သင်ပုန်းချေခြင်း ဥဒါန်း

သင်ပုန်းချေခြင်း ဥဒါန်း

နွေဦးမှာ သစ်ရွက်မကြွေချင်နေ
လေပြည်မှာ ရနံ့မပါလည်း ထား
ပန်းပွင့်ရာမှာ ပျားတော့ ရှိမယ်
နင့်စကားတွေ ပြက်ရယ်လို့ မနေလည်း
မျက်ကွယ်မှာ အခု နင်
ခိုချင်ရာ ခိုနား
တစ်ချိန်က အမှားတွေအတွက်
ငါ့ကိုလည်း မငဲ့ကွက်နဲ့တော့
ကျောခိုင်းကာ လှည့်ထွက်ခဲ့ပြီးပြီပဲ..
နင်လည်း ပျော်မှာပါလေ..
ငါလည်း တော်ရာမှာနေ … အဝေး
နင်ပေးခဲ့ဖူးတဲ့အိပ်မက်တွေနဲ့
ငါ့ညတွေ အိပ်ပျက်ခဲ့ဖူးတယ်ဆိုတာ
နင့်အတွက်သာ ဇာတ်လမ်းဟောင်း
ငါ့အတွက်တော့
မှတ်တမ်းကောင်းတစ်ပုဒ်အဖြစ်…
ကျန်နေရစ်ခဲ့ပါ..
ချစ်ရစ်ကာ ထားလို့ပြေး
ဥပါဒါန်ကို မပေးခဲ့တာတောင်
အနာဂါတ်မှာ ဥပါဒ်တွေနဲ့ လောင်မြိုက်
အိပ်ဆေးတွေ ဓါတ်မပြယ်ခင်မှာပဲ
သန်းခေါင်ကိုချည်းကပ်ဖို့ ငါ့စိတ်တွေက
လန်းဆန်း..တက်ကြ­ွ
ခမ်းနားစွာလှပခဲ့ဖူးတဲ့ နွေဆည်းဆာအတွက်
ငါ့မျက်လုံးတွေ ကျိန်းစပ်နေတတ်ခဲ့ပြီ..
ကြယ်ရောင်တွေ မလင်းလက်ပါနဲ့တော့
လရောင်ကိုကြောက်လို့ ညအမှောင်အောက်မှာ ပုန်းခိုကာမှ
ငါ့ကိုယ်ငါ ပြန်ပြန်ပြီး မြင်နေရတာ
အသည်း နာတယ်…
နင်.. ကျေနပ်လိုက်ပါ
နင်.. နေတတ်လိုက်ပါ
ငါကသာ..
သေတတ်ဖို့ ကြိုးစားသင်ယူနေတုန်း…..။ ။

တောက ကိုရင်
၀၆.၀၈.၂၀၁၂

One comment

  • ခင်ခ

    January 2, 2013 at 1:52 pm

    ( အသည်း နာတယ်…
    နင်.. ကျေနပ်လိုက်ပါ
    နင်.. နေတတ်လိုက်ပါ
    ငါကသာ..
    သေတတ်ဖို့ ကြိုးစားသင်ယူနေတုန်း…..။ ။ )

    မသေလိုက်ပါနဲ့အုံး
    အနေမတတ်တာ အပြစ်မမြင်လို့
    ကျေနပ်လောက်အောင် အချစ်ပြင်ဖို့
    အသင့်တာပြင် အို ကိုရင်။

Leave a Reply