ကဗျာပြခန်း အမှတ် (၇)
.
.
.
.
.
.
.
.
.
.
.
ကဗျာပြခန်း အမှတ် (၇)
တစ်ခန်းပြီးတစ်ခန်း ဆက်လက်ချီတက်လာတာ အခန်း (၇) ကို ရောက်ပါပြီ
ဒီပြခန်းမှာတော့ ကဗျာဆရာ ဆယ့်ခြောက်ယောက်က ကဗျာ စုစုပေါင်း ဆယ့်ခြောက်ပုဒ် ပါဝင်ပြသထားပါတယ်။
ပြခန်းများရဲ့ ထုံးစံအတိုင်း ကဗျာဆောင်းပါးနဲ့ စကြရအောင်
ဒီဆောင်းပါးက အရင်ပြခန်းရဲ့ အဆက်ပါနော်..
………………………………………..
(၂)
ကဗျာသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည်။ ရွှေသံလျက်တော်ခေတ်၊ ဒေါင်းအလံ၊ ကြယ်ဖြူတစ်ပွင့်အလံ၊ တူတဇင်အလံ၊ ခွပ်ဒေါင်းအလံ၊ ပါလီမန် ဆယ်နှစ်ဆယ်မိုး အရင်းရှင်ခေတ်။
ယနေ့ကဗျာသည် အချိုးအကွေ့သို့ ရောက်နေသည်။ အဟောင်းနှင့်အသစ်တိုက်ပွဲ။ ကဗျာသည် အသစ်ကို တောင်းဆိုသည်။ အဟောင်းကို ဖျက်ဆီးသည်။ အဟောင်းနှင့်အသစ်ကို စေ့စပ်သော ပညာတတ်အား ရှုတ်ချသည်။
ယနေ့လူငယ်သည် ကဗျာကိုချစ်သည်။ ခေတ်အရ၊ စနစ်အရ ကဗျာကလည်း ချစ်စရာကောင်းနေသည်။ သေနင်္ဂဗျူဟာ ခိုင်မာသည်။ နည်းပရိယာယ်ခန်း ကြွယ်ဝသည်။ အများနားလည်သော စကားလုံးပုံသဏ္ဍာန်ကို လိုသလို လှည့်သုံးသည်။ လှသည်၊ ကြွသည်၊ ကွေ့ကွေ့ရိပ်ရိပ်မဆို ဒဲ့ဒိုးပွင့်ပွင့်လင်းလင်း ဆိုသည်။ စူးစူးနင့်နင့် ထိုးနှက်သည်။ ရဲရဲရင့်ရင့် ရှိသည်။
ကဗျာက သည်လောက် လှလည်းလှ၊ ကြွလည်းကြွပေမင့် ကဗျာဆရာကကော လှရဲ့လား၊ ကြွရဲ့လားဟု မေးစရာရှိသည်။ ကဗျာဆရာသည် လှချင်သာလှမည်၊ ကြွရန်ကား ခဲယဉ်းနေတတ်သည်။ သတ္တိနည်းနေတတ်သည်ဟု ဖြေရမည်။
ဤမှာ ကဗျာနှင့် ကဗျာဆရာ ပဋိပက္ခဖြစ်လေပြီ။
ထိုပဋိပက္ခကား အခြားမဟုတ်။ ကဗျာနှင့် ကဗျာဆရာတို့၏ ထပ်တူမဖြစ်မှု ပဋိပက္ခ။ ဟုတ်သည်။ ပဋိပက္ခကို ငြင်း၍မရ၊ ဖုံးကွယ်၍မရ။ ပဋိပက္ခသည် နေရာအနှံ့အပြား၌ရှိသည်။
ကဗျာနှင့် ကဗျာဆရာတို့၏ ပဋိပက္ခသည် ကဗျာခေတ်ကိုသာမက ပြည်သူ့ခေတ်ကိုပါ သစ်စေနိုင်သည်။ သို့သော် ကဗျာနှင့် ကဗျာဆရာတို့၏ ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းနိုင်သေးပေ။ အပြေအလည်ရှင်းရန်ကိုလည်း အချို့အချို့ ကဗျာဆရာတို့က မလိုလားကြချေ။ ထိုသူတို့ကား လက်တွေ့တရားမှ ထွက်ပြေးနေသူများတည်း။
………………………
++++++++++++++++++++++++++++
ပြခန်း (၇)မှာ ပါဝင်တဲ့ ကဗျာများကတော့ အောက်ပါအတိုင်း ဖြစ်ပါကြောင်း….
(ပုံတွေကို သေချာ မမြင်ရရင် ပုံပေါ်မှာ ကလစ်တစ်ချက်ခေါက်လို့ ကြည့်ရှုနိုင်ပါတယ်နော်)
စာသားသီးသန့် ဖတ်လိုသူများအတွက်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အလှဘွဲ့
ထိတ်စရာ လိပ်ပြာလှုပ်
ပြိတ္တာရုပ်သဖွယ်
မဲချက်က ကဲထက်ကြွယ်သည်
ကျွဲနက်ဝယ်မခြား။
ဂျီးသူဋ္ဌေး မီးသွေးငိုသည်
ကျီးမွှေးကို ရှုံးရတကား။
ညစ်ထေးလို့ ပြစ်ထွေးမှောင်သည်
သစ်စေးရောင်အလား။
အနက်တွင် မက်လင်သားပါပဲ
မျက်မြင်အား အမှန်။
အမူတွင် ငါးခူရှူံးရ
လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။
သပိတ်နှင့် ငချိတ်ဆန်လို
မနှိပ်ဟန် ဆင်ကွဲပါ့
မင်ခဲနှင့် ပုလင်းဖင်လို မဲမှောင်လို့ညို။
မီးလောင်သည့် တုံးငုတ်တိုမှာ
ပုံးစုတ်ကို စွပ်ထားသို့လေး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျုပ်ကဗျာစပ်ခဲ့ဖူးတယ်
ချစ်သူ့မျက်ဝန်း ရွှန်းလဲ့လဲ့ကို
မြင်ရစဉ်ခဏ ရင်ဝ ရွှင်ပြတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
ချစ်သူ့ကေသာ လေအလာမှာဝေ့ဝိုက်
ကျုပ်ပါးကိုလာလာ ကလိတဲ့အခိုက်
ရင်မှာပီတိဖြစ်မိတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
ချစ်သူ့နှုတ်ခမ်းဖူး နှင်းဆီဦးကို
အနီးကပ်မြင်ရတဲ့အခိုက်
ကျုပ်သိပ်သိပ်ခိုက်မိတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
ချစ်သူနဲ့တွေ့တဲ့
ပိန်းပိတ်အောင်မှောင်နေတဲ့ လမိုက်ည
မန်ကျည်းပင်အိုကြီးအောက်မှာ
ရင်ခွင်ထဲက ချစ်သူလေးကြောင့်
တစ်လောကလုံးလင်းနေတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
ချစ်သူစိတ်ကောက်တဲ့အခါ
နေမသာ လေမလာ ကျုပ်ရင်မှာဗလာနဲ့
ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
ချစ်သူနဲ့ အထိအတွေ့
သိပ်သဘောတွေ့ပေမဲ့
ချစ်သူ့ မျက်ဝန်း မျက်ရည်လွှမ်းတော့
မျက်ရည်တွေကျုပ်နမ်းမိတဲ့အကြောင်း
ကျုပ်ကဗျာ စပ်ခဲ့ဖူးတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကြောင်း
မာန နဲ့ မျက်လုံး
ပျော့ညံ့ခြင်း အမြင်သုံး ခဲ့
မထိတရိ အပြုံး နဲ့ နှုတ်ခမ်း
နူးညံ့မှု အသံဖမ်းခဲ့
ငါဆိုတဲ့ အသိ နဲ့ ဦးနှောက်
ဝန်ချဖို့ အမိန့်စောင့်ခဲ့
တင်းထားတဲ့ အတ္တ နဲ့ နှလုံးသား
မေတ္တာတရား အတွက် ပျော်ဝင်ခဲ့
ဝေယံထက်မှာ မာန်ဟုန်ပြင်းပြင်း
Red Arrow တဲ့ တိုက်ယာဉ် နှစ်စင်း
မျဉ်းပြိုင်တိုက်မလို ထိပ်တိုက်ပြခဲ့ပြီးမှ
လှလှပပ ရှောင်ထွက်နိုင်ကြတာ
ကဝေအောင် မှော် အတတ် ကြောင့်တော့ မဟုတ်ဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၃/၄ (သို့) နေ / လ
စက္ကူလှေချိုးလို့
သူ ့ပေးဖို့ ကြံခဲ့တယ် ။
ဒီချောင်းမှာဒီလှေနဲ့
ဒီရေပြင် ဘယ်လိုဖြတ်ရပါ ့
တကယ်ခင်ရင် မနောက်ပါနဲ့
ကို ရယ် ….. ပေါက်ကရတွေ ..တဲ့ ။
ခရေပွင့်တွေသီကုံး
အလန်းဆုံးတွေရွေး
သူ ့ပေးဖို့ ကြံခဲ ့တယ် ။
ခင့် ကေသာတော်ဝင်နန်း
သစ်ခွပန်း သာဆင်သမို့
ခရေ မှာဘေးကိုရောက်ပေါ ့
တကယ်ခင်ရင် မနောက်ပါနဲ့
ကိုရယ် …ပေါက်ကရတွေ …တဲ့ ။
အားငယ်လျှင် အားပေး အခက်ခဲတွေ ဖြေရှင်းလို့ ခင်..
အားကိုးဖို့တွဲလက်တစ်စုံ နားခိုရာ ရင်ငွေ့လှုံစေမယ့်
ခင့် အနား ကိုယ်ရှိနေမယ်ဆိုတော့
လူနဲ့တင်မပြီး ရာထူး ၊ ငွေ တန်ခိုးကြီးတဲ့ခေတ်မှာ
လူ ကိုခင်လျှင် ငွေအရင်ရှာပေါ့
တကယ်ခင်ရင် မနောက်ပါနဲ့
ကိုရယ် … ပေါက်ကရတွေ ..တဲ့ ။
သိပါပြီ …ခင် ….
အက်ကြောင်းရဲ ့ရာဇဝင်
စာမတင်လောက်ပေမယ့်
ကြိုတင်ကာ အဖြေထွက်ပြီ ထင့်
ဒီရင်ခွင် တစ်ပတ်နွမ်းဆီက
အကြွေပန်း ရွှေနန်းမတန်ပြီမို့
ခင်ရယ် …….
လွမ်းတော့ ဒီတစ်သက် ….။ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမှတ်တရ ဟင်းလျာ
Breakfast မနက်စာ…
ပဲပြုတ်နဲ့ ကောင်းညှင်းပေါင်း ပူပူလေး
ရောသမမွှေပြီး
ဆုပ်ကာ ဆုပ်ကာ လွေးချင်တယ်
ရေနွေးကြမ်းလေးနဲ့ပေါ့ …..။
Lunch နေ့လည်စာ
အသား၊ ငါးတွေ မပါချင် နေပါ
အစိမ်းကြော် လေးနဲ့သာ ဆိုရင်
စားလို့ရယ် မြိန်မှာပါ
ငရုပ်သီးကြော်လေးနဲ့ပါဆို
အတိုင်းထက် အလွန်ကိုပေါ့ …..။
Dinner ညစာ
တစ်ခါတစ်လေ မစားပါ
တစ်ခါတစ်ခါ
အင်းစတန့်နိုဒယ် လေးနဲ့ပါ
တစ်ခါတစ်ခါမှာတော့
ကန်စွန်းရွက် ပူပူလေးနဲ့သာ
ကြိတ်လို့ လွေးခဲ့တာပေါ့ …..။
ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
အမေ ချက်ကျွေးခဲ့ ဟင်းလျာ
ဘဝရဲ့ ရင်ခွင်မှာ
မမေ့ကောင်းစရာ လက်ရာများရယ်ပါ …..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောင်မှရတဲ့အရာ
နားလည်မူဆိုတဲ့ စက်ဝန်းလေး
ယိုယွင်းလာတဲ့အခါ …
အချစ်က သတ်သတ်
ယိုယွင်းမူက သတ်သတ် ဖြစ်နေခဲ့တယ်
ယိုယွင်းမူကို ပေါင်းစပ်ဖို့ ကြိုးစားပြန်တော့လည်း …
ဘဝက သတ်သတ်
အချစ်ကသတ်သတ် မဖြစ်ပြန်ဘူး
တစ်ခါတစ်ခါ ဘဝကို ခဏ ခဏ
အသစ်ကပြန်စလို့ ရရင်ဆိုတဲ့ အတွေးနဲ့ပေါ့
ဟားးးးးးးးးးးးးးးး
ဘနဲ့ ဝနဲ့ပေါင်းထားတဲ့ ဘဝကြီးက
ဖြစ်ချင်တိုင်းမှ မဖြစ်နိုင်တာ
ဒီတော့ ….
ဖြစ်ချင်စလို ဖြစ်စမ်းဟဲ့ဆိုပြန်တော့လည်း …
ကိုယ်က ကိ္ကတိ္ထယခေါ် မိန်းမ ဖြစ်နေပြန်ရော
တွေးထားဖူးတဲ့ စိတ်ကူးယဉ်ဆန်ဆန် ခံစားမူ
နားလည်မူနဲ့ ရှင်သန်ချင်တယ်ဆိုပဲ
ဒါကလည်း …….
တစ်ဖတ်သတ်ဆန်လွန်းတယ်လို့ ပြောရင်
ကိုယ့်ကိုယ်ကို များ တအား အားပေးရာ ရောက်နေမလား
နောက်ဆုံးတော့ ……
နောင်တဆိုတာ နောင်မှရတတ်တယ်ဆိုတဲ့စကား
တကယ်မှန်တယ်ဆိုတာ သိခဲ့ရတယ် …..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကယ်ရာမဲ့ သစ်ပင်
ဟိုး အရင်က ငါ့နေရာ
စိမ်းစိုလို့သာ လယ်မြေယာနဲ့
စီးဆင်းခဲ့ မြစ်တစ်စင်းနား
ဖြစ်ခြင်းများတဲ့ သီးနှံစုံ
စပါးက တောင်လိုပုံ
မကုန်နိူင်သော စည်ပင်မှု
အကျိုးပြုပေးခဲ့ သစ်တစ်ပင်
ချစ်ခင်စရာ ငါ့အရိပ်မှာ
လယ်လာလုပ်သူတွေ ခိုနား
တပျော်တပါး ထမင်းစားရင်း
သီချင်းတွေလည်းဆိုကြ
အမှောင်ကျလာပြန်တော့လည်း
ရွာထဲကစုံတွဲ အကဲတွေလာပို
ငိုကြရင်း ကွဲသူတွေရှိသလို
တချို့ဆိုလည်း သားသမီးတွေရ
စုံလှအောင်ကြုံရ ဘုံဘဝ ၊
ကာလတွေ ကြာလာတော့
မြစ်ဖျားက ဒုက္ခတွေ
ငါ့ဆီကို လာထိခိုက်
ရှာလိုက်ကြတဲ့ ရွှေ
ခုတ်လေမဆုံးတဲ့ သစ်တော
ရွှေကြောရှာရာက
မျောလာရ အမှိုက်ပေါင်းစုံ
မကုန်နိုင်တဲ့ ပြဿနာ
မြစ်မဟာကို ဒုက္ခတောင်း
ပြောင်းခဲ့တဲ့ ရေစီးရာ
ပြိုလာတဲ့ ကမ်းပါး
လားရာက ငါ့ဆီကို
မှီခိုသူတွေခမျာ
ရွာလုံးကျွတ် ပြောင်းကြရ
ဝေး လှလို့ ထင်တဲ့မြစ်
ငါ့ခြေရင်းနားရစ်ခွေလာ
ထောက်ညှာလို့ ကယ်သူမရှိ
ငိုမိရ သစ်တစ်ပင်အသံ
ဘဝဂ်ညံနေပေမယ့်
လှည့်လို့ဖြင့် ဘယ်သူမှမကြည့်
လောဘအတိ ဟောဒီကမာ္ဘ
ငါ့ကိုယ်ငါပဲ ကျိန်ဆဲမိ
တိမ်ထဲအထိလွင့်ပျံစကား
ငါမှားတယ်ပဲ ထားတော့မယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လူဇိုးတစ်ဦးအတွက် တိုက်တွန်းချက်
သို့
အသင်လူဇိုး
သင်မဆိုးနှင့်
ဆိုးခြင်းသည်ကား
ကောင်းသည်ကနည်း
အဆိုးသာမြဲ၏။
သို့
အသင်လူဇိုး
သင်ဆိုးသင့်သည်
ဆိုးသည်ဟူကား
တရားမစောင့်
နတ်မစောင့်သော
ခေတ်ခါကာလ
အချိန်ကျလျှင်
ဘာသာသာသနာ
နှစ်ဖြာအကျိုး
သယ်ပိုးနိုင်ဖို့
ဆိုးသင့်ပါက ဆိုးရမည်
သို့
အသင်လူဇိုး
သင်မဆိုးနှင့်
ဆိုးလေဆိုးလေ
အချိုးမပြေဘဲ
ကျိုးကြေနိုင်သည် မှတ်တော့လေ။
သို့
အသင်လူဇိုး
အသင်ဆိုးပါ
လူဇိုးဆိုတာ
ဆိုးပြပါမှ
လူဇိုးဘဝ
မြဲရှာရမည်
ဆက်ကာဆက်ကာ ဆိုးပါလေ။ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ထုံပေပေနေ့စွဲများ
ရုန်းပြန်နယ်ဆုံးအထိ
ဆွဲဆန့်ခံရတဲ့သားရေပင်လို…
အရင်လိုပြန်မဖြစ်တော့တဲ့
ကောက်ကျစ်တဲ့ နှလုံးသားတစ်စုံက..
ကိုယ့်အတွက် တစ်ကွက်ချန်မိလို့…
ပြန်သင့်ခံရတဲ့ ကျိန်စာက…
အချစ်၊ အလွမ်း၊ မျှော်လင့်ခြင်းရက်စွဲများ ပျောက်ဆုံး။
ရင်တွေပေါက်ထွက်ရင်ပေါက်ထွက်သွားပါစေ..
တစ်စုံတစ်ယောက်ကို ချစ်လို့ရချင်လိုက်တာ…
ရူးချင်ရူးသွားပါစေ…
ချစ်သူကို လွမ်းလို့ရချင်လိုက်တာ…
ယုတ္တိမတန်လွန်းတဲ့ အသေးအဖွဲလေးအတွက်ပဲဖြစ်ဖြစ်
မျှော်လင့်နေတတ်ချင်လိုက်တာ….
အခုတော့…
ထုံပေပေနေ့စွဲများနဲ့
ဗလာလူသား။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြို့ပျက်နေ့
ဟောဒီ အိပ်မက်ကြီးတစ်ခု အသက်ငင်နေတဲ့ မြို့ပြကြီးတစ်ခုကို ခြေချဖို့
တိမ်တွေကို ဖြိုခွဲရင်းနဲ့ သူ့နေရာကြီးထဲ ဝင်လာခဲ့တယ်
အဲ့ဒီနေ့က ကြည်ကြည်လင်လင်ကြီး ကြိုနေခဲ့လေရဲ့။
တစ်ဆယ်တန်လေးတော့ လုပ်သွားပါဦးကွာဆိုတဲ့
အဲဒီ မဖြူစင်တဲ့ အဖြူရောင်ဝတ်ကြီးတွေကို
ရွံကြောက်ကြီး ကြောက်နေတုန်းရှိသေးတယ် ပြုံးပြုံးကြီး သွားဖြဲပြီးကြိုနေပေါ့။
ရှိစေတော့ဟယ်လို့ အနီရဲရဲစာအုပ်ကြီးထိုးပေးလိုက်ရင်း
မြွေတစ်ကောင်အလား လူတန်းရှည်ကြီးကြားက
အမောဆို့နေတဲ့ အပြေးသမား တိုးထွက်ပြီး
နောက်ထပ် အသက်အောင့်ထားဖို့
သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်
“အိတ်ပါသလား” တဲ့
ခါးလိုက်လေတဲ့စကား ဒင်းတို့ သက်ရှိထင်ရှား ရှိဆဲပါပေါ့လား။
ကိုယ့်အိတ်ကိုယ်ဆွဲ မှန်အပြင်ကိုလှမ်းမျှော်ရင်းနဲ့
တွန်းထိုးလို့ ထွက်မယ်ဆိုကာမှ
လူမုန်းများတဲ့ အရောင်နဲ့ မမကြီးက ဟိုဘက်ကို သွားပါဦးကွယ်ဆိုလို့
နှင်ရာကို သွားပြီးလို့
အချိန်အနည်းငယ်ပိုကြာမှ
လွတ်ပြီကျွတ်ပြီဆိုပြီး
ကိုယ့်စိတ်ကိုယ် လွှတ်လိုက်မယ်ရှိသေး
မဒမ်လေး ရှိမနေရှာပဲ တစ်ယောက်တည်း ယောင်လည်လည်နဲ့
မြို့ပျက်ကြီးကတော့ အပူတွေ တစ်ညီးညီး တောက်လောက်နေလေငဲ့။ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စံပါယ်မီး
အခန်းထဲမှာ ပြေးလွှားနေကြတဲ့
ဝိဉာဏ်တွေဟာ…
ငါ့ကို လှောင်ရယ်နေကြတယ်
ပြီးတော့ သူတို့ဟာ
ငါ့စိတ်မှာ လောင်နေတဲ့ရနံ့ကို
ခိုးယူ စားသုံးကြတယ်
ဒါပေမဲ့ အခန်းထဲမှာ
ငါမွေးထားတဲ့ ကြယ်တွေတောင်
အတော်များလာပါပြီကော
သူမ မောင်းထုတ်လိုက်တဲ့
သီချင်းကလေးတွေ ငိုလာကြပြီဆို
ငါ့ ကြယ်ကလေးတွေကလည်း
ဝမ်းနည်းကြတယ်
ကြယ်ခမောက်နဲ့ ပန်းလိပ်ပြာမလေးက
င့ါကို အမြစ်ကနေ တူးသွားတော့
ငါ့ ပင်စည်လည်း ဘိုင်းဘိုင်းလဲတယ်
သူမရဲ့ ဆီလီကွန် နှလုံးသားကြောင့်(ပဲ)
ငါ့ ရင်ခုန်သံလေး ကင်ဆာဖြစ်ခဲ့ရ
မိုးဦးလေဦးလေးရယ်
စံပါယ်တွေ မွှေးတိုင်း
ရောက်ရာ အရပ်က
အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ်
မင်းဟာ ငါ့ရဲ့ နေ့နဲ့ ညကို
စနစ်တကျ လောင်ကျွမ်းနေတဲ့
အအေးမြဆုံး မီးတောက်လေး တစ်ပွင့်မို့
လူငယ်တစ်ယောက်ရဲ့ နံရံကို
သံသယ ပဝါပါးနဲ့ မလွှမ်းခြုံလိုက်ပါနဲ့
ဝေဒနာ သေရွာပါသွားလိမ့်မယ် ညီမလေး
မျက်ရည်တို့ ပျော်ပါစေ . . .။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အချစ်ရဲ့ကြိုးဆက်ထုံးကလေးများ
အချစ်ဆိုတာ
လူသားနှစ်ဦးကို ချည်နှောင်တဲ့ကြိုးပဲ
မချည်တတ်ရင် ပြတ်တတ်သလို
ချည်တတ်ရင်လည်း ဖြတ်ဖို့မလွယ်..။
မာနတွေ အသက်ဝင်နေတဲ့ ကောင်မလေး လက်နဲ့
အတ္တတွေ တဝုန်းဝုန်းတောက်နေတဲ့ ကောင်လေး လက်က
ကြိုးကို ဖြတ်ဖို့ကြံတယ်..။
ကောင်မလေးက “တောက်” တစ်ချက်ခေါက်လိုက်ယုံလေး
ကောင်လေးက တံတွေးတစ်ချက်ထွေးလိုက် ယုံလေး မှာ
ကြိုးတစ်ချောင်းက… ကြိုးနှစ်ချောင်းဖြစ်သွားတာ..
မီးပြတ် သွားသလို နှလုံးသားရဲ့ မြို့က ချက်ချင်းမှောင်သွားတော့တယ်။
ဒီလိုနဲ့ ကောင်မလေးမှာ နောက်ထပ် ချည်ထားတဲ့ ကြိုးတစ်ချောင်းနဲ့
ကောင်ကလေးမှာ နောက်ထပ် ထုံးထားတဲ့ ကြိုးသစ်တစ်ခုနဲ့
လောက က ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို လက်ပိုက်ကြည့်လို့….။
ကျွန်တော်တို့ ခင်ဗျားတို့ ကြိုးတွေမှာရော.. ဆက်ထုံးလေးတွေ ဘယ်လောက်ရှိပြီလဲ။
“အချစ်ဆိုတာ….ပြတ်တတ်သလို ဖြတ်ဖို့လည်းမလွယ် ”…။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အပြန်အလှန်
ကောင်မလေးရေ…
ပါးကွက်မကွက် ဆံပင်ဖြတ်ပြီး
ခေတ်အညီ ဘာဝတ်ဝတ်
နင်… မြန်မာဆိုတာ မေ့မပစ်နဲ့
ကမာ္ဘကို ယှဉ်ပေးပြီး တုရဲတဲ့
တို့ မြန်မာယဉ်ကျေးမှုမှာ
‘ဘုန်း’ နဲ့ ‘ဆံထုံး’ ဟာ
တွဲလျက် သုံးပါ။
ကောင်မလေးရေ…
ပန်းပန်ပြီး နန်းဆန်စရာမလိုဘူး
အကန်းမဆန်ဘဲ လမ်းမှန်ရင်ပြီးရော
ဂဏန်းဆန်ဆန် မသွားဘဲ
တစ်လှမ်း မှန်မှန် သွားပေါ့
‘စိန်၊ ရွှေ၊ ငွေ’ မဆင်ဘဲ ‘အိန္ဒြေ’ ဆင်လည်း
လှပါတယ်။
ကောင်မလေးရေ…
အရာရာကို ဂရုမစိုက်တာ
ဒုစရိုက်တော့ မဟုတ်ဘူးပေါ့
ဒါပေမယ့်…
လူ့အကြိုက်ကို တုမမိုက်သင့်ဘူးလေ။
ကောင်မလေးရေ…
ခေတ် ဆိုတာ အသစ်လိုမှာအမှန်ပဲ
ဒါပေမယ့်
အချစ်ကိုတော့ အသစ်လိုတိုင်း
အပြစ်ဆိုပြီး မရိုင်းနဲ့
‘အနှစ်’ ကို အကာပတ်သလို
‘အစစ်’ ဆို အရှာခက်တယ်။
ကောင်မလေးရေ…
ဘေးအပျော်တွေနဲ့ ကဲသင့်သလား
အတွေးအခေါ်တွေနဲ့ ရဲရင့်မလား
အတိတ်ကအဖြစ်တွေကိုလည်း ဖော်မကြည့်နဲ့
ကိစ္စအသစ်တွေကိုလည်း မျှော်မကြည့်နဲ့
စိတ်ကဖြစ်သမျှတွေဟာ ‘အနိစ္စ’ အစစ်။
ကောင်မလေးရေ…
စာအရှုပ်တွေနဲ့ ဆရာလုပ်တာမဟုတ်ဘူး
သိသမျှတွေကို
‘နင့်ကိုလေ’ သတိရတိုင်းရေးတာ
အပြစ်ဖို့ ပြောတယ် မမှတ်ပဲ
ချစ်လို့ ပြောတယ်မှတ်ပါ…။
ကိုကြီးရေ…
ပါးကွက်ပျက်ပြီး ဆံပင်ဖြတ်မိလို့
အမျိုးမေ့နေသူလို့ ထင်ရက်သလား…
ကမာ္ဘကိုယှဉ်မယ့် မြန်မာ ဆိုတဲ့အသိ
ကျွန်မရင်ကို တိုက်ရိုက်ထိတယ်
‘ဘုန်း’ နဲ့ ‘ဆံထုံး’ ကို အစဉ်သုံးလို့
ရိုးရာဓလေ့ ကျွန်မ မမေ့မိဘူး။
ကိုကြီးရေ…
ပြောတဲ့စကား ‘မြေဝယ်မကျ’ လို့
အပိုမဆိုချင်ဘူး အဖြူထည်နဲ့ အရင်းခံ
အကောင်းမြင်ဝါဒကို မငြင်းဆန်ဘဲ
‘စေချင်’ တဲ့ စိတ်တွေအကုန်လုံး
ပြီးပြည့်စုံစေရမယ် ဆိုတဲ့ကတိ
ကျွန်မ အသိက ပေးမိမှာပါ။
ကိုကြီးရေ…
ဆန့်ကျင်ဘက် တစ်ယောက်ရဲ့
ဦးဆောင်မှုကို ခံယူနေတယ်လို့တော့
မထင်မိစေချင်ဘူး
ပညာရှိကို မှီဝဲဆည်းကပ်ပါ ဆိုတဲ့စကား
ကျွန်မနားထဲ အမြဲကြားတယ်။
ကိုကြီးရေ…
အသစ်လိုတဲ့ ခေတ်အိုထဲမှာ
အချစ်ဟောင်းကြီးကို တစ်သက်မခွဲ
အဖြစ်ပြောင်းပြီး လက်တွဲကြည့်မယ်ဆိုရင်ကော…
‘တူနှစ်ကိုယ် တဲအိုပျက်မှာနေရ’ ဆိုတဲ့စကား
နားဝင်မှာချိုပေမယ့် အမြင်မှာ မစိုဘူးလေ။
ကိုကြီးရေ…
တစ်ခါတစ်ခါမှာ
ဘေးအပျော်တွေ ငေးမျှော်ရင်းနဲ့
အတွေးအခေါ်တွေ ရဲရင့်လာတတ်တယ်
အတိတ်ရဲ့အဖြစ်က အရိပ်လိုလိုက်နေပြီး
ကိစ္စအသစ်ကလဲ
‘အနိစ္စ’ အစစ် ဖြစ်နေပြန်တယ်။
ကိုကြီးရေ…
အမှန်တရားရဲ့သဘောထားတွေကိုလေ
ဟောကြားမယ်ဆိုတိုင်း
အပြစ်ဖို့ ပြောတာပဲဖြစ်ဖြစ်
ချစ်လို့ ပြောတာပဲဖြစ်ဖြစ်
နုမျစ်ဖြူစင်တဲ့ နှလုံးသားနဲ့
နာခံပါ့မယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုယ့်အားကိုယ်ကိုး ဈေးသည်
ခိုးစားတော့ ခွေးဟောင်
လုပ်စားတော့ မိုးခေါင်တဲ့ ဘဝ
ကံတရားကို အပြစ်ပုံ
ဒူးနဲ့မျက်ရည်သုတ်ရုံနဲ့
ဆန်အိုးထဲ ဆန်ပြည့်မလာနိုင်ဘူး ။
လူတန်းစေ့ နေနိုင်ဖို့ထား
နေ့ညပေါင်း တစ်နပ်
မှန်မှန်ချက်ဖို့ရေတောင်
တစ်ထမ်း 200 နဲ့ လောက်ငှအောင်
ဝယ်မသုံးနိုင်ဘူး ။
ခေါက်ပြန်တိုးယူပြီး ဈေးဗန်းကိုရွက်
သမာအာဇီဝ ရှာစားမယ်ကြံတိုင်း
ပြေးဟပ်မတက် လိုက်ဖမ်းသူကြောင့်
ခွေးပြေးဝက်ပြေးရှောင်တိမ်းနေရတာ
အရင်းတောင် မကြေသေးဘူး။
သိက္ခာ ဆိုတာကြီးကိုဖုံးအုပ်
အလုပ်ကြမ်းသမ ဝင်လုပ်လည်း
ခါးကုန်းအောင် လုပ်မှ ရတဲ့အခ
တဝမ်းတခါးစာတောင်မရလို့
ကလေးတွေတောင်ကျောင်းမတက်နိုင်တော့ဘူး။
ရှိသမျှ အကုန်ထုတ်
အရင်းလုပ်တော့လည်း
သူတောင်းစား စားခွက်
ဝင်လာနှိုက်သူရဲ့ လိုင်းကြေးကြောင့်
လူမွှေးလူယောင် မပြောင်ယောင်ပြန်ဘူး ။
ခြောက်လတစ်ခါလောက်
ကျန်းမာရေး အစောင့်ရှောက်တဲ့လား
အကြံဖန် အင်ထု
အလုပ်အတွက်သက်သေပြုဖို့
Certificate တွေလည်း မစုနိုင်ပါဘူး ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ဘဝကပေးတဲ့ အသိနဲ့
နောင်ခါလာ နောင်ခါဈေး
ကြိုတင်တွေးပူ အရေးတယူလုပ်ပြီး
ရောဂါပိုးကို မစိုးရိမ်နေနိုင်ဘူး ။
ငါးစိမ်းမြင် ငါးကင်ပစ်
တဏှာယစ်လို့ ပစ်ခွာသွားသူ
လင်ကြီးကိုပဲအပြစ်ဖို့ရင်း
ရန်ကုန်မြို့ရဲ့ ညချမ်းတွေထဲ
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်
ဖမ်းလိုက်တော့မယ် ဟောတစ်ယောက် …. ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘယ်မှာလဲ ပြည်သူ
ပြည်သူတဲ့ …
နာမည်ပေး ကင်ပွန်းတပ် မလုပ်ရပါပဲ
ပျင်းရိလေးတွဲ့ဖွယ် မိန့်ခွန်းတွေထဲမှာ…
မစားရ ဝခမန်း အင်တာဗျူးတွေထဲမှာ…
ပြည်သူဟာ ပြည်သူမဟုတ်သေးပဲ
သူ့ကိုယ်သူ ပြည်သူလို့ ယုံကြည်နေရတယ်။
ကလေးတစ်ယောက်ရဲ့ လွတ်သွားတဲ့ ကွန်ပါဘူးထဲ
တစ်ခုချင်း ငိုမဲ့မဲ့ ပြန်ထည့်နေရတဲ့ ပြည်သူတွေဟာ…
ဖြတ်ပျံသွားတဲ့ သိန်းငှက်ကို ကြောက်ကြောက်လန့်လန့် ပစ်ချရင်း…
ခေါင်းပေါ် ခဲပြန်ကျရတဲ့နွားကျောင်းသားလေးလို ပြည်သူတွေဟာ
ကျွန်တော်တို့က ပြည်သူတွေလားခင်ဗျာ…
ကိုယ်နာမည်ကိုယ်မေ့ပြီး ငိုကြီးချက်မ လိုက်မေးနေရတဲ့ ပြည်သူတွေဟာ
လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်တဲ့ အပြစ်များ ရှိနေလို့လား။
ပြည်သူ လို့ခေါ်တဲ့သူတွေ…
လူမျိုးရေးကြောင့် စစ် တွေဖြစ်လို့နေရဲ့။
ပြည်သူလို့ သမုဒ် ထားတဲ့သူတွေ…
ဘာသာရေးကြောင့် တစ်ယောက်ကို တစ်ယောက် သတ်လို့နေလေရဲ့။
ပြည်သူလို့ခေါင်းဆေးမင်္ဂလာ ပြုထားသူတွေ…
နိုင်ငံရေးကြောင့် တစ်ယောက်ကို တစ်ယောက် ညစ်လို့နေလေရဲ့။
ဘယ်မှာလဲ ပြည်သူ
ပြည်သူ ဖြစ်ကြောင်းသိရဖို့
သက်သေခံ ကဒ်ပြားကို ဈေးကြီးပေးဝယ်ခဲ့ရ။
ပြည်သူဖြစ်ကြောင်း ပီသ ဖို့
အခွန်ပြေစာတွေ ခယ ပေးဆောင်နေရ။
ခင်ဗျားတို့ကို တစ်ခုတောင်းဆိုပါရစေ…
ကျွန်တော်တို့ကို ပြည်သူ လို့ ခေါ်ဆိုမယ်ဆိုရင် ခေါ်ဆိုခပေးပါ။
ခင်ဗျားတို့ကို တစ်ခုတောင်းပန်ပါရစေ…
ကျွန်တော်တို့ကို ပြည်သူလို့သတ်မှတ်ရင် သတ်မှတ်နေရာချပေးပါ။
ငါ့သူငယ်ချင်းတစ်ယောက်…
သူ့ကိုယ်သူပြည်သူမှန်းမသိတဲ့ တိုင်းပြည်မှာ လေယာဉ်ပျံကြီးမောင်းလို့။
ငါ့ညီမလေးတစ်ယောက်…
သူ့ကိုယ်သူ ပြည်သူလို့ မသတ်မှတ်တဲ့တ်ိုင်းပြည်မှာ အဆောက်အဦးဒီဇိုင်းတွေရေးဆွဲလို့။
ဒီမှာတော့ ပြည်သူဆိုတဲ့ ခေတ်ပညာတတ် အရက်သမားတစ်ယောက်…
ဂစ်တာကို တဒေါင်ဒေါင်တီးလို့ လက်တွေဟာတဆတ်ဆတ်တုန်လို့။
ဒီမှာတော့ ပြည်သူဆိုတဲ့ ခေတ်ပညာတတ် မိန်းကလေးတစ်ယောက်…
ကာရာအိုကေမှာ ပေါင်ပေါ်ထိုင်လို့ အရက်ကိုငှဲ့လို့။
ငါတို့ခေတ်ကို မညှာတာစတမ်း ကြည့်ပစ်လိုက်စမ်း။
ဒိုးယိုပေါက် မြင်ကွင်းတွေက ရင်နင့်စရာတွေချည်း။
နိုင်ငံရေးကြောင့် အကျဉ်းကျသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရပြီ။
နိုင်ငံရေးကြောင့် အရက်သမား ဖြစ်နေတဲ့လူငယ်တွေ ဘယ်တော့လွတ်မြောက်မလဲ။
နိုင်ငံရေးကြောင့် ကိုယ်ခန္ဓာရောင်းစားနေရတဲ့မိန်းကလေးတွေ ဘယ်တော့လွတ်မြောက်မလဲ။
ကဗျာဆရာတစ်ယောက် အသဲကွဲနေရပြီ။
ဟိုတုန်းကပြည်သူတွေ…
လုပ်သားပြည်သူ ဖတ်ရင်းစောင့်ခဲ့တယ်။
ဒီဘက်ခေတ်ပြည်သူတွေ…
ပြည်သူ့ခေတ် ဖတ်ရင်းစောင့်ခဲ့တယ်။
စောင့်ရတာကြာတော့ ဘာတွေစောင့်နေမှန်းမသိတော့ဘူး။
ထုံဆေးပေးထားတဲ့ အနာစိမ်းလိုပြည်သူတွေဟာ…
ပျော်ပျော်ကြီးခွဲစိတ်ကုသခံလို့။
ကွမ်းမန်း ထုံးမန်း နဲ့ ငှက်ပျောပွဲလို ပြည်သူတွေဟာ…
ရှိခိုးကော်ရော်ရင်း ဝေးကွာလို့။
ဘယ်မှာလဲ ပြည်သူ…
ဘယ်မှာလဲပြည်သူ…
ဒီလို ထပ်တလဲလဲ ရေရွတ်ရင်း…
နှစ်ထပ်သင်္ဘောနဲ့တူတဲ့မြို့ကလေးက ပြည်သူဟာ…
အလွန်ချောကြောင်း…
ဂုဏ်သရေရှိ သူငယ်ချင်းတစ်ယောက်ပြောတာ ပြန်အမှတ်ရတော့တယ်။ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကဗျာပြခန်းအတွက် ကဗျာများကို alinsett.art@gmail.com သို့ ပေးပို့နိုင်ပါတယ်။
ကဗျာတွေကို ဖတ်ရှုခံစားပြီးရင် အကြိုက်ဆုံး သုံးပုဒ်ကို ရွေးပေးသွားကြဖို့လဲ တောင်းဆိုပါတယ်
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)