အန ္တရာယ်နံပါတ်-၂ ကိုဘယ်လိုနှလုံးသွင်းမျိုးနဲ့ရင်ဆိုင်မလဲ???
မနေ့ကတော့ အန ္တရာယ်နံပါတ်-၂ အရအပြင်အာရုံတွေအပေါ်မှာစွဲလမ်းနေမယ။် တနည်း ဒီခန္ဓာကြီးနဲ့ဆက်နွယ်နေတဲ့ခန္ဓာအပွားတွေအပေါ်မှာ စွဲလမ်းတွယ်တာနေမယ်။ ဆိုလို တာ ကတော့ ကိုယ် နဲ့ ဆက်နွယ်နေသမျှ သက်ရှိ၊ သက်မဲ့တွေအပေါ်မှာ တကယ်ရှိ အဟုတ် ရှိထင်ပြီး စွဲနေမယ်ဆိုရင် ဒီခန္တာကြီးမှာ ပဋိစ္စသမုပါဒ် စက်ဝိုင်းကြီးကတော့ ချားယဟပ်ကြီးသဖွယ် အချိန်ပြည့်ကိုပဲ လည်လို့ကောင်းနေပါလိမ့်မယ်ဆိုတာလေးတော့ သိလိုက်ရပါတယ်။ ဒါဆိုဒို့တွေဟာ အန္တရာယ်စက်ကွင်းမိနေပြီလို့ သိထားရမှာပေါ့နော်။ ကဲသိသွားပြီထားတော့ သူကလွတ်ဖို့နည်းလမ်းလေးမသိပြန်လို့ရှိရင်လည်း သိပြီးမရုန်းနိုင်ဖြစ်တော့မယ်နော်။ ဒါကြောင့်ဘယ်လိုနှလုံးသွင်းနိုင်ရင် ဒီအန္တရာယ်ကလွတ်မှာပါလဲဆိုတဲ့အဖြေလေး ဆက်ထုတ် ကြည့်ကြတာပေါ့။
ဒါဆို ဒို့မတတ်နိုင်တာနဲ့ တတ်နိုင်တာခွဲလို့ စဉ်းစားကြည့်ကြမယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ကံအစွမ်းသတ္တိကြောင့် အခုဒီခန္ဓာကြီးကိုရလာပြီနော်။ မလိုချင်လည်းရနေပြီမို့ ဘာမှမတတ်နိုင်ဘူးနော်။ ဒါကကိုယ်ဖန်တီးလို့ရတဲ့အရာမှ မဟုတ်တာပဲ။ ကဲ ဒီရနေတဲ့ခန္ဓာမှာကလည်းပြူတင်း(၆)ပေါက်က တခါတည်းပါလာပြီးသားပါ။ ဒါတွေကိုနေ့စဉ်ဖွင့်လို့ ရှင်သန်ရုန်းကန်နေရတာပဲမလား။ ဒီတော့လည်း အပြင်ဧည့်သည်တွေက လာကြမှာပဲလေ။ မလာနဲ့လို့မှပြောလို့မရဘဲ။ ကြည့်ရင်မြင်မှာပဲဆိုပေ့စေ ထူးမကြည့်ဘဲလဲ မြင်နေရတာပဲလေ။ မျက်လုံးကြီးဖွင့်ထားမှတော့ အဆင်းတွေကတစ်ခုမဟုတ် တစ်ခုလာတိုက်မှာပဲနော်။ ကျန်တဲ့ပြူတင်းပေါက်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီတော့ အာရုံနဲ့ ဒီဒွါရနဲ့ မတိုက်ပါနဲ့လို့တတ်နိုင်လို့လား။ တားလို့ရောရရဲ့လား။ အဲလိုတိုက်လိုက်တာနဲ့ဘာတွေတန်းဖြစ်သလဲဆိုရင် ဝေဒနာတွေနော်။ ဝေဒနာမှာက(၃)မျိုးဗျ။ ကောင်းတာကို ခံစားတဲ့ သုခဝေဒနာရယ်။ မကောင်းတာဆိုမကြိုက်တဲ့ဒုက္ခဝေဒနာရယ်။ နောက်တော့အထူးတလည်ကောင်းတယ်၊ ဆိုးတယ်ရယ်လို့ ဘာမှထူးပြီးမဖြစ်မိပါဘူး ဆိုရင်တော့ ဒါဟာ ဥပေက္ခာ ဝေဒနာပဲနော်။ လူတိုင်းဟာဒီဝေဒနာ(၃)မျိုးကလွတ်တဲ့အချိန်ရယ်လို့မရှိပါဘူးတဲ့။ ကဲဒါဆိုဒါတွေဟာ အာရုံတွေနဲ့တိုက်လိုက်တိုင်းတန်းဖြစ်သွားတာနော်။ ဒီလိုမဖြစ်နဲ့ဟိုလိုဖြစ်ဆိုပြီး ဖန်တီးလို့မရသလို ကိုယ်တောင်မသိလိုက်ဘူးဖြစ်ပြီးသွားပြီဆိုသလိုပေါ့။အဲလောက်ထိကို auto ဖြစ်သွားတာနော်။ဒါထိကတော့“ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ ကိုယ်ဘာများပြောနိုင်မှာ လဲလေ” လို့သာပြောရတော့မှာပါပဲ။
ကိုယ်မတတ်နိုင်တာကိုထားတော့ ။ အဲဒီနောက်ဆက်ဖြစ်တာလေးကို ဆက်လိုက်ရအောင်။ အဲဒီနောက်ကတော့ ဝေဒနာခံစားမှုအပေါ်မှာ ဒီဖြစ်လာတဲ့ဝေဒနာကြီးကို မလွတ် သေးပဲဖက်တွယ်ထားတာပဲ။ ဒါကိုပဲတဏှာလို့သိထားတယ်နော်။ ဒီတဏှာကျတော့ရောမဖြစ်ပါနဲ့လို့လုပ်လို့ရလားစဉ်းစားကြည့်ရအောင်။ ရတာပေါ့။ ဘာလို့လဲ။ တိုက်လိုက်တဲ့ အာရုံလေးမှမရှိတော့ပဲ ။ အသံနဲ့နားအကြည်နဲ့တိုက်လိုက်တယ်။ ပြီးတာနဲ့တန်းပျက်သွားတယ်နော်။ ဒီတိုက်လိုက်တဲ့အခိုက်မှာသိလိုက်တဲ့စိတ်ကလေးဖြစ်တယ်။ ပြီးလို့ဒီအသံလေးပျက် သွားတာနဲ့ ဒီသိစိတ်ကလေးပါတန်းပျက်သွားတယ်။ ပြီးရင်နောက်အသံတစ်ခုထပ်တိုက်လိုက်တယ်။ သူလည်းဒီလိုပဲတိုက်ပြီးပျက်သွားတယ်။ ဒါကိုသိတဲ့ စိတ်ကလေးကလည်း တပါတည်း လိုက်ပျက်သွားတယ်။ ဒီလိုနည်းနဲ့အာရုံတွေဟာ တစ်ခုပြီးတစ်ခုကို ဆက်ဆက်ဝင်လာတယ်။ တိုက်တယ်။ ပျက်သွားတယ်။ ဆိုတော့ ဒီအဖြစ်ကြီးကမြန်လွန်းလို့ ဆက်တိုက်ကို ပဲဖြစ်နေတာကြောင့် သူ့ကိုပဲတဆက်တည်းဖြစ်နေတယ်လို့မြင်နေ ထင်နေမိတာကိုးနော်။ ဒါကြောင့်ပဲကိုယ့်မှာကဆက်ပြီးမပြီးနိုင်မစီးနိုင်တွေဖြစ်လို့။ တကယ်တန်း ဟိုဧည့်သည်က ပြန်သွားတာဖြင့်ကြာပေါ့။ ကိုယ်ကဧည့်ခံလို့ ကောင်းနေတုန်းပါလား။ အင်းဒီလိုဆိုရင်တော့ဘယ်နေရာကစပြီးဖြတ်ရမလဲဆိုတာပေါ်ပြီပေါ့။ အဓိကကတော့ ဝေဒနာရဲ့နောက်က တဏှာမလိုက်မိဖို့ ပဲမလား။ ဒါဆိုတဏှာရဲ့အဖော်ဥပါဒါန်ဆိုတဲ့ စွဲလမ်းတာတွေပါမလာနိုင်တော့ဘူးပဲ။ အော…တော်သေးတာပေါ့။ အခုလိုလေးသေချာတွေးပြီး စစ်ဆေး လိုက်မှပဲ တရားခံပေါ်တော့တာပဲနော်။ ဒါဆိုဟိုးနောက်မှာဆက်ဖြစ်မယ့် ဥပါဒါန်ခိုင်းလို့လုပ်ရမယ့် ကံတွေပါသိမ်းသွားပြီပေါ့နော်။ အင်းဒီလိုဆိုရင်တော့ ဒို့တော့ ပြိတ္တာနဲ့ ငရဲရောက်ဖို့ ကနေလွတ်နိုင်ပြီပေါ့နော်။ အစတုန်းကတော့ ဒီ(၂)ခုကတော့သေချာတာပဲဆိုပြီး (၂)ခုထဲကမှ ပြိတ္တာဘဝလေးကိုရွေးထားတာလေ။ ငရဲတော့ကြောက်တယ် ။ ပြိတ္တာကမှလွတ်နိုင် သေးရဲ့လို့လေ။ တစ်နေ့တစ်နေ့လောဘနဲ့ဒေါသတွေလည်နေတာဆိုတော့ နောက်ဆုံးရွေးစရာမရှိတော့ရင်ပြောပါတယ်။ တော်သေးတာပေါ့။ ခုတော့နည်းနည်းလေး လမ်းစလေး တွေ့နေပြီဆိုတော့။ ပြောသာပြောရတယ်။ ဘယ်လိုလုပ်မှဒီလိုအမြင်တွေမြင်မှာလဲဆိုတာလည်းအရေးကြီးသေးတယ်ဗျနော်။ တော်ကြာမှ ဒီလိုလေးမြင်ထားရမယ် ဆိုတာတော့သိပြီး ဘယ်လိုမှလည်း မနေပါဘူး။ အဲလိုမြင်အောင်ကြည့်ကြည့်တာပဲ ဘယ်လိုပဲကြည့်ကြည့်မထူးပါဘူး။ အရင်လိုပဲ မြင်သမျှအာရုံတွေပေါ်မှာတန်းစွဲသွားပြီဆိုရင်တော့ခက်ပြီနော်။ ဒါကြောင့်ဒီလို အမြင်မှန်လေး ရဖို့နည်းလေးပါရေးလိုက်ပါတယ်နော်။
အင်း ဒါကလည်းလေ ပထမဆုံးအနေနဲ့နှလုံးသွင်းနည်း-၁ ဆိုတဲ့ထဲကအတိုင်း အရင်ဆုံး ရုပ်နာမ်ကို အရင်သိအောင်လုပ်ရပါမယ်။ အဲဒီမှာပြောခဲ့တဲ့အတိုင်းနှာသီးဖျားထိသိလေးကို ရုပ်ရယ် နာမ်ရယ်လို့ခွဲပြီးမြင်တတ်အောင်လေ့ကျင့်ပေးရပါမယ်။ အဲလိုလေ့ကျင့်ပါများလာတဲ့အခါ သမာဓိအားလေးတွေပြည့်လာပြီး စိတ်စွမ်းအားလေးတွေထက်လာမယ်နော်။ အဲဒီအခါကျမှ ဒီဝင်လာတဲ့လေလေးကလည်းလေ နှာသီးဖျားလေးကိုထိပြီးတာနဲ့ဒီနေရာမှာတင်တန်းပျက်သွားပါလား။ အဲလိုပဲ ထွက်လေလေးကလည်းဘာထူးလဲ ။ ထွက်တဲ့အခိုက်မှာနှာသီးဖျားလေးကို ထိမယ်။ ပြီးတာနဲ့တန်းပျက်သွားပြီနော်။ ဒီနေရာပေါ်၊ဒီနေရာဖြစ် ပြီးဒီနေရာမှာပဲပျက်သွားပါလားဆိုတာကို အဲဒီလေ့ကျင့်ထားတဲ့သမာဓိကလေးနဲ့ ကြည့်မှသာထင်ထင်ရှားရှားမြင်နိုင်မှာပေါ့။ အဲလိုမှမမြင်သေးဘူးဆိုရင် သမာဓိအားလေးပြည့်အောင် ထပ်ပြီးကြိုးစားရဦးမယ်နော်။ ကဲဒီလိုလေးတဖြည်းဖြည်းချင်း ကြိုးစားလို့ အားကောင်းသောသမာဓိမှန်ပြောင်းလေးသာ လက်ကိုင်ရှိသွားမယ်ဆိုရင်တော့ ဒီမှန်ပြောင်းလေးသုံးပြီး ဘယ်ရုပ်ပုံကိုမဆို ဘယ်ရှုခင်းကိုမဆို၊ ဘယ်အရာကိုမဆို မြင်မြင်သမျှတွေကို သူနဲ့သာလိုက်ကြည့်ပေတော့။ အဲခါတိုင်းတုန်း ကတော့ အမေမွေးတုန်းကပါလာတဲ့ ကံမျက်လုံးနဲ့ကြည့်တော့ မြင်သမျှ စွဲစရာတွေချည်းပဲလေ။ ဟောခုကျတော့တော့ ကံမျက်လုံးလေးမှာပဲ ဉာဏ်မှန်ပြောင်းလေးတပ်ပေးလို်က်တဲ့အခါ အရှိတရားတွေကို အမှန်အတိုင်းမြင်နေရပြီ။ ဘယ်လိုမြင်သလဲပြောပြဆိုရင် ခိုင်တယ်မြဲတယ်လို့ယူဆထားတာတွေက တပျက်တည်းပျက်လိုက်နေတာတွေ့ရလိမ့်မယ်နော်။ အင်းစွဲမလို့ကြံ တုန်းကိုပဲပျက်သွားပြီ။ ဟောနောက်တစ်ခုရောဆိုသူလည်းအတူတူပဲဘာထူးလဲ ဉာဏ်မှန်ပြောင်းလေးနဲ့သာကြည့်လိုက် တည်မြဲနေတာတစ်ခုမှမရှိပဲ အကုန်ပျက်နေတာတွေပဲတွေ့ရ မယ်နော်။ အင်းဒါဆိုရင်တော့ တစ်နေ့တစ်နေ့ ဒီဇိုင်းမျိုးစုံနဲ့ ဝင်လာသမျှ ဧည့်သည်အာရုံတွေအပေါ်မှာ ဒီဉာဏ်မှန်ပြောင်းနဲ့သာထိုင်ကြည့်နေပေတော့။ ကြည့်လို့ကတော့ ကောင်းမှကောင်းပဲ။ဘာလို့လဲ ။ အားလုံးပျက်ပြနေလို့လေ။ အဆင်း၊အသံ၊အနံ့၊အရသာ၊တွေ့ထိစရာ၊ကြံတွေးစရာဆိုတဲ့ အာရုံမျိုးစုံဘာလာလာ အကုန်လိုက်ချဲပြစ်လိုက်စမ်းပါ။ ဟင်းဟင်း..ဘာခံနိုင်မှာမို့လဲလို့။ ဒီလိုအခြေအနေဆိုရင်ကိုယ့်ကိုယ်ကိုပြန်စစ်ကြည့်လို်က်ပါလား။ နင်အခုဒေါသတွေဖြစ်နေသလား။ လောဘတွေဖြစ်နေသလား။ လို့လေ။ ဖြစ်တော့ဖြစ ချင်ပါတယ် ဒါပေမယ့် ဘာကိုအတည်ယူပြီးဖြစ်ရမယ်မှန်းမသိဖြစ်နေပါတယ်လို့သာ ဖြေရတော့မယ်နော်။ အဲဒါဆို ဘယ်မလဲတဏှာက။ သူကလည်းချောင်းနေပါတယ်။ဒါပေမယ့် ဘယ်ပေါ်တင်ပြီးစွဲရမယ်မှန်းမသိလို့ပါ။ အင်းသူ့ခမျာဖြစ်ခွင့်လေးတောင်မရလိုက်ရရှာဘူးနော်။ အာရုံတစ်ခုတိုက်လိုက်တိုင်း သူကသွားကပ်ဖို့ချောင်းနေလေတော့ ခုကျတော့ဒီအာရုံက မြင်တာနဲ့တန်းပျက်သွားပြီဆိုတော့ သူ့ခမျာမောရရှာတာပေါ့နော်။ အင်းသူမှတာဝန်မကျေရင်သူ့အဖော်ဖြစ်တဲ့ ဥပါဒါန်က မလာတော့ဘူးတဲ့။ စိတ်ဆိုးတာလေ။ ဒီတဏှာကမှဖြစ်ခွင့်မရရှာတော့ သူကလည်းအမြင်ကပ်ပြီး မခေါ်တော့ဘူးပေါ့။ ဒီတော့ဘာဖြစ်လဲဆိုတော့ ဥပါဒါန်ကစိတ်ဆိုးမှတော့ သူခိုင်းမယ့်ကံတွေမလုပ်ရတော့တာပေါ့။ ဟုတ်ဖူးလား။ မလုပ်တော့ဘာဖြစ်လဲ။ မလုပ်တော့ကံကပေးမယ့်ကောင်းကျိုး၊ဆိုးကျိုးတွေဆိုပြီး အရစ်မရှည်တော့တာပေါ့။ အင်းဘာလိုလိုနဲ့ကိုယ်တောင်သတိမထားမိဘူး။ ပဋိစ္စသမုပါဒ်စက်ဝိုင်းကြီးက ရပ်နေရရှာပါပေါ့လား။ အော်အားနာစရာပဲ။ အေးလေ အားတော့နာပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ကိုယ့်မှာက ဉာဏ်မှန်ပြောင်းကြီးရထားတာကိုးနော်။ တကယ်ဆိုသူကတောင် ကျေးဇူးတင်သင့်တယ်။ ဘာလို့လဲဆိုတော့ သူ့ခမျာ ဒီခန္ဓာကြီးရလာကတည်းက တလည်ထဲလည်လာရတာ မောရှာရောပေါ့။ ခုမှခဏတဖြုတ်လောက်နားခွင့်ရတယ်မှတ်ပါနော်။
ကဲကဲ ပေရှည်နေလိုက်တာ ဒါဆိုရင်တော့ ဒို့တွေခန္ဓာမှာအချိန်ပြည့်လည်ပတ်နေရရှာသော ပဋိစ္စသမုပါဒ်စက်ဝိုင်းကြီးခဏလေးဖြစ်ဖြစ်နားခွင့်ရအောင် ဒို့အားလုံး ခုကစ လို့ကြိုးစားကြပါစို့နော်။ သူလည်နေသမျှ သံသရာခရီးကြီးကဆုံးတော့မှာမဟုတ်လို့ ဒီနေ့တော့ဖြင့် ဒီနှလုံးသွင်းနည်းလေးနဲ့ပဲ တထောင့်နားလိုက်ကြစို့နော်။
အော …အကယ်လို့များ ဒီစာလေးကိုဖတ်မိလို့ ပဋိစ္စသမုပါဒ်စက်ဝိုင်းကြီးတော့ စပြီးနားခွင့်ရသွားပါပြီဆိုရင် လည်းသတင်းကောင်းလေးပါးကြပါဦးလို့…..စောင့်မျှော်နေမယ်။ dimplemit@gmail.com ကနေပဲ။
3 comments
fatty
August 9, 2010 at 6:22 am
ရိုးရိုးရှင်းရှင်းလေး ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ နောက်ပိုင်းအချိန်ရရင်ဆွေးနွးပါမယ်။
winne
August 9, 2010 at 12:21 pm
ှုဉာဏ်တိန်လို့လားမသိဘူး သိပ်နားမလည်ဘူး။ ဖတ်ရင်းနဲ့ လည်လည်လာလို့
sofiadimple
August 10, 2010 at 3:20 am
အဲလိုမထင်ပါနဲ့။ အစကစဖတ်ရင်လိပ်ပတ်လည်သွားမှာပါ။ အကယ်လို့တစ်စုံတစ်ရာမရှင်းခဲ့ရင်ဆွေးနွေးနိုင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် တရားအစကနေစပြီးမှ နားလည်အောင်ဖတ်ပါလို့ အကြံပေးပါရစေ။