တော်လဲသံ
ကျုပ်တို့ ဘိုးဘွားလက်ထက်
ဆန်တစ်ပြည် ပြားလေးငါးဆယ်
အဲ့ဒိအချိန်တုန်းကလည်း
မနက်အာရုံမလာခင်ကတည်းက
ခမောက်နဲ့နွားဆွဲ
လယ်တောထွက်ကြရတာပဲ ။
ကျုပ်တို့ အဖေ အမေလက်ထက်
ဆန်တစ်ပြည် လေးငါးခြောက်ကျပ်
မြင်ကွင်းက မပြောင်းလဲပါဘူး
မနက်လင်းရင်
လယ်ကွက်ထဲရောက်နေပြီ ။
ဟော အခု ကျုပ်တို့ လက်ထက်
ဘာမှ မထူးခြားပါဘူး
တိုးတက်လာတဲ့ ကုန်ဈေးနှုန်း နဲ့
အရည်အသွေးမပြည့်ဝတဲ့ လူသုံးကုန်ပစ္စည်း တွေရယ်
အဟာရ ဓာတ်နဲနဲ လာတဲ့ စားသောက်ကုန်ပစ္စည်းတွေရယ်
မီးညှိထားတဲ့ အမွှေးတိုင်လို တစ်ဖြေးဖြေး တို တိုလာတဲ့လူ့သက်တမ်းရယ်
ဒီလောက်ပါပဲ ။
” မင်းတို့က ပညာမှ မတတ်တာ
ဖင်ထဲ ရွံ့ တစ်ပိဿာ မက နှစ်ပိဿာ ဝင်လဲ သနားတဲ့သူ မရှိဘူး ” တဲ့
လူသားချင်းမစာမနာ မပြောကြပါနဲ့ ။
ကျုပ်တို့ ပညာတတ်အောင် ဘယ်သူက အားပေး အားမြှောက်လုပ်ပေးလဲ
ဘယ်သူက လာသင်ပေးလဲ
ရွာကို လူတွေ လာကြပါတယ်
ထွက်ကုန်ပစ္စည်း ဈေးနှိမ်ဝယ်ဖို့
အတိုးနဲ့ ငွေချေးဖို့
အဆမတန် အမြတ်တင်ပီး
အကြွေးနဲ့ ကုန်ရောင်းဖို့
ညာတာပါတေး ချကြွေးတာစား ယောင်တောင်ပေါင်တောင်နဲ့ အပြန်ကျ ဟိုဟာတောင်း ဒီဟာတောင်း
ယူပြီးဂျီကျတဲ့ ယူဂျီတွေကလည်း အများသား ။
ခင်ဗျားတို့ ကျုပ်တို့ဆီလာတာက
ပေးဖို့ရာထက် ယူဖို့ရာပဲတွေးပီးလာတာ
ကျုပ်တို့ ခင်ဗျားတို့ဆီ သွားရင်လဲ
ရလာတာထက် ပြန်ပေးရမဲ့ရာခိုင်နှုန်းကများနေတာ
ပြန်စဉ်းစားကြည့်စမ်းပါ ။
ခင်ဗျားတို့တောင် သင်တန်းတွေ အမျိုးမျိုးတက်ပီး ပညာမပြည့်စုံသေးတာ
ကျုပ်တို့မှာ မိရိုးဖလာ အသက်မွေးမှုရှိသေးတယ် ။
အစည်းအရုံး ဆိုတာလည်း
မစားရ ဝ ခမန်း ပြောပြီး
ဧည့်စရိတ်ထောင်းရုံထက်မပိုဘူး ။
လူဆိုတာ မွေးကတည်းက ဘာမှတတ်မလာပါဘူး
လမ်းလျှောက်တာ စကားပြောတာ စာရေးစာဖတ် အတွက်အချက်တောင် သင်မှတတ်တာ
ဆိုတော့ကာ ကျန်တာတွေက အဲ့လောက်ခက်မယ်မထင်ပါဘူး
ဒါပေမဲ့ ဘယ်သူတွေက လာသင်ပေးလဲ ။
ကျုပ်တို့ဘဝ မြှင့်တင်ပေးမယ်ပြောပြီး
ညာဝါးပြီးချောက်ချသွားတာပဲ ရှိတယ် ။
အဲ့ဒိတော့
ခင်ဗျားတို့ ပြောသလိုပဲ
ပညာမတတ်ဖူး
စီမံခန့်ခွဲမှု ဆိုတာနားမလည်ဖူး
ဝင်ငွေ ထွက်ငွေ ဆိုတာ မချင့်ချိန်ဘူး
ရာသီချိန်ရောက်ရင် စိုက်မှာပဲ
ရာသီဥတု ကောင်းရင်ထွက်မယ်
မြေတွေကတော့ ပိုးသတ်ဆေးနဲ့ မြေဩဇာက ဖျက်ဆီးလိုက်ပီ
ဖျက်ဆီးလိုက်မဟုတ်ဘူး
မုဒိမ်းအကျင့်ခံလိုက်ရတာ
အရည်အသွေးမမှီတဲ့ ပစ္စည်း
ကျုပ်တို့က်ို လိမ်ရောင်း
ခုတော့ ခင်ဗျားတို့အနာဂါတ်
ငလျင်လှုပ်နေပီ
ငလျင်ဆိုတာ အထပ်မြင့်လေ ပျက်စီးမှုများလေ ပြိုကွဲမှုအားကောင်းလေ
ကျုပ်တို့က မြေပြင်ပေါ်ကလူသား
မြေကြီးနဲ့ အတူ ကျွံဝင်သွားလဲ
ဒိထက် ဆုံးရှုံးစရာ ဘာမှမရှိပါဘူး ။
ဘဝမှာ တွယ်တာစရာ မရှိပါဘူး ။
အဓမ္မ လောဘနဲ့ အပ်တို တစ်ချောင်းတောင် ကောက်မယူခဲ့ဖူးဘူး ။
နေဝန်းနီ
4 comments
alinsett (gazette)
May 26, 2014 at 7:42 am
ကျနော်တို့ဘဝတွေ
ကျနော်တို့တော်တော်များများရဲ့ဘဝတွေ. . . .
အညာမိနေတယ်
ညာနေမှန်းသိသိလျက်နဲ့ အညာခံနေရတယ်
Ba Kyaw
May 26, 2014 at 11:16 am
ဟုတ်တယ် တော်လဲသံဆိုတာငလျင်မလှုပ်ခင် ကြားရတာပဲ
ကဗျာဆရာရဲ့ တင်စားတာလေးမှတ်သားသွားပါတယ်
black chaw
May 26, 2014 at 2:30 pm
ကိုနေကြီးရေ…
ငလျင် ကဗျာရော…
တော်လဲသံ ကဗျာရော…
နှစ်ပုဒ်လုံး ဖတ်ရှုခံစားသွားပါတယ်…။
အရီးခင်
May 26, 2014 at 2:53 pm
“ငလျင်ဆိုတာ အထပ်မြင့်လေ ပျက်စီးမှုများလေ ပြိုကွဲမှုအားကောင်းလေ”
အဲဒါမှန်ပါ့။
နောက်တစ်ချက်က အဲလို ပျက်စီး မှာ ကြောက်လွန်းလို့ ကြောက်ကန်ကန် နေကြတာ မို့ ပိုပြီး ကြောက်စရာကောင်းလာမှာ အဘနီရေ။
အင်မတန် သတိထားဖို့ အချိန်ပါဘဲ။
သူတို့ ကိုယ့်ကို လာမပိအောင် ဘယ်လို လုပ်မလဲ သိထား ပြင်ထား သင့်ကြပြီ။