ဆ ဆရာမ စာသင်ပြ

မနှစ်တုန်းဆီက ကျွန်တော် နယ်ဘက်တွေ လျှောက်သွားတော့ ဆီဆိုင်မြို့နယ်၊ ဖာလိုင်ရွာဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာနာမည်အမှန်က “ဖာလဲုင်” ပါ။ မြန်မာလိုရေးတော့ “ဖာလိုင်” ဖြစ်သွားတယ်။ အဓိပ္ပါယ်က “တောင်စောင်း” ရွာလို့ အဓိပ္ပါယ်ရပါတယ်။ ရွာနဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ တကယ့်တောင်စောင်းမှာ တည်ရှိပါတယ်။ အောက်ကို ကြည့်ရင် တောင်ခြေက မှောင်နေပါသေးတယ်။ အထက်ကိုလှမ်းကြည့်ရင်လည်း တမျှော်တခေါ်ကြီးကို ရှိပါသေးတယ်။ ရွာက တောင်စောင်းလေးမှာ ရှိနေတာ။ အဲဒီရွာမှာ ထူးဆန်းတာ တစ်ခု တွေ့ခဲ့တယ်။ ရှမ်းပြည်မြေပြန့်ပိုင်းက အခေါ် “နဂါးတွင်း” လို့ခေါ်တဲ့ “တွင်းနက်” ကြီးတွေ အများကြီးရှိနေတာပါပဲ။ အဝအကျယ် “၁၀” ပေလောက်ရှိပြီး တွင်းက ကျောက်စွန်းကျောက်စတွေ ငေါငေါနဲ့ အနက် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိရတဲ့ တွင်းတွေဖြစ်ပါတယ်။ အလွန်ကြီးတဲ့ ကျောက်တုံးတစ်တုံး ပစ်ချရင်တောင် အောက်ကို ထိတဲ့အသံမကြားရပါဘူး။ မိုးရွာလို့ ရေဝင်ရင် ဘယ်တော့မှ ပြည့်တယ်မရှိဘူး။ အဲလိုတွင်းတွေ ဘေးမှာ သူတို့ လုပ်ငန်းကိုင်ငန်း လုပ်ရပါတယ်။ တွင်းနဲ့ ခပ်ဝေးဝေးမှာ မလုပ်ကြဘူးလားဆိုတော့ မြေမရှိဘူးတဲ့။ ဟုတ်ပါတယ်။ နည်းနည်းလေး ပြန့်ရင် အဲဒီနေရာမှာ အလုပ်လုပ်ကြရတာပါပဲ။ စက်မပြောနဲ့ ကျွဲနွားတွေနဲ့ တောင် လုပ်လို့ မရပါဘူး။ လူကိုယ်တိုင် ပေါက်ပြားနဲ့ မြေတူး၊ မြေဆွ၊ မြေညှိလုပ်ပြီး စိုက်ရတယ်။ ပျိုးရတယ်။ နောက်တစ်ချက် အဲဒီရွာမှာ အရှားပါးဆုံးအရာက ရေပါပဲ။ တော်တော်ဝေးဝေးက ချိုင့်ဝှမ်းတစ်ခုမှာ ကျောက်ကနေ စိမ့်ကျနေတဲ့ စိမ့်ရေလေးကိုပဲ သောက်သုံးရေ အဖြစ်သုံးရပါတယ်။ ရွာထဲမှာ လူပြတ်ရင် ပြတ်မယ်။ အဲဒီချိုင့်ဝှမ်းမှာ ဘယ်တော့မှ လူမပြတ်ဘူး။ ရေစောင့်ခတ်နေတဲ့လူ ၂၄ နာရီရှိနေလို့ပါပဲ။ လူတွေ အဲလောက်များလို့လားဆိုပြန်တော့ တစ်ရွာလုံးရဲ့ အိမ်ခြေက “၃၀” ပဲ ရှိပါတယ်။ မိုးရေကန်တွေတော့ ရှိပါတယ်။ နွေရောက်ရင် ပြတ်တာပါပဲတဲ့။

ကျွန်တော်က ဦးလေးဖြစ်သူ အဲဒီရွာမှာ အိမ်ထောင်သွားကျလို့ အလည်လိုက်သွားရင်းက ရောက်ခဲ့တာပါ။ ဦးလေးလည်း အဲဒီမှာ နေရော “ရွာသူကြီး” ဖြစ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဦးလေးက ဗမာစကား နည်းနည်းတတ်တယ်လေ။ ဗမာစကားကို အခွန်းပေါင်း အစိတ် သုံးဆယ်လောက်တော့ တတ်တယ်။ သူရွာသူကြီးဖြစ်တယ်။ သူရွာသူကြီးဖြစ်တော့ မြို့တက်၊ ပညာရေးဌာနတွေဆီသွားပြီး စာသင်ကျောင်း ဆောက်မယ်၊ ဆရာမ ချပေးပါလို့ ပြောတော့တာပါပဲ။ ရွာကို ဘယ်လိုမှ စုလို့မရတော့ မိသားစုလိုက် ရွာကနေ ပြောင်းသွားတဲ့ အိမ်တစ်အိမ်ကို စာသင်ကျောင်း လုပ်ပစ်တယ်။ ကျွန်တော် ရောက်သွားတော့ စာသင်ကျောင်းဖွင့်ဖြစ်တာ လေးနှစ်တောင် ရှိနေပြီ။ ဆရာမလည်းမကြာခင် အလည်ရောက်လာပါတယ်။ ရောက်ရောက်ချင်း ကျွန်တော်လည်း ပအိုဝ်းလို ဆရာမတွေကို နှုတ်ဆက်လိုက်တယ်။ သူတို့လည်း ချက်ချင် ပအိုဝ်းလိုပဲ ပြန်နှုတ်ဆက်တယ်။ ကျွန်တော် ပအိုဝ်းလို ဆက်ပြောတော့လည်း ဆရာမတွေက ပအိုဝ်းလို ဆက်ပြောတာပဲ။ အလို..ပေါ့။ ကျွန်တော် တော်တော် အံ့ဩသွားပါတယ်။
“ပအိုဝ်းစကား ဘယ်လို တတ်ကြတာလဲ”
“ဒီရွာမှာ ဗမာစကားကို ဘယ်သူမှ မတတ်တာ”
ဆိုတော့ ဟုတ်ပေသားပဲလို့။ မြန်မာနဲ့ အင်္ဂလိပ်ကို အတတ်နိုင်ဆုံး ရှင်းပြနိုင်တယ်။ သင်္ချာကိုကျတော့ ပအိုဝ်းလို မရှင်းပြလို့ မရတာတဲ့။ ဘယ်လို သင်လဲဆိုတော့ ဘယ်သူမှ ဗမာစကားမပြောဘူးလေ။ အဲဒါကြောင့် တတ်သွားတာတဲ့။ သူတို့ အကြောင်း မေးကြည့်တယ်။

တစ်ယောက်က မြင်းခြံနယ်ထဲက ရွာတစ်ရွာက။ တစ်ယောက်က ပခုက္ကူနယ်ထဲက ရွာတစ်ရွာက။ မြင်းခြံသူက ဆယ်တန်း မအောင်ဘူး။ ပခုက္ကူသူက ဆယ်တန်းအောင်ပြီးတဲ့။ ဘာလို့ ကျောင်းဆက်မတက်ကြတာလဲဆိုတော့ “ပိုက်ဆံမရှိလို့” တစ်ခွန်းတည်းပဲ ထွက်လာကြတယ်။ ကျွန်တော်က ကျွန်တော်တို့ပဲ ပိုက်ဆံမရှိလို့ ကျောင်းကနေ ညီထုတ်လိုက်၊ ညီမထုတ်လိုက်၊ တူ ထုတ်လိုက်၊ တူမထုတ်လိုက် လုပ်နေရတယ် မှတ်နေတာ။ သူတို့လည်း ပိုက်ဆံမရှိလို့ ကျောင်းဆက်မတက်ရဘူးကိုးလို့ သိရတော့ သူတို့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ပိုက်ဆံမရှိလို့ဆိုပြီး သူတို့လာရတဲ့ နယ်မြေက အနက်ရောင်နယ်မြေ။ လာရပုံက သူတို့နယ်ကနေ နီးစပ်ရာမြို့တက်၊ တောင်ကြီးလာ၊ ဆီဆိုင်လာ၊ အနီးဆုံးရွာကို ကြုံရာနဲ့လိုက်လာ၊ ရွာကို နှစ်နာရီလောက်လမ်းလျှောက်လာ၊ ရွာရောက်တော့ ပြောစရာ စကားမရှိ။ ဘယ်သူမှ ဗမာစကားမတတ်၊ ရေရှား၊ အလွန်ပူတဲ့ နေရာကနေ အမြဲ မြူအုံ့ဆိုင်းနေပြီး လေပြင်းတွေ တဝူးဝူးတိုက်ခတ်နေတဲ့ နေရာမှာ။ ရောက်စက သုံးလလောက်ကို ငိုတယ်ဆိုပဲ။ ခုထိတော့ ကျောင်းသားက ၅ဝ နှင့် အမြင့်ဆုံးအတန်းက သုံးတန်းပဲ ရှိပါသေးတယ်။ ဒီနှစ်ဆိုရင်တော့ လေးတန်းအောင်တဲ့ ကျောင်းသားတွေ ရှိနေလောက်ပါပြီ။ ငါးတန်းကျောင်းကို ဆက်ထားနိုင်မယ် မထားနိုင်ဘူးဆိုတာကျတော့ မသိရပါဘူး။ ချီးကျူးမိတာက ဆရာမတွေကိုပဲ။ ပအိုဝ်းစကားကို တတ်အောင်သင်ပြီး ကိုယ့်ဘဝအတွက် လုပ်ရင်း အများအကျိုးကို သယ်ပိုးရသူဖြစ်သွားကြတာ။

နောက်တစ်ရွာကျွန်တော် ရောက်ဖြစ်တာက တောင်ကြီးမြို့နယ်ထဲက ဓနုစကားပြောတဲ့ ရွာတစ်ရွာကိုပါ။ ကျွန်တော်က ဘာအကျင့်မှန်း မသိဘူး။ ရွာတွေဘက် ရောက်ဖြစ်ရင် စာသင်ကျောင်းကို စုံစမ်းမိနေတယ်။ ခုလည်း စုံစမ်းရင်း စာသင်ကျောင်းဘက် ရောက်သွားတယ်။
“ကျောက်သင်ပုန်းကို ကြေ့၊ မျှော်ရလား”
“မျော်ရတယ် ဆရာမ”
“လိုက်ကူးရေး”
ဆရာမက ဓနုလို ပြောပြီး သင်နေတာကို တွေ့လိုက်ရတယ်။
“ဆရာမ ဗမာလို ပြောပြီး မသင်ဘူးလား”
“ဗမာလို ပြောရင် သူတို့ နားလည်သလိုလိုနဲ့ နားမလည်ဘူးရယ်” တဲ့။ ဟုတ်ပါတယ်။ ဓနုစကားက တော်တော်ဂွကျတယ်။ ဗမာစကားကနေ ခွဲထွက်လာတဲ့ စကားဆိုတော့ အတော်ကသိ ကအောက်နိုင်ပါတယ်။ ပြီးတော့ ဟထိုးသံမပါဘူး။ ဟထိုးတော်တော်များများ ပြုတ်နေတယ်။ ပြီးတော့
“ထိုင်ပါ” ဆိုရင် “ထိန်ပါ”
“အိပ်ချင်ပြီလား” ဆိုရင် “အိုက်ချင်ပြီလား”
“အိုက်တယ်” ကျတော့ “အိပ်တယ်”
“မြင်ရလား” ကိုလည်း “မျော်ရလား”
“ဘာလဲ” ဆိုရင် “ဘဇာဟီး”
“ဟေ့ကောင်” ကိုဆိုရင် “ပဲ့”
“-ိုင်” ကို “-ိန်” လို့ဖတ်တာတော့ အဆိုးဆုံးပါပဲ။ နောက်တစ်ခုက “ကဲတယ်” ဆိုတာကို တွင်တွင်ကျယ်ကျယ်သုံးတတ်ကြတယ်။ အဲဒီ စကားရဲ့ အဓိပ္ပါယ်က “ကြိုးစားတယ်” ဆိုတဲ့ အဓိပ္ပါယ်ထွက်နေတယ်။ ဒီတော့ ဆရာမက ကျောင်းသားကို “စာကြိုးစား” လို့ ပြောချင်ရင် “စာကဲကဲကျက်” လို့ ပြောရပါတယ်။ အလုပ်လုပ်နေသူတစ်ယောက်ကို “နင်ကဲလိုက်တာ” လို့ ပြောပါတယ်။ သွားရာမှာ လာရာမှာ နေရာမှာ လုပ်ရာမှာ “ပျင်းတယ်” ဆိုတဲ့ စကားရဲ့ ဆန့်ကျင်ဘက် “ပျော်တယ်” ရှိပေမယ့် “အလုပ်လုပ်လို့ မပျင်းတာ” တစ်ခုခု ကြိုစားဖို့ မပျင်းတာကျတော့ မြန်မာမှာ “ပျော်တယ်” မဟုတ်ဘဲ ဘာဖြစ်လို့ ကြိုးစားတယ် ဖြစ်ရလဲ မသိဘူးနော်။ တကယ်ဆို “ကဲတယ်” ကို သုံးကြသင့်တယ်။ ပြောကြည့်တာပါ။ အကယ်၍များ ဓနုတစ်ယောက်ယောက်က သင့်ကို “ကဲတယ်” လို့ ပြောလာရင် စိတ်မဆိုးဖို့လည်း ပြင်ထားသင့်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။ ပိုစ့်မရေးတာကြာလို့ မှတ်မိဖြစ်နေတဲ့ ရွာတွေ ဘက်လျှောက်သွားရင်း တွေ့ခဲ့ရတဲ့ ဆရာမတွေ အကြောင်း တွေးမိလို့ပါ။ ဆရာအကြောင်း မပါဘူးလားမမေးနဲ့။ ဆရာက ဆယ်ကျောင်းသွားလု့ိ တစ်ယောက် တွေ့ရတာ မဟုတ်ဘူး။ ဆရာမတွေရဲ့ အခက်အခဲ။ ကျောင်းဆက်မတက်နိုင်သူရဲ့ အခက်အခဲ။ စားဝတ်နေရေး အခက်အခဲ စတဲ့ အခက်အခဲတွေဟာ လူ့အခက်အခဲတွေလား။ ဘဝရဲ့ အခက်အခဲတွေလား။ ဒီမှာပဲ ရှိလား။ တခြားတွေမှာကော ရှိသေးလား။

One comment

  • kopauk mandalay

    July 17, 2010 at 11:51 am

    ငွေမရှိလို့ ပိုက်ဆံမတတ်နိုင်လို့ ပညာမသင်ရတာနဲ့ တေပေလေလွင့်ပြီး အချိန်အလဟဿကုန်သွားတဲ့လူတွေထက်စာရင်
    ညီလေးပြောပြတဲ့ ဆရာ ဆရာမ တွေတင်မက လူ့လောကကို
    တစ်ဒေါင့်တစ်နေရာက နေပြီး အကျိုးပြုနေသူတွေကို လေးစားနေပါတယ်။

Leave a Reply