မရွှေအုရဲ့ကျားတွင်းသို့အဝင်

မရွှေအုရဲ့ကျားရဲတွင်းသို့အဝင်
တစ်ရက်တော့မတွေ့တာကြာတဲ့ မိတ်ဆွေတစ်ယောက်က “အိမ်ပြန်ရောက်နေပြီရွာကို ဘယ်နေ့လာမလဲ”ဆိုပြီး တော့ ဖုန်းဆက်လာပါတယ်။
သူနေတဲ့ရွာကိုတော့ ကျနော်လဲတစ်ခါမှမရောက်ဘူးသေးပါဘူး။
သခင်မတောင်နားမှာလို့သိရပါတယ်။
သခင်မတောင်ကို မရောက်တာ အနှစ် ၂ဝနီးပါးဆိုတော့ ဘယ်လိုသွားရမယ်ဆိုတာခပ်မေ့မေ့။
အဲတော့ သွားလဲ သွားချင်နေတာနဲ့အကိုက်ဖြစ်သွားပါတယ်။
ဒါနဲ့ဘဲ အလုပ်ပိတ်ရက်မှာ ရုံးက ကလေးတွေနဲ့သွားမယ်လို့ စဉ်ထားလို်က်ပါတယ်။
သူတို့ရွာကိုဘယ်လိုလာရလဲလှမ်းမေးပေါ့။
“ကြာနီကန်ကျော်ရင် သခင်မတောင်ရောက်ရော သခင်မတောင်ဘေးကလမ်း အတိုင်းလာခဲ့၊
ပထမဆုံးတွေ့တဲ့လမ်းနှစ်မွှာရောက်ရင် တောင်ဘက်ကိုချိုးခဲ့ “အင်ကျယ်ရွာ “ကိုရောက်လာမယ်။
ရွာထဲဝင်ပြီဆိုတာနဲ့ ကျနော်နာမယ်ကို မေးလိုက်ရင်ရတယ်”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အလုပ်ပိတ်ရက်ရောက်တော့ မနက် ၈နာရီခွဲလောက်လူစုပြီးထွက်ခဲ့ကြပါတယ်။
မန်းလေးတောင်အနောက်ဘက်လမ်းကနေ မတ္တရာသွားတဲ့လမ်းတိုင်းလာခဲ့တာပေါ့။
ရွှေကျင်ဂိတ်အလွန် လမ်းအရှေ့ဘက်ခြမ်းမှာ နေကြာပန်းခင်းကြီးကိုတွေ့ပါတော့တယ်။
အဲဒီကနေဆက်လာလိုက်တာ ၈မိုင်ကျော်ကျော်လောက်သွားအပြီး ကြာနီကန်လမ်းခွဲကိုရောက်ပါတယ်။
ကြာနီကန်အဝင်ရောက်တော့ သူ့ဆီကိုလာနေပြိဆိုတဲ့အကြောင်းဖုန်းဆက်လိုက်ပါတယ်။
လမ်းခွဲရောက်တာနဲ့ အရှေ့ဘက်ကိုချိုးလိုက်တော့ မကြာခင်လေးမှာတင် ကြာနီကန်သုဿာန်ကိုရောက်ပါတယ်။
သုဿာန်လဲလွန်ရေ လမ်းက မြေလမ်းဖြစ်ပါတော့တယ်။
ကံကောင်းချင်တော့ မိုးလေးက ခပ်အုံအုံ။
တစ်ဖြောက်နှစ်ဖြောက်ကျထားပြန်တော့ အရင်လောက်ဖုန်မထ။
ဒါနဲ့ဘဲ သခင်မတောင်ကိုကျော်လာပြီးလမ်းခွဲလေးရောက်တော့သေချာအောင်မေးလိုက်ပါတယ်။
ရွာအဝင်စမှာ မူလတန်းကျောင်းလေးရှိပါတယ်။
အလယ်တန်းနဲ့အထက်တန်းကတော့ အရှေ့ဘက်မှာရှိတဲ့ မင်းဂံရွာကိုသွားတက်ရပါသတဲ့။
လှမ်းဖုန်းဆက်လိုက်တော့ ကျနော်တို့ကိုလာကြိုပါတယ်။
တွေ့ရတဲ့အိမ်တိုင်းလိုလိုမှ ကောက်ရိုးလှုိုင်းပုံတွေမြင်ရပါတယ်။
အပင်တွေနဲ့စိမ်းစိမ်းစိုစို။
ခြံနဲု့ဝိုင်းနဲ့ကျယ်ကျယ်လွင့်လွင့် နေချင့်စရာ။
အိမ်နံဘေးနားကငှက်ပျောပင်ကြီးကလဲ အခိုင်ကြီးကအားရပါးရ။
သူနဲ့လဲတွေ့ပြီးရင် အမေအု တောင်ကို အရင်တက်မယ် ပြန်လာမှထမင်းစားမယ်ဆိုတာနဲ့
လမ်းပြပေးမယ့်ကလေးမလေးကိုခေါ်ပြီးထွက်ခဲ့ကြပါတယ်။


စောင်းတန်းကတက်ရင် တော့အစုံရောက်မယ် နည်းနည်းလှမ်းတယ်။
ကားနဲ့တက်ရင်တော့ တောင်ပေါ်နည်းနည်းလေးဘဲတက်ရမယ်သိပ်မပင်ပန်းဘူးဆိုတော့
အားလုံးက ကားနဲ့တက်ဘို့ပြောတာနဲ့ တောင်တက်လမ်းဘက်ကိုလာခဲ့ပါတယ်/
“အင်ကျယ်ရွာ”ကနေအရှေ့ဘက်ကိုထွက်လာခဲ့ပါတယ်။
သိပ်မကြာခင်မှာဘဲ အိမ်ရှေ့မင်းထန်းတောကိုရောက်ပါတယ်။
ထန်းတောနားမှာတော့ ထန်းရည်ကြော်ငြာ ဗွီနိုင်းတွေကိုတွေ့ရပါတယ်။
ဆောင်းအကုန်နွေရောက်လာတဲ့ရာသီဖြစ်တော့ သစ်ရွက်ကြွေတွေက လမ်းဘေးဝဲယာမှာအပြည့်အနှက်။
လမ်းကတော့မြေလမ်းဖြစ်ပြီးနည်းနည်းကြမ်းပါတယ်။
သိပ်မကြာခင်မှာလမ်းကအဆင်းလမ်းကြီးဖြစ်လာပါတယ်။
မြေနီလမ်းကြမ်းကြမ်းဖြစ်တော့ နောက်ကလိုက်လာသူကတော့ အလူးလူးအလိမ့်လိမ့်။
သိပ်မကြာခင်မှာကားက မြေပြန့်တစ်နေရာမှာရပ်လိုက်ပါတယ်။
မယ်အုကျားတွင်း လို့ခေါ်တဲ့နေရာလေးပါဘဲ။
ဒီနေရာလေးမှာအရင်ကတော့ သရဖီပင်တွေဝိုင်းနေတဲ့နေရာလေးပေါ့။
အပင်တွေအုပ်အုပ်ဆိုင်းဆိုင်း မူူိင်းမိူင်းဝေဝေ ဝင်လိုက်တာနဲ့ကြက်သီးထစရာကောင်းအောင်
အေးစိမ့်နေပါတယ်။







မင်းနှစ်ပါးရဲ့စီးတော်ကျားကမယ်အုကိုချီတဲ့အချိန် ခေါင်းမှာပန်ထားတဲ့သရဖီပန်းကုံးလေးပြုတ်ကျတဲ့
နေရာလေးမှာ သရဖီပင်တွေပေါက်နေခဲ့ပါသတဲ့။
တန်းခူးလဆန်းလေးရက်ဆိုရင် ပွဲကျင်းပ ပါသတဲ့။
ကျနော်တို့ငယ်ငယ်က သခင်မတောင်လို့ခေါ်တယ် မယ်အုတောင်ကိုသွားတဲ့အခါ
တောင်ပေါ်ရောက်ရင် ပန်းတွေသစ်ပင်တွေခုန်ပြီးမခူးဘို့ ညစ်ညစ်ညမ်းညမ်းမပြောဘို့ အထူးမှာပါတယ်။
အခုကျနော်တို့ရောက်ချိန်မှာတော့ သရဖီပန်းပင် သုံးလေးပင်ဘဲတွေ့ရပါတော့တယ်။
ပါတ်ဝန်းကျင်မှာလဲ ဝါးရုံပင်တွေဘဲမြင်ရပါတယ်။
အပင်တွေသေကုန်တယ်လို့ပြောပါတယ်။
မယ်အုရုပ်တုနဲ့ ကျားရုပ်တွေရှိတဲ့ကျောင်းဆောင်လေးကတော့ ဟောင်းဟောင်းအိုုအို။
သူ့နံဘေးမှာတော့ ဘုန်းကြီးကျောင်းလေးတစ်ခု။
ကျနော်တို့ရောက်တော့ ဘုရားဝေယျာဝစ္စလုပ်နေတဲ့အမျုးိသမီးတွေက ငှက်ပျောသီးတွေကို ချကျွေးပါတယ်။
တောင်ပေါ်ကိုတက်မယ်ပြောတော့ အလေးအပင်တွေစိတ်ချလက်ချထားခဲ့ဆိုတာနဲ့ သူ့တို့ဆီအပ်လို့
တောင်တက်ခရီးကို ဆက်ဘို့ပြင်ကြပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လမ်းသလားနေသည်
(24-2-2013)
32 comments
ခိုင်ဇာ
February 26, 2013 at 9:39 am
လေးပေါက်။
ဒါက ဟိုတစ်ခါ ရုပ်ရှင်ထဲက ဒီ ဒေသ နတ်ပွဲကျရင် အမေ ဥ ထက် အရင် ပန်းမပန်ကောင်းဘူး ဆိုလား ဘာလား။
အဲဒီ ရာဇဝင်လားဟင်။
ကိုပေါက်(မန္တလေး)
February 26, 2013 at 10:03 am
သိပ်မှန်တာပေါ့ဗျာ
Ma Ei
February 26, 2013 at 10:25 am
သခင်မ မရွှေအု ပုံတော်လေးက လှလိုက်တာနော်…
ကိုပေါက်(မန္တလေး)
February 26, 2013 at 2:11 pm
တောင်ပေါ်ကပုံက ပိုလှသလိုဘဲ မအိရေ
P chogyi
February 26, 2013 at 11:11 am
စီးတော်ကျားက ဆိတ်ကတုံးနဲ့တူနေတယ်၊
ဦးကြောင်ကြီးလောက်တောင် ရူပါမလာဘူး။
ကိုပေါက်(မန္တလေး)
February 26, 2013 at 2:19 pm
ကြောင်ကြီးဘဝင်မြင့်အောင် သွားယပ်မခပ်နဲ့အေ
MaMa
February 27, 2013 at 7:55 am
ကြောင်ကြီးက ဘယ်သူမြှောက်မြှောက် တို့ မမြောက်တဲ့။
အရင်ကတည်းက သူ့အလိုလို မိုးပေါ်ရောက်နေလို့ :harr:
Wow
February 26, 2013 at 12:39 pm
ဟိုတစ်လောက နန္ဒာလှိုင်ရုပ်ရှင် သခင်မ ကန်တော့ပွဲကျ အပျိုစင်ပဲ ကန်တေ့ပွဲရွက်ရတယ်ဆိုတာ ဒီဒေသက ပွဲတွေထင်တယ်နော်..
ကိုပေါက်(မန္တလေး)
February 26, 2013 at 2:24 pm
ဟုတ်ပါတယ် အဲဒီ ပါတ်ဝန်းကျင် မန်းလေးတောင်ရဲ့မြောက်ဘက်ကရွာလေးတွေပေါ့။
နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းထဲက မင်းဂံတို့ ဘုတ် တို့ အင်ကျယ်တို့ ကြာနီကန်တို့ဆိုတဲ့ရွာတွေရှိတဲ့နေရာပေါ့။
ဗုံဗုံ
February 26, 2013 at 3:28 pm
ဖေပေါက်အိုက်ဆီသွားတာ မိဗုံကိုတောင်မခေါ်ဘူး အဲ့လိုနေရာတွေဆို ဒီကအရမ်းစိတ်ဝင်စားတာ အရင်တုန်းကဆို တောကဒီထက်ထူမယ်ထင်တယ်နော် နောက်တစ်ခါသွားရင်ပြောအုံးနော်
ကိုပေါက်(မန္တလေး)
February 26, 2013 at 4:23 pm
မယ်ဗုံငါသွားတုန်းက ညည်းမန်းလေးမှာမရှိဘူးလေ ရွာပြန်ပြီး
………………………………………………..
……………………………………………………………………
စာဥရေ ရွာအရောက်ပြန်ခဲ့ပါဆိုလို့ ပြန်သွားတယ်ဆို
ခင်ခ
February 26, 2013 at 3:45 pm
သခင်မတောင်မှာ အခုလိုရှိတာကို သိဘူးဗျ။
ကိုပေါက်(မန္တလေး)
February 26, 2013 at 4:29 pm
ကိုခရေ တစ်ရက်သွားလည်မယ်လေ။
တန်ခူးလထဲမှာ သခင်မတောင်ပန်းကောက်ပွဲဆိုအတော်စည်တယ်ပြောသဗျ.
သခင်မတောင်က အရင်ကသွားလည်ပတ်သူပေါတယ်။
နောက်ကြာနီကန်သချိုင်းက အဝင်ဝမှာပိတ်လိုက်တော့ တော်ရုံလူက မသွားချင်တော့ဘူး့
အိမ်ရှေ့မင်းထန်းတောကိုသွားတဲ့သူလောက်သာ သွားကြတော့တာ။
ဗုံဗုံ
February 26, 2013 at 5:15 pm
အဲ့ဒီခါကျရင် မိဗုံကိုလည်းခေါ် လိုက်မယ် ဖေပေါက် သင်္ကြန်တွင်းကြီးတော့မသွားနဲ့နော် ဒီကသီလရှင်ဝတ်မှာမို့
ကိုပေါက်(မန္တလေး)
February 26, 2013 at 6:31 pm
ိမိဗုံ မယ်သီလနဲ့ဆိုရင် ငါတို့ စရိတ်ကျေလောက်တယ် လိုက်ခဲ့အေ့
မောင် ပေ
February 26, 2013 at 8:44 pm
ထန်းရည်ကောင်းကောင်း ထွက်တဲ့အရပ်ဆီ သွားတာကို
ကျုပ် ကို လက်မတို ့ဘူး
တင်းတယ် အူးပေါက်
ကိုပေါက်(မန္တလေး)
February 26, 2013 at 10:08 pm
မောင်မောင်ကိုကိုပေပေရယ်
ကျုပ်လဲ ထန်းတောမရောက်ခဲ့ရပါဘူး။
ဒီတစ်ခါထန်းရည်သွားသောက်ရင်ခေါ်မယ်။
ကြွက်ကင်အတော်မိုက်ဆိုဘဲ။
ခိုင်ဇာ
February 27, 2013 at 9:27 am
အဲ့က လယ်ကြွက်ကင်က တကယ်ကို ကောင်းတာ။

အိမ်မက်ထဲထိ လိုက်လာတယ်ရယ်။
မားသားကြီးက နောက်တစ်ခါ ကြွက် ဆိုတာစားရင် သမီးအဖြစ်က စွန့်လွှတ်မယ်ဆိုလို့သာ။
ဒီတစ်ခေါက်ပြန်ရင် သွားဖြစ်အောင်သွားဦးမယ်။
မောင် ပေ
February 27, 2013 at 7:35 pm
ဇာ နဲ ့ ပေ နဲ ့
အတူတူ သွားသောက်စားကြမယ်နော
:kwi:
kai
February 27, 2013 at 2:29 am
မင်းဂံရွာဆိုတာမြင်တော့..
အံ့ကြီးလားတော့မသိ.. သူ့သီချင်းထဲ.. မင်းဂံပုတ်ရွာဆိုလား ပါတယ်..
ရွာချင်း.. တူမယ်တော့မထင်…။
အဲဒါ..
“ပုတုန်းရောင်.. ကေသာ.. ဖြန့်လိုက်ရင် တကိုယ်လုံး..” ဆိုတဲ့သီချင်းလေ..
အဲ့ဒီသီချင်း.. ကိုပေါက်ကြီးမှတ်မိသလား..
စကားစပ်လို့ပါ..။
MaMa
February 27, 2013 at 8:03 am
သတ်ပုံအဖွဲ့ကို စိန်ခေါ်နေသလို မြင်မိတာမို့….
ပိတုန်းရောင် ကေသာ လုပ်ပါ သဂျီးရာ။
ကိုပေါက်(မန္တလေး)
February 27, 2013 at 9:16 am
ကိုခိုင်ရေ
နန်းတော်ရှေ့ဆရာတင်က မင်းဂံဘုတ် လို့တွဲခေါ်ခဲ့ပေမယ့်
မင်းဂံရွာနဲ့ဘုတ်ရွာက ကပ်နေတဲ့ရွာနှစ်ခုပါ။
ဆရာတင်က အိမ်ရှေ့မင်းထန်းတောကိုသွားပြီးထန်းရေသောက်လေ့ရှိပါသတဲ့။
ဆရာတင်က မင်းဂံရွာသူနဲ့ဘုတ်ရွာသူတွေကိုအမြဲမြင်တွေ့နေရတော့ သူတို့အသားညိုတာကို
စချင်နောက်ချင်တဲ့သဘောနဲ့ “ရွှေမင်းဂံ” ဆိုတဲ့သီချင်းလေးကို စပ်လိုက်ပါတယ်။
ပိတုန်းရောင်ကေသာ……………….အစချီတဲ့သီချင်းလေးပါ။
ကိုအံ့ကြီးဆိုထားခဲ့တာပါ။
အဲဒီသီချင်းကို ပြန်ဆိုတဲ့သူများပါတယ်။
သုမောင် ရှိမယ် မာမာအေးရှိမယ်။
ဒီသီချင်းမှာ မှားတတ်တဲ့နေရာက ရှာတဘက်ကလေးကို ရှန်တဘက်လေးလို့အမှတ်မှားတတ်ပါတယ်လို့
ဆရာကြီးတစ်ဦးပြောဘူးပါတယ်။
ကြွားရရင်ကျနော်ဆီမှာကိုအံ့ကြီးသီချင်းအပုဒ် (20)ကျော်လောက်မူရင်းဓါတ်ပြားတွေရှိပါတယ်။
အခုကိုခိုင်နားထောင်ချင်တဲ့ ရွှေမင်းဂံသီချင်းကို http://www.minus.com မှာ တင်ပြီးပေးလိုက်ပါတယ်။
http://minus.com/l7ryG6VAYG9VR#
မြန်မာသံလေးတွေနားထောင်ကြမယ်ဆိုတဲ့ အဖွဲ့လေးကို သီချင်းဝါသနာရှင်များက ဖေစ်ဘုတ် ကနေပြီး ရှေးသီချင်းများပြန်လည်ဖော်ထုတ်ရေးအလုပ်တွေကို လုပ်ဆောင်ပေးနေကြပါတယ်။
အခုလိုသီချင်းတွေကိုရှာဖွေစုဆောင်းတဲ့အလုပ်ကို ဝါသနာအရ မှတ်တမ်းကျန်စေချင်တဲ့စေတနာတွေနဲ့ အင်တိုက်အားတိုက်စုပေါင်းလို့လုပ်နေကြပါတယ်။
ရှေးဓါတ်ပြား ရေဒီယိုသီချင်းလိုချင်တယ်ဆိုရင်
https://www.facebook.com/groups/BurmeseSongs/?ref=ts&fref=ts ဒီလင့်ကနေသွားကြည့်လို့ရပါတယ်။
kai
February 27, 2013 at 5:39 pm
ကျေးကျေးပါဗျာ..
အမတော်မမလည်း.. သတ်ပုံပြင်ပေးတာကျေးဇူးနော..။
ပိပြီးတုန်းတာလည်း. ပုပြီးတုန်းတာလား.. မသိလိုက်လို့..
ဆိုတော့..
မြန်မာသံတွေနားထောင်လိုက်ဦးမယ်..
စကားအတင်းစပ်..
ဦးအံ့ကြီး အယ်လ်အေကနော.. မြန်မာပြည်ပြန်သွားတယ်ကြားလို့.. :harr:
awra-cho
February 27, 2013 at 2:17 pm
သီချင်းထဲက မင်းဂံ ဘုတ် ပါပဲ၊ ငယ်ငယ်က အဲ့ရွာဖက်က အဒေါ်ကြီးတယောက်ပြောပြ ဖူးတယ်၊ ဆရာတင်က ထန်းရေ မူးမူးနဲ့ မြင်တော့ ချောနေတာထင်ပါ့ ၊ ကျနော်မြင်ဘူးသလောက်တော့ ချောတာတွေ့ဘူး၊ ကိုပေါက်ရော ရေသောက်ရင် မြင်ရမလောက် အသားနဲ့လှတပတ တွေ့ခဲ့လားဗျ၊ ဥမထားနဲ့ နော
ကိုပေါက်(မန္တလေး)
February 27, 2013 at 2:58 pm
အော် ဆရာတင်က ရွှတ်နောက်နောက်လုပ်ပြီးရေးတာပါဆိုနေမှ။
အခုခေတ်ကတော့ ရွာနဲ့မြို့ တိုးတက်ပုံချင်းကအတူူတူဗျ။
လှတပတလေးတွေရှိပါ့ဗျာ
နောက်တစ်ခါသွားရင်ခေါ်မယ်လေ
ဦး ကျောက်ခဲ
February 27, 2013 at 3:21 pm
အဟီး… ဆရာတင် ရွဲ့ရေးတယ်ဆိုတာဖတ်ဖူးတယ် ခင်ဗျ…
အဲဒီအရပ်သူများဗျာ ရှေ့သွားနှစ်ချောင်းကလေသလပ်နေတာအများသား….
အသားအရည်တော်ဝင်းလိုက်ပုံကလည်း မောင်ကျောက်က မာမီလို့ခေါ်ရမယ့်ပုံ…
ဆက်ပြောရင် ပြေးပေါက်မှားလိမ့်မယ်….
:harr:
Novy
February 27, 2013 at 3:23 pm
“မိဗုံ မယ်သီလနဲ့ဆိုရင် ငါတို့ စရိတ်ကျေလောက်တယ် လိုက်ခဲ့အေ့”
လေးပေါက် စရိတ်ကျေဖို့ သီလှရှင် နောက်ပါးတိုးလိုက်ရမလား
မီးမီးကတော့ အလှူ လိုက်မခံနိုင်ဘူးနော်
ပို့ဆွမ်းပဲလက်ခံတယ် :harr:
ကိုပေါက်(မန္တလေး)
February 27, 2013 at 11:04 pm
ဂျူနိုတို့အမေရယ် ဘာမှလုပ်စရာမလိုဘူး ထိုင်နေရုံဘဲ
ကျန်တာကျနော့်တာဝန်ထားပါ
ရွှေတင်မောင်
February 27, 2013 at 5:52 pm
တကယ် ကျား လည်း မတွေ့ရဘူး ..
အရုပ် ကျားကြီးပဲ တွေ့ရတယ် …
ဒါ့ထက် …
ဒီထဲက မရွှေအု နဲ့ ဒီရွာထဲက မရွှေအိ …
အမျိုးများ တော်လေမလားလို့ စဉ်းစားမိလိုက်သေးတယ် ..
တော်သလားဗျ …
ကိုပေါက်(မန္တလေး)
February 27, 2013 at 11:07 pm
မရွှေအုက ရှေးရှေးဘဝ
မရွှေအိက အခုဘဝ
ဒါပေမယ့် ………….
padonmar
March 1, 2013 at 2:41 am
ကြာနီကန် ဆရာတော်လည်း သတိရမိပါတယ်။
ကိုပေါက်(မန္တလေး)
March 1, 2013 at 1:15 pm
မှန်လေစွတကား။
သို့သော် ကြာနီကန်ကို သုဿာန်များ ပြောင်းပြီးသကာလ
ယခုခေတ်ကလေးများက ကြာနီကန်ဟု ကြားလိုက်သည်နှင့်
ကြောက်ရွှံ့ကြကုန်၏။