ရင်ထဲက ဆူး(၁)

Aung Myint MyatApril 25, 20132min30516

သည်ကိစ္စနှင့် ပတ်သတ်လာလျှင် ကျွန်တော် တစ်ခါတစ်ခါ အလွန်စိတ်တိုသည်။ မခံချင်လဲဖြစ်သည်။မြင်ပြင်းကတ်သည်။ဝမ်းနည်းသည်။ အားမလို အားမရဖြစ်သည်။ ခံစားချက်က အမျိုးစုံပါပေသည်။

တတိယနိုင်ငံကလာတဲ့လူတွေဆို အထင်သေးချင်ကြတာလား။ မြန်မာလူမျိုးဆိုတာ သေးသိမ်နှိမ့်ချစရာ သတ္တဝါအမျိုးအစားဖြစ်နေလို့လား။ ထို”လား”ပေါင်းများစွာနှင့်ပဲ နိုင်ငံခြားမှာ နေ့ရက်များစွာ ဖြတ်သန်းနေရသူဟာလဲ ကျွန်တော်တစ်ယောက်ထဲပဲလား။

ဆရာဇော်ဂျီဟာ သူ့ရဲ့ ‘တို့တိုင်းပြည်’ ကဗျာမှာ ကျွန်တော်တို့ကို သတိပေးခဲ့သလိုဖြစ်နေတာတော့ အသေအချာပဲ။ ဆရာက ရေးထားလေရဲ့။

“ထလော့မြန်မာ၊အို မြန်မာတို့

တို့ရွာတို့မြေ၊တို့ရွာမြေဝယ်

စေတီစပါး၊များလဲများဧ။်

များပါလေလဲ၊တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ကာလကြာလျှင်

ယာစကာမျိုး၊တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျက်၊

မစားလေရ၊ဝမ်းမဝ၍

ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။”

ကိုယ့်နိုင်ငံမှာ စိုက်သမျှသီး၊တူးသမျှ သယံဇာတတွေထွက်၊ သဘာဝအလှအပတွေ ပေါများပါလျက်နဲ့ သောက်ဖို့ရေတောင်မထွက်တဲ့ဒီလိုနိုင်ငံငယ်လေး(စကာင်္ပူ)က ကောင်တွေဆီမှာ လုပ်နေရတာ အင်မတန် အသည်းနာသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဆယ်တန်းအထိ စာတွေကျက်ခဲ့ကြသည်။ အတန်းစဉ် ကြိုးစားခဲ့ကြမည်။ တက္ကသိုလ်ရောက်တော့လဲ ကျက်လိုက်ရတဲ့စာတွေ၊မှတ်လိုက်ရတဲ့ လက်ချာတွေ၊ တွက်လိုက်ရတဲ့ ပုစ္ဆာတွေ…ဒါတွေအားလုံးက တိုင်းတပါးမှာ အသုံးချဖို့၊သူများလူမျိုးကို အောက်ကျဖို့၊ အနှိမ်ခံဖို့ မဟုတ်တာတော့ သေချာသည်။ မည်သူမျှလဲ တွေးခဲ့ဖူးလိမ့်မည်မဟုတ်။ဒီကိစ္စကို အဖြေရှာဖို့စဉ်းစားတိုင်း ခေါင်းတွေချာချာလည်အောင်မူးမတတ်ဖြစ်ချင်သည်။

ကျွန်တော်တို့ အဘိုးတွေ၊အဘွားတွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ တင့်တင့်တယ်တယ်နဲ့ အေးအေးချမ်းချမ်းနေခဲ့ကြသူတွေပဲ။ ဘယ်သူ့ကိုမှ အောက်မကျို့ပဲ ရဲရင့်ကြသူတွေ၊ ရိုးရိုးသားသားနေပြီး ဘဝကို ရှင်းသန့်စွာ ဖြတ်သန်းကြသူတွေပေါ့။

ကျွန်တော်တို့လက်ထက်ကြမှ တရုတ်တို့၊ကုလားတို့ …လူမျိုးခြားတို့ဆီမှာ ထမင်းစားကျွန်ခံလုပ်ဖို့ ကံတရားကဖန်တီးခဲ့တာလား၊ မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးနဲ့ ပညာရေးစနစ်အောက်မှာ မွေးလာတဲ့ ကျွန်တော်တို့လို လူငယ်တွေကပဲ ကံဆိုးတာလား။ အရင် ၁၉၇ဝခုနှစ်ခန့်ကဆိုလျှင် အလုပ်ကြမ်းတွေ၊အိမ်သာကျင်းတူးတာ၊ရေဆိုးမြောင်းဖေါက်တာကအစ မြန်မာလူမျိုးတို့ လုပ်ဖို့ဝေးစွ။လှည့်၍ပင်ကကြည့်။ တရုတ်တို့၊ကုလားတို့ဟာ အောက်ခြေသိမ်း၊ အလုပ်ကြမ်းတို့ကိုလုပ်ရသည်။ ယခုဆိုလျှင်ကြည့်ကြပါလေ…ဒီလို အလုပ်မျိုးတွေကို ဘယ်သူတွေ အများဆုံးလုပ်နေရသလဲ။ ကျွန်တော်တို့ မြန်မာတွေပင် မဟုတ်ပါလော။

ရန်ကုန်မြို့ဧ။် စီးပွားရေးလုပ်ငန်းတွေ အများစုဟာ ကုလားတို့၊တရုတ်တို့ဧ။် လက်ဝယ်တွင်ရှိသည်။ မန္တလေးဆိုလျှင် တမြို့လုံးနီးပါး တရုတ်လူမျိုးတွေကြီးစိုးနေပြီ။ လူမျိုးရေးမုန်းတီးမှုကြောင့် ပြောနေခြင်း၊သူတစ်ပါးလူမျိုးကြီးပွားချမ်းသာတာကို မနာလို မရှုစိမ့်၍ပြောနေခြင်း မဟုတ်ပါ။ သို့သော် မြန်မာပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းလာသူ ကျွန်တော်တို့မြန်မာလူမျိုးတွေ ကျမှ ဆင်းရဲပင်ပန်းပြီး ခက်ခဲကြမ်းတမ်းနေတဲ့ ဘဝတွေ အတွက် ခံပြင်းမိသည်။ ကျွန်တော်တို့လူငယ်တွေ ဒါကို အဖြေရှာရမည်။

ညံ့နေ၊လျှော်နေတာတွေကို ပြင်ရမည်။ အားနည်းချက်တွေကို ရှာဖွေပြီး ပြုပြင်ပြောင်းလဲရမည်။ စည်းလုံးညီညွတ်ကြမည်။သူတစ်ပါးလူမျိုးတွေထက်သာအောင်မိမိလူမျိုးဧ။် ဂုဏ်သိက္ခာကိုမြှင့်တင်ရမည်။ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကတည်းက ကြွေးကြော်ခဲ့ကြသည်။ ကျွန်တော်တို့ဟာ သခင်လူမျိုးတွေပဲ။ ကျွန်ဖြစ်လျှင်တောင်ခဏတာပေါ့။  မိမိအဆင်ပြေနေ၍ ငါတော့မပါဘူးဟူ ယူဆ၍ မရနိုင်စကောင်းပါ။ လူမျိုးနှင့်ချီ၍ ကျွန်တော်တို့ သူများတို့နောက်မှာရောက်နေကြလေပြီ။ ကျွန်ကမွေးတဲ့ကလေးကို သဘောက်ဟုခေါ်သည်။ ကျွန်တော်တို့လူမျိုးတွေဟာ သဘောက်မလေးတွေလဲ မွေးမည့်လူမျိုးမဟုတ်။မိမိကိုယ်တိုင်လဲ ကျွန်အဖြစ်ခံမည့် သူများ မဟုတ်ပါ။ နိုင်ငံတော် အသွင်ကူးပြောင်းဆဲ ကာလမှာ အကောင်းဆုံး အခွင့်အရေးတွေကို လက်လွတ်မခံပဲ ကျွန်တော်တို့ ညီအစ်ကိုတွေ ကြိုးစားကြရပါမည်။

16 comments

  • San Hla Gyi

    April 25, 2013 at 9:00 pm

    ကိုအောင်မြင့်မြတ်ရေ
    ဆောင်းပါးလေးကတော့ မဆိုးပါဘူး။ လူတွေ များများလာမယ့် ဆောင်းပါးမျိုးပါ။ ပို့စ်နဲ့ ပက်သက်လို့တော့ နောက်မှ ပြောပါ့မယ်။ အခုတော့ ပို့စ်နဲ့ မဆိုင်တာ ရယ်စရာ ပြောကြည့်မယ်။ ဆောင်းပါးခေါင်းစဉ်က ရင်ထဲကဆူး လို့ ပေးထားတယ်နော်။ ဒီဆိုက်ဒ်ထဲမှာလည်း ဆူးဆိုတဲ့ ကောင်မလေးရှိတယ်။ ဆောင်းပါးက မသိရင် ဘာကလိုတိုတို ဖြစ်နေတာပေါ့ဗျာ။ နောက်တာနော်။
    ကျနော်လည်း ဟိုးတော်တော် ကြာပြီဖြစ်တဲ့ နှစ်တွေတုန်းက အသည်းထဲကချို ဆိုတဲ့ သီချင်းကို အာတွေ့ပြီး အမြဲတမ်း အော်ဆိုတာ ပတ်ဝန်းကျင်က လူတယောက်က အလိုလို အမြင်မကြည်ဘူးဖြစ်ရော။ ဘာဖြစ်မှန်း မသိဘူး။ နောက်မှသိတယ်။ သူ့မိန်းမ နာမည်က မချိုလေ။
    အလကား ရယ်စရာ ပြောတာပါ။ ပို့စ်က လူတွေ များများကြီး ဆွေးနွေးကြမယ့် ပို့စ်မျိုးမို့လို့ မဆိုင်တဲ့ ရယ်စရာလေး အရင်ပြောကြည့်တာပါ။

    • Aung Myint Myat

      April 26, 2013 at 7:16 pm

      ရယ်စရာလေး ဝင်ပြောပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ရင်ထဲမှာ ပေါက်နေတဲ့ဆူးကို အနည်းငယ်လောက်သက်သာစေတာပေါ့။ ကျွန်တော်အလုပ်လုပ်နေတဲ့ ဆို်ဒ်ထဲကမြန်မာလေးတွေ ပင်ပန်းဆင်းရဲ၊အနှိမ်ခံနေရတာ မြင်တိုင်း ရင်ထဲမှာ ခံစားရလို့ပါဗျာ။

  • Mလုလင်

    April 25, 2013 at 9:11 pm

    ကျွန် ရယ် သခင် ရယ်တော့ ကျုပ်တစ်ဦးတည်း အမြင်အရ လက်မခံ ပါဘူး။ လုပ်အား နဲ့ အခ နဲ့ လဲတယ်ပဲ ကျုပ်လက်ခံပါတယ်။

    • Aung Myint Myat

      April 26, 2013 at 7:29 pm

      ကျွန်ရယ်၊သခင်ရယ်လို့ ရေးလိုက်မိတာက ဒီလိုပါ ကိုလုလင်။ အလုပ်တစ်ခု၊ကုမ္ပဏီတစ်ခုဆိုပါစို့။
      သူဋေးရှိမယ်။ Management Level(,Associate Director, Manager,etc…)ရှိမယ်။ အလုပ်သမား(Workers)တွေရှိမယ်ပေါ့။ အခုဆိုရင် စစ်တမ်းသာကောက်ကြည့်မယ်ဆို…ကျွန်တော်တို့မြန်မာလူမျိုးအများစုဟာ Workers Level မှာ အများဆုံး လုပ်နေကြရတယ်။ သူတစ်ပါးလူမျိုးနဲ့ ယှဉ်မယ်ဆိုရင် Ratingအရမ်းနိမ့်နေတယ်။ ခိုင်းတာမှန်သမျှ အကုန်လုပ်နေကြရတယ့် ရိုးရိုး အောက်ခြေ အလုပ်သမားအဆင့်တွေမှာ အများစုရှိနေကြလို့ မခံချင်စိတ်နဲ့ ခပ်ရိုင်းရိုင်း သုံးနှုန်းလိုက်မိတာ နားလည်ပေးစေချင်ပါတယ်။

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 26, 2013 at 3:42 am

    အလုပ် လုပ်တာ မလုပ်တာနဲ့ပဲ အတော်များများမှာ သက်ဆိုင်သွားတယ်လို့
    ထင်ပါတယ်………………………………………………………………….
    စည်းကမ်းမရှိကြတာလေးတွေလည်း အနည်းအကျဉ်းတော့ ပါမှာပါ……

  • MaMa

    April 26, 2013 at 7:41 am

    ကောင်းမွန်တဲ့ အတွေးအခေါ်ပါတဲ့ စာလေးပါပဲ။
    တစ်ယောက်က စ တစ်ရာ ဆိုသလို….
    တခြားသူတွေကို လက်ညှိုးထိုးနေမယ့်အစားးးးးး
    ကိုယ်တိုင်ကစပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသင့်ပါတယ်။
    ပင်ကိုယ်အသိနဲ့ ပြုပြင်ပြောင်းလဲပြီး ကောင်းမွန်တိုးတက်တဲ့ နိုင်ငံသားတွေ များလာလေ နိုင်ငံ့အနာဂတ်အတွက် အားတက်စရာတွေ ဖြစ်လာမှာပါ။ :hee:

  • lady mobile

    April 26, 2013 at 8:29 am

    မမပြောတာအရမ်းမှန်တယ်။

  • ဦးကြောင်ကြီး

    April 26, 2013 at 9:15 am

    ရင်ထဲကဆူး
    နင်ပဲစထူး
    ကြင်ဘဲဝမြူး
    ထွင်ဖဲလှဖူး
    ရွှင်သဲပြလူး
    ဂျင်စွဲတခြူး
    မြင်လဲရဘူး
    ဝင်နွှဲညဦး…။

  • Wow

    April 26, 2013 at 10:07 am

    အင်း အမုန်းခံပြီး မနေနိုင်မထိုင်နိုင်ဝင်ပြောလိုက်ဦးမယ် :mrgreen:
    မြန်မာတွေမှာ အမျိုးကိုစောင့်ရှောက်တဲ့စိတ်နဲသလားလို့… (စောင့်ရှောက်ပုံက တလွဲနေရာမှာ ဆံပင်ကောင်းနေပီး၊ ကဒေါင်းကျိုက်တခြား ဟိုသင်းတလွဲဆိုတာလို… ) :mrgreen:
    နဲနဲအောင်မြင်ပိုက်ဆံရှိလာတဲ့သူတွေ အတော်များများ လူမျိုးအချင်းချင်းကူညီတာနဲပြီး ဘုရားကြီးသွားရွှေချလိုက်တာပဲ (နိုင်ငံရေးမပါ)
    လက်ချိုးရေလို့ရတယ်… လူအချင်းချင်းကူညီတဲ့ မြန်မာနိုင်ငံသားပိုင် အဖွဲ့အစည်း… (ငတ်မှ သေမှ သွားလှူတာကိုမဆိုလို)…
    လူတွေကို စနစ်တကျ အသက်မွေးဝမ်းကျောင်းမြှင့်တင်ဖို့ ကူညီပေးတဲ့ အဖွဲ့အစည်း… ပြေတီဦးပညာရေးဖောင်ဒေးရှင်း၊ NLD ပညာရေးကွန်ယက်….
    ပြည်ခိုင်ဖြိုးက ချေးငွေထုတ်ပေးတာလုပ်လိုက်သေးတယ်.. သူတို့အမတ်အရွေးမခံရတော့ ပြန်တောင်းတယ်ကြားတယ် :mrgreen:

    အို…ဘာတဲ့ … မြန်မာစိတ်ရင်း မြန်မာရှုခင်း.. အထင်းသိရမယ် ဆိုလား… :mrgreen: :mrgreen:

  • kyeemite

    April 26, 2013 at 11:07 am

    အဓိကအားနည်းချက်တွေကတော့…(တိုတိုပဲပြောပါမယ်)
    ဝိရိယနည်းတယ်၊
    အလွယ်တကူလက်လျှော့တတ်တယ်၊
    ရည်မှန်းချက်ကြီးကြီးမထားဘူး..စားဝတ်နေရေးပြေလည်ရင်တော်ပီလို့တင်းတိမ်တတ်တယ်၊
    ဘာသာရေးကလည်း…ရောင့်ရဲတတ်ဖို့ဆုံးမတိုက်တွန်းတယ်..၊
    ပျင်းတဲ့လူတွေက “ရောင့်ရဲတတ်တာ” လို့အကာအကွယ်ယူပြီးပျင်းပျင်းပဲနေတယ်….၊ :chee:

  • kai

    April 27, 2013 at 4:22 pm

    ကျွန်/သခင် သဘောကို.. နားလည်ပြီးယူပုံ.. အထူးလွဲနေတယ်ထင်မိတယ်..
    ဆိုတော့..
    ပြီးခဲ့တဲ့..တပါတ်ကပဲ.. ကြည့်နေတဲ့..Spartacus ဆိုတဲ့.. စီးရိးပြီးသွားတယ်..
    အဲဒီမှာ.. ကျွန်( Slave)နဲ့.. သခင်( Master)အကြောင်း.. သဘောပေါက်လောက်အောင်ပါပါတယ်..။

    မြန်မာတွေမှာ.. လူတန်းစားခွဲပြီး… လူတန်းစားတခုက..တခုကို.. ကျွန်/သခင် ပုံစံသွင်းမိရက်သားဖြစ်နေတာ.. သတိထားမိတယ်..
    ကျွန်/သခင် ဆက်ဆံရေးနဲ့.. လူသားအချင်းချင်း… အပြန်အလှန်ထိုက်သင့်တဲ့.. လေးစားသမှု.ပြုနိုင်ကြတာ.. ပြုကြတာ.. .လုံးဝ(လုံးဝ)မတူပါ..
    မြန်မာတွေဘဝ.. သေသေချာချာ.. ပြန်သုံးသပ်ကြည့်ပါ..
    စပါတာကပ်ဘဝ..ဇတ်လမ်း…နားလည်အောင်ဖတ်ပါကြည့်ပါ….

    ဒါကို တကယ်သဘောပေါက်ရင်.. သဘောပေါက်ကြမှ.. မြန်မာတွေကျွန်ဘဝကလွတ်ပြီး.. တိုးတက်တဲ့လူဘောင်..တိုင်းပြည်သစ်..မြန်မာသစ်.. တည်ထောင်နို်င်လိမ့်မယ်..
    သခင်မျိုးဟေ့… ဒို့ဘားမန်င်း..

    • အရီးခင်လတ်

      April 27, 2013 at 7:45 pm

      {{ ဒါတွေအားလုံးက တိုင်းတပါးမှာ အသုံးချဖို့၊သူများလူမျိုးကို အောက်ကျဖို့၊ အနှိမ်ခံဖို့ မဟုတ်တာတော့ သေချာသည်။ }}
      ဒီ စာသားလေး မှာ နောက်ထပ် အကြောင်းတစ်ခု ထပ်ဖြည့်ပါရစေ။
      မနေ့က သတင်းတစ်ခု မှာ စပိန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ပိုပိုများလာပြီး တော်ရုံ နိုင်ငံပြင်ပကို လဲ အလုပ်တွေ ထွက်မလုပ်ကြဘူး လို့ ဝေဖန်တာ ကြားလိုက်တယ်။
      မြန်မာပြည် က လူတွေ ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ လက်ကိုင်ထားနိုင်တာမို့ နိုင်ငံတွင်း အလုပ်လက်မဲ့ ဒါဏ် အများကြီး မခံရနေတာ လို့ ထင်မိလိုက်တယ်။
      တကယ်တော့ နိုင်ငံအပြင်မှာ ရရာအလုပ် နဲ့ ထွက်လုပ် နေတဲ့ လူတွေ က တနည်း နိုင်ငံတွင်း မှာ အလုပ်အခွင့်အရေးနေရာ တွေကို ဖွင့်ပေးခဲ့ ရုံမက နိုင်ငံတွင်း ကို ပိုက်ဆံ တွေလဲ ပြန်သွင်းပေးနေသူတွေပါ။
      သတင်းက နေ တွေးမိတာလေးကို မျှရင်း Post ရဲ့ ရည်ညွန်းချက်ကို ချော်သွားရင် စောဒီး။
      😆

      PS
      ပြည်ပမှာ အလုပ်လုပ်သူတွေ နဲ့ ပြည်တွင်းက လူ တွေကို နှိုင်းပြောခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။
      သတင်း လေးပေါ်က ဝေဖန်ချက်လေးက နေ ပြည်ပကလူတွေ အတွက် စဉ်းစားမိတာလေး သက်သက်ပါဘဲ။

  • အရီးခင်လတ်

    April 27, 2013 at 7:47 pm

    ဘိုလိုဖစ်ပြီး သူကြီးမှတ်ချက်မှာ reply ဖြစ်သွားတာလဲ မသိ။ 🙄
    သူကြီးမှတ်ချက် ကို replyတာ မဟုတ်ပါကြောင်း။ 😆

  • အလုပ်လုပ်တယ်ဆိုတာကိုတော့ ကျွန်-သခင် ခွဲလို့မရပါဘူး။
    အလုပ်လုပ်တယ်ဆိုတာ ဘယ်သူဆီမှာလုပ်လုပ်
    သူပေးလာမယ့်ငွေကြေးနဲ့ ကျနော်တို့ရဲ့ လုပ်အား+အချိန်ကို ယာယီလဲလှယ်ကြတာပါ။
    သခင်ဖြစ်ဘို့က သခင်စိတ်ဓါတ်ရင်ထဲမှာကိန်းအောင်းနေဘို့လိုအပ်တယ်ပါ။
    နောက်လူတိုင်း တကယ်ကို အလုပ်လုပ်ဘို့ လိုအပ်ပါတယ်။
    ဘေးနည်းနည်းချော်ပြီး ပြောကြည့်မယ်ဆိုရင် ဘုရားကြိးမှာရွှေသွားချလိုက်တော့ အဲဒီငွေတွေက
    လုံးဝငွေသေဖြစ်သွားပြီး ငွေဖောင်းပွမူ့ကိုလျော့ပါးစေတာပေါ့။
    ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အပြင်ရောက်နေတဲ့ငွေတွေကို အလှုခံ ဘုရားတည်ကျောင်းဆောက်လုပ်ပြီး
    ငွေဖောင်းပွမှု့ကို သွယ်ဝိုက်သောနည်းနဲ့ ထိန်းလိုက်တယ်ဆိုရင်လဲ မမှားပါဘူး။
    ကျနော်က ကိန်းဂဏန်းတွေနဲ့တော့ တွက်မပြတတ်ဘူး။

    • kai

      April 28, 2013 at 2:17 pm

      အဲဒီငွေတွေနဲ့.. ဧရာဝတီမြစ်ဆုံရေကာတာ.. ဖယ်ဒရယ်အစိုးရကိုယ်တိုင်လုပ်ဖြစ်ခဲ့ရင်.. အခုလောက်ဆို.. ဧရာဝတီမြစ်ရေလျှင်ကြောမှာ.. မြန်မာတွေအပျော်စီးသဘောင်္ာတွေနဲ့ငြိမ့်လို့..
      မြစ်ဆုံကထွက်တဲ့..လျှပ်စစ် ချိုင်းနားရောင်းစားပြီး.. ရတဲ့ဘီလီယံငွေနဲ့.. လူတိုင်းအခြေခံကျမ်းမာရေးစောင့်ရှောက်မှု(ဖရီး.. အခမဲ့)လေးနဲ့.. ဇိမ်ကျလို့ဖြစ်နေမှာ…

      ဘုရားကြီးဆီကရွှေတွေသွားမခွာပါဘူး..
      သဒ္ဒါလို့.. လှူတဲ့သူတွေကို.. ဘုရားကြီးရွှေလှူထားပါတယ်ဆိုတဲ့.. အစိုးရငွေတိုက်(ထောက်ခံချက်)လက်မှတ်လေး(မဟနဥက္ကဌဆရာတော်တွေလက်မှတ်နဲ့)ထုတ်ပေးပြီး.. တကယ့်အဲဒီငွေကို.. ပြည်သူဘဏ္ဍာအဖြစ်သိမ်းပစ်မှာ..။

      အဲဒါ.. နတ်ပြည်..လုပ်နည်းပဲ..။ :kwi:

  • ကိုခိုင်ရေ
    မြန်မာပြည်တန်ခိုးကြိးဘုရားတိုင်းက ငွေတွေ (ရွှေသင်္ကန်း ဘုရားဆင်းတုတော်ပေါ်ကပ်တာမပါ)
    မြန်မာ့စီးပွားရေးဘဏ်မှာ အပ်ထားကြတာ တကယ့်ကိုအများကြီး။
    ကိန်းဂဏန်း ကို စိတ်မဝင်စားတော့ ကျနော်မရှာတတ်ပါ။.
    အဲတော့ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမပြောနိုင်ပါ။
    ဒီငွေတွေကို ကိုခို်င်ပြောသလို ဘုရားတွေက တစ်ဆင့်ပြည်သူလူထုကိုပြန်ပြီး စွန့်ကျဲလိုက်မယ်ဆိုရင်လဲ
    ရတာပါဘဲနော်။
    ဒါပေမယ့် လက်ခံကြပါ့မလား ။

Leave a Reply