“ဘာပဲပြောပြော ရာဇဝင်ရှိတယ်”(EPISODE 23) END
တရုတ်မကြီး ဒေါ်ယင်းမာရဲ့ “ရွှေစင်တစ်ထောင် ပုံဆောင်စကား” (A Thousand Pieces of Gold by Adeline Yen Mah) စာအုပ်ကလေးကို ဖတ်ရှုခံစား ရေးသားမျှဝေလာခဲ့တာ စက်တင်ဘာ ၂၉ ရက်ကတည်းကဆိုတော့ အခုဆို တစ်လခွဲတင်းတင်းပြည့်မှပဲ ဆုံးခန်းတိုင်သွားတာ ခေါင်းပေါ်က အထုပ်တစ်ခု လိုရာအရောက် ပို့ပေးလိုက်ရသလို လွတ်လပ်ပေါ့ပါးပြီး စိတ်ထဲမှာလည်း အတိုင်းအတာတစ်ခုထိ ကြေနပ်သွားပါတယ်။ ဝတ္တရားကြီးတစ်ရပ်လို ရေးခဲ့တာ မဟုတ်ပေမယ့် ဘယ်အထိရောက်မှာလဲ သိချင်စိတ်နဲ့ လျှောက်ခဲ့တဲ့ လမ်းတစ်ခုအဆုံးထိရောက်ခဲ့ရတော့ ကိုယ်လိုပဲ စိတ်ရှည်လက်ရှည် လိုက်ဖတ်နေကြတဲ့သူတွေနဲ့ “ဒါက ဒီလိုရှိတယ်” အတွေးအမြင်ချင်း ဖလှယ်ဖို့ လိုပါသေးတယ်။ စာတစ်ပုဒ်စီ တစ်ပုဒ်စီကို ပုလဲလုံးကလေးတွေလို ရင်ထဲကခံစားလို့ အုထုတ်လိုက်ပြီးတဲ့အခါ အဲဒီပုလဲလုံးကလေးတွေကို သီကုံးပေးဖို့လည်း လိုဦးမှာပေါ့။ ဒါမှလည်း အများသူငါ လည်မှာဆွဲလို့ တင့်တယ်မယ် မဟုတ်ပါလား။ ဆရာမကြီးကတော့ သူ့ဘဝ သူ့ခံစားချက်ကလေးတွေကို စကားပုံကလေးတွေနဲ့ ယှက်နွယ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က တရုတ်ရာဇဝင်သမိုင်းကြောင်း နောက်ခံကလေးတွေ ဖော်ဖော်ပြီး ယက္ကန်းကလေးများယက်သလို အတိုင်အဖောက်ညီညီနဲ့ အစက အဆုံးတိုင် ဆွဲခေါ်သွားပါတယ်။
ကိုယ်ကရော ဘယ်လိုဖတ်ခဲ့ ပြန်ရေးထုတ်ခဲ့သလဲ။ ပြောရရင် ကိုယ့်ဘာသာကိုယ်တောင် အံ့ဩမိတယ်။ အဲဒီစာအုပ်ကလေးကို အမ်းဆေးရုံမှာ တာဝန်ကျတဲ့ လက်ထောက်ဆရာဝန် ဆရာသန်းထွန်းဦးဆီက ရပါတယ်။ (ကျေးဇူးအထူးတင်ရှိပါကြောင်း) သူလာပေးတဲ့အခါ မကြားဖူးတဲ့နံမယ် နဲ့ အင်္ဂလိပ်လိုကလည်း ရေးထားတာဆိုတော့ အမှန်အတိုင်းပြောရရင် စိတ်ကို မလာဘူး ဖတ်ဖို့။ တနေ့တော့ ဝမ်းနာလာလို့ လက်လှမ်းမီရာ စာအုပ်ကောက်ဆွဲပြီး အူရှီးခြေကျဉ် သိုင်းကွက်နဲ့ ဖတ်လိုက်မိတဲ့အခါ “အလဲ့ ဘယ်ဆိုးလို့လဲ” လို့ မျက်ခုံးကလေးပင့်ပြီး တစ်ပုဒ်ပြီးအောင် ဆက်ဖတ်မိသွားပါလေရော။ စာရေးသူပြောသလို သူရေးတဲ့စာအပေါ်မှာ အတွေးနယ်ချဲ့ပြီး ဉာဏ်ကွန့်မြူးနိုင်ပါစေ ဆိုတဲ့ ဆုတောင်းဟာ ကိုယ့်ဆီမှာ ဒက်ထိကြီး လာပြည့်နေပါတယ်။ ဟုတ်ပါရဲ့။ ဖတ်ပြီးပြီးချင်း တွေးစရာတွေ အများကြီးပဲ။ သူရေးတဲ့ သူ့ဘဝနဲ့ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိလာတာ ရှိသလို သူနောက်ခံသရုပ်ဖော်တဲ့ သူတို့သမိုင်းနဲ့ ကိုယ်မတောက်တခေါက်သိထားတဲ့ ကိုယ့်သမိုင်းနဲ့လည်း ချိန်ထိုးကြည့်မိတယ်ဗျ။ ဒီအခါမှာ ကိုယ်တို့ချစ်သောအမကြီး ပြောခဲ့သလို “ပြောပြစရာတွေကလည်း တပုံကြီး ရှိသေးတယ်ရှင့်” ဖြစ်လာလို့ နောက်တစ်ပုဒ်တောင် ဆက်မဖတ်နိုင်ဘူး။ အဲဒီအတွေးလေးတွေ ပျောက်မသွားခင် တခါတည်း လက်တန်းပြီး ဘာသာပြန်ရတော့တာပါပဲ။ ဘာသာပြန်တယ်ဆိုပေမယ့် လုံးစေ့ပတ်စေ့တော့ လုံးဝ မဟုတ်ရပေါင်။ သူဘာပြောချင်သလဲ ဘာပြောသွားသလဲဆိုတာကို အမိအရဖမ်းပြီး ကိုယ်တို့ မြန်မာတွေ နားလည်နိုင်အောင် ဘယ်လိုပြန်ပြီး ရေးပြရမလဲ ဆိုတာကိုပဲ အလေးထားခဲ့ပါတယ်။ ဒါပေမယ့် လိုရင်းကိုတော့ ခြုံငုံမိလိမ့်မယ် လို့ ကိုယ့်ဘာသာကိုယ်တော့ ထင်မြင်မိပါတယ်။ သူက တရုတ်စကားပုံနဲ့ ပြောထားတယ်။ အဲဒီလို အဓိပ္ပါယ်ထွက်တဲ့ မြန်မာစကားပုံရော ကိုယ့်ဆီမှာ မရှိဘူးလား။ ရှိရင် ဖလှယ်ထည့်လိုက်တာပေါ့။ သူက သူတို့တရုတ်ပြည်မှာ သည်လိုပဲ ရှိတယ် လို့ ပြောထားရင် ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း သည်လိုပဲ ရှိတာတွေ မြင်ယောင်လာတာပေါ့။ သူတို့တရုတ်တွေမှ မဟုတ်ပါဘူး။ တို့ မြန်မာတွေမှာလည်းပဲ ဘာပဲပြောပြော ရာဇဝင်ရှိပါတယ်။
အခက်အခဲတစ်ခုရှိနေတာကတော့ ကိုယ်က တရုတ်လူမျိုး မဟုတ်တာပါပဲ။ အညာဆက်နဲ့ တောရုပ်မပျောက်တပျောက်ကောင်ကို မျက်ပေါက်ကျဉ်းပြီး အသားလတ်ရုံကလေးနဲ့ တရုတ်အရေခြုံလို့ မရပြန်ပါဘူး။ ဒါတောင် လောက်ကိုင်မှာနေတုန်းက တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်ခဲ့ပါတယ်။ ဆေးကု ဈေးဝယ်လောက်တော့ လည်လည်ဝယ်ဝယ်ရှိတာပေါ့။ ဒါပေမယ့် တရုတ်ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကျတော့ ကိုယ်နဲ့တော်တော်စိမ်းနေတာပါ။ တရုတ်နံမယ်တွေဆို လောင်အဲတို့ အားချန်တို့လောက်သာ ရင်းနှီးတာမို့ အခု သိုင်းဝတ္ထုထဲကလို ဆန်းပြားတဲ့နံမယ်တွေနဲ့ ဇာတ်ကောင်များစွာကို ကိုင်တွယ်ရတဲ့အခါ ခဏခဏ ပြန်လှန်လေ့ကျင့်ခန်းလုပ်ရပါတယ်။ ကိုယ်လည်သလို စာဖတ်တဲ့သူတွေ မျက်စိလည်ကုန်မှာစိုးလို့ မြန်မာမျက်စိနဲ့ နားယဉ်လွယ်တဲ့ အသံကလေးတွေကို ဖလှယ်ထည့်မိပါတယ်။ ဒီအခါမှာ တရုတ်လူမျိုး စာဖတ်ပရိသတ်များအတွက် အသံထွက်တွေ လွဲကုန်ပါလိမ့်မယ်။ ဒါပေမယ့် ကရဝိက်ဖောင်တော်ကို အဘိဓါန်ထဲရှာပြီး ဗြဟ္မဏဝမ်းဘဲပုံသဏ္ဍာန်လှေ လို့ မရေးမိအောင်တော့ သတိထားရပါတယ်။ (မထားလို့ ရမလား။ သူများကျ ပြောထားတာ ပြစ်ပြစ်နှစ်နှစ်) တကယ်လို့များ သည်မှတ်စုတွေကိုမှ စာအုပ်ထုတ်ဝေချင်တဲ့သူ ရှိမယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ တရုတ်မိတ်ဆွေတစ်ယောက်ယောက် ရှာပြီး နံမယ်တွေကို အသံထွက်မှန်နဲ့ အစားထိုးချင်ပါတယ်။ ဒါပေမယ့် အဓိကရည်ရွယ်ချက်က တရုတ်နံမယ် မူမှန်အသံမှန်ထွက်ရေး မဟုတ်တာကြောင့် လောလောဆယ်တော့ နားလည်ခွင့်လွှတ်နိုင်လိမ့်မယ် ထင်ပါရဲ့။
နောက်ထပ်ခွင့်လွှတ်စေချင်တာကတော့ တချို့ဇာတ်ကောင်တွေကို အသက်ပိုဝင်လာစေချင်တဲ့အတွက် မျက်စိထဲ မြင်ယောင်လာအောင် အုန်းကျွန်းတွေထည့်ပြီး သရုပ်ဆောင်ခိုင်းရပါတယ်။ ဥပမာ ဂျောင်ကော ကုန်းကုန်းဆိုရင် သင်းကွပ်ထားတဲ့ ရှင်ဘုရင့် အပါးတော်မြဲတစ်ယောက်ဖြစ်ပြီး အခြောက် မိန်းမရှာ တစ်ယောက်တော့ မဟုတ်ပါဘူး။ ယောကျင်္ားတစ်ယောက်ကို သင်းကွပ်လိုက်ရုံနဲ့ အဲသည်ယောကျင်္ားဟာ အခြောက်၊ ဒါမှမဟုတ် လိင်တူခြင်းဆက်ဆံသူ၊ ဒါမှမဟုတ် မိန်းမလိုဝတ်စားနေထိုင်သူအဖြစ် ပြောင်းမသွားပါဘူး။ အနောက်နိုင်ငံတွေက ဂရိဒဏ္ဍာရီထဲမှာ တချို့နတ်ဘုရားတွေ ယောင်္ကျားချင်း ဆက်ဆံကြပေမယ့် အရှေ့တိုင်းက သမိုင်းအထောက်အထားတွေမှာ အဲသည်ကိစ္စ ရှေးရှေးကတည်းက ရှိခဲ့တယ်လို့ မဖတ်ခဲ့ဖူးပါဘူး။ ဗုဒ္ဓစာပေထဲက နပုန်းလိင်ဆိုတာ Intersex သာဖြစ်ပြီး Homosexual လို့ ပြောလို့ မရပါဘူး။ မောင်မစ္စကဟာလည်း Transexual လို့သာ ပြောလို့ရပါမယ်။ ဆိုလိုချင်တာက အဲသည်ယဉ်ကျေးမှု အရှေ့တိုင်းမှာ မထွန်းကားခဲ့ဘူး လို့ တွေးမိတာပါ။ တလက်စတည်း တောင်းပန်ရမှာက အဲသည်ဟိုမိုတွေကို ဂုံးရုပ်၊ လူပြက်ရုပ်ထားပြီး ချိုးချိုးဖဲ့ဖဲ့ နှိပ်ကွပ်တယ် ထင်မှာစိုးလို့ပါ။ သို့သော်လည်း အဓိကကျတဲ့ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်ကို စကားလုံး အသုံးအနှုန်းသက်သက်နဲ့ ဖတ်တဲ့သူတွေ မျက်စိထဲမှာစွဲသွားအောင် သရုပ်ဖော်ဖို့ကျတော့ အဲဒီလို မာမီခန်းက မကခိုင်းရင် သိပ်ဖတ်လို့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဂျောင်ကောကို မာမီဂျောင်လုပ်ထားတဲ့ကိစ္စဟာ သူ့ကို အဲသည်ဇာတ်ရုပ်နဲ့ အကယ်ဒမီရစေချင်လို့ ဖြစ်ပါတယ်။ နှိပ်ကွပ်လိုတဲ့သဘော၊ ရာဇဝင်တွေ ကပြောင်းကပြန် ဖြစ်စေချင်တဲ့သဘော မပါပါဘူး။ သားသားစာဖတ်တဲ့ မာမီဘော်ဘော်တွေလည်း သွေးပုချိ သွေးပုချိပါနော်။ ဒီလိုအမွှေဇယားမျိုး မာမီတို့ကလွဲရင် ဘယ်သူမှ နိုင်နိုင်နင်းနင်း မခင်းတတ်လို့ စစ်ကူခေါ်ရပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီး သတိထားမိတာတစ်ခုကတော့ စုစုပေါင်း ဘီစီ ၂၆၅ ကနေ ၁၉၅ အထိ နှစ်ပေါင်း ၇ဝ အတွင်း အင်ပါယာအကြီးကြီးတစ်ခုကနေ နောက်တစ်ခုကို လူသန်းပေါင်းများစွာ အလူးအလဲ ကူးပြောင်းခဲ့ကြတဲ့ သမိုင်းဖြစ်စဉ်ကြီးမှာ မိန်းမသားဆိုလို့ ဇာတ်လမ်းအစက လျူဖုဝေကြီးရဲ့ ပူတူတူးကလေးရှောင်ကျိနဲ့ ဇာတ်လမ်းအဆုံး လျူဘန်ကြီးရဲ့ အလန်းဇယားလေး ယုကြည်ရယ် ကိုယ်လုပ်တော်မိန်းကလေးနှစ်ဦးရဲ့အမည်သာ သမိုင်းမှတ်တမ်းအတင်ခံရပါတယ်။ အဲသလောက်ဆိုရင် တရုတ်ပြည်နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ နေရာကို ခန့်မှန်းကြည့်စရာတောင် မလိုတော့ပါဘူး။ ရာဇဝင်ထဲက တရုတ်မိန်းမသားတွေရဲ့ဘဝဟာ အလှအပ အဆင်တန်ဆာလောက်သာ သဘောထားခံရပြီး၊ နန်းညွန့်နန်းလျာ မွေးပေးစရာစက်တော်ဘက်၊ ရှင်ဘုရင်သေတဲ့အခါ ဂူသင်္ချိုင်းထဲ အရှင်လတ်လတ် ထည့်မြှုပ်စရာ ကိုယ်ပိုင်ပစ္စည်းတစ်ခုလို့သာ သဘောထားကြတာတော့ စိတ်မကောင်းမိပါဘူး။ ဒါကြောင့်မို့ သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ ရပ်တည်မှုခိုင်မြဲရေး ကြံဆရတဲ့အခါ နောက်ဆုံးဧကရာဇ် ပုယီရဲ့ မယ်တော်လို မီးပုံးနီအိမ်က ကညာပျိုကလေးတွေဆီမှာ ကျူရှင်သွားတက်ပြီး တစ်နန်းတော်လုံး ဗြောင်းဆန်သွားအောင် မယ်မယ်ဘုရား ဓါးထမ်းအုပ်ချုပ်တဲ့ဇာတ် ကတာနေပါလိမ့်မယ်။ ဒီအလေ့အထဟာ နှစ်ဆယ်ရာစုတိုင်အောင်လည်း ပျောက်ပျက်မသွားသေးပါဘူး။ မော်စီတုံးကတော်ကြီးကို ခုံရုံးတင်တဲ့အခါ သူက သူ့ကိုယ်သူ မော်ရှူးတိုက်ရင် ကိုက်ရတဲ့ ခွေးကလေးပါ လို့ သုံးနှုန်းချေပသွားတာကြည့်ရင် သိနိုင်ပါတယ်။
တချို့လူတွေအတွက် သည်စာတွေဟာ လေးလေးကြီးနဲ့ ပျင်းစရာကောင်းနေလိမ့်မယ် ထင်ပါတယ်။ အထူးသဖြင့်တော့ ဘယ်အရာကိုမှ လေးလေးနက်နက် အာရုံမစိုက်နိုင်သေးတဲ့လူငယ်တွေအတွက် ဘာတွေပြောနေမှန်းမသိ ဟိုရောက်သည်ရောက်နဲ့ဆို အရသာ တွေ့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီစာတွေက ဖတ် ဝါး ထွေးပစ် ဆိုတဲ့ ပီကယ် ကွမ်းယာစာမျိုး မဟုတ်ပါဘူး။ သိုင်းဝတ္ထုများလို နောက်ပြီးဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ဖတ်ရတာလည်း မဟုတ်ဘူး။ ဖတ်နေရင်း အတွေးအမြင်တစ်ခုရလာရင် ကိုယ်ပိုင်အတွေးအမြင်နဲ့ ပြန်သုံးသပ်၊ ပြန်တွေး၊ အချင်းချင်း ဆွေးနွေး၊ အဲလိုဖတ်မှ ဘာနဲ့မှ မတူအောင် အရသာတွေ့ပါလိမ့်မယ်။ “သူ့စာတွေ အကုန်လိုက်ဖတ်ရအောင် ဘယ်သူမှ အားနေတာ မဟုတ်ဘူး။ တို့က တစ်ကြောင်းနှစ်ကြောင်းဖတ်လိုက်ရင် ဘယ်ကိုရောက်မလဲ တန်းဓါတ်တာ။ ဒုံးမဝေးဘူး။” ဆိုလည်း လိုချင်ရာသာ ကျော်ဖတ်ကြပါတော့။ ကျွန်တော်ကတော့ ဒီတစ်ပုဒ် မပြီးသေးရင် နောက်တစ်ပုဒ်ကိုတောင် ကျော်မဖတ်သေးပါဘူး။ တွေးစရာတွေ ကျန်ခဲ့မှာစိုးလို့။ အဲဒါကြောင့် စာဖတ်သူက သည်ဇာတ်လမ်းကတော့ လျူဘန်တို့ ရှန်းယုတို့ ပါဝါပြိုင်ကြတဲ့အထိရောက်တော့မယ် လို့ မှတ်ချက်ပေးတဲ့အချိန်မှာ ကိုယ်က အဲဒီနံမယ်တွေ ကြားတောင်မကြားဖူးသေးပါဘူး။ ဖတ်နေတာ အဲဒီအထိမှ မရောက်သေးပဲနဲ့။ တစ်ပုဒ်တင်ပြီး၊ ကွန်မန့်လေးတွေဖတ်လို့ပြီးမှ နောက်တစ်ပုဒ်ဖတ်၊ ဆုံးရင် တစ်ပိုဒ်ချင်း ဖတ်လိုက် ပြန်လိုက် ရေးလိုက်နဲ့ ဆိုတော့ အာရုံတွေ ပြန့်သွားမစိုးလို့ နောက်တစ်ပုဒ်မတက်ဘူး။
တခါတခါမှာ စာကရှည်လွန်းလို့ ဖတ်ရတာ စိတ်မရှည်တော့ဘူးဆိုလို့ မလိုတာတွေ ချန်ထားခဲ့ရကောင်းမလား စဉ်းစားပါသေးတယ်။ ဒါပေမယ့် အခုအပုဒ်ထဲမှာသာ ပိုနေသလိုရှိတာ။ အဲဒါက နောက်အပုဒ်ထဲကျတော့ ပြန်ကောက်ပြီး ရှေ့ကိုသီသွားမှာဆိုတော့ ကွင်းဆက်ပြတ်သွားမစိုးလို့ ချန်မထားရဲပါဘူး။ (လူတိုင်းကြိုက်မယ့်စာကလေး ရေးပြစမ်းပါဆိုရင်တော့ ကျုပ်က နှစ်လုံးပဲ ရေးလွှတ်လိုက်မှာဗျား။ “ပိုက်ဆံ” လို့)။ ဒါပေမယ့် ကိုယ့်စာကို သေသေချာချာဖတ်ပြီး သက်ဆိုင်ရာ စာအုပ်စာတမ်း ဗီဒီယို ရုပ်ရှင်တို့ ရှာဖွေ ကြည့်ရှုကြသူများ အတွေးအမြင်ဖလှယ်သူများကို တွေ့ရတော့ တော်တော်အားရမိပါတယ်။ ကိုယ်ကလည်း ကြည့်ချင်လိုက်တာမှ တပိုင်းသေလို့။ သူတို့ပေးတဲ့လင့်ခ်နဲ့ ကာလံဒေသံနဲ့ကျတော့ ထန်းပလပ်ခြောက် နတ်တင်တာကမှ လမိုင်းကပ်ချင်ကပ်ဦးမယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်စာမကြိုက်တိုင်း ဟိုနှယ်သည်နှယ် မပြောလိုပေါင်ဗျာ။ နှမ်းဖတ်ချဉ်လည်း နှမ်းဖတ်ချဉ်ပေါ့။ ခွေးချေးလည်း ခွေးချေးပေါ့။ ပုံပြင်ကြားဖူးမှ နားလည်မယ့်စကားဆိုတာ အဲဒါမျိုးကို ပြောတာပါ။ စာရေးတဲ့အခါ စကားတွေအများကြီးနဲ့ ဗာရာဏသီချဲ့နေမယ့်အစား လူတိုင်း မြင်ထားသိထားတဲ့ အလုံးကလေးတွေ ပစ်သွင်းလိုက်ရင် တစ်ခါတည်း ထိထိမိမိ သဘောပေါက်သွားတာ၊ နားလည်လွယ်သွားတာတွေ ရှိပါတယ်။ ဒါပေမယ့် မျက်မမြင်ကို ကျွဲနို့ထမင်းသွားတိုက်ပြီး ကျွဲဆိုတာ ဘယ်လိုအကောင်မျိုး ဥပမာပေးမိရင်တော့ ဟိုကနောက်ဆို တံဇဉ်မြင်တိုင်း နို့ညှစ်ခိုင်းတော့မှာဗျား။ ကဲ ကြားဖူးသလားဗျာ။ နှမ်းဖတ်ချဉ်ပုံပြင်၊ ကျွဲနို့ထမင်းပုံပြင်။ ဖတ်ဖူးကြားဖူးရင်တော့ ကျွန်တော်ဘာပြောနေမှန်း ခွပ်ကနဲ ဓါတ်တာဗျား။ ဆိုကြပါစို့ဗျာ။ လျူဘန်ကြီး မြားမှန်တော့ မနာချင်ယောင်ဆောင်ပြီး သူ့တဲနန်းအရောက်ပြန်တဲ့အခါ ရဲမက်တွေက “အမေ ပူလားအမေ” လို့ မေးလိုက် သူက “သားရေ ပူဘူးတော့” လို့ ဖြေလိုက်လုပ်ပြီး ပြန်သွားတယ်ဆိုတာကို မြန်မာအငြိမ့်တစ်ခါမှ မကြည့်ဖူးတဲ့သူတွေ ဘာပြောမှန်း မသိနိုင်ပါဘူး။ ငြိမ်းချမ်းကြီး အမေဂျမ်းဝင်ပူးပြီး ဖယောင်းစက်တွေချတဲ့ပြက်လုံးကို ပြန်ကောက်ထားတာကိုး။ ကျွန်တော်တို့က ကျွန်တော်တို့ချင်း မြင်ကြားထားတဲ့နောက်ခံဇာတ်လမ်းကို အစဖော်လိုက်ရင် လုံလောက်ပေမယ့် သူများလူမျိုးနဲ့ကျတော့ စကားပြန်လုပ်ပေးနေရတာနဲ့တင် ပြက်လုံးဆုံးကုန်ရော။ အတူတူပါပဲ။ သူတို့ တရုတ်သဘာဝ ချိတ်ဆက်ပြောဆိုနေတာကျပြန်တော့လည်း ကိုယ်တွေနဲ့ နားဝေးတာပေါ့။ ဟုတ်ဘူးလား။
ဘာသာစကား ယဉ်ကျေးမှုအခြေခံချင်းမတူပေမယ့် ဒီစာအုပ်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ခံစားမိလိုက်တာ တစ်ခုကတော့ ဒေါ်ယင်းမာပြောတဲ့ တရုတ်ဖြစ်ရတဲ့အရသာ ဆိုတာပါပဲ။ ဂျက်လီတို့၊ ဂျက်ကီချန်းကြီးတို့ ရုပ်ရှင်တွေထဲမှာ ရွှံ့ရုပ်စစ်သည်တွေနဲ့ ဘာတွေလုပ်ပြနေမှန်းမသိပါဘူးဆိုတာ လက်စသတ်တော့ ပထမဧကရာဇ်ကြီး မသေဆေးရှာတဲ့ ဖာတ်လမ်းကို ပြောတာကိုး။ ပီကင်းအော်ပရာကတဲ့ တုံချန်တုံချန် မုတ်ဆိပ်ရှည်ကြီးနဲ့ ဓါးကောက်ကြီးတရမ်းရမ်းလုပ်နေတာ “င်္Farewell to my Concubine” ထဲမှာ ကြည့်လိုက်ရတော့ သေသေချာချာ နားမလည်ပါဘူး။ ပိရှ၊ ဖူးရယ်၊ ဝမ်းရှတွေပဲ ကြားတယ်။ အခုသည်ဇာတ်လမ်းဆုံးတော့မှပဲ အဲဒါ ရှန်းယုကြီး သူ့ချစ်တုံးကလေးကို ချူနိုင်ငံသီချင်းဆိုပြိး နှုတ်ဆက်တဲ့ ငိုချင်းကလေးပါလား လို့ သဘောပေါက်တော့တယ်။ တရုတ်ဘုံကျောင်းတံခါးဝက မျက်နှာနီ မျက်နှာမည်း စစ်သူကြီးနှစ်ယောက်ဟာ ဘယ်သူတွေမှန်း ခုမှပဲ သိရတော့တယ်။ (မှားရင်လည်း ပြောဦးဗျနော်။ ကျိတ်ရယ်မနေကြနဲ့)
အင်မတန် အကျိုးရှိတာတစ်ခုကတော့ တရုတ်ရာဇဝင်သမိုင်းအပြင် နိုင်ငံရေးနောက်ခံ ကားချပ်ကလေးလည်း ခပ်ဝါးဝါး တွေ့လိုက်ရလို့ပါ။ ဆွန်ယက်ဆင်၊ ချန်ကင်ရှိတ်၊ မော်စီတုံးဇာတ်ကြောင်းကို နကန်းတစ်လုံး နားမလည်ခဲ့တော့ သူတို့တရုတ်နိုင်ငံနဲ့ ကိုယ်တွေနဲ့ နိုင်ငံရေးချင်းဆက်စပ်မှု ရှိနေတာကိုလည်း ဘယ်သဘောပေါက်နိုင်ပါ့မလဲ။ တို့အစိုးရဟာ အလကားနေ တရုတ်ချည့် ပြေးပြေးကပ်နေတာပဲ။ အဲဒီတရုတ်ကြီးတွေကလည်း သူ့ဟာသူမနေဘူး။ မြန်မာ့အရေးဆို ဗီတိုအာဏာကြီး တဝင့်ဝင့်နဲ့ အားကြီးဝင်ဝင်ပါတယ် လို့ ထင်နေတာ။ လက်စသတ်တော့ တစ်လှေတည်းစီးသူချင်းမို့ သူ့လှေ မမြုတ်အောင် ကိုယ့်ဆီက အပေါက် လှမ်းလှမ်းဖာနေတာကိုး။ ၁၉၇၁တုန်းက မော်စီတုံးကြီး ဗိုလ်ချုပ်လင်ဗြောင်ကို လေယာဉ်အစီးလိုက်ပစ်ချပြီးတဲ့နောက် သတင်းတွေအမှောင်ချပြီး တီယန်နန်မင်စကွဲယားမှာ မော်စီတုံးနဲ့အတူတူ မိန့်ခွန်းပဲ ပြောတော့မယောင်ယောင်လုပ်ထားတာ၊ ပြည်ပသတင်းဌာနတွေက အစဆွဲမထုတ်မချင်း ကောလာဟလတွေပါ လို့ မုန်လာဥလုပ်ပုံတွေဟာ သူတို့ကတော့ ပထမဧကရာဇ်ကြီး အလောင်းကို ပုပ်ပွနေတဲ့အထိထားပြီး အစီရင်ခံစာတွေ ဖတ်ပြ၊ အမိန့်ပြန်တမ်းတွေ ထုတ်ပြ လုပ်တာနဲ့ နှိုင်းယှဉ်ပြပေမယ့် ကိုယ်တွေကျတော့ တရုတ်လှရွာအနားမှာ ဘာကြောင့်မှန်းမသိပဲ ရဟတ်ယာဉ်ပျက်ကျသွားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက် ကို ပြေးမြင်မိတာပေါ့။ ခုထက်ထိတောင် တရုတ်သိုင်းဝတ္ထုများလို မည်သို့လုပ်လိုက်သည်မသိ။ မည်သူလုပ်လိုက်သည်မသိနဲ့ ပြည်ဖုံးကားချထားရတယ်။
အဲဒီအကြောင်းကို စကားစပ်မိလို့ ပြောရင်းဆိုရင်းနဲ့မှ နောက်ထပ်သိလာရတာက အဲဒီတီယန်နန်မင် စကွဲယားဆိုတာ ဘာဖြစ်လို့ ကမာ္ဘကျော်သွားရတာလဲ ဆိုတာပါ။ ၁၉၈၉ တုန်းက တီယန်နန်မင်စကွဲယားမှာ ကျောင်းသားပညာတတ်အလွှာခေါင်းဆောင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သိန်းနဲ့ချီပြီး ပစ်သတ်ခဲ့တယ် လို့ ပြောကြပါတယ်။ လူသေတွေ မကောက်နိုင်လို့ လမ်းကြိတ်စက်နဲ့ ကြိတ်ပြီး ဘူဒိုဇာနဲ့ ဖယ်ရှားပစ်ရပါတယ်တဲ့။ အဲဒီရင်ပြင်မှာ တစ်နေ့တည်းသတ်ခဲ့တဲ့ အရေအတွက်ဟာ မြန်မာတစ်နိုင်ငံလုံး ၈၈ အရေးအခင်းမှာ သေခဲ့ရတာထက်စာရင် အဆပေါင်းများစွာ ပိုပါသတဲ့။ ဒီတော့မှ သူတို့ဆီကမီးဟာ ကိုယ့်ဆီကနေ ကူးသွားတာပါလား လို့ တွေးမိလာပါတယ်။ စစ်အေးတိုက်ပွဲပါဆိုပြီး လျူဘန်ကြီးနဲ့ ရှန်းယုကြီးတို့လို ကျားချောင်းချောင်းနေကြတဲ့ အနောက်အုပ်စုနဲ့ အရှေ့အုပ်စုတို့မှာ ဟန်ကျင်းလို ချိန်ခွင်လျှာနင်းပေးစရာမလိုပဲ အရှေ့ဘက်က ပြိုဆင်းသွားရတဲ့ စနက်ဟာ ကိုယ်တို့ဆီက ၈၈ အရေးအခင်းကြီး ဖြစ်နေမှန်း အခုမှပဲ သဘောပေါက်ပါတော့တယ်။ ဒါကြောင့် အနောက်ဘက်ကလူတွေ ကိုယ်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ဘာလို့ သည်လောက်တောင် ဂရုစိုက်နေရသလဲဆိုတာလည်း နားလည်လာပါတယ်။ အာဏာဆိုတာ ပစ္စည်းမဲ့လူတန်းစား လက်ထဲမှာပဲထားထား၊ အရင်းရှင်လူတန်းစား လက်ထဲမှာပဲထားထား၊ စစ်တပ် လက်ထဲမှာပဲထားထား၊ ကြာကြာထားလိုက်ရင် ဘယ်သူမှ မခံနိုင်ပဲ အာဏာရှင်စံနစ် ဖြစ်သွားတယ်ဆိုတဲ့ သက်သေဟာ ကိုယ်တို့မြန်မာနိုင်ငံပေါ့နော်။ ကမာ္ဘပေါ်မှာရှိတဲ့ လက်ဝဲအုပ်စုတွေအားလုံးကို ရှေ့ဆက်သွားရင် လမ်းမှားရောက်တော့မယ်လို့ နမူနာပြသွားတာ မဟုတ်ဘူးလား။
ဘယ်လိုပဲ အငြင်းပွားစရာ ကိစ္စတွေရှိကြသည်ဖြစ်စေ တခါတရံမှာ ဓါတ်ပုံကလေးတစ်ပုံနဲ့ တုတ်ထမ်းဓါးထမ်း ငြင်းခုံနေကြရတာတွေ အဖြေထွက်လာတာလည်း သတိပြုမိပါတယ်။ တီယန်နန်မင်စကွဲယားမှာ ချီတက်လာတဲ့ တင့်ကားကြီးတွေကို ဖယ်မပေးပဲ အသေခံသွားတဲ့ တရုတ်လူငယ်ကလေးတစ်ဦးရဲ့ ဓါတ်ပုံဟာ ကမာ္ဘကျော်ပါတယ်။ သူ့လက်ထဲမှာ ပလာလေ။ တင့်ကားကြီးကတော့ တက်ကျိတ်မသွားလောက်ဘူးလို့ ထင်သလား။ (တို့ဆီမှာလည်း ဂျပန်သတင်းထောက်ကလေးရဲ့ ဓါတ်ပုံ ကမာ္ဘကျော်ခဲ့တာပ)။ လူ့အသက်ဆိုတာ ကိုယ့်အသက် မဟုတ်သေးသရွေ့ သတ်ရတာ လွယ်လွယ်လေးလို့ ထင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ဆန္ဒတွေ သိပ်ပြင်းပြလာတဲ့အခါ မြန်မာနိုင်ငံက စစ်အစိုးရလည်း လိုက်ပြောင်းလဲရတာပဲ။ တရုတ်ပြည်က ကွန်မြူနစ်ပါတီအစိုးရလည်း အပြောင်းအလဲတွေ လုပ်ရတာပဲ။ ဆိုဗီယက်ယူနီယံကြီးတောင် ပြိုကွဲသွားရတာပဲ မဟုတ်လား။ ကမာ္ဘ့သမိုင်းကြီးရဲ့ အဓိကပြောင်းလဲမှု ဖြစ်စဉ်ကြီးတစ်ခုမှာ ကိုယ်တို့ မြန်မာနိုင်ငံက အစပြုသွားတယ်ဆိုတာ အခုမှပဲ တွေးမိပါတော့တယ်။ ဒါပေမယ့် အဲဒီသတင်းချက်အလက်တွေကို တရုတ်အစိုးရကမှ သူ့ဆီမှာ အမှောင်ချထားတာ မဟုတ်ဘူး။ ကိုယ်တို့ဆီမှာလည်း မြန်မာ့ရုပ်မြင်သံကြားက တစ်ခါဖူးမှ မပြဖူးတာ သေချာပါတယ်။
တရုတ်စာရေးဆရာမကြီးက သူတို့တရုတ်ဖြစ်ရတဲ့အရသာကို ရှင်းရှင်းလင်းလင်း ဥပမာတွေဆောင်ပြီး ရေးသွားတဲ့အတွက် ကိုယ်လည်းပဲ အဲဒီတရုတ်အရသာ လိုက်ခံစားလို့ ရလာသလိုပဲ ကိုယ်တို့ မြန်မာဖြစ်ရတဲ့အရသာကရော ဘယ်လိုနေပါလိမ့်လို့ ဆက်တွေးကြည့်မိပါတယ်။ အာရှတိုက်မှာ အင်မတန်မှ ယဉ်ကျေးမှု အစဉ်အလာကြီးတဲ့ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယနွယ်ဖွား ကုလားလူမျိုးတွေ အကြားမှာ (ကျွန်တော့်မိဘဘိုးဘွားများလည်း သူတို့ကို ကုလားလို့ပဲ နာမ်စားသုံးပါတယ်) အရောအနှောကင်းတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့ သမိုင်းစဉ်တလျှောက် ရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာ ဂုဏ်မယူတတ်ဘူးဆိုလို့ရှိရင် အဲဒီလူဟာ မြန်မာဖြစ်ဖို့တောင် မထိုက်တန်ပါဘူးလို့ ပြောချင်ပါတယ်။ မွေခံထိုက်စေဆိုတဲ့ မြန်မာစကား ကြားဖူးတယ် မဟုတ်လား။ ဘာဖြစ်လို့ဆိုတော့ ရေမြေပိုင်နက်အမွေ၊ ယဉ်ကျေးမှုအမွေ၊ လွတ်လပ်ရေးအမွေဆိုတာ ကိုယ့်ဘိုးဘေးဘီဘင်တွေက အခုကိုယ်နေနေသလို ကိုယ့်ဝမ်းကိုယ်ကျောင်း၊ ကိုယ့်ထမင်းကိုယ်စားရုံသက်သက်နဲ့ အမျိုးသားအရေးကို စိတ်ဝင်စားမှု မရှိပဲနဲ့ ချန်ထားရစ်လို့ ရနိုင်ကောင်းတဲ့အရာတွေ မဟုတ်ပါဘူး။ အသက် သွေးချွေးတွေ အများကြီး ရင်းခဲ့ရပါတယ်။ ရှေ့ကလူကြီးများ စိုက်ပျိုးရစ်တဲ့ အသီးအပွင့်တွေကို ကျွန်တော်တို့ စားသုံးနေကြပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့ စိုက်ပျိုးထားခဲ့တဲ့ အသီးအပွင့်တွေဟာလည်း နောင်လာနောက်သားများ စားသုံးရစ်ဖို့ အရာတွေသာ ဖြစ်တာပေါ့။
အင်မတန်မှ အင်တာနေရှင်နယ်ဖြစ်တဲ့၊ နိုင်ငံရပ်ခြားတိုင်းတပါးကို အိမ်ဦးကြမ်းပြင် ခြေစကြာလှည့်နေကြတဲ့ သူတွေအဖို့တော့ ရှင်ပြုတုန်းက ရွှေထီးဆောင်းတာတွေ ပြန်ပြန်ကြွားလို့ မဆုံးတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်လို့ မြင်ချင်မြင်ပါလိမ့်မယ်။ မြန်မာပြည်မှာ မြန်မာဖြစ်ရတာ ဘာများကောင်းသလဲ။ ဘာအခွင့်အရေးမှ မရှိဘူး။ မီးမလာတဲ့နေရာတွေ အများကြီး။ သွားရေးလာရေးခက်တဲ့နေရာတွေ အများကြီး။ ခရက်ဒစ်ကဒ်လည်း သုံးမရ၊ နိုင်ငံတကာဘဏ်မရှိ။ အီးဘေးလေးမှ မဝယ်နိုင်။ လူဖြစ်ရကျိုးမနပ်တဲ့ သနားစရာ သတ္တဝါကလေးတွေ လို့ မြင်ချင်လည်း မြင်မှာပေါ့။ ဒါပေမယ့် မြန်မာဖြစ်ရတာ သူများနဲ့မတူပဲ အရသာရှိတာလေးတွေ အများကြီး ရှိပါတယ်ဗျာ။ အမေကြီးကားမှာ အသက် ၂ဝ လောက်ဆို မိဘက တင်ကျွေးထားရတာ တော်တော် ငြိုငြင်နေကြပြီ။ မိဘအိမ်ကပ်နေရတဲ့ဘဝဟာ ကိုယ်တွေဆီမှာ ယောက္ခမအိမ်တက် သားမက်မျက်နှာငယ်တဲ့အဖြစ်ထက် အများကြီးဆိုးတယ်။ အဲသလို စုန်ရေတောင် မမှန်တဲ့နောက်တော့ ဆန်ရေဆိုရင် စဉ်းစားသာကြည့်တော့ဗျာ။
ကိုယ်တို့ မြန်မာတွေဆီမှာတော့ အမေ့အိမ်ဆိုတာ သူမသေမချင်း ကိုယ်မသေမချင်း ထမင်းတက်စား၊ ဒုက္ခအမျိုးမျိုးပေးလို့တောင် အပြုံးမပျက်တဲ့အိမ်ဗျ။ တရုတ်မလေးတွေလို လင်ရတာနဲ့ အိမ်ပေါ်ကကန်ချပြီး ယောက္ခမအိ်မ်မှာ အောက်ခြေသိမ်းလုပ်ပေးရတဲ့ ထုံးစံလည်း မရှိဘူး။ ကုလားကလေးလေးတွေလို ကိုယ့်ဝမ်းကိုယ်ကျောင်းရုံတင်မကဘူး၊ မိဘအိမ်မှာပါ ထမင်းလခပေးစားရတဲ့ ဘဝမျိုးလည်း မဟုတ်။ မြန်မာတွေရဲ့အိမ်ဆိုတာ လူမျိုးခြားတွေရဲ့အိမ်နဲ့ အခွင့်အရေးချင်း ဘာမှမတူအောင် ကောင်းပါတယ်။ မိသားစုလည်း ဒီအတိုင်းပဲပေါ့။ တတ်နိုင်တဲ့သူတွေဆို မြေးတွေမြစ်တွေ တရုန်းရုန်းဖြစ်နေတာတောင် ဥမကွဲ သိုက်မပျက် မခွဲမခွာ အတူနေကြတယ်။ ရပ်ရွာလူမှုအသိုင်းအဝိုင်းလည်း သည်လိုပဲ။ စည်းစည်းလုံးလုံး စုစုစည်းစည်း နေတတ်ကြတာ မြန်မာဖြစ်ရတဲ့အရသာပါ။ ဗုဒ္ဓဂါယာသွားလို့ ရေဝယ်သောက်ရတဲ့အခါ၊ သုဝဏ္ဏဘူမိလေဆိပ်မှာ ကျောခင်းလဲလျောင်းစရာ ရှာမရတဲ့အခါ၊ ချန်ဂီလေဆိပ်ကောင်တာမှာ တုံးထုရတဲ့အခါ၊ ညောင်ညိုရိပ်က ရေချမ်းစင်ကလေး၊ ကွပ်ပျစ်ဇရပ်တန်ဆောင်းကလေးနဲ့ ဖော်ဖော်ရွေရွေ မြန်မာ့မြေကို လွမ်းမိလာပါလိမ့်မယ်။
လျှာရှည်လက်စနဲ့ ဆက်ပါရစေဦး။ တရုတ်ဖြစ်ရတဲ့ အရသာထဲမှာ အင်မတန်မှ အားကျမိတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ တရုတ်လူမျိုးတွေရဲ့ အတွေးအမြင်ပဲ ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်စ်ကြီးဟာ တရုတ်ကလာတာလည်း မပြောနဲ့လေ။ သူတို့တရုတ်စာပေတွေဟာ အတွေးအမြင်ကွန့်မြူးဖို့ သိပ်ကောင်းတဲ့ ရေခံမြေခံတွေပဲ။ ကျွန်တော်တို့ မြန်မာတွေမှာဖြင့် ရွဲ့ပြောလို့ပြောမှန်းမသိ၊ ဒဲ့ပြောလို့ပြောမှန်းမသိ၊ သူများပြောတဲ့စကားကိုတောင် အဓိပ္ပါယ်မှန်အောင် ကောက်တတ်ဖို့ မကြိုးစားပဲ ကိုယ်လိုရာကိုယ်ဆွဲ ကောက်ချက်ချတဲ့ အကျင့်ကြီးက လူတော်တော်များများမှာ ရှိတယ်ဗျ။ လွယ်လွယ်လေး အကြောင်းပြတာကတော့ အချိန်မရဘူး။ မအားဘူးပေါ့။ အတွေးဆိုတာ ဆန်ဆေးရင်း သေးပေါက် မလုပ်ရဘူးလို့ မှတ်ထားကြသလားမသိ။ လူပြက်တွေတောင် သူတို့ပြက်လုံးတွေကို ခါးအောက်ပိုင်းက အပေါ်တင်ပေးလို့မရဘူး။ တင်လိုက်ရင် မရယ်ကြတော့ဘူးလေ။ ဘာပြောမှန်းမသိလို့။ တွေးမှ မတွေးတာ။ ဒါကြောင့် မြန်မာ့အငြိမ့်ခွင်မှာ ပြက်လုံးနှစ်မျိုးပဲ ရှိတယ်။ ခါးအောက် မဟုတ်ရင် လက်ထိပ်ကလေး မျက်စပစ်ပစ်ပြီးပျက် ဝက်ဝက်ကွဲ အားပေးမှာ။ ဘာဖြစ်လို့ အဲသလိုဖြစ်ကုန်သလဲဆိုတော့ စာမဖတ်ကြလို့ပါဗျား။ စာအုပ်အငှားဆိုင်ဆိုတာ မြန်မာပြည်မှာ မျိုးတုန်းပျောက်ကွယ်သလောက်ရှိနေပြီ။ ကိုယ်တိုင် လိုက်လိုက်ရှာကြည့်မိတာ ရောက်ရာအရပ်မှာပဲ။ ဆိုင်ထဲမှာ ငါးမိနစ်လောက်ကြာသွားရင် ရှီဝေါင်တီလို တစ်ဆိုင်လုံး မီးရှို့ပလိုက်ချင်စိတ် ပေါက်လာတယ်။ ဆိုင်နဲ့အပြည့်တင်ထားလျက်နဲ့ ဖတ်စရာစာအုပ် တစ်အုပ်တောင် ရှာမရဘူး။ ကိုယ်ကဒိတ်အောက်သွားတာ မဟုတ်ပါဘူး။ ဘုရားစူးရစေ့။ ဖတ်ကြည့်ပါတယ် သူတို့စာအုပ်တွေ။ တော်တော်ကို အဆင့်နိမ့်တဲ့စာပေဖြစ်နေပြီ။ ဘာအသိပညာမှ မပါဘူး။ ဘာအတွေးအခေါ်မှလည်း မပါဘူး။ အပျော်ဖတ်လို့ ပြောရရင်တောင် ကိုယ်ငယ်ငယ်ကဖတ်တဲ့ အပျော်ဖတ်တွေနဲ့ တော်တော် ကွာခြားသွားတဲ့ ဘယ်လိုမှ စိတ်ဝင်တစားဖတ်လို့မရတဲ့ အပျော်ဖတ်။ အဲဒီစာအုပ်တွေကို သူတို့တရုတ်စာအုပ်တွေနဲ့ ယှဉ်ပြောရမှာ ရှက်စရာတောင် ကောင်းပါတယ်။ သူတို့မှာ ဒီတစ်အုပ်တည်းနဲ့တင်ကို အတွေးဝင်္ကပါ၊ ပုစာ္ဆအသင်္ချေ။
လူဆိုတာ ရုပ်ခန္ဓာကြီးအတွက် အစားစားပေးရသလိုပဲ စိတ်အာရုံအတွက်လည်း ခွန်အားဖြစ်စေတဲ့ စာကလေးတွေ ဖတ်ပေးဖို့ လိုလိမ့်မယ် ထင်ပါတယ်။ ခုနောက်ပိုင်းတော့ တရုတ်ပြည်ကြီးကျေးဇူးနဲ့ သူသူကိုယ်ကိုယ် မျောက်အုန်းသီးရသလို လက်မလေးနဲ့တော့ ပွတ်ပွတ်လာတတ်ပါရဲ့။ ဒါပေမယ့် အင်တာနက်ပေါ် ဘာစာမှ မဖတ်ပဲ ဂိမ်းရှိသမျှထိုင်ဆော့နေလို့ကတော့ အပျင်းသာပြေမယ် အလကားနေ အရေမရ အဖတ်မရ အချိန်တွေကုန်ရုံပဲ ရှိလိမ့်မယ်။ လောလောဆယ်တော့ မေ့ဆေးဆရာဝန်တဖြစ်လဲ တရုတ်စာရေးဆရာမကြီးရဲ့ ရွှေစင်တစ်ထောင်ထိုက်တဲ့ တရုတ်ရိုးရာစကားပုံကလေးတွေ နဲ့ မြစ်ဖျားခံရာသမိုင်းကြောင်းကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ်လည်းပဲ ကိုယ်တတ်သမျှ မှတ်သမျှ မြန်မာ့မူ မြန်မာ့ဟန်၊ မြန်မာစကားပုံကလေးတွေ နဲ့ မြန်မာလို ခံစားနားလည်လို့ရအောင် ကြိုးစားပန်းစား ရေးခဲ့ပါတယ်။ နားလည်ရုံနဲ့ ကြေနပ်မနေပဲ အတွေးကလေးတွေ ဆက်လက်ဆင့်ပွားနိုင်မယ်ဆိုရင်တော့ စာဖတ်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝသင်ခန်းစာတွေ ရရှိနိုင်လိမ့်မယ် လို့ ယုံကြည်မိပါရဲ့။ တို့လည်းပဲ ဘာပဲပြောပြော ရာဇဝင်ရှိခဲ့တာပဲ မဟုတ်လား။
credit to Dr Soe Min & Dr Yin Mar
One comment
Thet Aung
February 5, 2013 at 4:08 am
ကျွန်တော်လည်း ဖတ်ဖူးတယ်ဗျ။ တော်တော်ကောင်းသား။