စည်တော်ကြီး
“စည်တော်ကြီး ”
ညနေပိုင်း ၈၅လမ်းအတိုင်းမြောက်ဘက်ကနေတောင်ဘက်ကိုအလာ မုန့်တီစု လူငယ်များသွေးလှူရှင်
အဖွဲ့နားမှာ ပွဲဈေးတန်းလေးခင်းထားတာကိုတွေ့ရပါတယ်။
အဲဒီနားမှာစင်ကလေးထိုးတာမြင်တော့ တရားပွဲလို့ထင်လိုက်ပေမယ့်သေချာကြည့်မှ “စည်တော်ကြီး”
အဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။
ဒါနဲ့ဘဲဆိုင်ကယ်ကိုလမ်းဘေးထိုး စင်ပေါ်မှာထို်င်နေတဲ့ “အဘ” ကိုဓါတ်ပုံရိုက်ခွင့်တောင်းတော့
ခွင့်ပြုပါတယ်။
အဲဒီ ့ “အဘ” ကပဲ တီးမူတ်မယ့် တူရိယာပစ္စည်းတွေကို နေရာတကျ ချထားပေးပါတယ်။
နဖူးစီးကတော့ ကတ္တှီပါအနီရောင်နဲ့ရေးထားပါတယ်
မန္တလေး စိန်မောင်ချို နန်းတော်ရှေ့ မဟာစည်တော်ကြီးအဖွဲ့ ပါတဲ့။
နဖူးစီးအောက်က စင်နောက်ဆုံးမှာတော့ စည်တော်ကြီး(၂)လုံးချထားပါတယ်။
သူ့နံဘေးမှာတော့ စည်တို(၃)လုံး။
နှစ်လုံးက လှဲထားပြီး တစ်လုံးကတော့ထောင်ထားပါတယ်။
နောက်သံပတ္တလားတစ်လုံး ယကွင်း တစ်စုံ အော်လံနဲ့တွဲထားတဲ့ နှဲကြီးတစ်ခု။
ရှေ့နားမှာတော့ စည်တိုအသေးလေးတစ်လုံး။
အခုတော့ စည်တော်ကြီး နားမထောင်ရတာ အတော်ကြာခဲ့ပါပြီ။
စည်တော်ကြီးအဖွဲ့ကလဲ မန္တလေးမှာမရှိတော့သလောက်။
ခုခေတ်ကလေးများ မဆိုထားနဲ့ ကျနော်တို့ကိုယ်တိုင်တောင် မကြည့်ဖြစ်ခဲ့။
ငယ်ငယ်ကတော့ စည်တော်ကြီး ကြည့်ဘို့ခေါ်ရင်အတော်ပျင်းပါတယ်။
စည်တော်ကြီးကို တစ်ချက်တီးဘို့အရေး လှည့်ပါတ်ကွေ့ဝိုက်ပြီးသီချင်းတွေဆိုနေတတ်တာကိုး။
ငယ်တုံးကတော့ ဒါတွေဟာ အနုပညာဆိုတာနားမလည်ခဲ့။
ကျနော်တို့ငယ်ငယ်ကတော့ ကိစ္စတစ်ခုလုပ်ဘို့ တစ်ခါတည်းမလုပ်ဘဲ အချိန်ဆွဲနေရင်
“စည်တော်ကြီး” လုပ်နေတယ်လို့ ဘန်းစကားအဖြစ်သုံးခဲ့ဘူးပါတယ်။
ကျနော်ဓါတ်ပုံရိုက်ပြီးတဲ့အခါ အစောက “အဘ”ကဘဲ စင်ပေါ်က နေ ဆင်းလာပါတယ်.။
ကျနော်ကလဲ ဒီပုံလေးတွေကို အင်တာနက်ပေါ်မှာတင်မယ့်အကြောင်းပြောပြပါတယ်။
“ငါ့သားရေ ညတစ်ခေါက်လာပါလားကွ အဘက ခေါင်းပေါင်းတွေဘာတွေနဲ့ဆိုမှာ
ပြည့်ပြည့်စုံစုံလေးကြည့်ရတာပေါ့”လိုဆိုပါတယ်။
ဒါပေမယ်ကျနော် ညနောက်တစ်ခေါက်ထပ်ထွက်ဖြစ်မဖြစ်က မသေချာ။
အဲတော့ လဲ မရေ မရာနဲ့ ဘဲ “ဟုတ်ကဲ့”ပြီးပြန်ခဲ့ရပါတယ်။
အစကတော့ စည်တော်ကြီး အကြောင်းမေးအုံးမလို့ပါဘဲ။
ဒါပေမယ့် ပြန်ဖြေရမယ့် အဘ မှာ ရင်နာစရာတွေဖြစ်လာမှာစိုးတာကြောင့်
ဒီအတိုင်းဘဲပြန်ခဲ့ပါတယ်။
ကျနော်တို့ရိုးရာအနုပညာရှင်တွေကို ဘယ်သူတွေကဆက်လက်ချီးမြောက်
ထိန်းသိမ်းကြမလဲ ဆိုတာကို တွေးမိလို့ မမေးရက်တော့ပါဘူး။
ကျနော်ကိုယ်တိုင်လဲ သတင်းပေးတာကလွဲလို့ ဘာမှလုပ်ပေးနိုင်တဲ့လူတစ်ယောက်မဟုတ်လို့ပါဘဲ။
အပြန်လမ်းမှာတော့
“စည်တော်ကြီး စည်တော်ကြီး တီးသံကချို ငါးမည်ရတဲ့ ပြည်ရွှေဘို” ဆိုတဲ့သီချင်းအလိုက်လေးကို
တစ်လမ်းလုံးလေချျွန်နေမိပါရဲ့။
ကိုပေါက်(မန္တလေး)
ကိုပေါက်လမ်းသလားနေသည်
23-5-2013
8 comments
မောင် ပေ
May 24, 2013 at 1:33 pm
ပတ်ပျိုး တို ့ ဘောလယ် တို ့ တီးခိုင်းပြီး
အားပါးတရ နားထောင်ချင်စမ်းပါဘိသနဲ ့
ko pauk mandalay
May 24, 2013 at 10:22 pm
ကိုပေါ ဒါတွေက ပတ်ပျိုးတို့ဘောလယ်တို့ တီးရတဲ့ဟာ မဟုတ်ဘူးဗျ။.
မဟာရာဇာ အံစာတုံး
May 24, 2013 at 4:58 pm
ဒီလို တီးခတ်တဲ့ အသံမျိုး
နားမထောင် ဖြစ်တာ ကြာပြီဗျ …
ကျုပ်လည်း နားထောင်လိုက်ချင်ပါဘိ …
ko pauk mandalay
May 24, 2013 at 10:40 pm
နားထောင်ချင်ရင် မန်လေးကိုထပ်လာခဲ့
padonmar
May 24, 2013 at 8:18 pm
အဲဒီအဘ အသက်ကြီးပြီနော်။ပညာအမွေဆက်ခံမယ့်သူတွေရော ရှိသေးရဲ့လားတွေးမိရင် စိတ်မကောင်းဘူး။
ko pauk mandalay
May 24, 2013 at 10:42 pm
မမာ သေချာတာ မရှိလောက်တော့ဘူး
ဝမ်းနည်းစရာ။
ဒီလိုအဖြစ်မျိုး လွင်မိုး ခရီးသွားနေသည်ပြတုန်းက ကြည့်လိုက်ရတယ်။
ချင်းပြည်နယ်မှာ နှာခေါင်းနဲ့ပုလွေမှုတ်ပြတဲ့ မျိုးဆက်သစ်မရှိတော့တာကိုပါ။
ဦးဦးပါလေရာ
May 24, 2013 at 10:57 pm
ဟောင်းသွားတိုင်းတော့ ရှေးဟောင်း ရှေးရိုး အနုပညာရယ်လို့ အမည်မတပ်နိုင်ဘူးပေါ့ဗျာ..
ဒါပေမယ့် ဒီလို စည်တော်ကြီးဆိုတီးအနုပညာလိုမျိုး တန်းဝင်သမိုင်းဝင် အထိမ်းအမှတ်ဖြစ်တာမျိုးကိုတော့
သေသေချာချာထိန်သိမ်းရမှာ အစိုးရရဲ့ တာဝန်ပါ…။
အစိုးရကမလုပ်နိုင်သေးခင်မှာတော့ အမျိုးကိုချစ်တဲ့ မျိုးချစ်ပြည်သူတွေနဲ့ မျိုးချစ်အနုပညာရှင်တွေကပဲ တာဝန်သိပေးရတော့မှာပေါ့….
ကျွန်တော်ကြားဖူးသလောက် အခြားနိုင်ငံများမှာလဲ သူတို့အစိုးရများက အမျိုးသားအထိမ်းအမှတ်အနုပညာတွေကို တာဝန်ခံ ဒိုင်ခံထိန်သိမ်းပေးကြပါတယ်
(ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား၊ ထိုင်း၊ အင်ဒို၊ မလေး၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ)
အောင်မြင်အောင်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းက တစ်လမ်းပဲရှိပါတယ်။
အဲဒါကတော့ အရင်လုပ်နေကျလို ရိုးရာအနုပညာရှင်တွေကို ချောဆွဲပြီး အလကားမတ်တင်းခိုင်းတာမျိုးမလုပ်ပဲ –
ရိုးရာအနုပညာရှင်တွေကို ရိုးရာအနုပညာနဲ့ သင့်တင့်သောဝင်ငွေရအောင်ဖန်တီးပေးဖို့ပါပဲ…။
ဒီလိုပြောလို့ စည်တော်ကြီးခွေထုတ်ခိုင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့၊ မြို့နယ်ရဲစခန်းတို့ကတဆင့် လူနိုင်တွေကိုရောင်းခိုင်းနေမှာလဲစိုးရသေး
(သူတို့လုပ်တတ်တာကလဲ အဲဒါမျိုးပဲရှိမှာပါ။ 🙁 )
ko pauk mandalay
May 24, 2013 at 11:16 pm
ကိုပါရေ
ဒီလို တစ်ကိုယ်တော်မျုိုးဆက်ပြတ်သွားပေမယ့်
ယဉ်ကျေးမူ့ တက္ကသိုလ်ကတော့ ဆက်လက်ထိန်းသိမ်းတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီလိုပညာရှင်များ ကို မင့်ဘာသာမင်းရှာစား ဆိုပြီး ပစ်မထားသင့်ဘူးလို့ထင်ပါတယ်