စိုင်းနှင့် စိန်ခေါ်မှု တစ်ခမ်းရပ်ဇာတ်လမ်း
ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက်သွင်းလိုက်ပြီးနောက် မီးခိုးလုံးများကို အားပါးတရ မှုတ်ထုတ်ပြစ်လိုက်သည်။
မနေ့က မန်နေဂျာအလုပ်ပိတ်သည့်အတွက် ၁၄ နာရီအလုပ်ဆင်းရပြီး ဒီနေ့လဲ သူအစည်းအဝေးသွားသဖြင့် ၁၄ နာရီဆင်းရပြန်သည်။ စုစုပေါင်းမှ နှစ်ယောက်ပဲအုပ်ချုပ်သူရှိသည့်ဆိုင်တွင် တစ်ရက် ၁၈ နာရီဆိုင်ဖွင့်သောကြောင့် တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိရပေမည်။ ထို့အတွက်ကြောင့် ကိုရင်စိုင်းလဲ ယနေ့ အိပ်ရေးမဝတစ်ဝဖြင့် ထလာပြီး ဆိုင်တွင် ငုတ်တုတ်ကြီး နေရလေသည်။
လုပ်ငန်းသဘာဝအရ ကုန်ကြမ်းပစ္စည်းတစ်ချိူ့မှာ ည ရးဝဝ တွင် သက်တမ်းကုန်လေသည်။ ကိုရင်စိုင်းလဲ ၆း၅၅ မိနစ်တွင် လိုက်စစ်ပြီး သက်တမ်းကုန်ပစ္စည်းများကို ကျွတ်ကျွတ်အိတ်တွင်းထုပ်ပိုးပြီး စွန့်ပစ်ခိုင်းလိုက်၏။ ပန်ချာပီကောင်လေးမှလဲ ကိုရင်စိုင်းရှေ့တွင်ပင် ကျွတ်ကျွတ်အိတ်ထဲထည့်လေသည်။ ကျန်တာတော့ အရင်နေ့များလိုပဲ စွန့်ပစ်စရာရှိတာ စွန့်ပစ်ပါစေဆိုပြီး ကိုရင်စိုင်းလဲ ဆိုင်ထဲ လှည့်ပါတ်ကျပ်မတ်နေလေ၏။
ည ၈းဝဝ တွင်မတော့ ကိုရင်စိုင်းတစ်ယောက် အပေါ့အပါးသွားရန် သန့်စင်ခန်းသို့သွားရာ ၅ မိနစ်မျှ မကြာမီမှာပင် ဆိုင်မှ ကားသမားမှ ရေးကြီးသုတ်ပြာ ဖုန်းဆက်လာ၏။
” ဆရာ.. ဆိုင်ကို ကျန်းမာရေးဌာနက အရာရှိတစ်ယောက် ရောက်နေတယ်”
” အေး အေး.. ငါခုပြန်လာမယ်”
ကိုရင်စိုင်းလဲ ပုံမှန်စစ်ဆေးနေကျအတိုင်းပဲတွက်ကာ ဆိုင်သို့ပြန်သွားပြီး နှုတ်ဆက်၊ စကားပြောပြီး ဆိုင်ကိုလိုက်ပြလေ၏။ တစ်နေရာအရောက်တွင်မတော့ ထိုအရာရှိမှ ပစ္စည်းများထားသိုရာ စင်အောက်သို့ ငုံ့ကြည့်လိုက်ပြီး ကျွတ်ကျွတ်အိတ်တစ်ထုပ်ကို ဆွဲထုတ်ပြလေ၏။ အထဲတွင်မတော့ ကိုရင်စိုင်း ည ရးဝဝ ခန့်က စွန့်ပစ်ခိုင်းလိုက်သည့် သက်တမ်းလွန်ပစ္စည်းများနှင့်။
ထိုအရာရှိလည်း ရှာဖွေတွေ့ရှိပုံစံတွင် ရေးမှတ်ပြီး ကိုရင်စိုင်းကို လက်မှတ်ထိုးခိုင်းလေ၏။
+++++++++++++++++++++++++++
” ဒိန်း “ ကနဲ ငယ်ထိပ်သို့ သွေးများဆောင့်တိုးသွားသည်။
ဆိုင်အတွင်း သက်တမ်းလွန် ပစ္စည်းရှိနေခြင်းသည် ယခုဆိုင်တွင် သက်တမ်းလွန်ပစ္စည်းများ အသုံးပြုနေသည်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဒါဏ်ကြေး နင့်နင့်နဲနဲ ရိုက်ခြင်းသော်လည်းကောင်း၊ ဆိုင်ပိတ်သိမ်းခြင်းသော်လည်းကောင်း လုပ်ပိုင်ခွင့်ရှိကြောင်းသိသည်ကတစ်ကြောင်း၊ ဆိုင်တွင် ဖြစ်သမျှကို ကိုရင်စိုင်းတို့လို စီမံခန့်ခွဲသူတွေမှသာ ခေါင်းခံ တာဝန်ယူရမည်ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ မိန်းမယူပြီးကာစ လတ်လတ်ဆတ်ဆတ် အိမ်ထောင်ဦးစီးဖြစ်သည်ကတစ်ကြောင်းကြောင့် ရှေ့ရေး၊ နောင်ရေးများတွေးပြီး ရတက်မအေးနိုင်တော့ပဲ ကိုရင်စိုင်းတစ်ယောက် ဘာလုပ်ရမည်မှန်းပင်မသိဖြစ်သွားသည်။
လက်မှတ်မထိုးလို့ကလဲ မရဖြစ်နေတော့ လက်မှတ်ထိုးလိုက်ရသည်။ ကိုရင်စိုင်းမှ အကြောင်းစုံရှင်းပြသော်လည်း ထိုအရာရှိမှ လက်မခံပဲ မနက်ဖြန်ကျမှ ရုံးမှာလာရှင်းပါဟု ပြောလေ၏။
သူဆိုင်မှ ထွက်ခွာသွားပြီးသည့်နောက် ကိုရင်စိုင်းတစ်ယောက်လဲ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့သည်။
ခေါင်းထဲမှာတော့ အတွေးများ များစွာနှင့်…
ဦးစွာပြေးမြင်မိသည်က ဇနီးအသစ်စက်စက်လေးမျက်နှာ၊
ထို့နောက် အလုပ်မရှိ၊ အကိုင်မရှိနှင့် အိမ်မှာ ယောင်ချာချာဖြစ်နေသည့် ကိုရင်စိုင်းမျက်နှာ၊
” အားးးးးးးးးးးးး “
စိတ်ရှုပ်ရှုပ်နှင့် ကိုရင်စိုင်း ပိတ်အော်လိုက်သည်။ ထို့နောက်တွင်မတော့ စိတ်အနည်းငယ် တည်ငြိမ်သလိုဖြစ်သွားတော့မှ ဖြစ်စဉ်ကို သေချာပြန်စဉ်းစားသည်။
ကျန်းမာရေးဌာနမှ အရာရှိတွေ့သွားသည်။
သူတွေ့သွားသည်မှာ သက်တမ်းလွန်ပစ္စည်း၊
ထိုပစ္စည်းသည် ကိုရင်စိုင်းစွန့်ပစ်ခိုင်းလိုက်သည့်အရာ၊
ဘယ်သူ့ကို စွန့်ပစ်ခိုင်းလိုက်သလဲ?
တွေ့ပါပြီ၊ နောက်ကျောကို ဓါးနဲ့ထိုးတဲ့သူ။ ကိုရင်စိုင်းလဲ အတော်လေး စိတ်မကောင်းဖြစ်သွားသည်။ ထိုပန်ချာပီကောင်လေးရှိရာသို့ အပြေးတစ်ပိုင်းခြေလှမ်းဖြင့် ရောက်သွားလေသည်။ ထိုကောင်လေးမှလဲ ကိုရင်စိုင်းသူ့နားရောက်သည်နှင့် တုန်တုန်ရီရီမော့ကြည့်လေသည်။
+++++++++++++++++++++++++++
” Mr. ဗီးကပ်စ် ”
” ဗျာ “
ဘာမှမသိသည့် မျက်ဝန်းများဖြင့် ကိုရင်စိုင်းကို ပြန်ကြည့်သည်။
” မင်း ငါ့ဆိုင်ကို လူသစ်အနေနဲ့ ရောက်ခဲ့တာနော် ”
” ဟုတ်ပါတယ် ”
” ဒီတော့ မင်း ငါနဲ့ အလုပ်လုပ်ရတာ ဘယ်လိုခံစားရသတုန်း ”
” စိတ်ချမ်းသာစရာကောင်းပါတယ်၊ ကျွန်တော့်ကို ဂရုစိုက်ပါတယ် ”
” မင်းကိုမင်း ဒီအလုပ်မှာ ငါနဲ့ အလုပ်လုပ်ရတာ လုံခြုံစိတ်ချမှုမရှိဘူး၊ နွေးနွေးထွေးထွေး ဆက်ဆံမှုမှမရှိဘူးလို့များ ခံစားမိလား ”
” အဲ့လို မခံစားရပါဘူးဗျာ၊ ဒါနဲ့ဘာလို့ ကျွန်တော့်ကို ဒီလိုစကားတွေ လာမေးနေရတာလဲဟင်၊ ကျွန်တော်ဘာမှ မလုပ်မိပါဘူး “
သူ့ဘက်မှ စတင်ငြင်းဆိုထားလေ၏။ ကိုရင်စိုင်းလဲ ဘာမှ မမေးရသေးပါ။
ကိုရင်စိုင်းမှ သက်ပြင်းတစ်ချက်ချပြီး စကားဆက်လိုက်၏..
” မင်းလဲသိပါတယ်ကွာ၊ ဒီနေ့ဘာပြဿ နာတက်လဲဆိုတာ၊ ဒီနေ့ကိစ္စက တစ်ကယ်တော့ မလွယ်ဘူးကွ၊ ငါဒီကိုရောက်ကာစတုန်းကဆို အုပ်ချုပ်သူ လူတန်းစားမှာ သူတို့အီဂျစ်လူမျိုးတွေချည်းပဲ၊ ငါတို့လို တစ်ခြားနိုင်ငံသားတွေမှာ ဘာမှ မျှော်လင့်ချက်မရှိဘူးပေါ့ကွာ.. တစ်ခုခုဖြစ်လာရင် (အထူးသဖြင့်) သူတို့လူမျိုး ဝန်ထမ်းတွေနဲ့ပြဿ နာတက်ရင် ငါတို့လို တစ်ခြားနိုင်ငံသားတွေက ခံဖက်ကချည်းပဲ၊ ဒီ့အတွက်နဲ့ ငါ မဖြစ်နိုင်ပါဘူးလို့ အကြိမ်ကြိမ်ပြောနေကြသံတွေကို ဥပေက္ခာပြုပြီး ကြိုးစားခဲ့လို့ ဒီလိုနေရာတစ်ခုကို ရောက်လာခဲ့တယ်၊ ဒီနေရာမှာ ငါလုပ်နေတာလဲ နှစ်တွေမနည်းတော့ဘူး၊ တစ်ကယ်လို့ငါသာ အီဂျစ်လူမျိုးတစ်ယောက်ဖြစ်ခဲ့မယ်ဆို ခုချိန်မှာ ငါလဲ ဒီထက်ပိုအဆင့်မြင့်တဲ့တစ်နေရာ ရောက်နေပြီပေါ့ကွာ..
ဒါပေမယ့် ငါကျေနပ်ပါတယ်.. ဘာပဲဖြစ်ဖြစ် ငါသူတို့လူမျိုးတွေကြားမှာ မင်းတို့လို တစ်ခြားလူမျိုးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်၊ မတရားမျှတမှုတွေကို ငါ့မှာရှိတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ တိုက်ဖျက်ပေးလို့ရတယ်၊ နောက်ဆုံးမှာကွာ ငါ့တုန်းက မတရားခံခဲ့ရတာတွေကိုတော့ ငါ့ဆိုင်မှာရှိတဲ့သူတွေ မခံရအောင် ငါလုပ်ပေးနိုင်သေးတာပေါ့..
ဒါပေမယ့်… ခုတော့ ဒီကိစ္စက ငါ့တာဝန်လုံးလုံးလျားလျားကြီးရှိနေတဲ့အတွက် မနက်ဖြန် ငါရုံးကိုသွားပြီးရင် ကိုယ့်မြေကိုယ်ပြန်ရရုံပဲရှိတော့တယ်၊ ငါမင်းတို့ကို ဒီ့ထက်ပိုပြီး မစောင့်ရှောက်နိုင်တော့ စိတ်မကောင်းပါဘူးကွာ”
ကိုရင်စိုင်းလဲ စကားအရှည်ကြီးပြောလိုက်ရသဖြင့် မောသွားပြီး ရေတစ်ခွက်ကိုပင် သောက်လိုက်ရသည်။
ထို့နောက်တွင်မတော့ ကိုရင်စိုင်းလဲ ဆိုင်မှ ဝန်ထမ်းအားလုံးကို တစ်ယောက်ချင်းစီ လိုက်နှုတ်ဆက်လေသည်။ ယနေ့သည် နောက်ဆုံးတစ်နေ့ ဖြစ်လိမ့်ကောင်း ဖြစ်လိမ့်မည်ဟုဆိုပြီး၊ ဘာပဲပြောပြောပြော နှစ်ပေါင်းများစွာ အတူလက်တွဲလုပ်လာကြသူချင်းတော့ အလုပ်သံယောဇဉ်တော့ အတော်လေးရှိကြလေသည်။
+++++++++++++++++++++++++++
ပန်ချာပီကောင်လေးမှ ကိုရင်စိုင်း ရုံးခန်းမှ ခုံပေါ်တွင် ပြန်ထိုင်ပြီး ဇနီးထံဖုန်းဆက်နေချိန်တွင် ရောက်လာလေသည်။ ကိုရင်စိုင်းလဲ လက်ကာပြလိုက်ပြီး ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြလိုက်သည့်နောက် သူမမှလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
” ဒါဆိုလဲ ပြန်လာပေါ့မောင်ရယ်၊ ဒီမှာတော့ တစ်ဝမ်းတစ်ခါး ရှာစားနိုင်ပါတယ် “ ဆိုသည့်စကားဖြင့် နှစ်သိမ့်လေ၏။
ကိုရင်စိုင်းလဲ ဖုန်းကိုချလိုက်ပြီးနောက် ထိုကောင်လေးကို ဘာများပြောစရာရှိပါလဲမေးသောအခါတွင်မှ ယခုကိစ္စသည် သူကိုယ်တိုင်အကွက်ချစီစဉ်ခြင်းဖြစ်ကြောင်း၊ မန်နေဂျာကို မကျေနပ်သဖြင့် သူကိုယ်တိုင်သွားတိုင်ပြီး သူကိုယ်တိုင်နေရာချ၊ သူကိုယ်တိုင်ပင် အချိန်သင့်သည့်အခါ ဖုန်းဆက်ခေါ်ခြင်းဖြစ်ကြောင်း၊ ကိုရင်စိုင်းမှာ ရှေးမဆွကပင် လုံးဝလက်မခံသူဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ထိုအရာရှိကို ကြိုတင်ပြောပြထားပြီးဖြစ်ကြောင်း၊ ကိုရင်စိုင်းနှင့် လုံးဝပါတ်သက်မှုမရှိပါကြောင်း သူကိုယ်တိုင်ပြောထားပြီးဖြစ်ကြောင်းကို လာရောက်ရှင်းပြလေ၏။ သူ့မျက်နှာမှာတော့ အတော်လေးကို စိတ်မကောင်းခြင်းကြီးစွာနှင့်။
ကိုရင်စိုင်း မသိမသာလေးပြုံးလိုက်သည်။
သူ့အားရှင်းပြလိုက်ပါ၏။ သူပစ်လိုက်သောမြှားသည် ကိုရင်စိုင်းကိုသာ တည့်တည့်ကြီးထိပြီး သူပစ်ချင်သော မန်နေဂျာမှာ တာဝန်ချိန်တွင်းမရှိသည့်အတွက် ပစ်မှုမှ လုံးလုံးလျားလျားကင်းလွတ်ကြောင်းပြောသောအခါတွင်မတော့ သူ့လျို့ဝှက်ချက်ကို ထုတ်ပြောပြလေ၏။ ထိုမန်နေဂျာခိုင်းသည့်အခါတိုင်း သူမှ ဗွီဒီယိုရိုက်မှတ်တမ်းတင်ထားကြောင်းပြောသည့်အခါတွင်တော့ ကိုရင်စိုင်းလဲ
” မြတ်ချွာဖျား “ ဟုသာအော်နိုင်တော့သည်။
သို့နှင့်ပင် ကိုရင်စိုင်းလဲ သူ့အားနှစ်သိမ့်ပြီး ကိုရင်စိုင်းတို့မှာသာ တာဝန်ရှိသည့်အတွက် တာဝန်ယူဖြေရှင်းသွားပါ့မည့်အကြောင်းပြောပြီး လုပ်ငန်းခွင် ပြန်ဝင်ခိုင်းလိုက်ရလေသည်။
ကိုရင်စိုင်း ကျားကွက်တစ်ကွက်ရွှေ့လိုက်လေသည်။
+++++++++++++++++++++++++++
နောက်တစ်နေ့တွင်မတော့ ကိုရင်စိုင်းနှင့် မန်နေဂျာနှစ်ယောက်သား ကျန်းမာရေးဌာန ရုံးခန်းသို့သွားပြီး ထိုဝန်ထမ်း၏ ဖိုင်အချက်အလက်များ၊ ပြစ်မှုမှတ်တမ်းများ၊ ဖြစ်စဉ်အသေးစိတ်ရယ်ကို ရှင်းပြလိုက်သောအခါ ၎င်းတို့မှ လက်ခံသွားပြီး နောင်တွင် ယခုလိုထပ်မဖြစ်စေရန် ဂရုစိုက်ပါမည့်အကြောင်း လက်မှတ်ရေးထိုးခိုင်းခြင်းဖြင့် ပြီးဆုံးသွားလေ၏။
ကိုရင်စိုင်းလဲ Chain မန်နေဂျာထံသွားပြီး လက်ရှိဆိုင်တွင် မပြေလည်မှုများရှိနေသဖြင့် ဆိုင်သို့လာပြီး ကြည့်ရှုစစ်ဆေးရန်ပြောသောအခါ ၎င်းမှ ဘာလို့ Area မန်နေဂျာကို မပြောသလဲဆိုသောအခါ ဘယ်သူမှ မယုံကြည်သောကြောင့်ဖြစ်ကြောင်းပြောသောအခါ ၎င်းမှ လာရောက်စစ်ဆေးပါ့မည်အကြောင်း ပြောသဖြင့် ကိုရင်စိုင်းလဲ အစည်းအဝေးချိန်ဖြစ်သောကြောင့် များများစားစား မပြောလိုသဖြင့် ခပ်မဆိတ်သာနေလိုက်သည်။
နောက်နှစ်လအကြာတွင်မတော့ ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ကုမ္ပဏီသို့ပို့သောအခါတွင်မှ သူလဲ ဖင်ထိုင်ခုံတွင် ထိုင်မနေသာတော့ပဲ ဆိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပြီး ခုံရုံးဖွဲ့စစ်ဆေးပါတော့သည်။ ခုံရုံးဖွဲ့သည်ဆိုမှတော့ တရားလို၊ တရားပြိုင်၊ သက်သေခံများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်လာပါလေပြီ။ ကိုရင်စိုင်းတစ်ယောက်တည်း မဟုတ်တော့ဘူးဆိုပြီး များစွာမှပင် နှစ်ထောင်းအားရခြင်းလဲ ဖြစ်မိပြန်သေးတော့သည်။
ဆိုင်ရှိ ဝန်ထမ်းအားလုံးကိုလည်း ကိုရင်စိုင်းနှင့် ဗီးကပ်စ်မှာ အဦးဆုံး စစ်ဆေးခံရမည်ဖြစ်ကြောင်း၊ အီဂျစ်လူမျိုးများနှင့် တစ်ခြားနိုင်ငံသားများ အားစမ်းရမည်ဖြစ်ကြောင်း၊ အနာဂါတ်သည် မရေရာကြောင်း ပြောလိုက်သည့်တစ်ခဏ ဆိုင်မှ ဖိလစ်ပိုင်၊ နီပေါ၊ ဘင်္ဂါလီ၊ အိနိ္ဒယဝန်ထမ်းများအားလုံး၏ မျက်ဝန်းများတွင် မခံချင်စိတ်များဖြင့် အရောင်တစ်ဖြတ်ဖြတ်တောက်လာသည်ကို တွေ့ရလေသည်။
ကိုရင်စိုင်းလဲ အပိုင်ကွက်တစ်ကွက် ရှေ့တိုးလိုက်သည်။
” ချက် “
+++++++++++++++++++++++++++
ဆိုင်ရှိလူတော်တော်များများကို ခေါ်ယူစစ်ဆေး မေးမြန်းပြီးသောအခါတွင်တော့ အမှုဖြစ်ပွားရာနေ့တွင် တာဝန်ခံအဖြစ်ရှိနေသည့် ကိုရင်စိုင်းမှာ ကွင်းလုံးကျွတ်လွတ်သွားပြီး နောက်ဆုံး ထိုမန်နေဂျာနှင့် ပန်ချာပီသာ ရင်ဆိုင်ကြတော့သည်။ နောက်ဆုံးအနေနှင့် ဆိုင်မှ အရောင်းစာရေးမနှစ်ယောက်ကို ထွက်ချက်ယူပြီးသောအခါ အခြေအနေသည် မတင်မကျနှင့် နှစ်လခန့် ငြိမ်သက်သွားသည်။
ကိုရင်စိုင်းအား အစစ်ခံရန် သွားသည့်ဝန်ထမ်းတိုင်းမှ ပြန်ပြောကြသည်။ စစ်ဆေးသူ အီဂျစ်ရှေ့နေမှ ကိုရင်စိုင်းအား ရည်ညွှန်းကြောင်း၊ အမှုတွဲတွင် ကိုရင်စိုင်းကို ညိစွန်းစေမည့်စကားများကို ပြောကြောင်း၊ သူတို့မှလဲ သူတို့ ယခင်က သိမြင်ခဲ့သည့်အတိုင်း သူတို့ရှေ့တွင် ကိုရင်စိုင်းမှ ငြင်းဆန်သည်ကိုပင် ဇွတ်အတင်းအဓမ္မ လိုက်နာရန်စေခိုင်းကြောင်း ထွက်ဆိုကြ၏။
ထို့အတွက် ကိုရင်စိုင်း ဒူးနှန့်နေနိုင်လေသည်။ စီရင်ချက်တော့မထွက်သေး၊ ကိုရင်စိုင်းစီစဉ်ထားသည်များ တစ်ကွက်မှ မလွတ်ဟင်းပေ။ သို့သော်လည်း ရင်ထိတ်တာတော့ အမှန်၊ သူတို့လူမျိုးတွေပဲ တရားစီရင်၊ ဆုံးဖြတ်မှာမလား။
သိပ်မကြာမီမှာပင် စီရင်ချက်ထွက်လာ၏။ ပန်ချာပီကောင်လေးကို အလုပ်ထုတ်၊ ထိုမန်နေဂျာကို ရာထူးတစ်ဆင့်နိမ့်ဖြင့်။
Chain မန်နေဂျာမှ မကျေနပ်သဖြင့် ထပ်မံအယူခံဝင်ရာတွင်မတော့ ဆိုင်မှ ကျန်ရှိဝန်ထမ်းများက တစ်ညီတစ်ညွတ်တည်း ထွက်ဆိုကြသဖြင့် ထိုမန်နေဂျာလည်း ထွက်တော်မူ နန်းကခွာပြီး ပြည်တော်ပြန်သွားရလေ၏။
ကိုရင်စိုင်းတစ်ယောက်လဲ ထို Chain မန်နေဂျာ၏ နှစ်သက်သဘောကျခြင်း ခံရတော်မူပြီး ရာထူးတစ်ဆင့်မြှင့်တင်ခြင်းသို့ရောက်လေ၏၊
ပြောရမည်ဆို ခုတော့ ကိုရင်စိုင်းသည်လည်း မန်နေဂျာပါပေါ့။
Area မန်နေဂျာမှာတော့မူကား ကိုရင်စိုင်း၏ မှားကွက်ကို လာလာချောင်းဖမ်းရင်း တစ်နေ့ သွေးကြွေးပြန်ဆပ်နိုင်မည့်နေ့ကို ကျားနာခဲ ခဲလျက်သား၊ သူလာစစ်ဆေးသည့်အခါတိုင်း တစ်ခြားဆိုင်များ ပြစ်ချက်များစွာရှိနေသော်မျှ A, B Grade ပေးလေ့ရှိသော်လည်း ကိုရင်စိုင်းထံလာသည့်အခါတိုင်း သေချာ အသေးစိတ် စစ်ဆေးပြီး တစ်စုံတစ်ရာ မတွေ့သော်မျှ C ထက်တော့ ဘယ်တုန်းမှ မပိုပေ။
ဘယ်သို့ပင်ဆိုစေကာမူ… ကိုရင်စိုင်းသည်ကား ဝန်ထမ်းအားလုံး၏ “YES” ဆိုသော စကားသံချည်းသက်သက်ဖြင့်သာ နေ့ရက်များကို ခုတိုင်အောင် သူတို့ကြား ဖြတ်သန်း ရှင်သန် နေထိုင်လျက်ပါတကား။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
၃၀-၃-၂၀၁၄
10 comments
ရဲရဲတောက် ကေဇီ
March 30, 2014 at 8:27 am
ကိုရင်ရယ် ဖတ်ရတာ မောတာ။
အမှု ကိစ္စ ကိုယ်တိုင်ကြုံနေရတာမို့ ကိုယ်ချင်းလဲ စာမိပါရဲ့။
သူများ ဆီမှာ အလုပ်လုပ်ရတာများ တစ်ကွက်မှားရင် သွားတာမို့ အချိန်တိုင်း သတိကြီးမှ တော်ကာကျသနော်။
ခါတလေ တွေးမိတယ်။
အလုပ်ကို မကြောက်ပါဘူးးးး
အလုပ်နဲ့ နွယ်တဲ့ လူမှု ကိစ္စ အညှိုးအတေးတွေကိုတော့ လန့်သလိုပဲ။
:hint:
kotun winlatt
March 30, 2014 at 3:29 pm
ဟူးးးးးးမလွယ်ပါလားးးးး ကိုရင်စိုင်းရယ်….
အင်းးးလေ..ပြည်တွင်းမှာလည်း ဘာထူးလို့လဲ…
ဒီလိုတွေ ဘာကြောင့်များ ဖြစ်နေရသလဲ….ကွယ်….။
alinsett (gazette)
March 30, 2014 at 6:05 pm
အော်. . . .ဘဝ အမောတွေ . . .
ရှင်သန်လှုပ်ရှားရတာ မလွယ်ပါလားနော်
MAUNG
March 30, 2014 at 6:31 pm
ဟင်း ကနဲ သက်ပြင်းချမိပါတယ် ကိုစိုင်း
အစစ အရာရာ အဆင်ပြေပါ စေဗျာ
လုံမလေးမွန်မွန်
March 30, 2014 at 9:26 pm
ဟုတ်ပါ့.. မောလိုက်တာ..
ကိုယ်တွေကတော့ ဒီမှာကြုံနေရတဲ့ လူမှုရေးပြဿနာတွေကို ဆိုးလှပြီ ထင်နေတာ..
ကိုရင်စိုင်းနေရာမှာ အနော်သာဆိုရင် အထုတ်ဆွဲပြန်ရတာ ကြာပေါ့.. 🙂
Mr. MarGa
March 31, 2014 at 8:35 am
ကြားဖြတ် မန့်ပါမည်
အထုတ် လား အထုပ် လား ဟင်…… :mrgreenn:
Mr. MarGa
March 31, 2014 at 8:58 am
ဖတ်ပြီး ရင်မောတယ်ဗျာ…….
ဟူးးးးး ဘေးမှာ ကူမယ့်သူ ကယ်မယ့်သူ တိုင်ပင်ရမယ့်သူ မရှိ နဲ့……….
Wow
March 31, 2014 at 9:53 am
ကိုရင်စိုင်းစာဖတ်ပီး မောတောင်မောတယ်…
ငယ်တုံးတော့ ဒီလို အပြိုင်အဆိုင်ရှိတာ ကောင်းပေမဲ့…
အသက်ကြီးလာရင်တော့ အေးအေးချမ်းချမ်းပဲနေချင်တယ်…
Foreign Resident
March 31, 2014 at 12:35 pm
” ကိုရင်စိုင်းမှ ငြင်းဆန်သည်ကိုပင် ဇွတ်အတင်းအဓမ္မ လိုက်နာရန်စေခိုင်းကြောင်း ”
အဲဒါ ဘာ အဓိပ္ပါယ်လဲဗျ ။
kyeemite
April 1, 2014 at 2:15 pm
ဘီဝ အီမေါတွေပေါ့လေ…လုကံကောင်းစွားလာပေါ့