“ကွာဝေးသောရက် စေ့ရေတွက်သော် “

ကျမဒီနေ့ညနေအလုပ်ကပြန်လာတဲ့အခါ မေမေက အိမ်ကပန်း ခြံထဲမှာသူ့သစ်ပင်ပန်းပင်တွေနဲ့ ထုံးစံအတိုင်းပေါင်းသင်လိုက်ရေလောင်းလိုက်မြေဆွလိုက်ပေါ့။
ခြံတံခါးဖွင့်ပြီးကျမဝင်လာတာမြင်တော့ မေမေက “မိနွေရေ သမီးအတွက် စာတစ်စောင်ရောက်နေတယ် စားပွဲပေါ်မှာတင်ထားတယ် “လို့လှမ်းပြောလိုက်ပါတယ်။
ကျမလဲ ဆိုုင်ကယ်ကို ဂိုဒေါင်ထဲထား အိမ်ပေါ်တက် ပြီးတော့ အဝတ်အစားလဲနေရင်းက စာလာတယ်ဆိုတာ ဘယ်သူဆီကလဲဆိုတာကိုတွေးနေမိပါတယ်။
Gmail တွေ Chatting တွေ Fax တွေနဲ့ သာနပန်းလုံးနေတတ်တဲ့ကျမဆီကို စာမလာတာ နှစ်အတော်ကြာလို့ စာတိုက်က စာလာတတ်တယ်ဆိုတာမေ့တောင်နေပါပြီ။
အဝတ်လဲပြီးစာပွဲပေါ်က စာကိုယူ ခြံထဲဆင်းလာခဲ့ပါတယ်။
ခြံထဲက ထိုင်ခုံပေါ်ရောက်လို့ စာအိတ်ပေါ်က ဝိုင်းစက်ပြီးသေသပ်လှပတဲ့လက်ရေးကိုလဲမြင်လိုက်ရော ဝမ်းသာတာရော ဝမ်းနည်းတာရော နှစ်ခုပေါင်းလို့ ကျမရင်ထဲမှာဆို့တက်လာပြီး
” မေမေရေ မင်းညိုဆီကစာရယ်”လို့ ဗလုံးဘထွေးနဲ့ပြောလိုက်မိတဲ့အသံမှာ ငိုသံစွက်နေမှာကတော့သေချာပါတယ်။
လှမ်းပြောရင်းကနေ ပိုင်ရှင်အသစ်ရဲ့လက်ထဲကိုရောက်နေတဲ့ မင်းညိုတို့ နေခဲ့တဲ့ခြံလေးကို လှမ်းကြည့်ရင်း လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အဆက်အသွယ်တွေဖြတ်လို့
ပျောက်သွားခဲ့တဲ့ မင်းညို လို့ အဖျားဆွတ်ခေါ်တဲ့ မိုးမင်းညိုရယ်၊ မိနွေလို့ခေါ်တဲ့ ကျမနွေပိတောက်ရယ် ၊ကျမတို့က မနှင်း လို့ခေါ်တဲ့ မေနှင်းဆီတို့
ို့ရဲ့မေ့ဖျောက်လို့မရနိုင်တဲ့ငယ်ဘဝလေးက အတွေးထဲကိုရောက်လာပါတယ်။
လွန်ခဲ့တဲ့ 12နှစ် 1998ခုနှစ်ရဲ့ပိတောက်တွေဝေနေအောင်ပွင့်လို့တစ်လောကလုံးမွှေးနေတဲ့မနက်ခင်းမှာ ကျမတို့ရဲ့ကပ်ရက်ခြံကို မိသားတစ်စုပြောင်းလာပါတယ်။
လေးနှစ်သားအရွယ်ကလေးမလေးကတစ်ယောက် နှစ်နှစ်သားလေးက တစ်ယောက်ရယ် မျက်နှာဝိုင်းဝိုင်းဝကစ်ကစ် အသားညိုညို ကျမနဲ့ရွယ်တူ 13နှစ်လောက်ကောင်လေးကတစ်ယောက်ပါ။
သူကတော့ မိုးမင်းညို ပေါ့။
တိုက်ဆိုင်ချင်တော့ သူတို့ ပြောင်းလာတဲ့နေမှာဘဲ မေမေက အိမ်မှာ မုန့်ဟင်းခါးချက်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့တဲ့နေ့နဲ့တိုက်ဆိုင်နေတော့ ပြောင်းလာတဲ့သူတို့မိသားတစ်စုလုံးကိုအိမ်မှာ
မုန့်ဟင်းခါးနဲ့ ဧည့်ခံလို့ မိတ်ဖွဲ့လိုက်ပါတယ်။
သူတို့မိသားစုက အားလုံး ငါးယောက်ပါ။ မင်းညိုတို့ အဖေရယ် အမေရယ် ကလေးသုံးယောက်ရယ်ပေါ့။
နောက်မှသိလာရတာက မင်းညိုဖေဖေက သူလေးနှစ်သားလောက်မှာ ဖားကန့် ကျောက်တွင်းက အပြန်မှာ ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်။
သူအမေက ရှမ်းသွေးတစ်ဝက် တရုပ်သွေးတစ်ဝက် သူ့မိဘတွေလက်ထက်သူငယ်ငယ်ကတည်းက ကျောက်အရောင်းအဝယ်လုပ်ပါသတဲ့။
မင်းညိုတို့အဖေ ကိုညိုဝင်းနဲ့ကလဲ ကျောက်အရောင်းအဝယ်အတွက် ဖားကန့်တက်ဝယ် တရုပ်ပြည်ဘက်ထွက်ရောင်းလုပ်နေရင်းတွေ့ကြတာကနေ
လက်တွဲလို့ဘဝကိုထူထောင်ခဲ့ကြတာ အဆင်ပြေပါသတဲ့။
မင်းညိုတို့ဖေဖေကွယ်လွန်သွားတော့လဲ သားလေးတစ်ယောက်နဲ့ ကျောက်အရောင်းအဝယ်လုပ်ရင်း ဘဝကို အိန္ဒြေမပျက်ရင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့်ဖြစ်ချင်တော့ မင်းညို သူငယ်တန်းကျောင်းသားဘဝကို ရောက်တဲ့နှစ်မှာဘဲ သူ့မေမေက ကျောက်အရောင်းအဝယ်လုပ်ရာမှာ လူအလိမ်ခံလိုက်ရပါတယ်။
သူ့မေမေက ဒီမှာဝယ်တယ် ဟိုလူက တရုပ်ပြည်တက်ရောင်းပေးတယ် ရှယ်ယာပေါ့။
အမြတ်အစွန်းကလဲ ကောင်းခဲ့ပါတယ်။
အစပထမတော့ အဲဒီလိမ်သွားတဲ့လူနဲ့ အရောင်းအဝယ်လုပ်တာ လေးငါးကြိမ်လုပ်တာအဆင်တွေပြေလို့ပေါ့။
နောက်ဆုံးတစ်ခေါက် များများလုပ်မယ်ဆိုတော့ သူ့ပိုင်တဲ့ကျောက်တွေတင်မကဘူး သူများကျောက်တွေကို ပါ ပြန်လာရင် ရှင်းမယ်ဆိုပြီး အကြွေးယူပြီးထည့်ပေးလိုက်ပါသတဲ့။
ဒါပေမဲ့ အကြံသမားက ဒီတစ်ခေါက်မှာ လုံးဝပြန်မလာတော့ပါဘူး။
လိုက်စုံစမ်းတော့လဲ ပြည်မထဲကို ဝင်သွားတာလိုလို သေဘဲသွားတာလိုလိုနဲ့ အစပျောက်သွားပါတယ်။
ဒီတော့လဲ ကျန်နေသူက ပြဿနာတွေကို ရှင်းပေါ့။
ဆက်လုပ်ဘို့ကလဲ အရင်းပျောက် ပေးစရာအကြွေးတွေက တကျီကျီ အားကိုးရာမဲ့တဲ့ မိန်းမသားဖြစ်နေတော့ အခုလက်ရှိအိမ်ထောင် ဦးဝမ်ရွှေ က ကယ်တင်ရှင်လုပ်လို့လက်ထပ်လိုက်ပါသတဲ့။
ကိုဝမ်ရွှေက တော့ တရုပ်လူမျိုးလူပျိုကြီးပေါ့။
ဒါပေမဲ့ မင်းညိုတို့အမေအပေါ်မှာချစ်လဲချစ်သစ္စာလဲရှိ သလိုမင်းညိုကိုလဲ သူ့သားအရင်းလိုဂရုစိုက်ပါတယ်။
နောက် သူတို့စီးပွားတက်လာတဲ့အခါ လမ်း40ဘက်မှာအိမ်ငှားနေ နေတာကနေ ကျမတို့နေတဲ့ နန်းရှေ့ရေစစ်ကန်နားက ခြံကိုဝယ်လိုက်ပြီးပြောင်းလာတာပါ။
တစ်အိမ်နဲ့တအိမ်ခပ်ဝေးဝေးရှိကြတဲ့ ကျမတို့ရဲ့သီးသန့်ရပ်ကွက်လေးမှာမင်းညိုနဲ့ကျမကရွယ်တူလဲဖြစ် သားမရှိတဲ့ကျမ မေမေကလဲ မင်းညိုကိုသားလေးလိုချစ် တော့ကျမတို့နှစ်ယောက်က မောင်နှမလိုဖြစ်သွားပါတယ်။
မင်းညိုက မနက်လင်းတာနဲ့ ကျမတို့အိမ်ကိုရောက်လာ မရောက်ရင်လဲ မေမေက လှမ်းခေါ် ဆိုတော့ သူတို့အိမ်ထက် ကျမတို့အိမ်မှာအနေများပါတယ်။
ကျမတို့ဖေဖေက မနက်အစောဆို သူ့ဆီစက်ကို သွား ညမှပြန်လာဆိုတော့ ကျမတို့အိမ်က လူရှင်းပါတယ်။
သူတို့အိမ်မှာကျတော့ သူမေမေက မျက်နှာချိုပေမယ့် ဦးဝမ်ရွှေက မျက်နှာထားနည်းနည်းတည်တော့ ကျမက ကြောက်တော့သိပ်မသွားရဲပါဘူး။
အမှန်က ဦးဝမ်ရွှေက သဘောကောင်းပါတယ် ကျမက ရှာကြံကြောက်တာပါ။
တစ်ခါတစ်လေမှ မင်းညို ညီလေးကို ချီချင်တယ်ဆိုမှသွားပါတယ်။
ကျမတို့အိမ်ကလဲ ဘာလေးဘဲလုပ်လုပ် မင်းညိုတို့အိမ်ကို ကမ်းသလို ဦးဝမ်ရွှေကြီးကလဲ ခရီးပြန်တိုင်း ကျမတို့အိမ်အတွက် အမြဲလက်ဆောင်ပါပါတယ်။
သူ့အလုပ်က အမြဲလိုလိုခရီးထွက်နေရတယ်အိမ်မှာ ကလေးနဲ့မိန်းမတွေကိုဘဲထားခဲ့ရတော့
ကျမတို့နဲ့အိမ်နီးချင်းဖြစ်ရတာ သူ့အိမ်အတွက်စိတ်ချရတယ်ဆိုပြီး ကျေးဇူးတင်ကြောင်းအမြဲ့ပြောပါတယ်။
သူ့တို့နှစ်သစ်ကူးဆိုရင် လဲ ကျမတို့မိသားစုကို သူတို့ရိုးရာအတိုင်းထမင်းစားပွဲနဲ့ဧည့်ခံလေ့ရှိပါတယ်။
ကျမတို့ မြန်မာနှစ်ကူးတဲ့သင်္ကြန်မှာဆိုရင် ကျမတို့အိမ်မှာတစ်ပျော်တစ်ပါးနဲ့ချက်ပြုတ်စားကြနဲ့ပေ့ါ။
ဒီတော့လဲ နှစ်အိမ်တစ်အိမ်ဖြစ်လို့ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ရက်များစွာ ကို ဖြတ်သန်းခဲ့ရတယ်ဆိုပါတော့။
မင်းညိုနဲ့ကျမကိုလဲ အိမ်က အမှတ်(16)ကျောင်းမှာကျောင်းအပ်ပေးပါတယ်။
ကျောင်းသွားတော့ မင်းညိုနဲ့ကျမစက်ဘီးတစ်စီးစီနဲ့ကျောင်းအတူတူတက်ပါတယ်။
နောက်ကိုးတန်းကိုရောက်လာတဲ့အခါမှာ မင်းညိုက ကျမကိုသူ့နောက်ကနေထိုင်လိုက်ခိုင်းပါတော့တယ်။
မိသားစုနှစ်ခုလုံးကလဲ ကျမတို့နှစ်ယောက်ကို မောင်နှမနှစ်ယောက်လို့သဘောထားသလိုကျမတို့နှစ်ယောက်သဘောထားကလဲသည်အတိုင်းပါဘဲ။
ကိုးတန်းနှစ်လယ်လောက်မှာ အေးချမ်းနေတဲ့မင်းညိုဘဝလေး က မုန်တိုင်းထန်ဘို့အစပြုလာပါတယ်။
မင်းညိုမေမေ ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ဦးဝမ်ရွှေက အိမ်မှာကူညီဘို့အတွက် နယ်မှာနေတဲ့သူ့အမအပျိုကြီးတစ်ယောက်ကို အိမ်မှာနေဘို့ခေါ်ထားလိုက်ပါတယ်။
သူ့မေမေ သူ့အတွက်တတိယမြောက် အမေတူ အဖေကွဲညီလေးမွေးပေးတဲ့အချိန်မှာ မီးတွင်းထဲမှာတင် သူ့အမေရော ညီလေးပါဆုံးပါးသွားပါတယ်။
သူက သူ့အမေအမျုးိတွေဆီပြန်သွားနေမယ်လို့ပြောတဲ့အခါ ဦးဝမ်ရွှေက မင်းညိုနဲ့သူ သွေးသားမတော်စပ်တာမှန်ပါတယ် ဒါပေမဲ့ ဒီအိမ်တွေပိုင်ဆိုင်မူ့တွေက သူ့အမေနဲ့ပေါင်းသင်းစဉ်မှာ
တိုးပွားလာတာဖြစ်လို့ မင်းညိုနဲ့လဲဆိုင်တယ် သူ့အနေနဲ့လဲမင်းညိုသံယောဇဉ်ရှိတဲ့အတွက် ဘွဲ့တစ်ခုရတဲ့အထိသူတာဝန်ယူပါရစေလို့ ဆိုပြီးဆက်နေခိုင်းပါတယ်။
အဲဒီအချိန်ကစလို့ အိမ်ကိစ္စတွေအားလုံးဟာ ကြီးမေလို့ခေါ်ရတဲ့ ဦးဝမ်ရွှေအမကြီးလက်ထဲကိုရောက်သွားသလို အိမ်ရဲ့စီမံခန့်ခွဲနိုင်သူ အိ်မ်စိုးကြီးလဲဖြစ်သွားပါတယ်။
ကြီးမေက မိန်းကဘက်က ပါလာတဲ့မင်းညိုက လုံးဝ မျက်နှာသာမပေးသလို သူ့စိတ်ထဲမှာသွေးမတော်သားမစပ်သူကို တင်ကြွေးထားရတယ်လို့ ယူဆနေသူဖြစ်ပါတယ်။
ဦးဝမ်ရွှေအိမ်မှာရှိနေတဲ့အချိန်မှာ တော့ ဘာမှမဖြစ်ပေမဲ့ ခရီးထွက်တဲ့အချိန်မှာတော့ မင်းညိုကိုတစ်ဖက်စောင်းနင်းဆက်ဆံတာ သူ့အောက်က ညီလေးညီမလေးတွေနဲ့
သွေးကွဲအောင် သင်ပေးတာတွေဖြစ်လာပါတယ်။
မင်းညိုက စကားနည်းပြီးအေးတဲ့လူတစ်ယောက်ဘာဖြစ်ဖြစ် မျိုသိပ်ထားနိုင်သူတစ်ယောက်ဖြစ်ပေမဲ့ သိပ်ခံစားလာရတဲ့အခါမှ မေ့မေ့ကိုတော့ သူရင်ဖွင့်လေ့ရှိပါတယ်။
မေမေကလဲ သူ့အမစိတ်ထားမမှန်တာကိုသည်းခံလို့နေပါ ဦးဝမ်ရွှေမျက်နှာရှိသေးတာရယ် ညီလေးညီမလေးတွေက အချိန်တန်ရင် သွေးကစကားပြောမှာပါဆိုပြီးစိတ်ပြေအောင်ပြောပေးသလို သူ့ကို အရင်ကထက်ပိုလို့ ကြင်နာမူ့တွေကိုပေးပါတယ်။
ကျမအတွက် အဝတ်အစားဝယ်ရင် ပစ္စည်းဝယ်တယ်ဆိုရင် မင်းညိုအတွက်ပါ အမြဲထည့်ဝယ်ပေးသလို
မေမေက ကျမနဲ့တန်းတူ ထားလို့ ဂရုစိုက်တာကြောင့် ကျမမေမေက မင်းညိုမေမေပါဖြစ်လို့လာတော့မေ့မေ့ ပါးစပ်က “သားရေ မင်းညိုရေ “ဆိုတဲ့အသံတွေက မကြားချင်အဆုံးပါဘဲ။
အများအားဖြင့်မင်းညိုက ကျမတို့အိမ်ဖက်မလာလို့သူအိမ်မှနေရင် သူ့အခန်းထဲမှာ သူစာဖတ်နေတာများပါတယ်။
မင်းညိုတစ်ခါကပြောဘူးတာတော့ (မိနွေ ငါ့ဘဝရဲ့ အဖော်အစစ်က နင်တို့မိသားစုလေးနဲ့ သက်မဲ့စာအုပ်တွေပါဘဲ)တဲ့။
ဆယ်တန်းရောက်လာတဲ့အချိန် မင်းညိုက အတန်းဖော်တွေနဲ့ညနေကျောင်းဆင်းရင်ဘော့လုံးကန်ပါတယ်။
တစ်ရက်ဘော့လုံးကန်ရာက အပြန်ချွေးသံရဲရဲညစ်ပေပေနဲ့ပြန်လာတော့ နောက် အကျီအကောင်းတွေအိမ်နေရင်းမဝတ်နဲု့လို့ပြောပါတယ်။
မင်းညိုကလဲ မေမေအမြဲဆုံးမထားတော့နားထောင်ပါတယ် ကြီးမေနဲ့ဘာမှမတော်စပ်ပေမဲ့ သူ့စကားကိုနားထောင်ပါတယ်။
ပြသနာဖြစ်ချင်တော့ တစ်ရက်သူကဘော့လုံးကန်သွားဘို့ သူ့အခန်းထဲက ထွက်အလာ ဧည့်ခန်းမှာမိတ်ဆွေတွေနဲ့ ထိုင်နေတဲ့ ဦးဝမ်ရွှေက မင်းညိုကို သူ့သားကြီးဆိုပြီးမိတ်ဆက်ပေးပါတယ်။
အဲဒီအချိန်မင်းညိုကလဲ တီရှပ်တော်တော်ဟောင်းတာလေးဝတ်ထားပါတယ်။
အဲဒီထဲမှာတစ်ယောက်က “လောပန်းသားကလဲ သားကိုအကျီကောင်းကောင်လေး ဝယ်ပေးပါအုံး “လို့နောက်လိုက်ပါတယ်။
ဒီစကားကြားတော့ မင်းညိုဝတ်ထားတာ အရောင်ပျယ်နေတဲ့ တီရှပ်ကိုဝတ်ထားတာမြင်တော့ မျက်နှာပျက်သွားပါတယ်။
ဧည့်သည်တွေပြန်သွားတဲ့အချိန်မှာ စိတ်ဆိုးမာန်ဆိုးနဲ့ “ဒီလောက်စုတ်တာဘယ်သူဝတ်ခိုင်းလဲ”မေးတော့
မင်းညိုကလဲ အမှန်အတိုင်း” ကြီးမေက အဟောင်းဘဲအိမ်နေရင်းဝတ် “လို့ပြောထားတယ်လို့အမှန်အတိုင်းပြောလို်က်တော့
မောင်နှမနှစ်ယောက်ဆက်စကားတွေများကြပါတော့တယ်။ကြီးမေကလဲ ပြန်မယ်ပြုမယ်တွေဖြစ်ကုန်ပါတယ်။
နောက်နှစ်ရက်လောက်နေတော့ ဦးဝမ်ရွှေခရီးထွက်သွားတဲ့အချိန်မှာ ကြီးမေက ဒီအကြောင်းတွေကို အစပြန်ဖော်လို့ တစ်ယောက်တစ်ခွန်းပြောရင်းမင်းညိုက ပါးရိုက်ပါတယ်။
နောက်သူ့ညီမလေးကလဲ အိမ်မှာဘာမှမတော်ဘဲလာနေပြီး ပြသနာတက်အောင်လုပ်တယ်လို့ပြောလိုက်တဲ့အခါမှာ မင်းညိုတော်တော်လေးစိတ်ထိခိုက်သွားပါတယ်။
ဒီအကြောင်းတွေမေ့မေ့ကိုပြောပြီးသူငိုပါတယ်။နောက် သူ့အမေဘက်ကအဖွားဆီကိုသူသွားနေမယ်ပြောတဲ့အခါ မေမေက ဆယ်တန်းအောင်အောင်တော့ ဒီမှာဆက်နေဘို့ပြောပါတယ်။
သူ့ပါးရိုက်ခံရတာထက် သူ့ညီမကလေးက သူ့ကိုပြောလိုက်တာ ပိုစိတ်ထိခို်က်သွားပါတယ်။
သာမန်လူတစ်ယောက်ကို ဒီစကားလေး ပြောလိုက်ရင်ဘာမှခံစားရမယ်မဟုတ်ပေမဲ့ မိမဲ့ဖမဲ့ဖြစ်နေတဲ့ စိတ်ခိုကိုးရာမဲ့နေသူအတွက်က တော့ အတော်ကိုပြင်းထန်တဲ့ထိုးနှက်ချက်ပါ။
အဲဒီအချိန်မှာဘဲ မနှင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကျမတို့နှစ်ယောက်ဘဝထဲကိုရောက်လာခဲ့ပါတယ်။
တစ်ရက်ကျောင်းဆင်းချိန် ပြီးလို့ အချိန်ပိုသင်တန်းအဆင်း မိုးသဲသဲတစ်ညနေမှာကျောင်းသားအားလုံးနီးပါးလောက် ပြန်ပြီးလောက်တဲ့အချိန်မှာ ကျမတို့ကလဲထမင်းချိုင့်မေ့နေလို့ပြန်လာယူချိန်ကျောင်းရှေ့သစ်ပင်အောက်မှာ ငိုမဲ့မဲ့လေးနဲ့ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တဲ့လိုက်တော့ ကျမတို့နှစ်ယောက်က
အကျုိုးအကြောင်းမေးကြည့်တဲ့အခါ အိမ်ကလာကြိုတာနောက်ကျနေလို့တစ်ယောက်ထဲကျန်နေတဲ့ အတန်းတူပေမဲ့အတန်းခွဲမတူတဲ့ ကျောင်းသူအသစ်လေးဆိုတာသိလို်က်ရပါတယ်။
သူ့မှာ အိမ်ဖုန်းဆက်ဖို့ ပိုက်ဆံလဲမပါဘူး (မပါဆို သူတို့အိမ်က မုန့်ဘိုးမပေးဘဲ မုန့်ဘဲထည့်ပေးတာကိုး)။
ဒါနဲ့ဘဲကျမတို့နှစ်ယောက်က သူ့အိမ်ကို ဖုန်းဆက်မှ လာကြိုတဲ့ကားက လမ်းမှာပျက်နေလို့နောက်ကျတာဆိုတာ သိရတော့ကျမတို့ဘဲပြန်ပို့ပေးပါမယ်လို့ပြောပြီး
62လမ်းမှာနေတဲ့သူ့ကို ကျမတို့သုံးယောက်အတူလမ်းလျှောက်ပြန်ပြီး သူ့ကိုအိမ်ဝင်ပို့ပေးလိုက်ပါတယ်။
သူတို့အိမ်က 62လမ်း ပေါ်မှာဆိုတော့ နည်းနည်းဝေးပေမဲ့ ရေစစ်ကန်ကိုပြန်ရမယ့်ကျမတို့နဲ့တော့လမ်းကြုံပါတယ်။
အဲဒီနေ့ကစလို့ခင်သွားကြတော့ မနှင်းကလဲ အိ်မ်ကိုအကြိုမခိုင်းတော့ဘဲ သူလဲကျမတို့နဲ့အတူတူ စက်ဘီးနဲ့ကျောင်းတက်ပါတော့တယ်။
ခက်တာက မနှင်းက စက်ဘီးကို စီးတတ်ရုံဘဲရှိတယ်ဆိုတော့ သူ့အိမ်အထိကျမက မင်းညိုနောက်ကလိုက် သူ့အိမ်ရောက်တာနဲ့ မင်းညိုနောက်က မနှင်းက ထိုင်လို်က်ပြီးကျောင်းကိုအတူသွားကြပါတယ်။
ကျောင်းက သူငယ်ချင်းတွေက မင်းညိုကို မချောနှစ်ယောက် ကိုယ်တစ်ယောက်လို့ စရင် အရမ်းကိုရှက်ပြီး ညိုတဲ့မျက်နှာက ရဲလို့နေပါတယ်။
အဲဒီနှစ်ထဲမှာထူးခြားလာတာကတော့ မင်းညို ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်လာတာပါ။
သူ့အသံက အရမ်းကြီးမကောင်းပေမဲ့ ဂရုဏာသံစွက်တဲ့ခပ်အေးအေးလေးပါ။
သူဆိုတာကလဲ ခင်မောင်တိုးတို့မွန်းအောင်တို့ ထူးအိမ်သင်တို့ ရဲ့သီချင်းအေးအေးလေးတွေကို အမြဲဆိုပါတယ်။
သူ့တကယ်ဝါသနာပါတာက သီချင်းစပ်တာ သီချင်းဆိုတာဖြစ်နေတယ်ဆိုတာ ခုမှဘဲသိရပါတယ်။
နောက်များမတော့ ကျောင်းပိတ်ရက်ဆိုရင် မနှင်းက ကျမတို့အိမ်လိုက်လာလိုက် ကျမတို့က မနှင်းအိမ်သွားလိုက်နဲ့ အဆင်ကိုပြေလို့ပါ။
တစ်ခါတစ်လေ မနှင်းက ကျမတို့အိမ်လိုက်အိပ်တဲ့ညများဆိုရင် မေမေရဲ့စံပယ်ရုံနားက ခုံတန်းလျားလေးမှ ကျမတို့သုံးယောက်စကားတွေဖောင်လောက်အောင်
ပြောလိုက်ကြ မင်းညိုက ဂစ်တာတီးလိုက်ဆိုလိုက် မနှင်းက တလှည့်ဆိုလိုက်
မေမေလာချပေးတဲ့ မုန့်တွေကိုစားလိုက်နဲ့ပျော်စရာကြီးပါ။
မိုးသိပ်ချုပ်လို့ မေမေအော်တော့မှ လူစုခွဲလို့အိပ်ယာထဲဝင်တာတောင် မနှင်းနဲ့ကျမက အိပ်ယာထဲမှာ တွတ်ထိုးနေတာ မေမေထပ်အော်မှ အသံတိတ်လို့
အိပ်ကြပါတယ်။
ကျမတို့မေမေတို့ပြောပြလို့မနှင်းက မင်းညိုအကြောင်းကိုသိနေပါတယ်။
သူကလဲမင်းညိုကို ဂရိုစိုက်တာ ကြင်နာတာတွေဟာသနားတယ်ဆိုတာထက်ပိုနေတာကတော့ မေမေရောကျမရောကရိပ်မိပါတယ်။
ဆယ်တန်းဖြေခါနီးတဲ့အခါ အေးဆေးဆိတ်ငြိမ်တဲ့ကျမတို့အိမ်မှာစာအတူစုကျက်တဲ့အခါလဲရှိသလို
မီးစက်တွေဘာတွေနဲ့ပြည့်စုံတဲ့ မနှင်းတို့အိမ်မှာအတူစုကျက်တဲ့အခါလဲရှိပါတယ်။
မတူတာလေးတစ်ခုကတော့ မနှင်းတို့က ခရစ်တော်ကိုယုံကြည်သက်ဝင်တဲ့မိသားစုလေးပါဘဲ။
မနှင်းတို့မိသားစုလေးက လွတ်လပ်တယ်ပွင့်လင်းတယ် ပျော်စရာကောင်းအောင်နေတတ်တဲ့မိသားစုလေးပါ။
နောက်မနှင်းကကျမတို့မင်းညိုတို့အပေါ်မှာခင်တွယ်မှန်းသိတော့ သူတို့မိသားစုလေးကလည်း ကျမတို့အပေါ်မှာနွေးထွေးပါတယ်။
မနှင်းအထက်မှာ အကိုတစ်ယောက်အမတစ်ယောက်ရှိပေမဲ့အိမ်ထောင်ကွဲတွေဖြစ်ပါတယ်။
ဒီလိုနဲ့ဆယ်တန်းစာမေးပွဲကိုဖြေပြီးတော့ ကျမတို့သုံးယောက်ကိုအိ်မ်ကဆိုင်ကယ်နဲ့လယ်ခွင့်ပေးပါတယ်။
ထုံးစံအတိုင်းအဖြစ်မရှိတဲ့ မနှင်းက မင်းညိုနောက်က ထိုင် ကျမကတစ်စီးပေါ့။
အိမ်နားက ရန်ကင်းတောင် ၊မန်းလေးတောင်နဲ့ပါတ်ပါတ်လယ်ကဘုရားတွေက ရိုးပေါ့၊
မြို့ထဲမှာရှိတဲ့ မဟာမြတ်မုနိခေါ်ဘုရားကြီး၊ရွှေကျီးမြင်၊မဟာသကျသီဟ၊အိမ်တော်ရာဘုရားအနှံ့။
ပလိပ်မြွေဘုရား၊ပေါ်တော်မူဘုရား။ကန်တော်ကြီး(တက်သေးအင်း)၊တောင်သမန်အင်း၊စစ်ကိုင်းတောင် ၊မင်းကွန်းနေရာအနှံ့က ခပ်ဝေးဝေး။
ဒီထက်ဝေးထက်နေရာကတော့ရွှေစာရံဘုရား၊မေမြို့သို့မဟုတ်ပြင်ဦးလွင်အထိလျှောက်လည်ကြပါတယ်။
မနှင်းက လည်းကျမတို့သွားလေရာ ဘုရားစုံကိုလိုက်ပါတယ်။
အဲ တနင်္ဂနွေနေ့ဆိုရင်တော့ သူမနက်ဘုရားကျောင်းတက်တာပြီးတဲ့အထိစောင့်ခေါ်ပြီးမှလျှောက်လည်ကြပါတယ်။
တစ်ရက်မှာတော့မန်းလေး နန်းတွင်းမှာရှိတဲ့ ဘုတ်တလုပ်ကန်ကိုသွားကြပါတယ်။
ကျမက လေယာဉ်ပျံအပျက်ကြီးနားမှာထိုင်လို့ ငေးနေတုံး သူတို့နှစ်ယောက်က အောက်ဖက်ကိုဆင်းသွားကြပါတယ်။
တော်တော်လေးနေတော့ ပြန်ကြမယ်ဆိုပြီးမင်းညိုကအော်ခေါ်တော့ ပြန်လာခဲ့ကြပါတယ်။
အပြန်လမ်းမှာ မနှင်းရော မင်းညိုရော နှစ်ယောက်လုံးဘာသံမှမထွက်ဘဲငြိမ်ကုတ်နေကြပါတယ်ဆိုတော့ ကျမစိတ်ထဲထူးဆန်းနေသပေါ့။
မနှင်းအိမ်လဲရောက်ရော မနှင်းက ဘိုင်ဘိုင်လို့အော်ပြီးဆင်းပြေးသွားပါတယ်။
ညနေထမင်းစားပြီးတဲ့အချိန်မင်းညို က ကျမတို့ဘက်ကူးလာပြီး ကျမစာထိုင်ဖတ်နေတဲ့စံပယ်ရုံလေးဘေးကို အပိုးမသေတဲ့မျက်နှာနဲ့ရောက်လာပါတယ်။
ပြီးမှ ” မိနွေ နင့်ကို ငါကြွားမလို့ “ဆိုပြီး နေ့လည်က အကြောင်းဖောက်သည်ချပါတော့တယ်။
နေ့လည်က ဘုတ်တလုပ်ကန်အောက်ဖက်လဲရောက်ရော သူကမနှင်းကို ချစ်တဲ့အကြောင်းတွေပြောပါသတဲ့ မနှင်းကလဲ ခေါင်းကြီးငုံ့လို့နေပါသတဲ့။
အဲဒါနဲ့ မင်းညိုက မနှင်းပါးနှစ်ဖက်ကို နမ်းခဲ့ပါသတဲ့။
ဒါကြောင့်နေလည်က အပြန်စကားမပြောနိုင်ဘဲ ရောက်တာနဲ့အိမ်ထဲဝင်ပြေးတာ ရှက်နေလို့ဆိုတာကိုဇာတ်ရည်လည်ပါတော့တယ်။
“နင်ဇွတ်လုပ်တော့ ဟိုကစိတ်ဆိုးမှာပေါ့ “လို့မေးတော့
” စောစောက ငါသူ့ဆီဖုန်းဆက်ပြီးပြီ အဖြေပေးဘို့လိုသေးလားတဲ့ဗျား”လို့ပြန်ဖြေပါတယ်။
အဲဒီနေ့ကစလို့ သူတို့က ချစ်သူတွေဖြစ်သွားပါတယ်။ဒါပေမဲ့ သုံးယောက်ကတော့ အတွဲမပျက်ပါ။
ဖြစ်ချင်တော့တစ်ရက် ဦးဝမ်ရွှေ မရှိတဲ့အချိန် ကြီးမေရယ် ညီမလေးရယ်ကတစ်ဖက် မင်းညိုကတစ်ဖက် စကားများကြတော့ မင်းညိုက အိမ်ကထွက်သွားပါတယ်။
ကျမတို့ကိုတော့ ဦးဝမ်ရွှေက လှမ်းခေါ်လို့ ဖားကန့်ကို သွားမယ် ဆိုပြီးပြောသွားတာပါ။
သူစကားများပြီးထွက်သွားတာက နောက်ရက်မှသိတာ။
ဟိုမှာ သူဒီဇယ်ရောင်းတဲ့ အိမ်တစ်အိမ်မှာ အလုပ်ကြမ်းဝင်လုပ်နေပါသတဲ့။
သုံးလလောက်ကြာမှ သူ့ဦးလေးတစ်ယောက်က မှတ်မိသွားတာနဲ့ သူ့အဖွားဆီကိုခေါ်သွားပါသတဲ့။
ဒါနဲ့ဘဲမင်းညိုနဲ့သူ့မေမေဘက်က အမျုးိတွေနဲ့ဟိုမှာတွေ့ကြပါတယ်။
အဲဒီမှာ သူတို့လုပ်ငန်းတွေထဲမှာ မင်းညိုကိုဝင်ပြီးပညာသင်အနေနဲ့ဝင်လုပ်ခိုင်းပါတယ်။
အောင်စာရင်းတွေထွက်တော့ သုံးယောက်လုံးအောင်ပါတယ်။
သူ့အဖွားက ကျောင်းဆက်တက် ဟိုအိမ်မှမနေချင်ရင် အဆောင်မှာနေဆိုပြီး စီစဉ်ပါတယ်။
ဒါပေမဲ့ ဦးဝမ်ရွှေကတော့ သူ့အိမ်မှာဘဲနေရမယ်ဆိုပြီး သူ့အဖွားဆီကနေဇွတ်ပြန်ခေါ်လာခဲ့ပါတယ်။
ကျမတို့သုံးယောက် မှာ မနှင်းနဲ့ကျမက ရူပဗေဒ မင်းညိုကတော့ သူနှစ်သက်တဲ့မြန်မာစာ ရတနာပုံမှာ အတူတက်ကြပါတယ်။
ပထမသုံးနှစ်မှာပျော်ရွှင်စရာ အမှတ်တရပေါင်းများစွာတဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။
နောက်ဆုံးနှစ်ကျောင်းပြီးတဲ့အချိန်မှာတော့ မထင်မှတ်တဲ့ ပြသနာကတော့ သူ့အဖွားက မင်းညိုကို ဘာသာမတူတဲ့ မနှင်းနဲ့သဘောမတူဘူးဆိုတာပါဘဲ။
အဲဒီအခါမှာ မနှင်းအိမ်ကလဲ သဘောမတူဘူးဖြစ်လာပါတယ်။
ဘာလို့လဲဆိုတော့ မနှင်းအကိုနဲ့အမနှစ်ယောက်လုံးကလဲ ဘာသူမတူသူတူနဲ့လက်ထပ်ထားတယ်။
မနှင်းကိုတော့ သူတို့သဘောကျသူနဲ့ဘဲပေးစားမယ်လို့ အသံတွေထွက်လာတော့
အရင်ကပျော်စရာကောင်းခဲ့တဲ့ ကျမတို့သုံးယောက်ရဲ့ဘဝလေးတွေက အသံမမြည်နိုင်တဲ့ဆည်းလည်းလေးတွေဖြစ်ကုန်ပါတယ်။
မနှင်းတို့အိမ်က ထင်တာက အံ့ဩစရာကောင်းချက်ကတော့ ကျမနဲ့မင်းညိုကို ချစ်သူတွေဖြစ်နေတယ်ထင်လို့ ဘာမှမပြောဘဲထားတာပါတဲ့။
နှင်းတွေဝေနေတဲ့ ဆောင်းတစ်ညနေ မှာ အောင်ပင်လယ်ကန်ဘောင်ရိုးမှာထိုင်လို့ ရန်ကင်းတောင်ကြီးကိုငေးကြည့်ရင်း မနှင်းကလမ်းခွဲစကားကိုဆိုပါတော့တယ်။
သူ့အိမ်ကလည်း သူတို့သဘောတူတဲ့ လူနဲ့ပေးစားဘို့စီစဉ်နေပြီ ဒါပေမဲ့လက်မထပ်နိုင်ဘူး။
နောက် မင်းညိုကို သူချစ်လဲချစ် သနားလဲသနားတယ်။ဒါပေမဲ့ သူ့မိဘကိုဆန့်ကျင်လို့လက်မထပ်နို်င်ဘူး။
သူဆုံးဖြတ်ထားတာကတော့ သူ့တို့ဘာသာအတိုင်းမယ်သီလရင်ဝတ်မယ်၊ပြီးရင် သူ့တို့အမျိုးတွေရှိတဲ့ နိုင်ငံခြားကိုအပြီးထွက်သွားဘို့ဆုံးဖြတ်ပြီးတဲ့အကြောင်းကိုပြောပါတယ်။
မင်းညိုကလဲ ဘာမှ မတတ်နိုင်တော့တာသိတော့ ဘာပြောနိုင်မှာ၊
ညအိမ်ပြန်ရောက်တော့ မင်းညို ကျမတို့ဘက်ကူးလာပြီး ထူးအိမ်သင်ရဲ့” ချစ်တိုင်းလည်းမညား”ဆိုတဲ့သီချင်းလေးကိုဘဲ အဆိုမပါအတီးသက်သက်တီးနေပါတယ်။
ကျမလဲ အစက သူနဲ့အတူထိုင်နေရင်းက မိုးချုပ်တော့အိမ်ထဲဝင်လာပါတယ်။
မင်းညိုက “မိနွေ နင်ငါ့တို့အတွက် နင်စိတ်မကောင်းဖြစ်နေသလား အချိန်က ကုစားသွားမှာပါ “လို့တောင်သူက ကျမအိမ်ထဲဝင်ခါနီးမှာပြောလိုက်ပါသေးတယ်။
နောက်နေ့မနက်ရောက်တော့ မှမင်းညိုအိမ်ကနေပျောက်သွားတယ်ဆိုတာသိရပါတော့တယ်။
ကျမလဲ မနှင်းဆီကို အပြေးအလွှားသွားလို့သည်သတင်းကိုပေးတော့ မနှင်းစကားတခွန်းမှမပြောဘဲမျက်ရည်တွေစီးကျလာတော့ ကျမပါရောငိုမိပါတယ်။
အိမ်ရောက်ပြန်တော့ မေမေကလဲ မျက်ရည်တွေနဲ့ပါ။
တစ်ရက်မှာတော့ မနှင်းအိမ်ကိုလာနုတ်ဆက်သွားပါတယ်လောလောဆယ်တော့ မေမြို့မှာသူ သီလရင်ဝတ်မယ်ဆိုတာပြောသွားပါတယ်။
ဒီလိုနဲ့ဘဲ အချိန်တွေနှစ်တွေကုန်သွားလိုက်တာ သီလရှင်ဝတ်တယ်ဆိုတဲ့မနှင်းကလဲ အဆက်အသွယ်ဖြတ် မင်းညိုကလဲသတင်းမပေးဆိုတော့
မေမေနဲ့ကျမ သတိရလို့ သူတို့အကြောင်းပြောမိတဲ့ ညဆိုရင် ကျမ အိပ်ယာထဲမှာမျက်ရည်ကျရတဲ့ညပါ။
တကယ်နေနှိုင်ရက်သူတွေပေါ့။
နောက် ဦးဝမ်ရွှေတို့ကလဲ ဒီခြံကိုရောင်းလို့ မြို့သစ်ထဲကိုပြောင်းသွားတော့ လုံးဝအဆက်အသွယ်တွေပြတ်ကုန်ပါတယ်။
သူနဲ့အဆက်အသွယ်ပြတ်လို့ ငါးနှစ်လောက်ကြာမှ ဒီစာလေးရောက်လာတာပါ။

“မိနွေရေ”
ဒီလောက်နှစ်တွေကြာမှ စာရေးရသလားဆိုပြီး နင်စိတ်တွေဆိုးနေမလား။
မေမေကော နေကောင်းပါသလား လို့ မင်းညိုဆိုတဲ့သားဆိုးလေးက အဝေးကနေမေးလိုက်ပါတယ်။
ဒီစာကိုရေးနေတဲ့အချိန်ကတော့ ပိတောက်တွေဝေနေတဲ့နေ့လေးတစ်နေ့ပေါ့။
ဒီလိုနေ့လေးတစ်နေ့မှာဘဲနင်နဲ့စတင်လို့ဆုံဆည်းခဲ့တာကိုတော့ နင်လဲမမေ့ဘူးထင်ပါတယ်။
ခြံထောင့်မှာငါတို့စိုက်ခဲ့တဲ့ ပိတောက်ပင်လေးက အခုလောက်ဆိုပွင့်ရောပေါ့နော်။
အိမ်ဘေးနားက ဖွင့်ထားတဲ့ လေးဖြူရဲ့စာမျက်နှာနှစ်ဆယ့်ငါးထဲကစာသားတွေက
ငါ့ရင်ကိုလာလာဆောင့်နေတယ်။
(အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ် တွေ့ရင်မှတ်မိအုံးမယ်ထင်ပါတယ်)တဲ့
ငါ့အဖို့က မတွေ့လဲ မေ့မရပါဘူး မိနွေရေ။
မနှင်းကိုရော နင့်ကိုရော ငါမမေ့ခဲ့ဘူးဆိုရင် နင်ပိုတယ်ထင်မလား။
မနှင်းကိုချစ်သူလိုအချစ်ပိုခဲ့ပေမယ့် နင့်ကိုရောသူ့ကိုရော သန့်စင်စွာလဲ ငါချစ်နိုင်ပါတယ်။
အဝေးထွက်သွားရတဲ့အကြောင်းကတော့ ငါဆက်ရှိနေရင် မနှင်း သူမိဘအလိုကို ဆန့်ကျင်မိမှာစိုးလို့ပါ။
ကံမကောင်းအကြောင်းမလှလို့ မိဘနဲ့ငါဝေးနေရပေမဲ့ မိဘစိတ်ဆင်းရဲစေရမယ့် အဖြစ်မျိုးကို ငါ့ကြောင့်မဖြစ်စေရဘူးဆိုတဲ့ဆုံးဖြတ်ချက်ကို
စိတ်ထဲမှာ မဖော်ပြနိုင်လောက်တဲ့ နာကျဉ်ခံစားမူ့တွေနဲ့ ချစ်စရာကောင်းတဲ့ နင်တို့ အသိုက်အဝန်းထဲကနေ ငါထွက်ပြေးခဲ့ရတာပါ။
ပြောရရင် ပြေးစရာမြေက ငါချေခြဘူးတဲ့ ကျောက်တွင်းတွေဆီကိုပါ။
ဒါပေမဲ့ ငါ့ဘဝကို ငါမပျက်စီးအောင်ထိန်းကျောင်းနိုင်ခဲ့ပါတယ်။
အဲဒီမှာအလုပ်အကိုင်တွေမကောင်းတဲ့အခါ ငါနဲ့အတူရင်းနှီးခဲ့တဲ့သူက သူတို့ရွာက်ိိုလိုက်ခဲ့ဘို့ခေါ်ပါတယ်။
ပျော်သလောက်နေပေါ့။
ဒါပေမယ့်ပြန်စရာအိ်မ်မရှိတဲ့ငါ့အဖို့ခေါ်သူရှိတာကို ဝမ်းသာစရာကောင်းနေပါပြီ၊
သူတို့ရွာလေးက ကျောက်ပန်းတောင်းနဲ့ သမိုင်းဝင် ပင်းမြို့ဟောင်းအကြားမှာရှိတဲ့ရွာလေးပါ။
မိတ္ထီလာနဲ့ဆိုရင်သိပ်တော့လဲ မဝေးပေမဲ့ အဆက်အသွယ်ပြတ်တဲ့ ရွာကလေးပေါ့။
မိတ္ထီလာနဲ့ပင်းကိုသွားတဲ့လမ်းမကြီးကနေ အနောက်ဘက် 15မိုင်လောက်မှာရှိပါတယ်။
အဓိကကတော့ ဆေးရွက်ကြီးစိုက်တယ်ထန်းလျက်လုပ်ငန်းရှိတယ်။
ငါလဲရောက်စကတော့ ယောင်ပေပေပေါ့။
နောက်မှ ဒီရွာက ကျောင်းလေးမှာ စာသင်တဲ့ဆရာလိုအပ်နေတာသိတော့ လုပ်အားပေးဘဝကနေ အခုတော့ အမြဲတမ်းဆရာလေးပေါ့။
ဒီရွာမှာ ငါဖတ်ချင်တဲ့စာအုပ်တွေလည်းရှိတယ် ငါချစ်တဲ့ ကျောင်းသားလေးတွေရှိတယ် ငါ့ကိုလိုအပ်နေတဲ့ကျောင်းသားတွေရှိတယ်။
ငါမြို့မှာနာကျည်းချက်တွေ လိုအပ်ချက်တွေ မပြည့်စုံမူ့တွေကို ရင်မှာပိုက်လို့ ဘဝကိုဖြတ်သန်းခဲ့ရတယ်။
နင်တို့မိသားစုလေးက ငါ့အတွက် တန်ဖိုးမဖြတ်နိုင်သော ကွန်းခိုရာလေးတစ်ခုပါ။
ဒါပေမယ့် နင်မသိသေးတဲ့ နင့်ကိုပြောမပြခဲ့တာလေးတွေကတော့ သန့်စင်သော ချစ်ခြင်းတရားကိုနားမလည်တဲ့ လူတွေရဲ့နုတ်ဖျားကထွက်လာတဲ့
စကားတွေထဲမှာ နင်နဲ့ငါ့ကိုထိပါးစေတဲ့စကားတွေကလဲ ငါ့ကိုနှိပ်စက်ခဲ့တယ်။
ဒါကြောင့်လဲ သိရင်တားမှာစိုးလို့ ရင်နာနာနဲ့ အားလုံးကိုတိတ်တဆိတ်စွန့်ခွာခဲ့တယ်။
အခုတော့ငါ့စိတ်တွေကို ငါတည်ငြိမ်အောင်ဆုံးဖြတ်နိုင်ခဲ့ပါပြီ။
ငါဒီရွာလေးမှာအခြေချတော့မယ် ။
ငါ့ကိုလိုအပ်တဲ့နေရာမှာ ဘဲ ငါရှင်သန်တော့မယ်။
ဒီစာလေးက ဘယ်အချိန်မှာမှ နင့်လက်ထဲကိုရောက်မယ်ဆိုတာတော့မသိနိုင်ဘူး။
လူကြုံကနေ့ အဆင့်ဆင့်သွားမှာကိုး။
တစ်ခေါက်တော့ ငါနင်နဲ့မေမေကိုငါလာတွေပါမယ်။
နင့်မင်္ဂလာဆောင်ကိုလာရတယ်ဆိုရင် ပိုမိုက်မယ်ထင်တာဘဲ။
ငါတစ်ခါတစ်လေကျောင်းတုံးကသင်ရတဲ့ရှေးကဗျာလေးထဲကစာသားကိုအရမ်းသတိရမိတယ်
သူ့ချစ်ရသူနဲ့ဝေးနေရတဲ့ရက်ကိုတင်စားထားတဲ့စာသားလေးကိုပါ။
“ကွာဝေးသောရက် စေ့ရေတွက်သော် “တဲ့။
ငါလဲဒီလိုဘဲ ရေတွက်နေရတဲ့သူပါ မိနွေရေ။
မသေခင်တစ်နေ့တွေ့ချင်ပါသေးတယ်။

မိနွေရဲ့ မင်းညို
သူ့စာလေးကိုဖတ်ပြီးတဲ့အခါ ရင်ထဲမှာမဖော်ပြနိုင်တဲ့ခံစားမူ့တွေက တိုးဝှေ့လို့လာပါတယ်။
အပြင်မှာမမှောင်သေးပေမဲ့ မင်းညိုစာကိုနောက်တစ်ခေါက်ပြန်ဖတ်နေမိတဲ့ကျမ အမြင်အာရုံကတော့ တဖြည်းဖြည်းဝေ ဝါး လို့…………………………………………….

6 comments

  • etone

    August 12, 2010 at 8:04 am

    စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းလေးနော် ။
    နာမည်တွေကိုက ဥတုသုံးပါနာမည်တွေ မိုးမင်းညို၊ မိနွေနဲ့ မနှင်းတဲ့လား ။ လုံးဝမသက်ဆိုင်တဲ့ လူကိုတော့မိနွေတဲ့… မိုးမင်းညိုနဲ့ မနှင်းကတော့နည်းနည်း တူတယ် အေးတာချင်း ။

  • water-melon

    April 9, 2012 at 7:19 pm

    လေးပေါက်ပို့စ်က ရှည်လို့နောက်မှဖတ်တောမယ်
    အခုတူးဆွသွားပါတယ်။

  • pooch

    April 9, 2012 at 11:02 pm

    အော် …လတ်စသတ်တော့ လေးပေါက်က ဒီလို လေးတွေလည်း လွမ်းအောင် ရေးခဲ့တာကိုး။ ခုမှ ဖတ်ဖူးတယ်။ မိနွေနဲ့ မင်းညိုလည်း ရေစက်ပါရင် ပြန်ဆုံနိုင်သေးတယ်လို့ ထင်ပါတယ်။
    သူတို့ အစား လွမ်းသွားပါတယ် လေးပေါက်။

  • TTNU

    April 10, 2012 at 8:23 am

    ကိုပေါက်ရေ..
    ဝတ္ထုကကောင်းတယ်၊ဒီထက်ဖြန့်ချပေးရင်ပိုကောင်းမလားလို့။
    တကယ့်ကောင်းခန်းတွေက မြန်မြန်နောက်ကြောင်းပြန်ထဲမှာ ဝပ်နေသလိုပဲ။
    ဝတ္ထုရှည်အဖြစ် Dialogues လေးတွေနဲ့ စီလိုက်ရင် စာအုပ်ထုတ်လို့တောင်ရနိုင်တယ်။

    Just suggestion ပါနော်။

Leave a Reply