ရင်နင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်
> ရင်နင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်
>
> ၁၉၉၃ ခုနှစ် စက်တင်ဘာလ
>
> ပညာဆက်သင်ဖို့ သူ ဂျာမဏီရောက်ပြီး (၈)လအကြာမှာ ဇနီးဖြစ်သူတစ်ယောက်
> ညအလုပ်ပြန်လမ်းမှာ အနိုင်ကျင့် စော်ကားခံလိုက်ရတယ်။ သူလွန်လွန်ကျူးကျူး
> ခံစားခဲ့ရပေမယ့် သိတတ်မှုနဲ့ တာဝန်ကြောင့် ဇနီးကို သူမစွန့်လွတ်ရက်ခဲ့ဘူး။
> ဒါပေမယ့် သူတို့နဲ့မတူတဲ့ ကလေးငယ်တစ်ယောက် ဇနီးမွေးဖွားလာမှာကိုတော့
> သူစိုးရိမ်ခဲ့တယ်။ အဲဒီစိုးရိမ်မှုက သူ့ကို မလှုပ်ရှားနိုင်အောင် လအတော်ကြာ
> ရစ်ပတ်ချည်နှောင်ထားခဲ့တယ်။
>
> စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ
>
> မာစတာတက်နေဆဲမှာ ဇနီးဝေဝေနဲ့ ကျွန်တော်သိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက်
> (၃ဝ) စွန်းစွန်းဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ဝေဝေက ကျွန်တော့်ထက်
> (၃)နှစ်ငယ်တယ်။ ဝေဝေက ရိုးသားကြိုးစားတဲ့ မိန်းကလေးဖြစ်ပြီး အိပ်ရာထက်လဲနေတဲ့
> နာတာရှည်ဖခင်ကြောင့် အိမ်ထောင်ပြုနောက်ကျခဲ့တယ်။ ကျောင်းပြီးတော့
> အဲဒီကျောင်းမှာပဲ ကျွန်တော်အလုပ်ဝင်ခဲ့တယ်။ အလုပ်သက်တမ်း (၃)လအကြာမှာ
> ဝေဝေနဲ့ကျွန်တော် လက်ထပ်ခဲ့ကြတယ်။ အသက်အရွယ်ကြောင့် ကလေးမြန်မြန်ယူဖို့
> ကျွန်တော်မျှော်လင့်ခဲ့တယ်။
>
> လက်ထပ်ပြီးနှစ်ဝက်အကြာမှာ ကျွန်တော်ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ဂျာမဏီသွားပြီး
> ပညာတစ်နှစ်ဆက်သင်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒါကြောင့် သားသမီးယူမယ့်ကိစ္စကို
> နောက်ဆုတ်ခဲ့ရတယ်။
>
> ပညာသင်နေတဲ့ အတောအတွင်း ဝေဝေ့ဆီ နှစ်ပတ်တစ်ခါ ကျွန်တော်စာရေးဖြစ်ခဲ့တယ်။
> ဝေဝေရဲ့စာက ကျွန်တော်ထက် ပိုစိပ်ခဲ့တယ်။ ဒါပေမယ့် ၁၉၉၄ခုနှစ်
> ဇွန်လနောက်ပိုင်းမှာ ကျွန်တော့်ဆီ ဝေဝေစာမရေးခဲ့တော့ဘူး။ ဒီအချိန်မှာပဲ ပါမောက္ခ
> Jacquesက ကျွန်တော့်ကို နောက်ထပ်တစ်နှစ် ပညာဆက်သင်ပြီး ဇနီးကိုပါ
> တပါးထဲခေါ်ခဲ့ဖို့ အကြံပေးတယ်။ ဒီအကြံကို ကျွန်တော်အရမ်းဝမ်းသာမိတယ်။ ဝေဝေကို
> ချက်ချင်းဖုန်းခေါ်ပြီး ကျွန်တော်ပြောပြလိုက်တယ်။ ကျွန်တော်ဖုန်းကြောင့် ဝေဝေ
> အရမ်းအံ့ဩသွားပုံရတယ်။
>
> “ဝေဝေ.. ကိုယ်.. ဟန်စိန်ပါ”
>
> ဝေဝေဘာမှ ပြန်မပြောဘဲ ရုတ်တရက် ငိုချလိုက်တယ်။ ရင်ထဲက တနင့်နင့်ရှိုက်သံတွေ
> ဖုန်းတစ်ဖက်ကနေ လွှင့်လာခဲ့တယ်။ ကျွန်တော့်စိတ် လေးသွားမိခဲ့တယ်။
> ပြဿနာတစ်ခုခုဖြစ်ပြီလို့ ကျွန်တော်စိတ်က ကြိုသိလိုက်တယ်။
>
> “ဘာဖြစ်တာလဲ ဝေဝေ.. ကိုယ့်ကို မြန်မြန်ပြောပါ”
>
> ကျွန်တော်ဘယ်လိုမေးမေး ဝေဝေငိုပဲငိုနေခဲ့တယ်။ သူဂျာမဏီလာနိုင်တဲ့ကိစ္စ
> သူ့ကိုကျွန်တော် ပြောပြလိုက်တယ်။
>
> “ဒီကိုလိုက်လာဖို့ မြန်မြန်လုပ်ပါနော် ဝေဝေ.. ကိုယ့်ဆီရောက်လာရင် အရာအားလုံး
> အဆင်ပြေသွားမယ် သိလား”
>
> “ကို… ဝေ့ကို မေ့လိုက်ပါ။ ဝေ ဂျာမဏီမသွားဘူး။ ဝေ ကွာရှင်းမယ်”
>
> ထင်မှတ်မထားတဲ့ စကားတွေ ဝေဝေပါးစပ်ကနေ ပြတ်တောင်းပြတ်တောင်း ခုန်ဆင်းလာခဲ့တယ်။
>
> ကျွန်တော်ခေါင်းထဲ မူးခနဲ့၊ မိုက်ခနဲ့ ခံစားလိုက်မိတယ်။ ပထမဆုံး
> တွေးလိုက်တဲ့အတွေးက ဝေဝေ နောက်မီးလင်းနေပြီဆိုတာဖြစ်တယ်။ သူ့ကို အတင်းဓမ္မ
> ကျွန်တော်မေးမှ အကြာကြီး တိတ်ဆိတ်နေရာက ဝေဝေ စကားစတယ်။
>
> “အဲဒီလိုပဲ သဘောထားလိုက်ပါ.. ဝေ တောင်းပန်ပါတယ်”
>
> ဒီလိုစကားမျိုး ဝေဝေပြောနေချိန်မှာ ဘာဖြစ်လို့ ကျွန်တော်ရင်တွေ စူးစူးနစ်နစ်
> နာကျင်နေရသလဲ? ဝေဝေရဲ့ ကိုယ်ကျင့်တရားကို ကျွန်တော်ယုံကြည်တယ်။ ဝေဝေဟာ
> အထီးကျန်မှုကိုမခံနိုင်လို့ ဖောက်ပြန်တတ်တဲ့ မိန်းမမျိုးမဟုတ်ဘူးဆိုတာ
> ကျွန်တော်ယုံကြည်တယ်။ အဖြစ်မှန်တွေ ပြောပြနိုင်ဖို့ ချက်ချင်း ကျွန်တော်သူ့ဆီ
> စာတစ်စောင်ရေးလိုက်တယ်။ နောက်တစ်ရက်မှာ သူ့ဆီကျွန်တော် ဖုန်းဆက်ပြန်တယ်။
> ကျွန်တော်မှန်းသိတာနဲ့ သူချက်ချင်းဖုန်းချပစ်တယ်။ သူ့အစ်မဆီ ဖုန်းဆက်မေးတော့
> အစ်မလည်း ငိုပဲငိုနေခဲ့တယ်။ ကွာရှင်းဖို့ကိစ္စ ဆုံးဖြတ်လိုက်ဖို့၊ ဝေဝေကို
> ထပ်မနှောင့်ယှက်ဖို့ အစ်မကပြောခဲ့တယ်။
>
> ဩဂုတ်လနောက်ပိုင်း ဝေဝေကို ဆက်သွယ်တဲ့ကိစ္စ ကျွန်တော်လက်လွတ်လိုက်တယ်။
> စိတ်ထဲမှာတော့ နာကျင်ခံစားနေတုန်းပဲ။ စက်တင်ဘာလမှာ နောက်ထပ်တစ်နှစ်
> ပညာဆက်သင့်မယ့် အခွင့်အရေးကို ကျွန်တော်လက်ခံလိုက်တယ်။ ဂျာမဏီမှာနေပြီး
> သင်ယူခြင်း၊ လေ့လာခြင်းကြားမှာ တစ်ရက်ပြီးတစ်ရက် ကျွန်တော် ဆိတ်ဆိတ်ငြိမ်ငြိမ်
> ဖြတ်ကျော်ခဲ့တယ်။
>
> အလုပ်စဝင်ဖို့ (၃)လအလိုမှာ ကျွန်တော် ဆက်မအောင့်နိုင်ခဲ့တော့ဘူး။ ဂျာမဏီက
> ကိစ္စရပ်တွေကို အလျှင်အမြန်ဖြတ်ပြီး ကျွန်တော်အိမ်ပြန်ခဲ့တယ်။ အိမ်ရောက်တော့
> ဘယ်သူမှ မရှိတာနဲ့ သူ့အစ်မအိမ်ဖက် ကျွန်တော်ထွက်လာခဲ့တယ်။
> ကျွန်တော့်ကိုတွေ့တော့ အစ်မက အံ့ဩဖို့တောင် အချိန်မရလိုက်ဘဲ မျက်ရည်တွေကသာ
> သွင်သွင်စီးနေခဲ့တယ်။
>
> “အစ်မတို့ကို လုံးဝလာရှာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ.. ဝေဝေ
> ကံမကောင်းခဲ့ဘူး။ သူ့ကို ငါ့မောင် မယူခဲ့ရင်လည်း အစ်မတို့ ဘာမှမပြောဘူး”
>
> ကျွန်တော့်လက်မောင်းကို ဆွဲပြီး အစ်မကပြောတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်
> အစုံအလင်ကို အစ်မက မျက်ရည်တွေနဲ့ ကျွန်တော်ကိုစပြောပြခဲ့တယ်။
>
> ကျွန်တော် နိုင်ငံခြားထွက်ပြီး (၈)လအကြာမှာ ဝေဝေတစ်ယောက် ညအလုပ်ကအပြန်
> လူဆိုး(၃)ယောက်နဲ့တွေ့ပြီး မတရား စော်ကားခံခဲ့ရတယ်။ တစ်လအကြာမှာ
> သူကိုယ်ဝန်ရှိနေပြီဆိုတာကို ဝေဝေ အထိတ်တလန့် သိလိုက်ရတယ်။ အစော်ကားခံရလို့
> ထိခိုက်နာကျင်တဲ့စိတ် အနယ်မထိုင်ခင်မှာ ဒုတိယအကြိမ် ဝေဝေ
> ထိုးနှက်ခံလိုက်ရပြန်တယ်။ အစော်ကားခံပြီး ရလာတဲ့ကိုယ်ဝန်က ဝေဝေ့ကို
> ပိုထိခိုက်နာကျင်စေခဲ့တယ်။ ဆေးရုံသွားပြီး ကလေးဖျက်ချဖို့ ကြိုးစားခဲ့ပေမယ့်
> ဝေဝေ့မှာ မွေးရာပါအခြေအနေကြောင့် ကလေးဖျက်ချဖို့ မဖြစ်နိုင်ကြောင်း၊
> ကလေးမွေးခဲ့ဖူးလည်း မရကြောင်း ဆရာဝန်က ပြောခဲ့တယ်။
>
> ဆေးရုံကပြန်ရောက်တဲ့နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့
> ဝေဝေကြိုးစားခဲ့တယ်။ ကံကောင်းတာက အဲဒီနေ့မှာ ဝေဝေ့အစ်မက ဘာအာရုံရခဲ့သလဲ မသိဘူး
> ဝေဝေကို လာကြည့်တဲ့အချိန်နဲ့ တိုးခဲ့လို့ အသက်တစ်ချောင်း မဆုံးရှုံးခဲ့ဘူး။
> အသက်လုကယ်တင်ခဲ့သည့်တိုင် ဝေဝေ စိတ်အခြေအနေတွေ မှုမမှန်ခဲ့ဘူး။
> ကျွန်တော့်နာမည်ကို ကြားရင်ပိုဆိုးပြီး သေမယ်ကြေမယ်နဲ့
> ငိုယိုသောင်းကျန်းနေခဲ့တယ်။ ကိုယ်ဝန် (၇)လရောက်မှ သူ့အခြေအနေတွေ တဖြေးဖြေး
> တည်ငြိမ်လာခဲ့တယ်။ ဝေဝေ့အစ်မပြောတာကို နားထောင်ရင်း ကျွန်တော့်မျက်ရည်တွေ
> အဆက်မပြတ် စီးဆင်းနေခဲ့တယ်။ နှလုံးသားကလည်း ဓားနဲ့အမွှမ်းခံထားရသလို
> စူးရှနာကျင်နေခဲ့တယ်။
>
> အလျှင်စလိုကြားမှာ အိမ်ဝရန်တာပေါ်က ဟိုတစ်စ၊ ဒီတစ်စ ချိတ်ဆွဲထားတဲ့
> ကလေးအနှီးမျိုးစုံကို အခုမှ ကျွန်တော်သတိထားခဲ့မိတယ်။ ဝေဝေအခန်းထဲ စဝင်လိုက်တဲ့
> တခဏမှာ ကျွန်တော့်မြင်ကွင်းထဲ ပထမဆုံးပြေးဝင်လာတာက “အဲဒီအရာ” ဖြစ်တယ်။
> နှစ်လသားအရွယ် ကလေးလေးတစ်ယောက် မျက်စိကိုစုံမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်
> အိပ်ပျော်နေခဲ့တယ်။ ကလေးကို ကျွန်တော်စူးစူးစိုက်စိုက် ကြည့်လိုက်မိတယ်။
> ကျွန်တော့်ဦးနှောက်တစ်ခုလုံး ဗြောင်းဆန်ရှုတ်ထွေးနေခဲ့တယ်။ ကလေးရဲ့
> နှာတံကပြားပြီး ကျွန်တော်တို့နဲ့ လုံးဝမတူခဲ့ဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင်
> ရုတ်တရက် ကျွန်တော်ဆုပ်လိုက်မိတယ်။ မျက်ရည်တွေက ကျွန်တော့်မျက်လုံးအိမ်ထဲကနေ
> ပန်းထွက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အခန်းထဲ ဝေဝေဝင်လာခဲ့တယ်။
> ကျွန်တော့်ကိုတွေ့တာနဲ့ နေရာမှာတင် မလှုပ်မယှက် သူရပ်နေခဲ့တယ်။ ခါးသီးခြင်း၊
> အားနာခြင်း၊ နာကျင်ခြင်းတွေက သူ့မျက်ဝန်းအိမ်ထဲမှာ ပြည့်နှက်နေခဲ့တယ်။
>
> (၂) နှစ်ကြာခွဲခွါခဲ့တဲ့ ခွဲခွါခြင်းမျိုးက ဒီလိုနည်းနဲ့ ပြန်ဆုံတွေ့ခဲ့မယ်လို့
> ဘယ်သူမှ ထင်မှတ်မထားခဲ့ဘူး။ ရှေ့တိုးပြီး နွမ်းလျတဲ့ခန္ဓာနဲ့ သူ့ကိုပွေ့ဖက်ဖို့
> စိတ်ကူးလိုက်ပေမယ့် ကျွန်တော့်ကို သူရှောင်လိုက်ပြီး
> တိုးလျှိုးတောင်းပန်တဲ့မျက်လုံး
> သူ့လက်ကိုပြန်ဆွဲပြီး သူ့ခေါင်းအစုံကို ကျွန်တော့်ရင်ခွင်ထက်မှာ
> ကပ်ထားလိုက်တယ်။
>
> “ကိုယ့်အမှားတွေပါ ဝေ… ဝေ့ကို ကိုယ်မကာကွယ်၊ မစောင့်ရှောက်နိုင်ခဲ့ဘူး။
> ကိုယ်နဲ့ပြန်လိုက်ခဲ့ပါဝေ.. ကိုယ်တောင်းပန်ပါတယ်”
>
> ဝေ့ဆီက ရှိုက်သံကို ကျွန်တော်ကြားလိုက်မိတယ်။ စစချင်းမှာ အသံတိုးပေမယ့်
> တဖြေးဖြေး သူတစ်ကိုယ်လုံး တစ်သိမ့်သိမ့်တုန်လာပြီး မာတင်းတဲ့
> လက်မောင်းနှစ်ဖက်နဲ့ ကျွန်တော့်ခါးကို ပွေ့ဖက်လာခဲ့တယ်။ နောက်ဆုံးမှာ သူ့ရင်ထဲက
> နာကျင်ခြင်းတွေ ဆည်ပြိုသလို ပြိုကျလာခဲ့တယ်။ ကျွန်တော့်ကို
> ခပ်တင်းတင်းပြန်ဖက်ပြီး မျက်ရည်တွေနဲ့ ကျွန်တော့်ရင်ဘတ်ကို
> အားကုန်သွန်းလောင်းလိုက်တော့တယ်။
>
> ကလေးရဲ့နောက်ကြောင်းက ကျွန်တော့်ရင်ထဲမှာ ဖြည်လို့မရတဲ့
> အစိုင်အခဲတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အပြစ်ကင်းပြုံးရယ်နေတဲ့ ကလေးမျက်နှာကို
> ကျွန်တော် ဥပေက္ခာမပြုနိုင်ခဲ့ဘူး။ ဂျာမဏီက ပြန်လာပြီးနောက် အခန်းသုံးခန်းပါတဲ့
> အိမ်တစ်လုံး ကျွန်တော်ရခဲ့တယ်။ တစ်လနေပြီးနောက် ကျွန်တော်နဲ့အတူ
> ကျောင်းဝင်းထဲက အိမ်သစ်ဆီ ဝေဝေလိုက်ပါခဲ့တယ်။ ဝေဝေနဲ့အတူပါလာတဲ့ ကလေးငယ်ကြောင့်
> လုပ်ဖော်ကိုင်ဖက်တွေရဲ့ သံသယအတွေး၊ ရှုတ်ထွေးတဲ့အကြည့်ကို ကျွန်တော်ခံခဲ့ရတယ်။
> ရှက်ရွံ့ပြီး နေမသိ ထိုင်မသာဖြစ်ခဲ့လို့ လူတွေကို အတတ်နိုင်ဆုံး
> ကျွန်တော်ရှောင်ခဲ့တယ်။ ရင်းနှီးတဲ့လူတွေနဲ့ တိုးမှာစိုးလို့
> လမ်းလျှောက်တာတောင် ခေါင်းငုံ့ပြီး ကျွန်တော်လျှောက်ခဲ့ရတယ်။
>
> ကလေးငယ် တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ ကိုယ့်ရင်သွေးမို့ ဝေဝေက
> မိခင်ပီသစွာ ကလေးငယ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ ကလေးငယ်ကို
> ကျွန်တော်မကြည့်ချင်ခဲ့ဘူး။ အချိန်တွေတစ်ရွေ့ရွေ့ ပြောင်းလဲခဲ့သလို
> ကလေးအပေါ်ထားတဲ့ ကျွန်တော်ရဲ့ မုန်းတီးခြင်းက တဖြေးဖြေး လေးလာခဲ့တယ်။ ကလေးကို
> “ငယ်ငယ်” လို့ ဝေဝေက နာမည်ပေးခဲ့တယ်။ ကလေးအပေါ်ထားတဲ့ ဝေဝေ့မေတ္တာကို
> ကျွန်တော်ခန့်မှန်းနိုင်ခဲ့ပါတယ်။
>
> မျက်စိတမှိတ်အတွင်းမှာ ကလေးငယ် (၃)နှစ်ပြည့်သွားခဲ့တယ်။
>
> ကျွန်တော့်ကို ဖေဖေလို့ သူခေါ်ခဲ့ပေမယ့် ပြန်ထူးရတာကို
> ကျွန်တော်မနှစ်မြိုခဲ့ဘူး။ ကျွန်တော်က သူ့ကိုမချစ်တဲ့လူတစ်ယောက်ဆိုတာကို သူလည်း
> ခံစားမိမယ်ထင်ပါတယ်။ ကျွန်တော့်ကို သူကြောက်ခဲ့တယ်။ ကျွန်တော့်ကို သူအမြဲ
> ကြောက်ရွံ့ထိတ်လန့်နေတာကို ကျွန်တော် တဖြေးဖြေး သတိထားလာခဲ့မိတယ်။
> ဝေဝေလုပ်ပေးနိုင်တဲ့ ကိစ္စမျိုးဆိုရင် ကျွန်တော့်ကို သူလုံးဝလာမရှာခဲ့ဘူး။
>
> ကျွန်တော့်ကို ဖေဖေလို့ခေါ်လိုက်တိုင်း ကျွန်တော်ရင်တွေ နာကျင်လာမိတယ်။
> အလုပ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စမ်းသပ်ခန်းထဲမှာပဲ
> ကျွန်တော်အချိန်ဖြန်းခဲ့တယ်။ ဒါပေမယ့် ခက်တာက ကျွန်တော့်လုပ်ရည်ကိုင်ရည်တွေ
> အရင်ကလောက် တိုးတက်မှုမရှိခဲ့ဘူး။
>
> အဲဒီနှစ် နိုဝင်ဘာလ နေ့တစ်နေ့မှာ ဝေဝေ အိပ်ရာထနောက်ကျခဲ့တယ်။
> ကျွန်တော့်ကိုခေါ်ပြီး ငယ်ငယ်ကို မူကြိုပို့ဖို့ပြောတယ်။ အင်္ကျီစကိုဆွဲပြီး
> ဝေဝေ့နောက်ကနေ ကျွန်တော့်ကို ငယ်ငယ်ချောင်းကြည့်နေခဲ့တယ်။ ကျွန်တော်
> မသိမသာမျက်မှောင်ကြုတ်လိုက်တာကို ငယ်ငယ်က တွေ့ဖြစ်အောင်တွေ့ပြီး
> မျက်ရည်အဝဲသားနဲ့ ချက်ချင်းခေါင်းငုံ့ပစ်လိုက်တယ်။ ဒါကို ဝေဝေသတိထားမိပြီး
> သက်ပြင်းခပ်တိုးတိုးချရင်း ငယ်ငယ်ကို ကောက်ချီလိုက်တယ်။
>
> “ဝေပဲ လိုက်ပို့ပေးလိုက်ပါ့မယ်”
>
> ပြောပြောဆိုဆို ဝေကတံခါးဖွင့်ပြီး လှေကားပေါ်က ဆင်းသွားခဲ့တယ်။ ပါးစပ်ဟပြီး
> တစ်ခုခုပြောဖို့ ကြံရွယ်ခဲ့ပေမယ့် ကျွန်တော့်ဆီက ဘာသံမှထွက်မလာခဲ့ဘူး။ ငယ်ငယ်က
> ဝေဝေ့ပုခုံးပေါ်မှာ လက်ညှိုးကို ပါးစပ်ထဲငုံ့ထားပြီး မှေးလိုက်ပါရင်း
> ကျွန်တော့်ကို တိတ်တဆိတ်ကြည့်နေခဲ့တယ်။ အဲဒီတခဏ ကျွန်တော်လက်မြှောက်ပြီး
> ဝေ့ရမ်းလိုက်မိတယ်။ မထင်မှတ်တဲ့ ကျွန်တော်ရဲ့ သေးငယ်တဲ့အပြုအမှုလေးက ငယ်ငယ့်ကို
> ကြီးမားတဲ့ဝမ်းသာမှုပေးခဲ့တယ်။ ကျွန်တော့်ကို သူ့လက်ကလေးနဲ့ ပြန်ဝေ့ရမ်းပြပြီး
> အော်နေခဲ့တယ်။
>
> “ တာ့တာ.. ဖေဖေ.. တာ့တာ”
>
> အဲဒီနေ့က တစ်နေ့လုံး ငယ်ငယ်ရဲ့အသံကိုပဲ ကျွန်တော်ကြားယောင်နေမိတယ်။ ညနေ
> အလုပ်စောစောဆင်းပြီး မူကြိုကျောင်းဖက် ကျွန်တော်ရောက်လာခဲ့တယ်။ ငယ်ငယ့်အခန်းကို
> မေးမြန်းစုံးစမ်းပြီး ၃ထပ်ဆောင်နား ကျွန်တော်ရောက်လာခဲ့တယ်။ ပြတင်းပေါက်ကနေ
> စာသင်ခန်းထဲ ကျွန်တော်လှမ်းမျှော်ကြည့်လိုက်တယ်။ ငယ်ငယ်က ဂရုတစိုက်နဲ့
> စာတွေလိုက်ရေးမှတ်နေခဲ့တယ်။ မျက်နှာစိမ်းကျွန်တော့်ကို ဆရာမက ဘယ်ကလေးရဲ့
> အုပ်ထိန်းသူလဲလို့ မေးလာတယ်။ ကျွန်တော်အသံကြောင့် ငယ်ငယ်
> ခေါင်းထောင်ကြည့်လိုက်တယ်။ ပြီးတော့ မယုံနိုင်တဲ့အကြည့်နဲ့ ကျွန်တော့်ကို
> ကြည့်နေခဲ့တယ်။ သူ့နာမည်ကို ဆရာမခေါ်မှ ဝမ်းသာအားရ ကျွန်တော့်ဆီပြေးလာခဲ့တယ်။
>
> အဲဒီည ဝေဝေပြန်ရောက်တော့ ငယ်ငယ့်ကို တအံ့တဩမေးနေခဲ့တယ်။
>
> “ဖေဖေ လာကြိုတယ်ဟုတ်လား သမီးလေး! ”
>
> ကျွန်တော့်ကိုကြည့်ပြီး ငယ်ငယ် အဆက်မပြတ် ခေါင်းညိတ်နေခဲ့တယ်။
>
> “သမီးဖေဖေ သဘောကောင်းလား”
>
> “ကောင်းတယ် မေမေ”
>
> ကျွန်တော်ဘာမှ ဝင်မပြောဖြစ်ပေမယ့် ငယ်ငယ်ကို ကောင်းကောင်းဂရုစိုက်ရမယ်ဆိုတာကို
> ကျွန်တော့်ရင်ထဲမှာ သိနေခဲ့တယ်။ သူက အပြစ်မဲ့တဲ့ ကလေးလေးတစ်ယောက်ဖြစ်တယ်။
>
> “ကလေးမှာ အပြစ်မရှိဘူး”
>
> သေးသိမ်တဲ့ခံစားချက်ကို အောင်နိုင်တဲ့စကားတစ်ခွန်း ကျွန်တော့်နှလုံးသားထဲကနေ
> ထွက်ကျလာခဲ့တယ်။
>
> ၁၉၉၈ခုနှစ် နွေရာသီမှာ ဝေဝေဆေးရုံသွားပြီး စမ်းသပ်ခဲ့တယ်။
> ကိုယ်ဝန်ထပ်ဆောင်နိုင်ပြီလို့ ဆရာဝန်ပြောခဲ့တဲ့စကား ကျွန်တော့်ကို
> ဝေဝေပြောပြခဲ့တယ်။ ကျွန်တော်အရမ်းဝမ်းသာမိတယ်။ ဝေဝေက ငယ်ငယ်ကို
> ကလေးထပ်ယူမယ့်အကြောင်း ပြောပြတော့ ငယ်ငယ်လည်း သဘောတူဝမ်းသာခဲ့တယ်။
>
> ငယ်ငယ်က (၄)နှစ်ပြည့်ပြီး သူ့အပေါ် ကျွန်တော် နွေးထွေးလာခဲ့တယ်ဆိုပေမယ့်
> သူ့နောက်ကြောင်းက ကျွန်တော့်ရင်ဝမှာပိနေတဲ့ ကျောက်တုံးကြီးတစ်တုံး
> ဖြစ်နေခဲ့သေးတယ်။ ကျွန်တော့်လိုဖခင်မျိုးကြောင့် သူလိမ်မာ၊ သိတတ်တယ်ဆိုပေမယ့်
> အမှားလုပ်တတ်တဲ့ ကလေးသဘာဝကို သူမလွန်ဆန်နိုင်ခဲ့ဘူး။ သူအမှားတစ်ခုခု
> လုပ်မိတိုင်း ကျွန်တော်သည်းမခံနိုင်အောင် ဖြစ်ခဲ့တယ်။ ဒေါသတွေထွက်ခဲ့တယ်။
> သူ့ကို ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။ စိတ်ပြေတဲ့အချိန် ကျွန်တော်ပိုနာကျင်
> ခံစားခဲ့ရတယ်။ ကလေးကိုပဲ ကျွန်တော်ထိခိုက်နာကျင်စေတာ မဟုတ်ဘဲ ဝေဝေကိုပါ
> နာကျင်စေခဲ့တယ်ဆိုတာကို ကျွန်တော်သိတယ်။
>
> အဲဒီအချိန် အတောအတွင်းမှာပဲ ဂျာမဏီကပါမောက္ခJacques ကျွန်တော်တို့ကျောင်းမှာ
> ဟောပြောပွဲ တစ်ခုလာလုပ်ခဲ့တယ်။ ဆရာ့ကိုတွေ့တာနဲ့ ကျွန်တော်ရင်ထဲ ခံစားနေရတဲ့
> အကြိတ်အခဲတွေကို ရင်ဖွင့်ပြောပြလိုက်တယ်။ ဆရာက တစ်နယ်တစ်ကျေးကလာသူ၊
> ကိစ္စပြီးရင် ကိုယ့်နေရပ်ကို ပြန်မယ့်သူဖြစ်တဲ့အတွက် ကျွန်တော့်သတင်း၊ အတင်းတွေ
> ကျန်ခဲ့မှာမဟုတ်သလို ဆရာ့ကို ယုံကြည်ပြီး ဂျာမဏီမှာ ပညာသင်စဉ်က ကျွန်တော့်က
> ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကြောင့်လည်း ပါပါတယ်။ ဆရာက ကျွန်တော့်အဖြစ်ကို
> ငြိမ်ငြိမ်သက်သက် နားထောင်ပေးခဲ့တယ်။ ဖွင့်ပြောလိုက်ရလို့ ကျွန်တော်ရင်တွေ
> ပေါ့သွားသလို ခံစားမိတယ်။
>
> စကားတွေပြောပြီး ကျွန်တော်အေးဆေး တည်ငြိမ်သွားတဲ့နောက်မှာ Jacquesက
> ကျွန်တော့်အနားတိုးကပ်ပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်တယ်။
>
> အဖြစ်အပျက်က ဒုတိယကမာ္ဘစစ်ပြီးနောက် ဂျာမဏီနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့
> ကိစ္စဖြစ်တယ်။
>
> နာဇီစစ်သားတစ်ယောက် သစ္စာဖောက်လို့ သေမိန့်ပေးပြီးတဲ့နောက်မှာ သူ့ဇနီးက
> ပတ်ဝန်းကျင်ရဲ့ အကဲ့ရဲ့ဝေဖန်တာကို မခံနိုင်လို့ ကိုယ့်နေအိမ်ပြတင်းပေါက်မှာ
> ကြိုးဆွဲချသေခဲ့တယ်။ နောက်တစ်နေ့မနက်မှာ (၂)နှစ်သား ကလေးငယ်တစ်ယောက်
> လက်ကိုဆန့်တန်းပြီး ပြတင်းပေါက်ဘောင်ကနေ သေနေတဲ့ မိခင်ဆီတွားသွားနေတာကို
> အိမ်နီးနားချင်းတွေ တွေ့ခဲ့ကြတယ်။ ရင်နင့်စရာ အဖြစ်အပျက်တစ်ခုက မကြာမီ
> ဖြစ်ပွါးတော့မှာဖြစ်တယ်။ ရပ်ကြည့်နေသူတွေအားလုံး အသက်ကို အောင့်ထားကြတယ်။
> အဲဒီအချိန်မှာ “အန်နာ” လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက ဘာကိုမှ ဂရုမစိုက်ဘဲ
> အပေါ်ထပ်ကို တဟုန်ထိုးပြေးတက်ပြီး ကလေးငယ်ကို ကယ်လိုက်တယ်။ အဲဒီနောက်
> ကလေးကိုသူမွေးစားလိုက်တယ်။
>
> ဂျူးလူမျိုးတွေကို ကူညီခဲ့ဖူးတဲ့ အန်နာရဲ့ယောက်ျားကို ကလေးငယ်ရဲ့ဖခင်က
> သတ်ဖြတ်ခဲ့ဖူးတယ်။ ကိုယ့်ယောက်ျားကိုသတ်တဲ့ လူသတ်သမားရဲ့ကလေးကို
> ခေါ်ယူမွေးစားထားတဲ့ အန်နာကို လူတွေနားမလည်ခဲ့ကြဘူး။ ကလေးကို
> မိဘမဲ့ကျောင်းပို့ဖို့၊ ဒါမှမဟုတ် စွန့်ပစ်လိုက်ဖို့ အကြံပေးကြပေမယ့်
> အန်နာလက်မခံခဲ့ဘူး။ လူတစ်ချို့က အန်နာရဲ့အိမ်ကို ခဲနဲ့ပေါက်ပြီးဆဲဆိုခဲ့ကြတယ်။
> အန်နာရဲ့ ကလေးတွေကလည်း ကိုယ့်မိခင်ရဲ့လုပ်ရပ်ကို နားမလည်ခဲ့ကြဘူး။ လူတွေရဲ့
> အပြစ်တင်သံတွေကို အန်နာဂရုမစိုက်ခဲ့ဘူး။ ကလေးငယ်ကို ရင်ခွင်ထဲ
> အမြဲထွေးပွေ့ထားခဲ့တယ်။ အန်နာဆီက အများဆုံး ကြားရတဲ့စကား “ချစ်စရာ့
> ကလေးငယ်လေးရေ.. နင်ဟာ အိန်ဂျယ်လေး” ပါဆိုတာပဲဖြစ်တယ်။
>
> ကလေးငယ် တဖြေးဖြေးကြီးပြင်းလာခဲ့တယ်။ အိမ်နီးချင်းလူတွေက သိပ်မခွဲခြား
> ဆက်ဆံတော့ပေမယ့် တစ်ချို့လူတွေက သူ့ကို နာဇီမိစာ္ဆလို့ ခေါ်နေဆဲပါပဲ။ သက်တူရွယ်တူ
> ကလေးငယ်တွေက သူနဲ့ ဆော့မကစားရဲခဲ့ကြဘူး။ ဒါကြောင့် သူ့နေထိုင်စရိုက်တွေက
> တစ်ခြားလူနဲ့မတူဘဲ ခြားနားခဲ့ရတယ်။ တစ်ခြားလူ ပိုင်ဆိုင်တဲ့ပစ္စည်းကို
> သူမကြာခဏဖျက်ဆီးခဲ့တယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ရဲ့ နံရိုးကိုရိုက်ချိုးခဲ့လို့
> အိမ်နီးချင်းတွေက အန်နာကို အသိမပေးဘဲ မြို့နဲ့ဆယ်မိုင်ခန့်ဝေးတဲ့
> ပြုပြင်ရေးသင်တန်းကျောင်းကို ပို့လိုက်ကြတယ်။ လဝက်ကြာမှ ရူးသွပ်မတတ်ဖြစ်နေတဲ့
> အန်နာ သူ့ကိုရှာတွေ့ခဲ့တယ်။ အမြက်ဒေါသခက်ထန်နေတဲ့ အိမ်နီးချင်းတွေရဲ့ရန်ကို
> အန်နာနဲ့သူ ခံခဲ့ရတယ်။ အန်နာက သူ့ကိုတင်းတင်း ပွေ့ဖက်ကာကွယ်ထားရင်း “ကလေးမှာ
> အပြစ်မရှိဘူး.. ကလေးက အပြစ်မဲ့တယ်” လို့ပဲ တတွတ်တွတ် ရွတ်နေခဲ့တယ်။
>
> အဲဒီအချိန်ကျမှ အဖြစ်မှန်ကို ကလေးငယ်သိခဲ့ရတယ်။ သူငိုကြွေးမိတယ်။
> သူနာကျည်းမိတယ်။ ဒီအတွက် အကောင်းဆုံးပေးဆပ်ခြင်းက တစ်ခြားလူတွေကို
> ကူညီခြင်းပဲလို့ အန်နာကသူ့ကို ပြောပြတယ်။ အဲဒီနောက်ပိုင်း သူကြိုးစားခဲ့တယ်။
> အရာရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ လူတွေကို အတတ်နိုင်ဆုံး
> သူကူညီစောင့်ရှောက်ခဲ့တယ်။ သူအလယ်တန်းအောင်တဲ့အချိန်မှာ လူတွေဆီကနေ အကောင်းဆုံး
> လက်ဆောင်ကို သူရခဲ့တယ်။
>
> “အိမ်နီးချင်းတွေက သူ့ဆုပေးပွဲကို တက်ရောက်ချီးမြင့်ခဲ့ကြတယ်။ အဲဒီကလေးက
> ကျွန်တော်ပါပဲ”
>
> စကားအဆုံး ဆရာရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံနေခဲ့တယ်။
>
> “ကလေးမှာအပြစ်မရှိဘူး.. ဟန်စိန်.. ဒီကိစ္စနဲ့ ကလေးဘဝ၊ ခင်ဗျားဘဝကိုပါ ခင်ဗျား
> မဖျက်ဆီးသင့်ဘူး”
>
> ပါမောက္ခ Jacquesရဲ့လက်တွေ ပိုနွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်။
> ကျွန်တော့်နားကို ကျွန်တော်မယုံကြည်နိုင်အောင် ဖြစ်ခဲ့တယ်။
>
> “အမေရဲ့ ကျေးဇူးတွေပြန်ဆပ်ဖို့ အိမ်ထောင်ကျပြီးနောက် လူသတ်သမားတစ်ယောက်ရဲ့
> သမီးကို ကျွန်တော်မွေးစားခဲ့တယ်။ ဒီအတွက် အန်နာလည်း ဝမ်းသာနေခဲ့တယ်။
> အန်နာကပြောတယ်… သက်ရှိအားလုံး လေးစားမြတ်နိုးခြင်းကို ခံထိုက်တယ်။ ကလေးမှာ
> အပြစ်မရှိဘူးတဲ့”
>
> Jacquesရဲ့စကားကို နားထောင်ပြီး ကျွန်တော်ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့တယ်။
> သူ့မှာ သမီးနဲ့ သားနှစ်ယောက်ရှိတယ်။ ကျွန်တော်မှတ်ဉာဏ်ထဲမှာ
> သမီးကိုသားနှစ်ယောက်ထက် သူတို့လင်မယားနှစ်ယောက် ပိုချစ်ခဲ့ကြတယ်။ သမီးကလည်း
> အစ်ကိုတွေထက် သူတို့နဲ့ပိုရင်းနှီးခဲ့တယ်။
>
> “သမီးရော… သူ့နောက်ကြောင်းတွေကို သိလား” ကျွန်တော်မရဲတရဲ မေးလိုက်မိတယ်။
>
> “သူ့အမေရှိသေးတယ်။ ဒါပေမယ့် အေအိုင်ဒီအက်စ်နဲ့ မကြာခင်သေဆုံးရတော့မယ်။ သူ့အမေဆီ
> ကျွန်တော်တို့ မကြာခဏရောက်ပါတယ်”
>
> ကျွန်တော်ခေါင်းငုံ့ချလိုက်မိ
> ရင်ထဲတင်းကျပ်လာခဲ့တယ်။ ကြီးကြီးမားမား ထိခိုက်နာကျင်ပြီးတဲ့နောက်
> လူတွေရဲ့မေတ္တာတရားက ဒီလိုလုံးဝ လှပပြည့်စုံသွားလိမ့်မယ်၊ ဒီလိုခံစားချက်တွေ
> ပေးလိမ့်မယ်လို့ ကျွန်တော် တွေးထင်မထားခဲ့မိဘူး။
>
> အဲဒီနေ့ညမှာ ဝေဝေကို ကျွန်တော်ပြောခဲ့တယ်။
>
> “ဝေ… ကိုယ်တို့လဲ အသက်ကြီးပြီ .. ဝေ့ ကျန်းမာရေးကလည်း မကောင်းဘူး။ ကလေးမွေးရင်
> အသက် အန္တရာယ် ထိခိုက်နိုင်သေးတယ်။ ဒါကြောင့် ကိုယ်တို့ ကလေးမယူတော့ဘူးနော်”
>
> ဝေခွဲမရတဲ့ အကြည့်နဲ့ ကျွန်တော့်ကို ဝေဝေကြည့်နေခဲ့တယ်။ ဝေဝေ့ကို ဖြစ်ရပ်မှန်
> ဇာတ်လမ်းတစ်ပုဒ် ကျွန်တော်ပြောပြလိုက်တယ်။
>
> ၁၉၉၉ခုနှစ် ဆောင်းရာသီ….
>
> ငယ်ငယ်အတွက် ပိုသင့်လျှော်တဲ့ ပတ်ဝန်းကျင်သစ်တစ်ခု တောင်အရပ်က
> ကျောင်းတစ်ကျောင်းဆီ ကျွန်တော်တို့ပြောင်းရွေ့လာခဲ့တယ်။
> ကင်းမဲ့နေတာကြာပြီဖြစ်တဲ့ မိသားစု ဆည်းလည်းသံလေး ပြန်လည်လှုပ်ရှား
> သက်ဝင်လာခဲ့တယ်။ ကျွန်တော့်အလုပ်တွေ ပိုအဆင်ပြေလာခဲ့တယ်။
>
> နနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနန
>
> ဒီဖြစ်ရပ်မှန်ဇာတ်လမ်းက ဖတ်ရသူကို ရင်ထဲဆိုနင့်စေခဲ့တယ်။ ဒီဇာတ်လမ်းက
> စိတ်သဘောထား သေးသိမ်တဲ့လူတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ တကယ်လို့
> ဒီလိုအဖြစ်မျိုး တစ်နေ့ကိုယ်ကြုံခဲ့ရင်၊ ကံကြမ္မာက ဒီလိုရက်စက်တဲ့
> အဖြစ်အပျက်မျိုး တစ်နေ့ကိုယ့်အပေါ် ကျရောက်စေခဲ့ရင် နေရောင်ခြည် အလင်းတန်းရှိရာ
> ကိုယ် လက်ဆန့်တန်း ဆီးကြိုနိုင်မလား?
>
> မှတ်ချက်။ ဇာတ်လမ်းတင်ဆက်သည့် ကာယာကံရှင်အမျိုးသား၊ အသက် (၅ဝ)နီးပါး…
> တောင်ပိုင်း တက္ကသိုလ်တစ်ခုမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။
> အစစ်မှန်ဆုံး ရိုးသားမှုတစ်ခုနဲ့ လူ့ဘဝရဲ့ အနာကျင်ဆုံးအဖြစ်ထဲကနေ
> သူရုန်းထခဲ့တယ်။ ဒီဇာတ်လမ်းဟာ စိတ်ဝိညာဉ်အတွက် ရည်ညွှန်းတဲ့
> ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဒီဇာတ်လမ်းကို ဖတ်မိသူတိုင်း စိတ်ဝိညာဉ်ကို
> ဆေးကြောခံလိုက်ရတယ်။ ဒါမှလူတွေအပေါ် ကိုယ်ချင်းစာတရားရှိမယ်။ ယုံကြည်မှု၊
> မျှော်လင့်ချက်နဲ့ ပျော်ရွှင်ခြင်းတွေ တိုးမှာဖြစ်တယ်။
4 comments
kohtoo
October 15, 2010 at 5:00 am
ဒီ Post ကို ခု မှ ဖတ် ဖြစ် တယ်။ true story လား။
ဘာ ဘဲ ဖြစ် ဖြစ် ၊ ကျွန် တော် တို့ တ တွေ ဟာ…..လော က ဓံ တ ရား ရဲ့ လှိုင်း ပုတ် မှု အောက် မှာ ကြံ့ ကြံ့ ခံ ၊ ရုန်း ကန် ရင်း အ သက် ရှင် နေ ကြ ရ တာ ပါ။ ချစ် ခြင်း မေတ္တာ အ ခြေ ခံ ထား ကြ ရင်၊ အ ရာ ရာ လှ ပ လာ မှာ ပါ။
april
October 15, 2010 at 6:13 am
ဟုတ်တယ်..aprilလည်း ခုမှ ဖတ်ဖြစ်တာ…ဘာပဲပြောပြော ကလေးမှာ အပြစ်မရှိပါဘူး.. ဖြူစင်တဲ့ ကလေးတွေကို အားငယ်စိတ် မရှိရအောင် အကောင်းဆုံး လုပ်ဆောင်ပေးကြပါ..
pan pan
October 15, 2010 at 6:55 am
အရမ်းကို ဖြူစင်မြင့်မြတ်တဲ့လူတွေရဲ့ မေတ္တာပေ့ါ။ လွယ်လွယ်မထားနိုင်ကြပါဘူး။
char too lan
October 15, 2010 at 8:00 am
ဖတ်ဖူးတာကြာပီ ဒါပေမယ့်
ထပ်ဖတ်ရတော့ ထပ်ခံစားရတာပေါ့
🙁