သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ- ခရမ်းပြာထက်လူ ( ၂ ဝ ၁ ၃ )
ဒီ ဂျွန်လ အတွက်က သူ့ အတွက် ရည်ရွယ်ပြီးပဲ ပို့(စ) တွေ ရှယ် ပါမယ်။
ဒါက ကဗျာ ဆရာ ခရမ်းပြာထက်လူရဲ့ ကဗျာ အပိုင်း ၆ ပိုင်းပါ။
သူ့ ကို ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာ၊
စိတ်နှစ်ပြီး ရေးထားတဲ့ကဗျာ တွေမို့ သေချာဖတ်ကြည့်ရင် ခံစားလို့ ရနိုင်မဲ့ ကဗျာတွေမို့ ကြိုက်လွန်းလို့ ရှယ်ပါတယ်။
ကျနော်က သံမဏီနှင်းဆီ (၂) နဲ့ (၆) ကို အကြိုက်ဆုံးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ
နေပါဦးလား…….
ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့
နေပါဦးလား…….
တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။
နေပါဦးလား……..
ထောင်ချောက်တွေ ဘရုတပ်သားတွေ လူရိုင်းတွေလက်ထဲမှာ
သတိရပါဦးလား……..
အရှိူးရာဗရဗျစ်နဲ့ ကျောကော့အောင်ခံခဲ့ရတဲ့ ဒဏ်ရာအမာရွတ်တွေနဲ့နေ့တွေကို
သတိရပါဦးလား……..
တစ်ကမ္ဘာလုံးစာ ထည့်ကျိုထားတဲ့ ဒီပြဿနာအိုးကြီးနဲ့သူ့ကို
သတိရပါဦးလား……..
အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ မဒိမ်းအကျင့်ခံခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ခန္ဓီပါရမီကို
ငါတို့ သိနေတာပဲ……
သေရာပါဒဏ်ရာတွေနဲ့ ခုထိ သွေးမတိတ်တဲ့တေးကို ဆိုနေရတယ်ဆိုတာ….
ငါတို့ သိနေတာပဲ…..
နှုတ်မဆက်ချင်လောက်အောင်စောင်းထွက်သွားလည်း သူကတော့ချစ်နေမှာပဲ….
လူမိုက်ဆန်ဆန် လမ်းကိုရဖို့….
ဆန်တွေကိုဒီမြစ်ထဲသွန်ချ ဒီကျင်းကိုဖို့လို့မရဘူးဆိုတာ မင်းတို့သိမှာပေါ့…..
သူက အင်တာနေရှင်နယ်လ် ဖစ်ဂါ(ရ်)…
မင်းတို့က နွားခြေရာခွက်ကို ခုမှကမ္ဘာထင်နေသူ…
ကစားပွဲတစ်ခုမှာ သူကျွေးကိုယ်ကျွေး ပြန်လည်ထိုးကျွေးတာရော မဖြစ်နိုင်ဘူးလား….
ချစ်တယ်ဆို…
ချစ်တယ်ဆို….
ချစ်တယ်ဆို….
သိပ်ချစ်တာပဲဆို….
အမေရှိရင် ငွေရှိတယ်ဆို အမေမရှိရင် ဘာငြိသွားမလဲ စဉ်းစားလေ….
ကြက်ကလေးငှက်ကလေးလို ခြင်းထဲပြန်ကောက်ထည့်….
ပလိုင်းထဲကဖားလို လိုင်းထဲပြန်ထည့် ပေ ထပ်ဖြစ်ချင်လို့လား တူတွေရဲ့အောက်မှာ။
ကိုယ့်လူ အိမ်တစ်အိမ် မိသားစုတစ်စုကိုထိန်းဖို့တောင် ခင်ဗျားမလွယ်ဘူးမဟုတ်လား….
တိုင်းပြည်တစ်ပြည်ကို ရန်သူ့လက်ထဲက ပြန်လုယူဖို့ကိစ္စ ခင်ဗျားတွေးကြည့်တော့။
ကာမစိတ်ကြွဆေးထက်ဆိုးပြီး ဘိန်းစစ်ပွဲထက်ဆိုးတဲ့ မှိုင်းတွေခင်ဗျားတို့ရှေ့မှာ လမ်းသလားလို့…
ကျောင်းသားကို ဆရာကထိန်းနိုင်တယ်….
ဆရာကိုကျောင်းသားတွေက မထိန်းနိုင်ဘူး…..
ခင်ဗျားတို့ရှေ့မှာ…..
အလံအမျိုးမျိုးနဲ့ စာအုပ် သုံး, လေးအုပ်ဖတ်ထားတဲ့ကောင်တွေကိုသတိထား။
ထမင်းကိုတောင်ဝါးပြီးကျွေးတယ်….
ဘယ်တော့မှ…..
အမေဆိုတာ အဆိပ်ကိုမခွံ့ဘူး ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့မြေဩဇာလုပ်ပေးမယ့်ကဗျာ(၂)
နားပါ ဒီအကိုင်းကကြီးတယ် ဒီဂိုဏ်းကခိုင်တယ်…
နားပါ ဒီအသိုင်းအဝိုင်းကကြီးတယ် universal love တံဆိပ်နဲ့။
ချစ်ဖို့ရောက်လာကြတဲ့သူတွေအတွက်…
သူများအသက်မသတ် သတ်သတ်လွတ်စားပြီးစောင့်နေတယ်။
ပိုပေါ့မရှိ ဟစ်တစ်လာမရှိ ဖရန်ကိုမရှိ စောင့်နေတယ်။
အဲ့ဒီ တီရှပ်တစ်ထည်ရဲ့အောက်မှာ…
သွေးပေါင်တွေထိုးကျ သေငယ်ဇောနဲ့မျောနေတဲ့ ရေခဲတိုက်ရောက် နိုင်ငံတစ်နိုင်ငံကို…
Update ဖြစ်ဖို့အတွက် Upgrade လုပ်ဖို့စောင့်နေတဲ့တိုင်းချစ်ပြည်ချစ်တွေရှိတယ်။
လိုတာပေါ့ အရေးပေါ်ချစ်ခြင်းမေတ္တာတွေနဲ့…
အရာရောက်နားလည်မှုကိန်းဂဏာန်းတွေ။
ဒီမှာ တွေ့ဘူးလား…
ပိတောက်ပန်းတွေလို ဝါထိန်အောင် လှနေတဲ့မိန်းမ…
ဒီမှာ တွေ့ဘူးလား…
စိန်ပန်းနီနီရဲရဲတွေနဲ့ သွေးထွက်အောင်လှနေတဲ့မိန်းမ
ဒီမှာ တွေ့ဘူးလား…
Deification of Aung San Suu Kyi လို့အပြောခံရတဲ့မိန်းမ…
ငါတို့အတွက် တစ်ကယ့် main subject ကြီးနဲ့…
နောက်ဘယ်တော့မှထပ်မရနိုင်တော့တဲ့ ဆုလာပ်ကြီး။
အချစ်ဆိုတာ အချစ်ခံရမှ အချစ်မဟုတ်ဘူးကွ…
အချစ်ဆိုတာ ကိုယ်ကချစ်နေတာ ဘာပဲဖြစ်ဖြစ် ဗုံးဆံအမြှောက်ဆံကြားထဲက…
ဟင်းလင်းပွင့်ရင်ဘတ်ကြီးထိုးခံပြီး အသက်ပေး သမိုင်းပေးချစ်နေတာ။
အချစ်ဆိုတာ တစ်ခါတစ်လေ နည်းနည်းတော့စောင်းချင်စောင်းမှာပေါ့…
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေတဲ့ ကမ္ဘာကြီးကိုတောင်…
ငါတို့ ရအောင်ချစ်ခဲ့သေးတာပဲ။
ဘာနှလုံးသွေး ဘာမျက်ရည်အဆွေးစမှမပါပဲ…
အမေ အမေ လို့ ရင်ခေါင်းကွဲသံကြီးနဲ့အော်နေတဲ့ခင်ဗျားတို့ရဲ့ ၄,၃,၂ လင်္ကာတွေ…
အဖတ်ဆယ်လို့မရတော့တဲ့ ‘‘ကွန်ဆာဗေးတစ်’’ ဝါကျတွေနဲ့ ‘‘ရိုမန်းတစ်’’ မုသာဝါဒအလွမ်းတွေ။
ဓါတ်တိုင်ကို ဝါးလုံးခြောက်နဲ့ဖြောင်းကနဲရိုက်ချလိုက်လို့…
ထွက်ပြေးသွားတဲ့ ဗလကြီးလို…
အုတ်ရောရော ကျောက်ရောရောနဲ့ ရောမိရောရာ ရောဆရာများ နေခဲ့။
ဒီအနှစ် ၆ဝကျော်…
သံဗုဒ္ဓေဂါထာနဲ့မရခဲ့တဲ့ ဒီမကျွတ်မလွတ် တစ္ဆေတွေအတွက်…
ဒီအနှစ် ၂ဝ ကျော်ကို…
လင်သေ တစ်ခု သားအရှင် ၂ ယောက်ကို ပစ်ထားခဲ့ပြီး သူလာခဲ့တာလေ။
လူပါးသာ ဝတတ်ပြီး နိုင်ငံရေးပါးမဝတဲ့ ဒီလူအုပ်ကြီးကို အဝီစိကဆွဲတင်ဖို့ ရောက်ခဲ့ရတာလေ။
ဖြုတ်ကြည့်လေ အဲ့ဒီကောင်းကင်ကို…
ခြောက်သွေ့ကွက်လပ် တောရိုင်းမြေအတွက် ဘယ်လိုမိုးတွေရွာချလာမလဲလို့။
တစ်နေ့သေရမယ့်သူအချင်းချင်း ဘာလို့ ညှင်းသိုးသိုးစိုက်ကြည့်နေကြတာလဲ…
ရှေ့က ကမူကထစ်နဲ့ ရွှံ့နွံဗွက်တောတွေထဲမှာ…
အဝတ်စုတ်တွေကိုလုံးထွေး ဘောလုံးလုပ်ကစားနေတဲ့ မင်းကလေးတွေရဲ့အနာဂါတ်…
မင်းဘာလုပ်မလဲ။
ပုံပြင်ထဲက အဖိုးအိုတစ်ယောက်လို ငါတို့ သရက်ပင်တစ်ပင်စီ မစိုက်ခဲ့သင့်ဘူးလား။
ကိုက်ဝါးဖို့ သွားတွေချည်းစိုက်နေတဲ့ ကြက်ဆူပင်တွေကြားမှာ
ငါတို့ အမှန်တရားဆိုတဲ့ အမြိုက်ဆေးပင်ကြီးကိုဝိုင်းမစိုက်သင့်ဘူးလား။
ရန်သူတွေဝိုင်းနေတယ် သေနတ်သံတွေဆူနေတယ် ချိုးငှက်တွေသေနေတယ်…
အုပ်ကွဲလို့ နဂါးလည်းဆွဲ ကျားလည်းဆွဲနေပြီ။
လိုက်ခဲ့ ခေါင်းမပါလည်း ကိုယ်ချည်းပဲ ငြိမ်ငြိမ်လေးလိုက်ခဲ့…
လိုက်ခဲ့ ဒီမိန်းမရဲ့အချစ်မှာ မကူညီရင်နေပါ မနှောက်ယှက်ပါနဲ့ဆိုတဲ့အသိနဲ့ ငြိမ်ငြိမ်လေးလိုက်ခဲ့…
လိုက်ခဲ့ သူ့ဆံပင်တွေပေါ်နှင်းဆီပွင့်လေးတစ်ပွင့်လို…
လိုက်ခဲ့ ဒီမိန်းမရဲ့စွန့်လွတ်စွန့်စားမှု ဒုက္ခနဲ့လျှော်ဖွပ်ထားတဲ့ ပျားရည်အိုးကြီးထဲမှာ…
လိုက်ခဲ့ မြင်းမှီးကိုကျစ်ကျစ်ပါအောင် ဆွဲပြီး သိဒ္ဓတ္ထမင်းသားနောက် မောင်ဆန်လိုက်သလို လိုက်ခဲ့…
လိုက်ခဲ့ စီးကရက်တစ်လိပ်ရဲ့မီး တဖြေးဖြေ တစစ လောင်ကျွမ်းကုန်ဆုံးသွားသလိုသတ္တိနဲ့ရဲရဲရင့်ရင့်…
လိုက်ခဲ့ မင်းဖို့လည်းမဟုတ်ဘူး သူ့ဖို့လည်းမဟုတ်ဘူး…
ဟော့ဟို ကိုယ်ဝန်ဆောင်မိခင်ဗိုက်ထဲက ကလေး ဟော့ဟိုပုခက်ထဲက ခုမှစတဲ့ကလေးနဲ့…
ဟိုစာသင်ခန်းထဲမှာ ပြေးလွှားစော့ကစားနေတဲ့ ကလေးအားလုံးအတွက် လိုက်ခဲ့…
မင်းသိတယ်မဟုတ်လား….
ရေကြီးတယ် မိုးခေါင်တယ် ငလျှင်လှုပ်တယ် မီးလောင်တယ် ဒါကလွဲရင်…
ဘာမှမထွန်းကားတဲ့ တိုင်းပြည်…
ကလိမ်ကကျစ် လူလိမ်လူကောက် လူရှုပ်လူပွေနဲ့သေနတ်သမားတွေကလွဲလို့…
ဘာမှမထွန်းကားတဲ့ တိုင်းပြည်…
ရှိသမျှလူ့အရင်းအမြစ်တွေဆွဲထုတ် ‘‘ငတ်နေကြပါတယ်ခင်ဗျား’’…
မျောက်ပြဆန်တောင်း ငိုပြရုံကလွဲပြီး ဘာတစ်ခုမှ ကုန်းကောက်စရာမရှိတော့တဲ့ တိုင်းပြည်။
ညီလေးရေ မင်းတွေ့လား ….
ငါတို့ရပ်ကွက်ထဲ ဖြူးနေအောင် ဖြောင့်နေတဲ့ ကိုယ်ထူကိုယ်ထလမ်းတွေ…
အေး ဒီလိုပဲ ကိုယ့်လမ်းကိုကိုယ်ထူ ကိုယ့်အလံကို ကိုယ်စိုက်ဖို့အတွက်…
ကိုယ့်ကိုယ်ကိုယ် သိပ်မထူပိန်းစေနဲ့။
မင်းခေါင်းကြီးကို အနည်းဆုံး တစ်ပါတ်တစ်ခါပြန်ဖွင့် စစ်ဆေး လိုသမျှဖြည့်ကဲ့…
သေမင်းကိုမျက်ခြေဖြတ်ထားနိုင်တာကလွဲရင် ဘာနဲ့မှ အဆက်အသွယ်မပြတ်စေနဲ့။
ညီမလေး မင်းကလည်း မင်းခန္ဓာကိုယ်ရဲ့ အခက်အလက်တွေထက်…
ကမ္ဘာကြီးရဲ့အချက်အလက်တွေကို စုပ်ထုတ်ဖို့ မင်းနှုတ်ခမ်းကိုပြင်ထား။
ကိုယ့်လည်ပင်းကိုယ် ပြန်ကြိုးကွင်းမစွပ်မိစေဖို့…
အိမ်ကြက်ခြင်း အိုးမဲသုတ်ခွပ်ရတဲ့အဖြစ်ကလွတ်မြောက်စေဖို့…
ဇာတ်တူသားစားခိုင်းနေတဲ့ ဒီငနဲတွေလက်က ပြေးထွက်နိုင်ဖို့…
ခုန် ခုန် ခုန် လွတ်အောင်ခုန်စမ်း ခုံတွေကိုလွှတ်ချလို့ ဥုံဂါထာတွေကို လွှတ်ချလို့…
စုန်းအတတ်တွေကိုလွှတ်ချလို့…
မှတ်ထား ကိုယ့်အသွေးကိုယ့်အသားမှမပါရင် ဘယ်ချစ်ခြင်းမေတ္တာမှ မီးမလင်းဘူး…
မီးမလင်းတဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်အဝိဇ္ဇာမှ မမြင်ရဘူး…
ဘယ်အဝိဇ္ဇာမှမမြင်ရရင် ဘယ်နိဗ္ဗာန်တံခါးမှ မပွင့်ဘူး။
ငါတို့က ရန်သူမျိုး (၅)ပါးအပြင် အပင်တွေ အသီးတွေ လေနဲ့ ရေထုထဲမှာအပြင်…
ငါတို့ရဲ့ငါတို့အုပ်စုထဲမှာတင်…
ရန်သူဟာ မြင်းကောင်း ခွါလိပ်မယ့်အချိန်ကိုစောင့်လို့…
ရန်သူဟာ အဆင်းဘီးတွန်းမယ့်အခါကိုစောင့်လို့…
ရန်သူဟာ နောက်ကျောဓါးနဲ့ထိုးဖို့အခွင့်ကိုလည်းစောင့်လို့ပေါ့။
ဒီမှာ ကုလားထိုင်တွေကိုရှင်းထား မြက်ခင်းစိမ်းအတိုင်း ငါတို့ထိုင်ကြမယ်…
ပြီးတော့ စဉ်းစားကြ ကိုယ့်အာရုံကိုယ်ဓါးနဲ့လှီးပြီး ကိုယ့်ပစ္စုပ္ပန်ကိုယ်ပြန်ချပြီးကြည့်ကြ…
ခု သူတို့စီးနေတဲ့ကားတွေ မင်းတို့စီးနိုင်နေတာ…
ခု သူတို့သာကိုင်နိုင်တဲ့လက်ကိုင်ဖုန်းတွေ မင်းတို့ကိုင်ထားနိုင်နေတာ…
ခု သူတို့အချုပ်အလုပ်အောက်က…
ခု မင်းတို့ ဆဲလို့ ဆိုလို အော်လို့ ဟစ်လို့ ဆန္ဒပြလို့ ရနေတဲ့ ပါးစပ်ပေါက်တွေဟာ…
ဘယ်သူ့ကြောင့် ရလာကြတာလဲ။
စိတ်ချ သူကတော့ မင်းတို့ကို စိတ်မချလို့…
မိုင်းတောထဲ နှင်းတောထဲ တိုးဝင်ဆက်သွားနေဦးမှာပဲ။
ရန်သူ့အားပေး မင်းစိတ် အဆွေးအမြေ့တွေကိုထုတ်ပြပေးမနေနဲ့။
ဘယ်သူ့ကြောင့် ရန်သူ့မီးအိမ် ကျကွဲပြီး…
ဘယ်သူ့ကြောင့်ကမ္ဘာကြီးမှာ မြန်မာခရီး ပိုလင်းထိန်လာခဲ့ရသလဲ။
ဘယ်တော့မှ အမေက မင်းတို့ကျမယ့်ချောက်ကိုမတူးဘူး…
ငရဲကို သူ့ချွေးခံအင်္ကျီအိပ်ကလေးထဲထိုးသိပ်လို့ မင်းတို့ရဲ့ပန်းခင်းလမ်းကိုသာ အန်ထုတ်ပေးခဲ့မယ့်သူမျိုး။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ(၃)
သူပြောပြီးတဲ့ စကားတွေလည်းမှန်တယ်…
သူမပြောရသေးတဲ့ စကားတွေလည်းမှန်တယ်။
နေရောင်ထဲ ငါ့မျက်လုံးတွေကန်းသွားသလို ဖြစ်ခဲ့ရင်လည်း ဒါ ငါ့အခွင့်အရေးပဲ…
ရှေ့တစ်မျက်နှာစာအတွက်ပါ ပိုကန်းလိုက်ဖို့ ဒါ ငါ့ရဲ့ ဒီမိုကရေစီပဲ…
ငါ့မှာအခွင့်အရေး ရှိတယ် စောင့်ပြီးစောင့်ကြည့်ရမယ့် player တွေထဲမှာ သူမ မပါဝင်သမို့…
ငါ့မျက်လုံးတွေ သူ့မျက်လုံးထဲ ဖေါက်ထည့်လိုက်မယ်။
သားသမီးယုံ စုံလုံးကန်းပဲ ငါကြားခဲ့ဘူးတာ…
မိဘကိုယုံ စုံလုံးကန်းငါမကြားခဲ့ဘူးတာမို့ ငါ့လမ်းကို သူ့ဖိနပ်ထဲ ထည့်လိုက်တယ်။
သူက ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် မဟုတ်ဘူး…
သူက တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲအထဲက။
သူက ငါ့လှေငါထိုး ပဂိုးရောက်ရောက် မဟုတ်ဘူး…
သူက လှိုင်းကြီးလှေအောက် အထဲက။
သူက သတိမမူ ဂူမမြင် မဟုတ်ဘူး…
သူက တောင်ကြီးဖဝါးအောက် အထဲက။
ပြောကြ မိုရှေဒါယန် ကန်းသလိုငါလိုက်ကန်းလိုက်မယ်…
အလိုက်ကန်းဆိုးမသိ follow me သူ့ခွပ်ဒေါင်းတံဆိပ် အလံတော်နောက်က။
‘‘အမှန်တရားဘက်က ရပ်တည်ရင်…
အမှန်တရားဆိုတာ ရှင့်အတွက် ဧရာမ အင်အားကြီးပါ။
အမှားဘက်က ရပ်တည်ရင်တော့…
အမှန်တရားဟာ ရှင့်အတွက် ဧရာမ တုန်လှုပ်မှုကြီးတစ်ခုပေါ့’’ သူပြောခဲ့တာက။
ဘယ့်နဲ့ရှိစ လူ့ဘဝကို ဘာအဓိပ္ပါယ်နဲ့ရောက်လာပြီး…
ဘာရိက္ခာနဲ့ပြန်ထွက်သွားကြမလဲ ကဲ ခင်ဗျားတို့စဉ်းစားကြ။
ကျွန်တော့်အတွက်တော့ သူဟာ…
မီးတောက်ထဲက အကြိမ်ကြိမ် ပြန်ခုန်ထွက်လာနေတဲ့ ဒဏ္ဍာရီထဲက ဖီးနစ်ငှက်တစ်ကောင်ပဲ။
ကျွန်တော့်အတွက်တော့ သူဟာ…
ကောင်းကင်ရဲ့လျှို့ဝှက်ချက်မှာ ဒဏ်ရာတွေနဲ့ထက်မြက်…
ဝိညာဉ်ကို ချွတ်ရင်းတပ်ဆင်ရင်း ကမ္ဘာနဲ့အဝေးမြင့်တက်လာခဲ့တဲ့ ယောနသံစင်ရော်တစ်ကောင်ပဲ။
သူမရှိရင် ငါမရှိတော့တဲ့ အမှောင်လို ငါမရှိရင် သူမရှိတော့တဲ့အလင်းလို…
ကျွန်တော်တို့ ချိတ်ခဲ့မိကြ။ သူမရှိရင်…
ရွှေတောင်ကြီး ပြိုသလို မြက်တစ်ပင်သေသွားသလိုလည်း ဖြစ်တော့မှာပေါ့။
သူပြောခဲ့တယ်…
ပျော့ညံ့တာမဟုတ်ဘူး ပျော့ပျောင်းခဲ့တာတဲ့။
သူပြောခဲ့တယ်…
ဒူးတော့မထောက်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့…
ဒူးခေါင်းဟာ တစ်ကိုယ်လုံးမှာ အမာကြောဆုံးနေရာဖြစ်လို့ပဲတဲ့။
ကဗျာဆရာလို ဖီလိုဆိုဖာလို တရားဟောဆရာတစ်ယောက်လို သူ့ကို ငါကြိုက်တယ်…
ငါကြိုက်တဲ့ ကဗျာကို ငါချစ်တဲ့ ကမ္ဘာကြီးနဲ့ မလဲနိုင်သလိုပေါ့ ငါကြိူက်တယ်။
Soctt ပြောခဲ့သလိုပေါ့တဲ့ သူပြန်ပြောခဲ့တာက…
ကျွန်တော်တို့တစ်တွေ စပြီးလိမ်တာနဲ့ သပွတ်အူလိုက်တော့တာပါပဲတဲ့
စစ်ထောက်လှန်းရေးတွေ…
ကျွန်မကို ခဏခဏမေးမှာက ဘယ်သူတွေနောက်က ထောက်ပံ့ကူညီမှုနဲ့…
ရှေ့ကိုရွေ့နေသလဲပေါ့…
ကျွန်မ ဒီမေးခွန်းတွေကို မဖြေနိုင်ခဲ့ပါ…
ဖြေလိုက်ရင် ကျွန်မပြည်သူတွေကို ကျွန်မ သူတို့လက်ထဲ ဝကွက်အပ်လိုက်သလိုဖြစ်သွားမှာပေါ့တဲ့။
မချစ်တတ်ရင်…
စစ်ပွဲတစ်ပွဲထက် အသေအပျောက်များသွားမယ်ဆိုတာ သူသိခဲ့မှာပေါ့။
အချစ်ဟာ ချစ်တတ်သူအတွက်…
ထောင်အနှစ်၂ဝ လည်းဖြစ်သွားနိုင်သလို…
တစ်သက်တစ်ကျွန်းနဲ့ကြိုးမိန့်တစ်ခုလည်းဖြစ်သွားနိုင်တာ သူသိခဲ့တာပဲ။
လိမ်တယ်ဆိုတာ အပင်ပန်းဆုံးအလုပ်တစ်ခုပါ…
သူပြောခဲ့တာက…
လိမ်တာထက်စာရင် မဖြေခဲ့တာက ကျွန်မအတွက်ပိုကောင်:ခဲ့ပါမှာပါတဲ့။
ဗုဒ္ဓကပြောခဲ့တာကို သူပြန်ပြောတာက…
လိမ်ညာသူတွေ ဒါမှမဟုတ်…
မရိုးသားသူတွေမလုပ်ဝံ့တဲ့အကုသိုလ် မရှိဘူးတဲ့။
ပြည်သူတွေကို လိမ်ရဲညာရဲတဲ့ အစိုးရဟာ…
ပြည်သူတွေအပေါ်မှာ မလုပ်ရဲတဲ့ အကုသိုလ်ရှိမှာ မဟုတ်ဘူးတဲ့။
သူပြောခဲ့တယ်…
အထီးကျန်မှုနဲ့အသည်းကွဲမှုတွေပေါင်းစပ်ထားတဲ့ Colour tone တွေနဲ့ ပြောခဲ့တယ်။
ကုပ်ပေါ်မိုးထားတဲ့ ဓါးကို တံပိုးလို ထမ်းထားရင်း သူပြောခဲ့တယ်။
သူပြောခဲ့တယ်…
ကျည်ဆံတစ်ထာင့်နဲ့ ၅ စက္ကန့်အလို…
မရဏလမ်းမကြီးရဲ့ရင်ဘတ်ကြီးပေါ်မှာတည်တည်ငြိမ်ငြိမ်ရပ်ကာ တည့်တည့်ကြီးလျှောက်လို့…
သူပြောခဲ့တယ် ပြောစရာတွေမကျန်တော့အောင် သူပြောခဲ့ပါပေါ့။
သူပြောခဲ့တာတွေ ငါတို့နားလည်ဖို့…
နားလှည့်ပြီး ပါးရိုက်တာတွေကို သိရမယ်…
အိပ်ရာခင်းအောက်က သျှိုထားတဲ့ သပ်တွေကို သိရမယ်…
အပင်းဆို့ထားတဲ့ မဝရေစာ တွေကိုသိရမယ်…
ဗြောင်လိမ်ဗြောင်စား ထောင်အိမ်ထောင်နားကကောင်တွေကို သိရမယ်။
သရဏဂုံပျက်အောင် ချီခိုင်းထားတဲ့ လက်အုပ်တွေကို…
လက်သီးစုပ်တွေအဖြစ်ပြောင်းရမယ်။
Change တစ်ခုတည်းနဲ့ အိုဘားမား ကမ္ဘာကိုရခဲ့သလို…
ကိုယ့်မြန်မာ ကိုယ်ပြန်ရဖို့ ငါတို့ change ရမယ်။
သတိထား ပွဲလန့်တုန်း ဖျာခင်းမလို့ကြံနေတဲ့ ကြပ်ကုန်းကြီးကို။
ဒေးဗစ်ကော့ပါးဖီးလ်ထက်ကျွမ်းပြီး ဒိုင်နမိုထက်စွမ်းတဲ့ အဲ့ဒီငနဲတွေကို…
သတိထား အဆိပ်ခတ်ချင်ခတ် မခတ်ရင် ဆေးခတ်ပြီး…
၁၆ နှစ်မပြည့်သေးတဲ့…
ငါတို့ရဲ့နိုင်ငံရေးမပြည့်ဝမှုတွေကို အပျိုရည်ဖျက်သွားလိမ့်မယ် သတိထား။
ငါတို့ အမှန်တရားဆိုတာ ဘာလဲ သိရမယ်ကျကျနန။
ထမင်းနပ်မှန် စားနေရရုံဟာ အမှန်တရားမဟုတ်ဘူး…
ထမင်းလုပ်ထဲ အမှန်တရားယောင်ဆောင်ပြီးပုန်းအောင်းနေတဲ့ အရိုးတစ်ချောင်း…
မင်းလည်ချောင်ကိုဆာမူရိုင်းဓါးသမားတစ်ယောက် ဓါးနဲ့ဆွဲချသွားသလိုခွဲချသွားလိမ့်မယ်။
သတိရစေ။
သူပြောတာက ‘‘အမှန်တရားဆိုတာ
ရိုးသားမှုနဲ့စိတ်ကောင်းစေတနာကောင်းရှိမှုထဲကနေ
ဘယ်တော့မှ ခွဲခြမ်းစိတ်ဖြာပစ်ဖို့ မဖြစ်နိုင်ဘူးတဲ့’’
သူကပြောတယ်
‘‘ပရမတ္ထသစ္စာကိုမဆိုက်ရင်တာင်
အမှန်တရားဘက်ကိုရောက်အောင်ကြိုးစားရင်း
အမှန်တရားဘက်မှာရှိရမယ်’’လို့ သူကပြောခဲ့တယ်။
သူဟာ ငါ့အတွက်တော့…
ဉာဏ်ပညာအပြင် ချစ်ခြင်းမေတ္တာတရားတို့နဲ့ပါပြီးပြည့်စုံသူ အလင်းခေတ်ရဲ့ဘုရင်မ။
သူ ဘယ်ကလာခဲ့သလဲ…
သူ ခင်ဗျားတို့ကျွန်တော်တို့ရဲ့မမြင်လိုက်ရတဲ့လွတ်လပ်ရေးဖခင်…
အာရှတိုက်ရဲ့အလင်းလက်ဆုံးကြယ် ဦးအောင်ဆန်းဆိုတဲ့လူတစ်ယောက်ဆီကလာတယ်။
သူ ယခု အ.ထ.က(၁) ဒဂုန်ဆိုတဲ့…
ယခင် အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်းက လာခဲ့တယ်။
သူ အိန္ဒိယပြည် နယူးဒေလီက…
ရေရှူနှင့်မေရီကွန်ဗင့်ကျောင်းနဲ့ လေဒီရှယ်ရီရမ် ကောလိပ်ကလာခဲ့တယ်။
သူ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် ဟူးစ်ကောလိပ်ကလာခဲ့တယ်။
သူ အမေရိကန်ပြည်ထောင်စု…
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး ဦးသန့်ရှိရာနေရာက လာခဲ့တယ်။
သူနဲ့အတူ ကမ္ဘာ့အဆင့် တိုက်စစ်မှူးများအဖြစ်…
ဒဿနဗေဒ နိုင်ငံရေးသိပ္ပံ စီးပွါးရေး နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာတွေပါလာတယ်။
သူသိပ်ကျက်သရေရှိတာပဲလို့ ခင်ဗျားတို့ကျွန်တော်တို့ ကမ္ဘာလုးံကြီးကပြောကြ…
ရှိမှာပေါ့ သူ အိန္ဒိယမှာ အေကီဝိုင်းနားလို့ခါ်တဲ့ ဂျပန် ပန်းအလှပြင်နည်းကိုသင်ခဲ့တယ်လေ။
သူ နှလုံးသား သိပ်နူးညံ့မှာပေါ့…
အဲ့ဒီမှာ သူ အနုပညာ ဘာသာရပ်နဲ့ စန္ဒယားတီခြင်းအတတ်ကို သင်ယူခဲ့တယ်လေ။
သူရဲရင့် သတ္တိတွေလည်းရှိခဲ့မှာပေါ့…
သူ အဲ့ဒီမှာမြင်းတွေကို အစီးသင်ရင်း ရှေ့ခေတ်တိုက်ပွဲတွေအကြာင်းတွေးမိကာ…
မြင်းရဲ့လည်ဆံမွှေးတွေ လေထဲလွင့်နေသလို သူဆံပင် သူ့အတွေးတွေလည်းလေထဲလွင့်ခဲ့ကြမှာပေါ့။
သူအဲ့ဒီလိုလာခဲ့တယ်…
ခင်ဗျား ဘယ်က လာခဲ့သလဲ…
စကော့တလန် ကျောက်သားတွေရဲ့ရင်ကြားကစိမ့်ထွက်လာတဲ့သွေးနဲ့လုပ်ထားတဲ့
စကာ့ဝီစကီ လေး တစိမ့်စိမ့်မျိုကာ…
နာဂစ်မုန်တိုင်းကြီးတိုက်လို့ တိုင်တန်းနစ်သင်္ဘောကြီးတအိအိမြူပ်ဆင်းသွားတာကို…
တမြေ့မြေ့အရသာခံနေခဲ့တဲ့ ခင်ဗျားတို့…
ဘယ်က လာခဲ့ကြသလဲ။
စဉ်းစား ရန်သူရောမိတ်ဆွေပါစဉ်းစား…
ဗိုလ်ချုပ်အောင်ဆန်းကို ရဟန်းသံဃာတွေကပြောသလို…
‘‘ဘုရားပွင့်ခဲ့လို့သာပေါ့ မဟုတ်ရင် အောင်ဆန်းကို ငါတို့ကဘုရားလို့ထင်မှာ’’
အဲ့ဒီလို Bertil Lintner ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဒီလိုပြောခဲ့…
Deification of Aung San Suu Kyi တဲ့…
ကဲစဉ်းစား ခင်ဗျားတို့စဉ်းစား နားလိုက်ကြ ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ(၄)
ဘာလို့ကြားညှပ်ရမှာလည်း…
မသန်သူတွေ ပစ်ချသွားတဲ့အမှိုက်ပုံကို စွမ်းသူတွေရွှေကျင်တဲ့ပွဲ။
ဘာလို့ကြားညှပ်ရမှာလည်း…
နာနာဘာဝတွေ ကျိန်စာတိုက်နှစ်မြုပ်သွားတဲ့မြို့ကို…
ကမ္မဝါဖတ်ပြီး အမှန်တရားဂါထာတစ်ပုဒ်နဲ့ ပြန်ဖေါ်မယ့်ပွဲ။
ဘာလို့ ကြားညှပ်ရမှာလည်း…
ဘာလို့ ကြားညှပ်ရမှာလည်း…
ဘာလို့ ကြားညှပ်ရမှာလည်း…
မီးဟုန်းဟုန်းတောက်နေတဲ့မြို့ကိုအပေါ်စီးက စီးကြည့်ပြီးတယောထိုးနေတာမှမဟုတ်တာ…
ချွေးကိုညှစ်ထုတ်ပြီး သွေးကိုဖေါက်ထုတ် မီးကိုရအောင်ငြိမ်းနေတာလေ။
ဘာလို့ ကြားညှပ်ရမှာလည်း…
တရားကိုနတ်စောင့်တယ်…
နတ်သမီးကိုယ်တိုင် ဆင်းလာတဲ့လမ်းမှာ အမှန်တရားဟာ…
ကျပ်နေတဲ့ဘတ်စ်ကား ကျပ်နေတဲ့ ရထား ကျပ်နေတဲ့ခင်ဗျားတို့သွားကြားက ထွက်လာရမှာပဲ။
အသာစီးရမှနေမယ်ဆိုတဲ့ တိမ်တွေရဲ့အောက်မှာ ရှင်သန်နေရတာထက်…
ဒီညနေခင်းတွေမှာ…
နေလုံးကြီးနဲ့အတူလိုက်ပြီး ပင်လယ်ထဲခုန်ဆင်းသွားရတာကမှ အရသာရှိသေး။
ခေါင်းဆောင်ဆိုတာ…
အဲ့ဒီတိမ်တွေနောက်က ကောင်းကင်ကွ…
ဆိုးတူကောင်းဘက် သူ့ရင်ဘတ်ကြီးနဲ့ ငါတို့ကိုအမြဲနွေးထွေး ဘယ်တော့မှထွက်မပြေးဘူး။
ဘာလို့ ကြားညှပ်ရမှာလည်း…
ဒါ အရိုင်းတိရစ္ဆာန်ခြင်္သေ့တစ်ကောင်ရဲ့သွားကြားထဲညှပ်နေတဲ့ အလံကို…
ခေါင်းဝင်ထိုးပြန်ဆွဲထုတ်နေတဲ့သူတော်စင်တို့ရဲ့ တစ်ကယ့် ပရဟိတ ပွဲကြီးတစ်ပွဲပဲ…
ကဲ ငါတို့ ထပ် share လိုက်ကြအောင်။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ(၅)
ကျွန်တော်နဲ့ငရဲပြည်ကြားက နံရံတစ်ခုလုံးကြေမွ ပျက်စီးသွားသလို…
ဘာစာတစ်လုံးမှပြန်မရအောင် စာရွက်တစ်ရွက်လုံးသမုဒ္ဒရာပါးစပ်ကြီးထဲ ပျက်ကျသွားသလို…
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့မရခဲ့တဲ့ နေ့တစ်နေ့။
‘‘ကျွန်မ ဇနီးကောင်းတစ်ယောက် မဖြစ်ခဲ့ပါဘူး’’တဲ့…
မြက်ပင်လေးတွေတောင် ယောင်လို့အသက်မရှူရဲခဲ့တဲ့ မနက်ခင်း…
သူပြောခဲ့ပုံက…
‘‘မိုက်ကယ်လ်သေတော့ သူ့အနားမှာ ကျမ မရှိခဲ့ဘူးတဲ့’’
‘‘ကျွန်မ မိခင်ကောင်းတစ်ယောက်လည်း မဖြစ်ခဲ့ဘူးတဲ့’’
ရွေ့နေတဲ့တိမ်လေးတွေ ဆက်မသွားရဲအောင် ငြိမ်နေကြတဲ့ ညနေခင်း
သူပြောခဲ့ပုံက…
‘‘ကျွန်မသား အခု ဆေးလိပ်သောက်တတ်နေပြီတဲ့’’
သစ်ပင်မှာ စောက်ထိုးဆွဲချခံထားရတဲ့…
တော်လှန်ရေးသမားတစ်ယောက်ထက်တောင် နာကျင်စရာပိုကောင်းသေး။
အသက်သာရှိပါစေ…
ဘာမဆိုကျွန်တော်တို့ငွေကြေးနဲ့ပြန်ဝယ်လို့ရကြောင်းကို…
အထောက်အထားတွေ အချက်အလက်တွေအားမကိုးပဲ သိခဲ့ကြ။
သေသွားတဲ့ အမေတစ်ယောက်ကို ပြန်ဝယ်နိုင်ဖို့အတွက် ဘာနဲ့မှမရဘူးဆိုတာ…
ဘာတရားမှနားမထောင်ပဲနဲ့မှ ကျွန်တော်တို့မသိနိုင်ကြဘူးလား။
သူနဲ့မဆိုင်လည်း ၃၁ ဘုံမှာလောင်နေတဲ့မီးကို လှမ်းငြိမ်းရင်း…
ပုခက်ထဲက ကလေးကိုလည်းပျော်အောင်သိပ်ရင်း…
အမေဆိုတာ သေပြီးတောင် အိမ်မက်ပေးပြီး…
အဝေးက လှမ်းစောင့်ရှောက်တတ်တာကျွန်တော့်ကိုယ်တွေ့ပဲ။
ဒါနဲ့တောင်ခင်ဗျားက အမေ့အိမ်ကိုလိုချင်လို့…
သွေးရင်းသားရင်း သမိုင်းဝင်အဖေ့မျက်နှာကိုတောင်မထောက် တရားများစွဲရဲသေး။
ဒါနဲ့တောင် ခင်ဗျားက အမေ့အနာဂတ်ကိုချွတ်ဖို့…
အတိတ် ပစ္စုပ္ပန် ဉာဏ်နီဉာဏ်နက် တပ်အလုံးအရင်းကြီးကိုအမိန့်ပေးလို့ ချီတက်လာခဲ့သေး။
ဒါနဲ့တောင် ခင်ဗျားက အမေ့အသက်ကို ဖက်ရွက်လိုသဘောထားကာ…
ကျွန်းပင်ကြီးများခုတ်ချသလို လွင်ပြင်ကြီးပဲကျန်အောင် ခုတ်ချခဲ့ချင်သေး။
အမေနှလုံးသားနဲ့ရေးနေတာကို ခင်ဗျားခြေထောက်နဲ့ရအောင်ဖျက်နေတယ်။
သံဆူးကြိုးအဖျားမှာ…
သွေးစွန်းဒဏ်ရာတွေနဲ့ငြိနေတဲ့ ချိုးဖြူငှက်လေးလို မပျံပဲ ရပ်နေပေမယ့့်…
အမေက လှပါတယ်။
ကန္တာရဆူးပင်တောတွေအလယ်မှာ
တစ်ကိုယ်တော် ချီတက်တိုက်ပွဲဝင်ပွင့်နေရတဲ့ နှင်းဆီနီတစ်ပွင့်လို
အမေက လှပါတယ်။
တစ်ချိန်မှာအမေ့လက်ထဲကြိမ်လုံးလေးတစ်လုံးရောက်လာခဲ့ရင်
အဲ့ဒါဟာ ခင်ဗျားလက်ဖဝါးကိုဖြန့် ဆတ်ဆတ်ပြီး ရိုက်ဖို့မဟုတ်ပါ။
ခင်ဗျားသိပ်လျှောက်ချင်နေတဲ့ နယူးယောက်ခ်မြို့လမ်းမကြီးများနဲ့…
ခင်ဗျားသိပ်ငေးချင်နေတဲ့ ဗင်းနစ်မြို့ရဲ့ဆိပ်ကမ်းများ…
ခင်ဗျားသူငယ်ချင်းတွေကိုဧည့်ခံဖို့ ချန်ဂီလိုလေဆိပ်တွေကို အမေက…
အဲ့ဒီ မှော်ကြိမ်လုံးလေးနဲ့ ခင်ဗျားလက်ထဲဖန်ဆင်းပေးခဲ့ဖို့ဖြစ်မှာပါ။
အမေအရွယ်ရလာပြီ ကိုယ့်လူရေ…
မိနစ် ၇ဝ အတွင်း အနိုင်ဂိုးများသွင်းနိုင်ဖို့ ပြေးရင်းလွှားရင်း…
ငါတို့ရဲ့ညီညွတ်ရေး Teamwork ကိုပြင်ရမယ်…
ငါတို့ရဲ့စိတ်ပိုင်းဆိုင်ရာ Power ကောင်းအောင်လုပ်ရမယ်…
ငါတို့ရဲ့သွေးသစ်သားသစ် မြန်နှုန်းမြင့် speed တွေကိုမြှင့်ရမယ်…
ငါတို့ရဲ့နောက်ကျခဲ့သမျှ Skill အားလုံးကို စီနီယာတွေဆီကသင်ယူလို့…
ဒီမှာ Finishing အဆုံးသတ်ရွှေဂိုးတွေနဲ့ အမေ့ကို ဂုဏ်ပြုလိုက်ကြရအောင်လားကွာ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေဩဇာလုပ်ပေးမယ့် ကဗျာ(၆)
ဒီဘက်က ပလောပီနှံဥထည့်ရင် ဟိုဘက်က အချိုမှုန့်တွေထွက်ကျလာပေမယ့်…
ဒီဘက်က တစ်ကျောင်းလုံးတစ်မြို့လုံးသိပ်ထည့်ရင်တောင်…
ဟိုဘက်က ကဗျာဆရာတစ်ယောက်ထွက်မကျလာနိုင်ဘူး။
အေး… ဒီဘက်ကတစ်သက်လုံးအတွက် တိုင်းပြည်တစ်ပြည်စာထိုးထည့်ရင်တောင်….
ဟိုဘက်က တစ်ခေတ်လုံးအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ထွက်မကျလာနိုင်ဘူး။
အစောကြီးကတည်းကပြောပြီးသား…
အသုံးချမယ်ဆိုရင်…
ရှင်သောက်ပြီးလွှင့်ပစ်လိုက်မယ့် မီးမငြိမ်းသေးတဲ့စီးကရက်တစ်လိပ်အတွက်…
အမှိုက်ကစ ပြဿဒ်မီးမလောင်စေဖို့ ဆေးလိပ်ခွက်တစ်ခုအဖြစ် ကျွန်မရှိနေမယ်။
အစောကြီးကတည်းကပြောပြီးသား…
ဘယ်သူလုပ်လုပ် ငြိမ်းချမ်းရေးရမယ်ဆို ကျွန်မကိုယူ။
ကျွန်မကြောင့် ကမ္ဘာကြီးလင်းထိန်သွားမယ်ဆို ကျွန်မကို မီးပုံထဲပစ်ထည့်လိုက်။
ကျွန်မကြောင့် အရိပ်ရမယ်ဆို ကျွန်မအရေပြာကိုဆုတ်ဖြဲ ကောင်းကင်လုပ်ပစ်လိုက်။
အရိုးကိုတော့ ကျွန်မတိုင်းပြည်ကာကွယ်ရေးအတွက် ဓါးတွေလုပ် ဒါမှမဟုတ်လည်း
ကျွန်မနိုင်ငံလုံခြုံရေးအတွက် ခြံစည်းရိုးခတ်လိုက်ပေါ့။
ကျွန်မမျက်လုံးတွေကိုတော့…
နှစ်ခြိုက်စွာအိပ်ပျော်နေမယ့် ရှင်တို့ရဲ့အိပ်မက်အပြင်ဘက်မှာ ကင်းစောင့်များအဖြစ်ချထားလိုက်။
ကျွန်မပြည်သူတွေအတွက်…
ရှင်တို့ရဲ့လေးလံတဲ့ငရဲကိုတောင် ပြောင်းယူလိုက်ဖို့ရာမှာ ကျွန်မအဆင်သင့်။
အသုံးချမယ်ဆိုရင်လည်း…
မြန်မြန်…
လူတွေလည်းမောလှပြီး တိုင်းပြည်လည်းမွဲလှပြီ အဓိပ္ပါယ်တွေလည်းမဲ့လှပြီ။
မြန်မြန်…
ရှင်တို့လိုချင်တာအကုန်ပြောလိုက်…
မြန်မြန်…
ဒီမီးတောင် မပေါက်ကွဲသေးခင် မီးတောင်ဝမှာကျွန်မကျောခင်းအိပ်နေမယ်…
တစ်မြို့လုံး ဒါမှမဟုတ် ရှင်တို့ လွတ်ရာကျွတ်ရာမရောက်ခင်အထိ ကျွန်မ ဒီမှာ…
ဘုရားအလောင်းမြောက်မင်း ခါးကိုကြိုးစနဲ့ချီ သစ်ပင်ကိုလှမ်းဆွဲထားလိုက်သလို ကျွန်မ ဒီမှာ…
သူမေဓါရှင်ရသေ့က ရွှံ့ညွန်ဗွက်အိုင်မှာ သူ့ခန္ဓာကိုချခင်းထားသလိုပေါ့ ကျွန်မ ဒီမှာ။
မြန် မြန် ရှင်တို့မြန်မြန်။ မြန်နိုင်သလောက်မြန် ဟစ်ဟော့တွေပြောသလို ဂြိုဟ်တုတွေထိုးတက်သွားသလို…
မြန် မြန်။ ။
မြန်မာပြည်ကြီးငြိမ်းချမ်းသာယာဖို့ ရှင်တို့တွေ မြန်မြန်။ ။
ခရမ်းပြာထက်လူ
( ၂ ဝ ၁ ၃ )
17 comments
ဦး ကျောက်ခဲ
June 6, 2013 at 9:50 am
ဟီ ဟိ “စု ချစ်သူ”ကြီးကို “ဆု တောင်းပေးလိုက်မယ်”…
နောင်ဘွမှာ “စု ရဲ့ ဘော်ဒီဂဒ်ကြီးဖြစ်ပါစေ”လို့…
:harr:
P.S ကျုပ်တို့ကတော့ လုပေါင်တစ်ပဲဗျို့…
ဦးကြောင်ကြီး
June 6, 2013 at 10:15 am
စုခြစ်သူ
ထုဆစ်မူ
ပြုသစ်လှူ
ဖုထစ်ဖြူ..
Nay Chi
June 6, 2013 at 10:37 am
ပို့စ်တစ်ခုလုံး ကူးသွားပြီဗျို့….။ ဖတ်ချင်လို့ ရှာနေတဲ့ကဗျာလေးတွေ တစ်စုတစ်စည်းတည်း မြင်ခွင့်ရလိုက်တဲ့အတွက် အားထုတ်စုစည်းပေးတဲ့ KZ ကို ပြောပြနိုင်တာထက်ပိုပြီး ကျေးဇူးတင်ပါတယ်..။ <3
black chaw
June 6, 2013 at 11:10 am
အမေစု ကိုချစ်လို့ ဂုဏ်ပြုချင်တဲ့
မခိုင်ဇာရဲ့ စိတ်ကို
လေးစားမိပါတယ် ဗျာ…။
marblecommet
June 6, 2013 at 11:12 am
ကိုခရမ်းကိုတော့
‘အိမ်အပြန်၊ မိုးကျော်အေး၊ ထိုင်ခံနံပါတ် (၃၄)’
ကတည်းက ကြွေပြီးသား……..
Wow
June 6, 2013 at 12:50 pm
ဂဏန်းများ မကြိုက်မဲ့ ပို့စ်ပဲ ဆွိရဲ့… :kwi:
မဟာရာဇာ အံစာတုံး
June 6, 2013 at 12:52 pm
ကဗျာတွေ
အတော် မိုက်သဗျာ ….။
ကျန်ဒါဒေါ့ သိပ် ပေါဒတ်ဘာဝူးရယ် …။
ဒီဒေါ့ အားပေးတွားဘာဒယ်ရို့ ….။
ကြက်အူလှည့်
June 6, 2013 at 7:32 pm
ကဗျာအရတော့ ဖတ်ကောင်းသဗျ.
ဒါပေသိ. လက်တွေ့လက်ရှိ လုပ်ဆောင်ရမှာနဲ့ နဲနဲဝေးတယ် ခံစားရတယ်.
ဟိုတပိုစ့်မှာ ကျော်ရေးဖူးပါတယ်. ဘယ်မလဲ ဆိုးပေ.
ဆိုးပေ ခနထားဦး. အခုတလော သတင်းတွေ တက်တာထဲ လှုပ်လှုပ်ခတ်ခတ် အရှိဆုံးက.
မန်ယူနည်းပြ ဖာဂူဆန် နားတဲ့သတင်းပဲ.
ဘိုးတော်နားတယ် ဘာဖြစ်လဲ. ဘာမှ မဖြစ်ဘူး. ဒေါင်ဒေါင်မြည်တဲ့ လက်ထောက်နည်းပြအဖွဲ့ကျန်ခဲ့တယ်.
လူတော်တယောက်လို့ အများက လက်ခံထားတဲ့ ဘိုးတော်ကိုယ်တိုင်လည်း နှစ်သက်တဲ့ အတွေ့အကြုံလည်းရှိတဲ့
နည်းပြ ဝင်လာတယ်. စီနီယာအသင်းကလည်း ကမာ္ဘ့ ဘယ်အသင်းကိုမဆို ခြေရည်တူ ကစားနိုင်တဲ့ (ရှုံးတာနိုင်တာထားနော ).
အနေအထားမှာလည်း ရှိပြန်တယ်. ဟော. ဘဏ္ဍာရေးပိုင်း. ကြည့်ဦးမလား. ထိပ်တန်းတွေ ခေါ်ဖို့ ငွေရှိပြန်တယ်.
ဒါဆိုလူငယ်စီမံကိန်းကရော. ယူနိုက်တက်ကင်းဒမ်းရဲ့ ဘယ်ဘောအသင်းမှ မယှဉ်သာအောင်. လူသစ်သွေးသစ်. ပလင်န်သစ်တွေ
ပိုင်သဗျာ. အခြား ဖက်ဆက်လတီလားးး. ပြောစရာကိုမလိုဘူး. လေ့ကျင့်ရေးစင်တာနဲ့ ပစ္စည်းကိရိယာတွေက.လည်း ကမာ္ဘတန်းကိုးဗျ.
ဆိုတော့. မိုက်ကယ်အိုဝင် အထွန်းတောက်ဆုံး ကာလ က အင်ဂလန်အသင်း မအောင်မြင်ခဲ့ဘုမလား.
ကျုပ်တို့ဆီမှာရော ခေါင်းဆောင်မင်းသမီး တယောက်တည်း ကမာ္ဘတန်းဖြစ်ရုံနဲ့ ပြီးပြည့်စုံနိုင်မလား. ပေါ့.
လက်ရှိ ဗမာဘောအသင်းကို မက်ဆီထည့်ကန် ဆီးဂိမ်း မနိုင်စေရဘု အာမခံရဲ့. သည်သဘောပါဗျာ.
ခေါင်းဆောင်ကောင်း
သူတော်ကောင်း
စာရိတ္တကောင်း
အတွေးအခေါ်ကောင်း.
အယူအဆကောင်း
ရပ်တည်မှုကောင်း
အင်းဂလိပ်စာကောင်း
ဆက်ဆံရေးကောင်း
စည်းရုံးရေးကောင်း
သည်းခံမှုအား ကောင်း
ရင့်ကျက်မှုအား ကောင်း.
ကောင်း. ကောင်း. ကောင်း.
မျိုးစုံကောင်း ဗျာ.
(ဝေဖန်တာမဟုတ်ပါ မြင်တာပြောတာပါ)
အခြားအရာအတော်များများကောင်းနေပေမယ့်
နည်းပြ ကောင်း ဟုတ်မဟုတ်တော့ မသိသေးဘူးနော.
သူယှဉ်ရမှာ ဟိုဘက်အသင်းက စနစ်တကျ ထရိန်နင် ဆင်းထားတဲ့ လူတွေ ကိုးးး
နိုင်ငံရေးကို ဘောနဲ့ယှဉ် ကြည့်မိသည့်
ဘောသမား ဂီ.
အရီးခင်လတ်
June 6, 2013 at 8:15 pm
နိုင်ငံရေး ဆိုတာ ဘော်လုံးပွဲ မဟုတ်။
ဘော်လုံးအသင်း ဆိုတာ နည်းပြက အများကြီးထဲ က စိတ်ကြိုက် ဒေါင်ဒေါင်မြည် တွေ ရွေးထည့်ထားတာ။
နိုင်ငံရေး ဆိုတာ မတူတဲ့ မတစ်ထောင်သား စိတ်ဓာတ်မျိုးစုံ၊ လူမျိုးစုံ၊ အကျင့်မျိုးစုံ၊ အလွှာမျိုးစုံ ကို ကြည့်နေရတာ။
ဘော်လုံးပွဲ ဆိုတာ နိုင်ငံတကာ (မြန်မာပွဲ မဟုတ်) ပွဲ ရဲ့ ဒိုင် တွေ ခေါက်ဆွဲမစားဘူး။
မြန်မာပြည် နိုင်ငံရေးမှာ ခေါက်ဆွဲကြိုက် သူ တွေ အများကြီး။
အခုဘဲ သတင်း
တရုတ် ရဲ့ အိမ်မက် တဲ့။
What does Xi Jinping’s China Dream mean?
http://www.bbc.co.uk/news/world-asia-china-22726375
At Xi Jinping’s alma mater, the prestigious Tsinghua University in Beijing, that was certainly the impression.
“For students, the China Dream is perhaps studying hard,” said one science student.
“But I think the core of the dream is the same: We Chinese must do something for the country. I want to be a professor in the future. I want to make a contribution to the education sector.”
မြန်မာပြည် တက္ကသိုလ် က ကျောင်းသား တွေမှာ အဲလို တောင် အိမ်မက် နိုင်လို့လားကွယ်။
ဒီလို အိမ်မက် ကို ဘယ်လို မက်ရမှန်းတောင် မသိနိုင်တဲ့၊ ဖိနှိပ်ခံ/ ဦးနှောက်အဆေးခံ လူငယ် တွေ နဲ့ စုဝေး ထားသော နိုင်ငံ ကို မြန်မာပြည် လို့ ခေါ်ပါသည်။
ဒီတော့
နိုင်ငံရေး ဆိုတာ ဘော်လုံးပွဲ နဲ့ ယှဉ်ကြည့်လို့ ရတဲ့ အရာ မဟုတ်။
ကြက်အူလှည့်
June 6, 2013 at 8:37 pm
No. I dun think so.
နိုင်ငံရေးပါတီတွေ ဆိုတာလည်း ပါတီတွင်းမတော့ ခေါင်းဆောင်ပိုင်းက ဒေါင်ဒေါင်မြည်မယ် ထင်သူတွေ ရွေးတင်ထားတာလေဗျာ.
အရည်အချင်းအင်မတန်ကောင်းတဲ့ နည်းပြတယောက်. သာမန်ညောင်ည ကလပ် အသင်းလေးကို လူလူသူသူဖြစ်အောင်
နည်းပြခဲ့တယ်. ထိုက်သင့်သလောက် အောင်မြင်တယ် လူရိုသေရှင်ရိုသေ ဖြစ်လာတယ်. သို့သော် ချံပျံ ဖလား မနီးစပ်
နိုင်သေးဘူး. ဆိုလိုသည်မှာ သူတို့မှာ ရီဆိုစ့်ပိုင်းအရ လစ်မစ်တွေရှိနေတယ်.
သည်အတွက် သူ့အသင်းသားတွေ ကို ပြိုင်ဘက် အသင်းကြီးတွေက ခေါ်သွားတာတွေ တစင်ထောင်တာတွေ ကြုံရတယ်.
ကဲ. အသင်းကြီးဘက်ကကျပြန်တော့လည်း သူရို့မှာ ရီဆို့စ် ရှိတယ် စဉ်ဆက်မပြတ်တဲ့ လေ့ကျင့်မှု အစဉ်အလာနဲ့ သမိုင်းကြောင်းရှိမယ်
သို့သော် သူရို့ ဦးဆောင်သူကောင်းလိုလာပြီ. ခေါင်းဆောင်ဟောင်းမရှိတော့ဘူး. အသွင်သစ်နဲ့ခရီးသစ် စရမယ့်ကာလ
ဆိုတော့ကာ ရှင်းတယ်. ကလပ်အသင်းတသင်းသာ နိုင်ငံကိုယ်စားပြု. ထွက်ရမဟေ့ ဆိုရင်ဖြင့်.
၁)နည်းပြကောင်းကို ပျမ်းမျှအားဖြင့် ပိုနိမ့်တဲ့အသင်းနဲ့ ပွဲထွက်စေမှာလား.
၂)ပိုကောင်းတဲ့အသင်းကို နည်းပြကောင်းနဲ့ ပွဲထွက်စေမှာလား
၃)ညွန့်ပေါင်းအသင်း ဖွဲ့ပြီး နည်းပြကောင်းကို ကြီးကြပ်စေမှာလား.
ရွေးရမှာပဲ. ဗျ. ကိုယ့် ပြည်တွင်းမတော့ အနှီကလပ်အသင်းတွေ ပြိုင်နေချနေကြမှာပဲ.
အဲ့ သို့သော် နိုင်ငံကိုယ်စားပြု.ိုတဲ့အခါမှာ. လက်ရွေးစဉ်ဖွဲ့တဲ့အခါမှာ. ဆိုတဲ့သဘောပေါ့ဗျာ.
(ဘောလောကမှာ လက်ရွေးစဉ်အသင်းကို နည်းပြသပ်သပ်ခန့်ထားတယ် လို့တော့ပြောလို့ရမပေါ့ သို့သော်ပေါ့လေ).
ဘယ်ဘက်မှာမဆို နတ်နေကိုင်းတွေ ဘုရားဖြစ်မယ့် အုတ်နီခဲတွေ မိုက်မဲသောပဲဟောင်းတွေ မျိုးစုံရှိနေမှာပါပဲ.
ထိပ်ပိုင်း ခေါင်းဆောင်ကို ပုဂ္ဂလိက. ဝေဖန်တဲ့စာရော ဘုန်းတော်ဘွဲ့ရော မဖတ်ချင်ဘူးဗျို့ ခုချိန်မှာ.
ဝေဖန်သံတွေများတဲ့အခါ ထင်ယောင်မြင်မှားဖြစ်တတ်ပြီး ဘုန်းတော်ဘွဲ့များတဲ့အခါ. မပြောတော့ပါဘုလေ.
:harr:
အရီးခင်လတ်
June 6, 2013 at 10:39 pm
ဒုတိယ အတွေး
ဘော်လုံးပွဲ နဲ့ နှိုင်းကြေး ဆိုရင်တော့ ကိုယ့်ကိုဘဲ ကိုယ် ဝေဖန်တော့မယ်။
ကိုယ်လဲ ဝင်မကန်ဘဲ /ဝင်မကန်တတ်ဘဲ တနည်း ကွင်းထဲမှာတောင် မရှိဘဲ အထဲက လူတွေ ကို ဟိုလိုလုပ်လိုက်ပါလား၊ ဒီလို ကန်လိုက်ပါလား ပြောပြီး အော်ဆဲ နေတဲ့ ပွဲကြည့်ပရိတ်သတ်လိုဘဲ။
ဒီရက်ပိုင်း မှာ ကို ပိုဆိုး နေတာ။
နောက်ဥပမာ ကတော့
စိမ်းနေတဲ့ မီးပွိုင့် မြင်ပြီး ရှေ့ က မထွက်နိုင် နှေးတုန့်တုန့် ဖြစ်နေတဲ့ ကားတွေ ကို သတိမထား ရှင်းနေတဲ့လမ်းကို ဘဲ ကြည့်လိုက် ပြီး အရှိန်တင်လိုက်ရင်း ဝင်အောင်း မိတော့ မှာလဲ ကြောက်မိပါရဲ့။
ဒါထက်
ဘီစီ လေးအတွက် ကျေးဇူးပါ။
အဲဒီ ကဗျာ တွေ ကိုအခု မှ ဖတ်ဘူးလို့ မျှပေးတာလဲ ကျေးဇူးပါ သမီးရေ။
padonmar
June 6, 2013 at 9:05 pm
မယ်ဆွိတင်ပေးတဲ့ ကဗျာလေးတွေအတွက်ကျေးဇူးပါ။
ရင်ထဲထိရှနိုင်တဲ့ ကဗျာလေးတွေပါ။
အဲဒီထက်ပိုထိတာကတော့ မောင်ဂီမန့်တဲ့ ကွန်မန့်ပါ။
ဒေါ်စုကို အလွန်နှစ်ရာလောက် လေးစားပါတယ်။
ဒေါ်စုကိုယ်တိုင်လည်း သူ့ကို ချီးမွမ်းတာမှာ ရပ်နေရင် ကြိုက်မယ်မထင်ပါဘူး။
(မြတ်စွာဘုရားက ရှင်ဝက္ကလိကို ငါ့အပုပ်ကောင်ကြီးကို ကြည်ညိုနေရုံနဲ့ အကျိုးမရှိ၊
ငါဘုရားဟောတဲ့ လမ်းစဉ်ကို ကျင့်သုံးမှ ငါဘုရားကို ကြည်ညိုရာရောက်မယ်လို့ မိန့်ခဲ့တာလေး သတိရမိပါတယ်)
ဒေါ်စုတွက် ဆေးလိပ်ဖြတ်တယ် ဆိုတဲ့ ကလေးတစ်ယောက် တွေ့ဖူးပါတယ်။(သာဓုပါ)
ဒေါ်စုလို ချစ်ရင် ဒေါ်စုဘေးကင်းအောင် ကာကွယ်ပေးနေရုံနဲ့ မပြီးပါဘူး။
ဒေါ်စုလို အနစ်နာခံတတ်အောင် ဒေါ်စုလို ထက်မြက်အောင် ဒေါ်စုလိုအမြင်ကျယ်အောင် ကြိုးစားနေမှ
(မမီသေးတောင်မှ) ဒေါ်စုကို တကယ်ချစ်ရာရောက်ပါမယ်။
kyaw hteik
June 7, 2013 at 12:35 am
ကဗျာကောင်း နှင့် comment ကောင်းများကိုဖတ်ရလို့ ပို့ပိုင်ရှင် KZ ကိုကျေးဇူးတင်ပါတယ်။
ကျနော်ကို ပြန် share ခွင့်ပြုပါ ခင်ဗျာ။
ဦးဦးပါလေရာ
June 7, 2013 at 11:38 am
တကယ့်တကယ်တော့
ကျုပ်တို့ဆီမယ်
ရွေးစရာလဲ များများမရှိပါဘူး…
ရှိတဲ့ထဲကပဲ ရွေးရမှာ
လူအားလုံးကျေနပ်မယ့်
လူအားလုံးအကြိုက်တွေ့မယ့်
လူအားလုံး အကျိုးရှိမယ့် အဖြေဆိုတာ
လောကမှာ အခုလဲမရှိ၊ နောင်လဲမရှိ၊ ဘယ်တော့မှလဲမရှိနိုင်ပါဘူး……
လူများစု အကျိုးရှိမယ့် အဖြေကို ထုတ်ပေးနို်င်မယ်ဆိုရင်ကို
အဲဒီခေါင်းဆောင်ကို ငြင်းစရာမလိုတော့ဘူး…..
KZ
June 7, 2013 at 12:08 pm
ကျနော် ပြောပြီးပါပကော။
မွေးနေ့ရှိတဲ့ လ အမှတ်တရ ရှယ်ပါတယ်လို့။
ဘုန်းတော်ဘွဲ့ တော့လည်းမဟုတ်ပါဘူး။ ဟုတ်နေတယ်လို့ ထင်ရင်တောင် ဒီ လ အတွက် သည်းခံကြပါ။
ဒီလောက် ဘုန်းတော်ဘွဲ ့နေရတာလည်း သူ့အကြောင်းကို မသိသေးတဲ့ သူတွေ အများကြီးရယ်။
ကိုယ့်လို အသက်တန်းမှာကို “”ဒေါ် အောင်ဆန်းစုကြည်က ဘာတွေ လုပ်ပေးခဲ့လို့လည်း”” ဆိုတာ မေးသူတွေ တွေ့ဖူးနေလို့ပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က ဘာ အထောက်အပံ့မှ မပေးနိုင်လို့ ငြိမ်ငြိမ်လေး နေချင်ပေမဲ့
ထိုင်လည်း ထိုင်နေသေး၊ ဘုလည်း ပြောသေးဆိုတဲ့ လူမျိုးတွေကြောင့်သာ စိတ်တွေ တိုနေရတာပါ။
ရှင်းရှင်းပဲ။ ကိုယ် သူ့လို မစွန့်လွှတ်နိုင်တာတွေ အများကြီးပဲ။ ဒါကြောင့် သူ ကောင်းမယ်ထင်လို့ လုပ်ပေးသမျှကို ငြိမ်ကြည့်နေလိုက်မယ်။ ဘက်တိုက်ဖို့၊ မသိပဲ ဝေဖန်ဖို့တော့ ဒီ တစ်သက်မစဉ်းစားဘူး။
ပြည်ပ မှာ နေနေတဲ့ လူ တစ်ယောက်အနေနဲ့ သူ လွတ်လာတဲ့ နောက်ပိုင်းမှ မြန်မာလို့ ဝင့်ကြွားစွာ ပြောနိုင်တာ တစ်ခုတည်းနဲ့တင် သူ့ ဘုန်းတော်ဘွဲ့ ရလည်း တန်၏။
ကျန်တာပြောချင်တာတွေ ဟိုဘက်ပို့(စ) မှာ ပြောပြီးပြီမို့ တစ်ယောက်ချင်းလိုက်ပြီး ရီပလိုင်းမလုပ်နိုင်တာ ခွင့်လွှတ်ပါ။
ဦးဦးပါ
အရီး
အာတီဒုံ
ကိုကျော်ထိုက်
ကိုဘလက်
အံစာ
ကိုကမ်း
ဝါး
ဦးကျောက်
ဦးကြောင်
ဂီ
ကော်မန့် တွေ အတွက် ကျေးဇူးတင်ပါတယ်။
:hee:
Wow
June 7, 2013 at 12:52 pm
ဆွိပြောသလိုပါပဲ.. စာအုတ်အနီလေးကိုင်ပြီး မျက်နှာငယ်ခဲ့ရတဲ့ဘွကနေ… မြန်မာဆိုတာနဲ့ “အိုး… လေဒီကို နင်တွေ့ဖူးလား၊ ငါသူ့ကို အရမ်းလေးစားတယ်” ဆိုပြီး ပြောင်းသွားတဲ့ အချိုးတွေနဲ့တင်… သူဘာမှလုပ်မပေးလဲ တန်နေဘီ… ခွင့်ပြုတယ် ခွင့်လွတ်တယ်(ဘာလုပ်လုပ်)…. ယုံကြည်တယ်…
Foreign Resident
June 7, 2013 at 1:09 pm
သမီး KZ ရေ ။
Post / ကဗျာကောင်းလေးတွေအတွက် ၊
ကျေးဇူးတင်ပါတယ်ကွယ် ။