အဌမနေ့ အပိုင်း(၄)

အပိုင်း (၃) မှအဆက်

မြို့ခံလူထုအတွင်းဝယ် ငွေကြေးကိစ္စသည် အဓိကစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တရားခံအက်ရှ်လေ၏ လစာ နည်းမှန်း လူတိုင်းသိသည်။ အသားသည်၏ ငွေတောင်းခံလွှာပေါ်မှ ငွေစာရင်းကို လူတကာသိသည်။ အက်ရှ်လေ၏ စုဆောင်းငွေ လောက်လောက်လားလား မရှိပုံကို ဘဏ်သူဌေးကတော်က ရင်းနှီးသော မိတ်ဆွေများအား ဖောက်သည်ချသည်။ ဂျွန်အက်ရှ်လေ သည် တစ်ဆယ့်ခုနစ်နှစ်အတွင်း လူ့အဖွဲ့အစည်း ဥပဒေ၏ ကျေချမ်းစရာ မကောင်းဆုံးသော ပြစ်မှုကို ကျုးလွန်ခဲ့သည်။
——–
အပိုင်း (၄)
တရားရင်ဆိုင်ရာတွင် ထူးထူးခြားခြား အချိန်ကြာညောင်းခဲ့၍ အက်ရှ်လေသည် ငွေမစုနိုင်ခဲ့။ တရားရင်ဆိုင်ပြီး သိပ်မ ကြာ အက်ရှ်လေသည် သူ၏ရှေ့နေကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည်။ တရားရုံးက စီစဉ်ပေးသည့်အတိုင်း ကိုယ် တိုင်ကိုယ်ကျ ခုခံပြောဆိုခဲ့သည်။ မြိုင်ဂေဟာသို့ တစ်ပတ်ရစ်ဝယ်ရောင်းသမား ရောက်လာခြင်းကို တမြို့လုံးသိလိုက်ကြသည်။
မြိုင်ဂေဟာ၏ ပရိဘောဂများ၊ အိုးခွက်ပန်းကန်၊ ပြတင်းလိုက်ကာနှင့် အထည်များ၊ ခန်းမထဲမှ မတ်ရပ်နာရီကြီး၊ စန္ဒရားနှင့်  အတူ ဗာဂျီးနီးယားအကများကိုပါ ကားနှင့်တိုက်၍ သယ်ဆောင်သွားသည်။ ရော်ဂျာ၏ ဘင်ဂျိုလေးပင် ဝယ်ရောင်းသမား၏ ကားထဲ ပါသွားခဲ့ရှာသည်။ အက်ရှ်လေမိသားစုသည် မြိုင်ဂေဟာရှိ ကြက်ခြံ၊ နွားနှင့် ခြံထွက်သီးနှံတို့အပေါ် ဝမ်းရေးဖြေရှင်း နေခဲ့ကြသည်။ အသားသည်၏ ငွေတောင်းခံလွှာလည်း မလာတော့။ တရားခံအက်ရှ်လေကို တရားစီရင်ရန် ဂျိုးလီယက်သို့ ခေါ်မသွားခင် နောက်ဆုံးရက်၌ အက်ရှ်လေသည် သူပိုင်ရွှေလက်ပတ်နာရီကို သားထံပေးပို့ခဲ့သည်။ ထိုနာရီသည် မိသားစု၏ နောက်ဆုံးလက်ကျန် အသွင်ပြောင်းနိုင်သော ပစ္စည်းဖြစ်၏။
အက်ရှ်လေကို ရုံးတင်နေစဉ်ကာလနှင့် ပျောက်ဆုံးသွားစဉ်ကာလများအတွင်း မြိုင်ဂေဟာကို တမြို့လုံးက စောင့်ကြည့် နေကြသည်။ စောင့်ကြည့်နေကြပုံမှာ ခိုးကြောင်ခိုးဝှက်နှင့် အသက်ရှုမှားမတတ်ပင် ဖြစ်သည်။ အိမ်ကိုလာလည်သူ အချို့တော့ ရှိသည်။ ဗိုလ်မှူးစတော့ဇ်၏ ရုံးခန်းမှ ကိုယ်စားလှယ်အချို့ မြိုင်ဂေဟာသို့ မကြာခဏရောက်လာပြီး ဘီတာအက်ရှ်လေကို မေး ခွန်းများဖြင့် နှိပ်စက်လေ့ရှိသည်။ အပ်ချုပ်သမ မစ္စဒုကော့ဖ်၊ ယခုအခါ သတ္တုတွင်းကိစ္စအားလုံး ပခုံးထမ်းထားရပြီဖြစ်သော မစ္စသွန်(မ်) နှင့် ဒေါက်တာဂီလီတို့ မြိုင်ဂေဟာသို့ အလည်လာကြသည်။ မိသားစု၏ လူကြီးသူမ ဒေါက်တာဘင်ဆင်သည် မြိုင်ဂေဟာသို့ လာမကြည့်။ တရားခံရှိရာ အချုပ်ထဲသွားတွေ့သည်။ တရားခံအက်ရှ်လေသည် နောင်တရသည့်ပုံစံမျိုး မဖော်ပြ ခဲ့သဖြင့် ဒေါက်တာဘင်ဆင်သည် ဝတ္တရားအရ မြိုင်ဂေဟာသို့ သွားရောက်ကြည့်ရှုရမည့်အပေါ် စိတ်ပေါ့သွားသည်။
ဘုရားကျောင်းမှ အမျိုးသမီးအုပ်သည် သွားသင့်မသွားသင့် ခေါင်းချင်းရိုက်ကြသေးသည်။ ဆရာတော်က အားမပေးပါ ဘဲ သူတို့သူငယ်ချင်း ဘီတာအက်ရှ်လေကို တွေ့ရန် မြိုင်ဂေဟာသို့ တစ်စုတစ်ဝေးကြီး ချီတက်လာပြီးမှ အိမ်နှင့်ကိုက်နှစ်ဆယ် ခန့်အကွာတွင် စိတ်ပျက်လက်ပျက်ဖြစ်ကြရသည်။ ဘီတာသည် သာသနာပြုအဖွဲ့တွင် သူတို့နှင့်အတူ ချုပ်ခဲ့လုပ်ခဲ့သူ၊ အီစတာ ပွဲနှင့် ခရစ္စမတ်ပွဲအတွက် ဘုရားကျောင်း အလှဆင်ရာတွင် အတူဝိုုင်းဝန်းလုပ်ကိုင်ပေးခဲ့သူ၊ သူတို့၏ကလေးများအား ညစာစား ရန် အတူကစားရန် မြိုင်ဂေဟာသို့ ဖိတ်ခေါ်ခဲ့သူ။ သို့ရာတွင် … သို့ရာတွင် … ဘီတာသည် နှစ်ပေါင်းများစွာအတွင်း သူ တို့အား ဘယ်တုန်းကမှ ကိုယ်ပိုင်အမည်ကို မခေါ်ဖူးခဲ့။ လင်စင်း၏ဇနီး ယူစတေးရှားနှင့် မစ္စသွန်(မ်)တို့ကိုသာလျှင် ကိုယ်ပိုင် အမည်ခေါ်ဖူးသည်။ အိမ်အကူကောင်မလေးကိုပင် မစ္စဆွီစန် ဟုခေါ်ခဲ့သူဖြစ်သည်။

—-
အသက်တစ်ဆယ့်ခုနစ်နှစ်ခွဲသာရှိသေးသည့် အက်ရှ်လေ၏ တစ်ဦးတည်းသောသား ရော်ဂျာ တစ်ယောက် ကျောက်မီး သွေးမြို့မှ ထွက်ခွာသွားကြောင်း သတင်းသည် တအိမ်တက်ဆင်း ပြန့်နှံ့သွားသည်။ ရော်ဂျာသည် အပြင်လောကတွင် ငွေရှာ ပြီး မိခင်ထံငွေပို့မည် ယူဆရသည်။ ဆောင်းတွင်းရောက်သောအခါ အက်ရှ်လေ၏သမီးများ ကျောင်းပြန်မတက်ကြ။ ဘီတာ သည် ကလေးများကို ကိုယ်တိုင်စာပြသည်။ အသက်တစ်ဆယ့်ကိုးနှစ်အရွယ် သမီးကြီးလီလီနှင့် ကိုးနှစ်အရွယ် သမီးထွေး ကွန်စတင့်တို့သည် မိခင် ဘီတာကဲ့သို့ပင် မြိုင်ဂေဟာ ဂိတ်တံခါးမှ အပြင်သို့ မထွက်သည်မှာ တစ်နှစ်ခွဲကြာခဲ့ပြီ။
မိသားစုအတွက် ဈေးဝယ်ထွက်ပေးသူမှာ တစ်ဆယ့်လေးနှစ်အရွယ် သမီးလတ် ဆိုဖီယာ။ ဆိုဖီယာအား လမ်းပေါ် တွင် နေ့စဉ်တွေ့နိုင်သည်။ ဆိုဖီယာသည် သိဟောင်းကျွမ်းဟောင်းများအား ခါတိုင်းလို ရွှင်ရွှင်လန်းလန်း ခေါင်းညိတ်နှုတ်ဆက် လျှင် အများစုက ဆေးဖော်ကြောဖက် မလုပ်ကြ။ ဆိုဖီယာကမူ ထိုအဖြစ်ကို မသိသလိုပင်။ ဆပ်ပြာ၊ ဂျုံ၊ တဆေး၊ အပ်ချည်၊ ဆံညှပ်၊ ြ<ွကက်ထောင်သည့် ဒိန်ခဲ စသည့် ဆိုဖီယာ ဝယ်သမျှ ကုန်ပစ္စည်းများကလည်း တစ်အိမ်တက်ဆင်း ပျံ့နှံ့စရာ သတင်း တစ်ပုဒ်ဖြစ်ခဲ့သည်။

—-
အက်ရှ်လေ ကယ်ထုတ်ခံရသည့်သတင်းကို နောက်ဆုံးမှ ကြားသိရသည့် လူတွေထဲ မြိုင်ဂေဟာအိမ်သားများ ပါဝင် သည်။ သတင်းသယ်ဆောင်လာသူမှာ ပေါ်ကီ။ ရော်ဂျာ၏ အကောင်းဆုံးမိတ်ဆွေ။ အသက်နှစ်ဆယ့်တစ်နှစ် ရှိပြီဖြစ်သည့် ပေါ်ကီ၏ မျိုးရိုးအမည်မှာ ‘အိုဟာရာ’ ဖြစ်သော်လည်း ပေါ်ကီသည် လူနီဘက်နွယ်သည်။ ပေါ်ကီ၏ ညာခြေထောက်နှင့် ညို့ သကျည်းသည် မွေးရာပါ မသန်မစွမ်းဖြစ်နေသည်။ သို့သော် သူသည်လည်း မုဆိုးကျော်တစ်ဦးဖြစ်ပြီး တောလိုက်ထွက်သည့် အခါတိုင်းလိုလို ရော်ဂျာ့ကို ခေါ်သွားတတ်သည်။ ပေါ်ကီသည် ကျောက်မီးသွေးမြို့ပေါ်တွင် ဖိနပ်တိုက်သည်။ မြို့ဝင်လမ်းမကြီး ကုန်စုံဆိုင်ရှေ့ တနေကုန်ထိုင်၍ တိုက်ရခြင်းဖြစ်သည်။
အက်ရှ်လေမိသားစုက ပေါ်ကီ့ကိုခင်ခင်မင်မင်ရှိသည်။ ပေါ်ကီကမူ မြိုင်ဂေဟာလာလျှင် ဘယ်တော့မျှ အိမ်ရှေ့တံခါးမှ မဝင်။ အက်ရှ်လေမိသားစုနှင့် ထမင်းတစ်ဝိုင်းတည်း ဘယ်တော့မျှ ဝင်မစား။ နှုတ်နည်းသလောက် သစ္စာရှိသူ။ သစ်ကြားသီးရောင် ညိုမောင်းမောင်း လေးထောင့်စပ်စပ် မျက်နှာပေါ်မှ မျက်လုံးနက်နက်များက လျင်သည်။ ဇူလိုင်လ၂၂ရက် နံနက်ခင်းတွင် မြိုင်ဂေဟာနောက်ဖေးတံခါးသို့ ဇီးကွက်အော်သံပေး၍ ပေါ်ကီရောက်လာသည်။ ရော်ဂျာနှင့်တွေ့မှ ရော်ဂျာ့အဖေ သတင်းကို ပြောသည်။
”မင်းမေမေ သိမှဖြစ်မယ်။ တော်ကြာ သူတို့ရောက်လာကြတော့မှာ”
”ပေါ်ကီ၊ ခင်ဗျားကိုယ်တိုင်ပြောဗျာ။ မေမေလည်း မေးစရာရှိမှာပေါ့”
ခန်းမထဲရောက်လာကြသည်။ ရော်ဂျာ့မေမေ လှေကားပေါ်မှ ဆင်းလာသည်။
”မေမေ၊ ပေါ်ကီက ပြောစရာရှိလို့တဲ့”
”ဦးလေး လွတ်သွားပြီဗျ။ ရထားတွဲထဲ လူတွေဝင်လာပြီး ကယ်ထုတ်သွားတာ”
ငြိမ်ကျသွားသည်။
”ဒဏ်ရာရတဲ့လူ ရှိသေးလား၊ ပေါ်ကီ”
”မရှိဘူး။ ကျွန်တော် ဘာမှ မကြားမိဘူး”
ဘီတာအက်ရှ်လေသည် လှေကားလက်ရုံးတိုင်ကို ကိုင်ပြီး မိမိကိုယ်ကို တည်ငြိမ်အောင်ထိန်းနေရသည်။ လူနီများ နှုတ်နည်းသည်ကို ဘီတာကျင့်သားရနေပြီ။ ဘယ်သူတွေကများ ချစ်လင်ကို ကယ်ထုတ်သွားသနည်းဟု ဘီတာ့မျက်လုံးများက မေးနေသည်။ ပေါ်ကီမျက်လုံးများက အဖြေမပေး။
”မင်းဦးလေးနောက်ကို လိုက်ကြပြီပေါ့”
”ဟုတ်တယ်ခင်ဗျ။ ပြောကြတာက ဦးလေးကို ဝင်ကယ်တဲ့လူတွေမှာ ဦးလေးပြေးဖို့ မြင်းပါ ပါလာတယ်တဲ့။ အဆင် ပြေရင်တော့ မြစ်ကိုကျော်နိုင်မှာပဲ”
ကျောက်မီးသွေးမြို့၏ တောင်ဘက် မိုင်လေးဆယ်အကွာတွင် အိုဟိုင်းယိုးပြည်နယ်၊ အနောက်ဘက် မိုင်ခြောက်ဆယ် အကွာတွင် မစ္စစ္စပီမြစ် ရှိသည်။ အက်ရှ်လေ့ကို ရုံးတင်နေသည့် ကာလရှည်ကြာအတွင်းဝယ် ဘီတာ့အသံလည်း အက်ကွဲလာ ခဲ့သည်။ ဘီတာ့ခမျာ အသက်ရှူဖို့ပင် ဖျစ်ညှစ်လာခဲ့ရသည်။
”ကျေးဇူးတင်ပါတယ် ပေါ်ကီ။ နောက်ဘာပဲ သိရသိရ လာပြောမယ် မဟုတ်လား”
”ဟုတ်ကဲ့” ဟု ပေါ်ကီ ဆိုသည်။ မျက်လုံးများကမူ ”ဦးလေးလွတ်သွားပါပြီ” ဟူ၏။
အိမ်ရှေ့အဝင်လှေကားပေါ်မှ ခြေသံများနှင့်အတူ ဒေါသတကြီးစကားသံများကို ကြားလိုက်ရသည်။
”အဒေါ့်ကို မေးကြတော့မယ်” ဟုဆိုကာ ပေါ်ကီသည် မီးဖိုချောင်ထဲပြန်ဝင်၊ ကြက်ခြံနောက်မှ ခြံစည်းရိုးကို ဖြဲ၍ ထွက်ခွာသွားသည်။
အိမ်ရှေ့တံခါးပေါ် တဒုန်းဒုန်းထုသံ ကြားရသည်။ တံခါးပေါ် တပ်ဆင်ထားသော ခေါင်းလောင်းလေးလည်း တချွင် ချွင်ဒေါသသံ ပေးလာသည်။ တံခါးဒိုင်းခနဲ ပွင့်သွားပြီး ခန်းမထဲ လူလေးယောက် ဝင်ချလာသည်။ ခေါင်းဆောင်မှာ ဗိုလ်ကြီ မေယူး။ မမြင်သာအောင် ခပ်ကွယ်ကွယ်ရပ်နေသူကား အက်ရှ်လေ၏ မိတ်ဆွေဟောင်းကြီး ရဲမှူးဝူဒီလေယင်ဒက်ကာ။ အက်ရှ်လေ့ ကို ရုံးတင်နေစဉ်ကာလတစ်လျှောက်လုံး ရဲမှူးကြီး သောကရောက်ခဲ့ရသည်။ စွန့်စားဝံ့သူလည်း မဟုတ်။
”ဂွဒ်မောနင်း၊ မစ္စတာ လေယင်ဒက်ကာ” ဟု ဘီတာနှုတ်ဆက်သည်။
”ကဲကဲ … မစ္စစ်အက်ရှ်လေ” ဟု ဗိုလ်ကြီး စကားစသည်။ ”ဖြစ်ပုံကို ပြောပြစမ်းပါဦး။ ကျုပ်တို့ကို အသိမပေးဘဲ တစ်ခုခုအုပ်ထားလို့ကတော့ ခင်ဗျား မလွယ်ဘူး။ တွဲထဲဝင်လာပြီး ခင်ဗျားယောကျင်္ားကို ကယ်ထုတ်သွားတာ ဘယ်သူတွေလဲ”
ဗိုလ်ကြီးမေယူးအတွက် ရဲဌာနမှ အလုပ်ထုတ်ကြောင်းစာနှင့် ရုံးတင်ရန်အတွက် ဆင့်ခေါ်စာတို့ ကြေးနန်းမှ လာနေပြီ ဖြစ်ကြောင်း ဗိုလ်ကြီးမေယူး ကိုုယ်တိုင်သိသည်။ အီလီနွိုက်စ်ပြည်နယ် ရှက်ဖွယ်ဖြစ်ခဲ့ရခြင်း လူဟားစရာဖြစ်ခဲ့ရခြင်းအတွက် သူ့ အပေါ် အပြစ်ပုံချတော့မည်ဖြစ်ကြောင်းလည်း သိသည်။ သူနှင့် သူ့မိသားစုတို့ ယောက္ခမအိမ် ပြောင်းနေရတော့မည်ကိုပင် သူ ကြိုမြင်နေပြီ။ နောင်တစ်နှစ်လုံးလုံး သူ့ဇနီးက မျက်ရည်မိုးစွေနေတော့မည်။ ကလေးများကလည်း အတန်းထဲ ခေါင်းဖော်ရဲတော့ မည်မဟုတ်။ သူ၏ဒေါသနှင့် စိတ်ဓာတ်ကျမှုကို ထွက်ပေါက်ပေးရန် မြိုင်ဂေဟာသို့ ရောက်လာရခြင်းဖြစ်သည်။
ဘီတာအက်ရှ်လေသည် သူမ ဘာမှ မသိရပါကြောင်း နာရီဝက်ကြာအောင် ရှင်းယူရသည်။ ယုံသူမရှိ။ ဗိုလ်ကြီးမေယူး မယုံ။ ရဲမှူးလည်း မယုံ။ နယူးယော့ခ်နှင့် ဆန်ဖရန်စစ္စကိုသို့ သတင်းရေးပို့သူကလည်း မယုံ။ ဘီတာ့ကို မယုံဆုံးသူမှာ စပ ရင်းဖီးလ်မှ ဗိုလ်မှူးစတော့ဇ်။ သမီးလေးများ လှေကားမှ ဆင်းလာပြီး အမေကို အံ့ဩတကြီးကြည့်နေကြသည်။ ဘီတာ့ဘေး နားတွင် သားရော်ဂျာ။ ထိုစဉ် နယ်မြေအေးချမ်းသာယာရေးရုံးမှ လက်ထောက်တစ်ယောက် ကြေးနန်းကိုင်၍ ဝင်လာသောကြောင့် စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားရသည်။ လူအုပ်ပြန်သွားကြပြီ။ ဘီတာသည် အပေါ်ထပ်တက်၊ အခန်းထဲဝင်ကာ အိပ်ယာဘေး ဒူး ထောက်လျက်သား အိပ်ယာဖုံးပေါ် မျက်နှာမှောက်ထားသည်။ ဘီတာ မငို။ သူမရင်ထဲ စကားလုံးများ ဖြစ်ထွန်းမနေ။ လျှိုတစ် ဖက်ကမ်းမှ တောလိုက်မုဆိုး၏ သေနတ်သံကို ကြားနေရသော သမင်မကလေးသာလျှင် သူမကိုုယ်တိုင် ဖြစ်နေလေသည်။

———
နှမများအား ရော်ဂျာက ”ကိုယ်လုပ်စရာရှိတာ သွားလုပ်ကြ” ဟုပြောသည်။
”ဖေဖေ လွတ်သွားပြီလားဟင်” ဟု နှမထွေး ကွန်စတင့်မေးသည်။
”ထင်တာပဲ”
”ဖေဖေက ဘာသွားစားမလဲ”
”သူ့ဖာသာ ရှာမှာပေါ့”
”ညမှောင်သွားရင် ဖေဖေ ဒီပြန်လာမှာလားဟင်”
”အငယ်မ လာခဲ့ … ထပ်ခိုးပေါ်တက်ကြရအောင်” ဟု အလတ်မ ဆိုဖီယာလှမ်းခေါ်သည်။

—–
နေအတက်တွင် ခါတိုင်းလိုပုံစံမျိုးဖြင့် ဒေါက်တာဂီလီ ပေါက်ချလာသည်။ ဒေါက်တာဂီလီသည် မိသားစု၏ နှစ်ချို့ မိတ်ရင်းကြီးဖြစ်သည်။ မိသားစုသည် ဒေါက်တာ့ကို တစ်ခါတရံမှသာ လိုအပ်သော်လည်း မိတ်ဆွေရင်းချာကြီးဖြစ်နေခဲ့သည်။ မျက်မြင်သက်သေနေရာတွင် အက်ရှ်လေ့ဘက်မှ ခုခံပြောဆိုခဲ့သည်။ တရားခံအက်ရှ်လေသည် သူ၏လူနာလည်းဖြစ်၊ မိတ်ဆွေ လည်းဖြစ်ကြောင်း (အမှန်မှာ အက်ရှ်လေသည် လည်ချောင်းနာကိစ္စလောက်သာ ကုသခဲ့ဖူးသည်)၊ တရားခံနှင့် စိတ်ရင်းအတိုင်း စကားများစွာ ပြောခဲ့ဖူးကြောင်း (အမှန်မှာ အက်ရှ်လေနှင့် ဒေါက်တာတို့သည် သတ္တုတွင်းလုပ်သားများ ဖြစ်လေ့ရှိသည့် အ ဆုတ်နာ၊ မူးမော်လဲကျခြင်း၊ ဆီလီကွန်များသော ရောဂါအကြောင်းတို့လောက်သာ ဆွေးနွေးခဲ့ဖူးသည်)၊ ထို့ကြောင့် အက်ရှ်လေ့ တွင် လင်စင်းအပေါ် မလိုမုန်းထားစိတ်မျိုး မရှိသည်ကို သူကောင်းကောင်းသိကြောင်း အခိုင်အမာခုခံသွားခဲ့သည်။
ဘီတာအက်ရှ်လေသည် ဒေါက်တာ့အား ဟာလာဟင်းလင်းဧည့်ခန်းထဲ ခေါ်လာခဲ့သည်။ ဧည့်ခန်းထဲဝယ် စားပွဲတစ်လုံး၊ ဆိုဖာတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးသာ ရှိသည်။ ဒေါက်တာဂီလီသည် ဘီတာ့ကိုကြည့်ရင်း ‘သမီးများထဲမှ အကျော့ရှင်းဆုံး’ ဆိုသော မီလ်တန်၏ စကားလုံးများကို သတိရနေသည်။ ဘီတာ၏ ပြာအက်နေသောအသံနှင့် အသက်ရှူကျပ်နေခြင်းကိုပါ သတိပြုမိနေသည်။ စားပွဲပေါ် ဆေးဘူးကလေး တင်လိုက်သည်။
”အညွှန်းအတိုင်း သောက်နော်။ အိမ်မှာ သမီးတွေကလည်း အပြိုင်းအရိုင်းဆိုတော့ သူတို့လိုပဲ ကျန်းမာအောင် ဂရု စိုက်။ ရေလေးနည်းနည်းထည့် ဆေးထည့်ပြီးသောက်ပါ။ ဆေးက သံဓာတ်အတွက်”
”ကျေးဇူးတင်ပါတယ်ရှင်”
ဒေါက်တာ့မျက်လုံးများ ကြမ်းပေါ်စိုက်ကြည့်နေပြီးမှ ရုတ်တရက် မျက်လုံးလှန်၍ ပြောသည်။
”အံ့ဩစရာပဲနော်၊ မစ္စစ်အက်ရှ်လေ”
”ဟုတ်ပါတယ် ဒေါက်တာ”
”ဂျွန်က မြင်းစီးတတ်လို့လား”
”ငယ်ငယ်တုန်းက စီးခဲ့တယ် ထင်တယ်”
”အင်း … တောင်ဘက်ကို သွားမှာပေါ့။ သူ စပိန်လို ပြောတတ်လား”
”မပြောတတ်ဘူး”
”မက္ကဆီကို ကိုမရောက်နိုင်ဘူး။ ဒီနှစ်မှာ မရောက်နိုင်ဘူး။ ဒါတော့ သူသိမယ်မျှော်လင့်ရတာပဲ။ သူ့အကြောင်း နို့တစ်ဘုတ်ပေါ် တင်ကြတော့မှာ။ ကျုပ်ဆီတောင် လာပြီး မေးကြမြန်းကြသေးတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတို့ အမာ ရွတ်တို့ ရှိသလားပေါ့၊ ကျုပ်ဘာမှ မသိဘူးလို့ ပြောလိုက်တယ်။ သူ့ကို အသက်လေးဆယ်လို့ ရေးထားတယ်။ သူ့ကြည့်ရတာ အနည်းဆုံးတော့ သုံးဆယ့်ငါးနှစ်ကျော်ပြီ။ ဆံပင်မြန်မြန် ရှည်ပါစေ ဆုတောင်းရတာပဲ။ သူလွတ်မှာပါ မစ္စစ်အက်ရှ်လေ။ လွတ်မယ်လို့ ကျုပ်သေချာပြောရဲတယ်။ ပြီးတော့ ကျုပ်ကူညီနိုင်မယ့် ကိစ္စမျိုး ရှိရင်လည်းပြောပါ”
”ကျေးဇူးတင်ပါတယ် ဒေါက်တာ”
”ရှေ့လျှောက် အခက်အခဲတွေကို ရင်ဆိုင်ပါ မစ္စစ်အက်ရှ်လေ။ ရော်ဂျာက ဘာလုပ်ချင်လဲ”
”ဆိုဖီယာ့ကို သူပြောတာက သူရှီကာဂိုကို သွားဖို့ စီစဉ်နေတယ်တဲ့”
”ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒီညခြောက်နာရီ ကျုပ်ကိုလာတွေ့ဖို့ ပြောလိုက်ပါဗျာ”
”ဟုတ်ကဲ့၊ ပြောလိုက်ပါမယ်”
”ကျုပ်ဇနီးက မေးခိုင်းလိုက်တယ်။ လိုအပ်တာများ ရှိသလားတဲ့”
”မရှိပါဘူး။ ကျေးဇူးတင်ပါတယ်ရှင်။ ဒေါက်တာ့ဇနီးကိုလည်း ကျေးဇူးတင်ပါတယ်”
တိတ်သွားကြပြန်သည်။
”ထူးထူးခြားခြားပဲနော် … မစ္စစ်အက်ရှ်လေ”
”ဟုတ်ကဲ့” ဘီတာ့ ပြန်ဖြေသံလေး တိုးတိမ်နေသည်။ သူတို့နှစ်ဦးကြားဝယ် အဆန်းတကြယ်အရာတစ်မျိုး လေထဲဝဲ ခိုနေခဲ့သည်။

 

9 comments

  • lele kyi

    June 4, 2013 at 7:20 pm

    သူတို့တွေ က ကိုယ်ပိုင်နာမည်ခေါ်တာ ပိုသဘောကျ ကြသလိုပဲ။ ပိုပြီးရင်းနှီးတဲ့သဘောကိုဆောင်တယ်လို့ထင်တယ်။ အင်း..miss,mr.mrs.ကို စိတ်ဆိုးတဲ့အခါပဲခေါ်ကြသလားလို့။ 🙂

    • ဝင့်ပြုံးမြင့်

      June 5, 2013 at 10:10 pm

      ကိုယ်ပိုင်အမည်ကို ခေါ်ခွင့်ပေးပြီဆိုရင် ခေါ်နိုင်ပါတယ်။ ခေါ်ခွင့်မပေးဘဲနဲ့ ခေါ်ခွင့်မရှိပါဘူး။ ခေါ်ခွင့်မပေးဘဲ ခေါ်မိရင် ရိုင်းရာကျပါတယ်။

  • အရီးခင်လတ်

    June 4, 2013 at 7:28 pm

    မပြုံး ရေ

    ဇာတ်ကောင်တွေကို မျက်လုံးထဲ မြင်လာအောင် ရေးနိုင်တာ မှော်လက် နဲ့ မှဖြစ်မှာ။
    မပြုံး လက်ပေါ့။
    အချိန်ပေးပြီး ရွာထဲမှာ တင်ပေးလို့ ကျေးဇူးပါ။
    နောက်အပိုင်းတွေ ကို ဆက်မျှော်နေပါတယ်။

    သားလေးရော နေကောင်းသွားပြီလား။

  • kyaw hteik

    June 4, 2013 at 10:11 pm

    အပိုင်​းများကို ​စောင်​့​မျှော်​အား​ပေး​နေပါတယ်​။စိတ်​ဝင်​စားဖွယ်​ အလွန်​​ကောင်​းတဲ့
    ဇာတ်​လမ်​း​လေး ဖြစ်​ပါတယ်​။အဆင်​​ပြေလျှင်​ အပိုင်​းများကို မြန်​မြန်​တင်​​ပေး​စေလိုပါတယ်​။
    အမမှာ က​လေးတဖက်​၊အိမ်​အလုပ်​တဖက်​ ဆိုတာသိပါတယ်​။အခုလိုတင်​ပြ​ပေးတဲ့အတွက်​
    ​ကျေးဇူးအထူးတင်​ရှိပါတယ်​ ခင်​ဗျာ။

  • ကြက်အူလှည့်

    June 5, 2013 at 8:44 am

    ဇာတ်ရှိန်ကတော့ တဖြည်းဖြည်းတက်လာဘီ
    ညန်ညန်လေးဗျို့ ..

    :kwi:

  • ဦးကြောင်ကြီး

    June 5, 2013 at 9:33 am

    အတွဲ၄
    သရဲမွေး
    ပုလဲဖွေး
    ခမဲပေး
    အသဲဝေး
    ငပဲဆွေး
    ခဝဲကျွေး
    မနည်းဈေး..

  • black chaw

    June 5, 2013 at 10:36 am

    ဝင်ရောက်ဖတ်ရှုသွားခဲ့ပြီဆိုတဲ့အကြောင်း
    စောင့်ဖတ်နေပါတယ်ဗျာ…။
    :mrgreen:

  • ဝင့်ပြုံးမြင့်

    June 5, 2013 at 10:23 pm

    အရီးလတ်ရေ — သားလေးက နေတော့ကောင်းသွားပြီ။ ဒါပေမယ့် ရှေ့အပတ်ထဲ ကာကွယ်ဆေးထိုးရဦးမယ်။ ကာကွယ်ဆေး ၂ကြိမ် ကျန်ပါသေးတယ်။
    —-
    ကိုကျော်ထိုက်ရေ — အစပိုင်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ နောက်ပိုင်းကတော့ ဆောင်းပါးများလို တစ်ပိုင်းချင်းစီ ဖတ်ကောင်းပါတယ်။ အစကို မသိလည်း ဆက်ဖတ်လို့ရသွားတယ်လေ။ ဒါကြောင့် အခန်းဆက်တင်တာပါ။ တော်ကြာ မျှစ်ကြော်ပြုံး ညစ်ပြီး လူသတ်ကောင် ဘယ်သူလဲ ပေါ်ခါနီးကျမှ ရပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မတုန်း။ ကြောက်ဖူးလား။ လူသတ်ကောင် ဘယ်သူလဲ သိသွားတဲ့အခါကျမှ ဇာတ်က အရမ်းသနားဖို့ကောင်းသွားတာ။
    —-
    ဘဲအူလှည့်ရေ — ရသစာပေ မဖတ်တဲ့သူလို့ သိထားတယ်။ ဒီတစ်ခါတော့ ဖတ်နော်။
    —-
    ကိုကြီးကြောင် — ရွာထဲမှာ တစ်ရှူးရောင်းပါလား။ အကြံကောင်းပေးတာနော် … အဟိ။ ဒီဇာတ်က အသည်းဆိုင်တွေ ဆွဲရမ်းပစ်မယ့် ရှားပါးဇာတ်လမ်းလေး။ တွေးတောင် မတွေးဝံ့တဲ့ ဇာတ်သွားလေးပါ။
    —-
    ဦးဘလက် — အားပေးတယ်ဆိုလို့ ကျေးဇူးပါ။

    • ကြက်အူလှည့်

      June 6, 2013 at 6:58 am

      ရသ စာပေ မဖတ်ဖူးဆိုဒါ ဟင်းချက်နည်းစာအုပ်မဖတ်တာ ပြောပါဒယ်…
      နောက်တာပါဗျာ ..အိုက်ဒါတွေ ဖတ်ရင် နောက်ကြောင်းလိုက်ရင်းနဲ့ တပုံတခေါင်း ပွစာတက်ပြီး ကျန်ခဲ့လို့ပါဗျာ..
      ခုပဲကျိ… အီလီနွိုက်-ကျောက်မီးသွေးတွင်း ဆိုလို့ အဲ့သည့်ဒေသအကြောင်း- သမိုင်း နဲ့ ကမာ္ဘစစ်အကြောင်း
      (ဟိုလူဂျီးနဲ့ဆက်စပ်လို့) ပြောင်းခိုသူတွေအကြောင်း အဲ့သည့်ကာလက ဂျာမန်တွေ-ပိုးလစ်ရှ်တွေအကြောင်း
      အကြောင်း..အကြောင်း… ကိန်ကိန်… သေဘာဘီတော်..
      :harr:

      P.S
      ဟို ချိုချဉ်ကြော် ဖတ်နေတယ် ဆိုတဲ့ 1q84 ကို မူရင်း စ မြည်းကျိတာ .. ကျွတ်ဆင်ဂျီးပဲဗျ… ခေသူမဟုတ်

Leave a Reply