အငြိမ်းစားတွေ တကယ်ငြိမ်းပြီလား

manawphyulayMarch 3, 20131min1733

535463_584567368239516_1338235176_n
ခုတစ်လော လူငယ်တွေအတွက်ပဲ ပြောချင်တာတွေ ပြောနေလို့ မဖြစ်သေးဘူး။ လူကြီးတွေကိုလည်း နည်းနည်း ပြောချင်မိတယ်။ လူကြီးဆိုတာမှာ အသက်ကြီးတဲ့ လူကြီးပိုင်းတွေထက် အသက်ပြည့်လို့ ပင်စင် ယူလိုက် သူတွေ၊ နောက် သက်ပြည့်မဟုတ်ပဲ ကျန်းမာရေးအခြေအနေကြောင့် ဆေးပင်စင် ယူလိုက်သူတွေအတွက် အဓိက ထားပြောချင်တာပေါ့လေ။ ဒီလိုပြောလို့လည်း မနောက လူကြီးပိုင်းရောက်နေလို့ စောဒက တက်တာလား ဒါမှမဟုတ် လူကြီးကို ဆရာလုပ်တာလားဆိုတာလည်း မဟုတ်ပြန်ပါဘူး။ တွေ့တာ မြင်တာ သိတာလေးတွေ မျှဝေချင်လို့ စကားဦးသန်းရခြင်း ဖြစ်ပါတယ်။
အင်း တစ်ချို့က အသက်ကြီးလို့ ငါ ပင်စင်ယူလိုက်ရပြီ ငါ ဘာမှမလုပ်နိုင် မကိုင်နိုင်တော့ဘူးဆိုတဲ့ စိတ်အတွင်းကို တွေးမိတတ်ကြပါတယ်။ အဲဒီလိုတွေးလိုက်တာနဲ့ စိတ်ကျရောဂါဆိုတာ အလိုလို ရင်ထဲကို ဝင်ရောက်လာပါတော့တယ်။ အိမ်မှာဆိုလည်း အိမ်မှာအလျောက် လူပိုကြီးလို ဖြစ်နေတတ်ကြပြန်ပါတယ်။ နောက်တစ်ချက်မိသားစုနဲ့ သားတွေ သမီးတွေနဲ့ နေတဲ့ပင်စင်စားတွေဆို ပိုဆိုးသေးတယ်။ အိမ်က အမျိုးသမီးက မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ “တော် မထသေးဘူးလား။ အလုပ်မရှိဘူးဆိုပြီး အပျင်းထူမနေနဲ့၊ တော့်သမီးတောင် အလုပ်သွားပြီတို့”၊ ဆိုင်ဖွင့်တဲ့သူတွေကျတော့ “တော့်သားတောင် ဆိုင်သွားဖွင့်နေပြီ” ဆိုတဲ့ အသံဗလံတွေကို မနက်မိုးလင်းတာနဲ့ စတင်ကြားရပါတော့တယ်။ ဟုတ်တယ်မလား။ မနောက သိပ်သိတာမဟုတ်ဘူး။ ဖြစ်နိုင်တာတွေကို ပြောကြည့်တာ။ ပင်စင် စနားချိန်ကတော့ ငါ အနှစ် ၆ဝ တောင် အလုပ်လုပ်တာ ခုတော့ အေးအေးဆေးဆေး နားရတော့မှာပါလားလို့လည်း တွေးကောင်း တွေးကြပါလိမ့်မယ်။ နှစ် ၆ဝ ဆိုတဲ့အားက သေးတာမဟုတ်ဘူး။ ကိုယ်ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ဒီတိုင်း အေးအေးဆေးဆေး နားပြီး နေနိုင်မယ်လို့ သင် ထင်နေသလား။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ အရွယ်ရောက်လာတာနဲ့ အလုပ်နဲ့ လက်မပျက်အောင် လုပ်နေသူတစ်ယောက်အတွက် ကျန်ရှိနေတဲ့အချိန်တွေ ကို ဒီတိုင်းဖြတ်သန်းဖို့ဆိုတာ နေနိုင်မယ် မထင်လို့ပါပဲ။ အတော်ခဲယဉ်းပါတယ်။ ဒီလို ပင်စင်စားတွေ မပြောနဲ့ ခုလက်ရှိမှာ အလုပ်လုပ်နေတဲ့ မနောတောင် တစ်ပတ်လောက် နေမကောင်းဖြစ်ကြည့် အလုပ်မလုပ်ရတော့ နေမထိ ထိုင်မသာ ဖြစ်မိပါတယ်။ မနော ကြုံဖူးတဲ့ အန်ကယ်ကြီးတစ်ယောက်ဆိုရင် သူက ပင်စင်ယူလိုက်တာ မကြာသေးတော့ မနက်မိုးလင်းရင် အိမ်က ထွက်နေကြအတိုင်း ထွက်ရမှ ကျေနပ်တတ်သူတစ်ဦးပါပဲ။ ဒီတော့ သူက အလုပ်ကလည်းမရှိဆိုတော့ ၁၉၉၈ – ၉၉ လောက်က အရင်လုပ်ခဲ့တဲ့ ကွန်ပျူတာ သင်တန်းကျောင်းမှာ သူဌေးရဲ့ သူငယ်ချင်းဖြစ်နေတော့ မနက်မိုးလင်းတာနဲ့ ကျောင်းကို အဲဒီအချိန်လောက်က ပါဂျဲဒိုးကားက လူတိုင်းစီးနိုင်တာမဟုတ်ဘူး။ သူက ပါဂျဲဒိုးကားကြီးနဲ့ ကျောင်းရှေ့ကားရပ်လိုက်တာနဲ့ ဆင်းလာ သူနောက်က ကားမောင်းပေးတဲ့သူက သူ့ရဲ့ လက်ကိုင်အိတ်အကြီးကြီးကို သယ်လာပေးတယ်။ အဲဒီအန်ကယ်ကြီးက စာသင်ခန်းထဲရောက်ရင် ရှေ့ဆုံးခုံမှာ ဝင်ထိုင်တယ်။ ရှေ့ဆုံးခုံထိုင်ပြီး မျက်မှန်တပ်ထားတဲ့အပြင် မတ်တတ် ထရပ်ပြီး စာကူးတာရှိသေးတယ်။ နောက်မှာထိုင်တဲ့ ကျောင်းသားကျောင်းသူတွေက ခေါင်းကို ဘယ်ယိမ်း ညာယိမ်း လုပ်ပြီး လိုက်ကြည့်နေကြရတာပေါ့။ နောက် အိတ်လာပို့တဲ့ သူ့ကားမောင်းပေးသူကို လက်ထဲက ကိုင်လာတဲ့ ပိုက်ဆံအိတ်ကြီးထဲကနေ ၅၀ဝ ကျပ်တန်တစ်ရွက် ထုတ်ပေးတယ်။ ဒါကတော့ နေ့စဉ်နဲ့အမျှနော်။ တစ်ရက် ကျန်တဲ့ဆရာတွေ ဆရာမတွေကတောင် နောက်သေးတယ်။ ကျွန်မကို အိတ်သွားသယ်ပေး လိုက်ပါလားတဲ့။ တစ်နေ့ ၅၀ဝ ကျပ်ရလည်း မဆိုးဘူးတဲ့။ အမယ်လေး မရရင်လည်း နေပါစေ သူ့အိတ်သယ်ပေးလိုက်လို့ အိတ်ပိ သေနေပါဦးမယ်လို့တောင် နောက်လိုက်ပါတယ်။ ကိုယ်ကလည်း လူကောင်က သေးတာကိုး။ ဒါကို ဆရာတွေ ဆရာမတွေက ထပ်ပြီး ပြောပြန်ပါတယ်။ ကလေးပီပီ သွားကြည့်ပါလား အဲဒီအိတ်ကြီးထဲမှာ ဘာတွေပါလဲဆိုတာ သိချင်လို့တဲ့။ ကိုယ်ကလည်း ဘယ်နေပါ့မလဲ။ နောက်ရက်လာတော့ သူ့တပည့်ကို လူတွေကြားထဲမှာ ပိုက်ဆံ ထုတ်ပေးပြီး သူ့အိတ်ကြီးကို ဖွင့်တဲ့အချိန် အနားမှာသွားပြီး ရစ်သီရစ်သီ လုပ်ကြည့်တော့ အိတ်အကြီးကြီးထဲမှာ ဘာတွေများလဲလို့ ပါလာတာတွေက သူ့ရဲ့ တိုက်ပုံအကျႌတစ်ထည်ရယ် (အစိုးရဝန်ထမ်းလုပ်ခဲ့တော့ တိုက်ပုံက အမြဲသယ်တယ်လေ)၊ ကျောင်းက ပေးတဲ့ စာရွက်စာတမ်းစာအုပ်ရယ်ပဲ ပါလာတာတွေ့ရတယ်။ အမယ်လေး အတော်များ လေးနေလားလို့တောင် ထင်မိတာ မှားသွားတယ်လေ။ နောက်ရက်ရောက်တော့ သူ့သားသမီးတွေ လိုက်လာပြီး ဆရာတွေ ဆရာမတွေကို ဘယ်နှယောက်ရှိသလဲ သူတို့ ဒံပေါက်ဝယ် ကျွေးချင်လို့ပါတဲ့ သူ့အဖေက ပင်စင်ယူထားတာ မကြာသေးတော့ ဒီလိုပဲ သွားနေမှ စိတ်ချမ်းသာတာဆိုတော့ ဒီကို ဒုက္ခပေးသလိုများ ဖြစ်နေပြီလားဆိုပြီး ပြောပါတော့တယ်။ အားနာလို့ ဝယ်ကျွေးတာ ဖြစ်မယ်ထင်ပါတယ်။ အနှစ် ၆ဝ ရဲ့ အကျင့်က ချက်ချင်းကြီး တော့ ဘယ်ပြင်လို့ရမလဲနော်။ ကိုယ်လည်း အသက်မကြီးသေးပေမယ့် ကိုယ်ချင်းစာ ကြည့်မိတာပါ။
ဒီလိုလူမျိုးတွေ ဘယ်လောက်တောင်ရှိနေသလဲဆိုတာ စဉ်းစားကြည့်မိတာပေါ့လေ။ တချို့ကျပြန်တော့ အိမ်မှာနေရင် ပျင်းလို့ဆိုပြီး အိမ်လည်ပြီး သူ့များအကြောင်းကြားလာတာကို ဖောက်သည်ချတဲ့သူတွေလည်း ရှိသေးရဲ့။ ဒီ့ပြင် ဘာမှလုပ်စရာမရှိလို့ အကြောင်းပြပြီး ငွေကုန် အချိန်ကုန်ခံပြီး အရည်မရ အဖတ်မရ နှစ်လုံး၊ သုံးလုံး ထီလည်း ကံစမ်းနေကြတာတွေလည်း အတော်များများ ရှိနေမှာပါ။ ပိုက်ဆံမရှိရင်လည်း ချေးငှားပြီး ပင်စင်ထုတ်ရင် ပြန်ပေးမယ်ပြောတဲ့သူတွေလည်း ဒုနဲ့ဒေးပဲ။ ကိုယ့်မှာက ကျောထောက်နောက်ခံက မရှိ၊ ပင်စင်စာအုပ်ကို ပေါင်ပြီး နှစ်လုံး၊ သုံးလုံး လုပ်တဲ့သူတွေလည်း ရှိပြန်သေးတယ်။ တချို့ကျပြန်တော့ စားဝတ်နေရေး အဆင်မပြေတော့ အငြိမ်းစားယူထားလည်း ဒီပြင် အလုပ်ပြန်ဝင်လုပ်ကြသူတွေလည်း ရှိပါသေးတယ်။ အများအားဖြင့်က လုပ်လာတဲ့ အလုပ်ပေါ်မူတည်ပြီး ဥပမာ ဘဏ်မှာ နှစ်ရှည်လများ လုပ်လာသူက အငြိမ်းစားလည်း ယူပြီးရော ဘဏ်သင်တန်းလေးတွေမှာ နည်းပြပြန်လုပ်သူနဲ့ အသိထဲမှာဆို အပြာဝတ်နဲ့ သူနာပြုလုပ်လာတာ အလုပ်လည်း နားရော သူနာပြုသင်တန်းလေးတွေ ဆရာဖြစ် ပြန်ဝင် လုပ်ကြတာကို တွေ့ရှိရပါတယ်။ အရွယ်သုံးပါးမှာ ပထမအရွယ်က ပညာရှာ၊ ဒုတိယအရွယ်က စီးပွားရှာ ဆိုတော့ ခု အငြိမ်းစားယူလိုက်တဲ့အချိန်ကျတော့ တတိယအချိန်ဖြစ်နေပြီလေ… ဒီတော့ တရားရှာတဲ့ဘက်ကို ပိုပြီး အာရုံစိုက်ဖို့ လိုလာပြီလို့ ထင်မြင်မိပါတယ်။ ဘဝမှာ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း လူသားတိုင်း ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့ အငြိမ်းစားတွေ ငြိမ်းပြီလားလို့ မေးစရာရှိလာပါတယ်။ အမှန်တကယ်တော့ ဘယ်သူမှ မငြိမ်းနိုင်ကြသေးဘူးလို့ ထင်ပါတယ်။ အလုပ်ကသာ နားလိုက်ရတယ်။ အိမ်မှာ လူပိုလို့ ခံစားရသလို အရင်ဆုံး ဖြစ်မိတတ်ကြလို့ အအားမနေပဲ မြေးတွေကို ကျောင်းပို့ ကျောင်းကြိုလုပ်တဲ့သူတွေလည်း ရှိနေတယ် မဟုတ်လား။ အမှန်တကယ် ငြိမ်းချမ်းဖို့အတွက် ဘာတွေလုပ်ကြမလဲ အရင်ဆုံး စဉ်းစားဖို့ လိုလာပါပြီ။
ဒီတော့ ခြံနဲ့ ဝင်းနဲ့ နေသူတွေအတွက်ကျတော့ အပင်စိုက်ပါလို့ ပြောချင်ပါတယ်။ မနက်စောစော ထပြီး လမ်းလျှောက်မယ် နောက် ခြံထဲမှာ သီးပင်စားပင်လေးတွေနဲ့ ဝါသနာပါရာ အပင်လေးတွေ ရေလောင်းပေါင်းသင်မယ်ဆိုရင် စိတ်ကို ပိုမိုကျန်းမာစေတဲ့အပြင် အေးချမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီတော့ ပြောစရာရှိလာပါပြီ ခြံနဲ့မနေပဲ တိုက်ခန်းနဲ့နေတဲ့သူတွေကျတော့ကော သူတို့လည်း မနက်စောစော လမ်းလျှောက်လို့ရသလို ပန်းအိုးလေးတွေနဲ့ အိမ်ရဲ့ဝရံတာမှာ ပန်းပင်စိုက်လို့ရပါတယ်။ အားလုံးအတွက် ဒီနည်းတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တစ်လတစ်ခါလောက် ရိပ်သာဝင်မယ်။ ရိပ်သာဝင်ပြီး အတင်း ပြောခိုင်းတာ မဟုတ်ပါဘူး။ တရားထိုင်မယ်။ အာနာပါနရှူမယ်ဆိုရင် စိတ်ရဲ့ အမှန်တကယ် ငြိမ်းချမ်းမှုကို ရှာတွေ့ကြမယ်လို့ ထင်မြင်မိပါတယ်။ ရိပ်သာက ပြန်လာတော့လည်း အိမ်မှာ မိသားစုများတဲ့သူတွေအတွက် နေ့လည် နေ့ခင်းတွေမှာ တရားထိုင်သင့်ပါတယ်။ နေ့လည်ဆိုတော့ ထမင်းစားပြီး သွေးတက်ချိန်ဖြစ်တဲ့အပြင် ပူလောင်ရတဲ့ကြားထဲ ဘယ်တရားက မှတ်နိုင်မှာလဲ ပြောချင်လည်း ပြောကြမှာပေါ့လေ…. အိမ်မှာ မိသားစုတွေက အလုပ်တွေသွားနေချိန်ဖြစ်တဲ့အတွက် လူရှင်းတဲ့အချိန်ကို ပြောရခြင်းသာ ဖြစ်ပါတယ်။ တချို့ကျတော့လည်း နေ့လည်က တစ်ရေးတစ်မော အိပ်ချိန်လုပ်လို့ ရပါတယ်။ နောက်တစ်ချက်က တီဗီက လာတဲ့ ဇာတ်ကားတွေကို တတ်နိုင်သလောက် မကြည့်ပဲ စာဖတ်စေချင်ပါတယ်။ စာဖတ်ခြင်းဟာလည်း အသိပညာများ ပိုမိုတိုးတက်ပြီး စိတ်ဓာတ်ကျဆင်းခြင်းမှလည်း ကင်းဝေးပါတယ်လို့ ပြောချင်ပါတယ်။ တီဗီက လာတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက လူတွေရဲ့စိတ်ကို လောဘ၊ ဒေါသ၊ မောဟတွေ အများဆုံး ပေးစွမ်းနိုင်လို့ပါပဲ။
ဒါတွေပြောနေမိလို့လည်း အသက်ဖြင့် မကြီးသေးဘူး။ လူကြီးတွေကို ဆရာလုပ်တယ်လို့ မသတ်မှတ်ပဲ သက်ငယ်စကား သက်ကြီးကြားဆိုတဲ့ ထုံး နှလုံးမူပြီး ဗုဒ္ဓဘုရား ဟောကြားထားခဲ့တဲ့ သင် ဘယ်လှမ်းကို လျှောက်မလဲ… ကံလမ်းကို လျှောက်မလား၊ ဉာဏ်လမ်းကို လျှောက်မလား စဉ်းစားတွေးတောပြီး အငြိမ်းစား ဆိုတာ ရင်ထဲက တကယ်ငြိမ်းချမ်းမှု ရှိမှ အငြိမ်းစားဆိုတဲ့ ဂုဏ်ထူးနဲ့ ထိုက်တန်မှာ ဖြစ်တဲ့အတွက် သိတာလေး တွေ၊ မြင်တာလေးတွေ၊ ကြားတာလေးတွေကို မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။ လူသားအားလုံး စိတ်ရဲ့ ငြိမ်းချမ်းရာ အမှန် ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ရပါတယ်ရှင်။

မနောဖြူလေး
၆.၂.၂၀၁၃

3 comments

  • ဦးကြောင်ကြီး

    March 4, 2013 at 9:53 am

    ဘာဝနာအလုပ်ကတော့ အလေ့အကျင့် ရှိမထားရင် အသက်ကြီးတဲ့အခါ လုပ်ရခက်ပါတယ်၊ ကျပ်တို့သဂျီးသာ ဥပမာကြည့်ပေတော့… ငယ်စဉ်မှာထဲက ကိုယ့်လူတွေ တခုခုကို စဉ်းစားထားသင့်တယ်၊ ကိုယ်ပိုင်အလုပ်ဆို ကြိုက်တဲ့အချိန်မှ အနားယူနိုင်လို့ သာမန်အားဖြင့် ဝန်ထမ်းလုပ်သူထက် ဆယ်နှစ်လောက် ပိုလုပ်နိုင်တယ်။ အစထဲက မဟုတ်တောင် လူလတ်ပိုင်း အရွယ်လောက်မှာ (ဥပမာ – ဦးကျောက်ခဲ) အိမ်ထောင်သားမွေး စဉ်းစားတာထက် ပင်စင်သွားရင် ဘယ်လိုနေမလဲ ပြင်ဆင်သင့်တယ်။ ကမ္မဌာန်း စိတ်မဝင်စားရင် ကိုယ်လက်လှုပ်ရှားမှုပါတဲ့ ဥပမာ – ခရီးထွက်တာမျိုး၊ သုတေသန ပြုလုပ်တာမျိုး၊ တတ်နိုင်သူဆို ဖောင်ဒေးရှင်းတခုခု ထောင်ထားတာမျိုး.. သက်ဆိုင်ရာ ပရဟိတလုပ်ငန်း တရားရိပ်သာ ဘုန်းကြီးကျောင်းတွေမှာ တက်တက်ကြွကြွ ဂေါပကလုပ်ပေးတာလည်း ရတာပဲ။ တခုရှိတာ အစောကထဲက မြှုပ်နှံထားရမယ်၊ ဒါမှ လူရှိန်မယ် ဩဇာညောင်းမယ် အကျိုးရှိမယ်။ ရည်မှန်းချက် ပန်းတိုင်ကို မြင့်မြင့်ထားရမယ်… အဖွဲ့အစည်း စကားနဲ့ပြောရင်တော့ မစ်ရှင်ပေါ့ဗျာ။ ဝန်ထမ်းဘဝ စာရေးဂျီးဖြစ်ပစေအုံး မြို့ပတ်လမ်းတလျောက် သစ်ပင်တထောင် ရအောင်စိုက်မယ် ဆိုတာမျိုး၊ မရောက်ဖူးတဲ့ ဒေသမရှိအောင် ခရီးသွားတာမျိုး ကြိုးပမ်းသင့်တယ်။

  • Foreign Resident

    March 4, 2013 at 11:25 am

    မနောဖြူလေး ကတောင် ပြောလာပြီ ဆိုတော့ ၊
    ကြို ပြင် အုန်းမှပါပဲလေ ။

  • ခိုင်ဇာ

    March 4, 2013 at 3:21 pm

    အငြိမ်းစားတွေမှ မဟုတ်ပါဘူး။ တို့နိုင်ငံကြီးမှာ……….
    ခုလောလောဆယ်တော့ ဘယ်နေရာမှ၊ ဘယ်သူမှ ကောင်းကောင်းမွန်မွန်မငြိမ်းချမ်းသေးဘူးထင်ရဲ့။
    🙁

Leave a Reply