ရွှေလီသို့အလည်တစ်ခေါက် (၄)
လားရှိုးကနေ ထွက်လာတဲ့အချိန်မှာ နေ့လည် ၁၂ နာရီလောက်ရှိပါပြီ။ နေ့လည်စာလဲ စားပြီးပြီဆိုတော့ အိပ်ငိုက်ရင်း လိုက်ပါလာပါတယ်။ လားရှိုးကထွက်လာပြီးနောက် သတိထားမှတ်မိနေခဲ့တဲ့မြို့တွေကတော့ သိန်းနီမြို့နဲ့ ကွတ်ခိုင်မြို့ဖြစ်ပါတယ်။ တောင်ပေါ်လမ်းတွေမှာ ကားသေးသေးနဲ့သွားနေရတဲ့အတွက် ကောင်းကောင်းအိပ်လို့မရခဲ့ပါဘူး။ ပတ်ဝန်းကျင်အလှကို ခံစားရင်း စကားတပြောပြောနဲ့ပဲ ဆက်သွားခဲ့ပါတယ်။
သင်္ကြန်ပိတ်ရက်ဖြစ်တဲ့အတွက် လိုင်းကားတွေမထွက်ဘူးလို့ထင်ပါတယ်။ လမ်းမှာ ခရီးသည်တင်ကားအကြီးတွေ မတွေ့ရသလောက်နဲပါးပြီး ဘုရားဖူးကားကြီးတွေသာ တွေ့ခဲ့ရပါတယ်။ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွေကိုတော့ မိုင် ၂ဝ လောက်မောင်းပြီးရင် တစ်ခု ထားထားတယ်နဲ့တူပါတယ်။ ASIA WORLD တံဆိပ်နဲ့ လမ်းအသုံးပြုခ ကောက်ခံနေကြတယ်။ ကားသေးအတွက် ၅၀ဝ ကျပ်ပေးရတယ်။ ဘယ်နှစ်ခုလောက် ပေးခဲ့ရတယ်ဆိုတာတော့ မမှတ်မိတော့ဘူး။ တစ်ချို့ဂိတ်တွေက ၂၀၀၊ တစ်ချို့နေရာက ၃၀ဝ လဲရှိတယ်။ ဒါပေမယ့် အများဆုံးကတော့ ၅၀ဝ ပါပဲ။ ဒီလိုလမ်းကောင်းကောင်းအတွက် ၅၀ဝ ပေးရတာ တန်ပါတယ်။ ဒါပေမယ့် လုံးဝမပေးရတော့ရင် ပိုတန်မယ်လို့ တွေးနေမိတယ်။
အရင်တစ်ခေါက်လာတုန်းက သိန်းနီအကျော်လောက်မှာ စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး ကားတွေရော လူတွေကိုရော စစ်ဆေးတာ သတိရမိတယ်။ အခုတစ်ခေါက် တွေ့နိုးတွေ့နိုးနဲ့ စောင့်ကြည့်လာတာ ၁၀၅ မိုင်စခန်းသာရောက်ရော ဘာစစ်ဆေးရေးမှ မတွေ့ခဲ့ရပါဘူး။ ၁၀၅ မိုင်စခန်းကနေ နဲနဲဆက်မောင်းလိုက်တာနဲ့ မူဆယ်မြို့ထဲကို ရောက်လာပါတယ်။ လူတွေ ဆိုင်ကယ်တွေရှုပ်နေတဲ့ မူဆယ်မြို့က ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ အချိန်ကလဲ ၄ နာရီထိုးခါနီးဖြစ်နေပြီမို့လို့ ဟိုတယ်တစ်ခုဆီပဲ တန်းသွားလိုက်ကြတယ်။ ကျွန်မအဖေက သူ့မိတ်ဆွေတစ်ယောက်ပိုင်တဲ့ဟိုတယ် မူဆယ်မှာရှိတာမို့လို့ ကြိုတင်ဖုန်းဆက်ထားတယ်။ ဒါပေမယ့် တစ်ခါမှ မတည်းဖူးတဲ့ဟိုတယ်တစ်ခုပါ။ မြို့ထဲရောက်တော့ နံမည်မေးပြီး ရှာကြည့်လိုက်တော့ လွယ်လွယ်ကူကူပဲ ရှာတွေ့ပါတယ်။
ဟိုတယ်က အပြင်ပန်းက သားသားနားနားနဲ့ ခြံဝင်းကျယ်ကျယ်နဲ့မို့လို့ ကားထားရတာတော့ အဆင်ပြေပါတယ်။ နောက်နေ့မှာ ကားကိုထားပြီး ရွှေလီကို သွားမှာမို့လို့ အတော်ပါပဲ။ ဒါပေမယ့် …. အခန်းယူပြီး အခန်းထဲကိုရောက်တော့မှပဲ အတော်စုတ်ပြတ်သတ်တဲ့ဟိုတယ်မှန်းသိလိုက်ရတယ်။ ဘာတစ်ခုမှ မကောင်းပါဘူး။ အခြေအနေကြည့်ရတာတော့ မူဆယ်စီးပွားရေး သိပ်ကောင်းပုံမရဘူး။ သင်္ကြန်ရက်တောင် တည်းခိုသူမရှိတဲ့နေရာဖြစ်နေတာက အံ့ဩစရာကောင်းပါတယ်။ ဈေးကလဲ တော်တော်ပေါတယ်။ အဆင့်မြင့်နှစ်ယောက်ခန်းကိုမှ တစ်ရက် ၈၀၀ဝ ကျပ်တဲ့ … ဘာဖြစ်ဖြစ် တစ်ရက်တစ်လေပဲလေဆိုပြီး ရေမိုးချိုးပြီး ခဏနားကြတယ်။ ရေပူပေးထားလို့ ရေချိုးရတာ အညောင်းအညာပြေပြီး လန်းဆန်းသွားတယ်။
သင်္ကြန်စနေပြီမို့ အပြင်ဘက်မှာ ရေပက်သံတွေ၊ မဏ္ဍပ်သံတွေ ဆူညံနေတယ်။ ကျွန်မတို့လဲ ရေစိုမှာကြောက်လို့ မှောင်တဲ့အချိန်မှ အပြင်ထွက်ပြီး ထမင်းစားဖို့ စိတ်ကူးလိုက်ကြတယ်။ မူဆယ်မြို့မှာ အစားအသောက်တွေကောင်းပြီး အရမ်းတန်ပါတယ်။ ရှမ်းဆိုင်တွေများပြီး ရှမ်းလက်ရာ (တရုတ်လက်ရာနဲ့လဲဆင်တူတယ်) ရှမ်းထမင်းဟင်းတွေက စားလို့ကောင်းတယ်။ တစ်ခါပြင်နဲ့စားရင် တစ်ယောက်ကို ၁၅၀ဝ ကျပ်သာ ပေးရပါတယ်။ ကြိုက်တဲ့ ဟင်း ၄ မျိုးနဲ့ တစ်ခါပြင်က စားလို့လုံလောက်ပါတယ်။ ထမင်းစားပြီးတော့ ညဈေးတန်းနေရာဘက် လျှောက်ကြည့်ကြတယ်။ ဈေးတန်းတွေထဲမှာ လူသိပ်မများပဲ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေရှုပ်ယှက်ခတ်နေတာကိုကြည့်ရတာ ဧည့်သည်နဲပြီး အိမ်ရှင်တွေများနေပုံပါပဲ။ ဈေးဝယ်ဖို့ကတော့ ရန်ကုန်နဲ့ဈေးနှုန်းမကွာပဲနဲ့ ရန်ကုန်မှာတောင် လိုချင်တာရှာဝယ်ရတာ ပိုလွယ်ပါလိမ်မယ်။ လတ်ဆတ်ပြီး ရန်ကုန်ထက်ဈေးသက်သာတဲ့ အသီးအနှံတွေကို ဝယ်စားကြတယ်။ ရှမ်းပြောင်းဖူးပြုတ်ကလဲ ချိုချိုစီးစီးနဲ့ စားလို့ကောင်းတယ်။
မူဆယ်မြို့ ဓါတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။ ညဘက်မှောင်မှ ထွက်ခဲ့တာမို့လို့ ရိုက်လို့မရခဲ့ဘူး။ နေ့ခင်းဘက်မှာ ရေတွေတစ်အားပက်နေကြတယ်။ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုနဲ့ ကလေးကစားကွင်းလိုနေရာတစ်ခုမှာ လူတွေကြိတ်ကြိတ်တိုးစည်ကားတယ်။ လမ်းကျဉ်းကျဉ်းလေးတောင်မှ တစ်ဖက်ကနေ တစ်ဖက်ကို ကူးဖို့ ဆိုင်ကယ်တွေကို ဖြတ်ကျော်ဖို့ တော်တော်ကြိုးစားရပါတယ်။ စည်းမရှိ ကမ်းမရှိ ကား ဆိုင်ကယ်တွေကြောင့် အန္တရယ်တော်တော်များပါတယ်။
အေးအေးဆေးဆေး လမ်းလျှောက်ဖို့ မကောင်းတဲ့ အနေအထားမို့လို့ ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။ ဟိုတယ်ရဲ့ အနောက်ဘက်ပြူတင်းပေါက်ကနေ လှမ်းကြည့်ရင် ကြယ်ခေါင်ကို မြင်ရပါတယ်။ ခြံစည်းရိုးတစ်ခုသာခြားတဲ့ ကြယ်ခေါင်မြို့က စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ မိုးထိအောင်မြင့်နေတဲ့ တိုက်ကြီးတွေ၊ လင်းထိန်နေတဲ့လျှပ်စစ်မီးတွေ၊ ချောမွေ့နေတဲ့လမ်းတွေ၊ သန့်ရှင်းမှုတွေကို တစ်ပိုင်းတစ်စ လှမ်းမြင်နေရပါတယ်။
နံရံလေးတစ်ခု ခြားသွားရုံနဲ့ ဘယ်လောက်တောင် ကွာခြားသွားသလဲ? ဘာဖြစ်လို့လဲ?
ခဏနားပါအုန်းမယ် …
နောက်တစ်နေ့ မနက်စောစော ကြယ်ခေါင်ကို သွားမယ်။ မနက် ၆ နာရီခွဲဆိုရင် ဂိတ်ပေါက်ဖွင့်တယ်လို့ပြောတယ်။
ဘယ်လိုသွားပြီး ဘာတွေတွေ့အုန်းမယ်ဆိုတာ အပိုင်း (၅) မှာ ဆက်လက်အားပေးပါအုန်းနော် …
13 comments
မဟာရာဇာ အံစာတုံး
April 25, 2013 at 8:45 am
ထိပ်ဆုံးမှာ “လားရှိုး” ဆိုတာကြီး မြင်လိုက်ရတော့ …
ငယ်ငယ်က ပုံရိပ်အချို့ကို ပြန်မြင်လိုက်မိတယ် … 🙄 🙄
တီတီ တို့သွားတာ သင်္ကြန်တွင်းကြီးကိုး …
ဟင်းလေးမျိုးနဲ့ တစ်ခါပြင် ၁၅၀ဝ တော့တန်သဗျာ …
ဒါ့ထက် … ဟိုလေ ..
ချမ်းမ ချောချောလေးဒွေဂေါ ဒါ့ပုံ ရိုက်ခဲ့ဝူးးးလားဟင် .. ဟီး ..
weiwei
April 25, 2013 at 8:50 am
ချမ်းမတွေကို သတိမထားမိခဲ့ဘူး … စားကောင်းတာ တန်တာ ဘာရှိမလဲပဲ ငမ်းနေတာနဲ့ … 🙂
ကဲ … မိုးလင်းပြီမို့ အပိုင်း (၅) ဆက်ရေးရင်း ရွှေလီကို သွားကြရအောင် …
ကထူးဆန်း
April 25, 2013 at 9:05 am
လမ်းခ အတွက် ပေးရတာ ပေးသင့်ပါသည် ။ ဘာဘဲပြောပြော ကားလမ်းတွေ မြန်မာပြည် စံချိန်နဲ့ဆို ကောင်းတယ် စိတ်ချမ်းသာရတယ် လို့ ဆိုချင်ပါသည် ။ သို့သော် မိုင်ငါးဆယ်လောက် တစ်ခါကောက်ပြီး နဲ နဲ နဲနဲ နဲ့ များများရိတ် တာဘဲ ဆိုးပါသည် ။
အဆိုးဆုံးကတော့ ဝန်ထမ်းတွေ လုပ်စားနေကြတာပါဘဲ။ အစိုးရ ရဲ့ သတ်မှတ်ချက် အရ မိုင်တစ်မိုင်ဆို ဘယ်လောက် သတ်မှတ်ပေးထားပေမဲ့ အကြွေ ပြန်မအမ်းချင်တော့ ဝန်ထမ်းတွေ က ၄၃ဝ ကျလဲ အတိ ၅၀ဝ ။ ၂၆ဝ ကျလဲ ၃၀ဝ စသဖြင့် ကောက်လိုက်တာ ဟာ ဝန်ထမ်းတွေ လုပ်စား အကျင့်စာရိတ္တ တရားဝင်ပျက်ခွင့် ပေးထားသလိုပါဘဲ ။ တစ်လမ်းလောက် ဂိတ်တံမှာ ပေါ်တဲ့ အတိုင်း မကောက်ပါဘူး။
ဂိတ်တံမှာ က ၅၀ဝ ၊ ၃၀ဝ စသဖြင့် ရာပြတ် အတိအကျ မဟုတ်ဘူး ။ -_ ၃ဝ _၅ဝ စသဖြင့် ပါ…
မှတ်မှတ်ရရ credit ပေးချင်တဲ့ ဝန်ထမ်းတစ်ဦးကတော့ ကျွန်တော် တစ်လျောက်လုံး အဲ့ဒီလို toll gate တွေမှာ ရာပြတ် ပေးနေရတာကနေ လားရှိုး ဘက်မှ နောင်ချို မြို့ အဝင်၊ (၁၁-၄-၂၀၁၃ ည ရးဝဝ နာရီ ခန့်မှာ တာဝန်ကျတဲ့ ဝန်ထမ်း) တစ်ဦး သာလျှင် အတိအကျု ဂိတ်တံမှာ ပေါ်တဲ့ အတိုင်း ကောက်ခံလိုက်တဲ့ ဝန်ထမ်း တစ်ဦးပါ ။ (ကျွန်တော် သွားတဲ့ ကားက 2nd class ထဲ ပါနေတော့ ၅၀ဝ ကျော်ပါတယ် ။ ၇၃ဝ ကျပါတယ် ။ ကျ တဲ့ အတိုင်းကောက်လိုက်တာပါ)
ဆင်းတောင် ဓါတ်ပုံရိုက် မှတ်တမ်းတင်ချင်လိုက်သေး .. ဒီရွာထဲ Asia World က ဖတ်သူရှိရင် အဲ့ဒီလို ဝန်ထမ်းမျိုး ပြန်ရှာပြီး ဂုဏ်ပြူ အနားထားသင့်ကြောင်းပါ … လူငယ် အမျိုးသားတစ်ဦးပါ။
MaMa
April 25, 2013 at 9:45 am
လွန်ခဲ့တဲ့ အနှစ်၂ဝလောက် မူဆယ်ရောက်တုန်းကတော့……
ရှမ်းပြည်ရောက်တုန်း ရှမ်းခေါက်ဆွဲစားမယ်ဆိုပြီး လမ်းဘေးဆိုင်မှာ ဝင်စားတာ အတော်လေးညံ့တာကို မှတ်မိနေတယ်။
တည်းခိုခန်းနားက လမ်း၂ဝ မောင်ကောင်းလို ဆိုင်လေးကတော့ ဟင်းအရမ်းစုံပြီး အတော်လေးကို စားကောင်းခဲ့ပါကြောင်းးးးးးးး
သို့သော် ယူသွးတဲ့ ပိုက်ဆံတွေ ပစ္စည်းဝယ်တာနဲ့တင် မလောက်လို့ ထမင်းစားခါနီး ဟင်းပွဲတွေကို ဘယ်လောက်ကျသလဲ မေးပြီး တွက်ချက်ပြီး စားရလို့ အားရပါးရ မစားခဲ့ရပါကြောင်းးးးးးး :eee:
ခင်ခ
April 25, 2013 at 9:52 am
နောက်အပိုင်းကျရင် မဝေနဲ့အတူ ကြယ်ခေါင် လိုက်ခဲ့မယ်။
အခုတော့ မူဆယ်မှ ခဏနားနေမယ်နော်။
KZ
April 25, 2013 at 9:53 am
ရွှေလီ မူဆယ် ဘက်က ရှော့ပင်းသွားလို့ကောင်းသတဲ့ဗျို့။
:hee:
စနေ
April 25, 2013 at 3:52 pm
မဝေ မတွေ့ခဲ့ရတဲ့ စစ်ဆေးရေးဂိတ်က လားရှိုးဘက်ကနေလာရင် သိန်းနီမရောက်ခင်နားလေးက
ရေပူဂိတ်ကို ပြောတာထင်တယ် … အဲဒီဂိတ်က အခု ဖျက်သိမ်းလိုက်ပါပြီ …
မဝေရေ သိန်းနီအထွက်က ကျောက်တောင်လေးတွေ မရိုက်ခဲ့ဘူးလား …
အဲဒီနေရာလေးလဲ ရှုခင်းအရမ်းလှပါတယ် …..
weiwei
April 25, 2013 at 4:20 pm
ဒီပို့စ်ထဲမှာ ကျောက်တောင်ပုံတစ်ပုံ ပါတယ်လေ … အရင်ကလောက် မလှတော့သလိုပဲ .. အဲဒီနားရောက်ရင် ကားပေါ်ကဆင်းပြီး ဓါတ်ပုံရိုက်ကြတယ် …
ရေပူဂိတ်ကို သတိရနေတာက အရင်တစ်ခေါက်က (လွန်ခဲ့တဲ့ ရ နှစ်လောက်က) အဲဒီဂိတ်ကနေ တစ်ခါလှည့်ပြန်ခဲ့ရဖူးလို့ပါ … အဲဒီတုန်းက အဖေ့မိတ်ဆွေနဲ့အတူ ကား ၂ စီးနဲ့သွားကြတာ သူ့ကားက ထုတ်ပြီးကာစ ရှမ်းစတားဂျစ်ကား … အဲဒါပေးမသွားတာနဲ့ ၂ စီးလုံး အတူတူ ပြန်လှည့်ခဲ့ကြရတယ် (အမှတ်တရပေါ့) ..
ကိုပေါက်(မန္တလေး)
April 25, 2013 at 4:20 pm
အတန်ဆုံးကတော့ ကွတ်ခိုင်က ပုံစားထမင်းဆိုင်လေးတွေ ပါဘဲ။
ရေနွေးကြမ်းကလဲ မွှေးမွှေးလေး။
မဝေတို့ ကျောက်ဆောင်လေးမှာဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမ ထိုင်ခဲ့ကြဘူးလားဗျို့။
weiwei
April 25, 2013 at 4:25 pm
နေအရမ်းပူနေတဲ့အချိန်မို့လို့ မထိုင်ဖြစ်ခဲ့ဘူး …
ကျောက်ဆောင်တွေက မလှတော့ပါဘူး … ရှမ်းပြည်ရာသီဥတုကလဲ နေ့ခင်းဘက်မှာ ပူတယ်နော် …. တောင်တွေလဲ အကုန်လုံးကတုံးဖြစ်နေပြီ ..
Mr. MarGa
April 25, 2013 at 7:21 pm
အဲဒီ ရှုခင်းသာပုံလေးကို ရှမ်းနာမည်နဲ့ ရှိတယ်လို့ ပြောတယ်
သိလား မသိဘူး
ဦးမာဃတော့ သိဘူးဗျ
TNA
April 25, 2013 at 10:28 pm
မူဆယ်မှာရေပက်ခံထွက်လိုက်အုံးမယ်။
TNA
April 26, 2013 at 10:14 pm
ဟယ်အားလုံးစိမ်းတိမ်းတိမ်းဝါတာတာလေးဒွေပါလား။ အရင်ခေတ်ကလိုဆို ရဲရဲတောက်ဒို့ဗမာဒွေပေါ့နော်။