Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း အမှတ်(၅)

Mr. MarGaJuly 15, 201212min2553

.

.

.

.

.

..

.

.

.

.

.

.

.

ကဗျာပြခန်း အမှတ်ငါး မှ ကြိုဆိုပါ၏။

ပထမဆုံး အရင်ပြခန်းက ဆောင်းပါး အဆက်ကို ခံစားကြပါဦးစို့လား……..

………………………………………

(၂)
ခေတ်ပေါ်ကဗျာသည် မိဘမဲ့မဟုတ်။ ရှေးခေတ်ဟောင်းမှ မွေးဖွားလာသူ၊ သို့သော် အတိဇာတ သားသမီး၊ ဝမ်းဗိုက်ဖောက်၍ မွေးရသည်၊ ဘာကြောင့်လဲ။

ပြည်သူများမှ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသဖြင့် နာကျည်းနေကြသည်၊ လွတ်လပ်ချင်ကြသည်။ ပြည်သူတို့သည် သက်သာချောင်ချိသော စီးပွားရေးစနစ်ကို လိုချင်နေကြသည်။ လေးယောက်စီး မှန်ကားနှင့် မသွားရချင်နေပါစေ၊ အချင်းချင်း ထိ၍ပင် ဖြစ်စေ၊ ဈေးပေါပေါ စီးရသော ဘတ်(စ်)ကား နှင့် လမ်းတိုင်း ပေါက်ချင်သည်။ ယင်းသို့ လူထုကြားထဲမှ လူထု သားသမီးများသည် သူတို့၏ စိတ်ဝေဒနာကို ဖွင့်ဟချင်ကြသည်။ ထိုအခါ ခေတ်ပေါ်ကဗျာသည် အရင်းရှင်ဝမ်းဗိုက်ကို ဖောက်၍ ထွက်လာရတော့သည်။

ရှေးကဗျာသည် ရင်ခုန်သံကို ကိုယ်စားပြုသည်။ ခေတ်ပေါ်ကဗျာသည် ရင်ခုန်သံကိုပင် ကိုယ်စားပြုပေသည်။ မိဘ၏ နှလုံးသားအတိုင်း သားသမီး၏ နှလုံးသားသလည်း အာရုံ၏ ထင်ဟပ်ချက်အရ စိတ်လှုပ်ရှားပေသည်။ ခံစားပေသည်။ မခြား။

သို့သော် ကတ္တီပါ မှီအုံး၌ အရောင်လွင့်လာလျှင် သူက ငြိုငြင်၏။ ပန်းကန်ရွှေရေး ပြယ်လျှင် မဲ့၏။ ယနေ့ ခေတ်ပေါ်ကဗျာကား မရှိမဲ့ ရှိမဲ့ ချောင်းထဲမှ ပက်ထားသော ရှားရှားပါးပါး နေပူလှမ်း ငါးကို ကျီးက ချီသော် ဒေါသထွက်ရသေးသည်။ ကုန်ဈေးနှုန်းတက်လျှင် မဲ့သည်။

ဖိနှိပ်သူဘက်က ရပ်သော ကဗျာတို့ကား ဟောင်းရပေမည်။ ဖိနှိပ်ခံရသူဘက်မှ ကဗျာတို့ကား သစ်ရပေမည်။ ဤကား ထူးခြားချက်ပင်။

(၃)
ယနေ့ကဗျာသည် လူငယ်များ၏ ဖော်ပြချက် ဖြစ်နေသည်။ ရှေးက ကဗျာကို ခက်အောင် ရေးရသည်။ ရွယ်ရင့်ပညာရှိများမှ နားလည်သည်။ သို့မှလည်း ကဗျာစစ်သည်။ ယခုအခါ လူလားမြောက်စ စာရေးတတ်လာလျှင် ကဗျာစပ်ချင်သည်။ ဤကား ယနေ့ခေတ် မြန်မာ့အချင်းအရာတစ်ရပ် ဖြစ်နေပေပြီ။

ယနေ့ လူငယ်များသည် ဆန်းအလင်္ကာကျမ်းများကို စာမေးပွဲမေးခွန်းလွှာများတွင်သာ မြင်ဘူးကြသည်။ အိမ်ပြန်ရောက်သောအခါ အရပ်ထဲမှ ညည်းသံ၊ ငြူသံ၊ အသံဗလံတို့ ကြားရသည်။ အရပ်ထဲမှ ရုန်းကန်မှုဘဝတိုက်ပွဲတို့ကို မြင်နေရသည်။ ဆိုရှယ်လစ်ရေးနှင့် ဆိုရှယ်လစ် ဆန့်ကျင်ရေးတို့၏ ပဋိပက္ခကို တွေ့နေရသည်။

ယင်းတို့သည် သူတို့၏ ဆန်းအလင်္ကာသစ်များ ဖြစ်နေကြသည်။ လူထု၏ အသံသည် သူတို့၏ ကာရန်၊ လူထု၏ ခံစားမှုသည် သူတို့၏ ဆန်းအလင်္ကာ။

ရှေးက ကဗျာကို နန်းတော်က ပိုင်သည်။ ထို့နောက် ဇာခန်းဆီးက ပိုင်သည်။ ယနေ့ကဗျာကို ပြည်သူက ပိုင်လာပေပြီ။ ရှေးက ကဗျာရေးရန် ခက်သည်။ ယခု လွယ်လာရပေပြီ။

ယနေ့ ဘာတော်လှန်ရေးလဲဟု ယနေ့ခေတ်ပေါ်ကဗျာအား ညွှန်းရပေမည်။ ယနေ့ခေတ် လူငယ်များ၏ ကဗျာတွင် ယနေ့လှုပ်ရှားနေသော ခေတ်ရုပ်ပုံလွှာကို တွေ့မြင်ရစေသတည်း။

ဒဂုန်တာရာ
၃၀.၁၁.၆၉

×××××××××××××××××××××××××××××××××××××××××××××××

ဒီတစ်ပတ် ပြခန်းက ကဗျာတွေကတော့ အောက်ပါ အတိုင်းပဲပေါ့။

စာသားတွေကို သီးသန့်ခံစားချင်ရင်တော့ဒီစာကြောင်းကို နှိပ်လိုက်ပါ

 

ပြောလိုက်ပါဘိ ဟောပါဘိ (ဇော်ဂျီ)
မလွမ်းချင်ဘူး…….ဗျာ
မပွင့်ခဲ့ဘူး……..ဒါပေမယ့် မကြွေတော့မှာလဲ သေချာတယ်
ဝိဉာဏ ပြောခဲ့တဲ့စကား
ဇူလိုင်ကိုတောင် ရောက်ခဲ့ပြီ
အဖအတွက် လွမ်းချင်းကဗျာ
မမေ့အပ်တဲ့ အရာတွေ
ဘဝ……..ခြား
အမေဖေ…
ပေမယ့်……
ငါတို့သခင်ကိုပဲ ပြန်ပေးပါ
ယနေ့ထိတိုင် မမေ့နိုင်
သူရဲကောင်းတို့ရဲ့ နားခိုရာ
ခင်ဗျားနဲ့ ကျွန်တော် တူမှ မတူတာ
ပီကေ

***************************************************

ပြောလိုက်ပါဘိ ဟောပါဘိ (ဇော်ဂျီ)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖော်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနဲခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင် ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

+++++++++++++++++++++++++++++++

“မလွမ်းချင်ဘူး”

ဇူလိုင် ၁၉
မိုးမရွာပါစေနဲ့ဗျာ
ဗိုလ်ချုပ်အတွက် ဝမ်းနည်းလို့
မိုးမင်းတောင်ငိုတယ်တို့
မျက်ရည်စို့တယ်တို့နဲ့
သူတို့ ပါးစပ်ကထွက်မယ့်စကား
တစက်လေးမှ မကြားချင်ဘူး။

ဗိုလ်ချုပ်ကိုပြောမယ်
အသေစောလို့သာ
အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်မပြုတ်သေးတာ
ကောင်းရာမွန်ရာ ဖြောင့်ဖြောင့်သာသွား
ကိုယ့်ပြည်သူပြည်သားရယ်လို့
လည်ပြန်လို့ငဲ့မကြည့်လေနဲ့
ကုလားဖြူထက်ဆိုးတယ်
ဖက်ဆစ်ထက်ကောက်ကျစ်တယ်။

ဂဠုန်ဦးစော
ခင်ဗျားကိုကျေးဇူးတင်တယ်
ခင်ဗျားသတ်ပေးလို့ လုပ်ကြံခံဗိုလ်ချုပ်
နိုင်ငံရဲ့ဂုဏ်ပုဒ်
ပြယုဂ်အဖြစ်ရှိနေသေးတာ။

အဟက်
အမျိုးအတွက်တဲ့
သူတို့ကလေ
ဗိုလ်ချုပ်သမီးကို အမျိုးဖျက်သတဲ့
ဗိုလ်ချုပ်သမီးကို ကုလားမယားတဲ့
ဗိုလ်ချုပ်သမီးကို ဘာသာခြားတဲ့
စိတ်လေတယ်ဗျာ။

ဒညင်းသီးကအီးတပြန်
ငပြူးကပြဲ
ဒင်းတို့ကပဲဆဲရသတဲ့။
မြင်သမျှကို ဘဝင်မကျ
ကိုယ့်ကိုယ်တိုင်တောင် တရားမကျနိုင်တော့
ကိုယ့်နားရင်းသာကိုယ်ရိုက်
ခပ်စောစောသာသေလိုက်ချင်တယ်
ဒင်းတို့နဲ့အတူ
မလွမ်းချင်ဘူး ဗိုလ်ချုပ်ရယ်။

+++++++++++++++++++++++++++++++++++

မပွင့်ခဲ့ပေမဲ့ မကြွေတော့မဲ့နေ့

အဲဒီနေ့ကပေါ့
တဖွဲဖွဲမစဲနိုင်တဲ့ ဇူလိုင်မိုးစက်တွေအောက်မှာ
မကောင်းဆိုးဝါးတွေကို ကျည်လိုထိုး
တဖြောင်းဖြောင်းတဒိုင်းဒိုင်း ခြွေချလိုက်သံတွေနောက်မှာ
အမြုတေကိုးဖော်ရဲ့ နှလုံးသွေးစက်နဲ့
ရာဇဝင်ရိုင်းစေတဲ့ အရိပ်ဆိုးကြီးကို ကမ္ဗည်းတင်လိုက်ရတယ်…။

အဲဒီအချိန်ကပေါ့
ကြေးဝါတောင့်လေး ဆယ်သုံးခုက
အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်ခန္ဓာတစ်ခုကိုထွင်းဖောက်
တစ်ချက်ချင်း တစ်စချင်း လွင့်စင်ပေါက်ကွဲသွားလိုက်ပုံက
သန်းငါးဆယ်ရဲ့အနာဂတ်တွေ ကြွေလွင့်ပေးလိုက်ရတယ်…။

အဲဒီကတည်းကပေါ့
ဒီမြေ ဒီရေ ဒီလူတွေကြားမှာ
သခင်စိတ်ဓါတ်တွေ ပျောက်ဆုံး
ညီညွတ်ရေးတရားသံတွေဆိတ်သုဉ်း
မျှော်လင့်ခြင်းရောင်ခြည်ဟာ
လဆုတ်ရက်တွေလိုပါးလျ
ဒီတိုင်းပြည်ကြီးလဲ လူလုံးမလှဖြစ်ခဲ့ရတယ်…။

အဲဒီနေ့ကိုပေါ့
ငိုကြွေးနေတဲ့ နှလုံးသားတွေ ထပ်တူစုလို့
မျိုးချစ်စိတ်အတွက် ဘဝကိုစတေး
ထည်ဝါခမ်းနားတဲ့သမိုင်းကို ထုခတ်ခဲ့သူတို့အတွက်
အာဇာနည်နေ့လို့ သမုတ်လိုက်ကြသတဲ့…။

အဲဒီနောက်တော့ပေါ့
နှစ်တစ်နှစ်ရဲ့ဇူလိုင်၁၉တွေတိုင်းဟာ
ဝမ်းနည်းမှုသင်္ကေတတွေ လှစ်ဟ
အလံကို တိုင်တဝက်ထိလျှော့ချ
ပြည်သူတွေရဲ့မျက်ရည်နဲ့ စိုထိုင်း
ဥဩဆွဲသံနဲ့ထပ်တူ နှလုံးသွေးတွေနီမြန်း
ကြက်သီးတဖြန်းဖြန်းထတဲ့နေ့ရက် ဖြစ်ခဲ့ရတယ်…။

ဒီလိုနဲ့ပဲ…
ခေတ်တွေစနစ်တွေ ဆက်လက်စီးဆင်း
သူရဲကောင်း ခါးဆက်ပြတ်တဲ့ ဒို့တိုင်းပြည်မှာ
အာဇာနည်တွေစိုက်ပျိုးခဲ့တဲ့
လွတ်လပ်မှုအသီးအပွင့်ကိုစားသုံးရင်းပဲ
အဲဒီနေ့ဟာ ဥပေက္ခာပြုခံစပြုလာရပြီ…။

ဒါပေမဲ့..
ရမ္မက်အာဏာ အာသာငန်းငန်း
သမိုင်းကိုပင် ယဇ်ပူဇော်ဝံ့သူတွေ
ဘယ်လိုပင်ဖျောက်ဖျက်
ငါတို့ရင်ထဲက သမိုင်းဟာ
ဘယ်တော့မှ မှုန်ဝါးမသွားဘူး..။

အာဇာနည်တွေဆိုတာ
တစ်နှစ်မှာတစ်ကြိမ်ဦးညွှတ်ခံဖို့ထက်
ဒို့တွေအားလုံး
လောကအလယ်မှာ ဦးခေါင်းတွေ
မော့ထားနိုင်ဖို့ ပေးဆပ်ခဲ့ကြတာ..။

အာဇာနည်တွေဆိုတာ
ရာဇလ္လင်ကိုမှန်း အုပ်ချုပ်သူဖြစ်ဖို့ထက်
ဒို့တွေအားလုံး
ကျွန်ဘဝကလွတ် သခင်ဘဝကို
ရောက်နိုင်ဖို့ စွန့်စားခဲ့ကြတာ…။

သေသောသူကြာလျှင်မေ့ဆိုတဲ့စကား
အာဇာနည်တွေအတွက်
ထားရစ်ခဲ့တာမဟုတ်ဘူး…။

အကြောက်တရားနဲ့ ခြိမ်းခြောက်တိုင်း
မှေးမှိန် ပျောက်ကွယ်သွားဖို့
ဒီသမိုင်းကို ထုဆစ်ခဲ့ကြတာ မဟုတ်ဘူး။

အာဇာနည်မျိုး သေရိုးမရှိ တဲ့
ခေတ်အဆက်ဆက် ဒို့တွေရင်ဘတ်ထဲမှာ
ထာဝရှင်သန်နေတဲ့ အာဇာနည်
ခုဆို…
ခြောက်ဆယ့်ခြောက်နှစ်တိုင်ခဲ့ပြီ…။

+++++++++++++++++++++++++++++++++++++++

ဝိဉာဏ ပြောတဲ့စကား

“တစ်ကယ်ဆိုရင်
ကျုပ်တို့နဲ့ ခင်ဗျားတို့ တိုင်းပြည် တန်ကိုမတန်တာ
ကျုပ်တို့တွေသာ အသက်ရှင်နေတုန်းဆိုရင်
ခုလိုပဲ
ရင်ကွဲနာကျပြ လွမ်းနေကြဦးမှာ
ပါးစပ်ကနေပြီး
နောက်အနှစ်တစ်ရာမှာ ပေါ်ခဲတဲ့ ခေါင်းဆောင်ပြောကြဦးမှာလား
ပါးစပ်က ပြောချင်ရာပြောပြီး
လက်က လုပ်ချင်ရာလုပ်တဲ့တိုင်းပြည်
စည်းကမ်းဆိုတာ
ဥပဒေဆိုတာကို
ဘွတ်အုပ်ထဲမှာပဲရှိတဲ့လူမျိုး
ကျုပ်တို့ လွတ်လပ်ရေးကိုရအောင်လုပ်တာ
အသက်စတေးခဲ့တာက
ခင်းဗျားတို့အတွက်
တစ်နှစ်တစ်ကြိမ်လာအလေးပြုရုံလေး
သတိရ ရင် ကျုပ် အကြောင်းပြောပြီး
မျက်ရည်ကျပြရုံလောက်
ကျုပ်လုပ်ခဲ့တာမဟုတ်ဘူး…..။

ခုတော့ ခင်ဗျားတို့တစ်တွေက
ဘုရားရှင် ဟောခဲ့တာတောင်မှ
ကပြောင်းကပြန် လုပ်ပစ်ရဲသေးတာ
ကျုပ်လိုကောင်ပြောတာလောက်တော့
ဘယ်စောက်ဂရုစိုက်နေမှာလဲ
ဟိုကောင်ကလည်း ဟိုကောင်မို့
ဒီအကောင်ကလည်း ဒီမှာမို့
တော်ပြီတော်ပြီ အလေးလည်းလာပြုမနေကြနဲ့
ကျုပ်စကားမှ တစ်နိုင်ငံလုံးနားမထောင်နိုင်ရင်
ကျုပ်အကြောင်းလည်း ဘယ်သူမှမပြောကြနဲ့တော့
မေ့ပစ်လိုက်တော့ “

ဗိုလ်ချုပ်က ဒေါကြီးမောကြီးနဲ့
အဲ့ဒိလိုပြောနေတုန်း
ကျုပ်လဲ အိပ်မက်က လန့် နိုး လာတာပေါ့…………။

++++++++++++++++++++++++++++++++++++++++++++++++

“ဇူလိုင်လ ရောက်ပြီမို့´´

မမေ့နိုင်စရာ အဖြစ်ကယ်ကြုံ
ဝမ်းနည်းစရာ သမိုင်းမှာကွာ
မဆုတ်မနစ်ဇွဲ ကြိုးစားဆဲပါ
လူထုကြည်ညို သခင်အောင်ဆန်းမှာ
နယ့်ချဲ့လက်ပါး လူရမ်းကားကြောင့်
မျက်ရည်ဖြိုင်ဖြိုး ဇူလိုင်ဆယ့်ကိုး

ယနေ့ပြန်တွေး ရင်နာစရာအရေး
ကာလဝါဆို အုံမှိုင်းကပြိုမလို
မိုးဒေဝါငြိုးတယ် ပုန်းညက်ကပွင့်ညီ
မာလာကသင်းထုံ
ရဟန်းတော်များ ဝါဆိုကြသကိုး
ရောက်ပါပေါ့ ဇူလိုင်ရယ်။

++++++++++++++++++++++++++++++++++++++++++++

အဖသို့လွမ်းချင်း

အမိဧရာ တသွင်သွင်းစီးသည်
အိုဘယ့် ရေလျှင် မရပ်နိုင်ပြီ
အမိဧရာ ဝမ်းကြာတိုက်မှာ
ပြည်သူအများရင်ဝယ်သားသို့
မွေးဖွားသန့်စင် မေ့ရင်ခွင်မှ
ထွက်ရှိလာသမျှ သယံဇာတဖြင့်
လူလားမြောက်အောင် အမေစွမ်းဆောင်သည်
အိုဘယ့်အမေ တုနှိုင်းမမှီတည့်။ ။ ။

အမိဧရာ ဖြစ်တည်လာသမျှ
ငါတို့မြေ ငါတို့ရေမို့ ငါတို့ပိုင်သည်
ကြွေးကြော်သံတွေဘဝဂ်ညံဖို့
စွမ်းဆောင် ကြိုးပမ်း သူတထူးကား
တုနှိုင်းမမှီအဖပေတည်း။ ။ ။

အဖအောင်ဆန်း ဘဝချုပ်လဲ
အဖသွေးကား စီးနေဆဲမို့
အဖအမွေလွတ်လပ်ရေးကို
ကြိုးပမ်းထိန်းသိမ်း
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အမွေမို့
တလက်မမှ ကျူးကျော်မခံ
အံတုလှန်လို့
ကမ္ဘာ့လယ်မှာ မြန်မာဟေ့လို့
ဂုဏ်ယူဝင့်ကြွား အော်ခဲ့ပြီ။ ။ ။

အဖကျေးဇူးမြတ်ဂုဏ်ထူးမို့
အဖထွက်ခွာဒီနေ့ရောက်တိုင်း
အဖမေတ္တာ လွမ်းဆွတ်ကာဖြင့်
ရည်ကာရော်မှန်းတမ်းတလွမ်းသည်
အော်
အိုဘယ့်အဖေ တုနှိုင်းမမှီတည့်။ ။ ။

+++++++++++++++++++++++++++++++++++++++++

မမေ့အပ်တာ July 19 တစ်ခုတည်းမဟုတ်ပါ

မြန်မာအတွက် ရင်နင့်နေ့ဆိုး
ထောင့်ကိုးရာလေးဆယ့်ခွန် ဇူလိုင်ဆယ့်ကိုး
ယုံကြည်ချက်အတွက် တိုက်ခိုက်လုပ်ကြံ
ငါတို့ဖခင် ဆုံးရှုံးရပြန်
ပြည်သူတစ်ရပ်လုံး ရင်ထဲတွင်
ချုံးပွဲချကာ ငိုကြွေးနာကျင်
ကိုလိုနီရဲ့ ဆိုးမွေများပင်။

နယ်ချဲ့တွေက သွေးထိုးမြှောက်ပင့်
လုပ်ကြံသူက မြန်မာပဲဖြစ်
ဦးတည်မှုက ဗိုလ်ချုပ်တစ်ယောက်နှင့်
အထိနာချက်က အာဇာနည်က
ဒီးဒုတ်ကြီးကဦးဘချို မမေ့ချန်ထား ပညာရာဇတ်ကို
စော်ဘွားမိုင်းပွန် စဝ်စံထွန်း ဘဝင်းဝန်ကြီး ကံဆိုးလွန်း
သခင်မြနှင့် မန်းဘခိုင်၊ အတွင်းဝန်က ဦးအုန်းကြိုင်
မောင်ထွေးကြီးက ကိုယ်ရံတော်
မြန်မာ့သားကောင်း ဖြစ်သနော်။

ဆုံးရှုံးမှုက နှိုင်းယှဉ်မရ
တစ်မျိုးသားလုံးအတွက် ဖြစ်သဗျ
မြန်မာမှန်ရင် မမေ့သင့်
ကိုးဦးဇာနည် သူရဲကောင်းအစစ်။

အသက်ရင်းကာ ကိုယ်ကျိုးစွန့်ခဲ့
ငါတို့တိုင်းပြည် ကောင်းကျိုးအတွက်
အထိမ်းအမှတ်နေ့များ ဆင်နွှဲတာ
မြန်မာ့သားကောင်း မမေ့စရာ
သို့ပါသော်လည်း ဝက်ဝက်ကွဲ
ကိုးဦးဇာနည် ဘယ်သူတွေလဲ
မြန်မာတွေတိုင်းသိသင့်တာ
အာဇာနည်ဟာ ကိုးဦးပါ
တစ်ယောက်မကျန် စွဲမြဲမှတ်စရာ
နောင်လာနောင်သား သိရှိဖွယ်ရာ
အာဇာနည်ဆိုတာ ဘယ်သူတွေလဲ
မဖြေနိုင်ရင် ရှက်စရာပဲ။

နိုင်ငံဇာနည် ကိုးဦးအား
ရင်ထဲစွဲမြဲ မမေ့စေသား
ဆယ့်ကိုးဂျူလိုင် ရက်စွဲအား
မြန်မာမှန်ရင် မှတ်သားထား
ရင်အသည်းထဲမှာ အာဇာနည်များ
ထာဝစဉ် ဦးညွှတ်ကြစို့လား။

++++++++++++++++++++++++++++++++++++++

“ဘဝခြား”

အပင်ထက်မှ
ရော်ရွက်ဝါ နှစ်ရွက်။

တစ်ရွက်က ပထမ
မြေခ ကြွေကျလို့ ဆင်းသက်။

အချိန်မတန်သေးတဲ့
ဝါရော်ရွက်
အပင်ထက်မှာ စံလျက်။

ဘဝခြားနေတဲ့ဇာတ်လမ်း
အသံတိ်တ်အလွမ်းကို
မှတ်တမ်းတင်နေသူရဲ့
ရင်ထဲမှာလဲ
လွမ်းလျက်…
လွမ်းလျက်………
လွမ်းလျက်.………
လွမ်းလျက်…………….

+++++++++++++++++++++++++++++++++++++++++++

အမေဖေ…..

အမေ ဆိုတဲ့ အခေါ်အဝေါ် တစ်ခုအတွက်..
သွေးချွေးတွေနဲ. ပေးဆပ်နေခဲ့တဲ့ သူတစ်ယောက်…

မှီခိုအားထားရာ အပင်လဲ ခဲ့ပေမယ့်…
လောကအလယ် သားမမယ်ကို အားတင်းကျွေးမွေး
လူလားမြောက်အောင် မြေတောင်မြှောက်ပေး ခဲ့တဲ့သူတစ်ယောက်….

အဖ မဲ့သား ရေနဲငါး ကို ရေကန်အပြည့်
ပခုံးနဲ.ထမ်း ရေဖြည့်ပေးခဲ့တဲ့.. သူတစ်ယောက်…

ပညာမပြည့် မာန်မဖြည့်ပဲ..
သားငယ်လူရွယ် ဉာဏ်ငယ်ငယ်ကို
စာအုပ်တွေနဲ. ဖြည့်ပေးခဲ့တဲ့ သူတစ်ယောက်…

အဖေ့တာဝန် အမေ့ဝတ္တရား မခွဲခြားပဲ..
သားငယ်ငယ်ကို လမ်းမှန်ရောက်အောင်..
တည့်မတ်ပြုပြင် လှမ်းတင်ပေးခဲ့တဲ့ သူတစ်ယောက်…

ရှုံးနိမ့် သားငယ် လူမမယ်ကို
အားမာန်ပြည့်တင်း မျက်နှာဝင်းဖြင့်
ထောက်ပံ့ တွဲထူပေးခဲ့တဲ့ သူတစ်ယောက်..

ဘဝလမ်းမှန် လျှောက်လှမ်းရန်အတွက်..
သေချာစိစစ် အသိစစ်ဖြင့်
ဆုံးဖြတ်မှန်စွာ အသိသညာ ကို ပေးအပ်ခဲ့တဲ့ သူတစ်ယောက်….

ထိုအကြင်သူအား ရင်သွေးသားမှ အမေဖေ ဟု
တင်စားခေါ်ဝေါ် လိုက်ချင်သည်…….

++++++++++++++++++++++++++++++++++++++++++

ပေမယ့်

မလွမ်းချင်ပေမယ့် ………………လွမ်းရတော့မယ်။
မဆွေးချင်ပေမယ့်……………….ဆွေးရတော့မယ်။
မခွဲချင်ပေမယ့်…..………………..ခွဲရတော့မယ်။
မခံစားချင်ပေမယ့်………………..ခံစားရတော့မယ်။
မနာကျင်ချင်ပေမယ့်……………..နာကျင်ရတော့မယ်။
မထိခိုက်ချင်ပေမယ့်………………ထိခိုက်ရတော့မယ်။
မလုပ်ချင်ပေမယ့်………………….လုပ်ရတော့မယ်။
မကြေကွဲချင်ပေမယ့်………………ကြေကွဲရတော့မယ်။
မနာကျည်းချင်ပေမယ့်……………နာကျည်းရတော့မယ်။
မမုန်းချင်ပေမယ့်……………………မုန်းရတော့မယ်။
မစွန့်လွှတ်ချင်ပေမယ့်……………စွန့်လွှတ်ရတော့မယ်။
မမေ့ချင်ပေမယ့်……………………မေ့ရတော့မယ်။
တွေ့ချင်ပေမယ့်……………………မတွေ့ရအောင်နေရတော့မယ်။
မြင်ချင်ပေမယ့်………………………မမြင်အောင်နေရတော့မယ်။
တောင်းဆိုချင်ပေမယ့်………………မတောင်းဆိုတတ်အောင်နေရတော့မယ်။
ခွင့်လွှတ်ချင်ပေမယ့်…………………မခွင့်လွှတ်တတ်အောင်နေရတော့မယ်။
အနားမှာရှိချင်ပေမယ့်………………အနားမှာမရှိတတ်အောင်နေရတော့မယ်။
ချစ်ချင်ပေမယ့်………………………မချစ်တော့အောင်နေရတော့မယ်။
အိပ်မက်တွေသိမ်းထားချင်ပေမယ့်……………….……အိပ်မက်တွေမသိမ်းတတ်အောင်နေရတော့မယ်။
သတိ္တမရှိပေမယ့် …………
နင့်ကိုငါမေ့ပစ်လိုက်ဖို့သတိ္တတွေမွေးရတော့မှာပါလား။

++++++++++++++++++++++++++++++++++++++++++

သခင်အောင်ဆန်းကိုပဲ ပြန်လိုချင်တယ်…

= တမင် ငြိုးတဲ့ မိုးဖွဲတွေကြားက
ဇူလိုင် ၁၉ ရဲ ့ ခပ်ဆိုးဆိုးသေနတ်သံတွေ….
ငါတို ့ရဲ ့ အာဇာနည်ကို ဆွဲခေါ်သွားခဲ့
မေ့ရက်စရာမှ မရှိတာ……။

= အတ္တနဲ ့ ရက်စက်ယုတ်မာခြင်းကိုမှ
ယူနီဖောင်းချုပ် ဝတ်ကြတဲ့…..
အာဏာရူး..လူကြီးမင်းတို့ရေ….
သူရဲကောင်းဆိုတာ… လိုသလောက် မရဘူး ။

= ပက်စက်တဲ့ လုပ်ရပ်
လျှာ ပြတ်ထွက်မတတ် တောက်ခတ်လွန်းလို ့….
ငါတို့ခံတွင်းလည်း…. သွေးချင်းချင်းနီခဲ့ ပြီ ။
မျက်ရည်ပြိုင်မိုး….. သွန်းခဲ့တဲ ့ ၁၉ ရက်
သူတို ့နှုတ်ယူလိုက်တဲ ့ အသက်တွေထဲမှာ….
ငါတို ့ရဲ ့ ရင်နှစ်သည်းချာ ကံကြမ္မာတစ်ခု ပါသွားတယ် ။
ကျေနပ်စရာ မရှိဘူး ။

= အေးးးးး မက်မောတယ် …
ပြော မကုန်တဲ ့ သူ ့ ပြည်ချစ်စိတ်တွေနဲ ့
မြစ်တစ်စင်းလို..စွမ်းစွမ်းတမံ စီးဆင်းပေးခဲ့တာပဲ…
ပစ်ရက်စရာ မရှိဘူး ။

= ဟောဒီ မိုးစက်တွေ ကျတဲ ့ ဇူလိုင် ၁၉ ရောက်တိုင်း…..
ငါတို ့ ရင်ထဲက ပြန် နာလာတယ် ။
မျိုးချစ်စိတ်ကို ဝတ်ရုံလို ခြုံပြခဲ့တဲ့ အာဇာနည်…..
မေ့ ရက်စရာ မှ မရှိတာ…….။

= ငါတိ်ု ့ သမိုင်းကို တစ် ပြန် စ ပြီး….
သခင်အောင်ဆန်းကို ပြန်လိုချင်တယ် ….
သူရဲကောင်းဆိုတာ… လိုသလောက်မှ မရတာ….။

= ရာဇဝင်ရိုင်းတဲ ့ သုတ်သင်ခြင်းတွေကြောင့်
ငါတို ့ သခင်ကို စတေးခဲ့ရတယ် …..
ကျေနပ်စရာမှ မရှိတာ….။

= အစားပြန်မရဘူးဆိုရင်တောင်
ငါတို ့ သခင်ကိုပဲ ပြန်လိုချင်တယ် ….
ငါတို ့ သခင်ကိုပဲ… ပြန် လိုချင်တယ်…..
ပစ်ရက်စရာမှ မရှိတာ…….။

++++++++++++++++++++++++++++++++++++

ယနေ ့ထိပင် ရှိစေချင်သည်

တို ့ဘိုး တို ့ဘွား
မျှော်လင် ့ခဲ့သည့်
လွတ်လပ်ရေးကို
၁၉၄၈ကရခဲ့သည်။

လွတ်လပ်ရေးအတွက်
ကြိုးပမ်းခဲ့သည့်
တို ့ရဲ ့ဗိုလ်ချူပ်ဇာနည်
ယနေ့ ့ထိပင်ရှိစေချင်သည်။

၁၉၄ရ မှာ
လူတချို့က
တို ့ဗိုလ်ချုပ်အား
ရက်စက်စွာနဲ ့သတ်ဖြတ်ခဲ့သည်
တို ့ဗိုလ်ချုပ်နှင့် အာဇာနည်တချို့
ကျဆုံးခဲ့လည်း
ယနေ့ ထိတိုင် မမေ့နိုင်ပါ ။
သတိရလျက်ရှိကြသည်။

၁၉ ဇူလိုင် ရောက်သည့်တိုင်
ဂူဗိမ္မာန်သွား အလေးပြုချင် ယခုပင်။
အမှန်စိတ်ထဲ ရှိပါသည်။

+++++++++++++++++++++++++++++++++++

သူရဲကောင်းများနားခိုရာ

ငါ့၏သွေးရဲရဲနီမြန်း
စိတ်ဓါတ်ခွန်အား နောက်မဆုတ်စတမ်း
လျှောက်လှမ်းသည့်လမ်း ကြမ်းတမ်းခက်ထန်
တိုင်းပြည်တွက်ဆို အသက်ကိုပေး
ခန္ဒာကိုစွန့် ရဲစိတ်ရဲမာန်
ထက်သန်လှသည် အမိမြေကိုကာကွယ်မည်………….

ကျူးကျော်လာသူ တို့ရန်သူသို့
သင်တို့သိစေ ငါ့မိမြေသည်
ငါရှိနေသ၍ ငါ့မြေကြီးကို
တစ်လက်မအထိမခံ တိုက်ထုတ်ရန်လည်း
ဝန်မလေးသည့်စိတ် ငါမွေးကထဲက
ရင်မှဖြစ်တည်
ငါ၏စိတ်သည် တိုင်းပြည်တွက်တည်း……………

နေမင်းလင်းရောင် လမင်းလင်းရောင်
ကြယ်လင်းရောင်အောက်
ငါ့၏စိတ်ဓါတ်မကျရောက်ပါ
ငါ၏အတွေး မတွေဝေပါ
သူရဲကောင်းများ စံပျော်သည့်လမ်း
ခရောင်းပန်းများ ပွင့်လန်းနေပြီ
သွေးမျက်ရည်များ ချောင်းဖြစ်သွင်စီး
ကျဆုံးရဲဘော် သေသော်ငရဲမလား
ငါလေးစားသည် နီမြန်းသောပန်း ငါ့ရင်မှာလန်းဆန်းသည့်သို့
ကာကွယ်ပါမည် အမိမြေလေး သာယာစေဖို့
စွမ်းကုန်ကြိုးစား တည်ဆောက်ခဲ့သည်……………

မျိုးဆက်တို့ရေ ငါတို့ကြိုးစား
ဆူးခင်းလမ်းသည် ယခုအခါ ပန်းခင်းလမ်းအသွင်
ရောက်နှင့်သော်လည်း ယိုင်လဲသည့်စိတ်
မာယာများတဲ့ ခေတ်အလည်မှာ သင်သို့သိစေ
မလျှော့သောဇွဲ လုံ့လအားထုတ် ကြိုးစားပြုလော့
အရေးကြုံရင် ရှိရာလက်နက် ကိုင်စွဲပြုလော့
ငါတို့တိုင်းပြည် သာယာစေဖို့ သွေးချောင်းမျက်ရည် ကျဆုံးစေဖို့
မင်းတို့ ငါတို့ ရင်မှ ကိန်းအောင် အစဉ်ဆောင်ပါ
သူရဲကောင်းတို့ စံပျော်ရာ ငါတို့နေရာလေးမှာ
မင်းလည်း အသင့်ရှိမယ်ဆိုတာ ……………

++++++++++++++++++++++++++++++++++++++++++

ပြတ်ပြတ်သားသားပြောရရင်ခင်ဗျားကကျွန်တော်မဟုတ်ဘူး။

ခင်ဗျားစီးတဲ့ကားအမျိုးအစား ကျွန်တော်မသိသလို
ကျွန်တော်စီးတဲ့ ဖိနပ်တံဆိပ်လည်း ခင်းဗျားသိမှာမဟုတ်ဘူး။
ခင်ဗျားနင်းခဲ့တဲ့ လည်မျိုတွေ ခင်ဗျားမမှတ်မိသလို
ကျွန်တော်ကိုတွန်းချနေတဲ့ လက်တွေကိုလဲ မှတ်မိတော့ဘူး။
ခင်ဗျားက လောကဓံကို ဖယောင်းတိုင်းမီးမှုတ်သလို ချူပ်ငြိမ်းလို့ရပေမဲ့
ကျွန်တော်က ဒုက္ခတွေကို တစ်စတစ်စလိုက်ကောက်လို့ မဆုံးဘူး။
ခင်ဗျားဒုက္ခက ကျွန်တော်ဒုက္ခထက် တစ်ခါတစ်ခါ ပိုများနေမလား။
ခင်းဗျားအရာရာကိုဖန်ဆင်းနိုင်တဲ့ နတ်တစ်ပါးဖြစ်သလို
ကျွန်တော်က အရာရာမဖြည့်စီးနိုင်တဲ ့လိုအပ်မှုနတ်သားဖြစ်တယ်။
ခင်းဗျားက အမှားကိုအမှန်လုပ်တတ်တဲ့ ပါရဂူ
ကျွန်တော်က အမှန်ကို အမှန်မပြောရဲတဲ့ ငကြောက်
ကျွန်တော်က သေမှာထက် ငွေမရှိတဲ့ဘဝကိုရောက်မှာပိုကြောက်သလို
ခင်ဗျားက ငွေမရှိမှာထက်သေမှာပိုကြောက်တယ်မဟုတ်လား။
ခင်ဗျားနဲ့ကျွန်တော်တူတာဆိုလို့ အချိန်တန်ရင်သေမှာရယ်၊ သောကအကြီးအသေးတွေရယ်၊
အကောင်းမမြင်တက်တဲ့သံသယအချို့ ့ရယ်၊မိသားစုအတွက်ရယ်ပဲရှိတယ်…။
ကဲ ခင်ဗျား…………ကကျွန်တော်နဲ့မတူပါဘူးဆိုနေမှပဲ..။

+++++++++++++++++++++++++++++++++++++++++

ပီကေ

အဲဒီ . . .

ဗုဒ္ဓဟူးနေ့မှာ အရောင် (၃) မျိုးရှိတယ်
နွေလယ်နေ…၊ အဝေးမိုးသား ညို့ညို့….၊
ကြေကွဲနေတဲ့ အထီးကျန်သေတ္တာ….။

ကြည်လင်နေတဲ့ အသက်ဓာတ်မှာ
မွေးရာပါ ဗီဇကို ဆင့်ပွားထားတဲ့
ထပ်ဆင့် နာမဝိသေသနတွေ ရှိတယ်
သူမကို ထိမယ့် မြား တစ်ချက် တစ်ချက် တိုင်းကို
လှေကြီးထိုး ရိုးရိုးမှန်မှန် ကာကွယ်ဖို့နဲ့
စေလိုရာစေ ပျဝပ်နေတဲ့
အကင်းသေ ချပ်ဝတ်တန်ဆာရယ်..
ရိုးအလွန်းပါတယ်ကွယ်….။

အပြင် ရန်သူကို သတ္တိနဲ့ တိုက်ရလွယ်သလောက်..
အတွင်း ရန်သူကို နှလုံးသား နဲ့ ငြိုငြင်ရ ခက်လွန်းတယ်
စိတ်စေတသိတ် လောင်မီးပိုးရယ်
ငါတို့နဲ့ လွတ်ရာကင်းရာမှာ ကျပါတော့….။

ကိုယ့်ဘာသာ …
တစ်ဘက်သတ် တည်ဆောက်ထားတဲ့ ရေတံခွန်
မိုးခေါင်သောင်ထွန်း ဥတုရာသီမှာ
ကောရော….။………….။

××××××××××××××××××××××××××××××

ကဗျာတွေကို ဖတ်ပြီးသွားရင် ရှေ့ပို့စ်မှာ မှတ်ချက်နဲ့အတူ ကြိုက်တဲ့ကဗျာတွေကိုလဲ ဗုတ်သွားပါဦးနော်

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)