Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း မတ် ၂၀၁၄

kaiMarch 11, 20141min55116

သားသတ်လွတ်၊ သက်သတ်လွတ်၊သတ်သတ်လွတ်။ သားသက်လွတ်

မည်သို့ဆိုကြစေ၊ အသက်ရှိသည့်သတ္တဝါ၏အသားမှလွတ်ကင်းရမည်ဟုဆိုလိုရင်းဖြစ်ပါသည်။ သတ္တဝါ၏အသားမစားရန်ဖြစ်၏။ အချို့မှာ ဥ၊နို့ထွက်ပစ္စည်းများကိုစားသုံးနိုင်ပါသည်။ အချို့မှာ ကြက်ဥမစားရ၊ အချို့မှာမူ နို့ထွက်ပစ္စည်းများမျှမသုံးဆောင်ရပေ။
အချို့မှာ တိရိစ္ဆာန်ထွက်ပစ္စည်းများကိုထိစပ်သုံးစွဲခြင်းမပြုရပေ။ ထိုမှသည် ပညတ်မီးလွတ်၊ ဝစီပိတ်တို့ကျင့်ကုန်သည်အထိသည်လည်းရှိ၏။

ဘယ်ကစ

မြန်မာတို့၏ယဉ်ကျေးမှုဓလေ့သည် အိနိ္ဒယမှဗုဒ္ဓဘာသာကိုအခြေခံသော ယဉ်ကျေးမှုဖြစ်ရကား ဗုဒ္ဓတရားတော်လာစာများ အသိအတွေ့များမှကောက်သည်ဆိုနိုင်ပါသည်။
ဗုဒ္ဓမပွင့်ခင်ကတည်းက ဟိန္ဒူသာသာနာရှိပြီးဖြစ်ကာ ဗြဟ္မဏအယူရှိသူအချို့မှာ အသားမစား၊ မီးလွတ်သမားများရှိသည်ဟုဖတ်ဖူးသည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင်လောက်တွင် ဂျိန်းသာသနာလည်းရှိပြီးဖြစ်၍ ဂျိန်းဘာသာဝင်တို့သည် ဥမစား နို့နှင့်ထွက်ကုန်မစား ကြက်သွန်ဖြူနီကိုမျှပင်မစားသော ဟင်းသီးရွက်စားသမားများလည်းဖြစ်ကြကုန်၏။
မြန်မာတို့၏သက်သတ်လွတ်မှာမူ နို့၊ဥအပါအဝင်တိရိစ္ဆာန်ထွက်ပစ္စည်းမစားပေ၊ သို့သော် တိရိစ္ဆာန်ထွက်သုံးကုန်များကိုမူထိတွေ့အသုံးပြုကြနိုင်လေသည်။ နတ်ကိုးကွယ်မှုကိုယူ၍ ဝက်သားသာလျှင်မစားသည့်သူများရှိသလို ဟိန္ဒူအယူကိုယူပြီး အမဲသားသာလျှင်ရှောင်သည့်ပုဂ္ဂိုလ်များလည်း များနေလေသည်။

ဒေဝဒတ်

ဒေဝဒတ်။ ။ “ရဟန်းအားလုံး သက်ထက်ဆုံး သက်သတ်လွတ်သာ စားကြပါစေ၊ ငါး၊ အမဲကိုစားသော ရဟန်းအား အပြစ်ရောက်ပါစေ။”
ဂေါတမမြတ်စွာဘုရား။ ။ “မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အစွန်းသုံးပါးမှ ကင်းလွတ်စင်ကြယ်သည့် မမြင်အပ်၊ မကြားအပ်၊ မယုံမှားအပ်သော ငါး၊ အမဲကို စားသုံးရန် ငါဘုရား ခွင့်ပြုပြီးဖြစ်သည်။”

အထက်ပါအမေးအဖြေသည် ဒေဝဒတ်မှသံဃာဂိုဏ်းမခွဲမှီ ဗုဒ္ဓအားတောင်းဆိုလိုက်သော ၅ခွန်းမြောက်မေးခွန်းနှင့်အဖြေဖြစ်သည်။
ဂေါတမဗုဒ္ဓသည် ရှေ့မေးခွန်း၄ခုအား လုပ်လိုသူလုပ်စေ။ မလုပ်လိုသူမလုပ်ပါစေ ဟုပညတ်သတ်မှတ်ဖြေတော်မူခဲ့သော်လည်း နောက်ဆုံးမေးခွန်းကိုမူ လက်မခံငြင်းပယ်တော်မူပါသည်။
ဘုရားရှင်သည် (သံဃာသင်းခွဲခံကာ) ငြင်းပယ်တော်မူခဲ့ခြင်းအားဖြင့် ရဟန်းတို့အတွက် သက်သတ်လွတ်နှင့်ပါတ်သက်သော ဗုဒ္ဓ၏အမြင်ကိုထင်ရှားချန်ရစ်ခဲ့သည်။ ထေရဝါဒ၏ကျမ်းစာအယူများအရ သာမန်လူတို့မဆိုထားနှင့်ဦး ရဟန်းသံဃာတို့သည်ပင်လျှင် သက်သတ်လွတ်သမားများမဟုတ်ကြချေ။ ရှေးမြန်မာတို့တွင် ဥပုတ်သီလစောင့်တည်ခြင်းသာလျှင်ရှိ၍ သက်သတ်လွတ်စားခြင်းဓလေ့နည်းပါးခဲ့ဟန်ရှိသည်။ ဤသည်ကို Vegetarian အမည်ပညတ်ရာတွင် စံသတ်မှတ်ခြင်းတိတိကျကျမရှိခြင်းက သက်သေထင်ရှားပြပါသည်။ စစ်ဘုရင်စစ်မင်းတို့၏ မြန်မာ့အင်ပါယာတို့သည် ကျန်းမာသန်စွမ်းသော ရှေးမြန်မာကြီးတို့၏ ကျန်ရစ်ခြေရာများလည်းဖြစ်ကြသည်။

နွားမေတ္တာစာ

“- မြိန်နိုင်ပေ့ သူတို့ကိုယ် မျိုရက်ပေ့ သူ့ခံတွင်း
– တို့လုပ်သည့်ထမင်းကို တို့ဟင်းလျာအသားနှင့်
– စားကြသည့် ဖြစ်နဲကို တို ့အသဲနာလိုက်ကဲ့”

ကိုလိုနီခေတ်၌် “အာရှတိုက်၏စပါးကျီ”ဖြစ်သော မြန်မာပြည်တွင် ကျွဲ၊နွားသည် မြန်မာလယ်သမားတို့အတွက်လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ ဟိန္ဒူဘာသာဝင်များအတွက်မူ စောင့်လျှောက်ရမည့် သတ္တဝါတခုဖြစ်တော့သည်။
ထိုခေတ်အခါက မြန်မာပြည်လယ်ယာကဏ္ဍတွင် အင်္ဂလိပ်တို့မှ သိန်းသန်းချီခေါ်သွင်းလာသော ချစ်တီး(တောင်ပိုင်းအိန္ဒိယသား)နှင့်သူ၏အမျိုးအနွယ်များဖြင့်လွှမ်းမိုးနေခဲ့ပေရာ ဗြဟ္မာဏအကျင့်ဓလေ့တို့ရှိခဲ့မည်မှာသေချာပါသည်။  ထိုမှသည် အမဲသားမစားသောဓလေ့စိတ်အခြေခံအား လယ်တီဆရာတော်ကြီး၏ မေတ္တာစာလေးချိုးကြီးမှဆင့်လောင်းခြင်းဖြင့် မြန်မာများ အမဲသားလှူခြင်းရောက်ခဲ့သည်။ မေတ္တာစာထဲတွင် “မြန်မာနှင့်ကုလား နှစ်ပြည်ထောင်တိုင်းသားတို ့ ဖြစ်ပွားသည် ့တွက်တာသည် ” ဟုထည့်သွင်းရေးထားပေရာ မြန်မာ၊အိန္ဒိယ၂ပြည်ထောင်ကို ရည်ညွှန်းခဲ့ဟန်လည်းရှိသည်။ ထိရောက်မှုအဖြစ် “အမဲသားမရောင်းပါ”ဆိုင်းဘုတ်တင်ဆိုင်များထွက်ပေါ်လာသည်။ ဦးနုအစိုးရလက်ထက်တွင်ကား နွားသားတို့သည် “တိုးတိုးသား”ဖြစ်ကုန်ကြလေသည်။ ထိုဂယက်သည်ကြီး၏။ ဆွေစဉ်မျိုးဆက်ပြန့်နှံ့ခြင်းသို့ပင်ရောက်ခဲ့ပါ၍ ယခုခေတ်တွင်ပင် မြစ်ဝကျွန်းပေါ် မော်ကျွန်းမြို့အပါအဝင် မြို့အချို့တွင် အမဲသားရှာမရတော့ပြီ။

အမေရိကရောက်မြန်မာများ

ယူအက်စ်တွင် တရက်လျှင် နွားကောင်ရေ၁သိန်းမျှ လူသားတို့အဟာရအတွက်သတ်ဖြတ်ခံကြရပြီး မက်ခ်ဒေါနယ်စားသောက်ဆိုင်တမျိုးတည်းအတွက်ပင် တနှစ်နွားကောင်ရေ ၁ဝသန်း အသားအတွက်မွေးမြူ၍သတ်ဖြတ်အသုံးပြုကြရသည်။ ယူအက်စ်၏ တနှစ်စာသတ်ဖြတ်စားသုံးနေသော သတ္တဝါအရေအတွက်မှာ သန်း၉ထောင်ကျော်ရှိသည်။ လူဦးရေ သန်း၃၀ဝကျော်သော အမေရိကန်တို့အဟာရပြည့်နေထိုင်ရေး၊ ဘဝလူနေမှုမြင့်အောင်တင့်အောင်လုပ်ကြရေးတွင် ရွေးချယ်စရာနည်းလမ်းမရှိ ဖြည့်ကြရမည်သာတည်း။
နွားမေတ္တာစာအရ လယ်ထွန်ပေးသော စပါးထုတ်ပေးနိုင်သော လုပ်ကိုင်ဖော်ဖက် နွားကိုမသတ်မစားသည်မှာ သဘာဝယုတ္တိကျလှပါသော်ငြာ အမေရိကကဲသို့ အသားစားသုံးရေးအတွက် သီးသန့်မွေးမြုထားသည့် နွားသားကို ဘာသာရေးအယူအရဟူ၍ မစားရှောင်မှုမှာ လော့ဂျစ်မကျဟုဆိုနိုင်ပါသည်။
အသားနီတို့သည် အသက်တမ်းရလာသည်လူကြီးရွယ်များအတွက်မူ ကောင်းခြင်းတချို့နှင့်အတူ ဆိုးမှုများပါသယ်ဆောင်လာတတ်သည်။ ကျမ်းမာရေးအခြေအနေအရရှောင်ကျဉ်ခြင်းသည် သဘာဝကျလှပါသော်လည်း မြန်မာပြည်ပါ မူလဘူတအတွေးအခေါ်လွှမ်းမိုးခြင်းကြောင့်မူမဖြစ်သင့်ပါချေ။
ငါးကြီးများတွင် အိုမီဂါ-၃ပါဝင်မှုများသည်။ အမှန်တကယ်တွင် သားကြီးငါးကြီးများသည် ကလေးသူငယ်များအတွက် လာဘ်ကြီးများစွာ သယ်လာပေးနိုင်ပါသည်။
အမေရိကအစိုးရ၏ဝက်ဘ်ဆိုက်တွင် လူတယောက်သည် လိုအပ်သောပရိုတိန်းပြည့်မှီရန် တရက် အသား ၄အောင်စစားရမည်ဟုအကြံပေးထားလေသည်။
လိုအပ်သောအဟာရပြည့်မှီခြင်းဖြင့် ကျန်းမာ၍ဦးနှောက်ကောင်းသော လူသားများထွက်ပေါ်လာပါသည်။ အသိဉာဏ်ပြည့်မှီစွာဖြင့် ကျန်းမာသည့်လူသားဖြစ်တည်မှုထက်ကောင်းသော လာဘ်သည်ရှိအံ့သလော။

ဂျပန်ငပု

ဂျပန်များကို ငပုများဟုခေါ်ကြရသည်အထိ အရပ်အရွယ်သေးသိမ်ခဲ့ကြဖူးသည်။ ကမ္ဘာစစ်ပြီးခေတ်နှောင်းပိုင်းမှစ၍ ဂျပန်မူကြိုတန်းမှစ၍ ကျောင်းတွင်းအဟာရဖွံ့ဖြိုးရေးအတွက် အစိုးရမှကြီးကြပ်ပြီး စီမံချက်ချကာကျွေးမွေးခဲ့သဖြင့် ယခုခေတ်ဂျပန်များသည် အနောက်နိုင်ငံသားများနည်းတူ ကြံ့ခိုင်၍အရပ်အမောင်းမြင့်မားကြလေပြီ။ အသိဉာဏ်ပြည့်မှီကျန်းမာသော နိုင်ငံသားကောင်းများဖြင့် ခေတ်မှီသော တိုင်းပြည်တည်ဆောက်နိုင်ကြလေပြီ။ ယခုခေတ်တွင် မြန်မာတို့က ဂျပန်ငပုဟု မော့ကြည့်၍ပြောရန်သာရှိတော့သည်။
လူနေမှုအဆင့်အတန်းမြင့်မားခြင်းနှင့် အဟာရဖွံ့ဖြိုးခြင်းကား တိုက်ရိုက်အချိုးကျပါ၏။
ကလေးသူငယ်များအတွက် အသက်ငယ်စဉ်တွင် အဟာရသည်အလွန့်အလွန်အရေးကြီးသည်။ မွေးသည်နှင့် နို့နှင့်သာအသက်ဆက်ရသည်။ ကလေးအသက်၂နှစ်သားအရွယ်တွင် ကလေးဦးနှောက်ဖွံ့ဖြိုးမှုသည် လူကြီးဖြစ်မည့်အချိန်၏ ၉ဝရာခိုင်နှုန်းမျှကို ဆောင်ယူထားသည်ဟု ကျန်းမာရေးစာတို့တွင်ဆိုသည်။ ကလေးသူငယ်တို့အားလိုအပ်သော အဟာရပြည်မှီအောင်တွန်းတိုးကျွေးသင့်လှသည်။ ကလေး၊လူငယ်များအတွက် သက်သတ်လွတ်သည် တိုင်းပြည်အားဝန်လေးလှသည်သာတည်း။

သက်သတ်ခြင်းလွတ်သလော

အိန္ဒိယကုလားပြည်သည် သက်သတ်လွတ်စားသူများသည့် Lacto Vegetarian တို့တိုင်းပြည်ဖြစ်သည်။ Vegan တိရိစ္ဆာန်ထွက်ပစ္စည်းလွတ်စားသောတိုင်းပြည်ကားမဟုတ်။ ချစ်တီးတို့၏ဟင်းလျှာများတွင် အသားမပါသော်ငြား ဆိတ်နို့၊မြင်းနို့၊နွားနို့စသော နို့နှင့်နို့ထွက်ပစ္စည်းစားကုန်တို့ကိုမူ လှိုင်လှိုင်သုံးစွဲ စားကြပါလေသည်။ ပရိုတိန်းကြွယ်ဝသော ပဲနှင့်ဂျုံတို့ကို အဓိကစားကြပါသည်။ ထိုသို့အားဖြင့် လူတို့အတွက်အခြေခံလိုအပ်သော အဟာရနှင့်စွမ်းအင်ကိုရကြသည်။
မြန်မာတို့သည်ကား အမဲသားရှောင်လျှက်။ သားကြီးငါးကြီးမစားလျှက်။ ခြေလေးချောင်းပယ်လျှက် သက်သတ်လွတ်ကြကုန်၏။ ယခုခေတ်တွင် အသီးအရွက် အသားတိုး အထွက်ဖြိုးရန် ပိုးသတ်ဆေးများဆင့်ဖြည့်စိုက်ပျိုးခြင်းတို့ကြောင့် အသီးအရွက် သစ်ဥသစ်ဖုများသည်ကား သတ္တဝါအသက် သေခြင်းသတ်ခြင်းမှ လွတ်၍ သံသယကင်းကင်းဖြစ်နိုင်ကြသည်တော့မဟုတ်။ အမည်ပညတ်သာရှိသည့်  သက်သတ်လွတ်သာလျှင်ဖြစ်နေပေတော့၏။ အသီးအရွက်စားသုံးခြင်းသည် သက်ကြီးပိုင်းဝင်လာသူတို့အတွက်ကောင်းမွန်ပါသည်။ အသားစားသူများထက် အသက်ရှည်၍အနာတို့လျှော့မဲ့နိုင်ပါသည်။

ငရဲမဝင် ဘုံမတင်

ထေရဝါဒအရ ဗုဒ္ဓဘာသာဝင်များအတွက် သက်သတ်လွတ်စားရန်/မစားရန်ဟူ၍ တိုက်တွန်းချက်ထုတ်ထားခြင်းမရှိ။ ရဟန်းများတွင်သာ မြင်သား၊ကြားသား၊မသင်္ကာသားနှင့်သားကြီး(၁၀)မျိုးဟူ၍ဝိနည်းတချို့ထုတ်ကန့်သတ်ခြင်းရှိ၍ အခြားတပါးလူသားများအား မည်သည့်ကန့်သတ်ချက်မျှမရှိပေ။

ရုပ်တရားဖြစ်သောအစားအစာသည် လူသားအား ငရဲမဝင်စေနိုင်သလို ဘုံလည်းမတင်ပေးနိုင်ပါ။ စိန့်တိုင်းပြည်၏မဟာယာနအလိုအရမူ ရဟန်းတို့သည် အသားငါးနှင့်ထိစပ်သော အသီးအရွက်ကိုမျှမစားသုံးရပေ။ သို့သော် ဂျပန်နှင့်တိဘက်ဗုဒ္ဓဘာသာဘုန်းကြီးများအတွက်မူကား ဝိနည်းနှင့်ညှိကာ အစုံစားနိုင်ကြပေသည်။ စိတ်ထား ထားတတ်ဖို့သာ လိုပါသည်။
“ဘုရားဟောသည်ကို ဟောသည့်အတိုင်းမှတ်လော့”ဟူ၍သာပြောရမည်ဖြစ်သည်။
ယောနိသောမနဿိကာရ(အတင့်အသင့်နှလုံးသွင်းခြင်း)နှင့် မဇျ္စိမပဋိပဒါ(အလယ်အလတ်လမ်းစဉ်ကိုကျင့်ခြင်း) တို့ဖြင့် မိမိဘဝနှင့် မိမိမျိုးဆက်ကို စောင့်ရှောက်လျှက်နေကြပါကုန်။

16 comments

  • twitty

    March 11, 2014 at 1:35 pm

    သူကြီး promotion လုပ်နေပါတယ်ဗျို့…။

  • alinsett (gazette)

    March 11, 2014 at 1:43 pm

    တို့ကတော့
    အသီးအရွက်လည်း ကြိုက်
    အသားငါးလည်းကြိုက်
    အရင်ကလို ကိုယ်တိုင် သတ်မစားတော့တာကလွဲရင်
    မရှောင်နိုင်သေးဘူးကွယ်. . .

    🙂

  • ဦးကျောက်ခဲ

    March 11, 2014 at 1:45 pm

    သက်သတ်လွတ်တော့ စိတ်နာတယ်…
    ဟိုတလောက တရုတ်ဘုရားကျောင်းသွားလည်တာ သက်သတ်လွတ်နဲ့တိုးရော…
    အသီးအရွက် ပဲပြား နဲ့ မှိုမျိုးစုံကို ဟိုလိုလိုသည်လိုလို အရသာချက်ထားတော့…
    အသားငါး အမှတ်နဲ့ပဲ စားကြမှာပေါ့… ဘယ်လိုလုပ် ကုသိုလ်ရပါလိမ့်…
    အမဲသားကတော့ နိုင်ဂျန်ကားမှာစားတယ် ၊ မြန်တျန့်ပြည်မှာ မစား…
    ခိုင်းနွားတွေဆိုတော့ အသားမာတယ် ၊ သွားနာတယ်… ဟိ
    😀

    • kai

      March 11, 2014 at 1:54 pm

      မနောဒွါရေ အာပတ္တိနာမ နတ္ထိ .. :mrgreen:

  • naywoon ni

    March 11, 2014 at 11:13 pm

    ဗုဒ္ဓ​ဟောကြား မှန်​​ပေငြားလျှက်​ ရိုးရာဖျက်​၏ ။ အဲ့အစွဲ​တွေက ​ဖျောက်​ဖို့မလွယ်​ဘူးဗျ ။ ဘာပဲဖြစ်​ဖြစ်​ပါ ​ရေချည်​့​သောက်​​နေရင်​​တောင်​မှ အသက်​မလွတ်​နိုင်​တာ ။ အဲ့ဒါ​ကြောင်​့မို့လား မသိ ​ရေသန်​့ပဲ ​သောက်​​နေကြပြန်​ပီ ။ သန်​့တယ်​မသန်​့ဘူး ဆိုတာက ကိုယ်​လည်​းစစ်​​ဆေးနိုင်​တာမဟုတ်​ ။ အဲ့မ​ဟုတာတဲ့ အစွဲ​တွေ​ဖျောက်​ဖို့က သာသနာ့ဝန်​ထမ်​း​တွေ ညှိပြီး ​ဟောမှ ​ပြောမှ ဖြစ်​မှာ ခုလိုတစ်​ပါးတစ်​ဂါထာ ရွက်​​နေလို့က​တော့ နှစ်​တစ်​​ထောင်​​တောင်​ အဲ့အစွဲဆိုးကြီးက​ပျောက်​မယ်​မထင်​

    • Mလုလင်

      March 12, 2014 at 2:53 am

      သာသနာ့ ဝန်ထမ်း တွေ တင် မက . . . . ဆာယေးစယာ တွေပါ ညှိ သင့်ပါကြောင်း . . . . .

  • kai

    March 12, 2014 at 3:43 am

    ဒိန်ချဉ်တခွက်မှာ.. အသက်ရှိတဲ့ဘက်တီးရီယားဘီလီယံချီပါပါတယ်တဲ့..
    အချဉ်ဖေါက်ထားတာကိုး..

    ဆိုတော့…
    မြန်မာ့ချဉ်ဖတ်တွေဖြစ်တဲ့.. သရက်ချဉ်၊ တမာချဉ်။ကတက်ချဉ်၊ မျှစ်ချဉ်၊ .(ရွှတ်… သွားရည်ယိုလာပြီ)တွေမှာ..လည်း.. သက်ရှိဘီယီယန်ချီပါပါတယ်..။
    ချဉ်ဖတ်လုပ်တဲ့သဘောတူတဲ့.. ကိုရီးယားကင်မ်ချီနဲ့ယှဉ်ကြည့်… :mrgreen:

    The Promise of Probiotics | Eating Well
    http://www.eatingwell.com › Diet & Health › Digestive Health‎
    “I feel that probiotics are very important for healthy living. … keep his asthma and eczema in check, “although there’s not much interest in the kimchi.” … but research suggests aiming for 1 billion to 10 billion live bacteria cultures (measured in …

    • ကထူးဆန်း

      March 12, 2014 at 12:56 pm

      ဒါဆို ဒါဆို သတ်သတ်လွတ် သမားတွေ …. ပြေးပြီ …. 😆

  • kyeemite

    March 12, 2014 at 10:40 am

    ဘယ်သူဘာပြောပြော အယ်ဒီတာ့သင်ပုန်းတွေထဲ ဒီသင်ပုန်း အကြိုက်ဆုံးပဲ..(ဖားတာမဟုတ်) တကယ်..

    • ဘရန်းဒက် ကေဇီ

      March 12, 2014 at 12:21 pm

      သများရောပဲ။
      :mrgreenn:

  • Mr. MarGa

    March 12, 2014 at 1:22 pm

    သဘောမတူတုန်းက မတူဘူးပြောထားတာဆိုတော့
    အခုတော့ ပြောလိုက်ပါမယ်..
    ဒီတစ်ခါ အယ်ဒီတာ့သင်ပုန်းက အိုင်ပက်နဲ့ရေးတယ်ထင်ပါတယ် :mrgreenn:
    ထောက်ခံပါတယ်လို့ အာဟိ…

    • kai

      March 12, 2014 at 1:31 pm

      အိုင်မပက်ရပါဘူးကွယ်..
      တက်မဲကြီးနဲ့ရိုက်တာပါ.. ( မဲ= ဘလက်) :mrgreen:

      • Mr. MarGa

        March 12, 2014 at 1:49 pm

        အင်း…ဒါကြောင့် ဒီလ စာက ကောင်းကောင်းမွန်မွန် ထွက်လာတာ.. :mrgreenn:

  • kai

    March 12, 2014 at 3:30 pm

    ကျွဲနွား ရောင်းဝယ်မှုတွေ များပြားပြီး စည်းကမ်းမဲ့ သတ်ဖြတ် သူတွေကြောင့် ခိုင်းကျွဲနွားတွေ ရှားပါးလာတဲ့ သတင်း

    February 26, 2014

    ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ ကျေးရွာအချို့မှာ ကျွဲ၊နွားသတ်ဖြတ်မှု မြင့်မားလာတဲ့အတွက် သေနှုန်းနဲ့ ပေါက်ပွားနှုန်း မမျှတော့ဘဲ ကျွဲ၊နွားတွေ ရှားပါးလာပြီး ကျွဲ၊နွားဈေးတွေ ကြီးမြင့်လာတယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားချက်အရ သိရပါတယ်။ ခေတ်စနစ်အရ စက်မှုလယ်ယာကို ကူးပြောင်းနေပြီ ဖြစ်ပေမယ့် ဒီဒေသမှာ လူနည်းစုသာ စက်ကိရိယာ အသုံးပြုနိုင်သေးပြီး အများစုကတော့ ကျွဲ၊နွားတွေကို အားထားနေရဆဲ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ စည်းကမ်းမဲ့ ကျွဲ၊နွား သတ်ဖြတ်မှုတွေကြောင့် ကျွဲ၊နွား ရှားပါးလာပြီး ခိုင်းကျွဲဈေး၊ ခိုင်းနွားဈေးတွေဟာ တစ်ကောင်ကို (၅)သိန်းကနေ (၁၀)သိန်းအထိ ရှိနေတဲ့အတွက် တောင်သူတွေအနေနဲ့ လယ်ယာအသုံးစရိတ်တွေ မြင့်မားလာပြီး အကြပ်အတည်းတွေ ရှိလာရတာတယ်လို့လည်း သိရပါတယ်။ ဒီလိုစည်းကမ်းမဲ့ သားသတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဦးခင်ဝင်းက အခုလို ရှင်းပြပါတယ်။ စည်ပင်လိုင်စင် ဥပဒေအရ ကျွဲနွားတွေကို သုံးရက်ကို တစ်ကောင်နှုန်းနဲ့ တစ်လကို အကောင်(၃၀)သာ သတ်ဖြတ်ခွင့် ရှိပေမယ့် လည်း ကုန်းပြင်ကျေးရွာမှာ စည်းကမ်းမဲ့ သားသတ်မှုတွေရှိနေပြီး ကျွဲနွားမှောင်ခိုမှုတွေ များပြားလာတာကြောင့် တစ်လကို ကျွဲနွားအကောင်(၁၅၀)ခန့် ဆုံးရှုံးနေရတယ်လို့လည်း သိရပါတယ်။ တောင်သူတွေအနေနဲ့ လယ်ယာအသုံးစရိတ်တွေနဲ့ စီးပွားရေး အကျပ်အတည်းတွေကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းတဲ့နေရာမှာ ကျွဲနွားတွေရောင်းပြီး ဖြေရှင်းကြတဲ့အတွက်လည်း ကျွဲနွား အရောင်းအဝယ်တွေ ပိုမိုများပြား လာတာဖြစ်ပြီး သားသတ်သမားတွေ အနေနဲ့ကလည်း သတ်ဖို့ ရည်ရွယ်ပြီး ဝယ်တာဖြစ်တဲ့ အတွက် နွားပျို၊နွားအို မခွဲခြားတော့ဘဲ သတ်ဖြတ်နေကြကြောင်း၊ အဲဒီအတွက် ကျွဲနွားမှောင်ခို သယ်ဆောင်မှုတွေ ပေါများလာပြီး ခိုင်းကျွဲနွားတွေ ရှားပါးလာပြီး ဈေးနှုန်းတွေ အရမ်းမြင့်မားလာတယ်လို့ ဒေသခံ တောင်သူ ဦးတင်ဝင်းက ပြောပါတယ်။ ကျွဲနွားမှောင်ခို သယ်ဆောင်သူတွေ ဘယ်လို သယ်ဆောင် နေကြတယ်ဆိုတာကို ဒေသခံ ဦးခင်ဝင်းက အခုလို ရှင်းပြပါတယ်။ ကျွဲနွားမှောင်ခိုမှုတွေဟာ ရေကြည်မြို့နယ်ခွဲဖြစ်တဲ့ ငသိုင်းချောင်း မြို့နယ်တွင်းမှာ အခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာပြီး (၂၀၁၃)ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်-မြန်အောင် အဝေးပြေးကားပေါ်မှာ အမဲသားခြောက် ပိဿာ(၂၀၀)ဖမ်းမိကာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ကျွဲနွားတရားမဝင် သယ်ဆောင်သူတွေကို ဒေသခံတွေက တာဝန်သိစွာနဲ့ သက်ဆိုင်ရာကို ဖမ်းဆီး အပ်နှံခဲ့ခြင်းတွေ ရှိတယ်လို့ သိရပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး ဒီလိုအခက်အခဲတွေ ဖြစ်ပွားနေတဲ့ ငသိုင်းချောင်းမြို့နယ် ကုန်းမြင့်တိုက်နယ်အတွင်း ကျေးရွာအုပ်စု (၁၄)အုပ်စုမှာ လယ်မြေဧက (၁၅၀၈၄)ဧက ရှိတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။

  • pazflor

    March 18, 2014 at 9:12 pm

    ကျောင်းအုပ်ဆရာကြီးမှာ ဒီလိုအတွေးအခေါ်မျိုး ရှိနေတာ အံပါဗျာ

    တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ရန်ဟုဆိုကာ ကိုးနဝင်းဆရာတော်ထံတွင် သိဒ္ဓိတင်ပြီး သံလွင် မြစ်ကိုဖြတ်၍ ပြန်လာခဲ့သည့်ဆရာမနှင့် ကျောင်းသားများလိုက်ပါလာသည့် စက်လှေတစ်စီးမြစ်ထဲတွင် နစ်မြုပ်ပျောက်သွားပြီး ဆရာမတစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

    မတ်လ ၉ ရက်ညနေက လှိုင်းဘွဲ့မြို့ အ.ထ.က (ခွဲ) ကို မောင်ရွာမှ ကျောင်းအုပ်ဆရာကြီးဦးဆောင် ကာ ကျောင်းဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၄၄ ဦးသည် စက်လှေလေးစီးဖြင့် သံလွင်မြစ်ကို ဖြစ်စဉ် တစ်စီးနစ်မြုပ်ကာ အလယ်တန်းပြဆရာမတစ်ဦး ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း လှိုင်း ဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောခူရီက ပြောသည်။

    “ကျောင်းသားတွေ လွယ်လွယ်ကူကူဖြေနိုင်အောင် ဆရာကြီးဦးဆောင်ပြီး ကိုးနဝင်းဆရာတော်ဆီမှာ သိဒ္ဓိသွားတင်ကြတာလို့ သိရတယ်။ စက်လှေနဲ့အပြန်မှာ သောင်ခုံကိုဝင်တိုက်မိပြီး မြုပ်သွားတာ။ ကျောင်းသားတွေ အကုန်ပြန်ဆယ်နိုင်ပေမယ့် ဆရာမတစ်ယောက်တော့ အခုထိပြန်မတွေ့သေးဘူး” ဟု ဦးစောခူရီက ပြောသည်။

    လှိုင်းဘွဲ့မြို့မှ သံလွင်မြစ်တစ်ဖက်ကမ်း ကမ္မမောင်းမြို့နယ်ခွဲရှိ ကိုးနဝင်းဆရာတော်ထံတွင် သိဒ္ဓိတင် ပြီးအပြန် သံလွင်မြစ်ထဲတွင် နစ်မြုပ်ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ဆရာမမှာလှိုင်းဘွဲ့မြို့ အ.ထ.က (ခွဲ) ကိုမောင်ရွာမှ အသက် (၂၈) နှစ်အရွယ် အလယ်တန်းပြဆရာမတစ်ဦးဖြစ်သည်။ နစ်မြုပ်သော စက်လှေတွင် အဆိုပါဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးလိုက်ပါလာပြီး ရေနစ်နေသော ဆရာမကိုလိုက်ဆယ်သော ကျောင်းသားနှစ်ဦးကိုလည်း ဆေးရုံတွင်ကုသခဲ့ရပြီး စိုးရိမ်ဖွယ်ရာမရှိတော့ ကြောင်းသတင်းရရှိသည်။

    “ဆရာမကိုရွာသားတွေရော ရဲနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေပါ ရှာနေပါတယ်။ စာမေးပွဲမှာ ကျောင်းသားတွေ အောင်စေချင်တဲ့စိတ်နဲ့ မြစ်ကူးချောင်းခြား သွားခဲ့ပေမယ့် အခုလိုဖြစ်တော့ အားလုံးကစိတ်မကောင်း ဖြစ်နေကြတယ်” ဟုလှိုင်းဘွဲ့မြို့ ကိုမောင်ရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    ပျောက်ဆုံးနေသော ဆရာမမှာရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မှ လာရောက်၍လှိုင်းဘွဲ့မြို့ ကိုမောင်ရွာတွင် စာသင်ကြားနေခြင်းဖြစ်သည်။

    ယင်းဖြစ်စဉ်ကို လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းနယ်မြေရဲစခန်းတွင် စက်လှေမောင်းသူကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ပြစ်မှုဥပဒေပုဒ်မ ၂၈ဝ ဖြင့် အမှုဖွင့်၍စစ်ဆေးနေသည်။

    ၂၀၁၃-၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

    7Day Daily

    No.321, March.11, 2014

  • kai

    April 11, 2014 at 7:25 am

    တရုတ်နိုင်ငံကို တရားဝင် နွားတင်ပို့နိုင်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်း

    March 26, 2014

    မြန်မာနိုင်ငံက အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံ ဈေးကွက်ကို တရားဝင် ငွေတင်ပို့နိုင်ဖို့ ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက တရားဝင် နွားတင်ပို့တာတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံက ကျွဲနွားများဟာ ခွာနာလျှာနာရောဂါ ကင်းရှင်းမှု မရှိဘူးဆိုပြီး တရားဝင် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဘက်က ဈေးကောင်းပေးဝယ်ယူမှုတွေ ရှိနေပြီး တရားမဝင် တင်ပို့တာတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တရားမဝင် နွားမှောင်ခိုတင်ပို့မှုဟာ နှစ်စဉ်နွားအကောင်ရေ သိန်းနဲ့ချီ ရှိနေတဲ့အတွက် လယ်ယာထွန်ယက်ဖို့ ခိုင်းနွားတွေလည်း ရှားပါးလာတယ်လို့ သိရပါတယ်။ (၂၀၁၄)ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မလေးရှားနိုင်ငံကို နွားအကောင်လိုက် တင်ပို့မှုကို တရားဝင် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ တောင်သူလယ်သမား အများစုဟာ ကျွဲနွားတွေကိုသာ အဓိကထား ထွန်ယက် လုပ်ကိုင်နေရပြီး လက်ရှိမှာ လယ်ယာလုပ်ငန်းသုံး ခိုင်းနွားတွေ ရှားပါးလာပြီး လယ်သမားတွေအနေနဲ့ ဝယ်ယူဖို့ အတွက် ဈေးနှုန်းမှာလည်း ကြီးမြင့်လျက် ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် တရားမဝင် တင်ပို့ရောင်းချမှုတွေကို စိစစ်ကြပ်မတ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်လျက် ရှိတယ်လို့ သတင်းရရှိပါသည်။

Leave a Reply