စိတ်ကောင်းမွေးပါလေ
ပါပသ္မိ ံ ရမတိ မနော- သတ္တဝါတို့၏ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တယ် တဲ့။ ဒါကတော့အထွေ အထူးကို ပြောစရာမလိုပါဘူး။ ကောင်းတာလုပ်မယ်ဆိုရင် အခြေအနေအချိန်အခါ ရွေးသလောက် မကောင်းတာလုပ်ဖို့ကတော့.. မလုပ်ရသေးဘူး စိတ်ကအရင်ရောက်နေပြီလေ..။ ဒီအချက်ကို စဉ်းစားကြည့်ရင်ကို ဘုရားရှင်ဟောပြဆုံးမခဲ့တာ လုံးဝကိုမှန်နေတာပါ။ ဟုတ်ပြီ.. ကိုယ်ကမကောင်းတာကို မမွေ့လျော်ချင်ဘူးဆိုရင်တော့ ကောင်းတဲ့စိတ်လေးတွေများများမွေးပြီး စိတ်ထားကောင်းလေးတွေ အမြဲ ထားနေတတ်ဖို့လိုပါမယ်။ ဒါမှာ့လည်း မသွားချင်တဲ့ အပါယ်လေးဘုံကို မသွားရမှာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အဓိကပန်းတိုင်ဟာ နိဗ္ဗာန်ရောက်ဖို့ပါ။ နိဗ္ဗာန်ရောက်ဖို့ဆိုတာ ခဏထားပြီးတော့ အရင်ဆုံး အပါယ်တံခါးပိတ်ဖို့အရင်ကြိုးစားကြပါစို့လား။ ဘွဲ့ရချင်တဲ့သူဟာ အရင်ဆုံး အထက်တန်း စာမေးပွဲကို အရင်ဆုံးအောင်အောင်ကြိုးစားရသလိုပါပဲ။ နိဗ္ဗာန်ရောက်ဖို့အတွက်ဆိုရင် အပါယ်တံခါးအရင်ပိတ်ဖို့နဲ့ သောတပန် ဖြစ်ဖို့ကိုအရင်ဆုံးကြိုးစားဖို့လိုပါမယ်။ ဒါမှာ့လည်း အထက်တန်းအောင်မြင်တဲ့လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ တက္ကသိုလ်ကို တက်ဖို့အဆင့်မှီမှာဖြစ်ပါတယ်။ အထက်တန်းတော့မအောင်သေးဘူး ဘွဲ့ရဖို့ကြိုးစားနေတယ်ဆိုရင်တော့ ခုတ်ရာတခြားထစ်ရာတခြား ဖြစ်နေမှာပါ။ ကဲ.. မိတ်ဆွေ.. မဂ်ဉာဏ် ဖိုဉာဏ် ရချင်တယ်ဆိုရင်တော့ စိတ်ထားကောင်းလေးအရင်မွေးဖို့ ကြိုးစားကြရအောင်…။
ဒါဆို စိတ်ကောင်းထားတာဟာ တရားအားထုတ်တာလား? စိတ်ကောင်းထားပြီး စိတ်ထား ကောင်းလေးနဲ့ နေတာကိုက တရားအားထုတ်နေတာပါ။ လူအများစုကမထင်ကြပါဘူး။ တကယ်တမ်းက တရားအလုပ် လုပ်မယ်ဆိုရင် စိတ်ကောင်းအရင်ထားတတ်ဖို့အရေးကြီးပါတယ်။ တရားတွေတော့လုုပ်နေပါရဲ့ စိတ်ဆိုး စိတ်ညစ်တွေရှိနေရင် ဘယ်တော့မှာ့တရားရမှာ မဟုတ်ပါဘူး။ ဘယ်လိုစိတ်ကောင်းထားရမလဲ? လူတစ်ယောက်ကို မြင်လိုက်ရင် အကောင်းဘက်က မြင်တတ်တယ်.. အကောင်းဘက်က တွေးတတ်တယ်.. အကောင်းဘက်ကနေ စဉ်းစားတတ်တယ်ဆိုရင် ဒါဟာ.. သူ့ရဲ့စိတ်ထဲမှာ စိတ်ကောင်းဓါတ်ကောင်းလေးတွေ ကိန်းနေတာပါ။ ဆရာတော်ရှင်ဇဝနဟောကြားတဲ့ ဆုံးမစကားလေးတစ်ခုရှိပါတယ်..။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်ဟူ၍မရှိ.. ကောင်းကွက်ကို သာကြည့်မည်ဆိုလျှင် လည်း မပေါင်းနိုင်စရာ ပုဂ္ဂိုလ်ဟူ၍မရှိ တဲ့။ လူတစ်ယောက်ရဲ့အပြစ်ကိုပဲ လိုက်ကြည့်နေတဲ့သူမှာ အပြစ်ပဲတွေ့ပါတယ်။ ပုထုဇဉ် ဆိုတော့လည်း အပြစ်နဲ့မှ မကင်းနိုင်သေးတာ။ ဘယ်လောက်ကောင်းတာ လုပ်နေလုပ်နေ အပြစ်ဆိုတာ ရှာရင်တော့ တွေ့တာပါပဲ။ အဓိက ကိုယ်ကကြည့်တတ်ဖို့ပါ။ ကိုယ်က မကြည့်တတ်ရင်တော့ ကိုယ့်မှာအကုသိုလ်ဖြစ်နေရတာပါ။ အကုသိုလ်ဆိုတာ တုတ်၊ ဓါး ကိုင်ပြီးလူသတ်နေမှာ့ အကုသိုလ် မဟုတ်ပါဘူး။ ကိုယ့်စိတ်မှာရှုပ်နေရင် ကိုယ့်စိတ်ထဲမှာ သူ့ကို အကြိမ်ကြိမ် သတ်မိနေရင် ကိုယ့်မှာ အကုသိုလ်ဖြစ်နေတာပါ။ အကုသိုလ်မဖြစ်ချင်ဘူး ကုသိုလ်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်မှာရှင်းအောင်ထားပြီး လူတိုင်းနဲ့ ပြသနာ မဖြစ်အောင်နေဖို့လိုပါတယ်။
ဘုရားရှင်ရဲ့ သာသနာ အရင်းအမြစ်ကလည်း မကောင်းမူရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတာပါပဲ။ လူတိုင်းနဲ့အဆင်ပြေချင်ရင် စိတ်ကို ဖြူအောင်ထားပါ။ စိတ်ကောင်းရှိတဲ့သူဟာ ဘယ်သူနဲ့တွေ့တွေ့ အကုသိုလ်မဖြစ်ပါဘူး။ စိတ်ထား ကောင်းရှိတဲ့သူဟာလည်း ဘယ်သူနဲ့ကြုံကြုံ စိတ်ကောင်းမထားပဲကို မနေနိုင်ပါဘူး။ စိတ်ကောင်းရှိတဲ့သူဟာ ကိုယ့်ကိုကိုယ်လည်း ကြည်ညိုတတ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ်လုပ်တာကိုယ်အသိဆုံးပါ.. ကိုယ့်စိတ်ဖြစ်တာကိုယ်အသိဆုံးပါ..။ ဒါတော့ ဘယ်သူမှာ့ ငြင်းလို့မရပါဘူး။ ဆရာတော်ရှင်ဇဝန တရားထဲက ဆုံးမစကားလေးကို ထပ်ဖော်ပြပေးပါ့မယ်။ ဆုံးမစကားလေးကတော့ သူတစ်ပါးမကြည်ညိုရင် ကုသိုလ်မရယုံပဲရှိမယ်.. ကိုယ့်ကိုကိုယ်မကြည်ညိုရင်တော့ အပါယ်ကျ လိမ့်မယ် အကြောင်းကား.. သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း မိမိကိုယ်ကိုလိမ်ညာ၍ မရသောကြောင့်တည်း ဆိုတာလေးပါ။ ကိုယ့်ကိုကိုယ် ကြည်ညိုတဲ့သူဟာ စိတ်ကောင်းလေးတွေနဲ့အမြဲမွေ့လျော်နေတဲ့သူပါပဲ။
ကောင်းတဲ့စိတ်လေးတွေကိုယ့်ရင်ထဲမှာ အမြဲရှင်သန်ဖို့အတွက် ကောင်းတဲ့အတွေးတွေများများ တွေးဖို့ လိုပါတယ်။ သူတော်ကောင်းဟာ မကောင်းတဲ့ အကုသိုလ်ဖြစ်စရာနဲ့ကြုံတဲ့အခါ ကောင်းတဲ့ ကုသိုလ်ဘက်ကိုပြောင်းယူတတ်ပါတယ်။ ဒါသူတော်ကောင်းရဲ့ စိတ်ဓါတ်ပါ။ ဥပမာ.. သူငယ်ချင်းနှစ်ယောက် အခန်းတစ်ခန်းတည်း နေတယ်ဆိုပါဆို့။ ကိုယ်ကစာကျက်နေတယ်.. ကိုယ်စာကျက်နေတဲ့အချိန်မှာပဲ သူငယ်ချင်းက ကက်ဆက်အကျယ်ကြီးထဖွင့်တယ်ဆိုပါစို့။ ဒီနေရာမှာ နှလုံးမသွင်းတတ်ရင် ကိုယ့်မှာ အကုသိုလ်ဖြစ်သွားပါ့မယ်။ ဒီအချိန်မှာဘယ်လိုနှလုံးသွင်းရမလဲဆိုတော့ အော်..င့ါသူငယ်ချင်းက ငါ့ကို ဘယ်လိုအခြေအနေမျိုးမှာမဆို စာကျက်လို့ရအောင် လေ့ကျင့်ပေးနေပါ့လားလို့ နှလုံးသွင်းလိုက်ရင် သူ့အပေါ်မှာလည်း ဒေါသထွက်စရာမရှိတော့ပါဘူး..။ ဒီလိုမှာ့မဟုတ်ပဲ.. ဗြောင်းပြန်ပြန်စဉ်းစားလိုက်ရင်တော့ ကိုယ့်မှာပဲ အကုသိုလ်တွေဖြစ် ဒေါသတွေဖြစ်နေရတာပါ။ ကက်ဆက်ဖွင့်တဲ့သူငယ်ချင်းကတော့ ဘာမှာ့ ဖြစ်သွားမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ကောင်းထား စိတ်ထားကောင်းဖို့ဆိုရင် အချိန်တိုင်းမှာ ကောင်းတဲ့စိတ်လေးတွေ မွေးနေရမှာပါ။ စိတ်ကောင်းထားတယ်ဆိုတာ တရားကျင့်နေတာပါ။ တရားစစ်တရားမှန်ဆိုရင် အချိန်မရွေးနေရာမရွေးကျင့်လို့ရရပါ့မယ်။ အဲ့ဒါလေးလက်ခံရပါ့မယ်။ အချိန်နေရာရွေးနေတယ်ဆိုရင်တော့ ကိုယ်ကျင့်တဲ့တရားဟာ မှားနေပါတယ်။
အချိန်တိုင်းမှာ စိတ်ကောင်းမွေးနေတဲ့အတွက်လည်း အကုသိုလ်အလုပ်တွေ မလုပ်ဖြစ်တော့ပါဘူး။ လုပ်လည်း မလုပ်ချင်တော့ပါဘူး။ စိတ်ကောင်းသာမွေးလိုက်ရင် အားလုံးဟာအကောင်းဘက်ကိုပဲ ဦးတည်သွားနေတာပါ။ ဒီလိုစိတ်ကောင်းလေးတွေ ကိုယ့်ရင်ထဲမှာ အမြဲရှင်သန်ချင်တယ်ဆိုရင်တော့ ဘုရားရှင်ရဲ့သားရဟန်းတော်များ ဆုံးမတဲ့ တရားစကားများကို များများနာယူဖို့လိုပါမယ်။ ဒါမှာ့လည်း မိမိရဲ့စိတ်မှာ ကောင်းတဲ့ဓါတ်တွေ ကူးစပ်လာမှာပါ။ စိတ်ကောင်းလေးများများလာတာကို အထင်မသေးပါနဲ့.. နိဗ္ဗာန်ကိုရောက်နိုင်ပါတယ်။ မဟာဂန္တာရုံဆရာတော်ကြီးက ဆုံးမထားတယ်.. သူ့ကျောင်းရဲ့ဆောင်ပုဒ်မှာ.. စိတ်ကောင်းရှိဖို့ပထမ.. ဆိုပြီးတော့.. အရင်ဆုံးတရားလုပ်မယ်ဆို စိတ်ကောင်းထားဖို့အရင်ဆုံးမှာထားတာပါ။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ် စိတ်ကောင်းလေးအရင်မွေးဖို့ အရေးကြီးပါတယ်။ လူတိုင်းလူတိုင်း စိတ်ကောင်းလေးတွေနဲ့ အမြဲတမ်းမွေ့လျော်ပြီးတော့ စိတ်ကောင်းထား စိတ်ထားကောင်း နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…။
စာရေးသူ။ မောင်ကောင်း
to visit :http://www.dhammamittar.com/2009/03/blog-post_4130.html
One comment
sofiadimple
August 4, 2010 at 11:50 am
စိတ်ထားကောင်းဖို့ကပထမဆိုတာ သိပေမယ့် တစ်ခါတလေမှာ ကိုယ့်ဖက်ကကောင်းစေချင်တဲ့စေတနာနဲ့ လုပ်ဆောင်နေပါသော်လည်း သူတစ်ပါးမှာဒီအလုပ်အပေါ် မူတည်လို့ အကုသိုလ်ပွားစရာဖြစ်သွားမယ်ဆိုရင်ကျတော့ရော ဘယ်လိုလုပ်ရပါ့မလဲ။ ဥပမာပြောရရင် ကျနော်ဟာအခု တရားအလုပ်ကို စိတ်ပါလက်ပါလုပ်နေတယ်ပေါ့။ အဲဒီအပေါ်မှာ ကိုယ်နဲ့ဆက်နွယ်နဲ့သူတော်တော်များများလည်း ကိုယ်ရေးနေတဲ့စာတွေအပေါ်လိုက်ဖတ်ကြသလို ဖတ်မိသလောက်တွေကပြန်စာတွေမှာလည်း သူတို့တွေအတွက် အကျိုးရှိစေတယ်ဆိုတာတွေတွေ့ရတယ်ပေါ့။ အဓိကကတော့ ကျနော့အနေနဲ့ တရားစာဖတ်နေတဲ့အချိန်လေးမှာပဲဖြစ်ဖြစ် နောက်ဖတ်မိတဲ့အပေါ်မှာ နှလုံးသွင်းလေးမှန်သွားတာမျိုးလေးပဲဖြစ်ဖြစ်ပေါ့ အဲဒီလိုအချိန်မျိုးမှာ သူတို့အတွက်ပူလောင်မှုတွေကတဒင်္ဂငြိမ်းသွားစေတာမို့ ကျနော့အနေနဲ့ကတော့ ဒါသိပ်ကိုအဖိုးတန်တဲ့အချိန်လို့သတ်မှတ်တယ်လေ။ လူတိုင်းဟာ စိတ်မထားတတ်တိုင်းပူလောင်နေရလေတော့ ဒီတရားစာလေးတွေကနေ စိတ်ကိုဘယ်လိုထားသင့်သလဲဆိုတာ
အကျိုးအကြောင်းပြလို့ဆုံးမထားတာကြောင့် ဘဝအတွက်လမ်းပြစာလေးတွေပဲမလား။ ဒါတွေကိုဖတ်မိတဲ့လူတိုင်းခံစားသိရှိသွားရပါတယ်။ ဒါပေမယ့်ဗျာ ခက်တာက တစ်ချို့တွေပေါ့နော်။ သူတို့တွေက တရားလုပ်တဲ့လူတွေကို အပိုတွေလုပ်နေသယောင်။ မယောင်ရာဆီလူးနေတဲ့လူတွေလိုပုံစံမျိုးနဲ့ ပြစ်တင်နေတာမျိုး၊ဝေဖန်နေတာမျိုးတွေတွေ့နေရ
တော့ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ကုသိုလ်မရတဲ့အပြင် အကုသိုလ်တောင်ဖြစ်သွားသေးတယ်နော်။ ကျနော်ဖြင့်ဗျာ အဲလိုမဖြစ်စေချင်ပါဘူး။ကိုယ်မလုပ်နိုင်ရင်နေပေါ့နော်။ ဘာလို့ သူများကောင်းတာလုပ်တာကို အလကားနေ အကုသိုလ်ဝင်ယူနေကြတာပါလိမ့်လို့ တွေးမိပါရဲ့ဗျာ။ ကဲ အဲလို အဖြစ်မျိုး ကျနော် ကြုံနေရတော့ သူတို့အပေါ်ဘယ်လို သဘောထားရပါ့မလဲ လို့ စဉ်းစားလိုက်တော့ နောက်ဆုံး ဥပေက္ခာပဲထားလိုက်ရတယ်ပေါ့ဗျာ။ ကဲ အဲဒါမျိုးကျတော့ ကျနော့မှာ ဘယ်စိတ်ကောင်းပါ့မလဲနော့။ ကျနော့အနေနဲ့ဘယ်သူ့ကိုမှ အကုသိုလ်မပေးချင်ပါဘူး။ဒါပေမယ့် ရနေတဲ့လူတွေကလည်းရှိနေလေတော့။ ဖြစ်နိုင်ရင်ကျနော့ရည်ရွယ်ချက်က အသံတိတ်စာလေးရေးပြီး လူတိုင်းကို အကျိုးပြုချင်တာပါပဲ။ ကိုယ်ပေးချင်တဲ့ကောင်းကျိုးတွေမရတဲ့အပြင် ဆိုးကျိုးတွေပါရသွားတာမျိုးတော့ ဘယ်ဖြစ်စေချင်မလဲနော်။