သုညပုံချ (အ)ကုန်ရတယ် Magic Zero
သချင်္ာကိန်းမှာ တန်ဖိုးအစစ်မှန်ဆုံး ပြပါဆိုရင် သုညတလုံးထဲ ရှိတယ်။ သူ့ကို ပိုကောင်းအောင် လိုတိုးပိုလျှော့ လုပ်လိုက်ရင် မူလတန်ဖိုး ပျက်ပါပြီ။ အပေါင်းအနှုတ် ဘယ်လောက် လုပ်နိုင်မလဲ အဆုံးအစမဲ့ပါ။ ခွဲခြမ်းစိတ်ဖြာ တွေးတောကြံဆရင်း ကိန်းပြည့် ကိန်းရှင် ကိန်းသေ အပိုင်းကိန်း စတာတွေပေါ်လာတယ်။ သုညအရည်အချင်းမှ ဝေးရာသွေဖီပါတယ်။ လူပြိန်းလိုဆို “များလေကောင်းလေ” ဖြစ်ပေမဲ့ “ရလေလိုလေ အိုတစ္ဆေ သဂျီးပက်လက် ငရဲမှတ်” ဆိုတဲ့ အတွေးအခေါ် ရှုဒေါင့်မှ ဆိုရင်တော့ လွဲပါပြီ။ လှုပ်လေမြှုပ်လေ ရွှံ့နွံတောထဲ နစ်နေသူ ဥပမာ အတိုင်းဖြစ်ပါတယ်။ နဂိုထဲက ရှိမနေရင် ရှာသူသာ ပင်ပန်းကြောင်း လက်ခံပေမဲ့ လက်တွေ့အသိ ရှာဖွေရင်း မူရင်းတန်ဖိုး တကယ်မဟုတ်ခြင်းကနေ ပြုလုပ်ခြင်း တန်ဖိုးအတု အဟုတ်ထင်ခြင်းများ ဖြစ်လာပါတော့တယ်။
ပြုလုပ်ဖန်တီးခြင်း ဝေါဟာရ သိပ်အရေးကြီးပါတယ်။ ကာယကံ၊ ဝစီကံမြောက် အမှုတွေသာမက စိတ်ကနေ တရပ်စပ် တခုခု စွဲနေတာလည်း တငါငါ ပြုလုပ်နေခြင်းပါပဲ။ ကမ်းကုန်အောင်ပြောရင် ဘာမှမတွေးဘဲနေခြင်း ကိုယ်၌သည်ပင် ပြုလုပ်ခြင်းမည်တယ်။ မတွေးဘူး၊ စိတ်မပျံ့လွင့်ရဘူး တငါငါနဲ့ ဆုပ်ကိုင် တည်နေစေလို့ပါ။ သမာဓိခေါ်တဲ့ အာရုံတခုခုအပေါ် စိတ်တည်နေတော့ ကိလေသာ ပူလောင်မှု ဆင်းရဲခြင်းကနေ ခေတ္တယာယီ အေးငြိမ်းတယ်။ သိပ်တည်လွန်းသွားရင် စိတ်တန်ခိုး ကြီးမြင့်လာပေမဲ့ ပညာ မပါတဲ့အခါ အဟုတ်ထင်သွားပြီး မူရင်းတန်ဖိုး သုညပျက်ပါတယ်။ သမာဓိလွန်ရင် ဖြစ်ပျက်ပိတ်တယ်ဆိုတာ အဲဒီ သဘောဖြစ်ပါမယ်။
သာသနာပ ကာလတွေမှာလည်း ပြုလုပ်ဖန်တီးခြင်း ရပ်စဲဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်၊ အထင်ရှားဆုံးက တောထွက် ရသေ့ရဟန်း ပြုတာပါ။ မသိခင် ပြုလုပ်ခဲ့တဲ့ အရာတွေကို စွန့်ခွာပေမဲ့ အများဆုံး လုပ်နိုင်ခဲရင် သမထ လောကီဈာန်သာ အောင်မြင်တယ်၊ အဆက်မပြတ် ပြုလုပ်ခြင်း သံသရာစက်ဝန်း ကျိုးပျက်မသွားဘူး။ ဘာလို့လဲ….. အတ္တဆိုတာ တငါငါနဲ့ အတည်ယူ ဆုပ်ကိုင်ထားခြင်းအသိ မရလို့ပါ။ မသိတော့ ကာယအမှုကို အတည်ယူတယ်၊ ဝေဒနာကို အတည်ယူတယ်၊ စိတ်ကိုအတည်ယူတယ်။ အဟုတ်ထင်ရင် တကယ်ရှိလာတာမို့ တခုခု အစပြုလိုက်တာနဲ့ နောက်ဆက်တွဲတွေ ဖြစ်လာပါတယ်။ ဥပမာ – သုညဆိုတာ တန်ဖိုးမဲ့ခြင်း ဆိုပေမဲ့ ကိန်းဂဏန်း အစွဲပြုတဲ့အခါ အပေါင်း အနှုတ် အပိုင်းကိန်း စတာတွေ ရှိလာပြီး အင်ဖင်န်နတီခေါ်တဲ့ စတြာဝဠာ အနားသတ်မဲ့ကိန်းအထိ ရောက်သွားတယ်။
အနတ္တ ဓမ္မသဘောကို အကောင်အထည်ဖေါ် သိလို့ရတဲ့ အာရုံများကြောင့် ရုပ်ဝါဒီဆိုရင် နားလည်မှုလွဲတယ်။ မရှိခြင်း၊ အတည်ဆုပ်ကိုင် မရခြင်းဆိုတာ တန်ဖိုးအစစ်မဟုတ်၊ အတုအယောင်ဖြစ်ခြင်း သဘောသက်သက်ပါ။ လက်တွေ့ သိမြင်နေတာတွေက ဘာတွေလဲလို့မေးရင် အရှိယူလို့ ရှိလာတယ်၊ ပြုလုပ်ခြင်း အဟုတ်ထင်လို့ တကယ်ဖြစ်လာတာပါ။ အသားကိုထိကြည့်၊ သိမှုခံစားချက် သေချာပေါက်ရှိတယ်၊ သို့သော် အကြောင်းခံက မူလဘာမှ မဟုတ်ခြင်းကို အတည်ယူလိုက်လို့ တခုခုအဖြစ် ရှိလာတာပါ။ နောက်တခု ထပ်အတည်ယူတော့ နောက်တမျိုး ရှိပြန်တယ်။ ဒါနဲ့ပဲ သတ္တဝါအနန ္တကံအနန ္တဖြစ်လာရတယ်။ အရင် သိပ္ပံပညာ မရှိဘူးဗျာ၊ ဒီတော့ လျှပ်စစ် မရှိဘူး။ သူ့ကို အရှိလုပ်တော့ တီထွင်မှုတွေ ပေါ်လာတယ်။ ကွန်ပြူတာ မရှိဘူး၊ သူ့ကို အရှိလုပ်တော့ ရှိတယ်၊ အင်တာနက် ဖြစ်လာတယ်၊ အိုင်ပက်ဒ် အိုင်ဖုန်း မဆုံးနိုင် ပေါ်လာတယ်။ ဆုံးပါအုံးမလား…။
တချို့လည်း ပြုလုပ်မှုတွေ ရှိနေလို့ ဒီနေ့ကမာ္ဘ လူဦးရေ ခံသာတာ၊ နို့မို့ရင် ငတ်သေပြီ စောဒကတက်တယ်။ ကြောင်းကျိုးဆက်စပ် နားလည်ပုံ လွဲနေတယ်။ လုပ်လို့ရှိလာတာပါ၊ မလုပ်ရင် ရှိမလာဘူး။ ကိလေသာဆိုတာ နဂိုထဲက ရှိနေတာလို့ လက်ခံထားရင် အဟုတ်ထင်တော့ တကယ်ရှိခြင်း ထောင်ချောက် မိပါတယ်။ စိတ်လိုပဲ သူ့ကိုအရှိ သတ်မှတ်ရင် တွေးတောကြံဆခြင်း အကောင်းထင်တယ်။ ကိုယ်လက်အင်္ဂါလိုပေါ့ဗျာ၊ ခြေလက်ကို အဟုတ်ထင်တော့ သုံးတော့တာပေါ့။ သွားလာနေထိုင်ရုံနဲ့ ပြီးသလားဆိုရင် မပြီးတာသေချာပါတယ်။ ဒါနဲ့ပဲ လူဦးရေသန်းထောင်ချီ ပွားလာတာ ဖိုမဆက်ဆံရေး သဘာဝကနေ ဖြစ်လာသလား၊ အတွင်းအပြင် လှုံ့ဆော်မှု ပြုလုပ်မှုများကြောင့်လားဆိုတာ တွေ့နိုင်တယ်။
အနောက်နိုင်ငံတွေမှာ ဆယ်ကျော်သက်တွေ လိင်ဆက်ဆံမှုကို သဘာဝတရားအဖြစ် လက်ခံအားပေးတယ်။ အရွယ်ရောက်လာလို့ အတူနေ ရည်းစားမရှိရင် စိတ်ရောဂါရှင် သတ်မှတ်တယ်။ ကက်သလစ်၊ ဗုဒ္ဓဘာသာ ဘုန်းကြီး သီလရှင်တွေဆို ဂေါက်နေသလိုပဲ။ ဒီတော့ ကာမအာရုံစည်းစိမ်ကို စိတ်တိုင်းရှိ သုံးဆောင်ကြတယ်။ အဲမှာတင် ပြီးလားဆိုတော့ မပြီးဘူး၊ ကနဦး သတ်မှတ်ချက် ၁၈နှစ်ကနေ ၁ရနှစ်လည်း သိပ်မကွာပါဘူးကွာ၊ နောက်တော့ ၁၆နှစ်.. တဆင့်ပြီးတဆင့် ဖြစ်လာလိုက်တာ အခုဆိုရင် ၁၂နှစ် ၁၃နှစ်အရွယ်အထိ ရောက်လာပြီ။ နောက်ဆို ဒန့်ကျွဲပင် ပုခက်လွှဲတဲ့ခေတ် သေချာပေါက် ရောက်ပါမယ်။ စိတ်နဲ့ရုပ် အပြန်အလှန် သက်ရောက်မှု ရှိနေလို့ပါ။ ဒီလိုပြောလို့ အပြစ်တင်တာ မဟုတ်ဘဲ အဟုတ်ထင်ခြင်း နောက်ဆက်တွဲများကို ဝေဖန်သမှုပြုခြင်း ဖြစ်ပါတယ်။ ကြောင်းကျိုးသဘောကို ရိပ်စားမိစေရန်ပါ။
စောင့်ထိန်းခြင်းကို လက်မခံနိုင်တာ အရှိအဖြစ် လက်ခံထားလို့ စွန့်လွှတ်ရကောင်းမှန်း မသိတာ ဖြစ်ပါတယ်။ ထိန်းချုပ်သူများ ကိုယ်၌က အရှိလုပ် စောင့်ကြပ်နေပြန်တော့ သာလို့ခက်ရတယ်။ မီးလိုပေါ့နော်၊ အကျိုးပြု မပြု သုံးသူအပေါ် မူတည်တယ် အရှိလုပ်နေမှတော့ ပိုကောင်းအောင် ပြုလုပ်သူနဲ့၊ မကောင်းဆိုပြီး အရှိယူတဲ့သူနဲ့ သုညတဓာတ်ကနေ ထရီလျံ ဇီလျံမိုင်ပေါင်းများစွာ ဝေးကွာသွားတယ်။ အရာရာကို စိတ်ကနေ ဖန်ဆင်းပြုလုပ် စေခိုင်းတာ၊ သူ့ကို အရှိယူရင် ကျန်တာအားလုံးရှိတယ်။ ဖြစ်ပျက်ကို အတည်ယူရင် ဖြစ်ပျက် တကယ်ရှိတယ်၊ အနိစ္စ အရှိယူရင် မမြဲခြင်း တကယ်ဖြစ်တယ်။ ဖြစ်လိုက်ပျက်လိုက်နဲ့ သံသရာလည်ပါတယ်။ စိတ်ကိုအသိသို့ ပြောင်းနိုင်မှ ညဏ်ပညာခေါ်တယ်။
ညဏ်ဆိုတာ တနည်းအားဖြင် ့အသိအစစ်ကိုပြောတာ။ စိတ်သည် မတည်ငြိမ်ဘူး၊ အမြဲပြောင်းနေတယ် သင်္ခါရ၊ ညဏ်အသိကြတော့ တည်သွားပြီ၊ ဘယ်အခြေအနေ ရောက်ရောက် အပြောင်းအလဲ မရှိဘူး။ ဒါနားမလည်ရင် ဆင်ခြင်တဲ့ စိတ်ကိုယ်၌ အတည်ယူထားလို့ အရှိနှစ်ခုစကွဲပြုပြီး ဆတိုးကိန်း ဖြစ်တတ်တယ်။ ပေါင်းခြင်းထက် သာဆိုးတဲ့ မိစာ္ဆအယူ လွဲတတ်တယ်။ စိတ်နဲ့ဝေဖန် ပြုနေရာကနေ အသိ(ညဏ်)နဲ့ ပြုခြင်းသို့ ပြောင်းနိုင်စွမ်းမှ ပညာမြောက်တယ်။ ကိုယ့်ကိုယ်ကိုလူလို့ သတိပေးရသလား၊ လေးဖက်ထောက် သွားမိသလား တရေးနိုးထလဲ လူဆိုတဲ့အသိ မပြောင်းဘူး။
မူရင်းသုညတန်ဖိုး လက်မခံနိုင်သ၍ ပြုလုပ်ဖန်တီးနေမှုများ ဖြစ်နေပါအုံးမယ်။ လုပ်ကောင်းတယ် ထင်တာကိုး။ မိုးကုပ်စက်ဝန်း အဆုံးသတ် ရှိတယ်အထင်နဲ့ လျောက်နေသူအဖို့ ပင်ပန်းရမှန်း မသိဘူး။ ဆက်မလျောက်ပဲ အနားယူသူများ ကြပြန်တော့လဲ ခဏတဖြုတ် သက်သာရာရတယ်၊ ကိုယ့်နေရာလေး ပျက်ယွင်းသွားတဲ့အခါ လမ်းပြန်လျောက်ရတယ်။ ရှိခြင်း မရှိခြင်း တည်ခြင်း မတည်ခြင်း တခုခု သတ်မှတ်ထားသ၍ ပြုလုပ်ခြင်း ရှိနေ၊ အကျိုးဆက် ဖြစ်ပါအုံးမယ်။ ပညတ်ထင်သမျှ ပရမတ်စာလုံး ရှိနေပြီး ပရမတ် စွဲသ၍ ပညတ်မလွတ်သေးဘူး။ သုညနဲ့ ဝ.၀၀၀၀၀၁ အကြားကိုပဲ ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ပြုလုပ်သ၍ မဆုံးနိုင်ဆိုတာ တွေ့ရလိမ့်မယ်။ သုည အတည်ယူရင် ဒဿမကိန်းရှိတယ် သုညဒဿမပေါင်းများစွာလည်း ရှိလာရတယ်။ အဲလို အတည်ယူထားပြီး တဆယ်ရောက်ရင် လမ်းဆုံးပြီ တွက်ထားလို့ တစ်ကနေ နှစ်မပြောနဲ့ ဒသမ ကိန်းတခုတောင် ရောက်ပါ့မလား။ မဂ်ဖိုလ်နိဗ္ဗာန်၊ ဝိပဿနာညဏ်စဉ်များလည်း အရှိသတ်မှတ်တဲ့အခါ ရထားပြီးရင်တောင် နောက်တခုဆက်ဖို့ အတော်ခက်ပါမယ်။ မရှိသုညကို တခုခု သတ်မှတ်လိုက်ခြင်း နောက်ဆက်တွဲ ရလဒ်များပါပဲ…။
19 comments
Nyo Win
January 2, 2013 at 12:22 pm
ဘရာဗို ပါ ဦး ကြောင်ကြီး…..
ဝင်ရောက်..ဖတ်ရှု..မှတ်သား..သွားပါတယ်…
Mr. MarGa
January 2, 2013 at 1:09 pm
ဦးကြောင်ရေ
မရှိတာကို အရှိလုပ်နေလို့ကတော့ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူးဗျ
အခုထိ ဦးမာဃတို့လဲ မရှိတာကို အရှိလုပ်နေကြတုန်းပါပဲဗျာ
•*¨နန်းတော်ရာသူ •*¨
January 2, 2013 at 1:31 pm
အကျိုးများပါတယ်ရှင်။
ကြီးကြီးကျယ်ကျယ်တွေအကျယ်တဝင့်မမန့်ဝံ့ပါဘူး။
အားပေးသွားပါတယ်။
koaung
January 2, 2013 at 2:36 pm
ကိလေသာ ကြာလေသိ တာကတော့ ငယ်ငယ်တုုံးက မရှိလိုု ့တဲ့ အရွယ်ရောက်လာတော့လည်း
မပြည့်စုုံသေး အိမ်ထောင်ပြ ုုပြီးသော်လည်း မလုုံလောက်သေး အခုုထိလည်း ကြာလေလေ သံယော
ဇဉ်ကြိုုးတွေ များလာလေ မရုုန်းထွက်နိုုင် ဆားငံရေကဲ့သိုု ့ သောက်လေသောက်လေ ငတ်မပြေတည်း
အသိခေါက်ခက် အဝင်နက်လျှက် နစ်ပြီးရင်နစ်လျှက် ရှိကြကုုန်၏
လမ်းသိသော်ငြား မလျှောက်အား မိုုက်တွင်းနက်နေတာ
သိလျက်နဲ ့ဝေးတရားအေး ဝင်စားနိုုင်ဘိုု ့ရာ
မသေခင်က ပြ ုုကျင့်ကြ သီလဘာဝနာ ဘုုန်းကြီးကျောင်းသားဟာင်း မောင်အာင်ရေးသည်
kai
January 2, 2013 at 3:20 pm
ကြောင်တွေကတော့.. အဲဒီအပေါ်ကဓါတ်ပုံမှာချိပ်ထားတဲ့..ငါးကို.. ဘယ်လိုစားရမယ်မှန်း.. မသိကြဘူး..
လှည့်ပါတ်တွေးတောကြံဆရင်း.. ချာလပါတ်ရမ်းနေတတ်ပါတယ်..။
ကြိုးပေါ်ခြေလျှောက်မိလျှက်သားနဲ့.. ငါးအပေါ်စူးစိုက်အာရုံယူ.. သမာဓိယူနဲ့.. ဖြစ်လည်းဖြစ်တတ်ပါသပေါ့..။
လူကတော့လွယ်ပါတယ်..။
လက်နဲ့အသာဖြုတ်… မီးလေးကင်.. ဆီလေးဆမ်း.. အရိုးနွှင်.. စားလိုက်ယုံပါပဲ..
တခါတလေကျ.. လူကလူလိုလုပ်.. လူလိုစဉ်းစားရင်.. သိပ်လွယ်တတ်ပါတယ်.. :kwi:
koaung
January 2, 2013 at 3:33 pm
သေချာတာ ဒီဓါတ်ပုုံ ကိုုယ်တိုုင်အားပေးထားတာဖြစ်နိုုင်တယ် ဟုုတ်တယ်ဟုုတ်. ..???
San Hla Gyi
January 2, 2013 at 6:13 pm
ကိုကြောင်ကြီးရေ
ဒီပို့စ်မှာ အကြိုက်ဆုံးကတော့ ဓတ်ပုံဖြစ်ပါတယ်။ ဒီလို နက်နဲခက်ခဲတဲ့ တရားတွေကို မိုးပြာဆရာတော်တွေနဲ့ များများ ဆွေးနွေးပါ။ သိုင်းလောကမှာ မိုးပြာလက်ဝါးစောင်းသိုင်း ၁၈ ကွက်နဲ့ ပစ္စုပ္ပန် ဇောက်ထိုးမိုးမျှော်ဓားသိုင်း ၆၄ ကွက်နဲ့ အရမ်းနာမည်ကြီးလာတဲ့ မိုးပြာဂိုဏ်း ဒုဂိုဏ်းချုပ်ကြီးနဲ့ ပညာဖလှယ်ဖို့ အကြံပြုချင်ပါတယ်။
ဟီး နောက်ထှာ။
မဟာရာဇာ အံစာတုံး
January 2, 2013 at 7:30 pm
ကျုပ်ကတော့ ဘာမှ မသိဘူး …
ရိုးရိုးလေးပဲ မှတ်ထားတယ် …..
ဖြစ်ပြီးရင် ပျက်တတ်တယ် ………။
ခပ်မိုက်မိုက် ကောင်မလေး
January 2, 2013 at 9:10 pm
ဖတ်ရူ့အားပေးမှတ်သားသွားပါတယ်နော်…။
သင်တန်းတစ်ခုမှာ စာကောင်းတစ်ခုသင်ကြားလိုက်ရတယ်လို့ယူ.စ.မိပါတယ်….၊။
ခေတ်စကားအရပြောရရင်တော့…verry good..ပါ..။
မောင်ပေ
January 2, 2013 at 10:00 pm
တရားသဘောနဲ ့ရေးထားတဲ့ အနှစ်တွေမို ့
အချိန်ယူ ( တရုတ်ထီးအချိန်ကို မဟုတ် ၊ သို ့သော် တရုတ်မ အချိန် ဆိုရင်တော့ ယူပါမည် )
ကာ အေးဆေးဖတ်ပြီး အတွေးဆက်ပွားပါမည်
ဦးဦးပါလေရာ
January 2, 2013 at 11:55 pm
သုံးခေါက်လောက်ဖတ်မှ ခပ်ရေးရေးပဲနားလည်တယ်…
အတည်ယူထားတာတွေက ခံနေတာလေ…..
weiwei
January 3, 2013 at 8:57 am
လွယ်မယောင်နဲ့ခက် … တိမ်မယောင်နဲ့ နက် …
မရှိတာကို လက်ခံဖို့ အလွန်ခက်တယ် …
kthwinzayarmyo
January 3, 2013 at 2:51 pm
ကျွန်တော့် အနေနဲ့ တန်ဖိုးတစ်ခု ရှိတယ်(သုည ဆိုပါစို့)
ဒီ့ထက် ကျွန်တော် ပိုလိုချင်တယ်(တစ်ဆယ်) ဆိုရင် လောဘ.(မရဘူးဆို) ဒေါသ ဖြစ်လာမယ်
ပကတိ တန်ဖိုးမှာ မနေလို့ (လောဘ.ဒေါသတွေ) ဖြစ်တာလား
ပကတိ တန်ဖိုးမှာ မနေဘဲ သူ နဲ့ ငါ နဲ့ နှိုင်းယှဉ် တွေးခေါ်လို့ ပေါ်လာတာလား
surmi
January 3, 2013 at 3:07 pm
ဒီဆောင်းပါအပေါ်မှာ သုံးသပ်ဝေဖန်တဲ ့ မိုးပြာရဲ ့ အမြင်လေး
အရင်ပြောပြပါလား
San Hla Gyi
January 3, 2013 at 6:56 pm
ကိုဆာမိရေ
ကြုံလို့ ပြောရဦးမယ်ဗျ။ မိုးပြာရဲ့ အမြင်လေး ဆိုရင်တော့ ကွန်မန့်လောက် မလုပ်ခိုင်းနဲ့ဗျ။ သီးသန့်ပို့စ်တခုကို တိုတို ရှည်ရှည် ရေးတင်ခိုင်းတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီဂိုဏ်းသားတွေက တာဝန်ယူပြီး စာရေးရမှာကို သေမလောက် ကြောက်တဲ့လူတွေ။ ဒါကြောင့်မို့လို့ သူတို့ ရေးလိုက်ရင် “သူများ၏ ဖွဘွတ်တို့ ဖေ့စ်ဘုတ်တို့မှ ကူးယူဖော်ပြပါသည်။ ကိုယ်တိုင်ရေး မဟုတ်ပါ” လို့တပ်ထားတာ များတယ်။ ကိုယ်တိုင်ရေး မဟုတ်ဘူး ဆိုမှတော့ သူတို့ကို မေးလို့ မရတော့ဘူးလေ။ လည်လိုက်တဲ့ လူလည်ကြီး သားသမီးတွေ။
ကိုယ်တိုင်ရေးဆိုပြီး ရေးရင်လည်း မိုးပြာအယူတွေတော့ ရေးတယ်။ ဒါပေမယ့် မိုးပြာအယူကို ယုံသလားလို့ မေးရင်ဖြစ်ဖြစ် မိုးပြာဂိုဏ်းသား ဟုတ်သလားလို့ မေးရင်ပဲဖြစ်ဖြစ် ဒီဝါဒတွေအောက်တော့ အရောက်မခံပါဘူး။ ဂိုဏ်းတွေ ဘာတွေ အရောင်တွေကို စိတ်မဝင်စားပါဘူးလို့ ပြောတတ်တယ်။ အဲဒီတော့ တဘက်လူက သူတို့ကို မိုးပြာဂိုဏ်းရဲ့ အယူအဆတွေကို မေးလို့ မရတော့ဘူးလေ။ ဒါပေမယ့် သူတို့ကတော့ အဲဒီအချိန်မှာ မိုးပြာလင့်ခ်တွေ စာအုပ်တွေ တပုံကြီး ပေးပြီးသွားပြီ။ လည်တယ်နော် မိုးပြာဆရာတော်တွေက။ ဦးညာနရဲ့ ဥဏ်နီဥဏ်နက်တွေနဲ့ တူတယ်။
အဲဒီထက် ပိုဆိုးတာက ကျုပ်ကတော့ “သတ္တိရှိတယ်ဗျ။ မိုးပြာဂိုဏ်းသား” ဆိုပြီး ပြောပြီး ဝင်လာလို့ အထင်ကြီးမယ် ကြံကာရှိသေး ကြည့်လိုက်တော့ သူကိုယ်တိုင်ပို့စ် တခုမှ တင်မထားတာ သွားတွေ့တယ်။ ဆိုတော့ ပြီးပြီပေါ့ တဘက်လူက ဒီလိုလူကို ဘာမှမေးလို့ ဆွေးနွေးလို့ မရတော့ဘူး။ သူ့အမှားလည်း ထောက်ပြလို့ မရတော့ဘူး။ သူက ကွက်ရှင်မတ်ကလေးတွေ လုပ်ပြီး သူများပို့စ်မှာ ဆောင်းပါးရှင်က ဒီလိုဆိုတာလားလို့ ဟိုလိုဆိုတာလားလို့ ဆိုပြီး လျှောက်မေးနေလိုက်ရုံပဲ။
မယုံရင်စောင့်ကြည့် မိုးပြာဂိုဏ်းသားဆိုရင် အဲဒီအပေါ်က အချက်တွေနဲ့ ညီမှရတယ်။ ပြီးတော့ ကိုဆာမိ သိတဲ့အတိုင်း မေးလိုက်ရင်လဲ အသက်မှ ရှိသေးရဲ့လားလို့တောင် ထင်ရတယ်။ ဘာမှ ပြန်မလာတော့ဘူး။ ဘယ်သူမေးမေး ပြန်ကို မဖြေတော့ဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမှ မရှိတာကိုး။
ဒီကြားထဲ မိုးပြာအယူက မိစ္ဆာအယူ ဆိုရင် သူတို့ဘာမှားသလဲဆိုတာ သေသေချာချာ လေ့လာပြီး ရေးပြပါဆိုတာက ပါသေးတယ်။ မလုပ်နိုင်ဘူးဗျို့။ အဲဒီလို လုပ်စေချင်ရင် မိုးပြာဆရာတွေ ကိုယ်တိုင် ကိုယ့်ကိုကိုယ် မိုးပြာလို့ ရဲရဲဝံ့ဝံ့ ကြေညာပြီး ပို့စ်တင်လိုက်။ မိုးပြာအယူကို တခုချင်းမေးပြီးမှ ချေဖျက်ပြမယ်။ ဘာလို့ အဲဒီလို လုပ်ရတာလဲဆိုရင် ဒီမိုးပြာတွေက ဒီလောက်လည်တာ ရေးပြီးတော့မှ သူတို့ယုံကြည်တာ ဒီလို မဟုတ်ပါဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ သူတို့ကို သေသေချာချာ မေးပြီး သူတို့က သေချာပြီဆိုမှ ထေရဝါဒဘက်က ရေးပြတာ ပိုကောင်းတယ်။
ကဲ မိုးပြာဆရာတို့ အကောင်းပြောတာ။ ခင်ဗျားတို့ထဲမှာ ကိုယ့်ကိုကိုယ် မိုးပြာလို့ ဝန်ခံပြီး ဆောင်းပါးတပုဒ်လောက် ရေးရဲတဲ့လူရှိရင် ပြောစမ်းပါဗျာ။ မသိတာတွေ မေးချင်လို့ဗျာ။
kthwinzayarmyo
January 3, 2013 at 11:30 pm
ဦးကြောင်ကြီး ပိုစ့် မှာ ဖတ်ရတဲ့ ပထမဆုံး ၂ ကြောင်းက
ငါစွဲ မရှိတဲ့ အနတ္တ တရား (သုည) အရည်အချင်းကိုပြောပြတာ။
ဒါကို မသိဘဲ ငါစွဲနဲ့ တခြားသူ(ဂဏန်း) တွေနဲ့ နှိုင်းယှဉ်ကြိုးစားရင်
ကြိုးစားရင်းနဲ့ တဖြည်းဖြည်းကိုယ်က အစွန်းရောက်မှန်းမသိ ရောက်
သွားတယ်လို့ ပထမပိုဒ်မှာ နိဒါန်းပြုထားတာ တွေ့ရတယ်။
၂ ပိုဒ်မှာ မနောကံ ကိုပြောတယ်(ပြုလုပ်ဖန်တီးခြင်း လို့ လှလှပပသုံးထားတယ်)
စိတ်က တရစပ် တစ်ခုခုကို (ငါစွဲနဲ့)စွဲနေတာကို သမထ ဆိုပေမဲ့ ဒါက မသိမှု
(ဉာဏ်မပါတဲ့) မနောကံပါပဲ။ အာရုံတစ်ခုတည်းရှိလို့ စိတ်ကခဏတော့
အေးချမ်းတယ်။ အနတ္တဉာဏ် မပါတဲ့အတွက် ဒီသဘောနဲ့ဆက်သွားရင်
(ဘုရားဟော)တရား (ပိုစ့် ထဲမှာတော့ သုည) နဲ့ ဝေးသွားလိမ့်မယ်။ ဖြစ်ပျက်ပိတ်
တဲ့ ရပ်ပြစ်ရှစ်ပါးထဲက အရူပ အဆင့် ရောက်သွားလိမ့်မယ်။
၃ ပိုဒ်မှာ သာသနာပက ငါစွဲနဲ့ သမထတရား အားထုတ်ပေမဲ့ (သုည)နိဗ္ဗန် မရောက်
တဲ့အကြောင်း ပြောတာပါ။ တငါငါ နဲ့ ဆုတ်ကိုင်ထားလို့ တရားမရတာပါ။ အနတ္တ
(သုည)သဘောမသိတော့ ခဏအေးချမ်းမှုလေးကို ငါအေးချမ်းတယ်ထင်ပြီး
အေးချမ်းမှုလေးမြဲဖို့ ကြိုးစားရင်း အစွန်းရောက်သွားပုံကို ပြောတာပါ။
(၂ ၊ ၃ ပိုဒ် တွေက သုညတ တရားသဘော မသိတဲ့အတွက် ငါစွဲနဲ့ (ကာမလွတ်အောင်)
တရားဆိုပြီးကျင့်ရင်း အတ္တကိလမထာ နုယောဂ အစွန်းရောက်သွားတယ်ဆိုတာ ပြတာပါ။)
၄ ပိုဒ်မှာ ရုပ်ဝါဒီတွေက ရုပ်ဝတ္ထုတွေနဲ့ပဲ အကဲဖြတ်တာကြောင့် အနတ္တကို(ငါစွဲမရှိကို)
နားလည်မှုလွဲတယ်။ အာရုံ ၆ ပါးပေါ် မူတည်ဆုံးဖြတ်ကြတော့ ပို(ခံစားလို့)ကောင်းအောင်
ကြိုးစားကြတယ်။ ဒါနဲ့ ရုပ်ဝတ္တုပစ္စည်းတွေ တိုးတက်လာတယ်။ ဘယ်အချိန်မှ …………
(ခံစား၊ သုံးစွဲလို့) အကောင်းဆုံး ဖြစ်မလဲ……..။
၅ ပိုဒ်မှာ ကိလေသာပေါ် နားလည်မှု လွဲပုံကို ပြောတယ်။(နဂိုကတည်းက အနတ္တမို့
ရှိမနေတဲ့) ကိလေသာကို ငါစွဲနဲ့ နဂိုကတည်းက ရှိနေတာလို့ အတ္တသဘာဝနဲ့
ယူဆသိမ်းပိုက်ကြတယ်။
၆ ပိုဒ်မှာ ကာမဂုဏ်တွေကို မှီဝဲသုံးစွဲရင်း ကာမနွံထဲမှာ နစ်သထက်နစ်ကြပုံကို ပြောတယ်။
(၄။ ၅။ ၆ ပိုဒ်တွေက ငါလို့စွဲယူထင်မြင်လို့ အာရုံတွေလိုက်စားရင်းနဲ့ ကာမသုခလိကာ
နုယောဂ အစွန်းရောက်ပုံကို ပြတာပါ။)
ရ ပိုဒ်မှာ ငါဆိုပြီး အရှိ၊ အဖြစ်လက်ခံထားလို့ အနတ္တသီလကို မသိကြတာ။
ငါစွှဲနဲ့ ကာမဂုဏ်တွေက ရှောင်ကြဉ်ကြတော့ တရားနဲ့ လွဲကြတာပေါ့။
(သုည)တရားမသိတော့ ငါစွဲနဲ့ ကာမဂုဏ်(အနှုတ်အစွန်းမှာ) နစ်ချင်တိုင်း နစ်ကြတာပေါ့
(သုည)တရားမသိတော့ ငါစွဲနဲ့ ကာမဂုဏ်ရှောင်ရင်း(အပေါင်းအစွန်းမှာ) လွင့်ချင်တိုင်း လွင့်
ဒီလမ်း ၃ ခုမှာ ငါလို့စွဲယူခြင်းမှ ငါမဟုတ် အနတ္တလို့ ပြောင်းသိမှ ဉာဏ်ပညာဖြစ်မှာ
၈ ပိုဒ်မှာ အနတ္တဉာဏ်ကို ပြောတာ။ ဒါနားမလည်ရင် အစွန်းနှစ်ဘက် ရောက်ကြောင်း
ပြောတာ။ ငါလို့မစွဲတဲ့ အနတ္တဉာဏ်ကိုပဲ (မဂ်)ပညာလို့ပြောတာ။
(၇၊ ၈ ပိုဒ်တွေက အစွန်းလွတ်တဲ့သုည (မဂ္ဂင် ရှစ်ပါးလမ်းက သမ္မာတဲ့အမြင်)ကိုပြောတာ)
၉ ပိုဒ်မှာ အရိယတရားမမြင်လို့ တရားအသိ(မူလ သုည) မသိတော့ မသိမှု ငါစွဲနဲ့
ကြိုးစားကြရင်း ကာမဂုဏ်စွန်းမှာ နစ်ကြ၊ အတ္တကိလမထစွန်းမှာ လွင့်ကြရပုံပေါ့။
ငါစွဲရှိနေသမျှ ကာမဂုဏ် (ကို ပိုခံစားဖို့ ၊ က လွတ်ဖို့) ကြိုးစားရင်း နိဂုံးချုပ်ထားတာ။
ဉာဏ်စဉ်တွေ ဘယ်လောက်ရောက်ပြီပဲပြောပြော ငါစွဲရှိနေသေးရင် အနတ္တဉာဏ်
မထင်တော့ပဲ အရိယတရား(သုညသဘော)သိဖို့ ခက်မယ်လို့ (လျှော့)ပြောတာ။
ချုပ်ပြောရရင်
ဆရာ ဦးကြောင်ကြီးက ခေတ်သစ် ဓမ္မစကြာတရား ဟောထားပြီး ငါစွဲဖြုတ်တာပဲ
(ဆရာ ဓမ္မပါလကလည်း ရင်တို့ဧမြကြစေသား။ ဒီဘက်ကမ်းမှာ မီးထိန်ထိန် တို့နဲံ့၊
ဆရာတော် ဦးဉာဏ လည်း ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာလမ်ညွှန် စာအုပ်တို့နဲ့
ငါစွဲဖြုတ်တယ်။ကြော်ငြာ ဝင်တာပါ။ တစ်ခုခုဖြစ်ဖြစ်။ အားလုံးဖြစ်ဖြစ်)ဖတ်ကြည့်ပြီး
ငါစွဲမရှိဘဲ အနတ္တသဘောနဲ့ နိဗ္ဗန်(သုည သဘော)ကို မြင်နိုင်ကြပါစေလို့ တိုက်တွန်းရင်း
သုညသဘောသိသူအားလုံးကို ဂါရဝပြု လေးစားဦးညွှတ်လျှက်….
San Hla Gyi
January 4, 2013 at 6:50 pm
ကောင်းပါတယ်ဗျာ မိုးပြာဆရာတော်ကြီး kthwinzayarmyo ရှင်းပြတာတွေက ကောင်းလွန်းလို့ သူများတော့ ဘယ်လို နေသလဲမသိ ကျုပ်တော့ မူးနောက်သွားတာပဲ။ သုညသဘော မသိလို့ ဖြစ်မှာပေါ့နော်။ အဲဒါလေးဗျာ မေးချင်လို့ ကို kthwinzayarmyo အားရင်ပို့စ်လေး ဘာလေးတင်စမ်းပါဗျာ။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း မိုးပြာလို့ ဝန်ခံရဲရင် တာဝန်ယူပြီး စာမရေးရဲတော့တာ တွေ့နေလို့။ ရေးရင်လည်း မိုးပြာလို့ ဝန်မခံရဲတော့ဘူး။ ကျုပ်နားမလည်တာလေးတွေ မေးချင်လို့ပါ။ မိုးပြာတရားတော် အကြောင်းပါ။ မပြောနိုင်ဘူးနော် တော်ကြာ ကျုပ်လည်း မိုးပြာပစ္စုပ္ပန်တရားနာပြီး ဦးညာန တပည့်ဖြစ်ချင်ဖြစ်သွားမှာ။
kai
January 4, 2013 at 12:35 am
ကျုပ်လည်းသုညသိတယ်ဗျ..။ ကွန်ပျူတာတွေအကုန်.. အင်တာနက်ကြီးရော.. ဘိုင်နရီဒစ်ဂျစ်.. သုည၊တစ်နဲ့အလုပ်လုပ်တာ..။
ဆိုတော့.. အပေါ်ကစာကို ဘိုင်နရီနဲ့ရေးရင်..
တဲ့..
လူမှာတော့..” ဖြစ်ရပ်ပျက်”. Ternary (trinary) ဖြစ်မယ်..။ အဲဒါတွေ..သိတော့.. ဘာဖြစ်သလည်း.. ဟင်င်င်..။ :kwi:
ဦးကြောင်ကြီး
January 4, 2013 at 11:06 am
kthwinzayarmyo မှ အခုလို အချိန်ယူ ဆွေးနွေးတာ ကျေးဇူးတင်ပါတယ်။
ပထမ မှတ်ချက်အတွက် တုံ့ပြန်ချင်တာ သုညဆိုတာ နေရာတခု၊ တန်ဖိုးတခုလို့ မြင်လိုက်ရင်ကို လွဲချော်ပါတယ်။ တကဲ့တန်ဖိုးမှာ ဘာကိုမှ ပြစရာ မရှိပါဘူး၊ အကြွင်းမဲ့ဆိုတာကို သုညဆိုပြီး တခုခု အရှိယူလိုက်တဲ့အခါ သူ့နေရာမှာ မနေလို့၊ အခြားနဲ့ နှိုင်းယှဉ်လို့ စတဲ့ မေးခွန်းများ ဖြစ်လာရတာပါ။ ဒါဆို မေးတဲ့ လောဘ၊ ဒေါသ တို့သည် တကယ်မရှိလို့ စဉ်းစားစရာ မလိုတော့ဘူး။ မရှိတဲ့စိတ် (ဖြစ်ပြီးပျက်သွားတဲ့စိတ်) အရှိလုပ်အတည်ယူမိခြင်း အကျိုးဆက်ပါ။ ဟုတ်တယ်နော် ကိုယ့်ကိုယ်ကို အရှိထင်လို့ သို့မဟုတ် တခုခုအရှိယူလို့ နေရာတို့ သူသူငါငါတို့ အမှန်အမှားတို့ ရှိနေတာ…
ဒုတိယ မှတ်ချက်ကတော့ စာတပုဒ်အပေါ် ဖတ်သူ ရေးသူ ကြိုက်သလို သုံးသပ်ခွင့်ရှိပါတယ်။ ရည်ရွယ်ချက်က သုညတဓာတ် အစစ်တန်ဖိုးသိပြီး လောကီ၊ လောကုတ် လုပ်တတ်ကြဖို့ပါ။ မိုးပြာအယူနဲ့ လုံးဝ (လုံးဝ) မရောစေချင်ပါဘူး။ သမားရိုးကျ စာလုံးတွေကနေ ခွဲထွက်နေလို့ တူသယောင် ရှိပေမဲ့ အဓိက ကွာဟချက်က ဘာကိုမှ အဟုတ်မထင် အတည်မယူတာပါ။ အထူးသဖြင့် စိတ်လိုမျိုးမှာ ပိုထင်ရှားပါတယ်။
မိုးပြာအယူမှာ ဝိပဿနာအကျင့်ကို အရူပဖြစ်တယ် ဘာညာ ဝေဖန်ချက် ရှိပေမဲ့ သူကိုယ်၌က စိတ်ကို အတည်ယူပါတယ်။ ဒီတော့ သူ့ထင်တာ အဟုတ်မှတ်တဲ့ ထောင်ချောက်မိပါတယ်။ ဓမ္မသဘောမှာ သူသူငါငါ ရှိမနေဘဲ တသူသူတငါငါနဲ့ အဟုတ်ထင် တရပ်စပ် ဖြစ်ပျက်နေခြင်းသာ ရှိတယ်။ အဲဒီ အထင်မှားကို စွန့်ရမှာပါ။
အဓိကပွိုင့်က ဘာလုပ်လုပ် လုပ်ခြင်းကို စွဲမထားဖို့။ ထမင်းစားတာ အပြစ်မဟုတ်၊ စားခြင်းကိုသာ အဟုတ် မထင်မိစေဖို့။ ဈေးရောင်းတာ အပြစ်မပြောဘဲ ဈေးရောင်းခြင်း တကယ်ရှိတယ် ဟုတ်တယ် အမှတ်မမှားစေဖို့ပါ။ မိုးပြာအယူနဲ့ စကားလုံး တူသယောင် ရှိကောင်းရှိနိုင်ပေမဲ့ အတည်မယူမှုမှာ ကွာတယ်။ မိုးပြာအယူက အတည်ယူဆုပ်ကိုင်မှု ပါတယ်၊ ဆုပ်ကိုင်ထားလို့လည်း ဒါန သီလ ဘာဝနာ ဖွင့်ဆိုပုံတွေ ဖြစ်လာတာပေါ့နော်။ ဓမ္မအစစ်က သူ့မှာမပါသလို ငါ့မှာလည်း မပါဘူး။
စိတ်သည် အရာရာ ခေါင်ချုပ်မိုလို့ မိုးပြာအနေနဲ့ စိတ်ကို ဘယ်လိုသတ်မှတ်သလဲ ပြန်ဆန်းစစ်ပါ။ (မိုးပြာဆရာများ အားလုံးကို ဒီနေရာကနေ မေးပါတယ်…. အတည်ယူ ဆုပ်ကိုင်မှု ပါသလား မပါဘူးလား )
ဒါဆို မင်းက သုညတ စစ်စစ်ကိုပဲ အမှန်ပြောနေသလားဆိုရင် အဲသလိုလဲ မဟုတ်ဘူး။ စွန်းလွန်းဆရာတော်ကြီးက ပညတ်ပရတ်မတ် ကွဲလို့လည်းမပြီး ခွဲသိလို့လည်း မပြီး၊ စပ်သိသူသာ မြတ်တယ်အဆိုရှိပြီး သဲအင်းဂူ ဆရာတော်ကြီးကတော့ အသိမှာ ပရမတ်ဝိဇ္ဇာ၊ ပညတ်ဝိဇ္ဇာ၊ ပညတ်အဝိဇ္ဇာ ယေဘူယျ ခွဲပေးပါတယ်။ (စကားလုံး ပညတ်ဖြစ်လို့ သဘောကိုသာ နာစေလိုတေယ်၊ အငြင်းပွားဖို့ မဟုတ်ပါ) ရဟနာ္တဖြစ်မှသာ ပရမတ်ဝိဇ္ဇာအသိ၊ ကျန်အောက်သုံးဆင့်သည် ပညတ်ဝိဇ္ဇာအသိ ဖြစ်ပြီး ကျန်တာတွေအားလုံးကတော့ အဝိဇ္ဇာချည်းသာ ဖြစ်တယ်။ ဒီတော့ ရဟနာ္တမဖြစ်သ၍ ပညတ် ဝိဇ္ဇာနဲ့ ပညတ်အဝိဇ္ဇာအသိထဲ နစ်နေကြရပါအုံးမယ်။ အကြောင်းပြုလို့ ဖြစ်လာတဲ့ အကျိုးတွေအပေါ် သာယာမနေဖို့၊ ဆုပ်ကိုင်မထားဖို့၊ သုံးယုံသုံး မစွဲကြဖို့ လိုရင်းပါ။ ကျင့်လို့ ဖြစ်လာတာ၊ လုပ်လို့ဖြစ်လာတာ ရှောင်မရရင် ဆုပ်ကိုင်မထားမိဖို့ပဲ ရှိတယ်။ ဥပမာ ကျင့်လို့ ညဏ်တခုဖြစ်တယ် ဆိုပါစို့၊ အဲဒီ ပကတိတရား လက်ခံခံ မခံခံ သူကရှိနေပါမယ်။ ကာယကံရှင်က အဲဒီရှိနေခြင်းကို တကယ်အစစ်အဖြစ် မဆုပ်ကိုင်မိဖို့ ပြောချင်တာပါ။ ထို့နည်းတူစွာ လောကဓံတခုဖြစ်လည်း အကောင်းအဆိုး အတည်ယူ မိန်းမောမနေဖို့ ဖြစ်ပါတယ်။ တကဲ့အစစ်က ဆုပ်ကိုင်ခွင့်မရှိပါဘူး။ အဲဒါကိုလည်း တကယ်အစစ်ရသူသာ သိပါမယ်။ ကျနော်လည်း အထင်နဲ့ပြောတာပါ သို့သော် သုညတကို ဦးတည်ပြောတာမို့ ဆန့်ကျင်ဖက် တလွဲတော့ ဖြစ်စရာမရှိထင်ပါတယ်။
မြတ်စွာဘုရားတောင် အစွဲပြုပြီးမှ သဗ္ဗညုတညဏ် ရခဲ့တာမို့ ဒီလိုပဲ တခုခုကို စွဲကိုင်ရင်း အစပြုရမှာပဲ သို့သော် သာသနာပ ကာလမှာလို စမ်းတဝါးဝါး လုပ်နေစရာ မလိုဘူး၊ သုညတပန်းတိုင်ကို အမြင်မှန်ထားရမယ်၊ အမြင်ပိုစင်အောင် လုပ်ထားမှ လားရာလမ်း ဖြောင့်ဖြူးမယ်။ အခြား ဝိပဿနာရှုနည်းများကို မှားတယ် မပြောပါ၊ ကိုယ်အာရုံကျရာ မည်သည့်ကျင့်စဉ်များနဲ့မဆို (သမထ၊ ဝိပဿနာ) တွဲဖက်အသုံးပြုနိုင်တဲ့ လိုတရသုည ဖြစ်ပါတယ်။
ယခုပြောတာရေးတာတွေသည် ကျနော့်ကိုယ်ပိုင် အာဘော်သာဖြစ်ပြီး တကဲ့မူရင်း ဓမ္မအစစ်ကို လေ့လာလိုပါက http://realenlightenment.multiply.com/ ကိုသွားရန် တိုက်တွန်းပါတယ်။ ကိုယ်တိုင်လည်း သဘာဝဓမ္မရိပ်သာ ဆရာ၊ ဆရာမများနဲ့ ဆွေးနွေးဖို့
အကြံပြုပါရစေ။