ကျွန်တော်သိသော ကဗျာဆရာ တစ်ယောက်အကြောင်း
နိဒါန်း
ကျွန်တော် သူ့ကို သိတာကြာပြီ။ သူ့မှာ ကဗျာတွေ ရှိမှန်းလည်း သိတာကြာပြီ။ ပြီးတော့ အဲဒီကဗျာတွေကို သူရေးထားမှန်းလည်း သိတာလည်း ကြာပြီ။ ဟုတ်တယ်။ ကျွန်တော် ဒီအကြောင်းကို အဲဒီက စပြီး နိဒါန်းပျိုးဖို့လိုအပ်လို့ မဟုတ်ဘဲ ပျိုးချင်လို့ကို ပျိုးလိုက်တယ်။ (ဘယ်သူ ဘာပြောပြော)
(A)
တိမ်တွေ ထူထပ်တဲ့ တစ်နေ့က သူ ကျွန်တော့်ဆီ ရောက်လာတယ်။ ရောက်လာမယ့် အကြောင်းလည်း ကျွန်တော့်ကို ကြိုတင်လို့ အကြောင်းကြားလာတယ်။ ကျွန်တော်နဲ့ သူတွေ့ချင်တယ်ပေါ့။ ဘာဘာညာညာ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ သူဟာ တိမ်တွေကို သယ်လာပြီး ကျွန်တော်ရွာဆိုမှ ရွာပေးမယ့်လူမှန်း ကျွန်တော် သိခဲ့တယ်။ တွေ့တွေ့ချင်း ကျွန်တော်တို့နှစ်ယောက် သီချင်းတွေ နားထောင်ကြတယ်။ လေးဖြူ၊ မျိုးကြီး၊ အငဲ အစုံပဲ။ ပြီးတော့လည်း ဘာမှ မဟုတ်ဘူး။ သူက အန်တယ်။ သူနေမကောင်းဖြစ်ပြန်တယ်။ နောက်ပိုင်းမှာလည်း သူခဏတိုင်း နေမကောင်းဖြစ်ပြန်တယ်။ သူဟာ ကျန်းမရေးမကောင်းတဲ့သူ။
(က)
ကျွန်တော်တို့နှစ်ယောက် တောထဲသွားတယ်။ မြို့ပေါ်တက်တယ်။ စစ်မြေပြင်အထိ အတူတူ ချီတက်ခဲ့ကြဖူးတယ်။ သူက ဘယ်နေရာ ရောက်ရောက် ကဗျာ အကြောင်းပဲ ပြောတယ်။ ကျွန်တော်က ရောက်လေရာမှာ တွေ့တဲ့ သူ စိတ်ဝင်စားတာချည်း ပြောတယ်။ အဲဒါကွာခြားနေကြတယ်။ ဒါပေမယ့် အဲဒီ့ကွာဟမှုကပဲ ကျွန်တော်က သူစိတ်ဝင်စားတဲ့ ကဗျာတွေအကြောင်းချည်း ပြောဖြစ်စေခဲ့တယ်။
ခရမ်းပြာထက်လူပါတယ်။ တာရာမင်းဝေပါတယ်။ အောင်ချိမ့်ပါတယ်။ ဆိပ်ကမ်းမြို့အကြောင်းပါတယ်။ မီးတောက်ရစ်သမ်အကြောင်းပါတယ်။ ညီဇံလှ အကြောင်းပါတယ်။ မင်းလုလင်အကြောင်းပါတယ်။ ပြီးတော့ သူနဲ့ ကျွန်တော့်အကြောင်းပါတယ်။ စစ်တွေ အကြောင်းပြောခဲ့ကြတယ်။ ငြိမ်းချမ်းရေးစကား ပြောခဲ့ကြတယ်။ ဘီယာအရက်ကို သူသိပ်မသောက်နိုင်ပေမယ့် နည်းနည်းတော့ သောက်တယ်။ ပြီးတော့ သူမူးတယ်။ ကမာ္ဘကြီးကို တမ်းတပြီး ငိုကြွေးတယ်။ အဲလောက်ပါပဲ။
(B)
မော်နီတာပေါ်က ကဗျာတွေကို သူ့ရင်ဘတ်ထဲ ထည့်ထည့်နေတာ သူ့အတွက် အရမ်းလေးလွန်းလာတယ် ထင်တယ်။ တစ်ခါတလေ သူဟာ ကဗျာ ကိုယ်ဝန် ပျက်ကျတယ်။ ဆေးရုံတက်တယ်။ ဆေးခန်းသွားတယ်။ ဆေးဝါးမှီဝဲတယ်။ ဘဝဆိုတာ ဘာဘာညာညာပြောပြောပြီး သူဟားတိုက်ရယ်မောတယ်။ ကျွန်တော် သရော်ထားတဲ့ အက်ဆေးတွေကို ဖတ်ဖတ်ပြီး လူတွေအားလုံးကို ကျွန်တော့် ဇာတ်ကောင်တွေလိုပဲ ဟားတိုက်လာတတ်တယ်။
သေချာတာက သူဟာ ခွေးတွေကို မမှုဘဲ ကဗျာရွတ်တတ်တဲ့သူ။ ဘုန်းကြီးတွေကို အားမနာဘဲ ကဗျာရွတ်တတ်တဲ့သူ။ အနုပညာကို ဈေးဗန်းထဲ မထည့်ဘဲ ကဗျာရောင်းတဲ့သူ။ သူ့ကဗျာဟာ ငါးမူးတစ်ဆယ်ကနေ၊ တစ်ရာ၊ နှစ်ရာ ပေးဝယ်ကြတော့ သူ့စားဝတ်နေရေး ပြေလည်လာပြီလား။ ကျွန်တော်တို့ အားလုံး စိတ်ပူပေးစရာ သိပ်တော့မလိုအပ်ဘူး။ ကမာ္ဘကြီးကို ထမ်းပြီး ကမာ္ဘ့ စီးပွားရေးကျဆင်းမှု ဇယားထဲမှာ သူဟာ သိပ်တော့ တုန်လှုပ်နေဟန်မတူ။
(ခ)
မှတ်မှတ်ရရပါပဲ။ အဲဒီနေ့က ဆောင်းတွင်းကြီး မိုးတွေ ရွာတယ်။ “ကမာ္ဘကြီးက ၂၀၁၂ မှာ ပျက်တော့မယ်တဲ့ ဗိုလ်နင့်ရဲ့” သူပြောပြီး ကေတီဗွီက ကောင်မလေးကို သူနမ်းတယ်။ အဲဒီနေ့က သူ့ကဗျာနဲ့ ကျွန်တော့်ကဗျာတွေ လည်း ရောထွေး။ သူ့ဆန္ဒနဲ့ ကျွန်တော့် အတ္တတွေလည်း ရောထွေး။ ပြီးတော့ ငိုသံကြီးနဲ့ ကျွန်တော်ဆိုရမယ့် သီချင်းတစ်ပုဒ်လည်း မပြီးဆုံးဖြစ်လိုက်ဘူး။ ပြီးတော့ နှစ်ယောက်ပေါင်း ရွတ်ရမယ့် ကဗျာတစ်ပုဒ်လည်း အဲဒီနေ့က ပျောက်ဆုံးလို့။
“ဘဝဆိုတာ ဘာဘာညာညာပါ ဗိုလ်နင့်ရာ”
“ဟုတ်တယ် ဘာဘာညာညာထက် မပိုဘူး ဘဝဆိုတာ”
“ပြီးတော့ ခင်ဗျား ရေးနေတဲ့ သောက်တလွဲ ကဗျာတွေကိုလည်း ခုချက်ခြင်း ရပ်သင့်ပြီ”
ကျွန်တော်တို့ လမ်းမပေါ် ခြေချပြီး သူ့အပြန်လမ်းနဲ့ ကိုယ့်အပြန်လမ်း ဝေဝေဝါးဝါး ရွေးချယ်မိလိုက်ကြတယ်။
(C)
သူနဲ့ ကျွန်တော် အယ်ဒီတာတွေအကြောင်း၊ မဂ္ဂဇင်းတိုက်များရဲ့ စာမူရွေးခြယ်တဲ့ မူတွေအကြောင်း၊ တစ်ချို့ကဗျာဆရာကြီးတွေရဲ့ ကဗျာရေးကြတဲ့ ဟန်တွေအကြောင်း၊ အနုပညာအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ မန်ယူဘောလုံးအသင်းအကြောင်း၊ ဘိလိယက်အကြောင်း၊ Play Station ဂိမ်းအကြောင်း၊ ရန်ကုန်က ညဘက်ဖွင့်တဲ့ ကလပ်တွေအကြောင်း၊ ဘက်စ်ကားတွေအကြောင်း၊ .. အကြောင်း အကြောင်းပေါင်းများစွာ ပြောပြီး ကျွန်တော်တို့ ရိုးအီလာတယ်။
“ကမာ္ဘကြီးက ရွာဆို ကဗျာဆရာဟာ ရွာပြင်ထုတ်ခံလိုက်ရတဲ့ နူနာရောဂါသည် တစ်ယောက်ပဲ”
သူပြောတော့ ကျွန်တော်က ငြင်းချင်တယ်။ ဒါပေမယ့် ကျွန်တော် မငြင်းဖြစ်လိုက်ပါဘူး။ ကဗျာဆရာတစ်ယောက်ရဲ့ ခံပြင်းမှု အနာတရဟာ ကမာ္ဘကြီးရဲ့ ငြိမ်းချမ်းရေး စာချုပ်တစ်ခုပေါ်က လက်မှတ်လောက် အရေးမပါဘူးဆိုတာ ကျွန်တော် သိနှင့်နေခဲ့တယ်။ ဒါပေမယ့် ကဗျာဆရာရဲ့ ရေးခဲ့သမျှ ကဗျာတွေပေါ်က မှင်တွေဟာ အဲဒီ လက်မှတ် ဖြစ်ပေါ်လာဖို့ချည်းပဲ ဆိုတာတော့ တော်တော်များများ မေ့ထားလို့ နေခဲ့သလား။
(ဂ)
“အဲဒီ ပန်းတွေ ဘာလို့ ပွင့်တယ် ထင်လဲ ဗိုလ်နင့်ရဲ့”
ပန်းဆိုတာ သဘာဝအတိုင်းပွင့်တာပါ။ ဘာလို့မှ မဟုတ်ဘူး။ လောကကြီးကို လှပစေချင်တဲ့ ဆန္ဒနဲ့ ပွင့်တာလည်း မဟုတ်ဘူးရယ်။ သူ့အလိုလို ပွင့်ချိန်တန်လို့ ပွင့်တာပါ။ ဒါပေမယ့် သဘာဝအတိုင်း ဖြစ်နေတာ မှန်သမျှ ကောင်းဖို့ချည်းပဲဆိုတာတော့ ကျွန်တော့်စိတ်ထဲ ကျွန်တော် ယုံကြည်နေခဲ့တာ သူသိခဲ့မလား။ တစ်ချို့ အတ္တတွေကလည်း သဘာဝအတိုင်းပါပဲ။ တစ်ချို့ မလိုမုန်းထားတွေကလည်း သဘာဝအတိုင်းပါပဲ။ တစ်ချို့ တိုက်ခိုက်မှုတွေကလည်း သဘာဝအတိုင်းပါပဲ။ တစ်ချို့ ရှုံ့ချမှုတွေကလည်း သဘာဝအတိုင်းပါပဲ။
ဘဝမှာ စာမေးပွဲလို့ ထင်ရင်တောင် ကိုယ် အောင်မှတ်လိုမှ ဝင်ဖြေရတာမဟုတ်လား။ သူဟာ တစ်ခါတလေ စာမေးပွဲတွေတိုင်းကို ဝင်ဖြေနေချင်ခဲ့သလား။ ကျွန်တော် သူ့အကြောင်းကို အဲလောက်ထိ မသိသေးတာတော့ ခွင့်လွတ်စေချင်။
(D)
အဲလိုနဲ့ တစ်ရက်က ကျွန်တော်တို့ ကမာ္ဘကြီးကို မေ့ပစ်သင့်တဲ့ အကြောင်းတွေ ပြောဖြစ်ကြတယ်။ အဲဒီ့နေ့က စီးကရက်တွေ ကုန်သွားတယ်။ ချထားတဲ့ လက်ဖက်ရည်တွေ အေးသွားတယ်။ လမ်းပေါ်က ဖြတ်သွားသမျှ လူတွေ အိမ်ပြန်ရောက်ကုန်တယ်။ ကျွန်တော်တို့ အတွေးက ကမာ္ဘကြီးဆီမှာပဲ တဝဲဝဲလည်လို့။
“အနုပညာဆိုတာလည်း ခင်ဗျားပြောတဲ့ ပန်းတွေများလား ဗိုလ်နင့်”
“သူ့အလိုလိုအတိုင်း သဘာဝလျောက် ဖြစ်လာတာတော့ မဟုတ်ဘူး”
ကဗျာဆရာက ရေလောင်းပေါင်းသင်ကောင်းလို့ ပိုလှလာတဲ့ ပန်းပွင့်လေးတွေလား အနုပညာဆိုတာ။ သူ့ကဗျာတွေကို သူဘယ်အချိန်တွေ မှာ ရေလောင်းတတ်သလဲ။ ပေါင်းသင်တတ်သလဲ။ သူ့ကဗျာတွေကို သူဂရုတစိုက်မှ စောင့်ရှောက်ခဲ့ပါရဲ့လား။ ကျွန်တော်သူ့ကို စိတ်ပူလာတယ်။ အဲဒီ့နေ့က ညိုညိုညစ်နေတဲ့ လေထုထဲ ကျွန်တော်တို့ ရှုဖို့ အောက်စီဂျင်တွေ ပါးလျလာတယ်။
နေထိုင်ရာ မြို့ပြထဲ ကားတွေ ပေါများလာတယ်။ လက်ဖဝါးပေါ်က သူရေးထားခဲ့တဲ့ ကဗျာတွေလည်း မှင်တွေ ပါးပျောက်လာတယ်။
“ကျွန်တော် နေလို့ မကောင်းတော့ဘူးဗျာ
ကမာ္ဘကြီးက တစ်နေ့တခြား ပူနွေးလာပြီ ပြန်တော့မယ်” လို့ပြောပြီး ကျွန်တော့်ကိုသူ ကျောခိုင်းသွားတယ်။
(ဃ)
တစ်ရက်မှာ ကျွန်တော်တို့ မြို့ပြကြီး အနည်းငယ် ပျက်ယွင်းစ ပြုလာပြီလို့ သူက ပြောလာတယ်။ အပြောင်းအလဲ အသေးအမွှားလေးကို သူက သတိထားတတ်ကြောင်း ကျွန်တော် သိပြီးခဲ့ပေမယ့် ဒါဟာ အပြောင်းအလဲ သေးသေးလေးမဟုတ်တာတော့ ကျွန်တော် ရိပ်စားမိပါတယ်။ သူမရေးမိဘဲ သူ့အလိုလို ဖြစ်လာတဲ့ ကဗျာ တစ်ပုဒ်ကို သူ့စာအုပ်ထဲ သူက ညှပ်ထားတယ်။ ကျွန်တော် ရေးဖူးတဲ့ ဆောင်းရေခြုံတဲ့ အိပ်မက်ထဲက နွားပညာရှိဖြစ်ချင်ကြောင်း သူက ပြောလာတယ်။
ပြီးတော့လည်း ဘာမှမဟုတ်ဘူး။ သူနေမကောင်းဖြစ်ပြန်တယ်။ သူ့ကိုယ်တွေ နွေးလာတယ်။ ကမာ္ဘလောကကြီး နေကောင်းပါစေလို့ အဲဒီကြားက သူကဗျာရေးပြန်တယ်။ ခရမ်းပြာထက်လူရဲ့ ငါတို့လူငယ်အကြောင်း သူပြောနေပြန်တယ်။ ကျွန်တော် နားထောင်ပြီးတော့ ဘာမှပြန်မပြော ဖြစ်လိုက်တာက လွဲရင် လူငယ်ဆိုတာ လူငယ်ပဲ။ ကဗျာဆရာဆိုတာ ကဗျာဆရာပဲ။ ဘဝဆိုတာလည်း ဘဝပဲ။ ကမာ္ဘကြီးဆိုတာလည်း ကမာ္ဘကြီးပဲ။ ပြီးတော့ သူ့အလိုလိုအတိုင်း ပွင့်လာတဲ့ သူ့စာအုပ်ထဲက ကဗျာတွေကလည်း တစ်ခုခုထက်တော့ မပိုဘူး။ လောကကြီးဟာ မရေမရာတော့ဘူး။
(နိဂုံး)
သူနဲ့ ကျွန်တော် တွေ့လာကြတာ၊ စကားပြောဖြစ်လာတာကြာပြီ။ လူချင်းတော့ အတူတူပါပဲ။ ဒါပေမယ့် မတူတာက သူက ကမာ္ဘကြီးကို ကျန်းမာစေချင်ပြီး သူကိုယ်တိုင် နေမကောင်းဖြစ်ဖြစ်နေတဲ့ ကဗျာဆရာ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင် နေကောင်းဖို့လုပ်ပြီး ကမာ္ဘကြီးကို အဲဒီကျမှ သူဖေါ်ထားတဲ့ဆေးတွေနဲ့ ဆေးကုပေးချင်တဲ့ စာရေးဆရာ။ အဲဒါပဲ။
ဒီအက်ဆေးကို အဲလိုမျိုး ကျွန်တော် နိဂုံးချုပ်သင့်တယ် အထင်နဲ့ ချုပ်လိုက်ရပါတယ်။
ရင်နင့်အောင်
3 comments
kyeemite
March 29, 2013 at 3:23 pm
ကိုယ်က ကဗျာဆရာလည်းမဟုတ်၊ စာရေးဆရာလည်းမဟုတ်..စာဖတ်သူသက်သက်သာ။ ဒါပေမဲ့…
“သူက ကမာ္ဘကြီးကို ကျန်းမာစေချင်ပြီး သူကိုယ်တိုင် နေမကောင်းဖြစ်ဖြစ်နေတဲ့ ကဗျာဆရာ”
ဒီအပိတ်ကလေးက လှပါတယ်ဗျာ…
မောင် ပေ
March 29, 2013 at 7:56 pm
လူချင်းတော့ တူပါရဲ ့
ခံယူချက်ချင်းမတူသော ကဗျာဆရာနဲ ့ပို ့စ်မော်ဒယ် ဆရာပေါ့
ဘာပဲဖြစ်ဖြစ် ကမ်ဘာကြီးအတွက် ရပ်တည်မှာမို ့
ပျော်ဆရာကြီးပါခင်ဗျား
မဟာရာဇာ အံစာတုံး
March 30, 2013 at 7:39 pm
လူအမျိုးမျိုး စိတ်အဖုံဖုံ ဆိုသလိုပေါ့ဗျာ …
သူ ကဗျာ ဆရာ တစ်ယောက် ဖြစ်နေတာ ..
ကဗျာဓါတ်ခံ ပိုများနေလို့ …
ခင်ဗျား စာရေးဆရာ တစ်ယောက် ဖြစ်နေတာ ..
အဲ့ဒီဓါတ်ခံ ပိုများနေလို့ …
ပြန်ပြီး လှည့်တွေးရရင် …
ဒီလို ဘယ်လိုပဲ စိတ်တွေ ကွဲကွဲ
လူကတော့ လူပါပဲ ……..