ငယ်စဉ်ကကျောင်းသူဘဝ…

maypearlJuly 24, 20101min1010

ဟိုယခင်ကျောင်းသားဘဝတုန်းကအကြောင်းပြန်တွေးကြည့်လျှင် ဘဝရဲ့အပျော်ဆုံးနေ့ရက်တွေက ကျောင်းသားဘဝမှာပဲဆိုတာလူတိုင်းသိကြပါ သည်။  အထက်တန်းကျောင်းသားဘဝတုန်းက ရရှိခဲ့ဖူးသော ဖြူစင်မှုမျိုး ယခုလိုအသက်အရွယ်တွင် တွေ့နိုင်ရန်အလွန်ခက်ခဲပါသည်။ ထိုစဉ်တုန်းက တစ်ယောက်အပေါ်တစ်ယောက်မနာလိုတာမျိုးလဲမရှိ၊ အလွန်ပျော်စရာကောင်းပါသည်။ ကျွန်မတို့ ၁ဝ တန်းတုန်းက တက်သော ကျုရှင်မှာ ဆရာ ၅ ဦး သင်သော သီးသန့်ဝိုင်းလေး၊ ဆရာကြီးက မြန်မာစာသင်ပြသောဆရာ ၊ ဆရာ ၅ယောက်ထဲမှာ ဆရာကြီးကို ကျွန်မတို့ အကြောက်ဆုံး။ ဆရာကြီးက စိတ်တိုပြီဆိုလျှင် ဘယ်တပည့်ကိုမှ ချိုသည်၊ခါးသည်မပြောတော့ ၊ ကျုရှင်ခန်း ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို ပြုံးပြုံး၊ ပြုံးပြုံးနှင့် ခေါက်တုံ့ခေါက် ပြန်လျှောက် သည်။ ထိုအချိန်မျိုးတွင် တပည့်တွေထံမှ အသက်ရှုသံတောင်မကြားရ ၊ကျွန်မတို့ ကလေးတွေ အကုန်လုံး ဆရာကြီး ပြုံးလျှင် အလွန်ကြောက်ဖို့ကောင်းမှန်း သိကြသည်။ နောက်တစ်ယောက်ကတော့ ဘိုင်အိုသင်သောဆရာ ၊ကျွန်မတို့ကိုဘိုင်  အိုသင်သောဆရာက လူမင်းနှင့်တော်တော်တူသည်။ ချောသည် ။ ဆရာနဲ့ ညအထိသင်ရတဲ့ညတွေဆို ကျုရှင်မှာ ဆရာရိုက်မှာစိုးလို့ အိပ်ချင်တာ တောင် မအိပ်ငိုက်ရဲ၊အစွမ်းကုန်ပြူးထားရသည်။ ကျွန်မတို့ဆရာက အလွန်စည်းကမ်းကြီးသည်။ ဆရာစိတ်တိုပြီဆိုလျှင် လက်ဝါးတွေကို မရိုက် တော ့ ။ ခြေထောက်ကို ရိုက်သည်။ ဟိုစဉ်အချိန်က စိတ်ညစ်ခဲ့ရသော်လည်း ယခုပြန်တွေးလျှင် ကြည်နူးရပါသည်။ အလုပ်ခွင်ထဲတွင် ဝင်ရောက်ပြီး ဘဝအတွက် တိုက်ပွဲဝင်နေရသောအချိန်တွင် တစ်ခါတစ်ရံ ကျောင်းသူဘဝက ပျော်စရာလေးတွေကို ပြန်စဉ်းစားပြီး ဘဝရဲ့အမောတွေ ဖြေရသည်။

စာဖတ်သူ မိတ်ဆွေ  သူငယ်ချင်းတို့လည်း လုပ်ငန်းခွင်ကြားမှာ ဘဝအမောတွေကြုံတွေ့ရရင် ငယ်စဉ်က ကျောင်းသူကျောင်းသားဘဝကို ပြန်လည်စဉ်းစားရင်း ဘဝအမောတွေဖြေနိုင်အောင် ရည်ရွယ်ပြီးဖော်ပြပါသည်။