ရွှေလီသို့ အလည်တစ်ခေါက် (၂)
ရုက္ခဗေဒ ဥယျာဉ်က ပြန်ထွက်လာချိန်မှာ နေ့လည် ၃ နာရီ ကျော်သွားပါပြီ။ တိုင်းရင်းသားကျေးရွာအသစ်တစ်ခု တည်ဆောက်ထားတာ တွေ့ရပါတယ်။ နေပူနေတာတစ်ကြောင်း၊ အချိန်သိပ်မပေးချင်တာတစ်ကြောင်းမို့လို့ မဝင်ဖြစ်ခဲ့ပါဘူး။ ကားပေါ်ကနေပဲ ဓါတ်ပုံရိုက်ယူခဲ့တယ်။
အပေါ်ကပုံတွေအားလုံး ကားမောင်းနေစဉ်မှာ လျှပ်တစ်ပြက်ရိုက်ထားပုံများဖြစ်ပါတယ်။
တရုတ်ဘုံကျောင်းကို သွားခဲ့ပါတယ်။ မေမြို့ရောက်တိုင်း အမြဲတမ်း သွားဖြစ်တဲ့နေရာပါ။ ကာလာရောင်စုံနဲ့ လှပတဲ့ဒီဇိုင်းတွေက စွဲဆောင်မှုရှိသလို ဓါတ်ပုံထဲမှာလဲ အရမ်းလှပါတယ်။ လုပ်နေကျအတိုင်း စာချတဲ့ တူဗေဒင်ကို အပျော်သဘောမျိုး မေးကြည့်ခဲ့သေးတယ်။ ခရီးသွားအကျိုးပေးမယ်လို့ ဟောစာတမ်းမှာပါလို့ မှန်လိုက်တဲ့ဗေဒင်လို့ ပြောခဲ့မိသေးတယ်။ အလကားတိုက်တဲ့ ရေနွေးကြမ်းသောက်ပြီး တရုတ်လက်ဖက်ခြောက်နဲနဲအားပေးခဲ့ပါတယ်။ လက်ဖက်ခြောက်ရောင်းတဲ့ဝင်ငွေနဲ့ အဘိုးအဘွားတွေကို စောင့်ရှောက်ထားတာလို့ သိရတဲ့အတွက် အလှူလို့ သဘောထားပြီး ဝယ်ဖြစ်ခဲ့တယ်။
ဒီတစ်ခေါက်မှာမှ တွေ့မိတာကတော့ စွန်းဝူခွန်းတို့အဖွဲ့ရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ထုလေးတွေပါ။ အနောက်ဘက်မှာပဲ နဂါးခေါင်းကြီးလိုမျိုး လုပ်လက်စ တစ်ခုတွေ့ခဲ့သေးတယ်။
ပုံထဲမှာမြင်ရတဲ့အတိုင်း တရုတ်ဘုံကျောင်းက အလွန်သန့်ရှင်း သပ်ယပ်ပါတယ်။ ဝင်ကြေးမပေးရပေမယ့် ကင်မရာအတွက် ၃၀ဝ ကျပ် ပေးခဲ့ရပါတယ်။
ကျွန်မတို့မိသားစုကတော့ အရင်တုန်းကလာခဲ့တုန်းက အမှတ်တရတွေနဲ့ အခုလက်ရှိအခြေအနေတွေကို တစ်ယောက်တစ်ပေါက် ပြောရင်း လျှောက်ကြည့်ကြတယ်။ သတ်သတ်လွတ် တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့လို့ ကျွန်မအဖေကလဲ သတ်သတ်လွတ်သမားမို့လို့ အဲဒီဆိုင်မှာ စားကြမလားလို့ မေးကြည့်မိတော့ အဖေက မစားဘူးတဲ့။ အရင်တစ်ခေါက်လာတုန်းက စားဖူးတယ်တဲ့။ သူမကြိုက်ပါဘူးတဲ့။ ကျွန်မအဖေက သတ်သတ်လွတ် ရာသက်ပန်စားခဲ့သူပါ။ ရိုးရှင်းတဲ့အစားအသောက်ကိုသာစားလေ့ရှိပြီး အကောင်ပုံ၊ ငါးပုဇွန်ပုံတွေလုပ်ထားတဲ့ သတ်သတ်လွတ်ဆိုတာတွေကို မစားချင်ပါဘူးတဲ့လေ ….
ဘုံကျောင်းက အပြန် အအေးဆိုင်တစ်ဆိုင်မှာ အအေးဝင်သောက်ခဲ့တယ်။ ပြီးတော့ ထမင်းစားဖို့ စောနေသေးတဲ့အတွက် ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။ မှောင်လောက်တဲ့အချိန်မှ ထွက်ထမင်းစားပြီး နာရီစင်ဘက် လမ်းလျှောက်ကြည့်ကြဖို့ စိတ်ကူးလိုက်ကြပါတယ်။
နဲနဲမှောင်လာတော့ လမ်းလျှောက်ပြီး ထမင်းဆိုင်ဆီ သွားခဲ့ကြတယ်။ ညနေစာကို တူးတူး မြန်မာထမင်းဆိုင်မှာ စားခဲ့ပါတယ်။ ဆိုင်က သန့်ရှင်းပြီး ဝန်ထမ်းတွေက အရမ်းသဘောကောင်းကြတယ်။ လိုလေသေးမရှိ ဝန်ဆောင်မှုပေးပါတယ်။ ဟင်းချက်လက်ရာလဲကောင်း၊ အရန်ဟင်းတွေ တို့စရာတွေလဲ စုံတာမို့လို့ ဗိုက်ဆာဆာနဲ့ အများကြီးစားခဲ့ကြတယ်။ ဈေးတော့ နဲနဲကြီးသလိုပဲ … အဝစား ၃၀၀ဝ ကျပ်လောက် ယူတယ်ထင်ပါတယ်။
ကျွန်မကတော့ အစားအသောက်တွေမြင်ရင် ဓါတ်ပုံရိုက်ဖို့ သတိမရပဲ စားလို့ပဲ သတိရပါတယ်။ အခုလို ပို့စ်ပြန်ရေးတဲ့အခါကျမှ ဓါတ်ပုံမရိုက်ခဲ့ရတာကို နောင်တရမိတာ အကြိမ်တိုင်းပါပဲ …
ဆွယ်တာဆိုင်တွေကိုတော့ ဒီအတိုင်းပဲ ငေးကြည့်ခဲ့တယ်။ ရန်ကုန် ဆောင်းတွင်းမှာ အနွေးထည်ဝတ်စရာမလိုတဲ့အတွက် ဝယ်စရာမလိုတော့ဘူးလေ။ ရန်ကုန်နဲ့ ဈေးနှုန်းလဲ အတူတူဖြစ်နေပြီမို့လို့ ဝယ်ရလောက်အောင် စိတ်မဝင်စားခဲ့ပါဘူး။
ကျွန်မစိတ်ဝင်စားတာကတော့ မလိုင်လုံးဆိုင်ပါ။ မေမြို့က မလိုင်လုံးဆိုင်တွေကတော့ စားဖူးသမျှထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်။ စိမ့်တဲ့အရသာဘက်ကိုကဲပြီး အချိုပေါ့တဲ့အတွက် စားလို့အရမ်းကောင်းပါတယ်။ ခရီးဆက်ရန်တွေရှိသေးလို့ လမ်းမှာစားဖို့လောက်ပဲ ဝယ်ပြီး အပြန်ကျမှ ထပ်ဝယ်မယ်လို့ စိတ်ကူးလိုက်တယ်။
ဟိုတယ်ကို ပြန်ရောက်ပြီး နောက်တစ်နေ့အတွက် သွားမယ့်အစီအစဉ်ပြောကြပြီး အားလုံး စောစောစီးစီးပဲ အိပ်ယာဝင်လိုက်ကြပါတယ်။ အဲယားကွန်းမလိုပဲ သဘာဝအတိုင်း အေးမြမြဖြစ်နေတာမို့လို့ အိပ်လို့ကောင်းတယ်။ မနက် ၆ နာရီ မေမြို့ကနေ စထွက်မှာမို့လို့ အပိုင်း (၂) ကို ဒီမှာပဲ ခဏနားခွင့်ပြုပါ …
အပိုင်း (၃) မှာ မေမြို့ မူဆယ် ခရီးလမ်းမှ အတွေ့အကြုံများကို ဆက်လက်ရေးသားပါအုန်းမယ် …
17 comments
မဟာရာဇာ အံစာတုံး
April 24, 2013 at 9:03 am
တီဝေ လျှပ်တပြတ် ပုံဒွေဂ လန်းဒဂျာ …
ဝါးဒါဒွေ ဟိုလိုဒွေတောင် ဖစ်နေဘူး ..
စကားမစပ် ..
ဟိုထဲဂ ဝူခုံး ကို မျင်ရဒေါ့ …
ဝူခုံးကား ပြန်ကျိဂျင်စိတ် ပေါက်တွားဘီ …
ဒေါင်းလိုက်အုံးမယ် …
weiwei
April 24, 2013 at 9:15 am
လမ်းမှာ တွေ့သမျှ အကုန် ခလုပ်နှိပ်ခဲ့တာ ပုံ တစ်ထောင်ကျော်တောင်ဖြစ်သွားတယ်။ အများကြီးထဲက ကောင်းတာလေးတွေ ရွေးလိုက်တာ …
ဝူခုံးတို့အဖွဲ့ကို တစ်ပုံချင်းရိုက်ထားတာ ပိုလှတယ် ..
ဒါပေမယ့် ပုံတွေအများကြီးမတင်ချင်တာနဲ့ လျော့လိုက်တယ် …
KZ
April 24, 2013 at 9:25 am
တိုင်းရင်းသားကျေးရွာကို စတိတ်ရှိုးသွားကြည့်တုန်းကပဲ ရောက်ဖူးတာ။
အဲတော့ဒါလေးတွေကို ကောင်းကောင်းမကြည့်ဖူးခဲ့ဘူး။
ဘုံကျောင်းတော့ သွားတိုင်း ရောက်ဖြစ်တယ်။
ခု ပြန်ကြည့်ရတာ ကျေးဇူးပါ မဝေ..
:hee:
Ma Ei
April 24, 2013 at 9:47 am
ရွှေလီကို 2000ခုနှစ် လောက်ကပဲ တစ်ခေါက်ရောက်ဖူးတာ…
ခုတော့ စာဖတ်ရင်း တစ်ခေါက်လိုက်ခဲ့ဦးမယ်…
ဦးကြောင်ကြီး
April 24, 2013 at 9:48 am
ရွှေလီခရီး
နေခြည်သီး
ဧပြီပုတီး
မြေစည်တီး…
ဦးဦးပါလေရာ
April 24, 2013 at 10:21 am
ရောက်ဖူးတာကြာလှပြီမို့ မမှတ်မိတော့ဘူး…
ပုံထဲက ဖေါင်ပေါ်မှာ ရှင်ဥပဂုတ် ဟုတ်ပါတယ်။..
တကယ်တော့ ရှင်ဥပ္ပဂုတ္တ ရဟန္တာဆိုတာ မဟာယာန ကျမ်းစာထဲက မဟာယာန ဗုဒ္ဓဝင်ထဲက ပါ။
ထေရဝါဒရဲ့ ပိဋက သုံးပုံအဝင် (သာသနာဝင်) လုံးဝမဟုတ်ပါဘူး..
မြန်မာပြည်ကိုတော့ ယိုးဒယားကတဆင့် (ရာမဇတ်တော်လိုပဲ) ပြန်ဝင်လာတယ်ထင်ပါတယ်။
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ့ ဇိနတ္တပကာသနီ (မာန်ငါးပါးကိုအောင်မြင်ခဲ့သော အောင်နိုင်သူ၏ ဇတ်ကြောင်း) ကျမ်းစာမှာ
နောက်ဆက်တွဲအဖြစ်ထည့်ရေးရာက တပြည်လုံးကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ကိုးကွယ်ကြပါတယ်။
မဟာယာန ကျမ်းစာထဲက ဘုန်းကြီးကို မဟာယာနအယူအတိုင်း
မဟာယာန ရည်ရွယ်ချက်မျိုး မျှော်လင့်ချက်မျိုးနဲ့ (တန်ခိုးကြီးတယ်၊ ကိုယ့်ကိုစောင့်ရှောက်မယ်ဆိုပြီး)ကိုးကွယ်ကြတာပါ။
ကောင်းပါတယ် ……..
ဘုန်းကြီးကျောင်းတွေ ဘုရားတွေ မှာ လူကြည့်စရာတစ်ခု တိုးတာပေါ့…။
weiwei
April 24, 2013 at 10:29 am
ငယ်ငယ်တုန်းက ရှင်ဥပဂုတ္တ ရုပ်ရှင်ကြည့်ဖူးတယ် ..
အဲဒီရုပ်ရှင်ကြောင့် မိဘတွေက ကလေးငယ်ငယ်လေးတွေကို နတ်ရေကန်ထဲ ပစ်ချချင်လိုက်လို့ ပြောလေ့ရှိကြတာ သတိရသေးတယ် ..
အခုခေတ်မှာ အဲဒီလိုပြောကြတာ သိပ်မကြားဘူးတော့သလိုပဲ …
ဘုရားတိုင်းလိုလိုမှာ ငါးကန် (လိပ်လဲရှိတယ်) နဲ့ ရှင်ဥပဂုတ်ဖောင်တော်ရှိတယ်နော် … ဘုရား ကျောင်း ကန် ဆိုတဲ့ အင်္ဂါရပ်နဲ့ အညီ လုပ်ထားတယ်လို့ပဲ လွယ်လွယ်တွေးလိုက်တာပဲ ..
ီဦးပါပြောသလိုပါပဲ .. ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် … သာယာလှပတာပေါ့ …
ခင်ခ
April 24, 2013 at 1:08 pm
ခရီးစဉ်လေးအတိုင်း ( အဲ ပိုစ့်စဉ်လေးအတိုင်းပေါ့ ) လိုက်ပါသွားသလို လိုက်ကြည့် လိုက်ဖတ်မယ် ဘယ်ထိရောက်သွားလဲလို့လေ။
ထမင်းစားနားတဲ့အခါ ခေါ်အုံးနော်……။
ကိုပေါက်(မန္တလေး)
April 24, 2013 at 2:48 pm
ကျနော်မေမြို့ကို အကြိမ်ကြိမ်ရောက်ပေမယ့် ဘုံကျောင်းကိုတော့ မရောက်ဖြစ်တာများတယ်။
ဟိုအရင် သင်္ကြန်ရက်တွေ မေမြို့မှာသွားနေစဉ်တုံးကတော့ ခဏခဏရောက်ဖြစ်တယ်။
အဲဒီတုံးကတော့ အားတာနဲ့ စက်ဘီးတစ်စီးနဲ့မြို့ပါတ်ပြီးလျောက်သွားတာပါဘဲ။
အရင်ကတော့ ဘုံကျောင်းထဲမှာ သမင်တွေ မျောက်တွေရှိတယ် ။
အခုရောရှိသေးလားမသိဘူးနော်။.
MaMa
April 24, 2013 at 3:04 pm
ကားပေါ်ကပဲ ဓာတ်ပုံရိုက်သွားတဲ့ ပုံတွေကို ကြည့်ပြီး အံ့ဩနေတယ်။
ကိုယ်တိုင်ကားပေါ်က ရိုက်တဲ့ပုံတွေ တစ်ပုံမှ မကောင်းလို့ …
ကိုပေါက်တို့လို့ ဓာတ်ပုံကို အချိန်ပေးပြီး စိတ်တိုင်းကျ မရိုက်ရလို့လို့ ထင်နေတာ။
မေမြို့က မလိုင်လုံးတွေကို သွားရည်ကျသွားတယ်။ :kwi:
weiwei
April 24, 2013 at 3:20 pm
ဓါတ်ပုံကတော့ လက်ငြိမ်ဖို့ အဓိကကျမယ်ထင်တယ်။ ကားမောင်းနေပေမယ့် မောင်းတဲ့အရှိန်အတိုင်းလက်ကို မလှုပ်ပဲ ခလုပ်နှိပ်နိုင်ရင် ကြည်တဲ့ပုံရတယ်။ ကားမှန်ကို လုံးဝမချပဲ မှန်ထဲကနေ ဒီအတိုင်းနှိပ်ခဲ့တဲ့ပုံတွေအများကြီးပဲ … ပုံမှန်အရှိန်နဲ့လမ်းမဟုတ်ပဲ ခုန်သွားရင် လက်လှုပ်ပြီး ဝါးသွားရော ..
သာမန်အချိန်မှာလဲ အဓိကက လက်ငြိမ်ဖို့ပါပဲ ..
မေမြို့ ATMOSPHERE တော်တော်ကောင်းပါတယ် … ကြည်လင်ပြတ်သားပြီး အရောင်လှတယ် ..
တခြားမြို့တွေမှာ ဓါတ်ပုံထွက် အဲဒီလောက် မလှဘူး …
ဆူး
April 24, 2013 at 3:21 pm
ရထားလုံး မြင်လို့ စိတ်ကူး တစ်ခု ဖြစ်မိတယ်။
ကိုယ်တိုင် ကတော့ အဲ့ဒီ စိတ်ကူး က အသုံးမဝင်တော့ပေမဲ့ နောင်လာ နောင်သား အိမ်ထောင်ပြုမည့်သူတွေ အတွက် အသုံးဝင်ပါတယ်။
စိတ်ကူးယဉ်ဆန်ဆန် ရိုမတ်တစ် ဆန်ဆန် လေးပေါ့။
စင်ဒရဲလား ကာတွန်းထဲမှာ ဇတ်သိမ်းခန်းမှာ မင်းသားနဲ့ မင်းသမီး ညားကြလေ သတည်း ဆိုတဲ့ အခန်းမှာ မင်္ဂလာ ခန်းမ က ထွက်တော့ ရထားလုံးပေါ် တက်ပြီး မင်းသားနဲ့ မင်းသမီး အာဘွားပေးကြတဲ့ အခန်းမှာ အဆုံးသတ်သွားတယ်။
အင်္ဂလန် က မင်းသား မင်္ဂလာဆောင်တော့ စင်ဒရဲလားထဲမှာ ကြည့်ထားတဲ့ အတိုင်းပဲ မြင်းရထားလုံးကို မင်္ဂလာ ရထား အဖြစ်စီးပြီး နန်းတော် ကို ပြန်ကြတယ်။
တော်ဝင် မိသားစုတွေ ယခု အချိန်အထိ အမြတ်နိုး တန်ဖိုးထား စီးတဲ့ ရထားလုံး က ယခုအချိန်မှာ သွားရေး လာရေး အတွက် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း ကို လုပ်ဆောင်နေတာ ကမာ္ဘမှာ မြန်မာပြည်မှ ပြင်ဦးလွင်သာ ရှိပါတော့တယ်။
နောက်ဆောင်မည့် သတိုးသား သတိုးသမီး တို့ တော်ဝင် ဆန်ဆန် ရထားလုံး ဖြူဖြူ စီးပြီး ပြင်ဦးလွင် မြို့တပတ် ပတ်ပြီး မင်္ဂလာဆောင်ကြဖို့ တိုက်တွန်းပါတယ်။
ပြင်ဦးလွင်မှာ မင်္ဂလာဆောင်မည့် သတိုးသား သတိုးသမီး တို့ ဖိတ်စာ နှင့် တကွ ရထားလက်မှတ် တည်းခို လက်မှတ် ပေးမည် ဆိုလျှင် မပျက် မကွက် ကိုယ့် စားစရိတ် ကိုယ်ခံပြီး ကြွရောက်ပါမည် ဆိုတဲ့ အကြောင်းပါ ထည့်သွင်း အကြံပြုချင်ပါတယ်။
weiwei
April 24, 2013 at 3:28 pm
ရိုးရိုးမြင်းလှည်းကို အမိုးဖွင့်ပြီး လုပ်မယ်ဆိုရင် မြန်မာပိုဆန်သွားမယ် … (ဘုံပြတ်ဘမောင် ဇာတ်ကားထဲကလိုပေါ့)
သန်လျင်မှာ မြင်းလှည်းတွေ ယနေ့ထိ ရှိနေတုန်းမို့လို့ … ဆောင်ချင်တယ်ဆိုရင် …. :kwi:
ဆူး
April 24, 2013 at 3:48 pm
အသိနောက်ကျလေခြင်းပါလား.. သန်လျင် မှာ မင်္ဂလာဆောင်ရင်တော့.. ကားလက်မှတ် နဲ့ တည်းခို လက်မှတ် ပေးစရာ မလိုပါဘူး.. ကိုယ့်စရိတ်နဲ ကိုယ် လူစုပြီး လာခဲ့ပါမယ်လို့.. ထပ်ပြီး ပြောချင်ပါသေးတယ်.. :kwi:
Mr. MarGa
April 24, 2013 at 4:49 pm
အင်း………….
ပြင်ဦးလွင်က သိတဲ့အတိုင်း အားရင် ရောက်တတ်တယ်
ဒါပေမယ့်
အပြေးအလွှားတွေက များလို့ အေးအေးဆေးဆေး ရောက်ဖြစ်တာ နည်းတယ်ဗျ
(မန်းကို သုံးနာရီကျော်တာနဲ့ ပြန်ပြန် ဆင်း ပြေးလာရတာကိုး :kwi: )
အဲဒီ တရုတ်ဘုံကျောင်းမှာ ရိုက်ထားတဲ့ပုံတွေကိုတော့ တကယ် ကြိုက်မိပါတယ်…….လို့
GaviaGirl
April 24, 2013 at 10:19 pm
တရုတ်လို ကန်တော့တာက ဘယ်လိုကန်တော့ရတာလဲဟင်… သမီးမသိလို့…
TNA
April 25, 2013 at 5:36 pm
မဝေနဲ့အတူတူလိုက်လည်ရင်း လိုက်စားသွားပါသည်။