“ကေသာဆံမြ ထုံးနောက်စ”
ဗြူတီပါလာမှာမှ ခေါင်းလျှော်တတ်တဲ့သမီးကို အပြောင်းအလဲလေးဖြစ်သွားအောင် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ မိတ်ဆက်ပေးရပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် နိုင်ငံခြားကလာပြီးပိုက်ဆံတွေ အများကြီးပေးရမှ ကောင်းတယ်ထင်တဲ့ ကလေးကို လွယ်လင့်တကူ ဈေးထဲမှာ တစ်ထုပ်နှစ်ရာနဲ့ဝယ်လို့ရတဲ့သဘာဝသစ်ပင်ထွက် ပစ္စည်းတွေနဲ့ ဆွဲဆောင်နိုင်ဖို့ဆိုတာ သည်အတိုင်းတော့ မရပါဘူး။ သူ့ခမျာတရော်ကင်ပွန်းဆိုတာတောင် ခုမှ ကြားဖူးရှာတာ။ တရော်ဆိုတာက သစ်ကိုင်းကလေးတစ်ထွာတစ်ညိုကိုထုထောင်းယူလိုက်ရင် ပြစ်ချွဲချွဲ အရည်ကလေးတွေထွက်လာရော။ ကင်ပွန်းသီးကတော့ မန်ကျည်းသီးနဲ့ခပ်ဆင်ဆင်၊ လက်နဲ့ဖိချေလိုက်ရင် မန်ကျည်းနှစ်လို အညိုရည်ကလေးတွေ ထွက်လာတယ်။ အဲဒီနှစ်ခုပေါင်းလိုက်တော့ခေါင်းလျှော်လို့ ရသွားရော။ ချေးတွေပြောင်တဲ့အပြင် ဆံပင်မှာလည်း ကင်ပွန်းသီးနံ့ သင်းသင်းကလေးစွဲကျန်ရစ်တယ်။ ဖေတို့ငယ်ငယ်တုန်းက ကိုယ့်အမေခေါင်းလျှော်ထားရင် သူ့ဆံပင်တထွေးကြီးကိုသွားသွားမွှေးတယ်။ သမီးဖွားဖွားဆံပင်တွေက သူ့တံခေါက်ခွက်ကျော်တယ်။ အဲဒါ တရော်ကင်ပွန်းနဲ့ပဲလျှော်တာ။ သေသေခြာခြာခြောက်သွားပြီဆိုမှ ခရေပွင့်ကလေးစိမ်ထားတဲ့ အုန်းဆီမွှေးကလေး နှံ့အောင်လူးပြီးစပယ်ကြက်ရုံးကလေးတွေ ပန်တယ်။ ဓါတ်ပုံထဲမှာ သမီးမြင်ဖူးတဲ့ ဖေတို့ အဘေးကြီး ဆံပင်တွေဆိုလည်းလူတစ်ရပ်ကျော်တယ် မဟုတ်ဘူးလား။ သူတို့ခေတ်တုန်းက သမီးခုသုံးတဲ့ ခေါင်းလျှော်ရည်တွေဘယ်ရှိဦးမှာလဲ။ တရော်ကင်ပွန်းနဲ့ပဲ လျှော်စရာ ရှိတာပေါ့။
ဖေငယ်ငယ်တုန်းကလည်းဖေတို့ တစ်အိမ်လုံး အဲဒါနဲ့ပဲ လျှော်တယ်။ ဆေးကျောင်းတက်မှ ကြီးကြီးကျယ်ကျယ် ကြက်ဥအနှစ်ပါတဲ့ခေါင်းလျှော်ရည်တို့၊ပျားရည်သံပုရာခေါင်းလျှော်ရည်တို့ အဆန်းပေါ်သမျှ လျှောက်ဝယ်ဖြစ်တာ။ နံမယ်တွေ တံဆိပ်တွေဆိုစုံလို့။ သမီးလိုပါပဲ။ ဈေးကြီးလေ ကောင်းလေလို့ ထင်ခဲ့တယ်။ မကောင်းဘူးလို့တော့ မပြောပါဘူး။ကောင်းသားပဲ။ အနံ့ကလေးတွေလည်း အမျိုးမျိုးမွှေးပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ သဘာဝအနံ့နဲ့တော့တူကိုမတူတာ။ ဥပမာပြရရင် ကိုယ့်ဘာသာ ခွဲခြစ်ညှစ်ထားတဲ့ အုန်းနို့နဲ့ သံဗူးကလေးထဲက ဖောက်ယူတဲ့အုန်းနို့ အရသာ ကွာသလိုကွာတယ်။ အဲဒါ အုန်းနို့အရသာ မဟုတ်ဘူးလား ဆိုတော့ ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမယ့် တကယ့်အုန်းနို့အရသာနဲ့တော့ တူကိုမတူတာ။ စက်ရုံအကြီးကြီးကနေ လူတွေအများကြီးသုံးစွဲဖို့ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေမှာ သတ်မှတ်ထားတဲ့ အရည်အသွေး စံချိန်စံနှုန်းတော့ပြည့်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘာသာ စိတ်လိုလက်ရ လုပ်ထားတဲ့ သဘာဝပစ္စည်းတွေနဲ့တော့တူမှာ မဟုတ်ဘူး။ ဗန်ဒါစေ့အဆီနဲ့ ထုတ်လုပ်ထားပါတယ်၊ သခွားရည်နဲ့ စီမံဖော်စပ်ထားပါတယ်၊နို့တောင်မှ ဆိတ်နို့ကလေးနဲ့ ထုတ်တဲ့ ဆပ်ပြာပါဆိုတဲ့ ကုန်ထုပ်လုပ်ငန်းကြီးတွေဟာ တကယ်တော့ဗန်ဒါသီးတွေ၊ သခွားသီးတွေ၊ ဆိတ်နို့တွေ လိုက်ဝယ်နေတာမှ မဟုတ်ပဲ။ သူတို့အတွက် ရေလိုချင်ရင်ဟိုက်ဒရိုဂျင်နှစ်လုံး အောက်ဆီဂျင်တစ်လုံး ဘယ်နေရာက ဈေးသက်သက်သာသာ ပေါပေါများများရနိုင်မလဲသာအဓိက။
သဘာဝပစ္စည်းစစ်စစ်ဖြစ်ရုံနဲ့တော့သမီးကို မဆွဲဆောင်နိုင်မှန်းသိပါတယ်။ ဒါပေမယ့် တရော်ကင်ပွန်းဆိုတာ ထီးသုံးနန်းသုံးမှန်းသိအောင်တော့ရှင်းပြရဦးမှာပေါ့။ ရှေးတုန်းက မြန်မာဘုရင်တွေ သင်္ကြန်တော် မင်္ဂလာခေါ်တဲ့အခါ အဲသည်တရော်ကင်ပွန်းရည်နဲ့ပဲခေါင်းဆေးမင်္ဂလာပြုကြတယ်။ လက်ဝတ်ရတနာတွေ ငွေဒင်္ဂါးပြားတွေ ထည့်စိမ်ထားတဲ့ ရွှေရေငွေရေ၊မြစ်ကြီးငါးသွယ်က ဆောင်ကျဉ်းလာတဲ့ ဂင်္ဂါရေ၊ ယမုံနာရေ၊ ဟိမဝန္တာက မှာယူထားတဲ့ အနောတတ္ထရေ၊နဝရတ်ရေစင်တွေလည်း ပါသတဲ့။ သူတို့က ဦးခေါင်းဥသျှောင်ဆိုတာ အထွဋ်အမြတ်ထားတဲ့ အရာမို့လို့သူများလက်နဲ့ အထိအကိုင်မခံချင်တာနဲ့ တစ်နှစ်မှ တစ်ခါ ခေါင်းလျှော်တာမျိုးတော့ မဟုတ်ပါဘူး။ဒါပေမယ့် တစ်နှစ်တစ်ခါ သင်္ကြန်တော် မင်္ဂလာခေါ်တာကတော့ မြန်မာဓလေ့ လောကီမင်္ဂလာ ၁၂ပါး နဲ့အညီသဘင်ပွဲလမ်းအနေနဲ့ တခမ်းတနား လုပ်ကြရတာပေါ့။ အဲဒီပွဲလမ်းတွေမှာ တရော်ကင်ပွန်းဟာ မပါမပြီးပေါ့ကွယ်။မကောင်းတဲ့ ဘုန်းနိမ့်ကံနိမ့် အမင်္ဂလာတွေကို ဖယ်ရှားပေးနိုင်တယ် လို့ ယုံကြည်ဟန်တူတယ်။တချို့အရပ်တွေမှာ အသုဘပို့လို့ သုဿန်ကပြန်လာရင် အိမ်ဝမှာ တရော်ကင်ပွန်းဇလုံကလေး ချထားတယ်။စတိဖြစ်ဖြစ် ခေါင်းကလေးဆွတ်ပြီးမှ အိမ်ထဲဝင်ကြတယ်။ တတ်နိုင်တဲ့သူတွေကတော့ အသုဘလာပို့တဲ့သူတွေကိုတရော်ကင်ပွန်းရည်ထုပ်ကလေးတွေ ဝေလိုက်တယ်။ အိမ်ကျမှ ခေါင်းလျှော်ဖို့။ တော်တော်စွဲစွဲမြဲမြဲယုံတဲ့သူတွေထဲမှာ ပုဂံမှာ သမီးတွေ့ခဲ့တဲ့ ဓမ္မရံကြီးဘုရားဒါယိကာ နရသူမင်းလည်း ပါတယ်။ဘိသိက်တော်ခံ ခေါင်းဆေးမင်္ဂလာပြုအံ့ဆဲဆဲ ပဋိက္ခရားပြည်က ပုဏ္ဏားဖြူ ပုဏ္ဏားညို သူလျှိုတွေလက်ချက်နဲ့နတ်ရွာစံရတာ။ အဲဒီတုန်းက တရော်ကင်ပွန်းတွေကတော့ သွေးချောင်းစီးတဲ့အထဲ မျောကုန်မှာပဲ။
ရှေးတုန်းကမြန်မာတွေဟာ ယောင်ရော ဆံထုံးပါ ထုံးကြတာမို့ ဆံကေသာသန့်ရှင်းဖို့ တရော်ကင်ပွန်းကိုပဲအားထားရလိမ့်မယ်။
ကလေးဘဝမှာ ဦးစွန်းဖုတ်ကလေး စမွေးရာက ဂျာရစ်ကလေးတိပြီး ယောင်ပေစူးထားတော့ကိုးနှစ်ဝန်းကျင်ပေါ့။ အဲသည်ယောင်ပေစူး အောက်နားကလေးကရှည်ပြီး မေးအောက်ဝဲလာတော့ ဆံထောက်ကလေးဖြစ်လာတာပေါ့။ရှေ့ဆံပင်ကိုတော့ မျက်လုံးထဲမဝင်အောင် ဆံရစ်ဝိုင်းကလေး တိတိပေးရတာပေါ့။ “မေဆံရစ်ကညာဖေချစ်ထှာရယ်လေ၊ ရွှေမေတ္တာက ကြီး ကြီး ကြီးလှပါသဗျ။” လို့ သီချင်းထဲဆိုကြတော့ အပျိုဖော်ဝင်ရွှေရင်သိမ်းသစ်ဆိုရင် ဆံရစ်ဆံထောက်ကလေးတွေ နဲ့ နေမှာပေါ့။ အဲသည်ကရှည်လာတဲ့ ဆံပင်ကျောဝဲကလေးကိုမရရအောင် အုပ်သိမ်းပြီးထုံးတော့ အုပ်လုံးသိမ်းပြီ လို့ ခေါ်တယ်။ ၁ရ – ၁၈ လောက်ရှိပြီ။မမှီ့တမှီသိမ်းထားတဲ့ အုပ်လုံးကလေး အောက်နား နားသယ်စပ်ဆီက ဝဲကနဲ ကပိုကယို ကျလာတဲ့ နားအောက်ကဆံနွယ်ကလေးတွေကိုတော့ဗျာပါဆံလို့ခေါ်တယ်။ “ဗျာပါဆံရယ်က တစ်ဘက်တစ်ဆုပ်၊ မုတ်ပုတီးရယ်က တစ်သွယ်နှစ်သွယ်။ မမလေးရယ်ရွှေခြေကျင်း ဝါဝင်းလှတယ်။” တဲ့။ အဲဒီနောက်မှာတော့ အပျိုကြီးဖားဖားဖြစ်ပြီမို့ ဖက်ရှင်ကမာ္ဘထဲကိုရောက်တော့တာပဲ။ ဖေတို့မြန်မာမိန်းကလေးတွေက ခေါင်းမြီးလည်း မခြုံ၊ ပေါင်းထုပ်လည်း မဆင်တာမို့ဆံထုံးထုံးဖွဲ့ခြင်းအတတ်မှာတော့ အနုပညာမြောက်အောင် ဖန်တီးဆန်းသစ်လေ့ရှိတယ်။ ပုဂံခေတ်ကထုံးတဲ့ပုံဟာ အင်းဝခေတ်နဲ့ မတူဘူး။ ဟံသာဝတီက ဆံထုံးများဟာ ရတနာပုံနေပြည်နဲ့ ခြားနားတယ်။မြောက်ဦးက ထုက္ခန်သိမ်ထဲမှာ ကျောက်သားပန်းပုရုပ်ကြွနဲ့ သရုပ်ဖော်ထားတဲ့ ရခိုင်ပျိုမေများတောင်မှတစ်ရုပ်နဲ့တစ်ရုပ် ဆံထုံးပုံစံချင်းမတူလို့ အင်မတန်ရှေးကျတဲ့ ကျောက်သားဆံပင်ဆံထုံးဖက်ရှင်ကတ်တလောက်အဖြစ် လေ့လာနေကြရတယ်။ ရာနဲ့ချီတဲ့ ရခိုင်ပျိုမေအရုပ်တွေထဲမှာ ဘယ်အရုပ်မှခေါင်းမြီးခြုံမပါခဲ့ဘူး။ (ဘယ်တုန်းကမှ သူတို့မြေ မဟုတ်ခဲ့တဲ့ သက်သေအထောက်အထားပေါ့)
ဆံပင်တွေကိုအနည်းနည်းအသွယ်သွယ် အလှဆင်တတ်တဲ့ မြန်မာမလေးတွေက သူတို့ဆံပင်ကို ဘယ်လို သန့်ရှင်းဖြီးသင်ထိန်းသိမ်းကြမယ် ထင်သလဲ။ အခုခေတ်မှာလို လျှော်ကာ ကောက်ကာ၊ ဆိုးကာ ပေါင်းကာ၊ ကရိကထမများဘူး။သူတို့ဆံပင်ကလေးတွေ ဘယ်လောက်နူးညံ့ပျော့ပြောင်းသလဲဆို မြန်မာနရီမှူးတွေ သုံးတဲ့ ရေခွက်ကလေးတွေဟာ၁၃နှစ်သမီးလေးရဲ့ ဆံခြည်မျှင် ၁၆ပင်နဲ့ တိုင်းပြီး အပေါက်ဖေါက်ထားမှ လိုချင်တဲ့ အချိန်ကိုက်နရီကိုက်ဖလားကလေး ရတာတဲ့။ ဒါကြောင့် သူတို့လျှော်တဲ့ တရော်ကင်ပွန်းဆိုတာ သမီးဆိုင်ကရှန်ပူတွေလောက် မကောင်းဘူးထင်ရင်တော့ မှားလိမ့်မယ်။ အရောင်ကလေးတွေနက်မှောင်နေအောင်ခေါင်းမလျှော်ခင် ဆေးကူကြတာကတော့ ထောလပတ်ရွက်လို့ခေါ်တဲ့ ခြုံပုတ်အရွက်ကလေးတွေကို မညက်တညက်ထောင်းပြီးဦးရေပြားနှံ့အောင် လိမ်းပေးရတယ်။ မျက်ခုံးကလေးတွေလည်း သန်ပြီးနက်လာစေတယ်။ အရောင်တင်ရုံသက်သက်မဟုတ်ပဲနက်အောင်သန်အောင် အားပေးတာမို့ မြန်မာမလေးတွေ ကြောင့်ကျစိုက်ပြီး ကရိကထခံကြတယ်။ သမီးတို့အခုဆိုးတဲ့ဆံပင်တွေက အသစ်ရှည်လာရင် အရင်းက နဂိုအရောင်ထွက်လာရော။ သူ့ဆံပင်ဆံရင်းက နက်နက်မှောင်မှောင်ထွက်လာတာကမှ သူ့သဘာဝဆံပင်အရောင်လေ။ အစစ်နဲ့အတုဆိုတာကို ရေလိုက်လွဲကုန်မှာစိုးလို့ပါ။ခေတ်ရေစီးကြောင်းဆိုတာကလည်း အချိန်ရဲ့ ပြောင်းလဲတတ်တဲ့သဘာဝပဲ မဟုတ်လား။
အံမဝင်ခွင်မကျပဲခေတ်ဟောင်းစံနစ်ဟောင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ သမီးအဖေဟာ ကိုယ့်သမီးလေးကို ငယ်ငယ်က သူ့အမေတွေအဖွားတွေအလှပြင်သလို သနပ်ခါးလေးအဖွေးသား၊ ကေသာကျော့ရှင်း ကင်ပွန်းသီးနံ့သင်းသင်း၊ ချည်ထမီကလေးဝတ်၊ပန်းကလေးတွေပန်ပြီး မြင်ချင်တာ ရယ်စရာကြီးတော့ ဖြစ်နေမှာပဲ။ ကိုယ်ကြိုက်သလို ကိုယ်နေလို့ရပါတယ်။ရှေးရှေးတုန်းကတော့ ဘယ်လိုဘယ်ပုံ ဝတ်စားဆင်ပြင်ကြသလဲ ဆိုတာ မသိမမီလိုက်တဲ့ သမီးတို့သိရအောင်ပုံပြောပြတယ်ပဲ သဘောထားပေါ့။ သည်လိုကိစ္စမျိုးနဲ့ ပတ်သက်လာရင် အိန္ဒိယက မင်းသမီးကလေးတွေကိုချီးကျူးမိတယ်။ ဘယ်သူမဆို ခေတ်အဆန်ဆုံးလည်း ဝတ်နိုင်တယ်။ သူ့နေရာ သူ့အခါနဲ့လိုက်အောင်လက်ဖျားဒါန်းနီ ပန်းချီကလေးဆိုး၊ ငယ်ထိပ်မှာ ဆေးမှင်နီကလေးတို့ပြီး ဆာရီလှလှကလေးတွေခြုံတာလည်း ပြောင်းမသွားဘူး။ ဘယက်တန်ဆာ ဒွာရယာတွေကလည်း လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကအတိုင်းပြောင်းမသွားဘူး။ ဖေတို့ဆီမှာက ဘုရားနံရံဆေးရေးပန်းချီတွေကို ကြည့်ရင် သိသာတယ်။ စိန္ဇမာနဝတ်တဲ့ထိုင်မသိမ်း နဲ့ ခါးတောင်အင်္ကျီကြီးက ဘုရားတကာ ဘယ်ခေတ်ကတည်သွားသလဲဆိုတဲ့ အပေါ်မှာတည်သတဲ့။တကယ်တော့ မူလလက်ဟောင်းစိန္ဇမာနကို သရုပ်ဖော်ချင်ရင် ဆာရီခြုံထားမှ သရုပ်မှန်မယ် မဟုတ်လားလို့ ဘုရားပေါ်မှာ မိတ်ဆွေတစ်ယောက်က ပြောတာ နာကြားဖူးပါတယ်။ (သူပြောပုံနဲ့ဆို ပဋာစာရီကမှ အမြဲတမ်း ခေတ်မီနေမယ့်သဘောရှိတယ်)
ခေတ်ရေစီးကြောင်းကတော့တားမရဘူးပေါ့။ ဖေတို့တုန်းကလည်း သည်လိုပဲ ပါဝင် စီးမျောခဲ့တာပဲ။ သမီးလည်း သမီးခေတ်နဲ့သမီးပေါ့။လှကြပါတယ်။ မြန်မာမလေးတွေ မြန်မာနဲ့ မတူတော့တာတစ်ခုပဲ ပြောစရာရှိတယ်။ ကိုရီးယားမင်းသမီးလေးတွေနဲ့တူတယ်။ ယိုးဒယားမယ်လေးတွေနဲ့ တူတယ်။ ဂျပန်မလေးတွေလား အောင့်မေ့ရတယ်။ ဘာဘီရုပ်ကလေးကိုချိတ်ထမီပတ်ပေးထားသလို ကြွရွနေတယ်။ မြန်မာဆိုတာ ဘယ်လိုရုပ်မျိုးလည်းဆိုရင် ပြစရာ မရှိဘူး။အဲဒါကြောင့် ကြာရင် ပျောက်သွားမှာစိုးလို့ သမီးဖေငယ်ငယ်က သိလိုက်မီလိုက်တဲ့ မြန်မာဖက်ရှင်ကိုသမီးလေးသိအောင် အရုပ်ရေးစာစီထားခဲ့တယ်။ သမီးကြီးလာတော့လည်း ကလေးမလေးတွေကို ပြန်ပြီးဆီမန်းမန်းဦးလေ။ အဲသည်အချိန်ထိအောင် ဖေတို့မြန်မာပြည်ကြီး မပြိုမကွဲ လွတ်လွတ်လပ်လပ်ရှိနေပါစေလို့တော့ဆုတောင်းကြတာပေါ့။ စကားလက်အိုဟားရားကတော့ ပြောသား။ “ဖြစ်ချင်ရာဖြစ်စမ်းပါစေ။ မနက်ဖြန်ဆိုတာတကယ်တော့ သည့်ပြင်ရက်တစ်ရက်ပဲဟာ” တဲ့။
credit to Dr Soe Min
6 comments
Mr. MarGa
April 18, 2013 at 5:14 pm
အတော် ဗဟုသုတ ရတဲ့ပို့စ်လေးပါလား
တစ်ခုပဲ မရှင်းတာ
အဲဒါကလေးကို နည်းနည်း ရှင်းပြပေးပါလား
nicolus agral
April 18, 2013 at 7:06 pm
အနော်တော့ရှင်းမပြနိုင်ပါဘူး
ဆရာကိုစိုးမင်းဆီသွားမေးမှရမယ်ဗျ
ပြောရမယ်ဆိုရင်တော့ အပေါက်ပေါ့ဗျာ
အပေါက်ကျယ်လေ အထဲကအရည်ကကျတာမြန်လေ အရည်ကုန်တာမြန်လေပဲ
အဲဒီတော့ နာရီခွက်ထဲကဟာတွေကျနှုန်းတူဖို့အပေါက်တွေတူရမယ်
စံသတ်မှတ်ချက်ပေါ့ဗျာ
ရှေးတုံးကစံအနေနဲ့သုံးလို့ရအောင်ကို၁၃နှစ်သမီးရဲ့ဆံသားလုံးပတ်ကညီတာကိုပြောချင်တာနဲ့တူပါရဲ့
ဦးကြောင်ကြီး
April 19, 2013 at 8:47 am
ကေသာဆံမြ
ရွှေဝါဖျံကျ
လေမှာဈာန်ကြွ
နေဖြာကံလှ..။
မောင် ပေ
April 19, 2013 at 12:31 pm
ငွေပါသံထ
ပေလာဖန်ပြ
ကေသာဆံသ
သေနာကန်ချ
MaMa
April 19, 2013 at 1:56 pm
ကေသာဆံမြ ထုံးနောက်စ ဆိုတာထက်…
ကေသာဆံမြ ထုံးနှောင်စ ဆိုရင် ပိုကောင်းမယ်ထင်တယ်။
ဟိုးအရင်ခေတ်က ငယ်ရွယ်တဲ့ မိန်းကလေးတွေ ဆံရစ်ဝိုင်းထားရာကနေ ဆံထုံးထုံးလာကာစ အရွယ် ပျိုမြစ်နုနယ်တဲ့ အရွယ်ကို အဲဒီစကားလုံးနဲ့ သုံးကြတာ တွေ့ဖူးလို့။
kai
April 19, 2013 at 3:08 pm
စာတပုဒ်ထဲမတော့.. ရခိုင်အမျိုးသမီးတွေအဝတ်အစားဝတ်တာ.. ဗမာတွေထက်ပိုလုံခြုံတယ်တဲ့..
သူတို့ဓလေ့လေး”ဟပ်”နေတယ်ဆိုတာပဲ..
တချိန်ချိန်မှာ.. မြန်မာဆန်ဆန်.. ပုဂံခေတ်ဒီဖိုင်းဖက်ရှင်နဲ့.. ရုပ်ရှင်..တီဗီဇတ်လမ်းတွဲရိုက်.. အာစီယံမှာပြလိုက်ရင်.. မြန်မာ့အလှ.. ကမ္ဘာတန်းရောက်သွားမယ်ထင်တာပဲ..
ပြီးတော့မှ.. ပုဂံဖက်ရှင်ပစ္စည်းတွေ.. ကမ္ဘာတန်း.. ထိုးရောင်းကြပေါ့..
ပုံဂံခေတ်ပစ္စည်းတွေ..အဆက်စ်စရီတွေက.. မိုးပေါ်ကကျလာမှာတော့မဟုတ်..
မြန်မာတွေလက်တွေနဲ့လုပ်ကြရမှာ..
လုပ်ဖို့.. အလုပ်သမားရော..လောက်လောက်ငှငှရှိကြရဲ့လား… ဟင်င်င်.. :harr: