ကျမဆန်းစစ်ဖို့အချိန်မရခင်…..ညီမလေးအတွက်တစ်သက်တာအမှတ်ရစေဖို့ ကိုကြီးသန့်အကြိုက်ဆုံးရေမွှေးလေး…မမလေးအတွက်တောင်တစ်ခါမှမဝယ်ပေးဖူးတဲ့..။ ပြင်ဆင်ချိန်မရဘဲ ကျမလက်ဆောင်တစ်ခုရခဲ့ပါတယ်..။ မမလေးအတွက်တောင်မဝယ်ပေးဖူးဘူးဆိုတဲ့စကားက…ကျမရင်ကိုတဆတ်ဆတ်ခုန်စေတယ်လေ မောင်ရယ်..။ ရေမွှေးဘူးလေးကိုကိုင်ရင်း….သန့်စင်က ရှုပ်တယ်ဆိုတဲ့စကားကိုကျမအတွေးနယ်ချဲ့နေမိတယ်..။ မောင့်ရဲ့ရှည်လျားထွေပြားလှတဲ့ဇယားတွေထဲမှာ ကျမဘယ်စာမျက်နှာက ပါနေသလဲမောင်………။ ဆယ့်ကိုးနှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ မောင်ကစားတတ်တဲ့ ချက်(စ်)ဂိမ်းထဲက နယ်ရုပ်ကလေးတစ်ရုပ်များဖြစ်နေမလားမောင်..။ မောင်ရွေ့ချင်သလိုရွှေ့လို့ရတဲ့ မောင့်ချက်စ်နယ်မြေထဲမှာ ကျမနယ်ရုပ်ကလေးအတွက် မောင့်ရဲ့စည်းကမ်းသတ်မှတ်ချက်တွေဘယ်လိုပြောင်းဦးမှာလဲမောင်..။
လေးကြိမ်မြောက်ခရစ်စမတ်လက်ဆောင်ကတော့ မောင်ပေးခဲ့တဲ့အလွမ်းတွေလို့ပဲဆိုရမှာလားမောင်…. ဘာဘရီအကွက်လေးတွေပါတဲ့ပုဝါလေးက မောင့်ကိုလွမ်းလို့ငိုရင်မျက်ရည်သုတ်ဖို့ရည်ရွယ်လေသလားမောင်..။
‘ ကိုကြီးတို့ မောင်နှမတွေလိုနေကြရအောင် ‘ ဆိုတဲ့မောင့်အပြောစကားအတွက် ကျမမှာဖြေစရာစကားမရှိပါဘူးမောင်ရယ်..။ ကျမတို့တွေဘယ်တုန်းက မောင်နှမထက်ပိုဖူးကြသလဲ..။ မောင့်မျက်နှာကိုကျမတိတ်တခိုးရင်ခုန်တာမှန်ပါတယ်။ မောင့်ရဲ့ကျစ်ကျစ်လျစ်လျစ်ပုံစံကိုနှစ်သက်တာမှန်ပါတယ်။ မမလေးနဲ့မောင်တို့သူငယ်ချင်းအုပ်စုလိုက်တွဲရိုက်ထားတဲ့ပုံကနေ မောင့်ပုံလေးကိုဖြတ်ပြီး ဒိုင်ယာရီစာအုပ်ထဲမှာသိမ်းထားတာမှန်ပါတယ်။ မောင်ပေးဖူးတဲ့လက်ဆောင်လေးတွေအမြတ်တနိုးနဲ့သိမ်းထားတာမှန်ပါတယ်။ မောင်အလုပ်ကနေပြန်လာမယ့်ဒီဇင်ဘာရောက်တိုင်း ပါးပြင်မှာထွက်ထွက်လာတတ်တဲ့ဝက်ခြံတွေကို အမာရွတ်ကျန်မှာစိုးလို့ မတို့ရက်မထိရက်ခဲ့တာမှန်ပါတယ်။ မောင့်ပြန်လာမယ့်ရက်တွေကို မမလေးထက်မျှော်တတ်ခဲ့တာမှန်ပါတယ်..။ အရွယ်ရောက်နေပြီဖြစ်တဲ့အမတစ်ယောက်ရဲ့သူငယ်ချင်းကနေ… လူကြီးတွေသဘောတူထားတဲ့သူအဖြစ်ပြောင်းသွားတဲ့မောင့်ကို မမလေးထက်ပိုပြီးချစ်တတ်ခဲ့တာလည်းမှန်ပါတယ်။ အိမ်ကလူကြီးစာရင်းအသွင်းမခံရတဲ့ အငယ်မလေးကျမဟာ လူကြီးတစ်ယောက်ကိုရင်ခုန်တတ်ခဲ့တာမှန်ပါတယ်.. ဒါပေမယ့်လည်း မျက်ဝန်းချင်သာသိခဲ့တဲ့ခံစားချက် ၊ နှလုံးသားထဲက တိတ်တခိုးဖြစ်နေတဲ့ခံစားချက် ၊ ကျောင်းလိပ်စာနဲ့လာတတ်တဲ့တိုးတိုးတိတ်တိ သတိရကြောင်းစာလွှာလေးတွေမှာ…ကိုကြီးသန့်က ကျမကိုချစ်တယ်ဆိုတဲ့အကြောင်းအရာတွေပျောက်ဆုံးနေခဲ့ဖူးတာ မောင်သိမှာပါ..။ မောင်သိသလိုပဲ ခပ်ရွဲ့ရွဲ့ကျမကတော့ ထူသားပေသားကျစွာနဲ့ပဲ… ကိုကြီးသန့်နဲ့အငယ်နဲ့ဘယ်တုန်းက မောင်နှမတွေထက်ပိုဖူးလို့လဲ..ဆိုပြီးပဲပြန်ဖြေခဲ့တာပဲလေ..။
မောင့်ဂိမ်းနယ်မြေထဲက မောင့်နယ်ရုပ်ကလေးက ငါးကြိမ်မြောက်ခရစ်စမတ်လက်ဆောင်အဖြစ် မောင်နဲ့မမလေးရဲ့ဖိတ်စာကို ပြုံးပြုံးရွှင်ရွှင်ယူခဲ့တယ်လေ….ကျမမငိုခဲ့တာ မောင်သိမှာပါ..။ ကျမကအနာဂတ်မှာမောင်ပြောသလိုပဲ ကျမနဲ့ထိုက်တန်တဲ့သူရှိလာမှာပါ..မောင့်အပြာရောင်ကောင်းကင်ထဲမှာ မိုးရွာရွာနေပူပူ မောင့်နိုင်ငံသူက ခံယူဖို့အသင့်ပါမောင်ရယ်..။ ကျမလေ….ထူပူပြီးတော့လူက မငိုတတ်တော့ဘူးမောင်ရဲ့..။ဆံပင်ရှည်နဲ့ယဉ်စစ မမလေးရဲ့မျက်နှာ ၊ ဖေကြီး မေကြီးတို့ရဲ့မျက်နှာ ပြီးတော့ ကျမကိုဘယ်စာရင်းထဲမှာမသွင်းတဲ့မောင့်ရဲ့မျက်နှာ… အဲဒီမျက်နှာတွေကြားမှ ကျမနှလုံးသားတစ်ခုလုံးထူပူနေခဲ့ပါတယ်.။ မောင်နဲ့မမလေးတို့ရဲ့နားလည်မှုနဲ့တည်ဆောက်မယ့်ဘဝမှာ ကျမလို ၁၉ နှစ်သမီးအတွက် နယ်မြေကျဉ်းလေးတောင်မလိုအပ်ပါဘူး ။ တကယ်တော့ကျမဟာ..မောင်ပေးတဲ့ရေမွှေးပုလင်းတွေ၊ စာတွေကိုဖတ်ပြီး မောင့်အပေါ်စိတ်ကူးယဉ်ဖို့အစား မောင်ပေးဖူးတဲ့ သမီးလေးဖတ်ဖို့စာအုပ်ကိုပဲဖတ်ဖို့သင့်တော်တဲ့သူပါမောင်ရယ်..။ ဒါဆိုရင် မောင်ဘာလို့ကျမကို ရှုပ်ထွေးပွေလီလွန်းတဲ့မျှော်လင့်ချက်တွေပေးဖူးသလဲ… ကျမမမေးချင်တဲ့မေးခွန်းတစ်ခုအနေနဲ့သိမ်းထားပါရစေတော့မောင်..။
နှင်းစက်တွေလည်းသိတယ်..။ ဝရန်တာလေးလည်းသိတယ်..။ စာတွေလာလောပေးတဲ့ ကျောင်းက စာရေးမလည်းသိတယ်..။ မောင့်မျက်ဝန်းတွေကိုမော့ကြည့်ဖူးတဲ့အရပ်ပုပုနဲ့သေးသေးညှက်ညှက်မိန်းကလေးရဲ့ရင်ဘတ်ကြီးလည်းသိပါတယ်မောင်ရယ်…။ အမှန်တရားကို အဖြေရှာနေဖို့မလိုပါဘူး..။ ကျမဟာ မောင့်နိုင်ငံထဲက မောင့်သတ်မှတ်ချက်အောက်မှာနေမယ့် မောင့်နိုင်ငံသူပဲလေ…..။ မမလေးနဲ့မောင့်မင်္ဂလာဆောင်အတွက် ပျော်ပျော်ပါးပါးဖိတ်စာလိုက်ဝေနေတဲ့ကျမကို…… သူငယ်ချင်းတွေကစကြတယ်..။ အငယ်တော့အကိုတစ်ယောက်ရပြီတဲ့..။ဟုတ်ပါတယ် အငယ်ဟာ နှလုံးသားနဲ့ရင်းပြီးတော့ အကိုတစ်ယောက်ရခဲ့ပါတယ်..။ အငယ်ပျော်ပါတယ် ကိုကြီးသန့်..။
တချိန်တခါတုန်းက ငေးကြည့်ဖူးတဲ့မျက်ဝန်း
တချိန်တခါတုန်းက တပ်မက်ဖူးတဲ့အပြုံးနုနုလေးတွေ
အမှတ်တရတွေက
အဖြေမရှိဘဲ အဆုံးသတ်သွားတယ်ဆိုမလား
ချစ်သော….မောင်ရယ်………………ဆောင်းရောက်လာပြန်ပြီနော်…
16 comments
မောင့်ကျက်သရေ ဂီ့
December 12, 2012 at 8:59 am
ဟိုက် …
ဒီတျောက်ကလည်း ချိတောမောင် ဆိုပဲ..
အသက် ကြီးတာတောင် မောင် ခေါ်ချင်သလားကွယ်…
စကားမစပ်
ရွာထဲမှာ အဲ့နာမည်က မူပိုင်ရှိသကွယ့် …
ဘယ်သူတွေလဲဆိုတာတော့ မပြောပြလော့ဝူး..
သူတို့ဟာ သူတို့ လာပေါလိမ့်မယ်. .. ဟီဟိ
:harr:
ဆုမြတ်မိုး
December 19, 2012 at 9:03 am
အဲ…တကယ်ကြီးလားဗျို့..တိုက်ဆိုင်ကုန်ပြီ
etone
December 19, 2012 at 1:57 pm
မောင်ရေ .. မောင်ရေ .. အညာတူကို မေ့ဘီယား .. အညာတူယေးကို မေ့ဘီယား .. ချင်းချင်း ချားချာ ကြောပါမောင်ရယ် … :kwi:
ခေါင်းစဉ်ကြည့်ပြီး …. နောက်မလို့ ပြေးဝင်လာတာ … နာမည်တူနေတာကိုး … ခိခိခိ …
Khaing Khaing
December 12, 2012 at 3:35 pm
မြတ်မိုးရေ .. အားပေးဖတ်ရှုသွားပါတယ် …..
မောင် ရေဆောင်းအမှီရောက်အောင် ခင့်ဆီပြန်ခဲ့စေချင်သည် …….. ဆိုတာလေးနဲ့လွမ်းပေ့ါ …….
ဆုမြတ်မိုး
December 19, 2012 at 9:05 am
အားပေးတာကျေးဇူးပါနော်…အမခိုင်.. း)
jullies cezer
December 12, 2012 at 4:20 pm
ဒီနေ့ 12.12.12 နေ့က မောင်နေ့များလားမသိ လေးခကလဲအော်မောင်ရယ်တဲ့
ဆုမြတ်မိုးကလည်း ချစ်သောမောင်တဲ့ ဒါနဲ့စကားမစပ် မြတ်သောမောင်နဲ့အမျိုး
လားဟင်း 😛
ဆုမြတ်မိုး
December 19, 2012 at 9:07 am
ဆုမြတ်က မြတ်သောမောင်ရဲ့တူမပါ 😛
မောင်ပေ
December 12, 2012 at 8:22 pm
“ပေ” ဆိုတာလေးများ ရေးဖို ့ကျန်ခဲ့သလားကွယ်
ဟီဟိ
ဆုမြတ်မိုး
December 19, 2012 at 9:08 am
ပေတော့မကျန်ဘူးဂျ..အကြွေးတွေပဲကျန်ခဲ့တယ်…ယူမလားပို့လိုက်မယ် ဟိဟိ
နွယ်ပင်
December 13, 2012 at 2:05 pm
ဆုမြတ်မိုးရေ ….. ရေးထားတာ တစ်ကယ့်ကို လွမ်းဆွေးမူ ခံစားရပါတယ် ..
ဆုမြတ်မိုး
December 19, 2012 at 9:09 am
ကျေးဇူးပါနွယ်ပင်လေးရယ် 🙂
Thuyazaw
December 19, 2012 at 12:05 pm
ဆုမြတ်မိုးရေ ….. ရေးထားတာ တစ်ကယ့်ကို လွမ်းဆွေးမူ ခံစားရပါတယ် .. ဆိုဒဲ့ မမက ချစ်တောမောင် ဘဲလေ……
ရင်ဘတ်ကြီးနဲ့ခံစားသွားပါတယ်ဗျာ……
မောင်…..ကြောင်တောင်တောင်ကြည့်တတ်တဲ့မျက်ဝန်းတစ်စုံ
မောင်…..အရှုံးတွေနဲ့ ပြုံးတတ်တဲ့ ခပ်ယဲ့ယဲ့ ကောင်မလေးတစ်ယောက်
မောင်….အလွမ်းတွေရင်မှာပိုက် ဝရန်တာတဝှိုက်မှာ ကြယ်တွေကိုရေတွက် သေမတတ်ခံစားခဲ့ရသူ
မောင်….တိတ်တခိုး ကြိတ်ပိုးခဲ့ရတဲ့ ဒီကောင်မလေးအတွက် ဆုလာဘ်က အသည်းကွဲခြင်းတဲ့လား….
မောင်…. ဆုံးရှုံးမှာသိပေမယ့်…. ဝေဒနာပေါင်းများစွာနဲ့……
ကွဲကြေတဲ့နှလုံးသား တစ်သက်လုံးသိမ်းထားမယ်နော်…… မောင်မသိပေမယ့်…..
ကဗျည်းတင်မယ့်နှလုံးသား ကို ငယ်လေးရဲ့ သွေးသစ္စာနဲ့ ထိုးထွင်းခဲ့ပီမောင်……..
သီဟသူရချာလတာအာပေတူး
December 19, 2012 at 2:38 pm
တိပါဝူးးးး ကလီယိုပက်ထျွာ များရေနစ်လို့ လန့်အော်သလားးး ဆိုပီး လာကယ်ဒါ …
ခုဒေါ့……… နာမည်တူနေဂျီးဖစ်နေဒယ် … ခွိခွိ 🙂
နွယ်ပင်
December 19, 2012 at 2:44 pm
အွန် ဒီမှာ ချာပါတီ အာပေတူး အဲမှားလို့ ချာလတာ အာပေတူး
ဒါ ဘူ့ကို တိုက်ရိုက် စောင်းပြောတာလဲ ….
မိုက်ရင် လာခဲ့စမ်းပါ ဖွဘုတ်ပေါ်တက်ခဲ့ အဲ့မှာ ရှင်းမယ် ဒါဗြဲ …. :kwi:
မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ
December 19, 2012 at 4:18 pm
ချစ်သောမောင်တဲ့ ….အဟိ မောင်ဂီပြောသလိုပဲ..အဲဒါ ရွာထဲမှာ မောင့်မူပိုင်ရှင် အဲ ချစ်သောမောင် မူပိုင်ရှင် ရှိသဗျာ…။
ရေးထားလေးကောင်းပါ..တယ်။
ကိုပေါက်(မန္တလေး)
December 19, 2012 at 6:24 pm
မောင်…………………….အများပြောတဲ့သွေးထိုးစကားတွေကို (မေဆွိ ဟေမာ)