တိ ခနဲ ……. တိလိုက်ခြင်း
တိခနဲပဲ ဖြတ်လိုက်တယ်
ဓါးတစ်ချောင်းဟာ သူ့အိမ်ထဲက ထွက်ပြီး
သူ့ကိုယ်သူ တိခနဲ ဖြတ်ချလိုက်တယ်။
ညနေခင်း
တိမ်တွေဝါနီစွေးလို့
ဖေဖေက တောစပ်မှာ နွားသွားသိမ်း
မေမေက ညစာ အတွက် ကန်စွန်းခင်းသွား
ညီမလေးက ဝလုံးရေး
အငယ်ကောင်က ငါးသွားမျှား
ကျွန်တော်က တိခနဲပဲ
ဒါလား ခေတ်
ဒါလား ကျေးလက်
ကျွန်တော်သွားမယ့် ကောင်းကင်ဘုံအတွက်
ကျွန်တော်ဟာ တိခနဲ။
“မင်းက ဘာသွားလုပ်မှာလဲ”
ကျွန်တော်က သွားတိမှာ အဖေ
မြို့ပေါ်မှာ ကျွန်တော့်အတွက် သစ်ပင်မရှိဘူး
မီးခိုးငွေ့တွေတော့ ရှိမယ်
မြို့ပေါ်မှာ ကျွန်တော့်အတွက် လွတ်လပ်ခွင့် မရှိဘူး
စိတ်ရိုင်းပေါ်ခွင့်တော့ ရှိမယ်
နှင်တံကို ကြိုးနဲ့တပ်လျက်ဖေဖေ
လယ်တောသွား ထမင်းချိုင့်ထုပ်လျက် မေမေက
မျက်လုံးပြူး မျက်ဆံပြူး ထပ်မေးတယ်
“မင်းက ဘာသွားလုပ်မှာလဲ”။
ခုတော့ တိမ်တစ်အုပ်နဲ့ ကျွန်တော်တိုးပြီ
ကျွန်တော်ဟာ အတောင်ပေါက်စ ငှက်
အတောင်တွေကို ယက်တယ် ပေါင်းသင်တယ် ထွန်တယ်
အဖြူ၊ အမည်း နှစ်မျိုးတည်း ရှိတဲ့ မြို့ပေါ် ခြေချ
ကျွန်တော် တစ်ခုခုတော့ တိနိုင်ပြီလား
ဂစ်တာတစ်လက်၊ ဓါးတစ်လက်နဲ့
ကျွန်တော် ဘယ်သူ့ကို စ တိရမလဲ
ဒေါင်ဒင် ဒေါင်ဒင် မြို့ပြကြီး
ဘုရားကျောင်းတွေခေါင်းလောင်ထိုး
တစ်ယောက်ကို တစ်ယောက်
တစ်ယောက်ကိုကိုင် တစ်ယောက်နဲ့ ပစ်ပေါက်ကြ
မီးပွင့်တွေ သီးသီးနေတာ
လမ်းမ ပလပ်ဖေါင်းပေါ် ကျွန်တော်ဟာ တိခနဲ။
မြို့အဝင် ဆိုင်းဘုတ်က ခေါင်းနဲ့ လွတ်ရုံ
ကျွန်တော် အံကို ကြိတ်
အသက်မရှူဘဲ မြို့ပြကို တိလိုက်တယ်
လူတွေ လန့်နိုးလာကြ
မီးတွေ လန့်နိုးလာကြ
ပန်းပွင့်တွေ မီးခိုးထုတ်
ကားတွေ အသက်ရှူရပ်ပြီး
လမ်းတွေ ဒေါင်လိုက်ထောင်လာကြ
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်
ရှစ်၊ ခုနှစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး တစ်မျိုးပြောင်း
တိခြင်း လေ့ကျင့်ခန်း မနက်အလင်း ထလုပ်ကြ
မင်္ဂလာပါ မြို့ပြ
ခင်ဗျား ကျန်းခန့်သာလို့မာပါစ။
“မင်းက ဘယ်သူ၊ ဘယ်က”
မျက်လုံးနဲ့ အသက်ရှူသူတွေက မေးကြတယ်
“ကျွန်တော် နားမကောင်းဘူး
မျက်လုံးတော့ ကောင်းတယ်
ဒါပေမယ့် အဲဒီ မျက်လုံးက အောက်စီဂျင်ကို မမြင်ဖူးဘူး”
လေထဲဝဲနေတဲ့ လူပျံက
ကျွန်တော့် ဂီတာကို လေနဲ့ မှုတ်တီးတယ်
ဘွန်ဂျိုဗွီ၊ စကော်ပီယံ၊ အီးဂဲလ်က
မီလီစိုင်းရပ်စ်၊ တေလာဆွိဖ်
ပလိန်းဝိုက်ဖ်၊ အစုံပလုံ
ကျွန်တော် ရယ်ရယ်မောမော
သားသားနားနားနဲ့ တစ်ခုမှ နားမလည်လိုက်ဘူး။
“မင်း… ချမလား… လုပ်ကြည့်လိုက်”
ဓါးတစ်ချောင်းဟာ ရင်ဘတ်ထဲမဟုတ်တောင်
ဝမ်းဗိုက်ထဲကို ထိုးထည့်ပစ်ဖို့
ခုတော့ ကျွန်တော်ဟာ ကိုယ်လက်ဖျံရိုးကို တိခနဲ
အဲဒီ သွေးတွေထဲ အညိုရောင် အမှုန့်တွေ ပစ်ထည့်
ဖေဖေရေ … ကျွန်တော် ကောင်းကင်ဘုံ ရောက်ပြီ။
ဒီထဲမှာ အောက်စီဂျင်တွေ
အတုံးလိုက် အတစ်လိုက်
မိဂဒါဝုန်တောထဲက သမင်တွေကို လိုက်
ကျွန်တော်ဟာ အာဖရိကန်ကျားတစ်ကောင်နဲ့
ပခုံးချင်း ယှဉ်ကိုက်
လု၊ ယက်၊ ဖေါက်
လူတောထဲ လူပင်ပေါက်နေတဲ့ လူဆို
အမြစ်ကစ စွဲထုတ် တိခနဲ
ပြီးတော့ အညိုရောင်ကောင်းကင်ဘုံတွေထဲမှာ
ကျွန်တော့် ရုပ်အလောင်းကို မြင်လား..
မြင်လား… မြင်ရလား…………
“ဒီဓါးကို ခင်ဗျားဘာလို့ သိမ်းလိုက်တာလဲ
ဒီဓါးဟာ ကျွန်တော့်ကို ပိတ်ထားတဲ့ တံခါးတွေကို ခုတ်ပစ်ဖို့
ခု ဒီဓါးဟာ ပလက်စတစ် ဓါးသာသာ
ပျော့ညံ့သွားခဲ့ပြီ”
လွယ်ထားတဲ့ ဂီတာဟာ ဂီတကို မသိတော့ဘူး
ကြိုးတစ်ကြိုးကို ထိလိုက်တိုင်း
နံရိုးတစ်ချောင်းက ထွက်ပြေးသွား
ကျွန်တော့်အသက်ရှူသံတွေဟာ
ခါတိုင်းနဲ့ မတူတော့ဘူး (မလား)
ကန်စွန်းရိုး အိပ်မက်နဲ့ လူသားမပါတဲ့ မြို့ပြ
ကိုယ်က မတိနိုင်တော့တဲ့အခါ
သွေးနဲ့ ဖာထားတဲ့ မလုံတဲ့ အပေါက်
နှလုံးက ကျတဲ့ မျက်ရည်အနီတွေက အလုံးလိုက်
ဒါဟာ နာဇီတက်တူးနဲ့ လူငယ်တစ်ယောက်ရဲ့ နိဂုံး
မြို့ပြကြီးက မတ်တပ်ထပြီး အမိန့်ပေးတယ်
ဒါပဲ … ငမိုက်သား
မင်းကို ငါတို့ တိ လိုက်ပြီ။
ရင်နင့်အောင်
6 comments
အလင်းဆက်
April 20, 2013 at 9:05 pm
စံသွေခြင်းတွေ နဲ ့
သင်္ကေတတွေနဲ ့
ပြီးတော့….. စာသားတွေနဲ ့
ပြီးတော့……
ပြီးတော့…….တွေနဲ ့
တကယ် နှစ်သက်မိတဲ ့ကဗျာလေးပါပဲ ။ ကိုရင်နင့်ရေ…
ဒါမျိုးကဗျာ တွေဆို..
အသံလေးထွက်ပြီးတောင် ရွတ်မိတတ်တာ..
ကျွန်တော့် သဘာဝ….။
ခင်မင်လေးစားစွာ…
အလင်းဆက်
အရိပ်စစ်
April 21, 2013 at 4:00 pm
ကဗျာအသက်ဝင်လိုက်ပုံက ဟာကနဲ ဟင်ကနဲ
ကိုယ်ပါ ကောင်းကင်ဘုံတွေ ရောက်ပီး အောက်ပြုတ်ကျတွားသလိုကြီးပဲ..ခိခိ
kai
April 21, 2013 at 4:07 pm
အမှောင်ဒေါင့်မှာထိုင်နေတဲ့ မြို့ပြရဲ့သမီးက
တိုးတိုးလေးရယ်ရင်းပြောတယ်
နင့်ကိုငါ ငတိလို့ခေါ်မယ်တဲ့..။
ဟင့်အင်း..
နင်လို ငတိမကများ..
စော်စော်ကားကား..။
Mr. MarGa
April 21, 2013 at 8:56 pm
ရှည်ရှည်ဝေးဝေး မပြောဘူး
လက်မတစ်ချောင်း ထောင်သွားတယ် :hee:
သူကလေး
April 22, 2013 at 10:49 am
တိခနဲပဲဂျာ ….
ဒီနေ့မှ ရွာထဲဝင်ဖြစ်တော့ ကိုရင်နင့်အောင်ရေးတာကိုအရင်ဆုံးဝင်ဖတ်ဖြစ်တယ်
အပိုအလိုမရှိ တိခနဲနေအောင်ကောင်းပါတယ်
မဟာရာဇာ အံစာတုံး
April 23, 2013 at 7:44 pm
မှန်တဲ့အတိုင်း ဝန်ခံရရင်
ခု လောလောဆယ်တော့
ဘာကို ဆိုလိုမှန်း သိပ်နားမလည်သေးဘူး
နောက်တော့မှ ထပ်ဖတ်ပြီး အဓိပ္ပါယ် ဖွင့်မယ် …
အားပေးသွားပါတယ် ဘဘရင်နင့် ရေ …