“လူငယ်တစ်ရောက်ရဲ့ ထပ်ဆင့်အတွေးများ”

 

ကျွန်တော်နဲ့ ခေါင်းမော့လျှောက်သူများ

 

(က)

တစ်ခါက လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ကျပြီး နှစ်အတော်ကြာတဲ့ အထိ သားသမီး မမွေးဖွားခဲ့ဘူး။ ဒီလိုနဲ့ သူတို့နှစ်ဦး ပေါင်းသင်းလာခဲ့တာ နှစ်တွေကြာမှ သားလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။ သူတို့တွေ သိပ်ပျော်ကြတာပေါ့။ သူ့သားလေးကို ကူဇမာလို့ နာမည်ပေးခဲ့ကြတယ်။ သူ့သားလေးကို ငယ်ငယ်လေးကတည်းက သူတို့ဟာ သင်ပေးခဲ့တာလေး တစ်ခုရှိတယ်။

“သားရေ … သားလမ်းလျှောက်တဲ့ အခါ ခေါင်းကို ငုံ့လျှောက်ကွဲ့ ..

မဟုတ်ရင် သားဟာ ခလုတ်တိုက်ပြီး အနာတရ ဖြစ်မယ် …

တောင်ပေါ်တက်ရင်လည်း ခေါင်းကို ငုံ့လျှောက်နော် သား …

တောင်ပေါ်က ပြုတ်ကျတတ်တယ် သားရဲ့ …

ပြီးတော့ တောင်ပေါ်က ဆင်းရင်လည်း ပိုသတိထားပြီး ခေါင်းကို ငုံ့ထားနော် … ခြေချော်လက်ချော်ဖြစ်တတ်တယ် …

နောက်ဆုံးကုန်ကုန်ပြောရရင် ပင်လယ်ကမ်းစပ်မှာပဲ လျှောက်လျှောက် … ခေါင်းကို ငုံလျှောက် ..

ပင်လယ်က လှိုင်းရိုက်ရင် ရေနစ်တတ်တယ် သားရဲ့ …”

အဲလို အမြဲ သွန်သင်ခံရတဲ့ သားလေး ကူဇမာက မိဘတွေ မှာတဲ့ အတိုင်းနေတယ်။

ကူဇမာလေးဘဝ မှာ အမြဲ ခေါင်းကို ငုံ့ထားခဲ့တော့ တစ်ခါမှ ခလုတ်တိုက်တာမျိုး ခြေချော်လက်ချော် ဖြစ်တာမျိုး မဖြစ်ခဲ့ဘူးတဲ့။ ဒါပေမယ့် ကူဇမာလေးဟာ မော့မကြည့်ခဲ့ဖူးတော့ ကောင်းကင်တွေ၊ တိမ်တိုက်တွေ၊ သစ်ပင်တွေ ကို မဆိုထားနဲ့၊ လူတွေရဲ့ မျက်နှာကို တောင် တစ်ခါမှ မမြင်ဖူးခဲ့ဘူးတဲ့။

Kuzma – By Lazar Lagin

 

(ခ)

ကျွန်တော်တို့ ဘဝမှာ ဒုက္ခဆိုတဲ့ အဆင်မပြေမှုတွေကို မမျှော်လင့်တဲ့ အခြေအနေမှာ ကြုံဆုံလာတိုင်း ကျွန်တော်က အမြဲတွေးမိတယ်။ ကူဇမာလို ခေါင်းကို ငုံ့လျှောက်ကြမလားလို့။ ဒါပေမယ့် ကျွန်တော်ဟာ အမြဲလိုလို ကောင်းကင်ကို လည်းကောင်း၊ ငှက်တွေကို လည်းကောင်း၊ တိမ်တွေကို လည်းကောင်း စိတ်ကူးယဉ်ချင်တဲ့ သူပါ။ အဲလိုမျိုး မော့ကြည့်ရင်း လမ်းကို လျှောက်ခဲ့မိတော့ ခလုတ်တိုက်ခြင်းဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျွန်တော့်ဘဝမှာ သိပ်များခဲ့ပါတယ်။ တိမ်တွေကို ကြည့်တယ်။ လမ်းလျှောက်တယ်။ ခလုတ်တိုက်တယ်။ ကောင်းကင်ကို ကြည့်တယ်။ လမ်းလျှောက်တယ်။ ခလုတ်တိုက်တယ်။

ဒါကိုလည်း မမှတ်သေးဘူး။ ကျွန်တော်က အမြင့်ကြီးကို ကြည့်ချင်နေတုန်းပဲ။ လမ်းမှာ အပေါ်ကို အမြဲ မော့ပြီး လမ်းလျှောက်လာတဲ့သူ၊ ခလုတ်ခဏတိုင်း တိုက်နေသူကို တွေ့ရင် မမေးနဲ့။ ကျွန်တော် ရင်နင့်အောင် ဖြစ်ပါတယ်။

 

ကျွန်တော်နဲ့ ပုံသေနည်းများ

 

(က)

ငယ်ငယ်တုန်းက ကျွန်တော့်ကို အဖေက မေးတယ်။

“သားရေ သစ်ပင်ပေါ်မှာ ငှက်လေးသုံးကောင်နားနေတယ်

မုဆိုးတစ်ယောက်က အဲဒီထဲက ငှက်ကလေးတစ်ကောင်ကို သေနတ်နဲ့ ချိန်ပစ်လိုက်ရင်

ဘယ်နှစ်ကောင် ကျန်မလဲကွ”

ကျွန်တော်က လက်ကလေးသုံးချောင်းထောင်၊ တစ်ချောင်းကို နှုတ် ပြီးတော့ ဖြေလိုက်ပါတယ်။ နှစ်ကောင်ပေါ့လို့။ အဖြေက မှားပါတယ်။

“မှားတယ် .. ငါ့သား” တဲ့ …။ အဖေက။

“ငှက်တစ်ကောင်မှ မကျန်ဘူးသားရဲ့ …

ကျန်တဲ့ နှစ်ကောင်ကလည်း သေနတ်သံကြားတော့ ထွက်ပြေးမှာပေါ့” တဲ့။

ဒီလိုနဲ့ ရက်အတော်ကြာတော့ ကျောင်းက ဆရာက မေးပြန်တယ်။

“သားတို့ သမီးတို့ရေ .. စားပွဲပေါ်မှာ ယင်ကောင် ငါးကောင် ရှိတယ်

တစ်ကောင်ကို ပေတံနဲ့ ရိုက်လိုက်တယ်

ဘယ်နှစ်ကောင်ကျန်မလဲတဲ့ ..”

ကျောင်းသားအားလုံးက ဝိုင်းဖြေတယ်။

“လေးကောင်” လို့။ ကျွန်တော်က အဖေမေးဖူးတဲ့ မေးခွန်းကို သိနေခဲ့တော့ ဟန်ပါပါနဲ့ လက်ထောင်ပြီး ကျွန်တော် ဖြေမယ်လို့ လုပ်လိုက်တော့ ဆရာက ကျွန်တော်ကို ဖြေခိုင်းတယ်။ ကျောင်းသားအားလုံးကလည်း ကျွန်တော့်ကို ဝိုင်းကြည့်ကြတာပေါ့။ ကျွန်တော်ကတော့ မတ်တပ်ထလိုက်ပြီး မာန်ပါပါ ဖြေလိုက်တယ်။

“ဆရာ .. တစ်ကောင်မှ မကျန်ပါဘူး

ကျန်တဲ့ လေးကောင်ကလည်း ပေတံအသံကြားတော့ ထွက်ပြေးမှာပေါ့”

ဆရာက ပြုံးပါတယ်။

ဒါပေမယ့် အဲဒီတစ်ခါလည်း ကျွန်တော် အဖြေဟာ မှားခဲ့ပါတယ်။

“သားလေးတော်တယ်ကွယ်

ဒါပေမယ့် မှားတယ်

တစ်ကောင်ကျန်ခဲ့တယ်တဲ့ … ပေတံနဲ့ အရိုက်ခံရတဲ့ အကောင်က စားပွဲပေါ် ကျန်ခဲ့မှာပေါ့” တဲ့။

 

(ခ)

ကျွန်တော် ပြန်တွေးကြည့်မိပါတယ်။ ဘဝမှာ ဖြစ်ခဲ့သမျှကို ကျွန်တော်တို့က ပုံသေနည်းနဲ့ ဖြေရှင်းလို့မရပါဘူး။ ဖြေရှင်းလို့ရရင်တောင်မှ ကျွန်တော်က အမြဲလိုလို တခြားနည်းရှိမလားလို့ အမြဲစဉ်းစားမိခဲ့တယ်။ အဲလောက် စဉ်းစားနေခဲ့တာတောင် ငယ်ငယ်က ကိုယ်သိခဲ့ရတဲ့ ပုစ္ဆာနှစ်ပုဒ်လို ခုချိန်တိုင်အောင် ကျွန်တော်က အမြဲလိုလို မှားနေတုန်းပါ။ ကကြီးနဲ့ ရှင်းရမှာကို ခခွေးနဲ့ ရှင်းလို့ရှင်း၊ ခခွေးကိုကျတော့ စလုံးနဲ့ မှားရှင်း။ တစ်ခါတစ်ခါကျတော့လည်း ရိုးရှင်းစွာ ဖြေရှင်းလို့ ရနေတဲ့ ကိစ္စတစ်ခုကို ခက်ခက်ခဲခဲကြီး လိုက်စဉ်းစားနေမိတာမျိုး သင်တို့လည်း ကြုံဖူးကြမှာပါ။ အဲလိုနဲ့ ရင်နင့်အောင်ဆိုတာ ကမောက်ကမတွေ ရေးတဲ့ ဘာမှမဟုတ်တဲ့ စာရေးဆရာ မဖြစ်တဖြစ်လေး ဖြစ်လာခဲ့ပါတယ်။

 

ကျွန်တော်နဲ့ ဖားကလေး

 

(က)

အီဂျစ်ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ တစ်ခါက ဖားအုပ်ကြီးတစ်ခုဟာ တောတစ်ခုကို ဖြတ်သွားကြတယ်။ နက်နဲတဲ့ တောအုပ်ကြီးတစ်ခုမို့ တောတောင်လျှိုမြောင် အသွယ်သွယ်ကို ဖြတ်ကြရတယ်။ အဲလိုဖြတ်ရင်းက ဖားလေးနှစ်ကောင်ဟာ တော်တော်နက်တဲ့ တွင်းတစ်ခုထဲကို ပြုတ်ကျသွားသတဲ့။ အဲလိုပြုတ်ကျသွားတာလည်း မြင်ရော ကျန်တဲ့ ဖားတွေက အပေါ်ကနေ ဝိုင်းကြည့်ကြတယ်။ တွင်းက တော်တော်နက်တာလည်း တွေ့ရော အပေါ်ကဖားတွေက အော်ပြောကြတယ်။

“မင်းတို့ မလွတ်နိုင်တော့ဘူးကွ

တွင်းက တော်တော်ကို နက်တာပဲ

မင်းတို့ဘဝတော့ သေပြီ”

ဒါပေမယ့် ဖားနှစ်ကောင်က အပေါ်က ပြောတာကို မကြားကြပါဘူး။ တွင်းကလည်း တော်တော်နက်တာကိုး။ အဲဒီဖားနှစ်ကောင်က အပေါ်ကို ရောက်အောင် ပြန်တက်ဖို့ ကြိုးစားပြီး တက်ကြတယ်။ တက်လိုက်၊ ချော်ကျလိုက်၊ ပြန်တက်လိုက်ပေါ့။ အဲလိုနဲ့ တဖြေးဖြေး အလယ်လောက်ရောက်လာတယ်။ ဖားနှစ်ကောင်ဟာ မောပန်းရုံတင် မကဘူး၊ အားအင်တွေလည်း ကုန်ခန်းလာပြီ။

အပေါ်က ဖားတွေကလည်း ဝိုင်းကြည့်ပြီး အော်ပြောကြတယ်။

“အားကုန်ပါတယ်ကွာ .. မဖြစ်နိုင်ပါဘူး

အောက်မှာ အေးအေးဆေးဆေး သေလိုက်ပါ

တွင်းက ဒီလောက်နက်တာ မင်းတို့ ပြုတ်ကျသေမှာပဲ” လို့ တစ်ယောက်တစ်ခွန်း ဝိုင်းအော်ပြောကြတယ်။

အဲလို ဝိုင်းပြောတာ ကြားတော့ ဖားတစ်ကောင်က အားထပ်မထုတ်နိုင်တော့ဘူး။ နောက်တစ်ချက် အခုန်မှာ မခုန်နိုင်တော့ဘဲ ပြုတ်ကျ သေဆုံးသွားတယ်။ ကျန်တဲ့ ဖားတစ်ကောင်ကတော့ အားမလျှော့ဘူး။ မရ၊ ရအောင် တက်တယ်။ အပေါ်က ဖားတွေကလည်း ဝိုင်းပြောနေကြတုန်းပေါ့။

“မဖြစ်နိုင်ပါဘူးကွာ

မင်းလည်း ဟိုကောင်လို သေမှာပဲ

အေးအေးဆေးဆေး အောက်မှာ သေလိုက်ပါကွာ” လို့ အော်ပြောနေကြတုန်းပါ။

ဘယ်လို အော်ပြောပြော ကျန်တဲ့ ဖားတစ်ကောင်က အားမလျှော့ဘဲ တက်ရင်းတက်ရင်းနဲ့ အပေါ်ကို ရောက်ပြီး လွတ်မြောက်သွားပါသတဲ့။ အပေါ်ကို ရောက်လာတဲ့ ဖားကို ကျန်တဲ့ ဖားတွေက ဝိုင်းမေးကြတယ်။ “မင်းငါတို့ ပြောနေတာ မကြားဘူးလား” တဲ့။

လွတ်မြောက်လာတဲ့ ဖားက ပြန်ပြောတယ်။

“မင်းတို့ ဘာပြောနေတာလဲ

ငါက နားမကောင်းဘူး

ငါတက်လာတဲ့ တစ်လျှောက်လုံး မင်းတို့ ငါ့ကို ဝိုင်းအားပေးတာ ကျေးဇူးတင်ပါတယ်” တဲ့။

 

(ခ)

ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုယ့်ကို စိတ်ဓါတ်ကျအောင် တမင်တကာဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ လုပ်နေကြတာ သင်တို့လည်း ကြုံဖူးကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ချို့ကိစ္စတွေမှာ ယုံကြည်ချက်နည်းနည်းလေးနဲ့ လုပ်ခဲ့ပြီးမှ ပတ်ဝန်းကျင်က မဖြစ်နိုင်ဘူးပြောတာနဲ့ နောက်ပြန်ဆုတ်ခဲ့တာတွေ၊ ကျရှုံးသွားတာတွေ တော်တော်များခဲ့ပြီ။ နောက်ဆုံးမှာ ကိုယ်ဖြစ်ချင်တာက တစ်ခု၊ တကယ်ဖြစ်လာတာက တစ်ခုနဲ့။ ဖြစ်ချင်တာနဲ့ ဖြစ်လာတာ မတူတော့ ဘယ်တော့မှ စိတ်ချမ်းသာတယ်လို့ မရှိခဲ့ပြန်ဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကို ကျွန်တော် အပြစ်တင်လို့လည်း ဘာမှ မထူးပါဘူး။ ပတ်ဝန်းကျင်ကတော့ အဲလိုပဲ အမျိုးမျိုး နှောင့်ယှက်မှုတွေနဲ့သာ ရှိနေမှာပါ။ ပုံပြင်ထဲက ဖားလေးလို နားမလေးပေမယ့် ဘယ်သူဘာပြောပြော ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ယုံကြည်တာကို ရဲရဲကြီးသာ စွန့်စားလျှောက်ကြဖို့ လိုအပ်မယ် ထင်ပါတယ်။

 

ကျွန်တော်နဲ့ အဖြေမှားများ

 

(က)

ဈေးတစ်ခုရဲ့ ကုန်စုံဆိုင်ကြီးတစ်ခုမှာ ကလေးတစ်ယောက်ရပ်နေတယ်။ ဈေးဝယ်တွေများလွန်းတော့ ဆိုင်ရှင်ဟာ အဲဒီကလေးကို ဂရုမစိုက်အားဘူးပေါ့။ အတော်လေး လူရှင်းသွားတော့မှ ကလေးကို ဆိုင်ရှင်က သတိထားမိသွားပြီး မေးလိုက်တယ်။

“ကဲ .. ဒီက လူကြီးမင်းလေး .. ဆိုပါ .. ဘာဝယ်ချင်သလဲ”

ကလေးက သူ့ဗလာစာအုပ်လေးကို ဖွင့်တယ်။ ပြီးတော့

“ဝက်ပေါင်ခြောက် ၁၀ဝတန် ၅ကျပ်သား”

ကလေးက စာအုပ်ကို ဖတ်ပြီး ထပ်ပြောတယ်။

“ဝက်အူချောင်း ၂၅ဝ တန် ၂ဝ သား”

“ဟုတ်ပြီ .. ပြီးတော့ကော” ဆိုင်ရှင်က ထပ်မေးတော့ ကလေးက စာအုပ်ကို ဖတ် ထပ်ပြောတယ်။

“၅၃ဝ တန် ထောပတ်က ၂၅ကျပ်သား

၃၀ဝ တန် သကြားက ၂ဝသား

၄၀ဝ တန် ပဲဆီက ၄၅ ကျပ်သား

၂၃ဝ တန် နို့ဆီက ၂၅ ကျပ်သား”

ဆိုင်ရှင်က အားလုံးကို တွက်လိုက်ပြီး ဘယ်လောက်ကျလဲဆိုတာ ပြောပြတယ်။

“ကဲ .. လူကြီးမင်းလေး … ၄၅၀ဝ ကျပ် ကျတယ်ကွဲ”

ကလေးက ပျော်သွားပြီး “ကျေးဇူးတင်ပါတယ် ဦး” ဆိုပြီး ဈေးဆိုင်ထဲက ပြန်သွားလေရဲ့။

ဇာတ်လမ်းက မပြီးသေး။ ခဏနေတော့ ဆရာမတစ်ဦး အဲဒီဆိုင်ကို ရောက်လာပြီး

“ဒီမယ် .. ရှင်လုပ်လို့ ..

ကျွန်မ ကျောင်းသားလေး အဖြေမှားပြီ

ရှင်ဘာလို့ အဖြေအမှားကြီး ပေးရတာလဲ” လို့ ရန်တွေ့ပါလေရော။ ဆိုင်ရှင်က နည်းနည်းတော့ ကြောင်သွားပေမယ့် ကလေးကို တွေ့တော့မှ ဘာလဲဆိုတာ သိသွားတယ်။ ဆိုင်ရှင်က ဆရာမကို ဒီလို ပြန်ပြောပါတယ်။

“ဒါတော့ဗျာ … ကျောင်းက တွက်နည်းနဲ့

ဈေးက တွက်နည်း ကွာမှာ ပေါ့ဗျာ” တဲ့။

Simple Arithmetic – by Naum Labkovsky

 

(ခ)

ကျွန်တော် စဉ်းစားကြည့်ပါတယ်။ ကျွန်တော်တို့ဘဝမှာလည်း နေ့စဉ် အဖြေမှားများကို ရိုက်သွင်းခံနေရပါသလား။ ကျောင်းကတွက်နည်းနဲ့ အပြင်လောကက တွက်နည်း တို့ ဘာကြောင့် မတူညီကြပါသလဲ။ ပြီးတော့ နားမလည်သူကို ပိုလိမ်လည်လို့ ကောင်းနေကြပါသလား။ ထိုမေးခွန်းများကို မေးတိုင်း လူတော်တော်များများက ကျွန်တော့်ကို လျှောက်တွေးနေတဲ့သူလို့ ထင်ခဲ့ကြပါတယ်။ တကယ်ပဲ ကျွန်တော် အတွေးတွေ လွန်နေခဲ့ပါသလား။ ကျွန်တော်က အဲဒီမတူညီတဲ့ လောကနေရာတိုင်းက တွက်နည်းတွေကို လိုက်ရှာဖို့ လိုအပ်ပါသလား။ အမြဲလိုလို ကျွန်တော် ခေါင်းစားခဲ့ရပါတယ်။ ဟိုက တစ်မျိုးပြော၊ ဒီက တစ်မျိုးပြောနေကြတဲ့ လောကတွင် ကျွန်တော် ရင်နင့်အောင်ဟာ အမျိုးမျိုးပြောတဲ့ လူတစ်ယောက်မဖြစ်အောင်သာ နေထိုင်အသက်ရှင်မည်လို့သာ တွေးထားပါတော့တယ်။

 

ကျွန်တော်နဲ့ မရှိမဖြစ်များ

 

(က)

ကျွန်တော် ဆယ်တန်းဖြေ၊ ကွန်ပျူတာသင်တန်းများ တက်ပြီးနောက် ပထမဆုံး လုပ်ခဲ့တဲ့ ကွန်ပျူတာ သင်တန်းတစ်ခုမှာ ဒါရိုက်တာက ကျွန်တော့်ကို ပြောဖူးတာလေးရှိတယ်။

“မင်းက တော်ပါတယ်ကွာ ..

မင်းဘယ်မှာလုပ်လုပ် Essential ဖြစ်အောင်လုပ်

ဘဝတစ်လျှောက်လုံး ဘယ်မှာပဲနေနေ မင်းကိုယ်မင်း Essential ဖြစ်အောင်နေ” တဲ့။

 

(ခ)

နှစ်တော်တော်ကြာပြီး ခုအချိန်မှာ ကျွန်တော် ပြန်စဉ်းစားကြည့်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူပြောခဲ့တာလေးကို ကျွန်တော်ကျင့်ကြံဖြစ်ခဲ့ပါသလား။ အကယ်၍ သင့်ကို ကျွန်တော်က ဘယ်ရောက်ရောက် သင့်ကိုယ်သင် မရှိမဖြစ် ဖြစ်အောင်လုပ်လို့ ပြောခဲ့ရင်ကော။

ကျွန်တော်ဟာ ပင်ကိုယ်စရိုက်အရ ပျော်ပျော်နေတတ်သလို၊ တစ်ခါတလေကျတော့လည်း ပေါ့ပျက်ပျက်နိုင်လွန်းပါတယ်။ ဘာကိုမှလည်း ယူကြုံးမရဖြစ်တယ်ဆိုတာ မရှိသလောက်ပဲ။ ခုထိပေါ့။ ဘယ်မှာနေနေ ကျွန်တော်ဟာ သာမန်ထက် နည်းနည်းမြင့်တဲ့ နေရာတော့ ရောက်ခဲ့ပေမယ့် အဲဒီထက်ပိုမမြင့်ခဲ့ဘူး။

“မင်းက တော်ပါတယ်ကွာ ..

မင်းဘယ်မှာလုပ်လုပ် Essential ဖြစ်အောင်လုပ်

ဘဝတစ်လျှောက်လုံး ဘယ်မှာပဲနေနေ မင်းကိုယ်မင်း Essential ဖြစ်အောင်နေ”

တကယ်တော့ ဘယ်မှာမှ ကျွန်တော်ဟာ မရှိမဖြစ်မဟုတ်ခဲ့ဘူး။ ဖြစ်လည်း မဖြစ်ချင်ခဲ့ဘူး။ ကျွန်တော် ရှိနေချိန်တိုင်းမှာ ကျွန်တော်ဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မလုပ်ဘဲ ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ဆောင်သွားပေမယ့် ကျွန်တော်မရှိလို့ မဖြစ်ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ကျွန်တော်က မနေချင်သူပါ။

ဒီလောကတွင် ရင်နင့်အောင် မရှိရင် ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့်မိသားစုမှာ ကျွန်တော် မရှိရင် ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်က အမြဲလိုလို ထိုစကားနဲ့ ပြောင်းပြန် essential မဖြစ်အောင် နေချင်သူပါ။

 

ကျွန်တော်နဲ့ အချိန်တန်ခြင်း

 

(က)

ပုံပြင်လေးတစ်ပုဒ်ကို ကြားခဲ့ဖူးပါတယ်။

တစ်နေ့- ဘုရားသခင်ကို လူတစ်ယောက်ကမေးတယ်။

“အရှင်ဘုရား … ဘုရားသခင်ရဲ့ အချိန်နဲ့ လူတွေရဲ့ အချိန် ဘာလောက်ကွာပါသလဲ ” တဲ့။

ဘုရားကဖြေပါတယ်။ “သားတော်… ဘုရားတစ်မိနစ်ဟာ …. လူ နှစ်ပေါင်းတစ်ရာနဲ့ တူသကွဲ့ ”။

“အရှင်ဘုရား …. ဘုရားသခင်ရဲ့ ငွေကြေးနဲ့ လူတွေရဲ့ ငွေကြေး ဘာကွာပါသလဲ” လို့ အဲဒီလူက ထပ်မေးပြန်ပါတယ်။

“အင်း … ဘုရား ၁ ဒေါ်လာဟာ လူတွေရဲ့ ဒေါ်လာ သန်း ၁၀ဝ နဲ့ ညီတယ် သားတော်” လို့ ဘုရားက ဖြေပါတယ်။

အဲဒီအခါ လူသားဟာ လောဘကြီးစွာပဲ … ဘုရားဆီတောင်းဆိုပါတယ်။

“အရှင်ဘုရား …. တပည့်တော်ကို ဘုရားသခင် ၁ ဒေါ်လာလောက် ပေးသနားပါ” တဲ့ လေ ..။

ဘုရားက “ကောင်းပြီ …သားတော် .. ဘုရား ၁မိနစ်ပဲ စောင့်ပါသားတော် ” တဲ့ …။

 

(ခ)

အချိန်တန်ခြင်းဆိုတဲ့ စကားလုံးဟာ ဘုရားသခင်ရဲ့ တစ်မိနစ်များဖြစ်နေမလားလို့ ကျွန်တော်က တွေဝေခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ လိုချင်တာ ဖြစ်ချင်တာ သိပ်ကို များခဲ့သူပါ။ ဒါပေမယ့် အခုချိန်မှာ ပြန်တွေးကြည့်တော့ အဲဒီအရာတိုင်းဟာ ကျွန်တော့်အတွက် တကယ်လိုအပ်နေတာ မဟုတ်ပါဘူး။ လူဟာ လောဘသားပီပီ ဖြစ်ချင်တာတွေနောက် တကောက်ကောက်လိုက်ရင်းနဲ့ နောက်ဆုံးသေသာသွားကြတယ်။ သူတို့ ဖြစ်ချင်တာတွေ လိုချင်တာတွေက အတောမသတ်။ မပြီးနိုင် မစီးနိုင်ကြဘူး။ သင်တို့ကိုယ်တိုင်ကော လိုချင်နေတဲ့ အရာတွေ ဘယ်လောက်များခဲ့ပြီလဲ။ ကျွန်တော်တို့ဟာ အသက်အရွယ်အလိုက် ပြောင်းလဲနေတဲ့ လောဘများနောက် တကောက်ကောက်လိုက်နေကြသူတွေသာ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းလိုလိုဟာ ဘုရားသခင်ရဲ့ တစ်ဒေါ်လာကိုများ စောင့်လို့ နေကြပါသလား။ ကျွန်တော်ထပ်၍ စဉ်းစားရပါဦးမယ်။

 

ကျွန်တော်နဲ့ ရွေးခြယ်မှုများ

 

(က)

တစ်ခါက လူတစ်ယောက်ဟာ လမ်းတစ်လမ်းကိုဝင်ဖို့ ဂိတ်ဝမှာ စစ်ဆေးခံရပါတယ်။ ဂိတ်ဝက အစောင့်က သူယူလာတဲ့ ပစ္စည်းနှစ်ခုကို ကြည့်ပြီး တစ်ခုပဲ ယူရမယ်လို့ ပြောပါတယ်။ သူယူလာတဲ့ ပစ္စည်းနှစ်ခုက တစ်ခုက မျက်မှန်၊ တစ်ခုက မီးအိမ်ဖြစ်ပါတယ်။ သူသွားရမယ့်လမ်းက မှောင်မဲနေတယ်။ သူ့မှာ မျက်မှန်မပါရင်လည်း သူဟာ မြင်ရမှာ မဟုတ်။ သူ့မှာ မီးအိမ်မပါရင်လည်း သူဟာ ဘာမှ မြင်ရမှာ မဟုတ်။ ဒါပေမယ့် ဂိတ်စောင့်ကတော့ သူ့ကို တစ်ခုပဲ ယူခွင့်ပေးထားတယ်။ သူဘာကို ရွေးခြယ်မလဲ။ သင်တို့ဆိုရင်ကော။

“ဘာကိုရွေးချယ်မလဲ” အက်ဆေးမှ

 

(ခ)

တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်ခုကို စွန့်လွတ်ရမယ်ဆိုတဲ့ အဆိုကို ကျွန်တော်တို့ကြားဖူးခဲ့ပါတယ်။ တကယ်တမ်းတော့ လူဖြစ်ခြင်းကိုက ရွေးခြယ်မှုတွေပြည့်နေတဲ့ ကမောက်ကမအချိန်ကာလ တစ်ခုလို့ ကျွန်တော်က ထင်မိပါတယ်။ ဘဝမှာ အမြဲတမ်းလိုလို ဒွိဟဖြစ်စေတဲ့ ရွေးခြယ်မှုတွေနဲ့ ကျွန်တော် ဆုံတွေ့ခဲ့ရပါသလို သင်တို့ကော ကြုံတွေ့ခဲ့ကြမှာပဲ ထင်ပါတယ်။ ကျွန်တော်ကတော့ မျက်မှန်နဲ့ မီးအိမ်တစ်ခုခုကို ရွေးခိုင်းတိုင်း စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံး ထိုလမ်းကို မသွားတော့ဘဲ နောက်ဆုတ်ခဲ့တာများပါတယ်။ တကယ်တမ်း ကျွန်တော်ဟာ ယုံကြည်ချက်နည်းလွန်းခဲ့တဲ့ သူသာ ဖြစ်တယ်။

တစ်ခါက ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဆောင်ပုဒ်တစ်ခုကို ပြန်ပြောချင်ပါတယ်။

“Never forget that you have the third wing” တဲ့။

သင့်မှာ တတိယ အတောင်ပံတစ်ဘက် ရှိနေတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့တဲ့။ တတိယ အတောင်ပံ။ ဘာလဲ။ တတိယ အတောင်ပံ။ ကျွန်တော် အတော်ကြီး ကြာမှ ထိုဆောင်ပုဒ်လေးကို နားလည်သလို ရှိလာပြီး သဘောကျသွားတယ်။ ငှက်တစ်ကောင်ဟာ အတောင်နှစ်ဘက်လုံး မရှိတော့တဲ့အချိန်မှာတောင် သူ့မှာ ယုံကြည်ချက်ရှိရှိနဲ့ ခိုင်မာတဲ့ စိတ်သာ ရှိခဲ့ရင် ဒါဟာ တတိယ အတောင်ပံပဲပေါ့။ ကျွန်တော်တို့ကလည်း ဘဝမှာ ရွေးခြယ်မှုတွေ မှားယွင်းလို့ ရှုံးနှိမ့်ခဲ့တိုင်း ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ ယုံယုံကြည်ကြည်ဆက်လုပ်ကြဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သင်ကိုယ်တိုင်လည်း တတိယ အတောင်ပံကို မွေးမြူထားဖို့ လိုအပ်လှပါတယ်။

 

ကျွန်တော်နဲ့ ပတ်ဝန်းကျင်

 

(က)

သူတို့ငါးယောက်ဟာ အမှန်တော့ တစ်ခါမှ လေထီးသုံးဖူးသူမဟုတ်။ လေယာဉ်က ပျက်ပြီဆိုတော့ သူတို့ လေထီးတွေ ကိုယ်စီ ဝတ်ပြီး လေယာဉ်ပေါ်က ခုန်ချလိုက်တော့တယ်။ ငါးယောက်လုံးဟာ အမြင့်ကြီးဆီက လေထဲတွင် ပြိုင်တူ ပြုတ်ကျလာခဲ့တယ်။ အစပိုင်းမှာတော့ သူတို့တွေ အတူတူ ပြုတ်ကျလာခဲ့ကြပေမယ့် သူတို့ထဲက အဝဆုံးတစ်ယောက်က အရင်ခုန်ချလိုက်တဲ့ အတွက် အောက်ကို အရင် ပြုတ်ကျသွားတာပေါ့။

ကျန်တဲ့ လေးယောက်ထဲက တစ်ယောက်က အော်မေးလိုက်တယ်။

“ဟေ့ .. ဘော်ဒါတို့ … လေထီးက ဘယ်လို ဖွင့်ရမှာလဲဗျ”

ကျန်တဲ့ လူတွေက ခေါင်းခါကြတယ်။ “ငါတို့လည်း မသိဘူး” တဲ့။

“မြင်ဖူးတာတော့ ကြိုးတစ်ကြိုးကို ဆွဲဖြုတ်လိုက်တာကွ”

တစ်ယောက်က အကြံပေးတော့ အားလုံးက ဘယ်ကြိုးလဲလို့ လိုက်ရှာဖွေကြတာပေါ့။

“တွေ့လားဟေ့”

“မတွေ့သေးဘူးဟ”

“အား.. ကျုပ်အမြင့်ကြောက်တတ်တယ်ဗျို့” တစ်ယောက်က အော်ဟစ်ပြီး ဘာကြိုးမှလည်း မရှာဘဲ ကြောက်လှန်နေခဲ့တယ်။ သူ့အော်သံနဲ့ ကျန်တဲ့ လူတွေလည်း ပိုကြောက်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ။ ဘာကြိုးမှ လည်း ရှာမတွေ့နိုင်ကြ။ အဲလိုနဲ့ တစ်ယောက်က ဆွဲမိဆွဲရာ ဆွဲဖြုတ်လိုက်တာ လေထီးဖွင့်တဲ့ ကြိုးတော့ မဟုတ်ဘူး။ လေထီးပတ်ထားတဲ့ ခါးပတ်ဖြစ်နေတယ်။ လေထီးက တခြား။ သူက တခြား ဖြစ်လို့ သွားရော။ သူ့ကို မြင်တော့ ကျန်တဲ့လူတွေက ပိုကြောက်ကုန်ကျတယ်။ ဘာကြိုးကို ဖြုတ်ရမလဲ။ ဘာကြိုးကိုမှ လည်း မဖြုတ်ရဲကြတော့။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။

“လေထီးခုန်သူများ” အက်ဆေးမှ

(ခ)

သူတို့ ငါးယောက်ဘာဆက်ဖြစ်ကြမလဲလို့ ကျွန်တော်မေးထားတော့ ကျွန်တော် ပြန်ဖြေကြည့်ပါမယ်။ အဖြေကို မဖတ်ခင် သင်တို့ဘာသာ စဉ်းစားမယ်ဆိုလည်း အရင်စဉ်းစားကြည့်ကြပေါ့။

သူတို့ငါးယောက်ထဲက တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ သူက အဝဆုံးနဲ့ အောက်ကို အရင်ကျခဲ့သူပါ။ ဘာလို့လဲ။ ဘာဖြစ်လို့လဲ။ သူပြုတ်ကျခဲ့စဉ်က သူ့အနားမှာ အာရုံနောက်စေတဲ့ ပတ်ဝန်းကျင်မရှိခဲ့ဘူး။ သူဟာ စိတ်အေးလက်အေးနဲ့ အဖြစ်နိုင်ဆုံးကြိုးကို ဖြုတ်ချပြီး လေထီးပွင့်သွားခဲ့ပါတယ်။ ကျန်တဲ့ လေးယောက်ကတော့ သွေးရူးသွေးတန်းအော်နေတဲ့ တစ်ယောက်ကြောင့် အကုန်လုံးဟာ သွေးရူးသွေးတန်းဖြစ်နေချိန်မှာ ကျန်တစ်ယောက်က ဘာမှ မစဉ်းစားဘဲ ခါးပတ်ကိုမှ ဖြုတ်မိတာကို မြင်လိုက်ကြတော့ သူတို့ဟာ ဘာမှ မလုပ်ရဲကြတော့ဘူး။ နောက်ဆုံး အောက်ကို ပြုတ်ကျ သေဆုံးခဲ့ကြပါတယ်။

ကျွန်တော် စဉ်းစားမိပါတယ်။ လောကကြီးမှာ ပတ်ဝန်ကျင်ဆိုတာ လူတွေအပေါ်ကို သက်ရောက်မှုအား အရမ်းပြင်းလှပါတယ်။ ကိုယ်ပတ်ဝန်းကျင်ဟာ ကိုယ့်ကို စိတ်ရှုပ်ထွေးစေတဲ့ ပတ်ဝန်းကျင်လား၊ စိတ်ဓါတ်ကျစေတဲ့ ပတ်ဝန်းကျင်လား၊ သွေးရူးသွေးတန်း လျှောက်လုပ်နေကြတဲ့ ပတ်ဝန်းကျင်လား။ ကျွန်တော်တို့ သေချာ စဉ်းစားကြဖို့လိုအပ်ပါတယ်။ ပြီးတော့ ပြဿနာတစ်ခုခု ကြုံတိုင်း စိတ်အေးလက်အေး ဖြေရှင်းနိုင်အောင် လေ့ကျင့်ရပါမယ်။ ပတ်ဝန်းကျင်က ရှောင်ခွာလို့ မရရင်တောင် အရှုပ်တွေထဲမှာ ကိုယ်ဟာ အေးအေးဆေးဆေးနဲ့ ပြဿနာပေါင်းစုံ ဖြေရှင်းတတ်ဖို့ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ရမှာပါ။

 

ကျွန်တော်နဲ့ ပြဿနာ လမ်းကြောင်း

 

(က)

ရယ်စရာဟာသတစ်ခု ဖတ်ခဲ့ဖူးတယ်။ ရထားမောင်းတဲ့ လူတစ်ယောက်ကို ရထားလမ်းချော်မှုနဲ့ စစ်ဆေးနေတာပါ။

“မင်းဘာလို့ ရထားလမ်းချော်တဲ့ အထိ ကပျက်ကချော်နိုင်ရတာလဲ”

“ဟုတ် … ကျွန်တော် မောင်းနေတုန်း ရထားလမ်းပေါ်မှာ မိန်းမတစ်ယောက်လမ်းလျှောက်လာလို့ပါ”

“ဟေ … မင်းဟာ အဲဒီ မိန်းမတစ်ယောက်အတွက် ..

ကျန်တဲ့ အသက်ပေါင်းများစွာကို လဲရလောက်အောင် မိုက်မဲရသလားကွ

အဲဒီ မိန်းမကို တိုက်ပစ်သင့်တယ်ဆိုတာ မင်းမသိဘူးလား”

တရားခံ ရထားမောင်းသူက ပြန်ဖြေပါတယ်။

“ကျွန်တော်လည်း တိုက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်တာပဲ ခင်ဗျ

ဒါပေမယ့် တိုက်ခါနီးမှ သူက ရှောင်လိုက်တယ်လေ” တဲ့။

 

(ခ)

တစ်ခါတရံမှာ လူဟာ ပြဿနာတစ်ခုနဲ့ မမျှော်လင့်ဘဲ ထိပ်တိုက်ဖြေရှင်းရပြီဆိုတာနဲ့ အဲဒီ ပြဿနာနောက်ကို လိုက်သွားရင်း အစက ကိုယ်သွားမယ့် လမ်းကြောင်းပျောက်သွားတတ်ပါတယ်။ ကိစ္စတစ်ခုကို ဖြေရှင်းရင်း နောက်တစ်ခုက ပေါ်လာ၊ တစ်ခါပြန်ရှင်းရင်း နောက်ထပ် ပြန်ပေါ်လာ။ အဲလိုနဲ့ လူဟာ ကိုယ်အဓိက လုပ်ရမယ့်ဟာကို ပျောက်သွားတတ်တာ သဘာဝဖြစ်နေပါတယ်။ ပုံပြင်ထဲက ရထားမောင်းတဲ့ သူလို အစကတော့ မိန်းကလေးတစ်ယောက်ကို မတိုက်ချင်လည်း တိုက်ပစ်ရတော့မှာ သိရက် တိုက်မယ်လို့ ဆုံးဖြတ်ပြီးမှ မိန်းကလေးက ရှောင်သွားတော့ ကိုယ့်ရထားက တည့်တည့်သွားရမယ်ဆိုတဲ့ လမ်းကြောင်းအမှန်က ပျောက်သွားခဲ့တယ်။ အဲဒီ အချိန်မှာ သူရဲ့ လမ်းကြောင်းက မိန်းကလေးကို တိုက်ပစ်ရန်သာ ဖြစ်သွားခဲ့ပါတယ်။

 

ကျွန်တော်နဲ့ သက်သေများ

 

(က)

နောက်ထပ် ကြားခဲ့ဖူးတဲ့ ဟာသတစ်ခုပါ။ တရားသူကြီးက တရားခံကို မေးပါတယ်။

“မောင်မင်း .. အပြစ်ကို ဝန်ခံပြီလား”

“ဝန်ခံပါတယ် တရားသူကြီးမင်း”

“ဘာ .. မောင်မင်းဟာ စစ်ဆေးလာသမျှ တောက်လျှောက် ငြင်းခဲ့ပြီးမှ ခုမှ ဘာလို့ ဝန်ခံရသလဲ”

တရားခံက မျက်နှာငယ်လေးနဲ့ ဖြေပါတယ်။

“ဟုတ်ကဲ့ .. အစက ကျွန်တော့်ကိုယ် ကျွန်တော်လည်း အပြစ်ရှိမရှိ မသေချာလို့ပါ

ခုဟာက အပြစ်ရှိကြောင်း သက်သေတွေလည်း ခိုင်လုံပြီဆိုတော့

ကျွန်တော် အပြစ်ရှိကြောင်း ဝန်ခံပါတယ်” တဲ့။

 

(ခ)

တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ရင်နင့်အောင်လို့ နာမည်ပေးထားပေမယ့် အဲဒီ ရင်နင့်အောင်ကို အပြည့်အဝ မြင်ကြသူတွေထဲမှာ ကျွန်တော် မပါပါဘူး။ တကယ်ပဲ ကျွန်တော်ရေးတာ ကောင်းမကောင်း၊ ကျွန်တော့် စာပေအရည်အသွေး ကောင်းမကောင်းဆိုတာ စာဖတ်သူတွေကသာ ခေါင်းစဉ်တပ်လို့ရမှာ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ရဲ့ မှာတမ်းကို စာရေးသူကိုယ်တိုင်က ရေးရင် ဘာကြောင့်ရေးတယ်၊ ဘယ်လို ခံစားတယ်၊ ဘာကို ရည်ရွယ်တယ်၊ အဲလိုမျိုးသာ ရေးနိုင်ပါတယ်။ စာရေးသူကိုယ်တိုင်က သူဘယ်လောက်တော်ကြောင်း၊ သူရေးထားတာ ဘယ်လောက်ကောင်းကြောင်း ကိုယ်ရည်သွေးတဲ့ မှာတမ်းကို ကျွန်တော်မတွေ့ဖူးသေး။

တကယ်ပဲ ကျွန်တော်ဟာ ရင်နင့်အောင် ဟုတ်မဟုတ် မသေချာလှပါ။ သင်တို့ကသာ ကျွန်တော် ဘာဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်နဲ့ တန်ဖိုးများ

 

(က)

ထောင်သားအသစ်တစ်ယောက် ထောင်ကျကာ ထောင်ထဲ ရောက်လာပါတယ်။ ထောင်သားအဟောင်းများက ဝိုင်းပြီး စပ်စုကြပါတယ်။

“မင်းက ဘယ်နှစ်နှစ် ထောင်ကျတာလဲဟေ့”

“နှစ် ငါးဆယ်ပါ”

“ဘာအမှုနဲ့လဲကွ”

“ပြတင်းပေါက်မှန် ရိုက်ခွဲမှုနဲ့”

“ဟေ .. ပြတင်းပေါက်မှန်လေးရိုက်ခွဲတာနဲ့ နှစ်ငါးဆယ်တောင် ကျရသလား”

“ကျွန်တော် ရိုက်ခွဲခဲ့တာ ရေငုပ်သင်္ဘောရဲ့ ပြတင်းပေါက်မှန် မလို့ပါ” တဲ့။

 

(ခ)

ကျွန်တော်စဉ်းစားကြည့်မိတာ တစ်ခုက Value လို့ ခေါ်တဲ့ တန်ဖိုးဆိုတာလေးပါ။ စီမံခန့်ခွဲရေးပညာမှာ ရေတွက်ရတဲ့ တန်ဖိုး (accountability value) နဲ့ ရေတွက်မရတဲ့ တန်ဖိုး (non-accountability value) ဆိုပြီးလေ့လာခဲ့ဖူးပါတယ်။

မှန်တစ်ချပ်ရဲ့ တန်ဖိုးဟာ ဘယ်လောက်ရှိမလဲ။ နည်းနည်းပါးရင် ဈေးလျော့ပြီး နည်းနည်းထူရင် ဈေးပိုမှာပေါ့။ တိုက်တွေအိမ်တွေရဲ့ ပြတင်းပေါက်က မှန်က ပါးသလို ဈေးလျော့ပေမယ့် ရေငုပ်သင်္ဘောရဲ့ ပြတင်းပေါက်က မှန်က ထူတော့ ဈေးပိုမှာပေါ့။ ဒါဆိုလည်း အဲဒီရေငုပ်သင်္ဘောမှန်က ဘယ်လောက်ဈေးကြီးမှာလဲ။ လူတစ်ယောက်နှစ်ငါးဆယ် ထောင်ကျတဲ့ အထိ ဈေးကြီးမှာလား။ မဖြစ်နိုင်ပါဘူး။

ဒါဆို ရေတွက်မရတဲ့ နောက်ကွယ်က တန်ဖိုးကြောင့် ဒီလူဟာ နှစ်ငါးဆယ် ထောင်ကျသွားတာလား။ ပြန်စဉ်းစားရပါတယ်။ ဒါကို မစဉ်းစားခင် ရေတွက်မရတဲ့ တန်ဖိုးဆိုတာ ဘာလဲ။ ကျွန်တော်တို့ အသေးစိတ်သေချာ စဉ်းစားကြည့်ဖို့ လိုလာပြန်ပါတယ်။ ရေတွက်မရတဲ့ တန်ဖိုးမှာ ကျွန်တော်က  ကိုယ်ပိုင်အသိလေးနဲ့ ရသလောက် အမျိုးအစားခွဲကြည့်ချင်ပါတယ်။

ရေတွက်မရတဲ့ တန်ဖိုး အမျိုးအစားများ (Types of Non-Accountability Value)

  • နောက်ဆက်တွဲမျှော်လင့်ချက် တန်ဖိုး (Hope Value)
  • ဂုဏ်သိက္ခာတန်ဖိုး (Image/dignity Value)
  • ဆက်စပ်မှုရလဒ်တန်ဖိုး (Relativity Value)
  • ခံစားမှုတန်ဖိုး (Emotional Value)

ဒီလောက်ဆိုရင် သင်တို့လည်း ဒီလူ နှစ်ငါးဆယ် ထောင်ဘာလို့ ကျသွားလဲဆိုတာ သိနှင့်နေလောက်ပြီထင်ပါတယ်။ သူဟာ ဆက်စပ်မှုရလဒ်တန်ဖိုး (Relativity Value) ကြောင့်သာ ဒီလို ထောင်ကျခဲ့တာဖြစ်ပါတယ်။

တစ်နေ့ကပဲ မှုခင်းဂျာနယ်တစ်ခုမှာ ဇနီးဖြစ်သူဟာ သူ့လင်ယောက်ျား ဖောက်ပြန်မှုကို သိသွားပြီး ယောက်ျားဖြစ်သူကို သတ်ဖြတ်ခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့ လောကမှာ လူတိုင်းဟာ တန်ဖိုးတစ်စုံတစ်ရာကို ဆုံးရှုံးရတိုင်း အဲဒီတန်ဖိုးနဲ့ ထိုက်တန်တဲ့ စိတ်ဒဏ်ရာတွေ၊ အနာတရတွေ၊ ဒေါသတွေ၊ အာဃာတတွေ အမြဲလိုလို ပေါက်ဖွားလာကြတာကို တွေ့ရှိနေရပါတယ်။ ကျွန်တော်ထင်ပါတယ်။ တန်ဖိုးအားလုံးထဲက ခံစားမှုတန်ဖိုး (Emotional Value) တစ်ခုခု ဆုံးရှုံးသွားတိုင်းမှာ ဆုံးရှုံးလိုက်ရတဲ့ လူရဲ့ ရင်ဘတ်ထဲ အခံရအခက်ဆုံးဖြစ်ပါလိမ်မယ်။ ချစ်သူကို ဆုံးရှုံးသွားခြင်းများ၊ ဘာမှ မဟုတ်တဲ့ ချစ်သူပေးခဲ့တဲ့ အင်္ကျီလေးတစ်ထည် အရောင်စွန်းသွားခဲ့ရင်တောင် သင်တို့ စိတ်ထဲက အနာတရများ။ ကိုယ်ချစ်ရသူက ကိုယ့်စိတ်မှာ အနာတရဖြစ်အောင် ပြောသွားတဲ့ စကားလုံးများ။

တန်ဖိုးဆိုတာ ကျွန်တော်အတွက်တော့ စဉ်းစားလို့ မကုန်သေးတဲ့ အရာကြီးတစ်ခုပါ။

 

ကျွန်တော်နဲ့ အမောက်ထောင်သူများ

 

(က)

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ လူတစ်ယောက်ဟာ လေယာဉ်စီးပြီး ခရီးထွက်လာပါတယ်။ ထူဆန်းစွာပဲ သူ့ဘေးမှာက လူမဟုတ်ဘဲ ကြက်တူရွေးတစ်ကောင်ဖြစ်နေလေရဲ့။ လေယာဉ်စထွက်ခါစမှာ လေယာဉ်မယ်က လာမေးပါတယ်။

“အစ်ကို ဘာများသောက်ချင်ပါသလဲရှင့် ..”

“ညီမရေ .. ကော်ဖီတစ်ခွက်သာ ပေးပါ”

သူ့ဘေးက ကြက်တူရွေးကတော့

“ငါ့အတွက် ဝီစကီ တစ်ခွက်ပေးစမ်း ကောင်မ” လို့ ခပ်ရိုင်းရိုင်းပဲ ပြောတယ်။

ခဏကြာတော့ လေယာဉ်မယ်လေးက ဝီစကီတစ်ခွက်ယူလာပြီး ပေးတယ်။ သူမှာတဲ့ ကော်ဖီကျတော့ ပါမလာဘူး။ ဘေးက ကြက်တူရွေးက ဝီစကီကုန်သွားတော့ နောက်ထပ် ထပ်မှာတယ်။

“ဟဲ့ ကောင်မ .. ဝီစကီ နောက်တစ်ခွက်ဟ …”

လေယာဉ်မယ်က ဝီစကီ နောက်တစ်ခွက် ထပ်လာချပေးပါတယ်။ သူမှာတဲ့ ကော်ဖီ ပါမလာပြန်ဘူး။ သူစိတ်တိုသွားပါတယ်။ ဒီတော့ ဘေးက ကြက်တူရွေးနည်းကို သုံးမှ ကော်ဖီရမှာပဲဆိုပြီး သူက အော်လိုက်တယ်။

“ဟဲ့ ကောင်မ … ငါ့ကော်ဖီမှာထားတာ မေ့နေလားဟ .. မြန်မြန်လာချပေးစမ်း”

လေယာဉ်မယ်က စိတ်တိုသွားတယ်။ လေယာဉ်လုံခြုံရေးများက အော်ဟစ်ဆဲဆိုနေတဲ့ သူနဲ့ ကြက်တူရွေးနှစ်ဦးလုံးကို လေယာဉ်အပေါက်ကနေ ပစ်ချလိုက်ပါလေရော။

ပြုတ်လဲကျရော။ သူ့ကို ကြက်တူရွေးက ပြောပုံက

“ကဲ .. ခင်ဗျားက မပျံနိုင်ဘဲ ကိုယ့်မကျေနပ်ချက်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောရလား ..

နည်းတောင် နည်းသေး” ဆိုပြီး ကြက်တူရွေးလေးက ပျံသွားလေရဲ့ …။

 

(ခ)

ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်စုံတစ်ခုကို အကြောင်းအရာ သေသေချာချာမသိပါဘဲ လူကြားထဲ ထင်ရှားချင်တာနဲ့ အမောက်ထောင်ပြတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ဖူးပါတယ်။ ကျောင်းသားဘဝက ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို အမှတ်ရပါတယ်။ လူငယ်ဘဝက နောက်ပြောင်နိုင်တဲ့လူ၊ မကြောက်မရွံ့ ပြောနိုင်တဲ့လူဆို သူရဲကောင်းလို့ထင်လေတော့ ဆရာမကို ကျွန်တော်က နောက်ပြောင်လိုက်တယ်။ ဆရာမက ဒေါသထွက်ပြီး မဲပါလေရော။ သင်ထားသမျှ စာတွေ အကုန်မေးတယ်။ ကျွန်တော်တစ်လုံးမှ မဖြေနိုင်ခဲ့ဘူး။ ကိုယ်ပဲ အရှက်ကွဲခဲ့ရပါတယ်။

သင်တို့ကိုယ်တိုင်ရော လူတွေအားလုံးမှာ မကျေနပ်ချက်ဆိုတာတော့ ရှိကြမှာပဲလေ။ အလုပ်က သူဌေးကို မကျေနပ်တာ၊ မန်နေဂျာကို မကျေနပ်တာ၊ မိဘကို မကျေနပ်တာ၊ ဆရာကို မကျေနပ်တာ၊ သူငယ်ချင်းကို မကျေနပ်တာ၊ နောက်ဆုံး အစိုးရကို မကျေနပ်တာ။ ဒါတွေအားလုံးမှာ သင်တို့ complaint တက်ခွင့် တိုင်ကြားခွင့် ရှိကို ရှိနေပါတယ်။ တစ်ခုပဲ။ လေယာဉ်ပေါ်က ဖြုတ်ချခံရမယ့် အနေအထားမျိုးမှာတော့ သင့်မှာ ကြက်တူရွေးလို ပျံနိုင်စွမ်းအရင် ရှိသလား မရှိသလားဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပေါ့ဗျာ။

 

ကျွန်တော်နဲ့ ပို့စ်မော်ဒန်

 

(က)

တစ်ခါက ရဲအရာရှိအသိတစ်ယောက်ပြောဖူတဲ့ ဟာသတစ်ခု ရှိပါသေးတယ်။ လူတစ်ယောက်ဟာ နယ်စပ်ဂိတ်ကနေ ကားတစ်စီးမဟုတ် တစ်စီးနဲ့ အမြဲဖြတ်လေ့ရှိပါတယ်။ သူ့ကို ရဲတွေကလည်း မသင်္ကာကြဘူး။ ဒီတော့ ထုံးစံအတိုင်း စစ်ကြဆေးကြတာပေါ့။

“မင်းဘာတွေ သယ်လာတာလဲ”

“အဝတ်အစား ဆယ်ထည်လောက်ပါ”

သူပြောတဲ့ အတိုင်းလည်း တကယ် အဝတ်အစား ဆယ်ထည်ပဲပါတယ်။ ကျန်တာလည်း မသင်္ကာစရာမတွေ့တော့ လွတ်ပေးလိုက်တယ်။ တစ်ခေါက်ကနေ နှစ်ခေါက်။ နှစ်ခေါက်ကနေ သုံးခေါက်၊ လေးခေါက်ဖြစ်လာတော့။ ရဲတွေက သေချာ စစ်ကြတော့တာပေါ့။

“မင်းဘာတွေ သယ်လာတာလဲ”

“အဝတ်အစား ဆယ်ထည်လောက်ပါ”

ခါတိုင်းလိုပဲ သူက ပြောတယ်။ ဒီတစ်ခါတော့ သူယူလာတဲ့ အင်္ကျီ အိတ်ကပ်တွေပါမကျန် အကုန်စစ်ကြတယ်။ ဘာမှ မတွေ့ဘူး။ နောက်ဆုံး ကားဘီးတာယာတွေပါ ခွဲကြည့်တဲ့အထိ။ ဘာဆို ဘာမှကို မတွေ့ဘူး။ နောက်ဆုံး လက်လျှော့လိုက်ရတယ်။

နောက်နှစ်ပေါင်းများစွာကြာမှ ရဲအရာရှိနဲ့ အဲဒီလူ ပြန်ဆုံကြတယ်။ ရဲကလည်း အခဲမကြေသေးဘူး။ ထပ်မေးတယ်။

“မင်းအမှန်တိုင်းပြောစမ်း ..

ငါအခု ပင်စင်လည်း ယူလိုက်ပြီ .. မင်းကိုလည်း မဖမ်းတော့ဘူး …

မင်း အဲတုန်းက မဟုတ်တာတစ်ခုခုတော့ လုပ်နေခဲ့တာ မဟုတ်လားကွ”

အဲဒီတော့မှ ထိုလူကလည်း ဝန်ခံလိုက်တယ်။

“ဟုတ်ပါတယ် ..

အဲဒီတုန်းက ..

ကျွန်တော်ဟာ ကားမှောင်ခို ကူးနေတာပါ” တဲ့။

 

(ခ)

ကျွန်တော်ဟာ ငယ်ငယ် ဆယ်နှစ်ကျော်ကတည်းက ကဗျာရေးတာ စာရေးတာကို ဘယ်သူကမှ ရှေ့ဆောင်လမ်းပြ မလုပ်ပေးခဲ့ဘဲ ဝါသနာကြီးခဲ့သူပါ။ နည်းနည်းလေး ကိုးတန်း၊ ဆယ်တန်း အရွယ်ရောက်လာတော့ မော်ဒန်ဆိုတဲ့ စာပေအရသာကို ခံစားတတ်လာတယ်။ ဖတ်တယ်။ ဖတ်တယ်။ ခံစားတယ်။ ဒါပေမယ့် နားမလည်ခဲ့ဘူး။ ဘာလဲ။ ဘာတွေ ရေးထားတာလဲ။ ခံစားလို့တော့ ရတယ်။ နားမလည်ဘူး။ (အဲဒီ နှစ်ခုကြားမှာလည်း နားမလည်ဘဲ ဘယ်လို ခံစားလဲဆိုတဲ့ မေးခွန်းတွေ ရှိကောင်းရှိပါလိမ့်မယ်။)

မော်ဒန်ကနေမှ ပို့စ်မော်ဒန်ကို ထပ်တက်လာပြန်တော့ ကျွန်တော် သွက်သွက်ခါသွားတယ်။ ဖတ်လို့လည်း ကောင်းနေတယ်။ နားလည်း မလည်ဘူး။ ဘာလဲဟ။ ကျွန်တော် မကျေနပ်ခဲ့ဘူး။ ကိုယ်တိုင်လည်း သူတို့လို ရေးကြည့်တယ်။ ကျွန်တော် နားမလည်သလို လူတွေ နားမလည်အောင် ရေးကြည့်တယ်။

“ဟဟ .. ငါပို့စ်မော်ဒန်ရေးနိုင်ပြီလို့ …”

ဒါပေမယ့် တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်က လာမေးတယ်။

“ရင်နင့်အောင် .. မင်းရေးတာတွေက ဖတ်လို့တော့ ကောင်းတယ် ..

နားမလည်ဘူး .. မင်းဘာကို ဆိုလိုချင်တာလဲ .. ရှင်းပြပါလား …” တဲ့။

ခက်ချေပြီ။ ကျွန်တော်ကိုယ်တိုင်လည်း နားမှ မလည်တာ။

ကျွန်တော် ခုပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက ကျွန်တော်ဟာ ပို့စ်မော်ဒန်ဆိုတဲ့ စာပေကို အသည်းအသန်နားလည်ဖို့ ကြိုးစားနေခဲ့ပေမယ့် ပို့စ်မော်ဒန်ရဲ့ လှည့်စားမှုနဲ့ ဗဟိုချက်ကင်းမဲ့မှုဆိုတဲ့ သဘောတရားများကို နားမှ မလည်ခဲ့ဘဲလေ။

ရယ်စရာတစ်ခုကတော့ ကားမှောင်ခိုသွင်းနေတဲ့ ကားပေါ်မှာမှ ကားတစ်စင်းလုံးကို မသင်္ကာစရာ ပတ်ရှာနေတဲ့ရဲတွေလို ဖြစ်နေခဲ့သလား။ သင်တို့ကိုယ်တိုင်လည်း ပို့စ်မော်ဒန်စာတစ်ပုဒ်ကို မင်္သကာလို့ လေ့လာချင်တယ်ဆိုရင် ကားတစ်စင်းလုံးကို ပတ်ရှာဖွေမနေဘဲ အဲဒီကားကို အရင်ကြည့်ကြပါဦးလို့ ပြောလိုက်ပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်ဆင်ခြင်သုံးသပ်ရပါဦးမယ်။

 

ကျွန်တော်နဲ့ စကားပြောသူများ

 

(က)

ဟာသလေးတစ်ခုပါ။ မီးသတ်တပ်ဖွဲ့တစ်ခုကို အရေးကြီး ဖုန်းဝင်လာပါတယ်။ ရဲအရာရှိက ဖုန်းကိုင်လိုက်တယ်။

“ဟုတ်ကဲ့ .. အမိန့်ရှိပါ”

“မီးသတ်ကလား မသိဘူး”

“ဟုတ်ပါတယ် မီးသတ်ကပါခင်မျာ”

“ကန်တော်ကြီး တိုက်ခန်းဘက်သိလား”

“သိပါတယ်”

“စစ်ကိုင်းလမ်းက ကွေ့လိုက်ရင် တံတားလေးကို ကျော်ရမှာလေ”

“ဟုတ်ကဲ့ သိပါတယ်”

“ဘယ်ကွေ့လိုက်တာနဲ့ မြောင်းလေးရှိတယ်

မြောင်းဘေးလေးမှာ ကျုပ်စိုက်ထားတဲ့ ချဉ်ပေါင်ပင်လေးရှိတယ်

ချဉ်ပေါင်ပင်လေးတွေ ဘေးမှာ နံနံပင်လည်း ရှိတယ်

ခရမ်းချဉ်သီးပင်ကတော့ မနေ့ကမှ စစိုက်ကြည့်တာ”

“ဒီမယ် .. မှားနေပြီနဲ့တူတယ် .. ခင်ဗျား စိုက်ပျိုးရေးကို ဖုန်းဆက်ရမှာ

ဒါက မီးသတ်ဆီရောက်နေတယ်ဗျ”

“မမှားပါဘူးကွာ

ကျုပ်သိပါတယ် .. ကျုပ်ရဲ့ စိုက်ခင်းလေးအကြောင်း ပြောပြချင်လို့ပါ

ချဉ်ပေါင်ပင်တွေက မြေဩဇာကောင်းတော့ သိပ်ဖြစ်တာပဲကွ

ခရမ်းချဉ်သီးတွေပါ သီးလာရင်တော့ အိမ်မှာ စကိုင်းနက်ပါတပ်မလားလို့ကွ”

“ဒီမယ်ဗျ .. ချဉ်ပေါင်ပင်တွေ ခရမ်းချဉ်သီးတွေက ပွဲရုံကို သွားရောင်းရမှာ

ဒါက မီးသတ်ပါ… မဝယ်ပါဘူး

အရေးပေါ်သုံးတဲ့ ဖုန်းဖြစ်လို့ မဆိုင်တာတွေ ပြောလို့မရပါဘူး

ဖုန်းချလိုက်တော့မယ် ခင်ဗျ”

“နေ .. နေပါဦးကွာ

ကန်တော်ကြီးတိုက်ခန်းမှာ မီးလောင်နေတာ ပြောမလို့ပါကွာ

အဲဒါ .. မင်းတို့လာရင် .. ငါ့စိုက်ခင်းလေးတွေ နင်းမိမှာစိုးလို့ ကြိုပြောတာ

မြန်မြန်သာလာတော့ မီးတော်တော်လောင်နေပြီ”

 

(ခ)

လူဟာ အချို့ နှစ်နှစ်၊ အချို့ သုံးနှစ်အရွယ်ကတည်းက စကားစပြောတတ်ကြပါတယ်။ အဲဒီနောက် လူဖြစ်လာလေလေ စကားတွေ ပြောရလေလေပါ။ ကျွန်တော်စဉ်းစားကြည့်ပါတယ်။ စကားကို ဘယ်လိုပြောခဲ့သလဲလို့။ စကားပဲ ပါးစပ်ကပြောမှာပေါ့လို့ သင်က ဆိုချင်ဆိုပါလိမ့်မည်။ အမှန်တော့ ကျွန်တော်ဆိုလိုတာက ငယ်တုန်း စကားတတ်ခါစ ပြောခဲ့တာနဲ့ လူကြီးတစ်ယောက်ဖြစ်လာတော့ ပြောခဲ့ကြတဲ့ စကားကွဲပြားသွားတာလေးကိုပါ။

–       ကလေးတွေဟာ စကားတတ်ပြီဆိုတာနဲ့ စကားပြောကြတယ်။ သူတို့ ပြောသမျှဟာ အကြောင်းအရာများတယ်။ အကြောင်းအရာတစ်ခုနဲ့ တစ်ခု အဆက်အစပ်မရှိလှ။ ခုတင် ငှက်တွေ ဘာလို့ ပျံလဲ ပြောရင်းက ခုတင် ချိုချဉ်စားချင်တယ် ပြောချင် ပြောတာမျိုး။ သူတို့စကားတွေဟာ နိဒါန်းမရှိ၊ နိဂုံးမရှိ။ အဖြောင့်အတိုင်းပင် ဖြစ်တယ်။

–       လူကြီးတွေ စကားပြောတာကတော့ မတူတော့။ အကြောင်းအရာနည်းလာတယ်။ ကိုယ်သိတဲ့၊ ကိုယ်တတ်တဲ့၊ ကိုယ်ဝါသနာပါတဲ့ အကြောင်းအရာအနည်းငယ်အချို့ကိုပဲ ပြောတယ်။ စကားတစ်ခုနဲ့ တစ်ခုက လည်း အဆက်အစပ်ရှိလာတယ်။ စကားများတွင် နိဒါန်းရှိလာတယ်။ နိဂုံးရှိလာတယ်။ ကောင်းတဲ့ စေတနာပဲ ဖြစ်ဖြစ် ဆိုးတဲ့ စေတနာပဲ ဖြစ်ဖြစ်ရှိလာတယ်။ ကိုယ့်အတွက်ဆိုတဲ့ အတ္တရှိလာတယ်။ စိတ်မဝင်စားတာကို သည်းခံပြီး မပြောချင်ကြတော့ဘူး။

လူဟာ စကားမပြောချင်လည်း ပြောနေရတာပဲ။ မိုးလင်းကနေ မိုးချုပ် ကျွန်တော်ကိုယ်တိုင်လည်း စကားတွေပြောရပါတယ်။ “ဒီကိစ္စနဲ့ ပက်သတ်လို့ ကျွန်တော်ထင်တာက ပေါ့လေ” လို့ စကားနိဒါန်းပျိုးရတယ်။ မဟုတ်တာ၊ မကြိုက်တာတစ်ခုကို ငြင်းချင်ရင်တောင်မှ “ခင်ဗျားပြောတာလည်း မှန်ကောင်းမှန်မှာပါဗျာ” လို့ နိဂုံးချုပ်ပေးရတယ်။ ကိုယ်ပြောတာ ဘောင်ဝင်ဖို့ ဥပမာတွေ၊ သာဓကတွေလည်း ထည့်ပြောရတယ်။ ကိုယ်ပြောတာ လက်ခံဖို့ ဦးတည်မေးခွန်း (Leading Question) တွေလည်း မေးရတယ်။ ပါဝါတစ်ခုအတွက်ဆိုရင် ထိုးကျွေးတဲ့ စကားနဲ့ အစချီ၊ ကိုယ်ရည်သွေးတဲ့စကားကို ပါးပါးချင်းစီ စာကိုယ်ထည့်။ ဪ။ စကား၊ စကား။

ဒါပေမယ့် ခုချိန်ထိတိုင် ကျွန်တော်က စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်လိုပဲ။ အမြဲတမ်း စကားမှားတတ်လွန်းလို့ စိတ်ညစ်ခဲ့ရတာလည်း များပြီ။ သင်တို့ကိုယ်တိုင်လည်း တခြားလူတွေရဲ့ သေရေးရှင်ရေး ဒုက္ခကို အရင်မပြောဘဲ ကိုယ့်စိုက်ခင်းကို မနင်းဖို့ နိဒါန်းပျိုးခဲ့ဖူးပါသလား။

 

ကျွန်တော်နဲ့ အနိုင်အရှုံးများ

 

(က)

သူငယ်ချင်းတစ်ယောက်က အိမ်ထောင်ကျပြီးတဲ့နောက် လင်မယားရန်ဖြစ်တဲ့ ပြဿနာတွေ ပြောပြဖူးတယ်။ ပြောရင်း သူတို့ လင်မယားနှစ်ယောက်ကြားက ဟာသလေးကို ပြောပြသွားတယ်။

“ငါတို့ လင်မယားရန်ဖြစ်တိုင်း

ငါကပဲ နိုင်တယ်ကွ”

“ဟုတ်ရဲ့လားကွာ … ကြွားမနေနဲ့”

“အတည်ပါကွာ ..ငါပဲ နိုင်တယ်ကွ

ရန်ဖြစ်တိုင်း ငါ့မိန်းမက ငါ့ရှေ့ ဒူးထောက်ပြီး ပြောရတယ်”

“ဟ.. ဟုတ်လား .. ဘာပြောတာလဲ”

“ရှင် ခုချက်ခြင်း ကုတင်အောက်က ထွက်ခဲ့စမ်းတဲ့”

 

(ခ)

အရှုံးအနိုင်ဆိုတာလေးကို ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်ငယ်ငယ်က အဖေနဲ့ အမေလည်း ရန်ဖြစ်ဖူးပါတယ်။ အဖေက ရန်ဖြစ်ရင် ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲပါတယ်။ အမေက ရန်ပွဲနဲ့ မဆိုင်တဲ့၊ စကားနိုင်လုသလို နိုင်ရင်ပြီးရော စကားတွေနဲ့ ပြန်ပြောပါတယ်။ တစ်ယောက်တစ်ခွန်းကနေ အဖေက ဒေါသထွက်လာရင် အိမ်က ပစ္စည်းအချို့ကို ပေါက်ခွဲတတ်ပါတယ်။ ခုပြန်စဉ်းစားကြည့်တော့ ဘယ်သူနိုင်သွားလဲ။ ဘယ်သူ ရှုံးသွားလဲ။ ကျွန်တော်က မကွဲပြားသေး။

မိန်းမချင်း ရန်ပွဲတွေကို သင်တို့လည်း ကြုံဖူးမှာပါ။ အများစုက စကားနိုင်လုသလို စကားများရန်ဖြစ်ကြတာပါ။ ဖြစ်တဲ့ ပြဿနာကို ရှင်းဖို့ ဦးတည်ကြတာမဟုတ်ဘူး။

“ညည်းဘယ်တုန်းက ဘယ်သူနဲ့ ဘာဖြစ်တယ်မလား”

“အမလေး .. သူက ပြောတယ်ရှိသေး .. ညည်းညီမလို လင်ကောင်မပေါ်ဘဲ ဟိုဟာ ဖြစ်တာမဟုတ်ဘူး”

(အမှန်တော့ ရန်ဖြစ်တာက သူ့ညီမနဲ့ မဟုတ်ပါ)အဲလို ပြဿနာထက် စကားကို အနိုင်လုပြီး ပြောဖို့ဖြစ်သွားကြပါတယ်။

ဘောလုံးပွဲတစ်ပွဲက အနိုင် အရှုံးများ၊ စစ်တုရင်ပွဲက အနိုင် အရှုံးများ၊ စစ်ပွဲတစ်ပွဲက အနိုင်အရှုံးများ။ စီးပွားရေးလောကက အနိုင် အရှုံးများ။ ဘယ်သူနိုင်သလဲ။ ဘယ်သူရှုံးသလဲ။ နိုင်တစ်ခါ ရှုံးတစ်လှည့်သာ။ ကျွန်တော်ကတော့ တစ်ခါတစ်ခါ ကိုယ့်ကို ဒူးထောက်အောင်လို့ ကုတင်အောက်ဝင်ပြီး အရှုံးပေးလိုက်ဖို့လည်း စဉ်းစားနေခဲ့သူပါ။

 

ကျွန်တော်နဲ့ ပစားပေးသူများ

 

(က)

တစ်ခါက ပညာရှိအဘိုးကြီးတစ်ယောက်ဆီကို လူငယ်တစ်ယောက်က စကားလာပြောတယ်။

“အဘိုး .. အဘိုးက ပညာရှိကြီးဆို”

“အေးပေါ့ကွ”

“အဘိုးနဲ့ ကျွန်တော်မေးခွန်းပြိုင်မေးကြမယ်ဗျာ

ဘယ်လိုလဲ”

“ဟဟ … မင်းက .. ငါ့ကို ဘယ်လိုလုပ်နိုင်မှာလဲကွ”

“ရတယ်ဗျာ .. ကျွန်တော်က အလောင်းအစားလုပ်ပြီး ပြိုင်ကြည့်ချင်တယ်

ပြန်မဖြေနိုင်လို့ ရှုံးတဲ့သူက တစ်ထောင်ပေးကြေး”

“အမ် .. မင်းငါ့ကို မနိုင်ပါဘူးကွာ .. မင်းပြိုင်ချင်သပါ့ဆိုလည်း

ဒီလိုလုပ် ငါမဖြေနိုင်ရင် မင်းကို ငါးထောင်ပေးမယ်

မင်းမဖြေနိုင်ရင် တစ်ထောင်ပဲ ပေးပါ .. အကျောပေးတယ်”

“ဟုတ် ကြိုက်တယ်ဗျာ .. ပြိုင်ပွဲစမယ် … အဘိုးအရင်မေး”

ပညာရှိ အဘိုးကြီးက စမေးလိုက်တယ်။

“ယူရေနီယံ သတ္ထုမှာ သုံးတဲ့ အိတ်ချ်တူးအက်စ်အိုဖိုး အက်ဆစ်ကို ဘယ်လိုထုတ်လဲကွ”

လူငယ် မသိပါ။ တစ်ထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တယ်။ အဘိုးကြီးက မိန့်မိန့်ကြီး ပြုံးလို့။ ပြီးတော့ လူငယ်က သူမေးအလှည့်ရောက်တော့ မေးလိုက်တယ်။

“တောင်ပေါ်တက်တုန်းက ခြေထောက်နှစ်ချောင်း

တောင်ပေါ်ရောက်တော့ ခြေထောက်သုံးချောင်း

တောင်အောက်ပြန်ဆင်းတော့ ခြေထောက်လေးချောင်း

အဲဒါ ဘာသတ္တဝါလဲ”

အဘိုးကြီး စဉ်းစားတယ်။ သူဖတ်ဖူးတဲ့ စာထဲမှာလည်း မပါဘူး ဖြစ်နေတယ်။ ဘာများလဲ။ ဘာများလဲ။ သူမသိတော့။ အရှုံးပေးကာ ငါးထောင်တန်တရွက် ထုတ်ပေးလိုက်ရတယ်။

လူငယ်က

“ကျေးဇူးပဲ အဘိုး သွားတော့မယ်နော်” တဲ့။

“ဟေ့ .. ဟေ့ …

မင်းပြောတဲ့ အကောင်က ဘာအကောင်လဲကွ”

လူငယ်က

“ကျွန်တော်လည်း မသိဘူးဗျ” ဆိုပြီး တစ်ထောင်တန်တစ်ရွက် ပြန်ထုတ်ပေးလိုက်တယ်။

 

(ခ)

တစ်ခါတလေမှာ လူအချို့ကို ကျွန်တော်က ပစားပေးထားခဲ့တယ်။ ပစားပေးတယ်ဆိုတာ အကျောပေးတာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ညီငယ် ကျားကစားကြလျှင် ကျွန်တော်က ကျားနှစ်ကောင်ကျ ပေးကစားပြီး သူ့ကို အကျောပေးတယ်။ ဘောလုံးကန်ကြလျှင် ကျွန်တော်က သုံးဂိုးကျောပေးပြီး ကစားတယ်။ ဒါပေမယ့် အလုပ်ထဲရောက်လာတဲ့အခါ ကျွန်တော့်ကို ပြန်ပြီး ပစားပေးလာတဲ့ လူအချို့နဲ့ ပြန်ကြုံရပြန်ပါတယ်။ သူတို့က ကျွန်တော့်ထက် ပိုတော်ကြောင်း ပစားပေးပြီး ပြသလာခြင်းလို့ ကျွန်တော်က မြင်လာတယ်။

လောင်းကစားနည်းတစ်ခုဖြစ်တဲ့ ဘောလုံးပွဲလောင်းတဲ့အခါ ပိုကောင်းတဲ့ အသင်းက ညံ့တဲ့ အသင်းကို ဂိုးကျောပေးပြီး လောင်းကြတယ်။ မန်ယူနှင့် ဆန်းဒါးလန်းပွဲတွင် မန်ယူက တစ်ဂိုးအရှုံးဖြင့် လောင်းကြေးဖွင့်တယ်။ သင်က ပစားပေးတဲ့ အသင်းကို လောင်းမလား။ ပစားအပေးခံရတဲ့ အသင်းကို လောင်းမလား။ ဒါပေမယ့် တကယ်တမ်းတွင် ပစားပေးတဲ့သူက ပြန်ရှုံးသွားကြတာလည်း အများအပြား။ လောကဟာ အဲလို ရှုပ်ထွေးလှပါတယ်။

ပါဝါ လေးဆယ့်ရှစ် စာအုပ်တွင် ထိုးကျွေးခြင်းဆိုတဲ့ နည်းဗျူဟာကို ကျွန်တော်ဖတ်လိုက်ရတယ်။ သူတပါးကို အနိုင်ယူဖို့နည်းက သူဟာ ကိုယ့်ကို နိုင်နိုင်ချေရှိတယ်လို့ ထင်ရအောင် အရင်လုပ်ရမယ်တဲ့။ သူလုံးဝမနိုင်ဘူးလို့ထင်ရင် သူဟာ ကိုယ်နဲ့ ပြိုင်တော့မှာ မဟုတ်ဘူးတဲ့။ ထိုအဆိုကို သင်လက်ခံပါသလား။ ကျွန်တော်က လက်မခံပါ။ ရိုးရှင်းတဲ့ဘဝမှာ ရိုးရှင်းစွာပဲ လူတွေကို ဆက်ဆံချင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတိုင် ကျွန်တော်ဟာ ကိုယ်တိုင်လည်း ပစားပေးနေရတုန်း။ ကိုယ့်ကိုလည်း ပစားပေးခံနေရတုန်းပါ။

 

ကျွန်တော်နဲ့ အိမ်ပြန်ချိန်

 

(က)

အရက်သမားတစ်ယောက်ဟာ လမ်းပေါ်မှာ ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်လာပြီး လူတစ်ယောက်ကို တွေ့တော့ သူခေါင်းကို ပြပြီး မေးပါတယ်။

“အစ်ကို … ကျွန်တော့် ခေါင်းမှာ အဖု ဘယ်နှစ်ဖုရှိလဲ”

ထိုလူက အရက်သမားရဲ့ခေါင်းက အဖုကို ရေတွက်ပြီး ပြန်ဖြေလိုက်တယ်။

“သုံးဖုရှိတယ် ညီ”

အရက်သမားက အဖြေကို ကြားတော့ ဆက်ပြီး ယိုင်ထိုးယိုင်ထိုးနဲ့ ဆက်လျှောက်သွားပါတယ်။ အဲလို ယိုင်ထိုးယိုင်ထိုးနဲ့ လျှောက်ရင်းက ဓါတ်တိုင်ကို ဝင်တိုက်တယ်။ ဝင်တိုက်ပြီးတော့ အဲဒီ ဓါတ်တိုင်နားက လူကို အရက်သမားက မေးပြန်တယ်။

“အစ်ကို .. ကျွန်တော့် ခေါင်းမှာ အဖုဘယ်နှစ်ဖု ရှိလဲ”

ထိုလူက ခေါင်းကို ကြည့်ပြီး ပြန်ဖြေတယ်။

“ခြောက်ဖုကွ”

“ခြောက်ဖု .. ဟုတ်လား ..

ခြောက်ဖု .. ခြောက်ဖုဆိုရင် အိမ်ရောက်ပြီ .. ဒါကျွန်တော့်အိမ်ပဲ” ဆိုပြီး အိမ်ထဲ ဝင်သွားပါလေရော။

 

(ခ)

အရက်သမားရဲ့ အိမ်မှတ်တဲ့ အမှတ်အသားကို ဖတ်ကြည့်ပြီး ကျွန်တော် ရယ်မောမိရင်းက ပြန်လည် ဝမ်းနည်းမိသွားတယ်။ ဒါဟာသတဲ့လား။ ဒါဟာသမှ မဟုတ်ဘဲလို့ အကြိမ်ကြိမ် တွေးတောမိခဲ့တယ်။ ကျွန်တော်ဟာ မိဘနှစ်ပါးရဲ့ ရင်ခွင်ထဲ၊ အိမ်ထဲမှာ ပေါ့ပေါ့ပါးပါးကြီး အပူအပင်မဲ့နေလာခဲ့ပါတယ်။ အဖေပေးတဲ့ မုန့်ဖိုး၊ အမေကျွေးတဲ့ ထမင်းကို စားပြီး ကျောင်းကို သွား၊ ကစား၊ အိမ်စာလုပ်၊ အဖေပြောပြတဲ့ တန်ခိုးရှိတဲ့ စားပွဲခင်း ပုံပြင်လေးကို နားထောင်။ အချိန်တန်ရင် အိပ်၊ အချိန်တန်ရင် စား။ ဘာမှမလိုဘူး။

ဒါပေမယ့် အသက်လေးအရွယ်ရောက်၊ လောကမှာ ကိုယ်ပေါက်လာတဲ့ အတောင်ပံလေးကို ကိုယ်တိုင် အသုံးချချင်လာတယ်။ ကိုယ်သိလာပြီ၊ ကိုယ်တတ်လာပြီဆိုတာနဲ့ အမျှ မိဘနဲ့ သဘောထားမတူ၊ ကလန်ကဆန်ပြန်လုပ်၊ အိမ်ပေါ်က ဆင်း။ အဲဒီ နွေးထွေးတဲ့ အိမ်ကို ကျွန်တော်က မေ့ဖို့ကြိုးစားမိခဲ့တယ်။ ဘာကိုမှ မစဉ်းစား၊ မပြင်ဆင်ဘဲ အိမ်ထောင်လေးကျခဲ့။ တစ်လ ထမင်းစားရိတ်ဘယ်မှာလဲက တစ်ဖု၊ နေဖို့ အိမ်က ဘယ်မှာလဲက တစ်ဖု၊ ရေကြေးလား၊ မီးကြေးလား၊ အပိုသုံးလား၊ ကျန်းမာရေးအတွက်လား၊ ဒါတွေက တစ်ဖု၊ မလောက်တော့ဘူး၊ ချေးဦးဟ၊ ငှားဦးဟတွေက တစ်ဖု၊ အဲဒီ အတိုးတွေ အကြွေးတွေက တစ်ဖု၊ မဖြစ်တော့ဘူး၊ ရန်ကုန်မှာ ငါ့ပညာနဲ့ လခပိုရမယ်ဆိုပြီး ဇနီးနဲ့ ခွဲ၊ သမီးနဲ့ ခွဲ၊ တစ်ယောက်တည်း အိပ်မရတဲ့ ညတွေမှာ လွမ်းရတာက တစ်ဖု၊ ကဲ ..ကျွန်တော့်ခေါင်းမှာ ဓါတ်တိုင်နဲ့ တိုက်မိတဲ့ အဖုတွေ ဘယ်လောက်များမှ အိမ်ကို ပြန်ရောက်နိုင်မှာလဲ။

တစ်ဆိတ်လောက်၊ သင်က ကျွန်တော့်ခေါင်းမှာ အဖုခြောက်ခု ပြည့်ပြီလား ကြည့်ပေးပါ။ ကျွန်တော် အိမ်ပြန်ရောက်ပြီလား ဆိုတာ သိချင်လို့။

 

ကျွန်တော်နဲ့ စိုးရိမ်ပူပန်ခြင်းများ

 

(က)

ဆရာကံချွန်ရေးခဲ့ဖူးတဲ့ ဟာသလေးတစ်ခုရှိပါတယ်။ တစ်ခါက ရထားပေါ်မှာ လူငယ်တစ်ယောက်က အဘိုးကြီးတစ်ယောက်ကို အချိန်သိချင်လို့ မေးပါတယ်။

“အဘိုးရေ .. ဘယ်အချိန်ရှိပြီလဲဟင် …

ကျွန်တော်နာရီကို အချိန်ပြန်တိုက်ချင်လို့ပါ”

အဘိုးကြီးက လူငယ်ကို တစ်ချက်ကြည့်ပြီး ဖြေပါတယ်။

“ဘာလို့ ပြောရမှာလဲကွ .. မပြောနိုင်ဘူး”

“ဟာ .. အဘိုးကလည်း .. အချိန်လေးပြောရမှာတောင် တွန့်တိုနေသလားဗျာ”

“အေး .. တွန့်တယ် တိုတယ်ဟေ့ .. မပြောနိုင်ဘူး

ငါက ပြောပြလိုက်ရင် …  မင်းက ကျေးဇူးပဲလို့ ပြောပြီး ပြုံးပြမယ်

ပြီးရင် .. မသိမသာ ခင်သွားမယ် … ဒါပြီးရင် .. မင်းက မင်းဖတ်နေတဲ့ စာအုပ်နဲ့

ငါဖတ်နေတဲ့ စာအုပ် လဲဖတ်ဖို့ ပြောမယ် .. ငါကလည်း အားနာလို့ လဲဖတ်လိုက်မယ် ..

ရှေ့က ဘူတာမှာ ရပ်လို့ .. လက်ဖက်ရည်ဆင်းသောက်ရင် ..

လူမှုရေးအရ … မင်းကို သောက်ပါဦးလား လုပ်ရမယ် … မင်းက ဝင်သောက်မယ် ..

ဝင်သောက်တော့ .. နောက်ဘူတာကျ ထမင်းစားရင်

မင်းက ငါ့ကို ပြန်ကျွေးမယ် ..  ထမင်းစားရင်း .. မင်းက ဘယ်မှာ နေတယ်.. ဘာလုပ်တယ် ပြောမယ် …

ငါကလည်း ဘယ်မှာနေတယ် … ဘာလုပ်တယ် … ပြောရမယ် ..

ငါ့လိပ်စာကို သိတော့ … မင်းက ငါ့အိမ်လာလည်မယ် ..

လာလည်ရင် … မင်းက ငါ့သမီးနဲ့ တွေ့မယ် … ပြီးရင် .. ငါ့သမီးကို ကြိုက်မယ် ..

ပြီးတော့ …. ငါ့သမီးကို လက်ထပ်ချင်ကြောင်း လာတောင်းမယ် …

မင်းလို .. အချိန်မှန်တဲ့ နာရီလေးတစ်လုံးတောင် မရှိတဲ့ ကောင်ကို

ငါ့သမီးနဲ့ သဘောမတူနိုင်ဘူးဟေ့ …

ဒါကြောင့် .. အချိန်ကို မပြောနိုင်ဘူး .. နားလည်လားကွ ..”

 

(ခ)

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အသေးအဖွဲကိစ္စများမှ ကြီးကျယ်တဲ့ ကိစ္စများအထိ စိုးရိမ်ပူပန်နေကြသူတွေကို သင်တို့ကော တွေ့ဖူးကြပါသလား။ ဒါမှ မဟုတ် သင်ကိုယ်တိုင်ကော အမြဲလို ကိစ္စတစ်ခုခုတိုင်းအတွက် ကြိုတင် စိုးရိမ်ပူပန်နေသူလား။

အချို့ကိစ္စများသည် ကြိုတင်ပြင်ဆင်ခြင်းဆိုတာကို ကျွန်တော်က လက်ခံပေမယ့် အချို့ကိစ္စများအတွက် ကြိုတင်ပြင်ဆင်ခြင်းကို ကျွန်တော်က လက်မခံချင်ပါ။ ဥပမာ- သင်ဒီနေ့ စားချင်တာအတွက် မစားမီ သင်စားချင်တာကို ဈေးသို့သွားဝယ်ခြင်းကို ကျွန်တော်က လက်ခံပါတယ်။ ဒါပေမယ့် နောက်တစ်လလောက်တွင် သင်စားချင်တဲ့ အရာတွေကို ခုကတည်းက ကြိုတင်ကာ ဝယ်ထားခြင်းကို ကျွန်တော်က လက်မခံချင်ပါ။ သင်ဝယ်ထားပေမယ့် ပုပ်သိုးနိုင်တဲ့ ပစ္စည်းဆိုရင် အလကား ပုပ်သိုးကုန်မှာသာ ဖြစ်ပါတယ်။

သင်ကိုယ်တိုင် ပြုပြင်ပြောင်းလဲလို့ရမယ့် အရာတွေကို သင်က ကြိုတင်ပြင်ဆင်ထားနိုင်တယ်။ ဒါပေမယ့် သင်ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိတာတွေအတွက် သင်တို့ကော ကျွန်တော်ပါ အနည်းနဲ့ အများ စိုးရိမ်နေကြပါတယ်။ ရောက်လာဖို့ အလှမ်းဝေးလွန်းတဲ့ ပြဿနာတွေကို စိုးရိမ်ပူပန်နေမယ့် အစား ကျွန်တော်ကတော့ အနီးဆုံးက ပြဿနာများကိုသာ အရင်ဖြေရှင်းချင်သူပါ။

အဲလို .. မရောက်သေးတဲ့ ပြဿနာတွေကို သင်ကိုယ်တိုင်ကော ကြိုတင် စိုးရိမ်နေသူဖြစ်နေပါသလား။

ကျွန်တော်က အဲလိုလူတွေကို မချေးရသေးတဲ့ အကြွေးကို ကြိုတင် အတိုးပေးနေကြသူုများလို့ နာမည်ပေးလိုက်ချင်ပါတယ်။

 

ကျွန်တော်နဲ့ အချစ်အဓိပ္ပါယ်များ

 

(က)

တစ်ခါက ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ (အဲဒီပုံပြင်လေးကို မေတ္တာတရားဖြင့် ပျံသန်းခြင်းလို့ ဝတ္ထုတိုအဖြစ်လည်း ပြောင်းရေးခဲ့ဖူးပါတယ်။) လူတစ်ယောက်ဟာ သစ်ပင်အိုကြီးတစ်ခုမှာ အမြဲလိုလို သွားထိုင်နေတတ်ပါတယ်။ တစ်ရက်တော့ သူ့ဆီကို မိုးပေါ်တစ်နေရာဆီက လေတံခွန်လေးတစ်ခု ပျက်ကျပြီး ရောက်လာခဲ့ပါရော။ အဲဒီက စပြီး လေတံခွန်လေးနဲ့ သူဟာ အရမ်းခင်တွယ်ခဲ့တာပေါ့။ တစ်ရက်တော့ လေတံခွန်လေးက သူ့ကို ကောင်းကင်ပေါ်သို့ လွှင်တင်ပေးဖို့ ပူဆာလာတော့ သူက ကြိုးတစ်ကြိုးနဲ့ လွှတ်တင်ခဲ့ပါတယ်။ ကောင်းကင်ပေါ်ကို ရောက်တိုင်း လေတံခွန်လေးဟာ အရမ်းအပျော်ကြီး ပျော်ခဲ့တာပေါ့။  လေတံခွန်လေး ပျော်နေတာ မြင်တိုင်း သူပါ ပျော်ရွှင်လာပါတယ်။ တစ်ရက်တော့ လေတံခွန်လေးက ကြိုးအရှည်ကြီးနဲ့ အမြင့်ကြီးကို လွှတ်တင်ပေးဖို့ ပူဆာလာပါတယ်။ လေတံခွန်လေးအလိုကျ သူဟာ အမြင့်ကြီးကို လွှတ်တင်ခဲ့ပေမယ့် ခါတိုင်းနဲ့ မတူတဲ့ ခံစားမှုတွေ ဖြစ်လာခဲ့တယ်။ လေတံခွန်လေးဟာ သူလွှတ်တင်လေလေ သူနဲ့ ပိုပြီး ဝေးလေလေပါ။ သူဆက်လွှတ်တင်ရမလား။ သူပြန်ဆွဲချရမလား။ ဒါပေမယ့် သူဟာ လေတံခွန်လေးပျော်ဖို့ လုပ်ပေးချင်သူပါ။ အဲလိုမျိုး သူဟာ ရွေးချယ်ရခက်တဲ့ အချိန်မှာ သင်တို့ကော သူနေရာမှာသာဆို ဘာဆက်လုပ်ပါမည်လဲ။

 

(ခ)

တကယ်ပဲ အချစ်ဆိုတာကို အဘိဓါန်စာအုပ်ပေါင်းများစွာ ကုန်သည်အထိ ကျွန်တော်က နားမလည်သေးသူပါ။ သံယောဇဉ်နှင့် မေတ္တာတရားကို ပေါင်းစပ်ထားတဲ့ စိတ်ခံစားမှုတစ်ခုလို့ ကျွန်တော်က ဘာသာပြန်ချင်သူပါ။ သံယောဇဉ်ဆိုသည်မှာ အတ္တနဲ့ယှဉ်သော စွဲလန်းတက်မက်မှု၊ မေတ္တာဆိုတာ သူ့အကျိုးကို လိုလိုလားလား ပေးစပ်ခြင်း။ အဲဒီ မတူညီတဲ့ နှစ်ခုကို ပေါင်းစပ်ပြီး လူတွေက အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

ရေပူရေနွေးဖြင့် ရေချိုးသလို အချိုးကျကျ စပ်ချိုးမှသာ အဆင်ပြေလိမ်မည်။ ကိုယ့်အတ္တအတွက်ပဲ များလွန်းနေသော အချစ်များ၊ မိဘနဲ့ သားသမီးကြားက အချစ်များ၊ အိမ်ထောင်ဘက်နှစ်ယောက်ကြားက အချစ်များ၊ သူငယ်ချင်းများကြားက အချစ်များ။ ကျွန်တော်များစွာ ကြုံတွေ့ခဲ့ဖူးပါပြီ။

ဒီပုံပြင်လေးကို ပြောပြာတော့ နားထောင်နေတဲ့ အနုပညာသူငယ်ချင်းတစ်ယောက်ရဲ့ စကားကို ကျွန်တော်က ခုထိတိုင်မှတ်မိနေသေးတယ်။

“ကျွန်တော်ကတော့ စွန်လည်း မလွတ်တတ်၊ စွန့်လည်း မလွတ်တဲ့ လူတစ်ယောက်ပါ” တဲ့။

တကယ်ပဲ ကျွန်တော်တို့ တော်တော်များများဟာ စွန့်လွတ်ဖို့ကို နောက်ဆုံးမှ ကြားကောင်းအောင်သာ ပြောနေကြသူများဖြစ်ပါတယ်။ မနိုင်လို့ အရှုံးပေးခြင်း၊ မရှိလို့ ရောင့်ရဲခြင်းများကို ကျွန်တော်တို့က ကြားကောင်းအောင် ရေရွတ်နေကြပါတယ်။

သင်ကိုယ်တိုင်ကော … စွန်လွှတ်ဖူးပါသလား။ လေတံခွန်လွှတ်ဖူးပါသလား။ သင်ချစ်ရသူ ပျော်နေဖို့အတွက် သင်နဲ့ အဝေးဆုံးကို ပို့ရမှ ဆိုလျှင် သင်ဘယ်လို ဆုံးဖြတ်မှာလဲဆိုတာ….။

 

ကျွန်တော်နဲ့ ရူးချင်ယောင်ဆောင်ခဲ့သူများ

 

(က)

ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ အပျော်အပျက်စနောက်ခဲ့ကြတာတွေ များလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချောင်ပိတ်မေးခွန်းများနဲ့ မေးပြီး အနေရအထိုင်ရခက်သွားတော့ အားလုံးက ဝိုင်းရယ်မောကာ လှောင်ပြောင်ခဲ့တာတွေက လူငယ်ဘဝမှာ ပျော်စရာကောင်းလှပါတယ်။ အဲဒီထဲက ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က ပိုက်ဆံပြတ်လို့ လာချေးငှားလျှင် ကျွန်တော် ပြန်ပြောခဲ့တာလေးကို တင်ပြချင်ပါတယ်။

သူငယ်ချင်း။         ။ ရင်နင့်အောင် ပိုက်ဆံချေးစမ်းပါကွာ .. ငါပြတ်နေလို့

ကျွန်တော်။          ။ ဘယ်လောက်ချေးမှာလဲကွ

သူငယ်ချင်း။         ။ မများပါဘူးကွာ .. တစ်သောင်းလောက်ပါ ..

ကျွန်တော်။          ။ ဘာ.. တစ်သောင်းဟုတ်လား

သူငယ်ချင်း။         ။ အေးလေ.. တစ်သောင်းတည်းပါဟ

ကျွန်တော်။          ။ မင်းအဆင့်အတန်းနဲ့ကွာ .. ပိုက်ဆံချေးစရာလား … လာမနောက်စမ်းပါနဲ့

သူငယ်ချင်း။         ။ ငါတကယ်လိုတာကွ .. မနောက်ဘူး …

ကျွန်တော်။          ။ မင်းက ရယ်စရာတော်တော်ပြောတဲ့ကောင်ပဲ .. မင်းလိုကောင်က .. ငါ့ဆီက ချေးမလား

သူငယ်ချင်း။         ။ ဟာ .. အတည်ပြောနေတာ … တစ်သောင်းလောက်ချေးစမ်းပါ ..

ကျွန်တော်။          ။ မင်းအတည်ဆိုရင် ချေးပါတယ်ကွာ… လာနောက်မနေနဲ့ ..

သူငယ်ချင်း။         ။ မနောက်ပါဘူးဆိုမှ

ကျွန်တော်။          ။ မင်းရုပ်တည်ကြီးနဲ့ နောက်နေတာ ငါသိပါတယ်.. မင်းလိုကောင်က ချေးမှာ မဟုတ်ဘူး

သူငယ်ချင်း။         ။ ဟာ … ငါက အတည်ဆိုမှကွာ …

ကျွန်တော်။          ။ အေးလေ.. တကယ်ဆိုလည်း ချေးမလို့ပါ .. မင်းက လာနောက်နေတာကိုးကွ

သူငယ်ချင်း။         ။ (ဆဲဆိုသံ)

 

(ခ)

ကျွန်တော် ပြန်စဉ်းကြည့်မိပါတယ်။ လောကမှာ လူတွေဆီကဖြစ်စေ၊ လောကဓံကဖြစ်စေ၊ ဘယ်အကြောင်းကြောင့်မဆို ဒုက္ခပေါင်းစုံကို တစ်မျိုးပြီး တစ်မျိုး လာပေးနေကြသူများ ဘယ်လောက်တောင် များလှပြီလဲ။ ကိုယ့်ကို ဒုက္ခလာပေးသူများ၊ ကိုယ့်အတင်းကို ပြောနေကြသူများကြောင့် ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်ပေါင်းလည်း များလှပြီ။ သင်ကိုယ်တိုင်လည်း အဲလိုလူမျိုးများစွာ ကြုံဖူးပါလိမ့်မယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကြားက အမှတ်တရ စခဲ့တာတွေကို ခု ပြန်တွေးကြည့်တော့မှ ဒါဟာ ရယ်စရာ သက်သက်မဟုတ်ဘူးလို့ ကျွန်တော်က ရိပ်စားမိလာတယ်။ ဟုတ်တယ်။ ဒါဟာ တကယ်တော့ ရယ်စရာတစ်ခု မဟုတ်ဘဲ ဘဝမှာ တန်ဖိုးရှိတဲ့ တုန့်ပြန်မှုလို့ ကျွန်တော်က ယူဆလိုက်တယ်။ ခုချိန်မှာ ကျွန်တော့်ကို တနည်းနည်းနဲ့ လောကဓံက ဒုက္ခပေးဖို့လာရင် ကျွန်တော်က ဒီလို ရူးချင်ယောင်ဆောင်လိုက်မယ်လို့။

လောကဓံ။           ။ မင်းကို ဒုက္ခကောင်းကောင်းပေးမယ်

ကျွန်တော်။          ။ မဆိုးပါဘူးကွာ .. ဒုက္ခတောင် အကောင်းစားပေးမယ်ဆိုတော့ မိုက်သားပဲ

လောကဓံ။           ။ ဘာကွ .. မင်းကို ဒုက္ခဆိုးဆိုးပေးမယ် .. သိလား

ကျွန်တော်။          ။ မင်းလားကွာ .. ငါ့ကို ဒုက္ခပေးမှာ .. လာနောက်မနေနဲ့ …

လောကဓံ။           ။ ခွေးသား .. ငါက တကယ်ပေးမှာ ..

ကျွန်တော်။          ။ အေးပါကွာ .. မင်းနောက်နေတာ .. ငါသိပါတယ် …

လောကဓံ။           ။ အေး… တကယ်ပေးမှ .. ငိုမနေနဲ့ …

ကျွန်တော်။          ။ ရယ်ရတယ်ကွာ … မင်းက ရယ်စရာတော်တော် ပြောတဲ့ ကောင်ပဲ …

လောကဓံ။           ။ (ဆဲဆိုသံ)

 

ကျွန်တော်နဲ့ လောကဇာတ်ကောင်များ

 

(က)

အလုပ်ကိစ္စ အီးမေးလ်တွေ စစ်ရင်းက သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့ ဟာသလေးကို ဖတ်မိသွားပြီး ကျွန်တော် ပြုံးရယ်မိပါတယ်။ ဟာသလေးက တိုတိုလေးပါ။

“မနေ့ညက စာအုပ်တစ်အုပ်ဖတ်ရင်း ငါ မျက်ရည်ကျခဲ့ရတယ်ကွာ”
“ဟုတ်လား၊ တော်တော်ကောင်းတဲ့ စာအုပ်ပေါ့ စာရေးဆရာ ဘယ်သူရေးတာလဲ သူငယ်ချင်း”
“ငါ့ရဲ့ ဘဏ်စာအုပ်ပါကွာ”

 

(ခ)

ကျွန်တော်စဉ်းစားကြည့်မိပါတယ်။ စာပေမှာ ရသနဲ့ သုတလို့ အခြေခံအားဖြင့် ခွဲထားပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုလုံးဟာ ကင်းရှင်းတယ်လို့ မရှိပါဘူး။ ရသများတဲ့ စာပေနဲ့ သုတများတဲ့ စာပေရယ်လို့သာ ကွဲပြားမယ်လို့ ထင်မိပါတယ်။ သမိုင်းဆိုတဲ့ သုတစာအုပ်တွေ ဖတ်ရင်းက ဒေါသထွက်ရတဲ့ အထိ ဖြစ်ခဲ့ရတာ ရသပါနေလို့ပါ။ ရသစာပေတွေ ဖတ်ရင်းလည်း ကိုယ်မသိသေးတာတွေ ပါလာတော့ သုတ ပါနေလို့ပါ။ ကိုယ့်အကြွေးတွေကို ကိန်းဂဏန်းအဖြစ် ဖေါ်ပြထားတဲ့ ဘဏ်စာအုပ်လေးတစ်အုပ်မှာ သူ့ကို အသိပေးနေတဲက သုတစာပေလို့ ကျွန်တော်က မြင်မိပေမယ့် ပုံပြင်ထဲက ဖတ်မိသူက မျက်ရည်ကျခဲ့ရပါတယ်တဲ့။ သေသေချာချာတွေးမိပြန်တော့ ကျွန်တော်တို့ဟာ ရသစာပေပဲ ဖတ်ဖတ် သုတစာပေပဲ ဖတ်ဖတ် ဇာတ်အိမ်ထဲက ဇာတ်ကောင်တစ်ကောင်ဘက်က ဘက်လိုက်ဖတ်ကြတာများတယ်လို့ ထင်မိတယ်။ ကျွန်တော်ဆိုရင် အချို့ ဇာတ်ကောင်ကို ကိုယ်ကိုယ်တိုင်လို့ ခံစားဖတ်ခဲ့ဖူးပါတယ်။ စာရွက်ပေါ်က ဇာတ်ကောင်တွေ ခံစားရတိုင်း ကျွန်တော်တို့ ဘာလို့ ခံစားကြတာလဲ။ တခါတလေကျတော့လည်း အဲဒါနဲ့ ပြောင်းပြန် ကျွန်တော်တို့ ဘာလို့ မခံစားကြတာလဲ။ သမိုင်းစာအုပ်တွေကို ဖတ်တိုင်းမှာ ဟစ်တလာကို ဘာလို့ မုန်းခဲ့ကြတာလဲ။ အနုမြူဗုံးကို ဘာလို့ မုန်းခဲ့ကြတာလဲ။ ကဒါဖီကို ဘာလို့ မုန်းခဲ့ကြတာလဲ။ ကင်ဂျုံအီကို ဘာကြောင့်မုန်းခဲ့ကြတာလဲ။ သင်က ဖြေပါလိမ့်မည်။ သူတို့ရဲ့ လုပ်ရပ်တွေက ရက်စက်လို့၊ ကြမ်းတမ်းလို့။ ကျွန်တော်ကတော့ အဲဒီလိုမျိုး မဖြေချင်ပါ။ အဲဒီလူတွေနေရာမှာ ကိုယ်လို့ မခံစားလို့။ ကိုယ့်အတ္တနဲ့ မယှဉ်ကြည့်လို့။ ဒါမှမဟုတ် ကိုယ် ဘဏ်စာအုပ်လို မဖတ်ဖြစ်လို့။ သင်လက်ခံချင်မှသာ လက်ခံလိုက်ပါ။

 

ကျွန်တော်နဲ့ အဖေ

 

(က)

အဲဒီနေ့က အဖေဟာ ကျွန်တော်နဲ့ အတူ ခြံဝင်းထောင့်က ထိုင်ခုံလေးမှာ ထိုင်နေခဲ့ပါတယ်။ သားအဖနှစ်ယောက် အဲလို ထိုင်နေတုန်းမှာ အိပ်တန်းတက်မယ့် ကျီးကန်းတစ်ကောင်ဟာ အိမ်ခေါင်မိုးရဲ့ တစ်နေရာမှာ လာနားပါတယ်။

“သား .. အဲဒါ ဘာငှက်လဲ”

အဖေက မေးပါတယ်။

“အဖေ .. အဲဒါ ကျီးကန်းလေ”

ကျွန်တော်က အဖေ့မေးခွန်းကို ဖြေပြီးတော့ အဖေက ဒုတိယအကြိမ်ထပ်မေးပါတယ်။

“သား .. အဲဒါ ဘာငှက်လဲ”

“အဖေ .. အဲဒါ ကျီးကန်းပါ”

ကျွန်တော်ဖြေပြီး နည်းနည်းကြာတော့ အဖေက နောက်တစ်ခါ ထပ်မေးပါတယ်။

“သား .. အဲဒါ ဘာငှက်လဲ”

“အာ .. အဖေကို ပြောပြီးပြီလေ .. ကျီးကန်းပါလို့ဆို”

အဲလို ကျွန်တော် စိတ်မရှည်စွာ ဖြေအပြီးမှာတော့ အဖေက ခဏငြိမ်ကျသွားပါတယ်။ အဖေဘာတွေ တွေးနေခဲ့သလဲ မသိ။ ကျွန်တော်ကတော့ အဖေမျက်လုံးတင်မဟုတ် နားပါ မကောင်းတော့တာလားလို့ စဉ်းစားနေမိပါတယ်။ ခဏနေတော့ အဖေ့ဆီက စကားသံ ထွက်လာပြန်တယ်။ ဒီတစ်ခါလည်း သူမေးတာက အတူတူပါ။

“သား .. အဲဒါ ဘာငှက်လဲ”

ကျွန်တော် စိတ်မရှည်တော့။ ဒီလောက်ပြောနေတာကို အဖေ ဘာလို့ များ ထပ်ခါထပ်ခါမေးနေရလဲလို့။

“ကျီးကန်း၊ ကျီးကန်း၊ ကျီးကန်း ….

မှတ်ထားနော် .. အဲဒါ ကျီးကန်းဗျ”

ကျွန်တော့်စကားဆုံးတော့ အဖေဟာ ကျွန်တော်တို့ ထိုင်နေတဲ့ ထိုင်ခုံလေးက ထပြီး တုန်တုန်ရီရီနဲ့ အိမ်ထဲဝင်သွားပါတယ်။ ခဏကြာတော့ အဖေဟာ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ကိုင်ပြီး ကျွန်တော့်ဆီ ပြန်ရောက်လာပါတယ်။ ဒိုင်ယာရီ စာအုပ်ရဲ့ သူလှန်ထားတဲ့ စာမျက်နှာကို ကျွန်တော့်ကို ပေးပြီး ဖတ်ခိုင်းပါတယ်။

အဲဒီစာမျက်နှာ အဟောင်းလေးမှာ အဖေလက်ရေးနဲ့ ရေးထားတာလေးကို ကျွန်တော် ဖတ်ကြည့်လိုက်တော့။

“ဒီနေ့

စကားတတ်ခါစ ကျုပ်သားလေးနဲ့အတူတူ ခြံထောင့်က ထိုင်ခုံလေးမှာ ထိုင်နေတုန်း

ကျီးကန်းတစ်ကောင်ကို မြင်တော့

အဲဒါဘာငှက်လဲလို့ နှစ်ဆယ့်ငါးကြိမ်တိတိ မေးခဲ့ပါတယ်

နှစ်ဆယ့်ငါးကြိမ်လုံးလုံး ကျီးကန်းလို့ ကျုပ် ဖြေခဲ့တယ် ..

သားကို စိတ်မတိုပါဘူး ..သားဟာ ကျုပ်အတွက်တော့ သိပ်ချစ်ဖို့ကောင်းတဲ့

ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်”

 

(ခ)

ကျွန်တော်ဘာသာပြန်ခဲ့ဖူးတဲ့ ခံစားမှုရသပုံပြင်လေး တစ်ပုဒ် ဖြစ်ပါတယ်။ စဉ်းစားကြည့်မိပြန်တော့ ကျွန်တော့်အဖေဟာလည်း ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော် မေးသမျှ စိတ်ရှည်ရှည်ဖြေပေးခဲ့သူပါ။ ကျွန်တော့်အဖေဟာ ဘွဲ့ရပညာတတ်မဟုတ်ခဲ့လေတော့ သူတတ်တဲ့ ကားမောင်းခြင်း၊ ကားပြင်ခြင်း လုပ်ငန်းနဲ့အတူ အသက်မွေးဝမ်းကျောင်းရင်း ကျွန်တော်တို့ မိသားစုကို လူတစ်လုံး၊ သူတစ်လုံး ပညာတတ်တွေ ဖြစ်တဲ့ အထိ သင်ပေးခဲ့ပါတယ်။ အဖေခရီးက ပြန်ရောက်ပြီဆိုတာနဲ့ အဖေဟာ ကျွန်တော်တို့ကို ပုံပြင်ပြောပြပါတယ်။ ညဘက်ဆို ကျွန်တော်တို့ မောင်နှမတွေ အဖေအနားမှာ ဝိုင်းပြီး အဖေပြောတဲ့ ပုံပြင်တွေကို နားထောင်ခဲ့ကြတယ်။ ကျွန်တော်မေးသမျှ အဖေဟာ သူသိတာရော၊ မသိတာပါ အကုန်ဖြေပေးခဲ့တာချည်း။

အသက်လေးအရွယ်ရောက်ပြီး ကျွန်တော် ကွန်ပျူတာတက္ကသိုလ်တက်တော့ မှတ်မိပါသေးတယ်။ အဖေဟာ ခေတ်နဲ့အညီပြောင်းလဲလာတဲ့ ကွန်ပျူတာနည်းပညာတွေကို သိချင်၊ စူးစမ်းချင်တယ်နဲ့ တူပါတယ်။

“ငါ့သား .. တီဗွီလိုဟာကြီးက ဘယ်လိုခေါ်တာလဲ”

“အဖေ .. အဲဒါ မော်နီတာ လို့ ခေါ်တယ်”

“ငါ့သား … အင်တာနက်နဲ့ အီးမေးလ်က ဘာကွာတာလဲကွ”

“မဆိုင်ဘူးလေ အဖေ.. အင်တာနက်ရှိမှ အီးမေးလ်သုံးလို့ရတာ

တီဗွီက အင်တာနာ ရှိရင် မြဝတီကော၊ မြန်မာ့ အသံပါ ကြည့်လို့ ရသလိုပေါ့”

အဖေမေးတာကို ကျွန်တော်ဖြေပေးခဲ့ပေမယ့် နောက်တစ်ခါလည်း အဖေဟာ ကြုံရင် ကြုံသလို ပြန်မေးတတ်ပါတယ်။

“ငါ့သား … အင်တာနက်နဲ့ အီးမေးလ်က ဘာကွာတာလဲကွ”

“အဖေကလည်း မတူပါဘူးဆိုမှ ဗျာ”

“အေး .. ဘယ်လို မတူတာလဲ”

“……………………”

ကျွန်တော် စိတ်မရှည်ဘဲ ထထွက်လာခဲ့မိပါတယ်။

ခုနေ ပြန်စဉ်းစားကြည့်တော့ အဖေ့ကို ကျွန်တော် အားနာလိုက်တာ။ သူအပ်ကြောင်းထပ်အောင် ပြောခဲ့ဖူးတဲ့ တန်ခိုးရှိတဲ့ စားပွဲခင်းပုံပြင်လေးအစား၊ ကားတစ်စင်းကို ဘယ်လို မောင်းတယ်ဆိုတာတွေ အစား၊ အင်ဂျင်တစ်လုံးဘယ်လို အလုပ်လုပ်တယ်ဆိုတာတွေ အစား၊ အင်တာနက်နဲ့ အီးမေးလ်ဘယ်လိုကွာသလဲ အဖေနားလည်အောင် ရှင်းပြဖို့ ကျွန်တော် ကြိုးစားရပါဦးမယ်။

 

ရင်နင့်အောင်

13 comments

  • garuda

    February 23, 2013 at 12:33 pm

    ပုံပြင်တွေကတော့ သိပြီးသားတွေပါ… တူမောင့်အတွေးလေးတွေကောင်းပါတယ်…ဖတ်လို့ကောင်း တွေးလို့ကောင်းပါ။ ကျေးဇူးပါ။

  • မောင် ပေ

    February 23, 2013 at 8:48 pm

    ဒီလထုတ် ရယ်စရာ မဂ္ဂဇင်းထဲမှာ ကိုရင့် ဝတ္ထု ကိုတွေ ့ရတယ် ။ အလုပ်ရှုပ်နေလို ့၊ နောက်နေ ့မှ ဖတ်ပြီး ၊ ဒီပို ့စ်မှာ လာမန် ့မယ်ဗျို ့

        • ရင် နင့် အောင်

          February 25, 2013 at 10:50 am

          ဆြာ ဟုတ်ရဲ့လားဗျာ။ ကျွန်တော် သိထားတာ ရယ်စရာမှာ ဒီလ March လ ထုတ်မှာ ကဗျာ ပါတယ်လို့ပဲ သိထားတာဗျ။

          ပြုံးစရာ ဘယ်လထုတ်မှာ ဘာကဗျာ ပါတာလဲ … ကျေးဇူးပြုပြီ ပြောပြပါလား။ ကျွန်တော် မသိလို့။

  • ရဲစည်

    February 25, 2013 at 4:58 am

    ဟိုက်ရှာလပတ်ရည် ….
    စုံချီ ဆန်ချီ ၁ရမိနစ်ကြာအောင် ဖတ်ရသဗျ …။
    ကြိုက်ရွေးအဖွဲ့ကြီး မြင်စေချင်ကြောင်း
    သတိထားစေလိုကြောင်း…။
    နောက်ပီး ………………….။
    ရသနဲ့ သုတ ဘယ်လမ်းမှ မလွတ်လို့ ဖတ်သွား ကူးသွား ဆုတောင်းပေးသွားယုံကလွဲလို့ …. ဒိထက် မတတ်နိူင်ပါဗျာ ..

    • ရင် နင့် အောင်

      February 25, 2013 at 9:39 am

      အပိုင်းခွဲပြီး အစက တင်မလို့ပါ။ အကြာကြီး ဖတ်ရတဲ့ အတွက် ဆောရီးပါ။ တစ်ဆက်တည်း ဖတ်ရှုခံစားသွားပေးလို့ ကျေးဇူးပါ။

  • ခိုင်ဇာ

    February 25, 2013 at 8:02 am

    ဖတ်ဖူးတဲ့ အကြောင်းအရာ အများစုကိုပဲ ခေါင်းစဉ်လေးတွေခွဲ စဉ် ပြီးရေးသွားတာ။
    ဒီနေ့အဖို့ ပထမဆုံးဖတ်လိုက်ရတဲ့စာပါ။
    တော်တော်ကြိုက်ပါတယ်။
    ရေးချင် ဆွေးနွေးချင်တာတွေလည်းအများတာတွေလည်းအများကြီးပဲ။ ပြီးမှပြန်လာမယ်နော်။
    တစ်ခုလောက်ပဲ ပြောချင်လို့။ (ဆရာလုပ်တာမဟုတ်ဘူးနော်)။
    “ကျွန်တော်နဲ့ ……….. ” စတဲ့ ခေါင်းစဉ်လေးတွေကို နဲနဲ သိသာအောင် လုပ်နိုင်ရင် ဖတ်ရတာ ပို အဆင်ပြေမလားလို့ပါဗျာ။
    :hee:

  • Mr. MarGa

    February 25, 2013 at 11:11 am

    ဒီပို့စ်ကို နှစ်ရက် ဖတ်လိုက်ရတယ် :mrgreen:
    ဖတ်ရင်းနဲ့ အချိန်ပြည့်လို့ လိုင်းပိတ်သွားတာ အဟိ
    ထပ်ဆင့်တွေးတာဟာ
    တစ်ခါတစ်လေမှာ ကောင်းပေမယ့်
    တစ်ခါတစ်လေမှာ သိပ်တော့ မကောင်း သလို လို

  • လူကလေး

    February 25, 2013 at 1:52 pm

    ဖတ်ရင်းဖတ်ရင်းနဲ့.. ဒီ post ရဲ့ scroll bar အတုံးလေးကို သတိထားပြီးကြည့်လိုက်မိပါတယ်..

    အတုံးလေးက သေးသေးလေးဆိုတော့ .. အင်းတော်တော် ရှည်မယ့်ပုံပဲ ဆိုပြီး စိတ်ကိုဆွဲဆန့်လို့ ဖတ်လိုက်တာ .. ပြီးသွားပါရဲ့ဗျာ..

    ဆက်စပ်တွေးတတ်တဲ့နေရာလေးတွေ တော်တယ်လို့.. နင့်နင့် .ကိုမြင်ပါတယ်.. အော် ..စာရေးလဲ ကောင်းတယ်လို့ရယ် .. …

  • kyeemite

    March 1, 2013 at 1:27 pm

    အတွေးကောင်းနဲ့ ရသကောင်းကောင်းလေးပေးတဲ့ပို့စ်တစ်ပုဒ်မို့ကြိုက်ပါတယ်ဗျာ…

  • ကိုရင်နင့်အောင် ရေ …

    ဖေဖော်ဝါရီအတွက် မန်းဂဇက်ချစ်သူများ စာပေဆု ဇကာတင် စာရင်းမှာ
    အကိုရဲ့ ဒီပို့စ်လေး ပါဝင်ခဲ့ပါတယ်ဗျို့ ….
    ဒါလေး လာ အကြောင်းကြားရင်းနဲ့ …
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
    လာရောက် ဖိတ်ကြားတာပါ ခင်ဗျာ …
    နောက်တော့ အတော် နောက်ကျနေပါပြီ …
    ခွင့်လွှတ်ပါနော့ .. ခွင့်မလွှတ်နိုင်ရင် မြန်မာ တိုက်ဗျာ … :mrgreen:

    ဒု – အတွင်းရေးမှူး
    မဟာအံ

Leave a Reply