“နွေနှောင်းမိုး – အပိုင်း ၁”

နွေရာသီကျောင်းပိတ်ရက်မရောက်ခင် နှစ်ပါတ်အလိုမှာ ရိုင်ရမ်တစ်ယောက် ပေါ်ပြူလာအဖြစ်ဆုံးနေရာကနေ ပေ ငါးဆယ်အမြင်ကနေ ပြုတ်ကျသလိုပဲ ပြုတ်ကျခဲ့တယ်။
ဘယ်သူမှ သေချာမသိပေမယ့် ပေါ်ပြူလာဖြစ်ကြတဲ့ အခြားသူတွေကလည်း သူ့ကိုရှောင်ဖယ်လာကြပြီး အခြားကျောင်းသူကျောင်းသားတွေကလည်း ဂရုမစိုက်ကြတော့ဘူး။
နေ့လည်ထမင်းစားချိန်ရောက်တိုင်း သူက သူထိုင်ချင်တဲ့ စားပွဲမှာ တစ်ယောက်ထဲ ထိုင်လေ့ရှိတယ်။
ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့ကို စကားပြောဖို့မဆိုနဲ့ ၊ အနားကတောင်ဖြတ်မသွားရဲကြဘူး။
“ဟေ့ .. ထမင်းစားပွဲတစ်ခုလုံးကို မင်းတစ်ယောက်ထဲ ယူထားတာ မကောင်းဘူး” လို့ပြောလိုက်ပြီး
ကျွန်မ ထမင်းပန်းကန်ကို သူ့ဘေးမှာချလိုက်တယ်။ သူကတော့ စာရွက်ပေါ်မှာ တစ်ခုခုရေးခြစ်လို့ ရှိသမျှလူတွေအားလုံးရဲ့အကြည့်ကို ဥပက္ခောပြုထားတယ်။
ရိုင်ရမ်တစ်ယောက် ကျွန်မအသံကြောင့် မော့ကြည့်လာတယ်။ ကျွန်မ သူ့ကို တစ်ခါမှ စကားမပြောဖူးပေမယ့်
ကျောင်းထဲမှာ သူ့ကို ခဏခဏတွေ့ဖူးတယ်။ ကျွန်မတို့က မူလတန်းကထဲက တစ်တန်းထဲ တက်လာကြတာ။
ဒါပေမယ့် သူက ပေါ်ပြူလာဖြစ်တဲ့ ခပ်မိုက်မိုက် ကောင်လေး ၊ ကျွန်မကတော့ သာမာန် အရပ်အမောင်း၊ သာမာန်ရုပ်ရည်နဲ့ သာမာန်ခန္ဒာကိုယ်အချိုးအစားနဲ့ ပြောရမယ်ဆိုရင်တော့ ဘုဂလန့်နိုင်တဲ့သူတစ်ယောက်။
သူကျွန်မကို မြင်ဖူးတာတော့ သေချာတယ်။
“မင်း ငါ့ကိုမကြောက်ဖူးလား” လို့ အရမ်းအံ့ဩနေတဲ့ မျက်လုံးလက်လက်နဲ့ မေးတယ်။
“ဘာလို့ ကြောက်ရမှာလည်း .. မင်းမှာ ကောင်မလေးတွေအနားအကပ်မခံနိုင်တဲ့ရောဂါရှိနေလို့လား” လို့ ကျွန်မ ခပ်ထေ့ထေ့ပြန်မေးလိုက်တယ်။
ရိုင်ရမ်က လက်လျော့ပါတယ်ဆိုတဲ့အပြုံးမျိုး ကျွန်မကို ပြုံးပြတယ်။
“ကဲ .. ငါ့ကိုရယ်ရအောင် လုပ်စမ်းပါဦး၊ တစ်ရက်ထဲနဲ့ မင်းနဲ့ ငယ် ကထဲက သိခဲ့တဲ့ သူငယ်ချင်းတွေကိုမတည့်အောင် ဘယ်လိုလုပ်လိုက်သလဲဆိုတာကို”
သူပုခုံးတွန့်ပြီး ခပ်တိုးတိုးပြောတယ်။ “ငါ တစ်ခုခု လုပ်မိလိုက်တယ်ထင်တယ်”
“သိပ် မကောင်းတာ ၊ဒါပေမယ့် အမှန်တရားတစ်ခု” လို့ သူ ရယ်နေရင်းကနေပြန်ပြောတယ်။
“မင်း နာမည် ဒန်နီရယ် မဟုတ်လား” လို့ မေးရင်း သူ စကားလွှဲလိုက်တယ်။
“ဒန်နီ ပါ ၊ မင်း ဘယ်လိုလုပ်ပြီး ငါ့နာမည်ကို သိတာလည်း”
“ငါတို့ အတန်းအတူတူတက်လာတာ မူလတန်းကထဲကလေ၊
ငါ မင်းအကြောင်း ဘာမှမသိဘူးဆိုတာတော့ ဝန်ခံပါတယ်၊ ဒါပေမယ့် မင်းနာမည်တစ်ခုတော့ ငါသိပါတယ်” လို့
သူက ခပ်မြူးမြူးရယ်ရင်းကနေပြောတယ်။
“မင်း ဘာတွေရေးထားတာလဲ”
ကျွန်မ ပေါင်မုန့်ကို ကိုက်လိုက်ရင်းကနေပြီး သူ့ လက်ဖဝါးနဲ့ ဖိပြီး ဖွက်ထားတဲ့ စာရွက်ကို လက်ညှိုးထိုးရင်းမေးလိုက်တယ်။
သူကျွန်မကို ခပ်ထွေထွေကြည့်ပြီး စာရွက်ကို လုံးချေလိုက်တယ်။
“စိတ်ထဲရှိတာလေး နည်းနည်းပါ” လို့ပြောရင်းကနေ စာရွက်ကို အနားမှာရှိတဲ့ အမှိုက်ပုံးထဲ လှမ်းပစ်လိုက်တယ်။
ဒါပေမယ့် ကျွန်မက လေထဲမှာပဲ ခြေမွထားတဲ့ စာရွက်လုံးကို လှမ်းဖမ်းလိုက်တယ်။
ကျွန်မက ခပ်တုံးတုံးတစ်ချို့ကောင်လေးတွေကို ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် နိုင်အောင် ကစားနိုင်တယ်ဆိုတာကို သူမသိတာဘူး။ ဒါက ကျွန်မအတွက်တော့ အေးဆေးပဲ။
“ဟေး .. မဖတ်နဲ့နော်၊ မင်း ဖတ်လို့မရဘူး ၊ ပြန်ပေး ..”
သူလှမ်းခုန်ပြီး ဖမ်းပေမယ့်လည်း မရဘူး။
“မပေးဘူး ..မပေးဘူး ..” လို့ သီချင်းဆိုနေသလိုပုံစံ ကျွန်မပြန်ပြောတယ်။
ကျွန်မ သူ့ဘက်ကိုလှည့်ပြီး စာရွက်ကို ဖြန့်လိုက်တယ်။
“ကြည့်ရအောင် ၊ မင်းဘယ်လို လျို့ဝှက်ချက်တွေများ ရေးထားသလဲလို့”
“နွေရာသီမှာ လုပ်ချင်တဲ့ အရာ ဆယ်မျိုး…” သူ့ကိုလှမ်းကြည့်ပြီး မျက်ခုံးပင့်၊ ဘဝင်ခပ်ကိုင်ကိုင်အပြုံးမျိုးပြုံးလိုက်ပြီး သူရေးထားတာကို စ ဖတ်လိုက်တယ်။
“နံပါတ် တစ် – ရေခဲမုန့် တစ်လီတာ စားမယ်”
“မင်း နောက် နေတာလား ၊ ဒါ ဘာ အစီအစဉ်ကြီးလဲ” လို့ ကျွန်မ ရယ်ရင်းမေးလိုက်တယ်။
ရိုင်ရမ်တစ်ယောက် ပါးနှစ်ဖက်ကို လက်နဲ့ထောက်လို့ စိတ်ပျက်လက်ပျက်ပုံစံနဲ့ လက်လျော့ပြီး
ပြန်ထိုင်နေတယ်။
“ကြည့်ရတာတော့ ငါ့မိဘတွေနဲ့ ဆရာတွေ အရင်တစ်ပါတ်ကျော်က စကားပြောပြီးကထဲက ငါ ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့တဲ့အတူတူ ငါ မင်းကို အဲဒါ ဖတ်ခိုင်းရတော့မယ် ထင်တယ်” လို့ ကျွန်မကို အခွင့်အရေးပေးလိုက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတယ်။
သူ့မျက်လုံးမှာ ဝမ်းနည်းနေတဲ့ အရိပ်တစ်မျိုးနဲ့ ၊ ကျွန်မ သနားပေမယ့် ဘယ်လိုမှ မကူညီနိုင်ဘူး။
ကျောင်းမှာ မကောင်းတဲ့ သူငယ်ချင်းတွေ ရထားပေမယ့်လည်း ရိုင်ရမ်က တကယ်တော့ လူကောင်းတစ်ယောက်ပါ။
အမှန်က သူက အခြားသူ့ကိုအထင်ကြီးနေတဲ့ သူတွေနဲ့ကျတော့လည်း လိုက်လျောညီထွေအောင် မပေါင်းတတ်ပြန်ဘူး။
ကျွန်မအတွက် ခပ်ချောချောကောင်လေးတွေကို စိတ်မဝင်စားပေမယ့် ရိုင်ရမ်ကတော့ ကျွန်မကို ဆွဲဆောင်နေတယ်။ ပဲခပ်များများ ကောင်လေးတွေကို ကျွန်မက မုန်းတယ်။ ကိုယ်တိုင်က ယောကျင်္ားလေးဆန်ဆန်မို့ ဖြစ်မယ်ထင်တယ်။
ကျွန်မ မှတ်မိသလောက်တော့ ကျွန်မကို ခေါ်ကြတာ ယောကျင်္ားလျာတဲ့။
တခြားကောင်မလေးတွေ ဂါဝန်လှလှလေးတွေဝတ်နေကြတဲ့အချိန်မှာ ကျွန်မက ရွံ့ကို ကိတ်မုန့်ပုံမီးဖုတ် ၊ တီကောင်တွေ စားရဲ မစားရဲ ဆိုတာတွေ လုပ်နေတုန်းပဲ။
သူတို့က အလှအပတွေပြင်ပြီး ရည်းစားတွေထားနေချိန်မှာတော့ ကျွန်မက တီဗီဂိမ်းကစားတယ်၊ နောက် နဘန်းသတ်ပွဲလက်မှတ်ဝယ်ဖို့အတွက် အချိန်အပိုင်းအလုပ်လုပ်ရင်း ဝင်ငွေရှာတယ်။
တကယ်တော့ ကျွန်မက ယောကျင်္ားရှာမဟုတ်ပါဘူး။ ဘဝကို ရိုးရိုးပဲဖြတ်သန်းပြီးတော့ ကျွန်မကိုပျော်ရွှင်စေတယ်ထင်တာတွေကိုပဲ လုပ်တာ။
ကျွန်မ သူ့ စာရွက်ကို ဆက်ဖတ်လိုက်တယ်။
“နံပါတ် ၂ – ရေတံခွန်အောက်မှာ ရေချိုးမယ်။”
“နံပါတ် ၃ – ဖရဲသီးအစားပြိုင်မယ်”
“နံပါတ် ၄ – ငါးမန်းဖြူတွေနဲ့ ရေအတူတူကူးမယ်” … ကျွန်မ သူ့ကိုလှမ်းကြည့်တော့ သူက ကျွန်မကိုပြုံးကြည့်နေတယ်။
“ဟင်း … မိုက်တယ်ပေါ့”
“ငါ အဲဒါတွေကို အရမ်းလုပ်ချင်တာ၊ လုပ်ခဲ့သမျှထဲမှာ အပျော်ဆုံးတွေ ဖြစ်မှာပဲ”
ကျွန်မ သူ့ကို ထူးဆန်းတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။
“နံပါတ် ၅ – နေထွက်ချိန်ကို ကြည့်မယ် ၊ နေဝင်ချိန်မဟုတ်ဘူး”
“နံပါတ် ၆ – လူတွေကြားမှာ ဂစ်တာတီးပြီး သီချင်းဆိုမယ်”
“နံပါတ် ရ – ကြယ်ကြွေတာကိုကြည့်မယ်” .. ကျွန်မ အတွေးထဲမှာ ရယ်မိတယ်။ ကျွန်မလည်း အဲဒါတွေအကုန် လုပ်ချင်တယ်။ ဘယ်လိုလည်းဆိုတော့ တခြားသူက ခွင့်ပြုမှ လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်ဟာကိုယ် လုပ်ချင်စိတ်ရှိလို့ လုပ်ချင်နေတာ။ ဟို တစ်ခါက ရိုင်ရမ်တစ်ယောက် ဘယ်သူ့ ဘာထင်ထင် ဂရုမစိုက်ဘဲ အိမ်သာခွက်ထဲကို မျက်နှာ ထည့်လိုက်တာမျိုး …
“မင်း ဘာလို့ ဒါတွေ ရေးတာလည်း” ကျွန်မ မေးလိုက်တယ်။
ရိုင်ရမ်က အရေးမစိုက်တဲ့ ပုံစံနဲ့ပြောတယ်..
“ဘဝ ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာကို ငါ လွန်ခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်ထိ ငါမသိခဲ့ဘူး..
ငါ ပြောချင်တာက ငါက အမြဲ အဓိပ္ပါယ်မရှိတဲ့အရာတွေကိုပဲ လုပ်နေမိတယ်။ ဥပမာ ..
ဟေး ..ကင် တစ်ယောက် ဂျရပ် နဲ့ အတူအိပ်တယ် .. မင်းသိလား ဟိုတစ်ယောက် အညာမိသွားတယ်.. ဘာညာဆိုတာတွေပေ့ါ .. အဲဒါတွေကို ငါတကယ်ရော ဂရုစိုက်ရဲ့လား ..”လို့ သူ သက်ပြင်းခပ်ရှည်ရှည်ချလို့တယ်။
“အခုဆို ငါ့မှာ သူငယ်ချင်း မရှိတော့ဘူး၊ ဒီတော့ ငါ့အတွက် တွေးဖို့ အချိန်တွေ အများကြီးရတယ်။
ငါ့အတွက် အမှတ်တရဖြစ်စေမယ့်၊ မမေ့နိုင်တဲ့အရာမျိုးကို ငါ ဘဝ ဆိုတဲ့အဓိပ္ပါယ်ကို သိရတဲ့အထိမ်းအမှတ်အဖြစ်နဲ့ ငါဒီ နွေရာသီမှာ လုပ်ချင်တာ” ..
“ငါလည်း သဘောကျတယ်” လို့ ကျွန်မ ထောက်ခံလိုက်တယ်။
ကျွန်မ နောက်ထပ် ဘယ်လိုအကြောင်းအရာတွေများ ရေးထားမလဲဆိုတာ သိချင်စိတ်နဲ့ စာ ကို ဆက်ဖတ်လိုက်တယ်။
“နံပါတ် ၈ – စာရေးပြီး ပုလင်းထဲ ထည့်မယ်”
“နံပါတ် ၉ – မေမေ့ကို နှင်းဆီအနီရောင် တစ်ဒါဇင်ပေးပြီး ချစ်တယ် လို့ ပြောမယ်”
“နံပါတ် ၁ဝ … ကျွန်မ ရပ်လိုက်တယ်။ ရိုင်ရမ်က နံပါတ် ၁ဝ အကြောင်းအရာကို ဖျက်ထားတယ်။
သို့သော်လည်း ခဲတံနဲ့ရေးထားတာက ပျက်နေပေမယ့် ရေးထားတဲ့ဟာကို ဖတ်လို့ရနေဆဲပဲ။
“အိုး….အဲဒါက …” သူကပြောတယ်။
“ငါနဲ့ ပြိုင်ပြီး ခန့်မှန်းချင်လို့လား” သူက ပြောပြီး စာရွက်ထောင့်ကနေ ဆွဲယူလိုက်တယ်။ ဒါပေမယ့် ကျွန်မက စာရွက်ကို ခပ်တင်းတင်းကိုင်ထားတယ်။
ရိုင်ရမ်ကို ကြည့်ရတာ နံပါတ် ၁ဝ အကြောင်းအရာကို ရှက်တဲ့ပုံမပေါက်ပေမယ့် ကျွန်မနားမလည်နိုင်တဲ့ အမူအရာမျိုးနဲ့။
“နံပါတ် ၁၀” .. ကျွန်မ သူ့မျက်လုံးကို ကြည့်လို့ ပြောလိုက်တယ် …
“Fall in Love?” …

“Late summer rain ကို ဆီလျော်အောင် ရေးသားပါသည်”

3 comments

  • ကြည်ဆောင်း

    January 9, 2013 at 4:54 pm

    အင်း …
    ကလေးတွေဆိုတော့လဲ လုပ်ချင်တာကိုလုပ်ဖို့အခွင့်အရေးတွေ (မကောင်းတာကိုပြောတာမဟုတ်ဘူးနော်) ရှိနေတာပေါ့လေ

  • မောင်ပေ

    January 9, 2013 at 7:56 pm

    နွေနှောင်းမိုး
    လေကြောင်းတိုး
    ငွေတောင်းဆိုး
    ဖေရောင်းအိုး
    ထွေဂျောင်းနိုး

    • Hnin

      January 10, 2013 at 7:36 am

      တိန် ..

      မောင်ပေလေး ..အကောင် မသေး
      စာတွေလိုက်ဖတ်လို့
      ကွန်မန့်တွေက ရေးချင်တာရေး .. 😛

Leave a Reply