ဒုက္ခ….. ဒုက္ခ…..ဒုက္ခ….

Green RoseJanuary 9, 20134min43319

ဒုက္ခ….. ဒုက္ခ…..အခုမှ…….ဒုက္ခ…. ဟိုခလေးလေး ငိုနေတာ ဘယ်လိုမှ လျစ်လျူမရှုနိုင်ပါလား။

Green Rose တို့ သူငယ်ချင်း ၂ ယောက် ရုံးပိတ်ရက် ချိန်းပြီး ဟိုသွား၊ ဒီသွား၊ ဟိုဝယ်၊ဒီဝယ်နဲ့ မိုးလင်းကတည်းက အိမ်ကထွက်လာကြတာ အခု ည ရ နာရီ ကျော်လောက်မှ ၂ ယောက်သား လမ်းခွဲခါနီး လမ်းဆုံတစ်ခုနားက ကြေးအိုးဆိုင်မှာ ကြေးအိုးဝင်သောက် နေကြတာပါ။ ထိုင်မိတာက လမ်းမဘက် ကပ်နေတဲ့ စားပွဲဖြစ်နေပြီး အဲဒီ့ခလေးလေးက Green Rose တို့ စားပွဲနဲ့ ကပ်ရပ်စားပွဲက လူတွေကို ဆိုင်အပြင်ဘက်ကနေ မကြား တကြား၊ မပွင့်တပွင့်လေသံလေးနဲ့ တစ်ခုခု ပြောနေတာကို သတိထားလိုက်မိတာပါ။ ပုံမှန်ဆိုရင် မသိချင်ယောင် ဆောင်လိုက်မိမှာပေမယ့် အမှတ်မထင် အဲဒီ့ခလေးလေးရဲ့ မျက်နှာပေါ်က မျက်ရည်ကို မြင်လိုက်မိတော့ ဘယ်လိုမှ လျစ်လျူမရှုနိုင်တော့ပါဘူး။ သူဟိုဘက်ဝိုင်းကို ဘာပြောနေလဲဆိုတာသဲသဲကွဲကွဲလည်း မကြားရပါဘူး။ ဒါပေမယ့် အကူအညီတစ်ခုခု တောင်းနေမှန်းတော့ သိနေပါတယ်။ (ပိုက်ဆံ၊ သို့မဟုတ် အစားအစာ တစ်ခုခုပေါ့)

ကိုယ့်ဖာသာကိုယ်ကလည်း “ဘယ်လိုတောင်းတောင်း မပေးဘူး” ဆိုပြီး ရပ်သိ၊ ရွာသိ ဂဇက်သိ အော်ထားတာ။ ဒီမှာ ကိုယ်နဲ့အတူတူ ရှိနေတဲ့ သူငယ်ချင်းကလည်း အဲဒီ့ အကြောင်းကို သိထားပြီးသား။ (သိဆို ကိုယ်ရေးတဲ့စာတွေ ဖတ်ချင်မှန်းမသိ၊ မဖတ်ချင် မှန်းမသိ ဖတ်ခိုင်းခဲ့မိတာကိုး) ကိုယ်ကလည်း ဟန်မဆောင်တတ်တော့ အဲဒီ့ခလေးကို ၂ ခါ ၃ ခါလောက် ကြည့်မိကတည်းက ဟိုတစ်ယောက်က ကိုယ့်ကိုသတိထားမိနေပြီ။ မပေးပြန်ရင်လည်း အင်မတန် ရက်စက်တဲ့မိန်းမလို့ အထင်ခံရဦးမယ်။ ပေးပြန်ရင်လည်း ကိုယ်ခတ်ထားတဲ့ခြံစည်းရိုး ကိုယ်ကျော်တက်သလိုဖြစ်တော့မယ်။စဉ်းစား.. စဉ်းစား.. ဘာလုပ်ရရင်ကောင်းမလဲ။ ..

ခေါင်းတွေတောင်ပူပါတယ်.. အဟုတ်.. စားနေတဲ့ ကြေးအိုးလည်း ဘာအရသာရှိမှန်းတောင်မသိတော့ဘူး.. မြိုလို့လည်း မကျတော့ဘူး.. ဟုတ်တယ်လေ.. ဒီမှာ ကိုယ်ကတော့ စားလို့သောက်လို့ ဟိုခလေးက အငိုမျက်နှာနဲ့။

          အို မေးကြည့်ပြီး ဗိုက်ဆာလို့ပါ လို့ဆိုရင် ပိုက်ဆံတော့မပေးဘူး.. ဒီမှာ ဝယ်ကျွေးလိုက်မယ်။

ဆုံးဖြတ်ပြီး စားလက်စ ပါးစပ်ထဲက ဟာတွေကို အမြန်မြိုချ၊ ရေတစ်ကျိုက်၊ နှစ်ကျိုက် မော့ချ လည်ချောင်းရှင်းပြီး လှည့်မေးလိုက်တယ်

 “ ဘာဖြစ်လို့လဲဟင်”

“သားပိုက်ဆံကျပျောက်သွားလို့ အဲဒါ”

အဲ.. အဲဒါမှ ပြဿနာပဲ.. ကိုယ်က ပိုက်ဆံတောင်းရင် ပေးဖို့အစီအစဉ် လုံးဝမရှိဘူး။ ဗိုက်ဆာတယ်ဆိုရင်သာ ဝယ်ကျွေးဖို့ စိတ်ကူးလိုက်မိတာ။ ခုတော့………..

နောက်ပြီး သူ့ဟာသူ ဟိုဖက်ဝိုင်းကို ချဉ်းကပ်နေတာကို ကိုယ်က မနေနိုင်မထိုင်နိုင် သွားမေးမိတာဆိုတော့ မပေးဘူးလို့ ယတိပြတ်မပြောနိုင်ဘူးပေါ့။ နောက်ထပ်ဘာများလုပ်ပေးနိုင်မလဲ စဉ်းစားရင်း မေးမိမေးရာ၊ ပြောမိပြောရာတွေ လျှောက်မေးမိ ပြောမိပါတော့တယ်…………..်

“သားအမေက ဘယ်မှာလဲ”

“ဟိုဖက်နားမှာ ကားလမ်းဟိုဖက်မှာ”

“ကားလမ်းဟိုဖက်မှာ…………..သားအမေက ဘာလုပ်တာလဲ”

“အကြော်ရောင်းတာ၊ အဲဒီ့နားမှာ”

“ပိုက်ဆံကျပျောက်တာပဲ၊ အမေ့ကို ကျပျောက်သွားတယ်လို့ ပြန်ပြောလိုက်ပေါ့၊ ဘာလို့ အဲလိုတောင်းနေရတာလဲ”

“အမေက ရိုက်မှာ၊ သားတို့ထမင်းစားဖို့ ဟင်းမရှိလို့ ကန်စွန်းရွက်ကြော်မယ်ဆိုပြီး သားကိုဝယ်ခိုင်းလိုက်တာ၊ အရင်တစ်ခါလည်း သားပိုက်ဆံကျပျောက်လို့ အရိုက်ခံရတယ်”

ခလေးကြည့်လိုက်တော့ မျက်ရည်စက်လက်နဲ့ အသက်ကလည်းအလွန်ဆုံးရှိမှ ၁ဝ နှစ်ပေါ့.. အဖြူ အစိမ်း ခပ်နွမ်းနွမ်းလေးနဲ့ Green Rose စဉ်းစားကြည့်လိုက်တယ်.. လိမ်တောင်းတာတော့ မဖြစ်နိုင်တော့ဘူး.. တကယ်မခံစားရပဲ မျက်ရည်ကျဖို့ဆိုတာ အကယ်ဒမီရ သရုပ်ဆောင်တွေတောင် မလွယ်တာ။ တကယ်ဒုက္ခရောက်နေတယ်လို့ ထင်တာပဲ။ နောက်ပြီး သူ့ပုံစံကြည့်ရတာ ကိုယ်မပေးလည်း ပေးမယ့်သူမတွေ့မချင်း တောင်းမယ့်ရုပ်၊ Green Rose တစ်ယောက်လုံးရှိရက်နဲ့ ဒီလိုအဖြစ်မျိုး အဖြစ်ခံလို့ဘယ်ရပါ့မလဲ နော်။ (ဟီး…. ဒီလိုလဲ ဘဝင်က မြင့်သေးတယ်)။ အမှန်ကတော့ Green Rose ငယ်ငယ်က အမေဈေးဝယ်ခိုင်းလိုက်တာ ဈေးဖိုးကျပျောက်ဘူးလို့၊ အဲဒီ့ အချိန်တုန်းက ခံစားချက်ကို သတိရလိုက်မိတာလည်း ပါပါတယ်။ Green Rose လည်း ငယ်ငယ်က အမေ့ကို အရမ်းကြောက်ရပါတယ်။ အမေအပြစ်တင်မှာ၊ ဆူပူမှာ ၊ ရိုက်မှာကို ကျန်တာတွေထက် ပိုကြောက်ခဲ့ဖူးတာမို့ ဒီခလေးလိမ်နေတာလို့ မထင်ရက်ခဲ့နိုင်တာပါ။

ဘာလုပ်ပေးရမလဲလို့ ခေါင်းထဲမှာ အပြေးအလွှားစဉ်းစားရင်း Interview ဆက်လုပ်မိတယ်။

“ပိုက်ဆံကဘယ်လောက်လဲ”

“၅၀၀”

“သားအဖေက ဘာလုပ်လဲ”

“ ကုန်ထမ်းတယ်”

“သားမှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“ ၄ ယောက်”

“သားက အငယ်ဆုံးလား”

“ဟင့်အင်း. .. အကြီးဆုံး”

“သားက ကျောင်းနေလား” ကျောင်းဝတ်စုံ ဝတ်ထားတာမြင်ပေမယ့် သေချာချင်လို့ (အမှန်က ဘာလုပ်ရမလဲ စဉ်းစားလို့မရသေးလို့ မေးမိတာ)

“ ဟုတ်ကဲ့”

“ဘယ်နှစ်တန်းလဲ”

“ ၄ တန်း”

ဆိုင်တာတွေရော၊ မဆိုင်တာတွေရော လျှေက်မေးလိုက်တာ မေးစရာလည်း ကုန်ပြီ၊ အတူစားနေတဲ့ သူငယ်ချင်းကလည်း Green Rose ကို ဘာဆက်လုပ်မလဲ ဆိုတဲ့မျက်နှာပေးနဲ့ ကြည့်နေပြီ။ ပိုက်ဆံများ ထုတ်ပေးလိုက်လို့ကတော့ ချက်ချင်းကို ဂဇက် စာမျက်နှာပေါ်ရောက်သွားမှာ..   (အမှန်ကတော့ သူများသိတာ မသိတာထက် ကိုယ့်လိပ်ပြာ ကိုယ်မလုံတာပါ  နောက်ပြီး ပိုက်ဆံပေးဖို့လည်း လုံးဝစိတ်မကူးခဲ့ပါဘူး) ဒါတော့ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူး.. ဟိုခလေးရဲ့ အမေဆီလိုက်သွားပြီး အကျိုးအကြောင်းပြော၊ ခလေးကို မရိုက်ဖို့၊ အဲလိုမိဘက ရိုက်တဲ့အတွက် သားသမီးက ကြောက်ပြီး အရိုက်မခံရဖို့အရေး တောင်းရမ်းနေရတာ ဒီခလေးရဲ့ အနာဂါတ်အတွက် မကောင်းတဲ့အကြောင်း ပညာပေး၊ ဆွေးနွေးကြည့်ရင်ကော.. အင်း.. မဆိုးဘူး ဒီအကြံ

ဒါပေမယ့် Green Rose အဖို့ ဒီနေ့ အရမ်းကိုပင်ပန်းနေပြီ၊ မိုးလည်းတော်တော် ချုပ်နေပြီ။ နောက်ပြီး ခန့်မှန်းမိသလောက်ကတော့ အဲလိုသွားပြောလို့ နားလည်တာ မလည်တာ နောက်ထား ဒီခလေးက ၂ ဆတိုးပြီး အရိုက်ခံရမှာသေချာတယ် ၉၉.၉၉ % ပဲ။ (ပိုက်ဆံပျောက်တာက တစ်မှု၊ မိဘသိက္ခာကျအောင်၊ မိဘကို ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်က လာပြီး ဆုံးမတာခံရအောင်လုပ်တာက တစ်မှု ဆိုပြီးလေ)။ တော်ကြာ ကိုုယ့်ကိုပါ အော်ဟစ်ပြီးရန်တွေ့ခံရမှာလည်း ရှက်သေးတယ်။

ကိုယ်တွေးနေတာများ ဒီခလေးသိသွားလားမသိဘူး ပြောတာကကြည့်ဦး

“ အခု ထမင်းစားဖို့ ဟင်းမချက်ထားလို့ဆိုပြီး ဖေကြီးနဲ့ မေကြီး ရန်ဖြစ်နေကြတယ်။ အဲဒါ ကန်စွန်းရွက်ကြော်စားမယ် ဆိုပြီး သားကို ဝယ်ခိုင်းလိုက်တာ.. သားဝယ်မသွားရင် အရိုက်ခံရမှာ” တဲ့

အဲလိုပြောမှတော့ စောစောက မိဘကို လိုက်တွေ့မယ့် အစီအစဉ်ကတော့ မဖြစ်ရေးချ၊ မဖြစ်ပေါ့..

စဉ်းစားပါဦး.. နောက်တစ်နည်း…….

ခလေးကလည်း ကိုယ့်ကို မျှော်လင့်တကြီးနဲ့ကြည့်ပြီး မျက်ရည်တွေဘာတွေတောင် မရှိတော့ဘူး..   စုံတကာ စေ့အောင် မေးမြန်းပြီးမှ မပေးဘူးလို့တော့ မပြောနိုင်တော့ဘူး..

ဟား.. သိပြီ၊ ပိုက်ဆံမပေးပေမယ့် ကန်စွန်းရွက် လိုက်ဝယ်ပေးလိုက်ရင် ဖြစ်သားပဲ.. ဒါဆို ခလေးလည်း အရိုက်မခံရ၊ Green Rose လည်းကိုယ့် စည်းကမ်းကိုယ် ဖျက်စရာမလို၊ ဟို စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်လည်း ဂဇက်မှာဖွလို့ မရတော့ဘူးပေါ့။ (တော်လိုက်တဲ့ငါနော်)

 စားလက်စကြေးအိုးပန်းကန်ကို ထိန်းသိမ်းထားဖို့ နဲ့ ခဏစောင့်ဖို့ သူငယ်ချင်းကို မှာပြီး ထိုင်နေရာကနေထလိုက်တယ်။

“ကဲလာ..သား….. အန်တီ ကန်စွန်းရွက်လိုက်ဝယ်ပေးမယ်.. ဒါဆိုရတယ်မဟုတ်လား”

“ ဟုတ်ကဲ့”

“ သွားမယ်လာ…. ကန်စွန်းရွက်ဆိုင်က ဘယ်နားမှာလဲ”

“ ဟိုနားလေးမှာ အန်တီ…” သူလက်ညှိုးညွှန်ပြတာက သူ့အမေရှိတယ် ဆိုတဲ့နေရာနဲ့ ဆန့်ကျင်ဘက်အရပ်..

ခလေးကို လက်ဆွဲပြီး ကန်စွန်းရွက်ဆိုင်ကို လျှောက်ရပါတော့တယ်..

သူ့ဟိုနားကလည်း တော်တော် လျှောက်တဲ့အထိမရောက်၊ အချိန်ကလည်း ည ရ နာရီ ကျော် လောက်ဆိုတော့ မှောင်နေပြီ။ လူသွားလူလာ မပြတ်တဲ့နေရာပေမယ့် ဟုတ်မှ၊ ဟုတ်ရဲ့လားပေါ့.။ အဲဒီ့နေရာမှာ ဈေးဆိုင်တန်းလေးတွေ တွေ့မိပေမယ့် အမှတ်တမဲ့မို့ ကန်စွန်းရွက်ရောင်းတဲ့ ဆိုင်တော့ သတိမထားမိခဲ့ပါဘူး။ အဲဒါနဲ့ ခလေးကို ထပ်မေးရတယ်။

“ ဆိုင်က အဝေးကြီးလား”  “ ဘယ်နားမှာလဲ” ဆိုတော့

နည်းနည်း ဇဝေဇဝါဖြစ်နေတဲ့ပုံနဲ့“ ဒီနားလေးမှာအန်တီ၊ အမေဝယ်နေကျဆိုင်ရှိတယ်” တဲ့

“အခုတွေ့မှမတွေ့တာ” ဆိုတော့ တိုက်တစ်လုံးဘေးက မြေကွက်လပ်ကို လက်ညှိုးထိုးပြပြီး

“သား ဝယ်နေကျ၊ ဒီနားလေးမှာ၊ အထမ်းနဲ့ရောင်းတာ”တဲ့။

အင်းလေ.. အထမ်းနဲ့ရောင်းတာဆိုတော့ အတည်တကျရောင်းတာမဟုတ်ဘူး နေမှာပေါ့လို့ တွေးလိုက်မိတယ်။ ဒါနဲ့ “ကဲအခု ကန်စွန်းရွက်သည်မတွေ့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ ဒီနားလေးမှာ တခြားဆိုင်ရှိသေးလား” လို့ အဲဒီ့ပုဂ္ဂိုလ်လေးကိုပဲ ဆရာတင်ပြီး မေးရပါတော့တယ်။ လမ်းလျှောက်ရတာလည်း တော်တော်များနေပါပြီ။

ဒါတောင် အဲဒီ့ပုဂ္ဂိုလ်လေးက အမေက သူဝယ်နေကျ ဆိုင်ကပဲ ဝယ်ခိုင်းတာလို့ ပြောနေသေးတယ်။ စိတ်ကပေါက်ပေါက်နဲ့ နည်းနည်းဟောက်လိုက်မိတယ်

“ဟဲ့ ဆိုင်မှမတွေ့တာ၊ နင်မဝယ်သွားရင် အရိုက်ခံရမှာလေ။ ပြောလိုက်ပေါ့ ဆိုင်မထွက်လို့ တခြားဆိုင်က ဝယ်လာတာလို့” လို့ပြောလိုက်တော့မှ Green Rose လက်ကိုဆွဲပြီး တခြားဆိုင်လိုက်ရှာဖို့ ပြင်ပါတော့တယ်။

   အဲလိုနဲ့ လမ်းထောင့်တစ်ခုမှာ ဟင်းရွက်တွေ ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကိုတွေ့တော့ဝမ်းသာလိုက်တာလေ.. ကန်စွန်းရွက်မှ ရှိပါ့မလားလို့ အပြေးအလွှား မေးရပါ သေးတယ်။ တော်ပါသေးရဲ့ ရှိလို့၊ နို့မို့ ဒီနေ့အဖို့ Green Rose ကန်စွန်းရွက် ရှာရတာနဲ့ အိမ်ပြန်ရောက်မယ်မထင်ဘူး။

ကြည့်လိုက်တော့ ဆိုင်မှာကန်စွန်းရွက်က ၂ မျိုး တစ်မျိုးက တစ်စီး ၂၀ဝ တဲ့ ၊ နောက်တစ်မျိုးက ၂ စီး ၃၀ဝ ပါတဲ့။ ပုဂ္ဂိုလ်လေးကိုပဲ ရွေးခိုင်းရပါတော့တယ်။ အဲဒီ့တော့ သူက ၂ စီး ၃၀ဝ တန်ကို လက်ညှိုးထိုးပြပြီး “အမေဝယ်နေကျက ဒီဟာ”တဲ့။ “ဘယ်နှစ်စီးယူမှာလဲ” ဆိုတော့ “၂ စီး”တဲ့။

“တခြားဘာဝယ်ခိုင်းလိုက်သေးလဲ” ဆိုတော့ ခေါင်းခါပြနေတာနဲ့ ကန်စွန်းရွက်ဖိုး ၃၀ဝ ထုတ်ရှင်းလို်က်ပါတယ်။

ကန်စွန်းရွက်ဖိုးပိုက်ဆံရှင်းပြီး လာလမ်းအတို်င်းပြန်လျှောက်ရပါတယ်။

ဟိုခလေးကတော့ ကန်စွန်းရွက်စီး ကြီးပိုက်လို့ပေါ့လေ။

Green Rose ကတော့ စားလက်စကြေးအိုး ကိုမြင်ယောင်ပြီးတော့ ပေါ့။ ဟီး..

ဟင်. ဘယ်ပြီးဦးမလဲ.. ခလေးကို သူ့အမေက ၅၀ဝ ပေးလိုက်တာ အခု ကန်စွန်းရွက်က ၃၀ဝ ဆိုတော့ ၂၀ဝ ပိုရဦးမှာပေါ့..

ခလေးကို ပိုငွေ ၂၀ဝ ဆိုပြီး ပိုက်ဆံတော့ မပေးလိုက်နိုင်ဘူး (မူကိုတော့ မပြင်နိုင်ဘူး လေ) အဲဒီ့တော့ အဲဒီ့ပိုငွေ ၂၀ဝ ကိစ္စ ပြဿနာ ဆက်စဉ်းစားရပြန်ပါရော။ နောက်ထပ်လည်း ဝယ်ခိုင်းတာက မရှိဆိုတော့ ဒီခလေး အရိုက်ခံရဦးမလား မသိပါဘူး…. ။ ဟင်း.. စိတ်မောရပါလားနော်။

အဲလိုနဲ့ လမ်းလျှောက်လာလိုက်တာ လမ်းတဝက်လည်းရောက်လာပြီ ခေါင်းထဲက အကြံဉာဏ်ကလည်း ဘာမှ ထပ်ထွက်မလာတော့ဘူး.. နောက်ဆုံးတော့ ဆုံးဖြတ်ချက် ကို ဒုံးဒုံးချပြီး ခလေးကို စကားကြီး၊ စကားကျယ်တွေသုံးပြီး ပညာပေးရပါတော့တယ်။

“ သား…. နောက်ကို အဲလိုမပျောက်စေနဲ့နော်၊ အရင်တစ်ခါလည်း ပျောက်လို့ အရိုက်ခံရပြီးပြီ၊ အဲဒါကို အခု နောက်တစ်ခေါက် ထပ်ပျောက်တယ် ဆိုတော့ သားအပြစ်ရှိတာ သိတယ်မဟုတ်လား”

“ ဟုတ်ကဲ့”

“ ဒီပိုက်ဆံလေးတောင် မပျောက်အောင် မထိန်းသိမ်းနိုင်ဘူး ဆိုတာ မကောင်းဘူးလေ၊  ဟုတ်တယ်နော်”

“ဟုတ်ကဲ့”

“နောက်ပြီး သား အဲလို ခဏခဏ ပျောက်ပြီး ၊ ခဏခဏ လမ်းဘေးမှာ လိုက်တောင်းနေရင် သား သူတောင်းစားဖြစ်သွားလိမ့်မယ်၊ သားက သူတောင်းစား ဖြစ်ချင်လို့လား”

“ဟင့်အင်း”

“ အဲဒါဆို နောက်ကို ဂရုစိုက်နော် ၊ နောက်တစ်ခါ မပျောက်စေနဲ့တော့သိလား”

“ ဟုတ်ကဲ့”

“အန်တီကလည်း သားအရိုက်ခံရမှာစိုးလို့ ကူညီတာ၊ အခု မေမေ ဝယ်ခိုင်းတဲ့ ကန်စွန်းရွက် ပါလာပြီ ၊ ဒါပေမယ့် ပိုတဲ့ ၂၀ဝ တော့ အန်တီသားကို မပေးလိုက် တော့ဘူး”

“ဟုတ်ကဲ့”

“အဲဒီ့တော့ မေ့မေ့ကို ပြောလိုက်၊ သား ပိုတဲ့ ၂၀ဝ ကျပျောက်သွားတယ်လို့ နော်…”

“ ဟုတ်ကဲ့”

“ကန်စွန်းရွက်လည်းပါလာတယ် ဆိုတော့ ကျပျောက်တဲ့ပိုက်ဆံအတွက် မရိုက်လောက်ဘူး ထင်ပါတယ်။ ရိုက်ရင်လည်း သားအပြစ်နဲ့ သားပဲဟာ.. ၂၀ဝ ဖိုးတော့ အရိုက်ခံလိုက်နော်”

“ဟုတ်ကဲ့”

ပြောနေရင်းနဲ့ သူငယ်ချင်း ထိုင်စောင့်နေတဲ့ ကြေးအိုးဆိုင်ရှေ့ကို ပြန်ရောက်လာတာမို့ အဲဒီ့ခလေးလက်ထဲ ကန်စွန်းရွက်စည်း လွှဲပြောင်းပေးပြီးသည့်သကာလ ကိစ္စတစ်ခုကို အောင်အောင် မြင်မြင်ဆောင်ရွက် နိုင်လိုက်တယ် ဆိုတဲ့ ရုပ်နဲ့ ဆိုင်ထဲကို ဝင်လာခဲ့ လိုက်ပါတယ်။

အဲဒီ့ခလေးကို ၂၀ဝ ဖိုးအရိုက်ခံဖို့ ပြောနေတဲ့ တလျှောက်လုံး ခလေးရဲ့ မျက်နှာအမူအယာ ဘယ်လိုဖြစ်နေခဲ့လဲဆိုတာ ငုံ့မကြည့်မိခဲ့လို့ မသိပါဘူး။ သူငယ်ချင်းကတော့ ချီးကျူးလေရဲ့၊ နင့်ကို တကယ်လေးစားသွားပြီတဲ့။

(တကယ်တော့ Green Rose မှားခဲ့ပါတယ်။ အဲဒီ့ခလေးကို မိဘကိုလိမ်တတ်အောင်၊ ဖုံးကွယ်တတ်အောင် သင်ပေးသလိုဖြစ်သွားပြီဆိုတာ ခုမှ ပြန်စဉ်းစားမိတာပါ။ အဲဒီ့တုန်းကတော့ အဲလိုဖြစ်သွားမှန်းမစဉ်းစားမိခဲ့ပါဘူး။ ခုတော့ ဒီခလေးလေးကို Green Rose နည်းပေးလမ်းပြ မှားခဲ့တယ်လို့ နောင်တတွေရနေမိပါတယ်)

 အဲ.. အဲဒီ့မှာ နောက်ပြဿနာတစ်ခုက ဝင်လာပါရော..

ဘာဖြစ်ရမလဲ.. Green Rose ထားခဲ့တဲ့ စားလက်စ ကြေးအိုးတွေပေါ့။ အေးကလည်းအေး၊ ပွကလည်းပွနဲ့ စားချင်စရာလည်း မကောင်းတော့ပါဘူး။ Green Rose လည်း လမ်းလျှောက်ရ၊ စကားပြောရနဲ့ စိတ်မော၊ လူမော ဖြစ်ပြီး စားချင်စိတ်လည်း လုံးလုံးမရှိတော့ဘူး..

ဒါပေမယ့်.. ဒါပေမယ့်ပေါ့လေ.. “နှမ်းတစေ့နဲ့ ဆီကြိတ်မယ်” ဆိုပြီးကြွေးကြော်ထား ခဲ့သူဆိုတော့ လွှင့်ပစ်ခွင့်မရှိသူမို့ မစားချင်ချင်၊ စားချင်ချင် ကုန်အောင်စားရ ပါတော့တယ်။ (မတော်…….သူငယ်ချင်းက ကြေးအိုးတွေ ကုန်အောင်မစားပဲ ချန်ထားခဲ့လို့ ခုနက ချီးကျူးထားတာလေး ပြန်ရုပ်သိ်မ်းသွားရင် ဘယ်လိုလုပ်မလဲနော်)

      Green Rose က သိပ်ပြီးစည်းကမ်းရှိတဲ့လူမျိုးထဲမှာ မပါဘူး။ အထူးသဖြင့် သူများက ချထားတဲ့ စည်းကမ်းဆိုရင် နည်းနည်းလေးတော့ အထွန့်တက်လိုက်ရမှ ဆိုတာမျိုး။ ခုတော့ ကိုယ်ကိုယ်တိုင်က သူများကိုတိုက်တွန်းထားတဲ့ ကိစ္စ၊ အဖေါ်ညှိ ထားတဲ့ကိစ္စ ဆိုတော့လည်း ကိုယ့်စကား၊ ကိုယ့်စာကို ပြန်ပြီး မဖေါက်ဖျက်နိုင် ဘူးပေါ့လေ.. ဒါ့ကြောင့် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို တွန်းချင်တဲ့အခါမျိုးမှာဆိုရင် သူများကို အရင်တွန်းလိုက်တာမျိုးတွေ လုပ်ဖြစ်တယ်။ ဒါမှ ကိုယ်လည်းလိုက်လုပ်ဖြစ် သွားအေင်လေ…..

 ပျော်ပြဲပွစိနေတဲ့ ကြေးအိုးတွေ ကြိတ်မှိတ်မျိုချနေရင်းနဲ့ စဉ်းစားမိတာက ငါနောက်ထပ် ဒီလိုစာတွေ ဆက်ရေးလို့မှ ဖြစ်ပါ့မလား ပေါ့လေ..

ဪ ……….ဒုက္ခ…………..၊ ဒုက္ခ…………….၊ ဒုက္ခ………………..

 လေးစားလျှက်

(Green Rose)

19 comments

  • Mobile

    January 9, 2013 at 3:40 pm

    Green Rose ရေဝမ်းသာလိုက်တာဗျာ
    ဟာီးးးးး ဟာီးးးးးးးးးးး ဗြဲးးးးးးးးးးးးးးး ဗြဲးးးးးးးးးး (ရှိုက်ကြီးတငင်ဖြင့် ဝမ်းနည်းပက်လက်ငိုသံ)
    အမေက ဆန်ဝယ်ခိုင်းလိုက်တာ ပိုက်ဆံက အရက်ဆိုင်မှာ ကုန်သွားလို့ဗျ
    အပြန်ဆန်မပါရင် အိမ်ကနှင်ချခံရမယ် ဟာီးးးးးးးး ဗြဲးးးးးးးးးးးး
    ကူညီလက်စနဲ့ ကူညီပါအုံးဗျာ ဟာီးးးးးး ဟာီးးးးးးးးးးးး ဗြဲးးးးးးးးးး ဗြဲးးးးးးးးးးးးး

    • Green Rose

      January 13, 2013 at 6:00 pm

      ကူညီရမှာပေါ့ Mobile ရယ်..

      Green Rose အရက်နောက်ထပ် အများကြီးဝယ်ပေးလိုက်မယ်နော်.. သိပ်မမူးသေးလို့ အမေဆန်ဝယ်ခိုင်းတာကို သတိရနေတာ.. အိမ်ပေါ်ကနှင်ချခံရမှကိုကြောက်နေတာ သေသေချာချာ မူးသွားရင် အဲဒါကို မေ့သွားလိမ့်မယ်… နောက်ပြီး အိမ်ကိုလည်း ပြန်မရောက်နိုင်ဘူးဆိုတော့ အမေနှင်ချတာလည်း မခံရတော့ဘူးလေ.. . နော်.. :harr:

  • အလင်းဆက်

    January 9, 2013 at 6:59 pm

    အင်း…
    ရသ

    ဒီလိ်ုစာမျိုး..
    ထပ်ရေးပေါ့။
    ထပ် ခံစားချင်သေးတယ် ။

    🙂

    • Green Rose

      January 16, 2013 at 9:03 pm

      ဟုတ်ကဲ့ပါ အလင်းဆက်ရေ..
      အခက်အခဲတွေ့တုန်းသာ တွန့်သလိုလိုရှိတာ. .. အချိန်တန်တော့လည်း မရေးပဲမနေနိုင်ပါဘူး..
      ခုလိုအားပေးတဲ့ အတွက် ကျေးဇူးပါနော်…

      လေးစားလျှက်

      (Green Rose)

  • ကိုယ့်ဖာသာကိုယ်ကလည်း “ဘယ်လိုတောင်းတောင်း မပေးဘူး” ဆိုပြီး ရပ်သိ၊ ရွာသိ ဂဇက်သိ အော်ထားတာ

    တစ်ခါတလေတော့လည်း အခြေအနေကိုကြည့်ပြီး စည်းကိုကျော်သင့်ရင်ကျော်တာကောင်းပါတယ်။
    ဘာပဲပြောပြော ဒီလုပ်ရပ်ကော၊ဒီလိုရေးထားတာလေးပါ သဘောကျစွာ အားပေးခဲ့မိပါတယ်။

    • Green Rose

      January 14, 2013 at 7:03 pm

      နန်းတော်ရာသူရေ

      ဖတ်ရှုအားပေးတာကျေးဇူးပါနော်..
      တစ်ခါတစ်လေ အခြေအနေကိုကြည့်ပြီး စည်းကိုကျော်တယ်ဆိုတာ သူများစည်းကိုကျော်ရတာသာလွယ်တာ ကိုယ့်စည်း ကိုယ်ပြန်ကျော်ဖို့ကျတော့ တော်တော်မလွယ်တာပါ…..

      လေးစားလျှက်

      (Green Rose)

  • မောင်ပေ

    January 9, 2013 at 8:37 pm

    ဖြစ်တတ်ပါတယ် နှင်းစိမ်းလေးရယ်
    နောက်လဲ အဲဒီလိုမျိုးထပ်ထပ်ကြုံရမှာ အသေအချာပါပဲ
    နှင်းစိမ်းလေးရဲ ့ နှမ်းတစ်စေ့နဲ ့ဆီကြိတ်ပုံတွေကို
    ခြစ်စိတ်အပြည့်နဲ ့ စောင့်ဖတ်နေမယ်ဆိုတဲ့အကြောင်း
    အဲဒါ အဲဒါ

  • ခင်ခ

    January 10, 2013 at 9:01 am

    – သား ကစွန်ရွက် သွားဝယ်တာ ဒီလောက်ကြာရသလား၊ ဘယ်တွေ သဝေထိုးနေလဲ?
    – ကစွန်းရွက် အရင်ဝယ်တဲ့ဆိုင် မထွက်လို့ ရှေ့နားထိသွားရ လို့ အမေ။
    – ဟုတ်လား၊ ဘယ်လောက်ပေးခဲ့ရလဲ?
    – ၃၀ဝ ပါ အမေ ( ဆိုပြီး လက်ထဲက ကစွန်းရွက်ကို ကလေးက သူ့အမေဆီလှမ်းပေး )
    – ပိုတဲ့ပိုက်ဆံရော ?
    – ……………….. ( ကလေးဆီက ဘာသံမှ မထွက်လာဘဲ ပေလို့တာရပ်နေတယ် )
    – ဟဲ့ ငါမေးနေတယ်လေ ပိုတဲ့ပိုက်ဆံရော၊ ဘာသွားစော့ပြန်ပြီလဲ ဒါကြောင့်ကြာနေတာမလား ? ဟဲ့ ဖြေလေ ငါလက်ပါလာတော့မယ်နော်?
    – ……………….. ( ဘာမှ ကလေးဆီက ဖြေကြားသံမထွက်လို့၊ ဖြမ်း အမေလုပ်သူက ကျောကိုလှမ်း ရိုက်လိုက်သံပါ)
    – မေးနေတာဖြေလေ ၂၀ဝ ကဘာလုပ်လိုက်လဲလို့?
    – သား ၂၀ဝ က ဘာမှမလုပ်ပါဘူး၊ အမေ ပေးလိုက်တဲ့ ၅၀ဝ လုံးကျပျောက်သွားလို့၊ ကစွန်းရွက်မပါရင် အမေဆူမှ ရိုက်မှာကြောက်လို့ ဟော့ဟိုကဆိုင်မှာ သား ပိုက်ဆံ ၅၀ဝ လောက် လိုက်တောင်းခဲ့တာ အဲဒီထဲက အမကြီးတစ်ယောက်က ပိုက်ဆံတော့ မပေးဘူး၊ ကစွန်ရွက်လိုက်ဝယ်ပေးလိုက်လို့ ကစွန်းရွက် ပါလာတာပါ အမေ။
    – ဪ သားရယ် ဖြစ်မှဖြစ်ရလေ၊ ကျပျောက်သွားတယ်ဆိုလည်း အမေကို အမှန်အတိုင်းလာပြန်
    ပြောရောပေါ့ ၊ ဘာလို့ သူများဆီ အလကား လိုက်တောင်းရတာလဲ၊ နောက်ဒါမျိုးမလုပ်နဲ့နော် အမေတို့ ဆင်းရဲပြီး လုပ်ကိုင်စားရတော့ မရှိခိုးနိုး မရ တောင်းနိုး နဂိုထဲက ထင်ကြတာ သားရယ်၊
    ( ဆိုပြီး အမေဖြစ်သူက ကလေးကို လှမ်းဖက်ကာ ကျောပြင်လေးကို ပွတ်ပေးရှာတော့ )
    – ဟုတ်ကဲ့ပါ အမေ၊ နောက်သား အမေ စကားနားထောင်ပြီးနေပါ့မယ်…. တဲ့။

    Green Rose ရဲ့ ဇာတ်လမ်းလေးကိုဖတ်ပြီး ဆက်လက်အတွေးတွေထဲ နစ်မျောကာ အဲလိုလေး ဇာတ်သိမ်းကြည့်လိုက်မိတာပါ။ အမှန်တကယ်အားပေးခဲ့တယ်နော်။

    • Green Rose

      January 11, 2013 at 2:41 pm

      ကိုခင်ခရေ
      သေသေချာချာ စိတ်ရှည်လက်ရှည် ပေးသွားတဲ့ comment တွေအတွက် ကျေးဇူးပါ။
      ဟုတ်တယ်.. အဲဒီ့ခလေးက ဘယ်လိုပဲဖြစ်ဖြစ် အဆူခံ၊ အရိုက်ခံတော့ ထိမှာပဲ၊ တကယ်အမေက ကန်စွန်းရွက်ဝယ်ခိုင်းလိုက်တာဆိုရင်လည်း ဒီလောက်အချိန်တွေ ကြာနေတာရယ်၊ ပိုတဲ့ပိုက်ဆံ ပြန်မပါလာတာရယ်နဲ့ အရိုက်ခံ၊ အဆူခံရမှာပဲ။ တကယ်လို့.. တကယ်လို့များပေါ့လေ.. နောက်ကွယ်က တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့် လိမ်ညာပြီးတောင်းနေတာမျိုးဆိုရင်လည်း ပိုက်ဆံမရပဲ ကန်စွန်းရွက်တွေပဲ ရလာတာမို့ ……………

      လေးစားလျှက်

      (Green Rose)

  • mamanoyar

    January 10, 2013 at 10:33 am

    ကလေးကတော့ တကယ်သနားစရာပါ
    ကူညီပေးသင့်တယ်လို နိုရာထင်ပါတယ်
    (Green Rose) ရဲ့စိတ်ဓာတ်လေးကိုလဲ ချီးကျူးပါတယ်
    အို ဂဏန်းပေါင်းရဦးမယ် မေ့နေရင် ………….

  • surmi

    January 10, 2013 at 10:53 am

    ဒုက္ခများမြှောင် လူတို ့ဘောင်မှာ…………

    အလုပ်များနေလို ့ ဂဇက်ကိုမရောက်နိုင်တာလည်း …..ဒုက္ခ
    ရောက်ပြန်တော ့လည်း ကော်မန် ့ မရေးနိုင်တာလည်း……ဒုက္ခ
    ကော့်မန် ့ရေးချင်ပြန်တော ့လည်း ဂဏန်းမပေါင်းတတ်တာ လည်း…….ဒုက္ခ

  • MaMa

    January 10, 2013 at 1:58 pm

    ချီးကျူးပါတယ် Green Rose ရေ။
    ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲရေးစာတွေရေးပြီး ကိုယ်တိုင်လိုက်နာဖို့ ပိုကြိုးစားနေရတယ်။
    Green Rose လိုပဲ (ငါနောက်ထပ် ဒီလိုစာတွေ ဆက်ရေးလို့မှ ဖြစ်ပါ့မလား) ဆိုတဲ့ စိတ်လည်း မကြာခဏပေါ်လာတယ်။ :eee:

    • Green Rose

      January 14, 2013 at 7:15 pm

      ကျေးဇူးတင်ပါတယ် Ma Ma ရယ်..

      ဟုတ်တယ်.. ပြုပြင်ပြောင်းလဲရေးစာတွေ ရေးပြိး ကိုယ်တိုင်လိုက်နာနိုင်အောင် ကြိုးစားရတာ လွယ်မယောင်နဲ့ ခက်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ သိသိလာတာ။ ဘာမှအပန်းမကြီးဘူးလို့ ထင်ရတာလေးတွေတောင် တစ်ခါတစ်လေ လိုက်နာဖို့ မလွယ်ဘူးနော်…
      ဒါပေမယ့် ဒီလိုစာတွေ ဆက်ရေးပါဦး Ma Ma ရေ.. Green Rose လည်း ဆက်ရေးမှာပါ။

      လေးစားလျှက်

      (Green Rose)

  • ခင်ခ

    January 10, 2013 at 2:37 pm

    Green Rose နဲ့ MaMa ရေ (ငါနောက်ထပ် ဒီလိုစာတွေ ဆက်ရေးလို့မှ ဖြစ်ပါ့မလား) ဆိုတဲ့ စိတ်ဖြစ်မနေ ပါနဲ့ရေးသာရေးပါ။ စာဖတ်ပရိတ်သတ်ဆိုတာ ကျယ်ပျံပြီး များစွာရှိတာဘဲ။ တားမြစ်တဲ့စာတာင် ဖတ်ပြီး ကြိုက်တဲ့သူရှိသေးတာဘဲဗျာ။ ဥပမာ – ခြံဝင်းတွေများတဲ့ လမ်းတစ်ခုရဲ့ ဒေါင့်ချိုးကွေ့မှာ အဲဒီခြံရဲ့ အုတ်တံတိုင်းတစ်ခုမှာရေးထားတယ် ( ဤနေရာတွင် သေးမပေါက်ရ )လို့- အများက အဲဒါဖတ်ပြီး သူများအိမ်ရှေ့ကြီး သေးပေါက်ကြရတယ်လို့ ရေးတာတောင်နည်းသေးတယ်၊ ဒါပေသိ တစ်ချို့က အင်းပေါ့လေ ဒီထဲ ခြံကြီးတွေကြည်ဘဲဆိုတော့ နီးနီးနားနား ရှော့ပင်းမောတို့ ဈေးတို့လည်းမနီးတော့ အန္တရာယ်မလွယ်နိုင်တော့လည်း မရှက်နိုင်ရှာဘဲလေ…..။ ကဲ ဆိုတော့ကာ အမှန်ရေးတာ သုတ ရသ နဲ့ ဗဟုသုတ ရေးတာကတော့ စဉ်းစားမနေနဲ့ ဆက်ရေးဖို့တိုက်တွန်းပါတယ်နော်။

  • Swal Taw Ywet

    January 14, 2013 at 3:10 pm

    အလွယ်ကူဆုံးလုပ်နေကြတာဟာ….အကြံပေးတာ ဝါ လမ်းညွှန်တာ ဝါ ဆရာကြီးလုပ်တာ တဲ့ဗျ။
    အခက်ခဲဆုံးကတော့ ကိုယ်ပြောတဲ့ အတိုင်း ကိုယ်လိုက်လုပ်ဘို့တဲ့။
    ကြေးအိုးကိုချန်မထား၊ကုန်အောင်စားပစ်လိုက်တယ်ဆိုတာလေးစားတယ်ဗျာ။
    ကျနော်တို့ ရွာထဲမှာဆက်နေ၊ ဆက်ရေးစေချင်ပါတယ်ခင်ဗျ။
    ကုန်းပေါ်ရောက်နေကြရရှာတဲ့ ကြယ်ငါးလေးတွေအတွက်ပါ။
    With respect,
    Swal Taw Ywet.

  • အာဂ

    January 14, 2013 at 5:42 pm

    စဉ်းစားစရာအတွေးတွေ အများကြီးရပါတယ်။ ဆုံးဖြတ်ချက်လည်း မှန်ကန်ပါတယ်လို့ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင်တော့ ပိုက်ဆံကို လွယ်လွယ် ထုတ်ပေးလိုက်မိမှာ မဟုတ်ပါဘူး။ Green Rose လိုပဲ သူလိုချင်တဲ့ ပစ္စည်းကို လိုက်ရှာပြီးဝယ်ပေးမိမှာပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော် အလိမ်ခံရတာများတော့လေ..။ တစ်ချို့ကလည်း ဒီလို နည်းနဲ့ မတူတဲ့ လိမ်ဆင်လေးတွေနဲ့ လိမ်လည်တောင်းစားနေကျတာတွေ ရှိလို့ပါ။ ဒါပေမဲ့ တစ်ခု ကြိုက်တာက ၂၀ဝ ဖိုးအရိုက်ခံလို့ ပြောလိုက်တာပါပဲ။ ဒါလေးကလည်းကောင်းပါတယ်။ ဒါမှလည်းကလေးအနေနဲ့ တာဝန်ယူစိတ်ရှိမှာပါ။ဒါပေမဲ့ စိုးရိမ်မိတာတစ်ခုက အခုလို ပြဿနာတစ်ခုဖြစ်တိုင်း သူများကို (လမ်းဘေးမှမသိတဲ့လူကို) ကိုယ့်ရဲ့ အခက်ခဲ့ကို ဖြေ ရှင်းခိုင်းတဲ့ စိတ်ကိုယ်တော့ ဘဝင်မကျမိဘူး။နောက်ပြီးတော့ မိဘတွေရော ဒီကလေးရော မှန်မှန်ကန်ကန်ဖြစ်တယ်ဆိုရင် ကောင်းပါတယ်။ ဒါမှမဟုတ်ဘဲ ။ မိဘက ဟင်းစရိတ်ရအောင် အကြံအဖန်လုပ်ခိုင်းတယ်ဆိုရင်တော့ မကောင်းဘူးလို့ထင်မိပါတယ်။ ဘာပဲပြောပြော အရမ်းကောင်းမွန်တဲ့ စာမူတစ်ပုဒ်ဖြစ်တယ်လို့ပြောချင်မိပါတယ်။

    • Green Rose

      January 16, 2013 at 8:59 pm

      ဟုတ်ပါတယ်.. အဲဒီ့လို တောင်းရမ်းဖြေရှင်းနေတာကို ဘယ်လိုမှ သဘောမကျပါဘူး။ အားလည်းမပေးချင်ဘူး။ Green Rose တော့ မနေနိုင်ရင် အစားအသောက်တစ်ခုခု ဝယ်ကျွေးတယ်။ ပိုက်ဆံတော့ မပေးဘူးပဲ…
      အမှန်က အဲဒီ့တုန်းက ဖြစ်နိုင်ရင် အဲဒီ့ခလေးရဲ့မိဘတွေဆီအထိ လိုက်သွားသင့်တာပါ။ ဒါပေမယ့် Green Rose အပင်ပန်းမခံချင်တာရယ်၊ သတ္တိမရှိတာရယ် နဲ့ မလုပ်ဖြစ်ခဲ့ဘူး…
      ဖတ်ရှု အားပေးတဲ့အတွက် ကျေးဇူးပါ အာဂရေ

      လေးစားလျှက်

      (Green Rose)

  • kai

    January 15, 2013 at 5:33 am

    အံ့ဖွယ်သုတပဲနော…
    စားနေတဲ့.. ခွက်ချပြီး.. လိုက်လုပ်ပေးနိုင်တဲ့စိတ်ကိုပြောတာ… :528:

    • Green Rose

      January 15, 2013 at 5:39 pm

      အံ့ဖွယ်သုတ မဟုတ်ရပါဘူးသူကြီးရယ်……
      Green Rose က ထမင်းဖိုး၊ မုန့်ဖိုး တောင်းတာဆိုရင် ပိုက်ဆံမပေးပဲ ဆိုင်မှာဝယ်ကျွေးလိုက်မယ်ဆိုပြီး မေးမိတာ.. သူက ကန်စွန်းရွက်ဖိုးဆိုတော့ မေးလက်စနဲ့မို့ လိုက်ဝယ်ပေးမိတာပါ။
      နောက်ပြီး အဲဒီ့အချိန် ကြေးအိုးကလည်း အရမ်းပူနေတာနဲ့………. :mrgreen:

      လေးစားလျှက်
      (Green Rose)

Leave a Reply