ရွှေတြိဂံသို့ အလည်တစ်ခေါက် (၄) မယ်ဆိုင်
ဂိတ်မှာချထားခဲ့ပြီး ဆက်မခေါ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် .. အလုပ်နဲနဲရှုပ်နေခဲ့လို့ပါ ..
ကျွန်မတို့အဖွဲ့က အားလုံး ၈၈ ယောက်ဆိုတော့ ကားအခက်အခဲရှိပါတယ်။ မယ်ဆိုင်ဘက်မှာ အသုံးများတဲ့အိမ်စီးကားတွေက double cab လို့ခေါ်တဲ့ ကားတွေဖြစ်ပါတယ်။ ဟိုနားဒီနား ခရီးသွားဖို့အတွက်ကတော့ အံဇာတုံးလို့ ရန်ကုန်မှာခေါ်တဲ့ ၁ဝ ယောက်စီးကားတွေဖြစ်ပါတယ်။ ၁၁ ယောက်အထိ စီးလို့ရတဲ့ အံဇာတုံးကား ၈ စီးနဲ့ လူစုခွဲစီးပြီး ခရီးဆက်ကြရမှာဖြစ်ပါတယ်။ ခရီးသွားတွေက အစုံဆိုတော့ ၁၁ ယောက်တစ်စီး အမြန်တွဲလိုက်ဖို့ ခက်ခဲနေကြတယ်။ အချိန်အနဲငယ်ကြာပြီးမှ ၈ စီးလုံးလူပြည့်ပြီး တန်းစီးပြီး ထွက်ခဲ့ကြရပါတော့တယ်။ ၂ နာရီတောင်ရှိပြီမို့ အားလုံးဗိုက်ဆာနေကြပြီ။ မယ်ဆိုင်ဂိတ်ကနေ ၁ဝ မိနစ်လောက်မောင်းပြီး ယိုးဒယားဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်ပေးပါတယ်။ ကြိုက်တာမှာစားလို့ပြောပြီး ဒီအတိုင်းချပေးလိုက်တဲ့အခါ အားလုံးအလုအယက် (ကျွန်မအဖေက ဝေသာလီပြည် ဘီလူးစီးတယ်တဲ့) ..
လုစားရမှာ ဝါသနာမပါတဲ့အတွက် လူရှင်းနေတဲ့ကောင်တာတစ်ခုက အုန်းနို့ခေါက်ဆွဲတစ်ပွဲမှာပြီး ကျွန်မရဲ့ နေ့လည်စာကို တင်းတိမ်ခဲ့လိုက်ရပါတယ်။ ကျွန်မတို့က စားရိတ်ငြိမ်းနဲ့လိုက်ခဲ့တာမို့လို့ ခေါင်းဆောင်က အကုန်ရှင်းရပါတယ်။ ယိုးဒယားတွေကလဲ လူလည်ကျတာလား၊ ကျွန်မတို့ ခေါင်းဆောင်ကလဲ ကတ်သတ်တာလားတော့မသိဘူး။ အားလုံးစားပြီး တစ်နာရီလောက်ကြာတာတောင် အငြင်းပွားနေတုန်းပဲ၊ ကား ၈ စီးက အတူထွက်ရမှာမို့လို့ စိတ်မရှည်စွာပဲ စောင့်နေခဲ့ရတယ်။
အားလုံးပြီးတော့ ကားပေါ်အကုန်တက်ကြပြီး မယ်ဆိုင်ဂိတ်နားမှာရှိတဲ့ အလောင်းမင်းတရားကြီး တည်ခဲ့တဲ့ ဘုရားဆီကို ပို့ပေးပါတယ်။ ကုန်းမြင့်လေးတစ်ခုပေါ်မှာတည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။ ဘုရားစေတီကို ဆေးသုတ်ပြုပြင်နေလို့ အပြာရောင်တာလပါတ်စနဲ့ကာထားတဲ့အတွက် စေတီကို မမြင်ခဲ့ရဘူး။ စေတီပါတ်ပါတ်လည်နဲ့ ဘုရားဝင်းကြီးအတွင်းက အဆောက်အဦးတွေနဲ့ ဗိသုကာလက်ရာတွေ၊ ကာလာတွေကတော့ ကျွန်မတို့အတွက် အထူးအဆန်းပါပဲ။
ကျွန်မတို့ခရီးစဉ်အတွက် ရန်ကုန်ကအထွက်မှာ ဂိုက်တစ်ယောက်ပါလာခဲ့ပေမယ့် တောင်ကြီးရောက်တဲ့နေ့မှာပဲ ဘယ်လိုပြသနာဖြစ်တယ်မသိဘူး ရန်ကုန်ပြန်သွားတဲ့အတွက် ကျွန်မတို့မှာ ဂိုက်မပါဘဲခရီးထွက်ခဲ့ရပါတယ်။ တစ်နေရာရောက်ရင် ဒီအတိုင်း ဘာမှန်းမသိ လိုက်ကြည့်ရုံနဲ့ ဓါတ်ပုံရိုက်ရုံပဲ တတ်နိုင်ခဲ့တယ်။
ပုံတွေကို မြင်ရင် ယိုးဒယားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ခန့်မှန်းနိုင်ကြမှာဖြစ်ပါတယ်။ တကယ်ဆိုရင် မယ်ဆိုင်မြို့ဆိုတာ ကျွန်မတို့ မြန်မာပြည်ဘက်က ပိုင်ဆိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ သန့်ရှင်းသပ်ယပ်မှုရှိတဲ့ မယ်ဆိုင်မြို့ဟာ တာချီလိတ်မြို့နဲ့ တခြားစီဖြစ်နေပါတယ်။
မယ်ဆိုင်မြို့ကို အပေါ်စီးကမြင်ရတဲ့ မြင်ကွင်းထဲမှာ ရွှေရောင်စေတီလေးတစ်ဆူမြင်ရလိမ့်မယ်။ အဲဒီစေတီလေးက တာချီလိတ်ဘက်က ရွှေတိဂုံပုံတူစေတီဖြစ်ပါတယ်။
ဒီအတိုင်း လျှောက်ကြည့်ပြီး ဓါတ်ပုံရိုက်ပြီးတဲ့နောက် ကျွန်မတို့အားလုံးကို နှီးဘုရားဆီကို ပို့ပေးပါတယ်။ မြန်မာပြည်ထဲမှာလဲ နှီးဘုရားရှိလို့ မထူးဆန်းေုပမယ့် နှီးစေတီကတော့ မြန်မာပြည်မှာ မမြင်ဖူးသေးပါဘူး။
နှီးဘုရားက အားလုံးမပြီးသေးပဲ တည်ဆောက်ဆဲ အနေအထားပဲရှိပါသေးတယ်။ ပုံတွေကနေတဆင့် ကြည့်လိုက်ကြရအောင်နော် …
နှီးဘုရားကနေ ပြန်ထွက်ကြတော့ နေအတော်စောင်းနေပြီ။ မယ်ဆိုင်မြို့ထဲ ပြန်ဝင်ပြီး ကုန်တိုက်တစ်ခုကို လိုက်ပို့ပေးပါတယ်။ ကုန်တိုက်မှာပါတ်ကြည့်ဖို့ မိနစ် ၄ဝ အချိန်ပေးတယ်။ ပြီးရင် တည်းခိုရမယ့် ဟိုတယ်ဆီပို့ပေးပြီး ညေဈေးဘက်လမ်းလျှောက်လို့ရမယ်။ စားချင်စာဝယ်စားလို့လဲရပါမယ်။
မယ်ဆိုင်ညဈေးက ဘာမှ မထူးခြားပါဘူး။ လှည်းတန်းက ညဈေးလောက်တောင်မစည်ကားဘူး။ စားစရာလမ်းဘေးဆိုင်လဲ သိပ်မရှိပါဘူး။ ယိုးဒယားကြက်ဆီထမင်း စားကြည့်ချင်လို့ ဆိုင်ရှာရတာတောင် ခြေတိုတယ်။ လမ်းဘေးဆိုင်တစ်ဆိုင်ပဲတွေ့ပြီး မှာစားတဲ့သူများတဲ့အတွက် ထမင်းမနပ်တာကို စားခဲ့လိုက်ရသေးတယ်။ ဈေးနှုန်းသက်သာပေမယ့် အဆင်မပြေဘူး။ ပီဇာဆိုင်တစ်ဆိုင်တွေ့လို့ ပီဇာဝယ်သွားလိုက်ပြီး ဟိုတယ်ရောက်မှ ပီဇာစား၊ ရေသောက်ပြီး အိပ်လိုက်တော့မယ်။
နောက်တစ်နေ့ ခရီးစဉ်က ရွှေတြိဂံဧရိယာရှိတာ ချင်းရိုင်မြို့ဖြစ်ပါတယ်။ တစ်နေကုန်မယ့် ခရီးစဉ်မို့လို့ ကောင်းကောင်းအနားယူထားလိုက်ကြရအောင် …
14 comments
Ma Ma
May 3, 2014 at 9:51 am
ဗိသုကာလက်ရာတွေကိုကြည့်ပြီး မညှာတမ်းပြောရရင် ……..
ထိုင်းလက်ရာတွေက အနုစိတ်ပြီး ပိုလက်ရာမြောက်လို့ မြန်မာတွေထက် ယဉ်ကျေးမှုပိုမြင့်တယ်လို့ တွေးမိတယ်။
weiwei
May 3, 2014 at 10:39 am
မြန်မာနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ..
နောက်အပိုင်းမှာ ဖော်ပြမယ့် ချင်းရိုင်က ဘုရားဖြူလက်ရာတွေက ပိုလို့တောင် ကောင်းသေးတယ် ..
TNA
May 3, 2014 at 2:34 pm
ဟုတ်တယ်နော်မမရေ
ကေဇီ
May 4, 2014 at 10:04 am
အနော်လဲ အဲလို ထင်တယ် မမ။
ကျနော်တို့ဆီမှာ လက်ရာကောင်းရင်တောင် ဖော်ထုတ်မှု အားမကောင်းဘူးးး။
ပန်း ၁ဝ မျိုးဆိုတာ စာထဲတောင် ရှိသေးရဲ့လား မသိတော့ဘူးးး
ယိုးဒယား ဘုရားပုံတော်တွေက အတော် ကြော့ရှင်းးးသပ္ပာယ်ပါတယ် လို့ ထင်ပါတယ်ဆို။
😀
kyeemite
May 3, 2014 at 9:55 am
ဘုရားပုံတော်တွေကလက်ရာမြောက်ပါတယ်…သူတို့ကလည်း ဟိန္ဒူ မဟာပိန္နဲ ကိုလည်းကိုးကွယ်ကြတာပဲနော
alinsett (gazette)
May 3, 2014 at 10:14 am
မရောက်ဖူးတဲ့ ရောက်ချင်သော ဒေသ မြင်ကွင်းတွေမို့
အားရပါးရ လိုက်ကြည့်နေဖြစ်ပါတယ်။
ကျနော်ကတော့ လူအများနဲ့ သူတပါးအစီအစဉ်နဲ့ ခရီးသွားရတာထက်
ကိုယ့်တစ်ယောက် နှစ်ယောက်တည်း
ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရတာကို ပိုသဘောကျပါရဲ့။
🙂
weiwei
May 3, 2014 at 10:36 am
လူအများနဲ့သွားရတာ စိတ်ပျက်စရာကောင်းပါတယ် ..
ဒါပေမယ့် ဒီခရီးစဉ်က ကိုယ့်ဟာကိုယ်သွားဖို့ အဆင်မပြေလို့သာပေါ့ ..
အခု တစ်ခေါက်ရောက်သွားပြီးပြီမို့လို့ နောက်တစ်ခေါက်သွားမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ်သွားလို့ရပါပြီ ..
TNA
May 3, 2014 at 2:35 pm
မဝေက အန်စာဒုံးကိုခေါ်သွားတာကိုး မဝေရယ် အကုန်လဲလည်ရပါတယ်။ စားလဲစားရပါတယ်။ ဒါပေမဲ့ ဈေးမဝယ်ရဘူးရယ်။ ကုန်တိုက်ထဲခေါ်မှမသွားပဲ 🙂
weiwei
May 3, 2014 at 3:53 pm
ဈေးဝယ်တာက ဝါသနာမပါလို့ပါ ..
ကုန်တိုက်တွေဆိုတာ ရန်ကုန်မှာလဲ ရှိတာမို့လို့ သိပ်မထူးဆန်းပါဘူး … ဒါပေမယ့် နေရာကျယ်တာရယ်၊ ဈေးသက်သာတာရယ်ကတော့ ရန်ကုန်ထက် သာတာပေါ့လေ ..
Naing Oo Khine
May 4, 2014 at 3:55 am
ခရီးသွားတဲ့ အခါ ဒီလိုပုံကောင်းလေးတွေ ရဖို့ ဆိုတာ မလွယ်ပါဘူး
ဟိုငေး ဒီငေး နဲ့ ဓါတ်ပုံ ရိုက်ရင် ကောင်းကောင်းမကြည့် ၇..မလေ့လာရ နဲ့ပါ
ပြန် ဝေမျှ ချင် စိတ် နဲ့ အချိန်ကုန်ခံ ပြန် ရေးပြရတာ တော်ရုံ စေတနာ ..ဝါသနာနဲ့ မဖြစ်နိူင်ပါ
ကျေးဇူးတင်ပါတယ်
တညင်သား
May 4, 2014 at 8:15 am
ပုံ(၁၃) က ထိုင်း ကိုကြီးကျော်လား ရှေ့မှာလဲ ကြက်ကြီးတွေနဲ့….
weiwei
May 4, 2014 at 8:42 pm
ထိုင်းမှာ အလောင်းမင်းတရားကြီးလဲ ကိုကြီးကျော်ဘဝရောက်နေတယ်နဲ့ တူပါတယ် …
black chaw
July 24, 2014 at 8:30 pm
အလောင်းမင်းတရား တည်ခဲ့တဲ့ ဘုရားဝန်းက
အတော်သန့်ပြီး ခန့်ညားတာပဲဗျ။
ခင် ခ
July 24, 2014 at 11:21 pm
မယ်ဆိုင်ဈေးကို ဈေးကြီးစည်မယ်ထင်ခဲ့တာ မဝေပြောမှဘဲသိတော့တယ် ညဈေးလောက်ဆိုတာ