ကိုဝင်းဘွဲ့ တေးထပ်။

Kyi LwinMarch 31, 20141min27810

မင်္ဂလာပါ မန်းရွာသူ ရွာသားများ

ကိုယ်တိုင်မရေးတတ်ပေမင့် ဖတ်စေချင်လို့ပို့လိုက်တယ်။

ကိုဝင်းဘွဲ့ ဖတ်ပြီး အပျင်းပြေဖွယ်။

 

ကိုဝင်းဘွဲ့ တေးထပ်

ပျော်ပျော်နေ သေခဲလို့၊

အခြေစွဲ မှတ်ကာ၊

ပြည်အထဲ ရပ်ရွာမှာ၊

မလပ်သာ ကမြင်း။      ။

မျောက်ရှုံးလို့ လူရွံ့အောင်၊

သူအလွန်  ဆော့တတ်လေခြင်း။     ။

အရပ်က ခပ်ရှည်ရှည်ငယ်၊

အမည်မှာ ကိုဝင်း၊

တွေ့ကရာ သူငယ်ချင်းတွေနှင့်၊

သူမပျင်း နေတယ်။         ။

ခါတလေ မြောက်လေ မြူးပြန်တော့၊

အရုူးလို့ ထင်ရသကွယ်။      ။

ထိုကဲ့ မသတီဖွယ်ကို၊

ပြည် နယ်မှာ ကြုံခဲလို့၊

လုံပုလဲ ခင်ကညာ၊

ပြေးမြင် လှည့်ကွာ။       ။

ဝမ်း ပထမ ဆန်းလှပါတယ်၊

တန်း အဌာ ကလပ်ကွဲ့လေး။     ။

ဆရာမင်းသုဝဏ်

( ၃၀၊ ၁၀၊ ၁၉၂၆)

 

10 comments

  • alinsett (gazette)

    March 31, 2014 at 5:47 pm

    ဒီလို ဟန်မျိုးနဲ့သာ
    ကဗျာရေးရရင်
    ကျနော် အသက်ရှူကျပ်ပြီး သေသွားလောက်တယ်။
    အဟိ။

    ဆရာဝဏ်ကို ချစ်တယ်။
    ဆရာ့ကဗျာတွေကိုလည်း ချစ်တယ်။
    သို့သော်. . .
    ဆရာတို့ စည်းမျဉ်း အတင်းအကျပ်တွေကို မချစ်နိုင်ဘူး။

    ရင်ထဲက လာတဲ့ ခံစားချက်ကို
    လွပ်လပ်ရိုးးရှင်းစွာသာ လှစ်ဟ ဖော်ထုတ်ချင်ပါရဲ့။
    လူငယ်ပီပီ. . .

    😆

  • Kyi Lwin

    April 1, 2014 at 11:16 am

    လူတွေဆိုတာ ရှေးဟန်တွေထဲကနေ ခေတ်အလိုက် အဆန်းထွင်ကြတာ ဓမ္မတာပါပဲ။
    လူနေမှုတွေတောင် တူမှမတူတော့ပဲ မူကွဲလာကြတာ၊ ကဗျာ ၊ဂီတ၊ သီချင်း၊ အနုပညာ ၊ ဝတ်စားဆင်ယင်မှု၊ လှုပ်ရှားသွားလာ နေထိုင်မှုတွေဟာ လူတွေရဲ့ နေ့စဉ်တွေ့ကြုံလာကြတဲ့ အပြုအမူတွေကနေ တဆင့်ပြီးတဆင့်ပြောင်းလဲလာကြတယ်။
    ခုခေတ်လိုဆိုရင်တော့ ပိုလို့တောင်မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာပါပဲ။
    ကဗျာ မှာလည်း ကဗျာ့ဟန်တွေကို ပြောင်းလဲ ဖွဲ့ဆိုလာကြတယ်။ ခေတ်ပြိုင်လို့ ဆိုရလောက်တဲ့ ဆရာမင်းသုဝဏ်တို့ ဆရာ ဒဂုန်တာရာ တို့တောင် ကိုယ့်ဟန်နဲ့ကိုယ် ရေးကြတာပဲ။
    ဒါပေမယ့် မူပိုင်က နေပြီးတော့ပဲ တရွေ့ရွေ့နဲ့ ရွှေ့ကြတာပဲမို့ အရိုးပေါ်အရွက်မဖုံးစေချင်လို့ပြောကြတာပါပဲ။
    ခုနောက်ပိုင်း မှာ မြန်မာ့ကဗျာတွေ ကာရံ အသံ မချိ ု တော့လောက်အောင် ခံစားချက်ကို အဓိကထားရေးနေကြတာတွေ တွေ့တော့.. ဪ နောင် ၁ဝ နှစ်ဆို မြန်မာကဗျာ စစ်စစ်ဖတ်ချင် ခံစားချင်ရင် အမျိုးသားပြတိုက် သွားဖတ်ရလေမလားလို့ စိုးရိမ်မိတယ်။
    ခေတ်မီတာ ခေတ်ဆန် ကို လက်ခံပါတယ်။ ခေတ်အလိုက် ကြိုက်ကြ၊ ပြုပြင်ပြောင်းလဲချင်ကြ အဆန်းထွင်ချင်ကြတာ ဓမ္မတာပေကိုး။ ရှေးကလည်း ရှိခဲ့တယ်။ ခု လည်း ရှိနေတယ်။ နောင်လည်း ရှိနေမှာပါပဲ။
    သို့သော်လည်း မြန်မာ့ကဗျာ လေးတွေကိုတော့ မြန်မာဆန်ဆန် ကာရံ အသံ ချို ချို လေးတွေနဲ့ဖတ်ချင်မိတာကြောင့် အဟောင်းထဲကိုပဲ ပြန်ပြီး လွမ်းတသသ နဲ့ပဲ အလွမ်းပြေ ကူးရေးပေးနေမိတာပါပဲ။

    • alinsett (gazette)

      April 1, 2014 at 12:37 pm

      အဟွတ် အဟွတ် ( ကြံရည် သီးသွားတာ)

      🙂

      ဟိုလေ. . .
      ကိန်းကြီးခန်းးကြီး စည်းတွေဘောင်တွေကြားထဲကရေးထားတဲ့ ကောက်ညှင်းထုတ်လို တင်းကျပ်နေတဲ့ မြန်မာ့ကဗျာတွေ ရေးခဲ့ကြရာကနေ. . .
      ဒီနေ့ခေတ် လူငယ်တွေ အဲဒီ ကာရန်တို့ နဘေတို့ ဘောင်ကြီးတွေထဲက ကျော်ထွက်ပြီး လွတ်လပ်သော စကားလုံး အစီးအမျောတွေနဲ့ ကဗျာ ဖွဲ ့နေကြပါတယ်
      ခံစားမှုကို အသားပေးပြီး လှစ်ဟဖော်ထုတ်ရာမှာ ဘယ်လို စည်းမျဉ်းကိုမှ ဂရုမပြုတော့ပဲ ခပ်ရဲရဲ
      ( ခပ်ရိုးရိုး )ရေးချလိုက်ကြတာတွေက အစဉ်အလာသမားတွေအတွက် အဆန်းတကြယ်ဖြစ်လိုဖြစ်
      ကဲ့ရဲ့ရှုတ်ချစစရာဖြစ်လိုဖြစ်နဲ့ပေါ့လေ။

      ဒါပေမယ့် ဒီနေ့ခေတ် လူငယ်ကဗျာသမားလေးတွေ ကာရန်ဆိုတဲ့ တံတိုင်းကြီးကို ကျော်ပြီး
      ကဗျာ့ကောင်းကင်ထဲ လွတ်လပ်စွာပျံသန်းဖို့ ကြိုးစားနေကြပါပြီ ။

      ဘောင်ထဲက ထွက်ပြီး
      တင်းကျပ်မှုထဲက လွတ်မြောက်ပြီး ကဗျာ ရေးကြတယ်ပေါ့။

      ပြောချင်တာက
      မြန်မာလူငယ်တွေ ရေးတာပါ။
      မြန်မာ့မြေပေါ်မှာ မြန်မာ့ရေကိုသောက် မြန်မာ့အစားအစာတွေစားပြီး ဖြစ်တည်တဲ့ မြန်မာ့အတွေးနဲ့ မြန်မာလို ရေးနေကြတာပါ။
      ဧရာဝတီ သံလွင် မြစ်ရေစီးသံကို နားထောင်ရင်း
      နန်းမြို့ရိုး သနပ်ခါးရနံ့နဲ့ နွေ မိုး ဆောင်း
      မြန့်မာ့ ရာသီအောက်မှာ . . .
      မြန်မာဆန်စွာ. . .
      ရေးနေတဲ့
      မြန်မာလူငယ်ကဗျာသမားလေးတွေရဲ့ မြန်မာ့ကဗျာစစ်စစ်ပါ ။

      ကာရန်တွေ နဘေတွေ စည်းတွေ ဘောင်တွေထဲက ထွက်ပြီး လွတ်လပ်စွာ ရေးလိုက်တာနဲ့
      အဲဒီ ကဗျာကို မြန်မာ့ကဗျာစစ်စစ် စာရင်းထဲက ထုတ်လိုက်ဦးမယ်ဆိုရင်
      ဒီနေ့ခေတ် လူငယ်ကဗျာသမားလေးတွေရဲ့ ဖန်တီးတီထွင် အားထုတ်မှုကို အသိအမှတ်မပြုတဲ့အပြင်
      သိပ်ရက်စက်ရာ ကျပေမပေါ့နော် ။

      ကာရန်ဆိုတဲ့ အသက်ရှူကျပ်လောက်အောင်
      ကဗျာကို ကောက်ညှင်းထုတ်လို ထုတ်မယ့်ကြိုးကြီး မပါတာနဲ့
      အသံချိုချို ကဗျာ များ စာရင်းကနေထုတ်
      မြန်မာ့ကဗျာစစ်စစ် စာရင်းက ပယ်လိုက်မယ်ဆိုရင်ဖြင့်. . . . .

      🙂

      နောင် ဆယ်နှစ်မှာလည်း
      မြန်မာလူငယ်လေးတွေရေးတဲ့ မြန်မာ့ကဗျာစစ်စစ်တွေ ဆက် ရှိနေဦးမယ် ထင်ပါကြောင်းးးး
      အသံချိုတယ် မချိုဘူးကတော့ . . . .
      အကြိုက် / မကြိုက် . . .ခံစားသူရဲ့ မှတ်ချက်သာ ဖြစ်နေမှာ ဖြစ်ကြောင်း

      လေးစားစွာဖြင့်

      အလင်းဆက် (Gazette)
      1/4/2014/

  • Kyi Lwin

    April 2, 2014 at 1:26 pm

    ကာရန်ဆိုတဲ့ အသက်ရှူကျပ်လောက်အောင်
    ကဗျာကို ကောက်ညှင်းထုတ်လို ထုတ်မယ့်ကြိုးကြီး မပါတာနဲ့
    အသံချိုချို ကဗျာ များ စာရင်းကနေထုတ်
    မြန်မာ့ကဗျာစစ်စစ် စာရင်းက ပယ်လိုက်မယ်ဆိုရင်ဖြင့်. . . . .

    အဲလိုလည်း မဆိုလိုရပါကြောင်း။
    မြန်မာကဗျာတွေဟာ ဘောင်တွေထားလို့ကျဉ်းကြပ်တယ်လို့ မမြင်စေချင်ဘူး။
    “ကြိတ်ပိုးဘွဲ့ “ ကို ကြည့်ပါ။
    ဘောင်တွေ ကာရံတွေရှိသော်လည်း လွတ်လပ်တယ်၊ ရေးသူက ပြောချင်တဲ့ ဖေါ်ပြချင်တဲ့ ခံစားစေချင်တဲ့ ရသ ကို ဖတ်သူက အသေအချာ အတိအကျ ခံစား သိရှိရတယ်ဆိုတာ မငြင်းနိုင်ဘူး။
    ပြောခဲ့ပါတယ်။ အမြဲပြောင်းလဲနေခြင်း နိယာမ ကို မြင်ပါတယ်။ သိပါတယ်။ လက်ခံပါတယ်။
    ဒါပေမယ့်အရိုးပေါ်အရွက်ဖုံးလွန်းရင် ကိုယ်ပိုင်ယဉ်ကျေးမှု တွေ ပျောက်ဆုံးပါတယ်။ ယဉ်ကျေးမှုလမ်းကြောင်းပြောင်းပါတယ်။
    ခေတ်ရေစီးဆိုတာ ရပ်တန့်ဖို့ကျိုးစားတဲ့သူ မောတာပဲအဖတ်တင်ပါတယ်။
    သို့သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုမပျောက်စေချင်တဲ့အကြောင်း ပညာရှိတွေ ကို ပညာရှိသတိဖြစ်ခဲဆိုတာလေး သတိပေးလိုက်ရကြောင်းပါ။
    ဘယ်အရာမဆို ဆွေးနွေးမှု ၊တိုင်ပင်မှု ၊ ဝေဖန်မှု ၊ နှိုင်းယှဉ်မှု ရှိမှ တိုးတက်ပါတယ်။
    ခုလို ပြန်လှန်ရေးသားပေးတဲ့ ကိုအလင်းဆက်ကိုလည်း ကျေးဇူးတင်ပါကြောင်းပြောပါရစေ။

  • မီ မီ

    April 4, 2014 at 12:51 pm

    ကာရံတွေနဲ့ ရေးတတ်ချင်ပါတယ်
    မရေးတတ်လို့ပါရှင်

    • Kyi Lwin

      April 4, 2014 at 1:05 pm

      ရှေးက မြန်မာကဗျာတွေများများဖတ်ပေးခြင်းဖြင့် ကာရံတွဲလုံးတွေကို ရင်းနှီးကျွမ်းဝင်လာပါလိမ့်မယ်။ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး ၊ ဆရာဇော်ဂျီ တို့ရဲ့ကဗျာတွေဆိုဖတ်ရလွယ်သလို ဆိုလို့လည်း ချော ပါတယ်။ ဒီ့ထက်ရှေးကျတာတော့ ဦးပုည တို့ရေးခဲ့တာတို့၊ ဆရာကြီးသခင်ကိုယ်တော်မှိုုင်းတို့လို ကဗျာရှည်ကြီးတွေလည်း ရှိပါတယ်။ ဒိထက်ပိုလို့သိတဲကသူများရှိရင်လည်း ညွှန်းပေးကြစေလိုပါတယ်။

  • alinsett (gazette)

    April 4, 2014 at 1:10 pm

    ဌာန်နဲ့ မာန်နဲ့ ကျကျနန ရွတ်ရင်
    အရှေ ့က ဖန်ခွက်တောင် ခွပ်ခနဲ ကွဲတယ်ဆိုတဲ့ကဗျာတွေ ဖတ်ဖူးတယ်။

    ပြန်ရှာကြည့်ပြီး တွေ ့ရင် ဒီရွာထဲ မျှဝေပြဦးမယ်။
    🙂

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    April 4, 2014 at 2:53 pm

    ဂါထာ ရွတ်တာကိုပြောတာပါ
    ကဗျာမဟုတ်ပါဘူး ကွယ့် ကဗျာရွတ်ရင် ဘယ်လို ဖန်ခွက်ကွဲပါ့မလဲ
    တေညက်တီးတေညက်တဲ့တွေလုပ်ပီ

  • Kyi Lwin

    April 4, 2014 at 4:41 pm

    ဒီနေရာမှာတော့ ညောင်ရမ်း က တော်သွားပြန်ရော။

Leave a Reply