ကျွန်တော့် အပိုင်းအစ များ
၁၉၈၄
တိုင်းရေးပြည်ရေးတွေမကျန်းမာတဲ့ ကြားထဲ
အမေက ကျွန်တော့်ကိုမွေးတယ်။
၁၉၈၈
ငါတို့ အစ်ကို/ အစ်မ
ငါတို့ ဦးလေး/ အဒေါ်
လမ်းပေါ်မှာလူစုတွေ
သူတို့ ဒီမိုကရေစီတောင်းရင်း
သေနတ်တွေနဲ့ပစ်ခတ်ခံခဲ့ရ။
၁၉၈၉
ကျောင်းတော်ကိုကျွန်တော် ရောက်တယ်
အမေက မေးတယ်
ငါ့သား ကြီးလာ ဘာလုပ်မယ်
ကျွန်တော်မသိဘူး။
၁၉၉၄
ကမာ္ဘကြီးမှာ
အချစ်ဆိုတာ
များပြားလှတာ
ဒါပေမယ့်လည်း
ကိုယ့်ဘဝမှာ
အချစ်မရှိ။
အဲဒီ ကဗျာနဲ့
ရင်ဘတ်ကိုစတင်တော်လှန်ခဲ့။
၁၉၉၈
ကဗျာ၊ ဝတ္ထု၊စာစီစာကုံးတွေက
ကျွန်တော့်ဘဝကိုလွှမ်းမိုးလာတယ်
အမေမသိအောင်
ကျောင်းမှာခိုရေး
ညမှာ ခိုးရေး
ဘဝက ပျော်ဖို့ကောင်းလာ။
၂၀၀၀
သချင်္ာ ဂုဏ်ထူးတစ်ခုနဲ့
ကျွန်တော်ဆယ်တန်းအောင်
ပြီးတော့လည်းဘာမှ မဟုတ်ဘူး
ကျွန်တော်ကဘာမှ မဖြစ်ချင်လို့။
၂၀၀၁
ကွန်ပျူတာကသင်တယ်
ကွန်ပျူတာကိုသင်တယ်
ရှုပ်နေတာပါပဲ
ပြီးတော့ကျွန်တော် ကွန်ပျူတာ ဆရာ ဖြစ်သွားတယ်
လစာ – ၈၀၀ဝကျပ်
ပထမဆုံး လခထဲကအမေနဲ့ အဖေကို ကန်တော့ဖြစ်ခဲ့
နောက်လတွေကျမကန်တော့ဖြစ်ဘူး။
၂၀၀၂
ဘီယာ တစ်ခွက်- ၇၅ ကျပ်
LuckyStrike တစ်လိပ် – ၅ ကျပ်နဲ့
မိဘ မသိအောင်
ခိုးခိုးကျွန်တော် လူကြီး ဖြစ်ခဲ့။
ကွန်ပျူတာတက္ကသိုလ် တက်လို့ရပြီ
တောချုံအုံကြား
တောင်တွေအောက်မှာ
နေပူကြီးထဲ
ဖုံတွေကြားထဲ
ဟဲ့ .. ဒါကတက္ကသိုလ်လား
ကဲ .. တက်ကြတာပေါ့။
၂၀၀၃
ဘာလုပ်ရင်ကောင်းမလဲ တွေးတယ်
ရည်စားမထားဖြစ်ခဲ့ဘူး
ကျွန်တော့်ကျောပိုးအိတ်ထဲ
ခြင်းလုံးတစ်လုံး
ငွေနှစ်ရာ
ဖဲထုပ်တစ်ထုပ်
လောက်လေးဂွနဲ့
တက္ကသိုလ်သွားတက်တဲ့ကျောင်းသားလေးတစ်ယောက်
အလုပ်တွေတော်တော်များခဲ့။
၂၀၀၄
ကျောင်းပြီးတယ်
အလုပ်ဝင်တယ်
ပရိုဂရမ်မာ
ဒီဇိုင်နာ
ဝက်ဘ်ပရိုဂရမ်မာ
မန်နေဂျာ။
၂၀၀၆
ရည်းစားတစ်ယောက်ရတယ်။
၂၀၀၇
အဲဒီ ရည်စားနဲ့ကွဲတယ်
၃ရက် ကြာတော့နောက်တစ်ယောက်ရတယ်။
၂၀၀၈
သူနဲ့ အိမ်ထောင်ကျတယ်။
၂၀၀၉
သမီးလေးကိုမွေးတယ်
ချစ်တယ်။
၂၀၁၀
၆နှစ်ကြာကြိုးစားခဲ့တဲ့ အလုပ်နဲ့
ကျွန်တော် လမ်းခွဲလိုက်တယ်။
ကော်ဖီတွေ လိုက်ကြော်ငြာတယ်
မန္တလေး
ပြင်ဦးလွင်
လားရှိုး
ကချင်ပြည်နယ်
ချင်းပြည်နယ်
ပေါက်၊ မြိုင်
မိုးကုတ်၊သပိတ်ကျင်း
ကျွန်တော်ဟာကြော်ငြာ မန်နေဂျာ။
၂၀၁၁
သမီးနဲ့ ဇနီးကိုထားခဲ့ရပြီး
ကျွန်တော် ရန်ကုန်ရောက်လာတယ်
အလုပ်ထပ်ပြောင်းတယ်
ကျောက်မြောင်းမှာ
တစ်ယောက်တည်းယောင်ချာချာ
ရေးခဲ့ဖူးတဲ့ကဗျာတွေ စာတွေ
အွန်လိုင်းပေါ်ပစ်ချပြီး
ခပ်တည်တည်နဲ့စာရေးဆရာ တက်လုပ်ကြည့်တယ်။
၂၀၁၃
လှိုင်းသစ်ကို ဝတ္ထုတစ်ပုဒ်ပို့တယ်
ပါလာတယ်။
၂၀၁၃ ဧပြီ၊ ၂၄ ရက်
ပြန်တွေးကြည့်တော့
ဘဝဟာ ထူးခြားဖြစ်စဉ်မရှိခဲ့ဘူး
စိတ်ဝင်စားစရာမရှိခဲ့ဘူး
ဘာကိုမှ ချပြစရာမရှိခဲ့ဘူး
ဘာခြေရာမှမကျန်ခဲ့ဘူး
ဘာမှလည်းမဖြစ်ချင်သေးဘူး
မှတ်ပုံတင်ပျောက်တာသုံးခါ
လိုင်စင်ပျောက်တာငါးခါ
ဖုန်းပျောက်တာသုံးခါ
ပိုက်ဆံအိတ်ပျောက်တာအခါခါ
ကျန်တာတွေပျောက်တာ မမှတ်မိနဲ့
မသေခင် စိတ်ချသွားချင်တာက
နာမည်တစ်ခုပဲကျန်ချင်သူ။
(သေပြီးရင်တော့မလိုအပ်တော့)
၂၀၁၃ ဧပြီ၊ ၂ရ ရက်
ပထမဆုံးအကြိမ်
လူတွေကိုလူတွေပါလားလို့
သဘာဝကျကျတွေးဖြစ်ခဲ့။
၂၀၁၃ ဧပြီ၊ ၂၈ ရက်
ကျွန်တော့်ရင်ထဲ
ကျွန်တော့် ဘဝထဲ
ကျွန်တော့် စာတွေထဲ
ဘာမှ ထူးခြားတာတွေ လာမရှာပါနဲ့
အားလုံး ဖြစ်ရိုးဖြစ်စဉ် ရိုးရှင်းနေတာချည်း။
ဗိုလ်နင့်
6 comments
Mr. MarGa
April 29, 2013 at 7:00 pm
အလို………..
ကွန်ပူတာ ကျောင်းတော်သားကြီးပါလား
တွေ့ရတာ ဝမ်းသာပါသဗျို့
ဘဝဇာတ်ကြောင်းကို ဒီလိုလေးရေးလိုက်တော့လဲ ရှင်းသွားတာပဲနော်
မောင် ပေ
April 29, 2013 at 8:23 pm
ဗိုလ်နင့်
ပျိုသင့်
ဟိုပင့်
ချိုဆင့်
လိုကျင့်
အရိပ်စစ်
April 29, 2013 at 9:29 pm
လူတွေကို လူတွေပါလားလို့
သဘာဝကျကျ တွေးဖြစ်ခဲ့ ( ကြိုက်တယ် )
TNA
April 29, 2013 at 10:35 pm
ရင်ကိုနင့်တွားဒါဘဲ ရင်နင့်အောင်ရယ်။ တော်တော်ထိထိမိမိရေးနိုင်တာပဲ။ အထုပ်ပါတ်တိကို ဒီလိုရေးတာ ဒီတခါပဲတွေ့ဖူးသေးတယ်။ သော်တာဆွေတို့များညံ့ချက်။ အရှည်ကြီးတွေရေးနေတယ်။ ဒီလိုတိုတိုထိထိရေး ရမှာ။
kyeemite
April 30, 2013 at 1:19 pm
အပိုင်းအစလေးတွေ တစ်စစီကြည့်သွားပါတယ်ဗျာ
အလင်းဆက်
August 5, 2013 at 9:16 pm
အဲဒီလို ရိုးရိုးရှင်း ရှင်း..နဲ ့..
စာသားကို.. စာသားအဖြစ်ပဲ…မြင်စေတဲ့..
စာပေလက်ရာမျိုးဆို…
အသဲစွဲ ပဲဗျ ။