Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မပစ်ပါနဲ့ မောင်ရင်ရယ်”

nicolus agralAugust 18, 20131min5779

ကိုယ်က ရန်ကုန်သားမို့လို့ အရေးအခင်းအကြောင်းရေးရင် ရန်ကုန်မြင်ကွင်းကျယ်တွေချည့်ပဲ သရုပ်ဖော်သလို ဖြစ်နေပေမယ့်လည်း တကယ်တမ်းတော့ တို့အရေးသံတွေဟာ မြန်မာနိုင်ငံ တနံတလျားလုံး ပျံ့နှံ့သွားခဲ့တာပါ။ အညာကလူတွေနဲ့ စကားစပ်မိရင် ရွာမှာတောင် တို့အရေး ဖြစ်ခဲ့သတဲ့။ ဒီလိုဆို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လို့တောင် ပြောလို့ရသပ။ သူတို့အဖြစ်က ပိုတောင်ရယ်ရသေး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်၊ တီဗီကသတင်းတွေကလည်း မယုံရတဲ့နောက် သူများအော်လို့သာ လိုက်အော်ချင်တာ ဘာတွေ အော်ရမှန်းလည်း မသိဘူး။ မြစ်နား အနောက်ဘက်ကမ်းက ရေနံချောင်းဘက်ကို “ဟေး။ သည်နေ့ ငါတို့ ဘာတွေ အော်ကြရမှာတုန်း။” လို့ လှမ်းမေး၊ ဟိုဘက် သည်ကနေ့တော့ ဒါတွေ ဒါတွေ အော်ကြရမှာ လို့ သိတော့မှ ကိုယ့်ချင်းကိုယ်ချင်း ဇာတ်ပြန်တိုက်။ တို့အရေး သုံးခါပြီးရင် အောင်ရမည် တစ်ခါ လို့ သေသေချာချာ မှာထား။ နို့မို့ လူပြက်တွေ သံချပ်ထိုးသလို လူရယ်စရာဖြစ်နေမစိုးလို့။ တောမှာ သူများအော်သလို လိုက်အော်တာမို့ အထင်တော့ မသေးနဲ့နော်။ ရွှံ့ရုပ်တော့ ရွှံ့ရုပ်ပဲ။ ဒါပေမယ့် ကြွက်ကြောက်တယ်။ ရွာကအဖိုးလေးတစ်ယောက် တို့အရေးကအပြန် ကောင်စီဥက္ကဋ္ဌမွေးထားတဲ့ လူမိုက်တွေ ဓါးနဲ့လိုက်ခုတ်တာ။ ကံကောင်းလို့ မသေတယ်။ လက်သန်းလေး ပြတ်ကျန်ခဲ့တာ။ လူအုပ်ကြီးနဲ့တုန်းက ဘာမှ မလုပ်ရဲပေမယ့် လူစုခွဲပြီး ပြန်တဲ့အချိန် စောင့်စောင့်ပြီး ခုတ်သတဲ့။ ဥက္ကဋ္ဌအိမ်မှာဆို လက်နက်အပြည့်အစုံနဲ့ လူမိုက် လေးငါးဆယ်ယောက် လုံခြုံရေးထားသတဲ့။ ဂျပန်ခေတ်က သူကြီးတွေကျနေတာပဲ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ သူတို့ကို စစ်တပ်က အကာအကွယ်မပေးနိုင်တော့တဲ့အခါ အိမ်ပါ မြေလှန်ခံရပြီး လူလွတ်ထွက်ပြေးကြရတယ်။ ဒါပေမယ့် အဲဒီလူတွေ ခေါင်းဖြတ်အသတ်ခံရတယ်လို့တော့ မကြားဖူးပါဘူး။ မိသားစု၊ အတွင်းပစ္စည်း အပြည့်အစုံနဲ့ ထွက်ပြေးပြီးတဲ့နောက်မှ အိမ်အခွံကို ပစ္စည်းမဲ့ဒေါသနဲ့ ပေါက်ကွဲရတာပါ။ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက်က ဟိုဘက်က အပြည့်အဝကာကွယ်ပေးထားသားပဲ ဥစ္စာ။

ကဲ လာချေပြီဗျာ။ ပျိုတို့မောင်လည်း မလွဲပါလေသည်။ တပ်မတော်ကြီးရဲ့ အခန်းကဏ္ဍပါ။ ၈၈ အရေးအခင်းမှာ ပြည်သူ့တပ်မတော်က ဘယ်ဘက်ကနေ ကာကွယ်ရပ်တည်ပေးသွားသလဲ။ (ကွကိုယ် ဖြေကြည့်ကြနော်။ ကျုပ်က မေးရုံတင်မေးတာ) ကာဖျူးရုပ်သွားပြီးကတည်းက ရန်ကုန်က ရပ်ကွက်တွေမှာတော့ ကိုယ့်လမ်းကိုယ် ကင်းစောင့်ကြရပါတယ်။ အစိုးရ ရုံးအဆောက်အဦတွေမှာတော့ စစ်တပ်က လုံခြုံရေးယူထားတယ်။ အိမ်နားက ကျန်းမာရေးရုံးကြီးမှာဆို ရေတပ်က လာစောင့်တယ်။ ဘယ်လိုသက်ဆိုင်သလဲတော့ မသိပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးလုပ်တာလည်း အဲဒီရေတပ်က ဗိုလ်ချုပ်ပဲ။ (အဲဒီတုန်းက ကျန်းမာရေးဝန်ကြီးက ဘာလို့ နှုတ်ထွက်သွားသလဲဆိုတာတော့ ဟိုးရှေ့ မှတ်စုတွေရဲ့ ကွန်မန့်တွေထဲမှာ ဖတ်လိုက်မိတယ်) ကုန်သွယ်ရေးရုံးကြီးပေါ်မှာလည်း လုံခြုံရေးတပ်တွေ ရှိတယ်။ (သေချာမှတ်ထား။ အဲဒါဇာတ်လိုက်) ဝန်ကြီးများရုံးထဲမှာ၊ မြို့တော်ခန်းမထဲမှာ ဘယ်ကဘာတပ်တွေမှန်းတော့ မသိဘူး။ ရှိတော့ရှိတယ်။ ဒါပေမယ့် ဆေးရုံကြီးတို့၊ စာသင်ကျောင်းတို့၊ အများပြည်သူ ဝင်ထွက်သွားလာသောနေရာတွေမှာ ဘာတပ်မှ မရှိဘူး။ ရပ်ကွက်ထဲကလူတွေ ဘာဖြစ်လို့ ကင်းစောင့်ကြရသလဲ။ သူခိုးပူလို့လား။ စောင့်ဖူးတဲ့သူတွေ အများကြီး။ နီးစပ်ရာ မေးကြည့်။ တိုင်းပြည်ပျက်လို့ ဗရုတ်ဗယက်သာဖြစ်နေတာ။ အိမ်ကထမီစုတ်တောင် မပျောက်ဘူး။ မိလိုက်ရင် မီးကွင်းပစ်မယ့်သူ နဲ့ အဆိပ်ခပ်မယ့်သူတွေချည့်ပဲ။ အင်းစိန်ထောင်ထဲက ဆိုးခိုးခါးတွေကို အကုန်ရုံခါလွှတ်လိုက်တယ်ဆိုတဲ့ သတင်းကလည်း ပြန့်နေတော့။ ဘယ်သူကမှ ညရေးညတာ ပေါ့ပေါ့ဆဆ မအိပ်ရဲဘူး။

နိုးနိုးကြားကြားအိပ်လို့ မသမာသူတွေလည်း မိပြီဆိုပါတော့။ ဒါပေမယ့် အဲဒါတွေက ရဲစခန်းလည်း ပို့လို့မရပြန်ဘူး။ တချို့လူတွေက စစ်ကြည့်လိုက်တော့ ထောက်လှမ်းရေးတပ်ကပါတဲ့။ ဘာအဆင့် ညာအဆင့်ပါဆိုတာတွေ ဖြစ်နေပြန်တော့ တရားစီရင်ရေးရဲ့ အထက်က ဖြစ်နေတယ်။ ဒီလိုနဲ့ အလယ်ခေတ် တရားစီရင်ထုံးအတိုင်း ဘုန်းကြီးကို အမှူးထားပြီး စစ်မေးစီရင်ရတယ်။ ဘုန်းကြီးတွေခမျာလည်း ကင်းမှူး၊ ဆယ်အိမ်ခေါင်း အလုပ်တွေကို ဘယ်သူမှ တာဝန်မပေးရပဲ လုပ်နေရတယ်။ စုံစမ်းကြည့်လိုက်လို့ အစစ်အမှန်အထောက်အထားခိုင်လုံနေရင် ဘုန်းကြီးတွေကပဲ လူတွေဆီက အသက်အလှူခံပြီး ဆုံးမကတိခံ၊ သစ္စာရေသောက်ခိုင်းပြီး ပြန်လွှတ်ပေးတယ်။ ဒါပေမယ့် ဘာတစ်ခွန်းမှ မေးလို့ မရတဲ့သူတွေလည်း ရှိလာတယ်။ အရပ်သားဘက်က စစ်ဆေးမေးမြန်းတယ်ဆိုတာ ဘယ်သူကမှ နည်းနာနိဿယတွေ သိနားလည်တာမဟုတ်။ လုပ်ဖူးကိုင်ဖူး အတွေ့အကြုံရှိတာလည်း မဟုတ်တော့ ဟိုကဘူးဆိုရင် သူတို့က ဖယုံဖြစ်အောင် လှည့်ပတ်ပြီး မမေးတတ်ဘူး။ နှစ်ဘက်စလုံးက ဒေါသနဲ့စထားတဲ့ကိစ္စကလည်း ရှိပြန်၊ လူစုလူဝေးနဲ့ တို့ထောင်ပင့်ဆွပေးမယ့်သူတွေကလည်း အဆင်သင့်ဆိုတော့ မြန်မာပြည်မှာ ခေါင်းဖြတ်တဲ့ ဇာတ်လမ်းတွေ စလာတယ်။ နေ့စဉ်ထုတ် ခါတော်မီဂျာနယ်တွေမှာ သူ့ထက်ငါ အပြိုင်အဆိုင် ခေါင်းဖြတ်သတင်းတွေ တက်လာသလို မြန်မာ့ရုပ်မြင်သံကြားကလည်း ဆင်ဆာမပါ လွတ်လပ်စွာ ပြနေတယ်။ ဦးစောမောင်ကြီး ပလပ်ကျွတ်သွားတုန်းက တီဗီမှာ သတင်းအရှည်ကြီးကို အဖြတ်အတောက်မရှိ ပြထားပြီး လူတကာသိစေသလိုပေါ့။ ဒါကြောင့် သူ့ကိုလည်း လူတကာက ဆေးထိုးခံရပြီ ပြောတာ။ နိုင်ငံတကာ မီဒီယာသတင်းတွေမှာဆို စကားမပေါက်မှာစိုးလို့ တို့ဆီကလူတွေကလည်း ခေါင်းပြတ်ကြီး ဦးဆံမုတ်ကဆွဲပြီး ဘဲဒီးဂွတ် ဘဲဒီးဂွတ် လို့တောင် ဂုဏ်ယူစွာ ကြွားဝါလေတယ်။ နောက်ဆုံးတော့ မြန်မာကို ကမာ္ဘက သိတာ နှစ်နည်းပဲရှိတယ်။ လူတွေကို လမ်းမပေါ် ခေါင်းဖြတ်တဲ့နိုင်ငံကလား ဆိုတာရယ်။ အောင်ဆန်းစုကြည်ရှိတဲ့ နိုင်ငံကလား ဆိုတာရယ်။ အဲသလိုမှ ဆွေမျိုးစပ်မပြနိုင်ရင် သူတို့စိတ်ထဲ ဇင်ဘာဘွေနား ပို့ပစ်လိုက်တာ။ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပကပဲဖြစ်ဖြစ် အဲဒီရက်ရက်စက်စက် ခေါင်းဖြတ်တဲ့ ပြကွက်တွေကို မကြည့်ချင်မြင်လျက်သားနဲ့ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရတယ်။

ကိုယ်ကိုယ်တိုင် မြင်ဖူးသလား ဆိုရင် မြင်ဖူးပါတယ်။ ကလေးဆေးရုံကြီးက ရေစင်ပေါ်ကို အဆိပ်တက်ခပ်တယ်ဆိုတဲ့လူကို မင်းမနိုင်တိုက်ခန်းတွေရှေ့ လမ်းမပေါ်မှာ ခေါင်းဖြတ်မီးရှို့နေတာ သွားကြည့်ဖူးတယ်။ သမ္မတရုံဂုံးတံတားအောက်က ရထားလမ်းပေါ်မှာ၊ လမ်း ၅ဝ ဘက်နားလေးမှာ။ မိန်းမတွေလည်းပါတယ်။ သိမ်ဖြူမှာတစ်ယောက်မိတာတော့ ခေါင်းဖြတ်ခံရတယ် မကြားမိဘူး။ ဘာဖြစ်လို့ အဲလိုလုပ်ရတာလဲ။ သူတို့ကို ဥပဒေအတိုင်း အရေးယူလို့မရဘူးလား ဆိုတဲ့ မေးခွန်းက လူတိုင်းမေးကြပါတယ်။ လူတိုင်းကလည်း ဖြေပါလိမ့်မယ်။ “ပြန်လွှတ်ပေးပြီး နောက်တစ်နေရာ ထပ်ခိုင်းဦးမှာပေါ့။” လို့။ ဆိုလိုတာက မြန်မာတွေဟာ ရက်စက်ကြမ်းကြုတ်လို့ သူများအသက်ကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တာ မဟုတ်ပဲ သံသယစိတ်နဲ့ အကြောက်တရားကြီးမားလွန်းလို့ ခြေလွန်လက်လွန်ဖြစ်ကုန်တာပါ။ သူတို့ကလည်းသတ်သေး။ သူတို့ကပဲ ကြောက်နေသေးတယ် ဆိုတော့ ဟုတ်သေးပါဘူးနော့။

ဒါကတော့ ကိုယ်ကိုယ်တိုင် ရပ်ကွက်ထဲမှာ မလုံမခြုံ ကျီးလန့်စာစား နေဖူးစားဖူးမှ သိမှာပါ။ မတွေးဝံ့စရာ ပြစ်မှုကြီးတွေ ကျူးလွန်တာကို လက်ပူးလက်ကျပ် သက်သေနဲ့တကွ မိထားတဲ့သူတွေမှာ လူအသိစိတ် လုံးဝမရှိတာ အင်မတန် အံ့ဩဖို့ကောင်းပါတယ်။ အသားကို ဓါးနဲ့လှီးပြီးမေးနေလည်း ဟဲ ဟဲ ဟဲ ဟဲ နဲ့ ရယ်နေနိုင်တာ ဘယ်လောက် ခြောက်ခြားစရာကောင်းလဲ။ သူတို့မျက်နှာနဲ့ သူတို့မျက်နှာပေးကြီးက သွေးရဲရဲသံရဲရဲ အလောင်းကောင်တွေထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ ဘရိန်းဝပ်ရှ် လုပ်ထားတယ်ဆိုတာ ဒါမျိုးကို ပြောတာဆိုရင် ဘယ်သူကမှ မယုံပဲနေမှာ မဟုတ်ဘူး။ ရူးနေတာတော့ မဟုတ်ပါဘူး။ ဆေးဝါးတစ်ခုခုရဲ့ အရှိန်နဲ့ ကောင်းနေတာပါ။ ရပ်ထဲရွာထဲ ညကင်းစောင့်တဲ့သူတွေမှာ အလုံးစုံသိမြင်နိုင်တဲ့ အချက်အလက် အထောက်အထားတွေ မရှိပေမယ့် နားနဲ့မဆန့်တဲ့ ကောလာဟလတွေတော့ လျှံနေအောင် ရှိပါတယ်။ ဘိုးတော်ကြီးရဲ့ လက်စွဲသမားတော်ကြီးက ထောက်လှမ်းရေးတပ်အတွက် အထူးစပါယ်ရှယ် မှာထားပေးသော ပေါရိသာဒဆေးဆိုတာ အဲဒါပါတဲ့။

မခိုင်လုံတဲ့ အထောက်အထားတွေကို ကိုးကားပြီး ရေးနေတာ ရေးတဲ့သူကိုယ်တိုင်က ဦးနှောက်စံမမှီ ကြပ်မပြည့်လို့ အရူးချီးပန်းစကားတွေ လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမခိုင်လုံတဲ့အထောက်အထားတွေဟာ ဒေါသ နဲ့ ကြောက်စိတ် နှစ်မျိုးစလုံး ကြီးစိုးနေတဲ့သူတွေအတွက် ယုံကြည်စွာနဲ့ ဆက်လက်ကြောက်ရွံ့ဖို့ ကောင်းကောင်းကြီး လုံလောက်ပါတယ်။ ဒါကြောင့် ဒီလူတွေကို စစ်တပ်က အကောက်ကြံပြီး ဆေးထိုးလွှတ်လိုက်တယ် လို့ လုံးဝ မစွပ်စွဲပါဘူး။ သို့သော်ငြား အဲသလို တထစ်ချ ယုံကြည်သွားခဲ့သူများကြောင့် ဇာတ်လမ်းကမသန်း ဖြစ်ကုန်ရတယ် လို့ပဲ ပြောချင်တာပါ။ သေသေချာချာ ပြောနိုင်တာက ခေါင်းဖြတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါ ဘယ်ရပ်ဘယ်ရွာက ဆွေမျိုးသားချင်းဘယ်သူပါဆိုတာ လက်ညှိုးထိုး ပြစရာမရှိဘူး။ ဘာတစ်ခုမှလည်း မေးလို့မရဘူး။ လမ်းဘေးက အခြေအနေမဲ့တွေရဲ့ အသွင်အပြင်ရှိပါတယ်။ သည်လူတွေကို သတ်ဖြတ်တဲ့အခါမှာလည်း ဟန့်တားဆုံးမတဲ့သူ မရှိတာ အံ့ဩဖို့ ကောင်းပါတယ်။

သတင်းထဲမှာတော့ ဘယ်တုန်းကရိုက်ထားပြီး ဘယ်လိုပါသွားမှန်းတောင် မသိဘူး။ အသေးစိတ် ရှုမြင်ရပါလိမ့်မယ်။ ဇာတ်ညွှန်းနဲ့ ရိုက်သလား မှတ်ရတယ်။ သူတို့အတွက် တရားဥပဒေက ကာကွယ်မပေးနိုင်သလို ရပ်ကွက်ထဲက ကျီးလန့်စာစား အရပ်သားများအတွက်လည်း လုံခြုံစိတ်ချရတဲ့ တရားဥပဒေ မရှိတော့ပါဘူး။ ဘာလို့ဆိုတော့ ဥပဒေဘက်တော်သားတွေဖြစ်တဲ့ ပြည်သူ့ရဲတွေကိုယ်တိုင်တောင်မှ တချို့မြို့နယ်တွေမှာ ထွက်ပြေးကြရတယ်။ မြောက်ဥက္ကလာ နဲ့ သာကေတမှာ ရဲစခန်းဝင်စီးပြီး လက်နက်တွေ ယူသွားတဲ့ အမှုတွေ ရှိလာတယ်။ ရဲအသားကို ကင်စားပြတဲ့ ရဲကင်ဆိုတဲ့အကြောင်းကလည်း ဂျာနယ်စာမျက်နှာပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်လာတယ်။ စီတန်းလှည့်လည် ဆန္ဒပြတဲ့အထဲမှာ ရဲတချို့ပါလာတယ်။ (ယာဉ်ထိန်းရဲတွေလို့ ထင်ပါတယ်။) သူတို့ကိုယ် သူတို့တောင် အနိုင်နိုင်စောင့်ရှောက်နေရတဲ့ ရဲတွေခမျာ ပြည်သူလူထုကို ဘယ်စောင့်ရှောက်နိုင်ပါ့မလဲ။ လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ပေးထားသလိုဖြစ်နေတဲ့ လူစုလူဝေးကြီးဟာ ရဲ၊ လုံထိန်း၊ စစ်တပ်နဲ့ ရင်ဆိုင်တွေ့ရတဲ့နေရာတွေမှာ သွေးတိုးစမ်းတာတွေ ကြုံလာရပါတယ်။ ရုံးကားတွေ လုံခြုံရေးမပါပဲ မြို့ထဲမောင်းသွားရင် ခဲနဲ့လှမ်းပေါက်ကြရော။ ဒရိုင်ဘာက ကြောက်ကြောက်နဲ့ ဆင်းပြေးရင် အဲဒီကားကိုတွန်းလှဲ၊ ဓါတ်ဆီတွေလောင်းပြီး မီးနဲ့ ရှို့ကြတယ်။

ဗန္ဓုလပန်းခြံနားကိုလာတဲ့ မာဇဒါဂျစ်တစ်စီးကို ခဲပေါက်မီးရှို့ဇာတ်လမ်းကြောင့် လုံထိန်းကားတွေ ရောက်လာပြီး ဆူးလေစေတီပတ်ပတ်လည်မှာ သေနတ်တွေနဲ့ နေရာယူထားတယ်။ လုံထိန်းတွေအပြင်မှာ လူအုပ်ကတဖြေးဖြေး အုံလာပြီး မကြားတကြား လှမ်းဆဲရာကနေ ခပ်လှမ်းလှမ်းကနေ အော်ဆဲလာတယ်။ မိန်းမကြီးတချို့က ဆဲရုံနဲ့အားမရတော့ ထမီတွေလှန်ပြကြ၊ ယောကျင်္ားတွေကလည်း ကော့ကော်ကန်ကား အမျိုးမျိုးလုပ်ပြီးဆဲကြတာကို လူတွေက ဝိုင်းလက်ခုပ်တီးပေးကြတယ်။ နောက်ဆုံးတော့ ပလီရှိတဲ့ထိပ်ဘက်ကနေ ခဲနဲ့လှမ်းပေါက်ကြရော။ စစ်သားတွေက အဲသည်အခါ သေနတ်တွေကို ပလီဘက် လှမ်းချိန်လိုက်တယ်။ ဒီတော့ မြို့တော်ခန်းမဘက်က ခဲမိုးရွာပြီး လှမ်းဆဲကြပြန်တယ်။ ဆူးလေဘုရားပတ်ပတ်လည်က စစ်သားတွေကို ဟိုဘက်ကကပ်ဆဲ ခဲနဲ့ပေါက် သည်ဘက်ကကပ်ဆဲ ခဲနဲ့ပေါက်၊ သေနတ်နဲ့ချိန်လိုက်ရင် ရှဲကနဲ နောက်ဆုတ်သွားနဲ့ တော်တော် အရုပ်ဆိုးတဲ့အလုပ်ကို လူအုပ်အားကိုးနဲ့လုပ်နေကြတယ်။

နောက်ဆုံး စစ်သားတွေဘက်က ပစ်တော့မယ်လို့ ဝမ်နင်ပေးပြီး သေနတ်နဲ့ပစ်တဲ့အသံကြားရတဲ့အခါ လူအုပ်ကြီးက လေးဘက်လေးတန် ပြိုဆင်းသွားတယ်။ အသံတော့ ကြားလိုက်တယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ တကယ်ပစ်တယ် လို့ မထင်ပါဘူး။ ဘယ်သူမှ ဒဏ်ရာရတာ မတွေ့လိုက်ဘူး။ သေနတ်သံလည်းကြားရော တချို့က ပြေးရင်းတန်းလန်းက ရုပ်ရှင်ထဲကလို မှတ်ပြီး ဝပ်ချလိုက်တယ်။ နောက်မှာပါလာတဲ့လူအုပ်ကြီးက သူ့တက်နင်းပြီးပြေးရော။ အဲလိုနဲ့ပဲ ပွန်းကြပဲ့ကြ လဲကြကွဲကြတယ်။ ကိုယ်လည်းပဲ ထွက်ပြေးရတာပေါ့။ ထိပါဘူး။ ရှေ့ကလူလည်း မထိဘူး။ နောက်ကလူလည်း မထိဘူး။ ပြေးရင်းလွှားရင်း ပပဝင်းရုံ (အခု ထရေးဒါးဟော်တယ်) ရှေ့ရောက်တော့ ပြေးလာတဲ့လူတွေက မောမောနဲ့ ဓါတ်တိုင်၊ ဓါတ်မီး၊ မီးပွိုင့်တွေကို အားရပါးရကျွေးတော့တာပဲ။ ဗိုလ်ချုပ်လမ်းအတိုင်းလာတဲ့အခါ ပန်းဆိုးတန်းရှေ့ ပြည်သူ့ကုန်တိုက်ထောင့်ရောက်တော့ ရုံးကားခဲပေါက်၊ ပက်လက်လှန်မီးရှို့ ဇာတ်လမ်း ပြန်စတယ်။

အဲသည်ရက်ပိုင်းတွေက သေနတ်သံတွေတော့ တဒိုင်းဒိုင်းကြားရတယ်။ ဒါပေမယ့် သေနတ်ဒဏ်ရာနဲ့လူ အရပ်ထဲမှာ မတွေ့သေးဘူး။ အဲသည်အချိန်က ဆေးရုံမှာ တာဝန်ကျတဲ့ဝန်ထမ်းတွေက အိမ်မပြန်ကြရဘူး။ ဆေးရုံတင် ချက်ပြုတ်စားသောက်ပြီး နေကြရတယ်။ သူတို့ကို သေချာမေးပြီးပြီ။ အဲဒီရက်ပိုင်းတုန်းက သေနတ်ဒဏ်ရာ လာတော့လာတယ်။ အများကြီးမဟုတ်သေးဘူး။ ဂျင်ဂလိမှန်တာတွေက ပိုများတယ်။ ဂျင်ဂလိမှာတပ်ထားတဲ့ ကြက်တောင်မွှေးအရောင်ကို မြင်တာနဲ့ ဘယ်ရပ်ကွက်ကလာတဲ့လူနာလဲ တန်းပြောနိုင်တယ်။ ဒါပေမယ့် ဆန္ဒပြတဲ့သူတွေဟာ သူတို့ကို စနိုက်ပါနဲ့ချောင်းပစ်မယ်ဆိုတဲ့သတင်းတွေ ကြိုရထားတယ်။ ကံဆိုးချင်တော့ ကုန်သည်လမ်းကချီတက်လာတဲ့လူအုပ်ထဲကို ကုန်သွယ်ရေးရုံးပေါ်ကနေ စနိုက်ပါနဲ့ပစ်တယ် ဆိုပြီး တစ်ရုံးလုံးပတ်မီးရှို့မယ် ဖြစ်ကြတယ်။ အပေါ်မှာ စစ်သားတွေ အများကြီး ရှိသတဲ့။ တော်တော် ကြိုးစားပန်းစား ကယ်ထုတ်ရပေမယ့် စစ်တပ်ကလက်နက်တွေတော့ သပိတ်ဆရာတွေလက်ထဲ ပါသွားတယ်။ ရုံးပေါ်မှာရှိရှိသမျှ စာရွက်စာတမ်း နိုင်ငံပိုင်ပစ္စည်းတို့ကို ဒေါသတကြီး ဖျက်ဆီးမီးရှို့ကြတယ်။ အဲဒီကစပြီး သူတို့ပြောတဲ့ အဖျက်အမှောက်နဲ့ မင်းမဲ့စရိုက်တွေ စစ်တပ်လုံခြုံရေးယူမထားတဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဆက်ဖြစ်တယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပိုက်ဆံတွေကို စစ်တပ်က အကုန်ထုတ်ယူသွားတယ်လို့ သတင်းထွက်ပြီးနောက်မှာတော့ ကုန်သွယ်ရေး ဂိုဒေါင်တွေ တစ်ခုပြီးတစ်ခု အဖောက်ခံရတယ်။ ပုဇွန်တောင်က ဆန်ဂိုဒေါင်တွေကို စစ်တပ်ကဆန်တွေလာထုတ်သွားပြီးနောက် နိုင်သလောက် ကိုယ့်ဘာကိုယ်သယ်ကြဆိုပြီး ဖွင့်ပေးလိုက်တဲ့အခါ အဲသည်နား ဒေါပုံ သာကေတကလူတွေက ဆန်အိပ်တွေ ဝင်သယ်ကြတယ်။ ဒါပေမယ့် အဲသည်ဆန်အိပ်သယ်တဲ့သူတွေကို တီဗီစောင့်ရိုက်ပြီးတာနဲ့ သေနတ်နဲ့ ပစ်တော့သတဲ့။ အခုပြောသမျှသတင်းတွေကို ဘယ်ဟာမှ မှားတယ် မှန်တယ်၊ ဖင်ပိတ်ပြီး မငြင်းဘူးနော်။ ဒါပေမယ့် မဟုတ်သော်ရှိဟုတ်သော်ရှိ ဒီသတင်းတွေကြောင့် တိုင်းပြည်ပျက်တဲ့ဘူတာတော့ ဆိုက်ခဲ့တယ်။ ပြောချင်တာက မမှန်သတင်း ကောလာဟလဆိုတာလည်း တိုင်းပြည်ပျက်ရုံလောက်တော့ အလုပ်ဖြစ်တယ်။ ယုံချင်ယုံ မယုံချင်နေ၊ ယုံမယ့်သူတွေ အများကြီး။

ဘာဖြစ်လို့ အဲသလိုဖြစ်ရသလဲဆိုတော့ လူတွေက ကိုယ့်ဘက်ကပဲ ကိုယ်စဉ်းစားတယ်။ စစ်တပ်ဘက်က လှည့်စဉ်းစားတဲ့သူ မရှိဘူး။ ရှိလည်း သစ္စာဖောက်ဆိုပြီး ဖြုတ်ထုတ်သတ် အလုပ်ခံရမှာကြောက်တော့ မပြောရဲဘူး။ ရက်စက်လှချည်လား။ ယုတ်မာလှချည့်လား။ မိုက်ရိုင်းလှချည့်လား။ ပြန်ကာလှန်ကာတွေးပြီး စိမ်ပြေနပြေ အမုန်းပွားနေတယ်။ သူတို့အတွက် ထွက်ပေါက်နဲ့ အဖြေကိုကျ တွေ့အောင် မရှာနိုင်ဘူး။ သူတို့ဘက်မှာ ရွေးစရာရှိတယ် ထင်လို့လား။ သူတို့က ပြည်သူလူထုကို အကာအကွယ်မပေးပဲ အာဏာရှင်တွေဘက်က အသက်ပေးကာကွယ်နေတယ်။ အဲဒါ ဟုတ်တယ်လေ။ သူတို့အလုပ်ပဲဟာ။ တို့တာဝန်အရေးကြီးသုံးပါးထဲမှာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ တပ်မတော်ရဲ့ အဓိက တာဝန်ပါ လို့ ရေးထားတာ မဟုတ်ဘူးလား။ လောလောဆယ်မှာ အာဏာဟာ အာဏာရှင်ကြီးလက်ထဲကနေ ပြည်သူလူထုလက်ထဲမှ မရောက်သေးတာ။ သူတို့ဘယ်လို အကာအကွယ်ပေးရမလဲ။ အမတ်ဒိန်တောင် သူ့သခင်အလောင်းကြီးငုတ်တုတ်ရှိနေသေးရင် တံခါးတစ်ခြမ်းပဲ ဖွင့်ပေးခဲ့သေးတာပဲ မဟုတ်လား။ အဲဒါကြောင့် သူတို့ဘက်မှာ ရပ်တည်မှုအတွက် ရွေးစရာ ဘက်မရှိဘူး။ အမိန့်ပဲ ရှိတယ်။ သူတို့ကိုယ်တိုင် မျက်စိရှေ့မှာ လူတွေကို သေနတ်နဲ့ပစ်လိုက်လည်းပဲ သူတို့သိတာ အဲဒါ အမိန့်နာခံတာ။ တိုင်းပြည်ကြီးကို ကာကွယ်တာပဲ သိမယ်။ ငရဲမင်းကြီးဆီရောက်ရမယ်ဆိုလည်း “အမိန့်ပေးတဲ့သူကိုပဲ ကြော်ပါ အရှင်။ သူများတို့က တာဝန်နဲ့ ဝတ္တရားအရပါ” လို့ ဆင်ခြေပေးမှာ။ အပေါ်ကလူကျတော့လည်း “ပါးစပ်ကလေးနဲ့ ဒိုင်းညောင့်လုပ်ရုံနဲ့ ဟိုဘက်က တကယ်သေသွားတယ်ဆိုရင် ကျွန်တော်မျိုးကိုလည်း ဆီနဲ့မကြော်ပဲ လေနဲ့ပဲကြော်ပါ ယမမင်းကြီး” လို့ အထွန့်တက်ဦးမှာပဲ။

အိမ်ကြက်ချင်း အိုးမည်းသုတ်ထားလို့ပဲဖြစ်ဖြစ် အာဏာရှင်ကြီးက လက်ကိုင်တုတ် လုပ်ထားလို့ပဲဖြစ်ဖြစ် လောလောဆယ်တော့ မြန်မာပြည်မှာ အစိုးရနဲ့ ပြည်သူ ပဋိပက္ခဖြစ်ကြပြီ။ ဒီအရေးကြောင့် လူတွေအများကြီးသေကုန်တယ်။ ဘယ်နှစ်ယောက်သေနိုင်မလဲ။ လက်နက်ရှိနဲ့ လက်နက်မဲ့ဖြစ်တာပဲဟာ။ အထိနာတဲ့ဘက်က ထွက်ပြေးလိမ့်မယ်။ အကယ်၍ စစ်တပ်အချင်းချင်းသာ ကွဲကုန်လို့ကတော့ နှစ်ဘက်စလုံးမှာ လက်နက်တွေနဲ့မို့ အခုသေတယ်ဆိုတာထက် အဆပေါင်းများစွာ ပိုသေကုန်မှာ။ ဦးနုခေတ်ကတည်းက တောခိုသွားတဲ့ ဗကပတွေ သည်ကနေ့ထိ လက်နက်ပြန်အပ်ပြီး အလင်းဝင်လာတယ်မှ မရှိတာ။ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ခက်သလဲဆိုတာ ဘဘဦးစိန်အောင်မင်းကြီး မေးကြည့်ပါလား။ ဒါကြောင့် စစ်တပ်က အကြောက်ဆုံးဟာ သူတို့တပ်တွေထဲက တချို့က လူထုဘက်ပါသွားပြီး တပ်ကိုပြန်ပုန်ကန်မှာ သေတာထက်ကြောက်သေး။ တစ်နည်းပဲ ရှိတယ်။ စစ်တပ်ကို စည်းရုံးချင်သပဆို ကာချုပ်ကြီးကို သိမ်းသွင်းနိုင်မှ ရမယ်။ အခုတော့ ကာချုပ်ကြီးကလည်း ဟိုဘက်မှာ သေမလောက်ကြောက်နေရတယ်။ စဉ်းစားကြည့်တော့ သူတို့မှာလည်း အာဏာသိမ်းဖို့ကလွဲရင် ထွက်ပေါက် မရှိသလိုဖြစ်နေတယ်။

ကျောင်းသားတွေဘက်မှာ ရှိတဲ့ အခြေအနေ၊ နိုင်ငံရေးဘက်မှာ ရှိနေတဲ့ အနေအထား၊ စစ်တပ်ရဲ့ သဘောသဘာဝ၊ နောက်ကွယ်ကနေ ပရိယာယ်အမျိုးမျိုးသုံးပြိး အာဏာသိမ်းဖြစ်အောင် ကုလားဖန်ထိုးနေတာတွေ အားလုံး ပေါင်းသွားတဲ့ အခါ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်တယ်။ ဦးနေဝင်းကြီး ကြိမ်းထားတဲ့ မိုးပေါ်ထောင်မပစ်ဘူးဆိုတာ အဲသည်အချိန်ကျမှ ဒုတ်ဒုတ်ထိ လာမှန်တာ။ ဗိုလ်ချုပ်လမ်းကထွက်သွားတဲ့ တို့အရေးတွေဟာ သိမ်ဖြူလမ်းအတိုင်းသွားလို့ ဗဟိုပုံနှိပ်တိုက်ရှေ့လည်းရောက်ရော ဝန်ကြီးများရုံးထဲကနေ အားရပါးရ ဝိုင်းပစ်ကြလို့ အတုန်းအရုန်းမှန်ကုန်တယ်။ အိမ်ရှေ့သယ်လာတဲ့လူနာချည့်ပဲကို လေးငါးယောက်တွေ့ရတယ်။ အဲသည်နောက်ပိုင်းမှာတော့ ဝက်ဝက်ကိုကွဲရော။ နေရာအနှံ့က စောင့်ကာရယ် သူများကိုပစ်ပါတယ်။ အလစ်ကလေးလည်း မပေးပဲ ညတိုင်းလာစိတယ်။ ဖြစ်သွားလေသတည်း။

၈၈ဇာတ်လမ်းက တစ်ခန်းရပ်သွားပေမယ့် ဇာတ်တော့ မသိမ်းသေးဘူး။ လက်တွေ့ဘဝဆိုတာ ရုပ်ရှင်ဝတ္ထုထဲကလို လိုချင်တဲ့နေရာဖြတ်ပြီး ဇာတ်သိမ်းလို့မရဘူး။ အကျိုးကြောင့် အကြောင်းဖြစ်၊ အကြောင်းကြောင့် အကျိုးဆက်တာတွေ ရှိတယ်။ ဒါပေမယ့်လည်း တကျော့ပြန်ပြီး သံသရာတော့ မလည်စေချင်ဘူး။ အင်မတန် မနှစ်မြို့စရာ၊ အော့နှလုံးနာစရာ အော်ဂလီဆန်ချင်စရာ ကောင်းလို့။ အဲဒီအချိန်က ကိုယ့်ဆီမှာ ဖြစ်တဲ့ဟာမျိုး အခုလည်း အာရပ်နွေဦးဆိုပြီး ဖြစ်နေတာ မရပ်သေးဘူး။ ကျုပ်တို့ဆီက ၈၈ပုံတူပွားကြီးကို အီဂျစ် နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားလို့လည်း မထားပါနဲ့။ အဲဒီတုန်းကလို သပွတ်အူလိုက်နေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အခုရောပဲ နောက်ရောပဲ ဘယ်တော့မှ မဖြေရှင်းချင်တော့ဘူး။ တကယ်တော့ လူတွေက သေသွားတဲ့သူတွေကိုပဲ မြင်တာ။ မသေပဲကျန်ခဲ့တဲ့ အားလုံးသော သန်းခြောက်ဆယ်မှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်ဆိုင်းပြီး နောက်ပြန်ရောက်သွားတာကို ဘယ်သူမှ စကားထဲထည့်မပြောကြဘူး။ ဆင်းရဲမွဲတေသွားတာ၊ ကျန်းမာရေး ပညာရေးအဆင့်အတန်းတွေ နိမ့်ကျသွားတာဟာ ဘယ်သူဘယ်ဝါ တစ်ဦးတစ်ယောက်ကြောင့်ဆိုတာထက် သည်ဖြစ်စဉ်ကြီးကြောင့်လည်း အဓိက မပါဘူးလား။ နောက်တစ်ခေါက် ဒါမျိုး ထပ်ဖြစ်ရဲသေးသလား။ သင်ခန်းစာယူနိုင်အောင်လို့ ချေးခြောက် ရေနှူးပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ ငမိုက်သားသောနုထိုရ် နင့်ချည့်သာသေစေလို၍ အပြစ်ပုံချအံ့သော စိတ် မရှိပါကြောင်း။

(၈၈ သုတ္တံ နိဋ္ဌိတံ။)

credit to Dr Soe Min

9 comments

  • မရဏဖွား

    August 18, 2013 at 8:28 pm

    ၈၈မှာတကယ့် ကိုယ်တွေ့ အဖြစ်အပျက်လေးတွေရှိရင်၊ကြားဖူးရင် ထပ်တင်ပေးပါအုံး
    ဖတ်ချင်လို့ပါ……………………..
    ခုလိုဖတ်ခွင့်ရတာကျေးဇူးကဘာ တင်တယ်ဗျာ။

  • အလင်းဆက်

    August 19, 2013 at 7:37 am

    အရေးကောင်းတဲ့သူ ရေးပြထားတော့လည်း
    ကိုယ်တိုင် ကြုံနေရသလို ပါပဲ

  • GARFIELD

    August 19, 2013 at 9:42 am

    မသေပဲကျန်ခဲ့တဲ့ အားလုံးသော သန်းခြောက်ဆယ်မှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်ဆိုင်းပြီး နောက်ပြန်ရောက်သွားတာကို ဘယ်သူမှ စကားထဲထည့်မပြောကြဘူး။ ဆင်းရဲမွဲတေသွားတာ၊ ကျန်းမာရေး ပညာရေးအဆင့်အတန်းတွေ နိမ့်ကျသွားတာဟာ ဘယ်သူဘယ်ဝါ တစ်ဦးတစ်ယောက်ကြောင့်ဆိုတာထက် သည်ဖြစ်စဉ်ကြီးကြောင့်လည်း အဓိက မပါဘူးလား။

    နောက်ဆုံးရေးထားတဲ့စာကိုတော့… ၈၈ ကိုဟုတ်တိပတ်တိမမီပေမယ့်…
    ဒီနေရာမှာမထောက်ခံနိုင်ဘူးဗျာ…
    ဖွံ့ဖြိုးမှုရပ်သွားတာ… ပညာရေး… ကျန်းမာရေးအဆင့်တွေနိမ့်သွားတာဟာ…
    ၈၈ ဖြစ်စဉ်ကြီးဟာအဓိကပါဝင်တာမဟုတ်ပါဘူး…
    ၈၈ ဖြစ်စဉ်ကြီးမတိုင်ခင်ကတည်းက… တံခါးပိတ်စီးပွားရေးနဲ့…
    နိုင်ငံကူးခွင့်ဆိုတဲ့ လူ့အခွင့်အရေးကိုတောင်ကန့်သတ်ပိတ်ဆို့ထားပြီး…
    နိုင်ငံသားတွေရဲ့အမြင်နဲ့ဦးနှောက်တွေကို ရပ်တန့်သွားအောင်လုပ်ခဲ့တဲ့…
    အာဏာရှင်တစ်စု… တစ်ဦးတစ်ယောက်ကြောင့်ဆိုတာ သေသေချာချာပြောရဲတယ်…

    အဲဒီလိုပဲ…
    တိုင်းပြည်ချောက်ထဲကျမယ့်အန္တရာယ်ကို လက်နှစ်လုံးအလိုမှာကယ်ခဲ့ပြီး…
    နှစ်ပေါင်းများစွာ… တိုင်းသူပြည်သားကိုလှည့်မကြည့်ဘဲ… ကိုယ်ကျိုးတစ်ခုထဲအတွက်…
    တိုင်းပြည်မွဲချင်မွဲပါစေ… တစ်သွေးတစ်သံတစ်မိန့်နဲ့ ခိုင်းချင်ရာခိုင်းလို့ရမယ့် စစ်တပ်ကို…
    ရှိသမျှ ငွေကြေးပုံအောတည်ထောင်ပြီး… တိုင်းပြည်ရဲ့ရှိစုမယ့်စု နောက်ဆုံးအားကိုးရာ သယံဇာတဆိုတာကို
    ဈေးပေါပေါနဲ့ လက်ကုန်ထုတ်ရောင်းခဲ့တဲ့…
    အာဏာရှင်တစ်ခု… တစ်ဦးတစ်ယောက်ကြောင့်ဆိုတာ သေသေချာချာပြောရဲတယ်…

    အဲဒီတုန်းကလို သပွတ်အူလိုက်နေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အခုရောပဲ နောက်ရောပဲ ဘယ်တော့မှ မဖြေရှင်းချင်တော့ဘူး။

    အဲဒီ သပွတ်အူလိုက်နေတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ခင်ဗျားတို့ မဖြေရှင်းချင်ဘူးဆိုတာထက်…
    ဖြေရှင်းလို့ထွက်လာတဲ့ အဖြေကိုတာဝန်မယူရဲတာပါ…

    ပိုစ့်ပိုင်ရှင်ကိုတော့ အားနာပါတယ်…
    ဒီပိုစ့်ကို ဖတ်နေတာကြာပါပြီ… အခုတော့ မျက်စိထဲကန့်လန့်ကြီးဝင်လာလို့… ပြောရတာပါ…
    သမိုင်းကို ဟုတ်တိပတ်တိပြောပြနေသလိုလိုနဲ့…
    မဟုတ်မဟတ်ကိစ္စတွေကို လာပြီး အုတ်ရောရော ကျောက်ရောရောထည့်လို့
    ၈၈ မှာ အသက်တွေအသေခံပြီး အာဏာရှင်ကို လက်နက်မပါဆန့်ကျင်ခဲ့တဲ့လူတွေကပဲ…
    အခုဖြစ်နေတဲ့ ခေတ်နောက်ကျမှု၊ ဆင်းရဲမွဲတေမှုတွေရဲ့ တရားခံလိုလိုရေးထားတာတော့…
    လုံးဝ… လုံးဝလက်မခံနိုင်ပါကြောင်း…

    ဂါဂါးကြီး

  • Myo Thant

    August 19, 2013 at 10:26 am

    ၈၈ မှာ ကျနော် ၂၆ နှစ်သား

    လှည်းတန်းမှာ နေတာ ၊

    သိတာတွေလည်း အများကြီး

    ဟို ပို့စ်တစ်ခုမှာတုန်းကလည်း ပြောပြီးပြီ

    ၈၈၈၈ ကိစ္စဟာ ပေါ့ပျက်ပျက်ရေးစရာ မဟုတ်ဘူးလို့ ၊

    မသိ မမီတဲ့သူတွေ အမှတ်မှားကုန်လိမ့်မယ် ၊

  • ဦးကျောက်ခဲ

    August 19, 2013 at 12:43 pm

    ရွာထဲက ညီငယ် ညီမငယ်များ…
    ၈၈၈၈ အရေးတော်ပုံသမိုင်းကို အမှန်သိချင်ရင် ငွေရတုစာစဉ်တွေကို ဖတ်ပါ…
    ဒီပို့စ်ကိုရေးတဲ့ ဒေါက်တိုစိုးမင်း က ကျမ္မာရေး ဝံဂျီးရာထူး ရူးနေလို့…
    အားရပါးရ သမိုင်းလိမ်ပေးနေတာ၊ အတော် မျက်နှာပြောင်တဲ့လူ…

  • Min Zarni

    August 19, 2013 at 12:52 pm

    ဟုတ်. .. -င်ယားလို့ သေကုန်တာ တကောင်မှ သနားဇယာမကောင်းဝူး
    ဒင်းတို့ -င်ယားလို့ မဟုတ်ရင် တားတား ကျမ္မာရေး ဝံဂျီး ဖစ်နေလောက်ဘီ..
    ဂလိုဒဲ့ရေးပါတော့လား အူးအူးဒေါက်တာရယ်…
    ငိငိ

  • ဦးကြောင်ကြီး

    August 20, 2013 at 9:44 am

    ဟေ့…လူဒွေ… ဒေါက်ဒေါက် ပဒုံမာ၊ အင်ယာမမနဲ့ အီတိုင်အရီးလတ်တို့ရဲ့ ဘော်ဘော် ဆရာဝံဂျီးကို သွားအထိဂျနဲ့…

  • Wow

    August 21, 2013 at 11:07 am

    အော်… ဂလိုကိုး :buu:

  • ခင် ခ

    August 21, 2013 at 2:01 pm

    အရင်စစ်အစိုးရတွေတုန်းက သမိုင်းကိုဖုံးထားပြီး ဖျောက်ဖို့ကြိုးစားတယ်။
    အခုလက်ရှိအစိုးရမှာ သမိုင်းကိုဖုံးထားလို့ အခွင့်မသာတော့ သမိုင်းအမှန်တွေဖွက်ပြီး မဟုတ်သမိုင်းတွေ ပြင်လာဖို့ကြိုးစားနေတယ် ထိုဖွက်ပြင်တဲ့ထဲ ရေလိုက်မှားပြီးမပါစေချင်ပါဘူး။
    မြန်မာပြည် ဆင်းရဲတွင်းရောက်အောင်လုပ်သွားတဲ့ အဓိကတရားခံဟာ ပထွေးကြီးနေဝင်းသာလျှင် အရင်းအမြစ်အစဖြစ်ပြီး အခုထိ်သူ၏အစွယ်အပွားများ ဆက်လက်ယုတ်မာနေစဲပါ။
    ပထွေးကြီးနေဝင်း ဆိုတာလည်း သူအာဏာရစဉ်က ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကိုလွတ်လပ်ရေး ရအောင်ကယ်တင်ခဲ့တဲ့ ပထမဖခင်ဖြစ်သလို မောင်နေဝင်းက တိုင်းပြီပြိုကွဲမယ့်အရေး တပ်မတော်က အာဏာသိမ်းပြီးကယ်ခဲ့ရလို့ တိုင်းပြည်ရဲ့ ဒုတိယဖခင်ဆိုပြီး သူ့ကိုယ်သူညွှန်းကာ မိန်ခွန်းတစ်ခု မှာပြောသွား ဖူးပါတယ်၊ ဒုတိယဖခင်ဆိုတော့ ပထွေးပင်မဟုတ်ပါလားဗျ။

Leave a Reply