ဂုဏ်ယူပါတယ်မြန်မာပြည်ဖွားများ
ဒို့မြန်မာပြည်ဖွားတွေ မညံ့ပါဘူး။
(၁)ဒီသတင်းလေးကတော့ လွန်ခဲ့တဲ့ ၁လကျော်ကြာက အလဲဗင်းထဲပါထားတဲ့ အင်တာဗျူးလေးပါ။
Facebook မှာလွယ်လွယ်ကူကူ Share ထားလို့ ဖတ်ဖူးပြီးသားသူတွေလည်း များနေမှာဖြစ်ပေမယ့်
မဖတ်ရသေးသူတွေလည်း သတိပြုမိအောင်ပြန်တင်ရင်း မြန်မာပြည်ဖွား ဒေါက်တာမြင့်စွမ်းကို ဂုဏ်ပြုပေးချင်ပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များ စာရင်းတွင် ရွေးချယ်ဂုဏ်ပြုခံရသူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း (MBBS, MD, FACP) နှင့် တွေ့ဆုံခြင်း
Created on Friday, 08 November 2013 00:01
Written by Mg Toee


အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များစာရင်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရသည်။ ဒေါက်တာ အလက်ဇန်းဒါးမြင့်စွမ်းသည် ၂၀၀ရ ခုနှစ်တွင် အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေးအပ်သည့် အကောင်းဆုံး ဆရာဝန်ဆုကို ရရှိခဲ့ပြီး ယခုအခါ နယူးဂျာစီပြည်နယ်တွင် နှစ်စဉ်ရွေးချယ် ပေးအပ်သော အကောင်းဆုံး ဆရာဝန်ဆုကို မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း MBBS, MD, FACP ကျောက်ကပ်ရောဂါနှင့် အထွေထွေ လူကြီးရောဂါကု သမားတော်ကြီးအား The Daily Eleven က အီးမေးလ်မှတစ်ဆင့် သီးသန့်မေးမြန်း ခဲ့ပါသည်။
‘မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေနဲ့လည်း ပထမဆုံးရတဲ့ဆု ဖြစ်ပါတယ်’
မေး – အရင်ဆုံး ဆရာ့ကိုယ်ရေး အကျဉ်းလေး သိပါရစေ။
ဖြေ – ကျွန်တော့်ကို ၁၉၆၁ ခုနှစ် ဧပြီလမှာ ရန်ကုန်မြို့က အမေရိကန်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန် ဆေးရုံဆိုတာ အခု နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံပါ။ ကျွန်တော့် မိဘတွေကတော့ တွံတေးမြို့ကပါ။ အဲဒီမှာ ကုန်စုံဆိုင် ဖွင့်ပါတယ်။ ကျွန်တော် မွေးတဲ့အချိန်မှာ ကျွန်တော့်အဖေက သင်္ဘောနဲ့ ကုန်ကူးရင်း သင်္ဘောနစ်လို့ ဆုံးသွားပြီ။ ကျွန်တော့်အဖေ ဆုံးတဲ့အချိန်မှာ အမေက ကျွန်တော့် ကိုယ်ဝန်ကြီးနဲ့ပါ။ ကျွန်တော်မွေးပြီး တစ်နှစ် နှစ်နှစ်လောက်ကြာတဲ့ အခါကျမှ ကျွန်တော်တို့ မိသားစု ရန်ကုန်ပြောင်းလာပြီး အခြေချ နေခဲ့ကြတယ်။ ကျွန်တော် ကျောင်းစတက်တော့ လမ်းမတော်က မူလတန်းကျောင်းမှာ တက်ရတာ။ အဲဒီအချိန်တုန်းက တိုင်းပြည် အခြေအနေကလည်း အတော်လေး မငြိမ်မသက် ဖြစ်နေတော့ ကျောင်းအမျိုးမျိုး ပြောင်းတက်ခဲ့ရတယ်။ ကျွန်တော် ရှစ်တန်းလောက်ရောက်တော့ မနက်ပိုင်း ကျောင်းတက် ညနေဘက် မိသားစု ဆေးဆိုးပန်းရိုက် အလုပ်မှာ ဝင်လုပ်ပေးရတယ်။ အဲဒီလို အလုပ်တစ်ဖက် ကျောင်းတစ်ဖက်ဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့၊ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းဖို့လည်း မရှိခဲ့ဘူး။ အကောင်းပဲ ပြောရမယ် ထင်တယ်။ ကျွန်တော်အလုပ် လုပ်ရတာကို သဘောကျသွားတယ်။ အကျင့်ပါသွားတယ်ပေါ့။ ကျွန်တော် ရှစ်တန်းအောင်တော့ ဂုဏ်ထူးသုံးခု ပါခဲ့တယ်။ ကိုးတန်းရောက်တော့ အလုပ်လုပ်ဖို့ အချိန်ပိုရအောင်ဆိုပြီး ကျွန်တော်ညကျောင်း ပြောင်းတက်ခဲ့တယ်။ ဆယ်တန်းမှာ အလုပ်တစ်ဖက်နဲ့ဆိုတော့ ကျွန်တော်ကျတယ်။ အဲဒါနဲ့ ဆက်မဖြေတော့ဘဲ အပြင်ထွက်ပြီး အလုပ်ပဲလုပ်တာ သုံးနှစ်ကြာတယ်။ နောက်ဆယ်တန်းတွေ စနစ်သစ် ပြောင်းတော့မယ် ဆိုတော့မှ ကျွန်တော်ဆယ်တန်း ဝင်ဖြေလိုက်တာ အောင်သွားတယ်။ နောက်ဒေသကောလိပ်တက်ပြီး ဆရာဝန်ဖြစ်ချင်တာနဲ့ ဆေးကျောင်းရအောင် တက်ခဲ့တယ်။ ဆေးကျောင်းကတော့ အခုလမ်းမတော်က ဆေး ၁ ပေါ့လေ။ အလုပ်သင် ဆရာဝန်က ၁၉၈၈ ခုနှစ်မှာပြီးတယ်။ အလုပ်သင် ဆရာဝန်ပြီးတော့ ကျွန်တော် အင်းစိန်မှာ ဆေးခန်းခဏ ထိုင်ခဲ့သေးတယ်။
မေး – ဆရာ အခုရတဲ့ ဆုအကြောင်းလည်း နည်းနည်းပြောပြပေးပါ။
ဖြေ – ဒီဆုက New Jersey Monthly ဝက်ဘ်ဆိုက်က ကြီးမှူးပေးအပ်တာ ဖြစ်ပါတယ်။ ပထမဆုံး အကောင်းဆုံး ဆရာဝန် ရွေးချယ်ရေးအတွက် နယူးဂျာစီမြို့မှာရှိတဲ့ ဆရာဝန် ၂၃၅၁၃ ဦးကို စစ်တမ်းကောက်ယူတယ်။ ဆရာဝန်တွေကို အဲဒီလိုစစ်တမ်း ကောက်ယူတဲ့ အခါမှာ မိမိတို့ရဲ့ မိသားစုဝင်တွေကို နယူးဂျာစီ မြို့မှာရှိတဲ့ ဘယ်ဆရာဝန်နဲ့ ကုသခံမလဲဆိုတဲ့ မေးခွန်းနဲ့ စစ်တမ်းကောက်ယူတာဖြစ်ပြီး ရလာတဲ့ စစ်တမ်းကို အဖွဲ့ဝင် ဆရာဝန် ၂၅ ဦးပါဝင်တဲ့ နယူးဂျာစီ အကောင်းဆုံး ဆရာဝန်ရွေးချယ်ရေး ဘုတ်အဖွဲ့က ရွေးချယ် စိစစ်ပေးပါတယ်။ အဲဒီလို စိစစ်ပြီးတော့မှ မဲပေးရွေးချယ်မှုအရ ဆရာဝန် ၉၇၄ ဦးကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်စုစုပေါင်းရဲ့ လေးရာခိုင်နှုန်းသာ ဒီဆုကို ရရှိပါတယ်။ ဒီဆုက အများအားဖြင့်တော့ အမေရိကန်နိုင်ငံသား ဆရာဝန်တွေနဲ့ ဥရောပဆရာဝန်တွေသာ ရရှိလေ့ရှိပါတယ်။ အခုကျွန်တော် ဒီဆုရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တာက ကိုယ့်ကိုယ်ကိုယ် ကြွားချင်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား ဆရာဝန်တွေလည်း ကမာ္ဘပေါ်က အထက်တန်းဆိုတဲ့ နေရာတွေမှာ ရှိတယ်ဆိုတာကို ပြောချင်တာပါ။ မြန်မာနိုင်ငံကအောင်တဲ့ ဆရာဝန်မို့လို့ စိတ်ဓာတ်ကျစရာ မလိုဘူး။ မြန်မာတွေလည်း မညံ့ဘူးဆိုတာ သိစေချင်တာပါ။ ဒီဆုကိုရတဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။ အမေရိကန်က ထိပ်တန်းဆိုတဲ့ ဆရာဝန်တွေထဲမှာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပါဝင်ခြင်းအားဖြင့် မြန်မာဆရာဝန်တွေ အနေနဲ့ အမေရိကန် ဆရာဝန်တွေထက် မနိမ့်ဘူး ဆိုတာကို ပြသနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် နယူးဂျာစီမြို့မှာ ပထမဆုံးရတဲ့ဆု ဖြစ်သလို မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေနဲ့လည်း ပထမဆုံးရတဲ့ဆု ဖြစ်ပါတယ်။
မေး – ဆရာ့ကို ဘာ့ကြောင့် ဒီဆုချီးမြှင့်တယ် ထင်ပါသလဲ။
ဖြေ – ကျွန်တော်ရခဲ့တဲ့ ဆုတွေထဲမှာ လူနာတွေက ရွေးချယ်ပေးတာလည်း ပါသလို ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေက ရွေးချယ်ပေးတဲ့ ဆုတွေလည်း ရှိပါတယ်။ ဒီဆုကတော့ ဆရာဝန်တွေက ရွေးချယ်ပေးအပ်တဲ့ ဆုတစ်ခုပါ။ ဆရာဝန် အချင်းချင်း ရွေးချယ်ခိုင်းတာ ဖြစ်တဲ့အတွက် သိပ်တော့ မလွယ်လှပါဘူး။ ဆရာဝန် တစ်ယောက်ကို ဆုရွေးချယ်တဲ့ အခါမှာ စိတ်ချယုံကြည်ရမှု ရှိမရှိ၊ အလုပ်ကြိုးစားတာ၊ တာဝန်သိတတ်တာ၊ လူနာကို စေတနာနဲ့ ဂရုတစိုက် ကုသပေးတာတွေကို ကြည့်ပြီး ရွေးချယ်ပါတယ်။
ကျွန်တော်အဓိက ပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ တကယ်တမ်းကြိုးစားရင် မြန်မာဆိုတာ ဘယ်နိုင်ငံသားနဲ့မဆို ရင်ဘောင်တန်း နိုင်ပါတယ်။ ကျွန်တော် ဆရာဝန်ငယ်လေးတွေကို အကြံပေးချင်တာက လူနာတွေကို ကုသတဲ့နေရာမှာ မေတ္တာ၊ စေတနာနဲ့ ကုသပေးပါ။ အသပြာဆိုတဲ့ငွေနောက် မလိုက်ဖို့ အရေးကြီးတယ်၊ ကိုယ်ကကောင်းတာလုပ်ရင် ကောင်းတဲ့ အရာတွေက ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။ စေတနာ၊ မေတ္တာကိုရှေ့ထားမှ အောင်မြင်မှု ပိုရနိုင်မှာပါ…
မေး – ဆရာ အမေရိကကို စတင်ပြောင်းရွှေ့လာတဲ့ အချိန်ကနေ အခုလို အောင်မြင်တဲ့ ဆရာဝန် တစ်ယောက် ဖြစ်လာတဲ့အထိ ဘယ်လိုတွေ ရုန်းကန်ခဲ့ရသလဲ ဆိုတာလေး ပြောပြပေးပါ။
ဖြေ – ၁၉၈၈ ခုနှစ်မှာ ကျွန်တော် အလုပ်သင်ဆရာဝန် ပြီးတယ်။ ၁၉၈၉ မှာတော့ ဆက်ပြီးပညာသင်ဖို့ စိတ်ကူးနဲ့ ကျွန်တော် အမေရိကကို ထွက်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်အမေရိကကို ရောက်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ အမေရိကန်ထွက်တော့ ၃၅ ဒေါ်လာပဲ ယူခွင့်ရှိတယ်။ အဲဒါနဲ့ ၃၅ ဒေါ်လာပဲ ယူပြီး ထွက်လာတာပေါ့။ အမေရိကန်ရောက်တော့ ရရာအလုပ်လုပ်ရင်း ကျွန်တော် စာမေးပွဲဖြေဖို့ ကြိုးစားခဲ့တယ်။ ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ထည့်ပေးတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ အိမ်သာဆေးတယ်၊ ပန်းကန်ဆေးတယ်၊ ကြမ်းတိုက်တယ်။ အဲဒီလိုနဲ့ရရာ အလုပ်မျိုးစုံလုပ် ပိုက်ဆံစုပြီး အမေရိကန်က ဆရာဝန် စာမေးပွဲအောင်အောင် ဖြေခဲ့တယ်။ ကျွန်တော် အမေရိကန် စရောက်တော့ အီလီနွိုက်ပြည်နယ်က မြို့လေးတစ်မြို့မှာ နေခဲ့တာ။ ကျွန်တော်အမေရိကန် ဆရာဝန် စာမေးပွဲအောင်တော့ အဲဒီက University of Illinois ဆိုတဲ့ သင်ကြားရေး ဆေးရုံမှာ အလုပ်သင်ဆရာဝန် ပထမနှစ် ဆင်းခဲ့ရတယ်။ နောက်တော့ နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ရပြီး ဘရွတ်ကလင်းက ဆေးရုံမှာ အလုပ်သင် ဆရာဝန် ဒုတိယနှစ်နဲ့ တတိယနှစ်ကို ဆင်းခဲ့ရတယ်။ အဲဒီမှာ မြန်မာနိုင်ငံကလာတဲ့ ဆရာဝန် အတော်များများ ရှိတယ်ဗျ။ အဲဒီမှာ အလုပ်သင် ဆရာဝန်အဖြစ်ဆင်းရင်း ကျောက်ကပ်အထူးကု ပညာရပ်ကို မက်ဟန်တန်မြို့က Lenox Hill ဆေးရုံမှာ ဆက်လက်ဆည်းပူးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော် အသည်းအသန် ဝေဒနာများကို ပြုစုကုသရေး ဆေးပညာ (Critical Care Medicine) ကို ဆက်လက် ဆည်းပူးခဲ့ပါတယ်။ ကျွန်တော် Critical Care Medicine ကို ဆည်းပူးခဲ့တာကတော့ နယူးယောက်က Memorial Sloan Kettering Cancer Center လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကင်ဆာဆေးရုံ တစ်ခုပါ။ အဲဒီနောက် ကျွန်တော်ကိုယ်ပိုင် ဆေးခန်းတစ်ခုကို နယူးယောက်က တောပိုင်းမှာ အမေရိကန် ဆရာဝန်တစ်ယောက်နဲ့တွဲပြီး ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ တစ်နှစ်လောက် ကြာပြီးတော့မှ ကျွန်တော်နယူးဂျာစီ ပြည်နယ်က ပရင်စတန်မြို့ကို ပြောင်းလာခဲ့ပါတယ်။
မေး – ဆရာနယူးဂျာစီမြို့မှာ အခြေချနေထိုင်တာ ဘယ်လောက်ကြာပြီလဲ။ ဆရာ့အနေနဲ့ အဓိက ဘာလုပ်ရပါသလဲ။
ဖြေ – ကျွန်တော် အခုနယူးဂျာစီ မြို့မှာနေခဲ့တာ အနှစ်နှစ်ဆယ်လောက် ရှိပါပြီ။ ကျွန်တော်ကိုယ်ပိုင် ဆေးခန်းဖွင့်ပါတယ်။ ကျွန်တော်က ကျောက်ကပ်အထူးကု ဆရာဝန်တစ်ယောက်ဆိုတော့ ကျောက်ကပ် ဝေဒနာရှင်တွေ အတွက် ကျောက်ကပ်အစားထိုးခြင်း၊ ကျောက်ကပ်ဆေးခြင်း အစရှိတဲ့ ကျောက်ကပ်ဝေဒနာနဲ့ ပတ်သက်တဲ့ ကုသမှုတွေ လုပ်ပေးရပါတယ်။ ဒါ့အပြင် ဆေးကျောင်းသားတွေ၊ အလုပ်သင် ဆရာဝန်တွေကို စာသင်ကြားပေးပါတယ်။ ၂၀၀၈ ခုနှစ် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်မှာ နယူးဂျာစီပြည်နယ် ဆေးပညာကောင်စီရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။
မေး – နယူးဂျာစီပြည်နယ်မှာ မြန်မာနိုင်ငံသား ဆရာဝန် ဘယ်နှယောက်လောက် ရှိပါသလဲခင်ဗျာ။
ဖြေ – ကျွန်တော် အတိအကျတော့ မသိဘူး။ ဒီမှာတော့ မြန်မာဆရာဝန် ရာဂဏန်းလောက် ရှိမယ်ထင်ပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နယူးယောက်မှာတော့ မြန်မာနိုင်ငံသား ဆရာဝန် ထောင်ဂဏန်းလောက် ရှိပါတယ်။
မေး – ဆရာနယူးဂျာစီမှာရော ရုန်းကန်ခဲ့ရတာတွေ ရှိပါသလားခင်ဗျာ။
ဖြေ – နယူးဂျာစီမှာလည်း ကျွန်တော်ရုန်းကန် ခဲ့ရတာပေါ့။ ဒီမှာက အမေရိကန်နိုင်ငံသား တစ်ယောက်အတွက်တောင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော့်လို နိုင်ငံခြားသား တစ်ယောက်အတွက်ဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့က ဗုဒ္ဓဘာသာ တစ်ယောက်ပီပီ ဘယ်တော့မှ ဘုရားတရားကို မမေ့ခဲ့ဘူး။ အဲဒီလိုနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်း လာပြီးတဲ့နောက်မှာ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော့်အနေနဲ့ အောင်မြင်တယ်လို့ ပြောလို့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပါပြီ။
မေး – ဆရာ့အနေနဲ့ မြန်မာနိုင်ငံကို ပြောကြားလိုတာများ ရှိပါသလားခင်ဗျာ။
ဖြေ – ကျွန်တော်မြန်မာပြည်က ထွက်လာတာ ကြာနေပြီ ဆိုပေမယ့် မြန်မာပြည်ကို ဘယ်တော့မှ မမေ့ပါဘူး။ ကျေးဇူးရှင်လို့ သတ်မှတ်ပြီး ကျေးဇူးဆပ်နိုင်ဖို့ အမြဲလည်း ကြိုးစားနေပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး မြန်မာနိုင်ငံကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါတယ်။ ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဒေသတွေအတွက် ကျွန်တော့်ချွေးနှဲစာနဲ့ ဆေးဝါးတွေ၊ သောက်ရေသန့်တွေ၊ အဝတ်အထည်တွေကိုပေးပို့ လှူဒါန်းခဲ့သလို ဒီမှာလည်း အလှူငွေ ကောက်ခံပြီး လှူဒါန်းပေးပါတယ်။ မီးမရတဲ့ဒေသက ဆေးခန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်တဲ့ စက်ကိရိယာတွေ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော် ရတနာသုံးပါးကို မမေ့သလို ကျွန်တော့်နိုင်ငံရဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကူညီပေးဆပ်သွားမှာပါ။ ကျွန်တော့် အိမ်မှာဆိုရင် နှစ်တိုင်းတရားစခန်း ဖွင့်ပေးပါတယ်။ မြန်မာနိုင်ငံကလာတဲ့ ဆရာဝန်တွေကိုလည်း ပညာရေးနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ ဖြေနိုင်အောင်၊ အလုပ်ခွင်ဝင်ခွင့်ရအောင် ကူညီပေးပါတယ်။ မြန်မာနိုင်ငံက ဆေးကျောင်းသားတွေ၊ ဆရာဝန်တွေ အနေနဲ့လည်း ဆေးပညာနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်မယ်ဆိုရင် ကျွန်တော့်ကို ဖေ့စ်ဘွတ်ကနေဖြစ်ဖြစ် မေးလ်ကနေဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် အကူအညီပေးပါ့မယ်။ ကျွန်တော်အဓိက ပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ တကယ်တမ်းကြိုးစားရင် မြန်မာဆိုတာ ဘယ်နိုင်ငံသားနဲ့မဆို ရင်ဘောင်တန်း နိုင်ပါတယ်။ ကျွန်တော် ဆရာဝန်ငယ်လေးတွေကို အကြံပေးချင်တာက လူနာတွေကို ကုသတဲ့နေရာမှာ မေတ္တာ၊ စေတနာနဲ့ ကုသပေးပါ။ အသပြာဆိုတဲ့ငွေနောက် မလိုက်ဖို့ အရေးကြီးတယ်၊ ကိုယ်ကကောင်းတာလုပ်ရင် ကောင်းတဲ့ အရာတွေက ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။ စေတနာ၊ မေတ္တာကိုရှေ့ထားမှ အောင်မြင်မှု ပိုရနိုင်မှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Dr. Alexander Myint Swan, www.facebook.com, alexander.swan.7543, alexmswan@gmail.com
ဆောင်းပါး
အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များ စာရင်းတွင် ရွေးချယ်ဂုဏ်ပြုခံရသူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း (MBBS, MD, FACP) နှင့် တွေ့ဆုံခြင်း
Credit to Eleven Media Group
(၂)ဒေါက်တာထွန်းအောင် နဲ့ ဒေါက်တာ အေးအေးရီ တို့ရဲ့ သားကြီး William ဉာဏ်စည်သူအောင် ဟာ Design Award ဆုရရှိတဲ့အတွက်
အမေရိကန် သမ္မတ ကတော် မီရှဲ အိုဘားမား ရဲ့ နေ့လည်စာအတူစားဖို့ ဖိတ်ကြားခံရသူတွေထဲ တယောက်အပါအဝင်ဖြစ်ပါတယ်။
သူ့မိဘတွေရော သူကလေးရော မြန်မာပြည်ဖွားတွေဖြစ်ကြပါတယ်။
သူတို့ကိုလည်း ဂုဏ်ပြုမုဒိတာပွားချင်ပါတယ်။



(ကိုထူးဆန်း တခါကမေးသလို ဒီကလေး မြန်မာပြည်မှာသာဆို ဒီလိုပဲ ထူးချွန်မှာလား ဆိုတဲ့ မေးခွန်းမျိုးတော့ မဖြေတတ်ပါကြောင်း။
လူဖြူလူနီလူဝါ အစွဲမထားပဲ တော်သူကို မြှောက်စားတဲ့ စနစ်မှာ လူတော်တွေ ပျော်ကြပေမပေါ့လို့သာ ပြောချင်ပါတယ်။
အဲ ကိုယ်လည်း လူတော်လိုချင်ရင်တော့…………….. )
26 comments
ကထူးဆန်း
December 6, 2013 at 7:21 am
အန်တီပဒုမ္မာ မဖြေတတ်ချင်ယောင်ဆောင်တာကို ကိုယ့်ဟာကိုယ်ပြန်ဖြေကြည့်ပါ့မယ် ..
ပေါင်းတောထဲ ရောက်နေတဲ့ အပင်ငယ်နဲ့ အနှောက်အယှက်မရှိရေလောင်း ပျိုးထောင်ပေးခံရတဲ့ အပင်ငယ် ဘယ်အပင်က ပိုသန်မလဲဆိုတာ…
ဗီဇ ရှိခဲ့တာခြင်း အတူတူ ဘယ်မှာ ပို တောက်ပမလဲ ဆိုတာ..
padonmar
December 6, 2013 at 11:51 pm
ကထူးဆန်းက ဥပမာနဲ့ဖြေတာကိုး။
ပေါင်းမြက်များလည်း ရှင်းလင်းပါစေ။
အပင်ငယ်များလည်း လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ကြပါစေ။
KZ
December 6, 2013 at 7:34 am
စံနစ်ကောင်းမှာ လူတော်ဖြစ်ရသူ နဲ့ စံနစ်ဆိုးမှာ လူတော်ဖြစ်ရသူ ဘဝ ၂ ခု အကျိုးဆက် ကွာတာတော့ သိသာပါရဲ့။
စံနစ်ဆိုးရတဲ့ထဲ လူတွေကပါ တော်ချင်စိတ်မရှိကောင်းချင်စိတ်မရှိတာတော့ ……….
😥
ဘာပဲဖြစ်ဖြစ် အဲလို နိုင်ငံကျော် တော်တဲ့ မြန်မာပြည်ဖွားတွေအတွက် အင်မတန် ဝမ်းမြောက် မုဒိတာပွါးပါကြောင်းးးးးး
ဦးကျောက်ခဲ
December 6, 2013 at 8:42 am
ကိုထူးဆန်းနဲ့ မိဇာဂျီး ပြောသလိုပါပဲ…
အစွမ်းအစရှိသူက စံနစ်ကောင်းတဲ့နိုင်ငံမှာ ပိုအောင်မြင်တာပေါ့ဗျာ…
အဲသည်တော့ “လူကြောင့်မဟုတ်…လူကြောင့်မဟုတ်”…
ရေခံမြေခံကောင်းရင် မြန်မာတွေလည်း မညံ့ပါဘူးဗျာ…
😀
padonmar
December 7, 2013 at 12:00 am
KZ နဲ့ ကျောက်စ်တို့လည်း ခေသူများမဟုတ်ပါ.
သူများမြေမှာ တနေ့တော့ နာမည်ကျော်မည်ဟု ယုံကြည်ပါကြောင်း။
ဦးကြောင်ကြီး
December 9, 2013 at 7:24 am
အင်တာနက်ခေတ်မှာ နာမည်ကျော်ချဉ်တာ လွယ်လွန်းလို့ဗျာ..။ တနေ့ဟုတ်ဖူး.. ခုတင်ခုဖြစ်တယ်..။
TNA
December 6, 2013 at 12:45 pm
ဂုဏ်ယူစရာပါပဲအန်တီဒုံရေ။ ဝမ်းသာလိုက်တာ။
ကျောက်စ်ရေ သဂျီးကပြောဒေါ့ စနစ်ကြောင့်မဟုတ် စနစ်ကြောင့်မဟုတ်ဆို
padonmar
December 7, 2013 at 12:02 am
သည်းနုအေးရေ၊
သဂျီးက စနစ်ကြောင့်မဟုတ် ဆိုတာ Burma market only ပါတဲ့။
(ဟိုအရင်က လိမ်းခဲ့တဲ့ ထိုင်ဝမ်လုပ် အာချီဘူးတွေမှာ အဲသလိုတွေ့ဖူးတယ်)
လုံမလေးမွန်မွန်
December 6, 2013 at 1:08 pm
အောင်မယ်လေး..တော်လိုက်ကြတာ..
ဘာဆေးတွေများစားတုန်း..
padonmar
December 7, 2013 at 12:04 am
မွန်မလေး လုံလုံ
မဆုတ်မနစ်ကြိုးစားတဲ့ ဆေးစားကြမှာပေါ့။
Paing Lay
December 6, 2013 at 4:33 pm
ဂုဏ်ယူပါတယ် ရွှေမြန်မာ 🙂
padonmar
December 7, 2013 at 12:06 am
ပိုင်လေးရေ
အားပေးတာ ကျေးဇူးပါ။
kai
December 6, 2013 at 5:17 pm
ယူအက်စ်ရောက်မြန်မာ၃သိန်းလောက်မှာ.. အခုလောက်ဖြစ်တာကို ..ဂုဏ်ယူပါတယ်တယ်… ကွယ်ကွယ်..။
ဆိုတော့…
“စနစ်ကြောင့်မဟုတ်” ဆိုတာရဲ့..အဓိကရည်ရွယ်ရင်းက.. မြန်မာပြည်နဲ့..သူ့ရဲ့ ထေရဝါဒမြန်မာဘာသာဝင်များအတွက်ဖြစ်ပါကြောင်း…. :kwi:
padonmar
December 7, 2013 at 12:07 am
သဂျီးနော်
ကျမလည်း ထေရဝါဒ စစ်စစ်။
အရီးခင်
December 6, 2013 at 5:23 pm
အစ်မဒုံရေ
မြန်မာတွေ မညံ့တာ အသေအချာပါဘဲ။
အမှန်က မြန်မာမှ မဟုတ်ပါဘူး။
လူတိုင်း မှာ သူ့အစွမ်းသူရှိကြတာပါဘဲ။
အဲဒါကို ဖော်ထုတ်ပေးတာခံရတဲ့ သူတွေ က ကံကောင်းတာပေါ့။
ဒီတော့ စနစ်ကြောင့်မဟုတ်၊ လူကြောင့်မဟုတ်။
ကံ ကြောင့်၊ကံ ကြောင့် (နောက်တာပါ) 😛
အခုရက် ဒီမှာ ဖတ်လိုက်ရတဲ့ သတင်း။
ကမ္ဘာ့နိုင်ငံတွေက ကလေးတွေ ပညာရေး အခြေအနေ ကို research လုပ်နေတဲ့ Program တစ်ခုရှိတယ်။
PISA (Programme for International Student Assessment) လို့ ခေါ်တယ်။
နှစ်တိုင်း စာမေးပွဲ ရှိတယ်။
ဒီနှစ် မှာ ထွက်လာတဲ့ result အရ ဒီက နိုင်ငံရေးပါတီများ တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုး အပြစ်ဖို့ နေကြတယ်။
လေဘာစနစ်ကမှားခဲ့လို့ ဆိုသူဆို၊ လက်ရှိ ကွန်ဆားဗေးတစ်စနစ်က မှားတယ် ပြောသူပြောပေါ့။
READING TOP 10
1. Shanghai 570
2. Hong Kong 545
3. Singapore 542
4. Japan 538
5. South Korea 536
6. Finland 524
7. Ireland 523
8. Taiwan 523
9. Canada 523
10. Poland 518
MATHS TOP 10
1. Shanghai 613
2. Singapore 573
3. Hong Kong 561
4. Taiwan 560
5. South Korea 554
6. Macau-China 538
7. Japan 536
8. Liechtenstein 535
9. Switzerland 531
10. Netherlands 523
SCIENCE TOP 10
1. Shanghai 580
2. Hong Kong 555
3. Singapore 551
4. Japan 547
5. Finland 545
6. Estonia 541
7. South Korea 538
8. Vietnam 528
9. Poland 526
10. Canada 525
ကြည့်ကြည့်ပါ။
UK က ၂၆၊ USA က ၃၆။ Top 10 မဝင်ပါ။
ပြောရရင်တော့ တရုတ်လေးတွေ ရှေ့ကဘဲ။
ဒီတော့ စနစ်ကြောင့် လား။ လူကြောင့်လား။
ဆက်တွေးကြပါတော့။ 😉
DNA ကြောင့် လို့ ဆိုရင်ရော ဘူသူ ငြင်းမလဲ။ 😛
kai
December 6, 2013 at 5:30 pm
အရီးတော်ရယ်..
အဲဒီတရုပ်ကလေးတွေဘဝ.. ဘယ်လောက်ကလေးဘဝဖြစ်ရကျိုးမနပ်တယ်…နပ်တယ်ဆိုတာနဲ့တိုင်းကြည့်ဖူးလားဟင်င်…
ယူအက်စ်မှာလည်း.. စာတော်တဲ့ကလေးတွေမှာ.. အေရှန်းများတယ်..
သူတို့ခမြာကိုကြည့်ပြီး.. မြန်မာကလေးတွေငယ်ငယ်က.. ဂေါ်လီရိုက်..ဖားရိုက်…ငါးများလုပ်ခဲ့တဲ့…ဘဝလေးတွေလွမ်းတယ်..
သူတို့ကို.. သနား…..တယ်…။ :kwi:
padonmar
December 7, 2013 at 12:21 am
သူကြီးရေ
မလတ်စစ်တမ်းထဲက တရုတ်ကလေးတွေကတော့ ကျားမေမေတွေနဲ့ တွေ့ချင်တွေ့မယ်။
ကလေးဘဝဖြစ်ရကျိုးမနပ်ချင်မနပ်ဘူးပေါ့။
အခု ဉာဏ်စည်သူလေးရဲ့ မေမေ ကျမ သူငယ်ချင်းကတော့ ကျားမေမေ မဟုတ်ရှာပါဘူး။
ကလေးတွေကို ပစ်ပြီး မြန်မာပြည်က သူ့အမေ ကင်ဆာရောဂါသည်ကို တနှစ်ကျော်ပြန်လာပြုစုနေရတော့ ဒီကလေးဟာ သူ့ဖာသာ ထိန်းကျောင်းရတာပါ။
ကလေးကြိုးစားချင်အောင် အမေက အဝေးကပြောပေးတတ်တာလည်းပါမယ်ထင်ပါတယ်။
စကားအတင်းစပ် ဒီထဲမှာ ကျမရဲ့ အောင်မြင်ခြင်းတူတူပို့်စ် က မင်းသမီးတလက်ပါပါတယ်။
ဖတ်ဖူးတဲ့သူတွေ ဘယ်သူလဲလို့ မှန်းကြည့်ကြပေါ့။
padonmar
December 7, 2013 at 12:13 am
မလတ်စစ်တမ်းအရတော့
ရှန်ဟဲက ဦးဆောင်နေပြီး ဟောင်ကောင်၊စင်္ကာပူက တလှည့်စီ ဒုတိယလိုက်နေတယ်။
တရုတ်ကလေးတွေ တော်တဲ့ အကြောင်းကတော့ သူတို့ဗီဇမှာ လောဘစရိုက်ပါတယ်။
တခုခု လုပ်ရင် မဆုတ်မနစ်လုပ်တတ်တာ ဗီဇပဲ။
အဲဒါကို အသိတရားနဲ့ ပေါင်းစပ်ရင် တော်ကောင်းဖြစ်ပြီး၊
အသိတရားမပါရင် တော်ဆိုးတွေ ဖြစ်ကြရော။
(ကျန်တာတော့ အဘဖေါ ပြောစရာချန်ထားမယ်၊)
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 6:52 pm
လွယ်လွယ်ကူကူနဲ့ စာကြိုးစားတိုင်း၊မိဘပံ့ပိုးနိုင်တိုင်း ဆရာဝန်ဖြစ်ခဲ့ပုံမဟုတ်လို့
ပိုပြီးတောင် ဂုဏ်ယူဖို့ကောင်းပါတယ်
padonmar
December 7, 2013 at 12:22 am
မှန်ပါတယ် နန်းတော်ရာသူရေ။
အဲဒါလေးလည်း အားကျစေချင်ပါတယ်။
ဝင့်ပြုံးမြင့်
December 6, 2013 at 11:37 pm
တရုတ်ကလေးတွေ စာတော်တိုင်း အထင်မကြီးပါနဲ့နော်။ ကိုယ်တွေ့ကြုံဖူးတာရှိတယ်။ သူတို့က စာကိုပဲလှိမ့်ကျက်တာ၊ ပင်ကို ဉာဏ်စွမ်း မရှိကြဘူး။ ဆယ်တန်းမှာ အောဒီ ထွက်တဲ့တရုတ်ကလေးဟာ သာမန်မဂ္ဂဇင်းတစ်အုပ်ကို နားလည်အောင် မဖတ်နိုင်ဘူး။ လူတိုင်းသိတဲ့ ကာတွန်းတစ်ကွက်ကို မရယ်တတ်ဘူး။ အနုပညာခံစားချက်မှာ တရုတ်ကလေးတွေ အရမ်းညံ့တယ်။
—-
ဒေါက်တာမြင့်စွမ်းလို ဆရာဝန်တစ်ယောက် တော်ကြောင်း သတင်းကြားရရင် မျှစ်ကြော် စိတ်ထဲ တစ်မျိုးဖြစ်ဖြစ်သွားရတယ်။ မျှစ်ကြော်က ဆရာဝန်တွေကို ရူးသွပ်သူပါ။ မျှစ်ကြော် အားအကျဆုံးလူသားဟာ ဆရာဝန်တွေပဲဖြစ်ပါတယ်။ မျှစ်ကြော်ရဲ့ ဘကြီးဟာ ဆေးကျောင်းနောက်ဆုံးနှစ်မှာပဲ ကွယ်လွန်သွားခဲ့တဲ့ အတွက်ကြောင့် ဆရာဝန်ဆိုရင် အလိုလိုနေရင်း crazy ဖြစ်တာလား မသိဘူး။
padonmar
December 7, 2013 at 12:30 am
ပြုံးပြောတာမှန်ပါတယ်။
အထူးသဖြင့် အခုနောက်ပိုင်း တရုတ်ကလေးတွေ တော်တယ်ဆိုတာ လောဘကြီးတဲ့ မိဘ(အထူးသဖြင့်အမေတွေ)က အစစအရာရာ ပံ့ပိုးပြီး အမှတ်ရအောင် ကျက်ခိုင်းလို့ အမှတ်ကောင်းတာတွေ များပါတယ်။IQ ကောင်းတဲ့နေရာမှာ အဖြူတွေကို မမှီပါဘူး။
EQလည်း ညံ့ကြပါတယ်။
အများစုကိုပြောတာပါ။
တကယ့်ကို ပင်ကို တော်တဲ့ ကလေးတွေလည်းရှိပါတယ်။
…….
ပြုံးရေ
တနေ့တော့ ပညာရေးမှာ ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို ဝင်ခွင့်ဖြေပြီးအောင်ရင် အသက်အရွယ်မရွေး ပေးတက်တဲ့ စနစ်ဖြစ်လာမယ်ထင်ပါတယ်။
ဒေါက်တာ ရွိုက်ဇာ ဆိုရင် အသက်ကြီးမှ အာဖရိကကို သွားပြီး ဆေးကုပေးချင်လို့ ဆေးကျောင်းပြန်တက်တယ်ဆိုတာလေး ဖတ်ရတော့ သိပ်သဘောကျတာပဲ။
alinsett
December 7, 2013 at 2:19 pm
အားကျဒယ်
Mr. MarGa
December 8, 2013 at 8:34 pm
အခုနောက်ပိုင်းမှာ
ပတ်ဝန်းကျင်၊ အပေါင်းအသင်းရဲ့ အရေးပါပုံကို တဖြည်းဖြည်း နားလည်မိလာသလိုပဲ
ကျောက်ရိုင်း တစ်တုံးကို
အရောင်တင်ပေးတဲ့ ကျောက်သွေးဆရာ နဲ့
ပတ်ဝန်းကျင်၊ အပေါင်းအသင်းကို ကျွန်တော် ယှဉ်ပြီး မြင်မိတယ်ဒေါ်လေးရေ
padonmar
December 9, 2013 at 12:58 am
အားကျရင် ကြိုးစားပါ အလင်းဆက်၊
သကြားရေ၊
ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်းဆိုတာ သိပ်အရေးကြီးတာပေါ့။
ဒါပေမယ့် ကိုယ်တိုင်မကောင်းဘဲနဲ့တော့ ပတ်ဝန်းကျင်ကောင်းလည်း အလကားပဲ။
လူသာပဓာန။
ပတ်ဝန်းကျင်ကောင်းကို ရောက်အောင် သွားချင်သွား၊
မသွားချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်လုပ်ရုံပေါ့။
ဦးကြောင်ကြီး
December 9, 2013 at 7:21 am
သူဌေးထက် သူဌေးသားဖြစ်တာ ပိုဇိမ်ကျသတဲ့..။ အဲလိုပဲ သဂျီးမဖြစ်ချဉ်နဲ့ သဂျီးသားမက် ဖြစ်အောင်လုပ်။
ထိုနည်းတူစွာ စာတော်ဖို့ ကျက်ရမှတ်ရ ပင်ပန်းတယ်၊ စာတော်တဲ့ တရုတ်မလေးတဗွေ အပိုင်ဖန်လိုက်ပါ။