ဖောင်းရာကပိန် လုံးရာကပြား Shrink
အုပဒေစိုမိုးရေးနဲ့ တီငြိမ်ရေးဥက္ကဌ ဘွားဒေါ်ဂျီး၊ နိုင်ငံဒေါ်သမဒဂျီး၊ ပြည်သူ့လွှတ်တော် အုတ်ကထဂျီး၊ ပြီးတော့ ကာချုပ် အသစ်စက်စက် ဗိုလ်ချုပ်မှူးဂျီး တို့ကိုကြည့်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုမှုကို ကာတွန်းဆွဲချင်စိတ် ပေါ်လာသဗျ၊ (ကာတွန်းဆိုတော့ ကာတွန်းလို ကြည့်ပေါ့ဗျာ) သို့ပေမဲ့ မျဉ်းတကြောင်းဖြောင့်အောင် မဆွဲတတ်တာမို့ ရွာထဲက ကာတွန်းပညာရှင်တွေထံ အကူအညီတောင်းပါတယ်..။
ဒီလိုဗျာ.. ခပ်ရွှင်ရွင် အပျော်အပျက် ကယ်ရီကေးချားပုံတွေနဲ့ ကာတွန်းလုပ်မယ်။
ပုံ (၁) မှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှုနောက်ခံနဲ့ ဘွားဒေါ်ဂျီးက မိန့်ခွန်းခြွေလို့.. ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံနဲ့…. ကိုယ့်ဖက်က ၁၁၀%.. စက်ဝိုင်းဂရပ် (pie chart) တောင်လျှံထွက်လို့ပေါ့။ (စက်ဝိုင်းပုံကို ကာလာအပြည့်ချယ်ယုံမက အပြင်ကိုပါကျော်နေ)။ ဘွားဒေါ်ဂျီးမျက်နှာက စိတ်အားထက်သန်မှုအပြည့်..
ပုံ (၂) ကြတော့ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အပြီးကာလကိုပြ၊ ဘွားဒေါ်ဂျီး ဦးဆောင်ပြီး စာတမ်းတွေထုတ်၊ အစည်းအဝေးတွေနဲ့ ၉ဝခုနှစ် ရွေးကောက်ပွဲရလဒ် လိုက်နာပြီး အာဏာလွှဲပြောင်းရေး ခေါင်းစည်းအောက်မှာ… စက်ဝိုင်းကို ကာလာအပြည့်ချယ်ထား ၁၀၀%။ အကျယ်ချုပ်ဘဝနဲ့ ဘွားဒေါ်ဂျီးက လက်ခုပ်တီးနေ…
ပုံ (၃) သည် ၂၀၀ဝခုနှစ်ကာလပိုင်း… ဘွားဒေါ်နဲ့ တပ်ချုပ်ဟောင်းဘဘဂျီးတို့ ကျောပေးထားရင်း နောက်ဖက် ပစ်ထားတဲ့ လက်ကထိနေ၊ ပြည်သူ့လွှတ်တော်ခေါ်ယူရေး၊ အာဏာခွဲဝေရေး တောင်းဆိုလို့…။ စက်ဝန်းမှာ ၅၀%တဝက်စီ အရောင်ခြယ်ထား..။ ဘွားဒေါ်ဂျီး ထီမထင်တဲ့ အမူအယာ…
ပုံ (၄) ရောက်တော့ ယနေ့ ၂၀၁၃ခုနှစ် ဖြစ်သွားပြီ။ ဦးသိန်းစိန် ကမာ္ဘလှည့် ဒေါ်လာထုပ်ပိုက်ပြုံးလို့.. ဦးရွှေမန်း လွှတ်တော်ခန်းမကို ပိုက်ထားတဲ့ပုံနဲ့၊ တပ်ချုပ်မင်းအောင်လှိုင် ရုရှားဒုံးပျံတင်ကားစီးရင်း မျက်မှောင်ကြုတ်ထား၊ ကျုပ်တို့ဘွားဒေါ်ဂျီး ခွပ်ဒေါင်းအလံ ကြွကြွလေးကိုင်ရင်း သူတို့သုံးယောက်ကို မျက်နှာချိုသွေးနေ။ အောက်မှာ သူ့လူတွေက ဖရိုဖရဲ လဲသူလဲ လျှာထွက်သူထွက်…။ စက်ဝန်းမှာ ၂၅%ပဲကျန်တော့..။
8 comments
kyeemite
March 29, 2013 at 1:28 pm
ဖောင်းရာကပိန်
တောင်းတာကစိန်
ရောင်းမှာကကြိမ်
ပေါင်းပါမှငြိမ်
ခေါင်းပါမှလိမ်
ချောင်းမှာကတိမ်
နှောင်းခါမှဂိန် :kwi:
MaMa
March 29, 2013 at 5:01 pm
ကဗျာကဝိပညာရှိရဲ့ပိုစ့်မှာမို့ ကဗျာလက်စွမ်းပြနေတာလား ကိုကြီးမိုက်။
:harr:
ကာတွန်းကိုတော့ မမြင်ယောင်တတ်လို့ ကာတွန်းပုံတက်တော့မှပဲ ကြည့်ပါတော့မယ်ကွယ်။ :kwi:
အရီးခင်လတ်
March 29, 2013 at 8:33 pm
မျှော်တုန်းမျှော်ဆဲ သူလဲရောက်လာ ဆိုရမလိုဘဲ။
၂ရရက်နေ့က (ကျွန်မ အမြင်မှာ) အင်မတန်ကျက်သရေရှိတဲ့ ဓာတ်ပုံကို တွေ့လိုက်ချိန်မှာဘဲ ရှင့်ရဲ့ တင်လာမဲ့ Post ကို မျှော်ခဲ့တာ။
စာထဲမှာဘယ်လိုလာမယ် မှန်းထားပြီးလို့ အဖြေတောင်ကြိုထုတ်ခဲ့ပြီးပေါ့ ကကြောင်ရယ်။ 😉
ကကြောင့် စိတ်ကူး ကာတွန်းပုံကို ပုံဖော်ပြီး သဘောကျမိပါတယ်။
မှန်လဲ မှန်ပါတယ်။
အဲဒီ ပုံမှာဘဲ ကျွန်မကို ထပ်ဖြည့်ခွင့်ပြုပါ။
ကျွန်မ ကတော့ နဲတဲ့ % ဘက်က စပါရစေ။
(၁) ၁၉၈၈ – ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သူလူထု နှင့် စတင် တွေ့ထိစ အချိန် မို့ ပြည်သူလူထု ရဲ့ စိတ်ဓာတ်ကို ၂၅% လောက်ဘဲသိပြီး နေခဲ့တဲ့ အချိန်ပေါ့။
(၂) ၁၉၀ဝ – မြန်မာပြည် က သူ့ကို ထောက်ခံတဲ့ လူထု အကြောင်းကို ၅၀% မြင်သွားချိန်။
(၃) ၂၀၀ဝ – သူဦးဆောင်ရမဲ့သူတွေမှာ စိတ်ဓာတ်က စလို့ဘက်စုံ ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ လိုကြောင်း ၁၀၀% သိခဲ့ချိန်။
(၄) ၂၀၁၃ – သူချစ်တဲ့ ပြည်သူတွေဟာ သူ့တို့ မကြိုက်တဲ့ အာဏာရှင် အစိုးရ ရဲ့ ပုံစံ အတိုင်းဘဲ
Win-Win Situation တစ်ခု ကို ရယူဖို့ မကြိုးစားဘဲ
Lose-Lose Situation ကို ရှေ့ရှုနေတတ်တာ၊
သူ့အင်အားတစ်ခု နဲ့တင် ချော့ဆွဲလို့ မရလောက်အောင် အများရဲ့စိတ်ဓာတ်တွေ ယိုယွင်းနေတာ
ကို ၁၁၀% သိသွားချိန်။
ဒီတော့ လဲ ဖောင်းရာက ပိန်၊ လုံးရာက ပြား ရတော့မပေါ့။
မဟုတ်ရင် ပေါက်ထွက်ကုန်မှ ပိုပြီး ဆိုးသွားမယ်။
အများသိသလိုပါဘဲ။ မြန်မာပြည်သူ လူထု တွေဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အောက်မှာ နေသားကျနေပြီး အပြောင်းအလဲ တစ်ခု မှာ ကိုယ်တိုင်လဲ ရုန်းကန်ဖို့ လိုတာကို မသိတဲ့ အခြေအနေ ရောက်နေတာ။
ဒါကို ဒေါ်အောင်ဆန်းစုကြည် သိလာချိန် သူ့ပန်းတိုင် ရောက်ဖို့ သူ့ကို ထိထိရောက်ရောက် ပံ့ပိုး နိုင်မဲ့ သူတွေ ကိုရှာရမှာ ပါဘဲ။
သူ့ပန်းတိုင် က မြန်မာပြည်မှာ ဒီမိုကရေစီစနစ် တစ်ခု ကောင်းမွန်စွာပေါ်ပေါက်လာရေး ပါ။
ဒီလို ရဖို့ ပြည်သူအားလုံးက တစ်ဦးချင်းစီ တက်တက်ကြွကြွ ပူးပေါင်းရမှာပါ။
မပူးပေါင်းဘဲ ဒီအတိုင်း ထိုင်လိုက်ဖို့ လုပ်နေရင်တော့ သူ့ကို ကူပြီးဆွဲ ပေးရမဲ့သူ လိုလာပါပြီ။
လောလောဆယ် အင်အားရှိသူ တွေ က လက်ရှိအစိုးရကလွဲလို့ မရှိပါ။
လက်ရှိအစိုးရ ထဲမှာ လဲ အမျိုးမျိုးရှိတာ အသေအချာပေါ့။
ဥပမာ ပေးရရင်
ကျွန်မ သူငယ်ချင်းတစ်ယောက် (အထက်မရောက် အောက်မရောက်) လေသံ ကလဲ ဒီလို။
ဟိုးအရင် ဒေါ်အောင်ဆန်းစုကြည် ကို ထိပ်ပိုင်းသူ အရေးမလုပ်ချိန်က အပုတ်ချသလားမမေးနဲ့။
နောက်ပိုင်း သူ့ရဲ့ ကြီးကြီးမာစတာ တွေ ရဲ့ လေသံအတိုင်းသူလဲ ပြောင်းလာတာ ရီစရာဘဲ။
ဒါပေမဲ့ ကျွန်မ မရီရက်ပါဘူး။
ကိုယ်လဲ သူ့နေရာဆို ကိုယ့်ထမင်းအိုး ဘယ်လို အကွဲခံရဲပါ့မလဲ။
ဒါက ပြည်တွင်းက ဟိုမရောက် ဒီမရောက် လူအများစု ရဲ့ အခြေအနေ အတိုင်းပါဘဲ။
အများရောရာ ယိမ်းက နေတဲ့ သူတွေ များပါတယ်။
နောက်တစ်ယောက် ကတော့ နိုင်ငံပြင်ပမှာ အနေကြာနေတဲ့ သူက ပြောတာ။
သူ အိမ်ပြန်တိုင်း သူ့အစ်မ တွေက နင် အတော်ပုံစံပြောင်းလာတယ် လို့ ဝေဖန်သတဲ့။
သူကလဲ သူ့ အစ်မတွေနဲ့ စကားပြောလို့ မရတော့ဘူးလို့ ဆိုတယ်။
သူက လူလူချင်းစာနာရေးတရား ဟောချိန်မှာ သူ့အစ်မတွေ က ငွေရဖို့ကလွဲလို့ ဘာမှ မမြင်တော့သလိုဘဲတဲ့။
ဂုဏ်အတွက် ဥစ္စာအတွက် သာ ရှေ့တန်းထား အပြိုင်အဆိုင်လုပ်နေကြတာ။ အဲလိုမှ မလုပ်နိုင်လျင် ရှက်စရာလို့ ထင်နေတာ။
သူဘဲ စိတ်ဓာတ်ပြောင်းသလား။ သူ့ အစ်မတွေ ဘဲ လောဘအိုးတွေ မာန်တက်သူတွေ ပိုဖြစ်လာသလား။ သူမသိတော့ဘူးတဲ့။
အဲဒီနောက် သူ့မိဘတွေလဲ ဆုံးပါးပြီးရော သူလဲ မြန်မာပြည် မပြန်တော့ဘူး။
အိမ်ပြန်ရင် အမြင်မတော်တာတွေ ကို အငြင်းပွါးနေရတာနဲ့ စိတ်ရှုပ်ခေါင်းရှုပ်လွန်းလို့တဲ့။
ပြောရမယ် ဆို အများကြီးဘဲ ကကြောင်ရေ။
နိုင်ငံပြင်ပမှာ အေးအေးလူလူ နေလို့ရပါရက်နဲ့ ခေါင်းအရှုပ်ခံ၊ စိတ်အရှုပ်ခံ၊ အပင်ပန်းအဆင်းရဲခံပြီး နိုင်ငံ နဲ့ လူမျိုးကို တိုးတက်အောင် ဖြစ်နိုင်သမျှ နည်းလမ်းတွေ နဲ့ လုပ်နေတဲ့ ခေါင်းဆောင် ကို အရောင်ပြောင်း တယ် ဆိုပြီး ဝေဖန်တာလဲ ပြောလို့ ရပါတယ်။
အဲဒီသူ ဆွဲကူ နေရတဲ့ အများပြည်သူလူထု ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာအခြေအနေကိုလဲ ပြန်ပြီး သုံးသပ်ပါဦးလို့ စကောပန်လိုက်ပါတယ်။
ပြည်သူတွေကို အပြစ်တင်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ တစ်ဦးချင်း တစ်ယောက်ချင်း ကိုယ့်အခြေအနေ ပြန်စမ်းစစ်ဖို့ပါ။
😛
kai
March 30, 2013 at 1:30 am
အာဏာရှင်လက်အောက်မှာမှမဟုတ်ပါဘူး.. အရီးတော်ရယ်..။
တိုးတက်ပြောင်းလဲလိုတဲ့.. ကနောင်မင်းသားကြီးတို့.. ဗိုလ်ချုပ်အောင်ဆန်းတို့.. အကုန်လုပ်ကြံခံရပြီးသေကြရတာ..
ကျန်စစ်သားတောင်.. အနော်ရထာက..(ဗေဒင်အရ)နန်းလုမယ့် ကလေးတွေဆိုပြီး.. သတ်ခိုင်းလိုက်တာမှာ.. ကျန်ရစ်လို့တဲ့..။ မောင်ကျန်လေ..။
ကွန်ဆာဗေးတစ်တွေ . အင်မတန်အားကောင်းနေတာမို့ပါ..။
ရှေးကတည်းက.. ေ-ာက်ကျင့်..။ အခုထိရှိတဲ့.. ေ-ာက်ကျင့်..။
ဦးကြောင်ကြီး
March 30, 2013 at 10:58 am
ဒါနဲ့ သဂျီးပေါဒေါ့ အဲဒီ မြန်မာရာဇဝင်တွေ မယုံဗူးဆို… အခု ဘယ်နှယ်ဖြစ်ပျံသဒုံး… လိုတမျိုး မလိုတမျိုး အငြိုးငြိုး .. ပေါဒေါ့ သူ့အပြင် လစ်ဘရယ်ကျသူ မချိဗူး… ရအုံးမယ် ဒမိုကရေစီ… 🙄
နေဝန်းနီ
March 29, 2013 at 8:43 pm
ကိုယ့်မျက်စေ့ရှေ့မှာတင်ခေတ်တစ်ခေတ် ပြောင်းသွားတာ သတိမထားမိလိုက်ဘူး ကိုကြောင် ပြောမှ တွေးစရာတွေများသွားပြီ
kyeemite
March 30, 2013 at 10:55 am
သဂျီးက ကာတွန်းဆြာဂျီးပဲ…
ကိုကြောင်အတွက်ရော..
အရီးခငိလတ်အတွက်ပါ ကာတွန်းဆွဲပြပါဗျို့.. :kwi:
ဦးဦးပါလေရာ
March 31, 2013 at 9:09 am
နိုင်ငံရေးနဲ့ပတ်သက်ရင် ပိုစ့်တိုင်းကို ဝင်မပြောရဲပါဘူး…။
ဒီလိုဖွင့်ပြီးဆွေးနွေးလို့ရတဲ့ပိုစ့် သိပ်မရှိပါဘူး..။
၂၀၁၅ ဟာ ဘွားတော်အတွက်တော့ သိပ် တိုင်မင်မကိုက်လှဘူးထင်တာပဲ။
သူလူကြီးတနေရာရာလုပ်ရရင်- (ဥပမာ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးချုပ် ဆိုတာမျိုး)
တိုင်းပြည်မှာ လုပ်စရာရှိတာတွေ သူ့ခေါင်းပေါ်ကျလာမယ်။
သူကလဲ ပြီးခဲ့တဲ့ သမိုင်းအရ တာဝန်ရှောင်မယ့်လူမျိုးမဟုတ်ဘူး..။
မုန့်ဝေတဲ့အလှည့်တုန်းက ပန်းကုံးစွပ်ခံပြီး ဒုတ်ဝေတဲ့အလှည့်ကျမှ ရူးချင်ယောင်ဆောင်သွားမယ့်လူမျိုးမဟုတ်ဘူး။
ခက်တာက-နိုင်ငံရေးဆိုတာ အဲသလိုလုပ်ရတာ…။
နိုင်ငံရေးဆိုတာ ဂိမ်းတခုလိုပဲ
ကိုယ့်ဇတ်ရုပ်ကို ပါဝါတွေတိုးသထက်တိုး shield တွေ ကောင်းသထက်ကောင်းအောင်လုပ်ရတာ
ဘာကြောင့်လုပ်ရသလဲဆိုတော့ အဲဒါမှ ကိုယ့်ဇတ်ရုပ်က ပွဲအဆင့်ဆင့်ကျော်ဖြတ်ပြီး ပန်းတိုင်ရောက်မှာ။
ကိုယ့်ဇတ်ရုပ် ပါဝါမတက်ချင်နေပစေလို့ သဘောထားလို့ကတော့ လယ်ဗယ်နိမ့်နိမ့်မှာတင် ပွဲသိမ်းသွားလေ့ရှိတယ်။
အေးဗျာ…
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ရှိရင်
ကျုပ်ဒီလောက်မနှမြောပါဘူး..။
(ကျုပ်က သူ့ကိုလဲဒီလောက်ချစ်တာမဟုတ်ပါဘူး။ ကိုယ့်အကျိုး ကိုယ့်သားမြေးအဆက်ဆက်အကျိုးကိုမျှော်တာပါ။ ဒါ ဗြောင်ဝန်ခံတာ..။)
ခက်တာက ကျုပ်တို့နိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်ချက်က သူတစ်ယောက်ပဲရှိတယ်။
သူရှေ့လျှောက်လုပ်ရမယ့်အလုပ်တွေကလဲ တိုင်းပြည်ကို ပြုပြင်ရမယ့်အလုပ်တွေ..။
အမေစုကို သမီးမချစ်တော့ဘူး.. ဆိုတဲ့လူတွေ များသထက်များလာဖို့ပဲရှိတယ်။
ပြီး ….. ငါစွဲ၊ အယူစွဲ၊ ပုဂ္ဂိုလ်စွဲ တွေ အလွန်အကျွံဖြစ်လွန်းတဲ့ဒီနိုင်ငံမှာ သမ္မတဖြစ်ပါပြီတဲ့
လိုအပ်လို့ ဗိုလ်ချုပ်ဆယ်ယောက်လောက် ဝန်ကြီးခန့်ရင်
တစ်တိုင်းပြည်လုံး ဘာဝိုင်းပြောမယ်ထင်လဲ ??
သူကြီး (သူများစကားငှား) ပြောသလို
ကိုယ်နဲ့တန်တဲ့ခေါင်းဆောင်တွေပဲရလာမှာ တကယ်စိုးရိမ်မိတယ်။
စိုးရိမ်လဲအလကားပဲ
အဲဒါ – universal truth !!!
:saut: