ကိုကြောင် နှင့် etone တို့အား ကျေးဇူးတင်ရှိခြင်း
ပထမပုံက ကိုကြောင်ဝယ်ပေးတဲ့ စာအုပ်ပါ။
ဒုတိယပုံကတော့ ကျမဘာသာပြန်ထားတဲ့ စာအုပ်အဟောင်းပါ။ ခြ ကိုက်သွားပေမယ့် နှမျောလို့ ဆက်သိမ်းထားမိနေတုန်းပဲ။ စာအုပ်မျက်နှာဖုံးက နာမည်ကျော် ပန်းချီကားတစ်ကား။ လူတစ်ဦးချင်းစီရဲ့ အသွင်သဏ္ဍာန်ကို ဖျောက်ထားတဲ့ လှေကားအတက်အဆင်းခရီးသည်တွေပုံပါ။
—–
ကျမ ဘာသာပြန်ပြီးသား မူရင်းစာအုပ်တွေနဲ့ လက်ရေးမူတွေကို မအူပင်အိမ် မကောင်းတော့ ရန်ကုန်က အမေ့အိမ် ပို့ထားတတ်တယ်။ အမေ့အိမ်ကလည်း စာအုပ်ဂိုဒေါင်ကြီးလို ဖြစ်နေတယ်။ အဲဒါနဲ့ အရေးကြီး မူရင်းစာအုပ်ဖြစ်တဲ့ Two Solitudes စာအုပ် ခြ ကိုက်ခံရပါလေရော။ စာအုပ် မထိန်းသိမ်းနိုင်တဲ့ ကိစ္စက အိမ်ရဲ့ ထာဝရ ပြဿ နာပါ။
—–
ကျမ သဘောက တန်ဖိုးမရှိတဲ့ အဟောင်းအမြင်းတွေကို စွန့်ထုတ်ပစ်လိုက်မှ တန်ဖိုးရှိစာအုပ်တွေကို ထိန်းသိမ်းနိုင်မယ်။ ကျမ မေမေကတော့ ဒါကို လက်မခံဘူး။ အဟောင်းအမြင်းအစုတ်အပြတ် အားလုံးကို စုဆောင်းထားတယ်။ ဘယ်လောက်ထိလဲဆိုရင် ကျမတို့ ငယ်ငယ်ကရေးထားတဲ့ မူလတန်းဗလာစာအုပ်ကစလို့ ဆယ်ကျော်သက်တုန်းက ကျမ ပေါက်ပန်းဈေးလျှောက်ရေးထားတဲ့ ရည်းစားစာတွေပါ တစ်ထပ်ကြီး သိမ်းထားခဲ့တယ်။ ဒီနေရာမှာ စကားအလျင်းသင့်လို့ ပြောပြချင်ပါသေးတယ်။ ကျမ ဘာသာပြန်သမားဖြစ်လာတာ ရည်းစားစာအရေးကောင်းတာက စတာပါ။ ဆရာမဂျူ းတို့ ဆရာမ မသီတာ(စမ်းချောင်း) တို့ကို ခြေဖျားမမီပါဘူး။ သူတို့က စာရေးဆရာဖြစ်ဖို့ မွေးဖွားလာတဲ့ ပါရမီရှင်တွေ။
စာအုပ်မထိန်းသိမ်းနိုင်တဲ့ကိစ္စ အစပြန်ကောက်ရရင် ကျမက ကျမပစ္စည်းတွေ ပြန်ယူမယ်ဆိုတော့လည်း မေမေက မပေးဘူး။ ကျမလွှင့်ပစ်မှာ သူသိနေပုံပဲ။ ဒီလိုနဲ့ စာအုပ်တွေ မနိုင်မနင်းဖြစ်လာပြီး ဘာမှကို မထိန်းသိမ်းနိုင်တော့တာ။
—-
ဒီတစ်ခေါက် ကျမ ရန်ကုန်သွားတော့ အပေါ်ထပ်တက်ကြည့်ရင်း စာအုပ်ဗီရိုပေါ်တင်ထားတဲ့ စာတစ်အုပ်ကို ဆွဲယူတာ မရဘူး။ စာအုပ်တစ်ထပ်ကြီးကို ခြက အုံဖွဲ့ပြီး အတွင်းကနေ လှိုက်စားထားတယ်။ ဗီရိုပေါ်က စာအုပ်တစ်ထပ်ကြီးကိုရော ဗီရိုအတွင်းက စာအုပ်တွေကိုရော ကျမ တစ်ခါတည်း ရှင်းရတော့တာ။ ဒီတစ်ခေါက်ထိတာ တော်တော်များတယ်။ ထင်လင်းရဲ့ ပလိပ် ပါတယ်။ မင်းသုဝဏ်ရဲ့ လီယာမင်းကြီးပါတယ်။ intermediate အဆင့်ဖတ်တဲ့ အင်္ဂလိပ်စာအုပ် အုပ် ၅ဝ လောက်ပါတယ်။ စုစုပေါင်း အုပ်ရေ ၁၀ဝ လောက်ထိသွားတယ်။
—-
စာအုပ်တွေ ရှင်းနေတုန်း သားအငယ်ကောင်က အောက်ထပ်မှာ အိပ်နေရာကနေ နိုးလာပြီး အပေါ်ထပ်တက်လာတယ်။ လှေကားထစ် ၁၃ထစ်ကို တစ်နှစ်ခွဲအရွယ် ကလေးက တက်လာတာနော။ အပေါ်ထပ်ရောက်မှ ကျမမြင်ပြီး ဘုရားတ ရတယ်။ ကလေး ပြန်မဆင်းနိုင်အောင် တံခါးပိတ်ပြီး စာအုပ်ဆက်ရှင်းနေတုန်း ကောင်လေး ဘာလုပ်တယ်မှတ်လဲ။ ဘုရားစင်ဘေးက စားပွဲပုပုပေါ်မှာ နတ်အုန်းဆွဲပြီး မေမေကိုးကွယ်ထားတာရှိတယ်။ ကောင်လေးက အဲဒီနတ်အုန်းတင်ထားတဲ့ စားပွဲပေါ်တက်ပြီး နတ်အုန်းကို ရှူ း နဲ့ပန်း၊ သောက်တော်ရေခွက်ကို မှောက်ချ ၊ ဗောင်းတော်ကို ဆွဲအဖြုတ်မှာ ကျမ မြင်ပြီး ထဆွဲရတယ်။ အဲဒီနေ့က မေမေနဲ့ ကျမ ရန်ဖြစ်တယ်။ ကျမသားလုပ်ပုံကို ကျမ သဘောကျပြီး ရယ်မိတော့ မေမေက နာသာခံခက်ဖြစ်ပြီး ခွေးဝင်စားသားအမိ လို့ပြောတယ်။ ကျမကလည်း မေမေ့ကြောင့် စာအုပ်ခြကိုက်ခံရတာကို ဒေါသထွက်။ ဒါနဲ့ ၄ရက်နေ့ကတည်းက ထပြန်မယ်လုပ်တာ။ ၅ရက်နေ့ တုန်တုန်လာမယ်၊ ကိုကြောင် ပေးလိုက်တဲ့စာအုပ် လာပေးမယ်ဆိုလို့ မနည်းစိတ်လျှော့ပြီး နေနေတာ။
—–
အဟောင်းအမြင်းတွေ လျှော့ချလိုက်ရင် တန်ဖိုးရှိတာကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်တယ်။ ဒါကို မေမေ ခေါင်းမာလို့ ကျမစာအုပ် တော်တော်များများ လက်ရေးမူတွေ အပါအဝင် ခြစားခံရတယ်။ Two Solitudes ခြစားခံရတုန်းက ကျမ ဒေါသတအားထွက်တယ်။ ပြန်ထားပြီးသားစာအုပ်က မထွက်သေးဘူး။ ကိုယ်ဘာသာပြန်တဲ့စာအုပ်မူရင်းတောင် ကိုယ့်လက်ထဲမရှိတော့တာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ အခု ကိုကြောင့်ကျေးဇူး၊ တုန်တုန့်ကျေးဇူးနဲ့ မူရင်းစာအုပ်ပြန်ရခဲ့တာ။ ဇွန်လ ၅ ရက်နေ့ညက တုန်တုန်နဲ့ ဒေါက်ဒေါက် တကူးတက စာအုပ်လာပေးတာ လက်ခံရရှိပါတယ် ကိုကြောင်ရေ။ ကိုကြောင်ကိုရော၊ U.S.A ကနေ မြန်မာပြည်အရောက် သယ်လာပေးတဲ့ အမည်မသိ ပုဂိ္ဂု လ်ကိုရော၊ တုန်တုန်နဲ့ ဒေါက်ဒေါက်ကိုရော အင်မတန်ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။
—
အဲဒီ ပြန်ပြီးသားစာအုပ်ကို အခု ထုတ်ဝေတိုက်က ငွေကြေးအကျပ်အတည်းဖြစ်လို့ မထုတ်နိုင်သေးဘူးထင်တယ်။ မေးရမှာလည်း အားနာနေလို့။ ကျမ ဆရာ ကလည်း မြစ်ဆုံကိစ္စနဲ့ သွားငြိနေလို့ မထုတ်သင့်ဘူးလို့ ယူဆတယ်။ ဘယ်လိုလာဦးမလဲ မသိဘူး။ စိတ်ညစ်ပါတယ်။ ဘာပဲပြောပြော အဲဒီ Two Solitudes မူရင်းလေး ပြန်ရလို့ အတိုင်းမသိ ကျေးဇူးတင်မိတဲ့အထဲ မန်းဂဇက်ရွာက ထိပ်ဆုံးပါရှင့်။ ဒီရွာထဲ ဝင်လို့ ပေါင်းသင်းဆက်ဆံရေးနယ် ကျယ်ပြန့်ပြီး အခုလို အဆင်ပြေပြေဖြစ်ခဲ့ကြောင်းရယ်ပါ။ ။
12 comments
kai
June 15, 2014 at 5:57 am
ဆရာကြီးသော်တာဆွေလည်း…သူများအိမ်က နတ်အုံးသီးကို.. ဘောလုံးလိုလုပ်ကန်ဖူးတယ်..။
အဟမ်း..
နတ်ကိုင်မကိုင်တော့မသိ..။ အိမ်ရှင်ကိုငွေ.. လျှော်လိုက်ရသဗျ…။ :buu:
ကျုပ်မိဘတွေအိမ်တုံးကလည်း.. နတ်အုံးသီးနဲ့..။
ဖေဖေကနေ.. ဒီလိုရိုးရာက.. မိဘကအမွေပေးမှ.. သားသမီးဆက်ခံရတာဖြစ်တာမို့.. သူ့လက်ထက်မှာဖြတ်ပစ်တယ်ဆိုပြီး.. ဖြတ်ခိုင်းလိုက်တာ.. ကျုပ်တို့ညီအကိုတွေအိမ်.. နတ်အုံးသီးပြုတ်ရော…
ဆိုတော့…
မြန်မာပြည်မယ်.. အိမ်ထောင်စု ၁ဝသန်းမှာ.. ၄ပုံတပုံ.. ၂သန်းပဲချိပ်တယ်ထား..
အုံးသီးအလုံး ၂သန်း…
လစဉ်/နှစ်စဉ်အိပ်စပို့လုပ်ပြီး ရတဲ့ငွေနဲ့.. တောင်ပြုန်းကို ဂေးမြို့တော်ကြီးဖြစ်ရေးမ,တည်ပေးမယ်ဆိုရင်.. ပန်းပဲမောင်တင့်တယ်နဲ့သူ့နှမတွေကြိုက်လို့.. ရပ်ရွာလူထုအတွက်လည်း.. အလုပ်အကိုင်အခွင့်အလန်းတွေထွက်.. ပိုကောင်းမယ်လို့… ထင်..။
alinsett (gazette)
June 15, 2014 at 7:27 am
သားးငယ်လေးကို အဲ့နတ်က မကိုင်လိုက်ဘူးလား
ဦးကြောင်ကြီး
June 15, 2014 at 12:59 pm
🙂
အရီးခင်
June 15, 2014 at 4:22 pm
ကြောင် ဆိုတာ စက်ရုပ်လို့ ထင်နေတာ အခုတော့ တကဲ့ လူ ဖြစ်နိုင်တယ်လို့ ၅၀% တော့ လက်ခံလိုက်ပြီ။
:-)))
မပြုံး အသံလေးပြန်မြင်လိုက်တော့ ဝမ်းသာသွားတယ်။
စာအုပ် လဲ အားလုံးအဆင်ပြေသွားမှာပါ။
စိတ်မညစ်ပါနဲ့။ ဒါတွေက ကိုယ့်ကိုအရှိန်ပိုမြင့်မဲ့ တွန်းအားပေါ့။
သမီးလေး ရော ကျောင်းတက်နေပြီလား။
သားလေးလဲ အတော်ကြီး အတော်တတ်နေလောက်ပြီ။ :-)))
kai
June 15, 2014 at 4:42 pm
၁၀၀%လက်ခံလိုက်အရီးလတ်ရေ့..
ဒေါ်လာ၁၀ဝလည်းလှူထားလို့..
Ma Ma
June 15, 2014 at 7:34 pm
ဝမ်းသာစရာသတင်းပဲ မပြုံးရေ။
🙂
Ma Ma
June 15, 2014 at 8:06 pm
အီတုန်းနဲ့ဒေါက်ဒေါက်ကကူညီလို့ ကြောင်ကြီး(လူနာမည်ဖြစ်ပါသည် 😀 ) ပို့ပေးတဲ့ မပြုံးတန်ဖိုးထားတဲ့ စာအုပ်ရသွားတာသိရလို့ ပါဝင်သူများနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းးးးးးး 🙂
(စာဖတ်ပြီး ဝမ်းသာသွားလို့ ရေးပြီးမှ ဖတ်တဲ့သူနားမလည်အောင် တိုတိုတုတ်တုတ်ဖြစ်နေတယ်ထင်လို့ ပြည့်စုံအောင် ဖြည့်စွက်ခြင်း) :kwi:
padonmar
June 16, 2014 at 1:05 am
ပြုံးသားလေးက အမေတူပဲ၊နတ်အုန်းကို ရှူရှူပန်းနေတဲ့ပုံ မြင်ယောင်ပြီး ရီလိုက်ရတာ။
အိမ်မှာ နတ်အုန်းမဆွဲ၊ကွမ်ရင်မယ်တော် မကိုးကွယ်ခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်လိုက်တာ။
(ကျမအဖေ ကွန်မြူနစ်ကြီးက ရေငန်ပိုင်ဦးရှင်ကြီးတော့ ကန်တော့တယ်။ တော်သေးတာပေါ့၊ဝါဝင်ဝါထွက်လေးပဲမို့။အဲဒါကို ကျမအိမ်မှာ တော်လှန်လို့ ခုထိမရသေးဘူး)
ပြုံးကိုစာအုပ်လက်ဆောင်ပေးဖော်ရတဲ့ ကြောင်ကြီးကိုရော
ရွာထဲမှာ တကယ်ပျော်နေတဲ့ ပြုံးကိုရော
ရွာနဲ့ စာဝေးပေမယ့် နှလုံးသားမဝေးတဲ့ စုံတွဲလေးကိုရော
ရွာသူတယောက်အနေနဲ့ ကျေးဇူးတင်ပါတယ်။
kyeemite
June 16, 2014 at 9:07 am
စာအုပ်စါပေသိမ်းရတာလည်း ရန်ကုန်ကတိုက်ခန်းကျဉ်းတော့ တယ်မလွယ်ဘူးဗျာ…
ခုနောက်ပိုင်း ထားစရာခက်လို့ စာအုပ်တွေမဝယ်တာတောင်ကြာပေါ့….
မပြုံးအတွက် ဝိုင်ပြီး ဝမ်းသာပေးပါတယ်ဗျ 🙂
ဝင့်ပြုံးမြင့်
June 16, 2014 at 6:53 pm
ဒီလိုရှိပါတယ် သဂျီး။ နတ်အုန်းသီး မကိုးကွယ်ဘူးဆိုရင် မြန်မာပြည်မှာ စဉ်ဆက်မပြတ် အုန်းသီး အထွက်တိုးနှုန်း လျော့တောင် လျော့သွားနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ့နတ်အုန်းသီး အညှောင့်ထွက်မှ အဲဒီအုန်းသီးကို ပြန်စိုက်ကြတာကိုး။ အဲဒီလို အိမ်တွေမှာစိုက်ကြရင်း အုန်းသီးအထွက်တိုးနေတာ ဖြစ်နိုင်ပါတယ်။ နတ်အုန်းတင်ဖို့ မဟုတ်ဘူးဆိုရင် ဘယ်သူမှ အုန်းသီးဝယ်ပြီး အုန်းပင်မစိုက်ပါဘူး။ အဲဒီလို … :mrgreen
—-
အလက်ဇင်း …. နတ်ကိုင်တာလား မသိဘူး။ သူ့ပါပုလေးကို ပုရွက်ဆိတ်အနီကိုက်သွားတာ နီရဲနေတာပဲ။ ဒီနတ်ကလည်းနော် ကိုင်စရာရှားလို့။
—-
အရီးတစ်တစ်ရေ … အခုဆို မိုးတွင်းရောက်ပြီဆိုတော့ မီးကလည်း မမှန်ချင်တော့ဘူး။ မီးမှန်ရင်လည်း လိုင်းမကောင်းဘူး။ ဒါကြောင့် ရွာထဲမဝင်နိုင်တာပါ။ ခလေးကလည်း သောင်းကျန်းတာ ယုံတောင်မယုံနိုင်ဘူး။ တစ်ရပ်ကွက်လုံး ဝိုင်းထိန်းပေးနေရတဲ့အဖြစ်။ ဆေးက အက်ပီတန် ဆေးတစ်မျိုးတည်းတိုက်တာ။ အဲဒါ တော်တော်သန်တယ်။ စိတ်က ရွာထဲမှာပဲ အမြဲရှိတာပါ။
—–
အန်တီမမ (ဟီး .. ၁ဝနှစ်လောက်ကလေးပဲ ကြီးတာမို့ ခေါ်ရတာ အရသာရှိလိုက်တာ) စာအုပ်ရတာ ကိုကြောင်ရယ် တုန်တုန်ရယ် ပြီးတော့ ဒီရွာကြီးရယ် အားလုံးကို ကျေးဇူးတင်မိတော့တာပဲ။
—–
အန်တီမာ … ကျမမေမေက အစွန်းရောက် ကွန်ဆာဗေးတစ်။ အတိတ်ထဲမှာပဲ နေတဲ့လူ။ ဒီရွာထဲမှာ ကျ မ LT တွေ ဘာတွေရေးနေတာ သူလုံးဝမသိဘူး။ သိများသိရင် ကျမကို လာသတ်တယ်။
—-
ဦးကြီးမိုက် … စာအုပ်စာပေတွေ ထားစရာခက်လို့ မထားနိုင်ပေမယ့် ကြော့်စာအုပ်ထွက်ရင် ဝယ်အားပေးနော် ဒါဗြဲ ။
surmi
June 17, 2014 at 12:36 am
ဦးကြောင်ကြီးဟာ လသားစင်စစ် ဧကန်ဖြစ်ကြောင်း
နောင် လအနည်းငယ်ကြာရင်ထပ်မံမြင်တွေ့ရပါဦးမယ် ။
ကျနော်နဲ့ ဦးကျောက် ကို တာဝန်ပေးထားတာရှိသေးတယ် 🙂
ဝင့်ပြုံးမြင့်
June 17, 2014 at 12:51 am
ကျောက်စ် ပါတယ်ဆိုတော့ ဧကန္တ အောင်သွယ်ရေးပဲဖြစ်ရမယ်။ ဦးဆာ ကိုတော့ လက်ထပ်လက်စွပ် ရွှေချိန်တိကျစေရေးအတွက် တာဝန်ပေးတာပဲဖြစ်ရမယ်။