ခွေးတစ်ကောင် လူတစ်ကောင်
တစ်နေ့သ၌…..
အိမ်ရှေ့က ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်စာဖတ်နေ၏။ စာအုပ်က မိုးကုတ်ဆရာတော် ၏ တရားစာအုပ်ငယ်ပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း အဟောလည်းကောင်းသည်။ လိုရင်းနှင့် ထိရောက်အောင် အောင်ဟောပြောနိုင်သည်။ စာအုပ်နာမည်က “သင်္ချိုုင်း (၃၁)ခု သင်ကြိုက်ရာရွှေး” တဲ့။
စာဖတ်နေရင်း…..
အိမ်ရှေ့ကို လူတစ်ယောက် ဖြတ်လျှောက်သွားသည်။ သူက ကျွန်တော်၏ သူငယ်ချင်းဟောင်း။ ကျွန်တော်တို့ အရပ်ထဲတွင် မနေပါ။ အောင်ပင်လယ်တွင်နေသည်။ သူ့ကိုမြင်တော့ ရင်ထဲတွင် ဒေါသတွေ ထွက်လာရသည်။ အကြောင်းက ဟိုးလွန်ခဲ့သော (၅)နှစ်ခန့်က သူသည် ကျွန်တော့်ထဲမှ ပိုက်ဆံချေးဖူးသည်။
လိုရင်းပြောရလျှင် သူက ချဲဒိုင်။ ပေါက်ဂဏန်းတစ်ခုအတွက် ပေးလျော်မှု အကြီးကြီးကြုံလေသည်။ ထိုကိစ္စအတွက် သူ့မှာ ရှိသမျှ ပစ္စည်းအားလုံး ဆုံးရှုံးရသည်။ ထိုမျှနှင့်ပင်မပြီးသေး အကြွေးတွေ ပတ်လည်ဝိုင်းသွား၏။ ကိုယ့်သူငယ်ချင်း၏ ဒုက္ခကို မကြည့်ရက်သောကြောင့် ပိုက်ဆံချေးပေးလိုက်မိသည်။
သူ့ အခက်အခဲတွေ ပြေလည်သွားပြီးနောက်ပိုင်း ဤအလုပ်ကို မလုပ်တော့ပေ။ (၂) (၃) နှစ်လောက်ကြာတော့ ကျွန်တော့် ပိုက်ဆံကို တောင်းတော့ သူက နေ့ရွှေ့ ညရွှေ့လုပ်သည်။ ကြာတော့ ကျွန်တော်ရှက်လာသည်။ သူကမရှက်။ ဒီလိုနှင့် သူနဲ့ ကျွန်တော်ဝေးခဲ့ရသည်။ အဲဒီအကြွေးကို ရချင်စိတ်ကြောင့် သူ့ကို မေတ္တာတွေ ပို့နေမိသည်။ ဒီနေ့ အိမ်နားကနေ ဖြတ်လျှောက်သွားတော့ တော်တော် ဒေါပွနေမိသည်။ အကြွေးပြန်မပေးနိုင်ရင်နေပါ။ အနည်းဆုံးတော့ ပြုံးပြသွားပြီး နေကောင်းလား ဘာညာတော့ ပြောသင့်တာပေါ့။ အခုလို သူစိမ်းလို ပြုမှုသွားတာကို ကျွန်တော် လုံးဝမကျေနပ်ပါ။
စာအုပ်ဖတ်နေသော်လည်း စာအုပ်ထဲတွင် အာရုံက မရှိတော့။ သူကတော့ ကျွန်တော့် အိမ်ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေဆဲ။ ကျွန်တော်ကတော့ နှုတ်ဆက်လာလေမလား အထင်ဖြင့် ကြည့်မိသေးသည်။ သူကတော့ ကျွန်တော် မရှိသလိုပင် ခပ်တည်တည်ဖြင့် လုံးဝဂရုမစိုက်။ တော်တော် ညစ်ပတ်တဲ့ကောင်ပဲ။ ငါ့စေတနာ မေတ္တာတွေကို တန်ဖိုးမထား။ ငါကတော့ သူ့အပေါ် ဒီလောက် ကူညီပေးလိုက်ရတာ မပေးနိုင်ဘူးဆိုလည်း မပေးနိုင်တဲ့အကြောင်းတော့ ပြောသင့်တာပေါ့။ လူရင်းတွေဖြစ်ပြီး ပြုံးပြ နှုတ်ဆက်ဖော်တောင်မရ ဒီကောင်ကွာ…..။ ရင်ထဲမှ ဒေါသ တလိပ်လိပ် တက်လာသည်။ ဒီတစ်ခါ ထပ်ပြီး ဖြတ်လျှောက်လာလို့ကတော့ ဒီကောင့်ကို စကားပြောမှဖြစ်တော့မည်ဟု…..စိတ်ထဲမှ ကြုံးဝါးနေခိုက် ကျွန်တော့် ခုံအောက်တွင် ကျွန်တော် မွေးထားသော ခွေးတစ်ကောင်အိပ်နေသည်။ ထိုခွေးက ကျွန်တော် ဒေါသထွက်နေချိန်တွင် တဂီးဂီးဖြင့် မာန်ဖီနေသည်။ သေချာကြည့်လိုက်တော့မှ ဘေးအိမ်က ပြောင်းလာတာမကြာသေးတဲ့ လူချမ်းသာမိသားစုရဲ့ ခွေးကို မာန်ဖီနေခြင်းဖြစ်သည်။ အဲဒီအိမ်ကခွေးက :boss: အူးမြူးနေသဖြင့် တဝုတ်ဝုတ်ဖြင့် သူ၏ အိမ်ရှင်များရှေ့တွင် အကဲပိုပြနေသည်။
ထိုးခွေးက ကိုက်မည်ပြုသောအခါ ကျွန်တော်ကလည်း တောက်တစ်ချက်ခေါက်ပြီး ဟန့်လိုက်ရသည်။ ကျွန်တော့် သူငယ်ချင်းကလည်း နောက်တစ်ခေါက် ဖြတ်လျှောက်လာပြန်သည်။ ကျွန်တော်ကလည်း “ဘာလုပ်ရရင်ကောင်းမလဲ” ဟု စဉ်းစားနေချိန်တွင် ကျွန်တော့် အိမ်ရှင်မကလည်း ဈေးဝယ် ပြန်လာသည်နှင့် ကြုံလေသည်။ အိမ်ရှင်မကလည်း “ဘာလုပ်နေတာလဲ” ဟုမေးသောအခါ “ဒီကောင်ပေါ့ ငါ့အကြွေးတွေယူပြီး ပြန်မဆပ်ဘဲ ငါ့ကို မထီလေးစား နဲ့ အိမ်ရှေ့ကနေ ဖြတ်လျှောက်နေတယ်။ ငါ့ကိုတော့ ဖုတ်လေတဲ့ ငပိ ရှိလေတယ်လို့တောင် မထင်ဘူးကွာ…တောက်…..”ထိုအခါ အိမ်ရှင်မက“ဒီမယ် ယောက်ျား ရှင့်သူငယ်ချင်းက အကြွေးဘယ်လောက်ပေးနိုင်မှာတုန်း။ သူက လောင်းကစားဒိုင်လုပ်တာကိုး။ အခုလည်း အဆင်မပြေလို့ သူ့သမက်လုပ်စာ ထိုင်စားနေရရှာတာ” ကျွန်တော်က “ဟ….ဒါဆိုလည်း ငါ့ကို အကျိုးသင့် အကြောင်းသင့်တော့ လာပြောသင့်တာပေါ့ကွ….အခုတော့ကွာ……ဒီကောင် အလကားကောင်”
“ရှင်က သူ့ကို အလကားလူလို့ပြောတော့ ရှင်လည်း အလကားလူပဲ”“မင်းငါ့ကို ဒီလိုမပြောနဲ့ကွ” “ရှင်ပဲ စဉ်းစားကြည့်လေ။ မပေးနိုင်လို့ မပေးတာကို ရှင်က ဒေါသထွက်နေတယ်ပေါ့။ အစကတည်းက စဉ်းစားသင့်တယ်။ သူဒုက္ခရောက်တုန်းက ရှင့်ကိုယ်ရှင် မဟာကရုဏာရှင်လိုလို ကယ်တယ်ရှင်လိုလို ဝေသန္တရာ သွားလုပ်ခဲ့တာလေ” “ဘာပဲဖြစ်ဖြစ် နည်းနည်းပါးပါးတော့ ပြန်ဆပ်သင့်တာပေါ့ကွ” “ဪခက်ပြန်ပြီ မပေးချင်ဘဲ ဘယ်နေပါ့မလဲ။ အခု သူက ဒီလမ်းထဲကို လာချင်လွန်းလို့မှား ရှင်ထင်နေသလား။ သူ့သမက်က ဟိုဘက်လမ်းထိပ်မှာ ကားဒရိုင်ဘာ အလုုပ်လုပ်တယ်။ ကားမောင်းရင်း ပြဿနာတက်လို့ သူ့အုံနာကို လာပြီး တွေ့တာနဲ့ တူပါတယ်။ သူ့မှာလည်း သူ့ဒုက္ခ နဲ့သူပါရှင် နားလည်ပေးလိုက်ပါ။” “မင်းငါ့ကို နားလည်မှု မရှိဘူးလို့ ပြောလိုက်တယ်ပေါ့လေ” “ဟော….ကြည့်ကြည့် ပြောရင်းနဲ့ ရှင့်ဒေါသက ကျွန်မဘက် လှည့်လာပြီ။ အဖြေမရှိတာကို အဖြေမရှာချင်စမ်းပါနဲ့ရှင်။ အကောင်းဆုံးနည်းကတော့ မေ့ပစ်လိုက်ပါတော့ရှင်” “မင်းက ရှာရတဲ့သူမဟုတ်ဘူး။ ငါကရှာရတဲ့သူကွ ” “ ပြောရင်းနဲ့ ကိုယ့်ဂုဏ်ကိုယ် လာဖော်နေပြန်ပြီ။ ရှင်နဲ့ ကျွန်မ ရန်ဖြစ်ရတော့မယ်နဲ့တူတယ်။ ရှင်ဒေါသဖြစ်နေတာကိုလည်း ရှင့်သူငယ်ချင်း သိမယ်မထင်ဘူး။ အခု ရှင်ရော ကျွန်မရော ဒေါသကြောင့် စကားတွေ ဘေးရောက်ကုန်တော့မယ်ရှင့်၊ သတိထားပါဦး”
ထိုအခါ ကျွန်တော့် ခုံအောက်က ဘေးအိမ်က ထွက်လာသော ခွေးကို ထွက်ကိုက်ပါတော့သည်။ ဟိုဘက်အိမ်က ခွေးက စနစ်တကျ ဆေးထိုး ကျွေးမွေးထားတော ဒေါ်လာသိန်းချီတန်သောခွေး။ ကျွန်တော့်ခွေးက မြန်မာ့ခွေး အကြမ်းပတမ်း ခံတဲ့ခွေး။ လုံးထွေးပြီး ကိုက်လိုက်ကြတာ အရပ်ပျက်မတတ်ပင်။ ကျွန်တော်တို့ လင်မယား စကားများတာကို ခဏ ဆိုင်းငံ့ပြီး ကိုယ့်ခွေးကို ဝင်ဆွဲရတော့သည်။ တော်သေးတာပေါ့ ဟိုဘက်အိမ်က မိသားစုတွေက သဘောထားကြီးပေလို့။
ညအိပ်ရာဝင်ခါနီး အချိန်တွင် ကျွန်တော်တို့ လင်မယား ဘုရားဝတ်ပြုကြသည်။ ကျွန်တော် မေတ္တာပို့ နေသော အချိန်တွင် အိမ်ရှင်မက ကျွန်တော့်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး “ နေ့ခင်းတုန်းက ပက်လက်ကုလားထိုင်အောက်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်နဲ့ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ကောင် ဒေါသစိတ်ကြောင့် အတူတူပါပဲလားရှင်”
Credit to-ဦးဘုန်း(ဓာတု) ရွှေမန္တလေး ဂျာနနယ်မှ-
အားလုံးကိုလေးစားတဲ့
Paing Lay
7 comments
alinsett
December 14, 2013 at 6:14 pm
ဆောင်းပါးကောင်းလေး
ဝေမျှ ပေးလို ့
ကျေးဇူးဘာ
•*¨နန်းတော်ရာသူ •*¨
December 14, 2013 at 6:51 pm
ကိုပိုင်လေးစာလား..copy လားသေချာလင်းပါဦး။
ဘာပဲဖြစ်ဖြစ် မိန်းမရဲ့ကိုယ်ချင်းစာနားလည်ပေးနိုင်စိတ်ကိုတော့ ချီးကျူးမိပါတယ်။
ထိုကဲ့သို့ကြိုးစားနေပါသည်။
🙂
KZ
December 15, 2013 at 12:58 pm
ဒေါသကြောင့်ဖြစ်ဖြစ် လောဘ ကြောင့်ဖြစ်ဖြစ်
ဆင်ခြင်တုံ တရားနဲ့ အသိပျောက်သွားရင် အဆိုးဆုံး အခြေအနေပဲ မဟုတ်ပါလားးး
😀
kai
December 15, 2013 at 3:32 pm
ဒေါ်လှသိန်းချီတန်ခွေးဆိုတာတော့.. တော်တော်..တော်တော့ကို ရှားတယ်… :kwi:
ခွေးတယောက်နဲ့လူတကောင်ပေါ့နော..။
Paing Lay
December 15, 2013 at 4:22 pm
copy ပါ မမနန်းတော်ရာသူရေ လိုင်းမကောင်းတဲ့ကြားက ထည့်ဖို့ မေ့သွားလို့ပါ မမနန်းရေ :-D…..အားပေးကြတဲ့အတွက် အားလုံးကို ကျေးကျေးပါဗျာ 🙂
မဟာရာဇာ အံစာတုံး
December 16, 2013 at 11:34 am
အင်မတိ အင်မတန်မှ ကောင်းတဲ့ ဆောင်းပါးလေးပါ ..
ဒေါသ ဖြစ်လာတဲ့ အချိန်မှာ ..
ခွေးရော လူရော အတူတူပါပဲ …
ဒေါသကြောင်း ပြောမှ နတ်တွေ ဒေါသ ထွက်တဲ့ အကြောင်း ပြောလိုက်ရဦးမယ် ..
နတ်တွေ ဒေါသထွက်ရင် နတ်သက်ကြွေသတဲ့ …
စကားမစပ် ဒီထဲမှာ ထပ်ပြီး သတိထားလိုက်မိတာကတော့ …
လက်ထဲမှာ တရားစာအုပ်ကြီး ကိုင်ပြီး ဒေါသထွက်နေတာ ပဲ ခင်ဗျ …
အတော်တော့ ရီရသဗျ ..
ဒါကြောင့် ပုထုဇဉ်တွေကို အရူးလို့ ပြောတာ နေမှာ ..
Paing Lay
December 16, 2013 at 3:14 pm
သိပ်ဟုတ်သပေါ့ဂျာ အူးအံစာရေ 🙂