မနေ့က ဆိုတာကို အဟောင်းဆိုင်သို့ ပို့လိုက်ကြမလား
ငါတို့ဟာ …….
ထုံးတမ်းစဉ်လာဆိုတဲ့
ပေါက်ပြဲနေတဲ့ အိတ်တွေလွယ်ပြီး
ယုံကြည်ချက်အသစ်တွေ
အိပ်မက်အသစ်တွေကို ကောက်ကောက်ထည့်နေကြတာကြာပါပကောလား ……။
ငါတို့လိုချင်တဲ့ ဘဝအသစ်
မျှော်လင့်ချက် အိပ်မက်တွေက
ဟောင်းနွမ်းပြီး ဆွေးမြေ့ပေါက်ပြဲနေတဲ့
ဓလေ့ ထုံးတမ်းစဉ်လာဆိုတဲ့ အိတ်ကြီးထဲမှာ ကြာကြာမနေနိုင်
ထွက် ထွက်ကျရရှာပေါ့ …..။
အဲ့ဒိတော့
ဥခွံဟောင်းထဲမှာပဲ
ပူလောင်မွန်းကြပ်
အသက်ရှူ ရပ်တဲ့အထိ
အစဉ်အလာဟောင်းကို ဖက်တွယ်ထားမလား ။
ခေတ်စနစ်နဲ့အညီ
ခေတ်ဟောင်းကိုပြောင်းပြန်လှန်
ယဉ်ကျေးမှု အသစ်ကိုပဲဖန်တီးမလား ။
မင်းတို့ဖာသာ
သေချာစဉ်းစား ……..။
နေဝန်းနီ
7 comments
kai
April 9, 2014 at 6:55 am
စဉ်းစားတာ.. ဖျဉ်းကျစရာတွေမလုပ်…
ဝါးလုံးခေါင်းထဲက မြင်ရတဲ့လထဲ..
ရေတွင်းထဲက ဖားဘဝထဲ..
ဥခွံဟောင်းရဲ့အိပ်ထဲမယ်..
အချင်းချင်း”ချ”မယ်..
ထွက်ကျသူကို “ဖွ”မယ်..
ဝင်လာသူကို”သမ”မယ်…။
surmi
April 9, 2014 at 2:42 pm
ရေတွင်းထဲကခုန်အထွက်မှာ
လောကကြီးရဲ့ကျယ်ဝန်းမှုကိုတွေ့လိုက်တယ်
ပင်လယ်ရဲ့ လတ်ဆတ်တဲ့လေညင်းရယ်
လောကထဲက ရွှင်မြူးစရာတွေကြား
နစ်ဝင်ပျော်ရွှင်လို့ပေါ့
ငါဘယ်ကလာတယ်ဆိုတာမေ့ပြီး
ငါရောက်နေတဲ့ဘဝမှာ
ဆားငန်ရေတစ်ငုံသောက်မိ
ဪ .…… တယ်ကောင်းပါလား
သောက်လေသောက်လေ ငတ်မပြေ
ရေတွင်းထဲက ရေချိုကိုမေ့
အတွေ့ တွေနဲ့သာယာမိ
ရှိ ရှိ ……… ရှိပါစေတော့ 🙁
Mr. MarGa
April 9, 2014 at 11:51 am
တော်လှန်ရေးတစ်ခု လိုပြီဗျ
alinsett (gazette)
April 9, 2014 at 1:13 pm
ဈေးပေါပေါနဲ့ ထိုးရောင်းလိုက်ရမယ့် မနက်ဖြန်တွေ
ရှိခဲ့ဖူးတယ်
အဟက်
ko six
April 9, 2014 at 6:05 pm
သမိုင်းက
အဟောင်းဆိုင်မှာတော့
ဆရာကမ်းဝေးနဲ့ ဘောင်ဘီပေါင်ခဲ့ဖူးတယ်ဗျ။
မဆလခေတ်တို့ဘာတို့သာ
မီးသဂြိုဟ်စက်ထဲပို့သင့်တာ
naywoon ni
April 9, 2014 at 6:15 pm
ကို kai ရေ တစ်ကယ့်ကို ရေတွင်းထဲက ဖားသူငယ်လေးတွေပါဗျာ ကိုသိဂျားရေ တော်လှန်ရေး လိုနေတာကြာပေါ့ fb မှာ page တစ်ခုထောင်ဗျာ အဲ့ပေါ်မှာပိုလွတ်လပ်တယ် @ အလင်းဆက်ရေ မနက်ဖြန်တွေရသလောက်နဲ့ ထိုးမရောင်းပစ်ပါနဲ့ကွယ် ဒီနေ့ ညစာမစားလိုက်ရလို့ ဘာမှမဖြစ်ပါဘူး မျှော်လင့်ချက်တွေကို အညွန့်မချိုးမိပါစေနဲ့ကွယ် @ ကိုဆာမိ ခင်ဗျား သောက်မိတဲ့ဆားငံရေက အတုဗျ ကျုပ်တို့တွေ အတုတွေနဲ့ ပျော်ပါးနေရတာကြာပါပကောလား အတုကိုတောင်မှ အတုမှန်းမသိတဲ့ အဖြစ်ရောက်နေပါပီ
TNA
April 10, 2014 at 11:15 am
ခေတ်စနစ်နဲ့အညီ
ခေတ်ဟောင်းကိုပြောင်းပြန်လှန်
ယဉ်ကျေးမှု အသစ်ကိုပဲဖန်တီးမလား ။
ဆိုတာလေးကို ကြိုက်မိပါတယ်။ သို့သော် သိမ်မွေ့သောပြောင်းလဲမှု့လေးတော့ဖြစ်ရင်ကောင်းမယ်။ အခုတလော အပြောင်းအတော်ကြမ်းနေသမို့ ကိုယ်တွေတောင်လိုက်မမှီချင်တော့ဘူးဖြစ်နေတယ်။ 🙂