နားလည်မိသော မစ္ဆျိမ မဋိပဒါ
ချို့တဲ့သော ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းလိုစိတ်ပိုရှိသည်ဟု မိတ်ဆွေတစ်ယောက်ကပြောဖူးသည်။
အင်မတန်ကောင်းမွန်သော ရည်ရွယ်ချက်ပင်ဖြစ်သည်။ ထိုမိတ်ဆွေ၏ စိတ်ကိုလည်း လေးစားမိပါသည်။ သို့မှသာ သာသနာဝန်အတွက်အားသွန်ခွန်စိုက်ထမ်းရွက်နေရှာမည့် ရဟန်းတော်များအတွက် ပစ္စည်းလေးပါးပြည့်စုံမည်မဟုတ်ပါလား။
ထိုအချက်ကိုအလေးအနက်မှန်ကန်ကြောင်း ပြရန်အတွက် ဒါနရှင်များ ဝိုင်းနေသည့် သာသာနာပြုကျောင်းတော်ကြီးများ၊ ဘုန်းတန်ခိုးထင်ရှားသည့် ဆရာတော်ကြီးများအား လှူ ရန်မလိုဟု နှလုံးသွင်းရန်မဟုတ်။
တရား၏ဂုဏ်တော်သည် ဆောက်တည်သူတို့အား ပူဇော်အထူးခံထိုက်သည့်အဖြစ်သို့ ပို့ဆောင်ပေးနိုင်သည်။ မြတ်စွာဘုရားလောက် လာဘ်သပ်ပကာရသည့် ပုဂ္ဂိုလ်သည် လောကသုံးပါးတွင်မရှိ။
သူမတူသော သီလ၊ သမာဓိ၊ ပညာ ဂုဏ် တို့ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်ထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား ဟုဆိုရပါသည်မဟုတ်လော။
ရဟန္တာတစ်ပါးနှင့် သာမာန်ရဟန်းတစ်ပါးကို သဒ္ဓါသည့်ပုဂ္ဂိုလ်ရွေးပါဟုဆိုလျှင် ရဟန္တာကိုရွေးချယ်သကဲ့သို့တည်း။ ဥပဒေသအားဖြင့် မိမိတတ်အားသလောက်ချို့တဲ့သည့်နေရာများကိုလည်း ချီးမြှောက်သည့်အနေဖြင့်လှူပါ၊ အရဟံဂုဏ်တော်သတ္တိအားဖြင့် ဖြိုးမောက်လျှံအောင်လာဘ်လာဘရသည့်နေရာများကိုလည်း ဓမ္မပူဇာပွဲတွင် ကြုံတောင့်ကြုံခဲ ပါဝင်နွဲရလေအောင် တတ်နိုင်သမျှလှူပါဟုလည်း တိုက်တွန်းလိုပါသည်။ ထိုကဲ့သို့ အကြောင်းအကျိုးကို မျှတစွာဆင်ခြင်သည့်စိတ်ကိုသာလျှင် မစ္ဆျိမ မဋိပဒါ ဟုခေါ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပညာနှင့်ယှဉ်နိုင်မှသာလျှင် ထိုက်သင့်သည့် အသိဉာဏ်ရင့်ကျက်မှုကို ရပါလိမ့်မည်။ သူတို့လှူ ချင်တဲ့နေရာလှူ တာပါပဲ၊ ကိုယ်နဲ့မဆိုင်ပါဘူး ဆိုသည့်စိတ်သည် အလယ်အလတ်လမ်းစဉ်မဟုတ်၊ ပညာဝေးသည့် လျစ်လျူရှုစိတ်ပင်ဖြစ်သည်။
ကလေးသူငယ်များကိုလည်း ဖြူစင်သည့်အနေဖြင့် ချီးမွမ်းကြလေ့ရှိသည်။ အပြစ်ကင်းသယောင် အားကျစကားလည်းဆိုကြသည်။ ထိုအမြင်သည် စင်စစ် မှန်ကန်ပါ၏လော၊ ထိုကလေးသူငယ်တို့၏ ဘဝကို ဆင်ခြင်စဉ်းစားတတ်သည့် လူကြီးများက အားကျသည့်အဖြစ်သည် သင့်လျော်ပါ၏လော။ ကလေးတစ်ယောက်သည် ဗိုက်ဆာသည့်အချိန် ငိုလိမ့်မည်။ သူတစ်ပါး၏မုန့်ကိုလည်း လုစားချင်စားလိမ့်မည်။ ဒါမှ မဟုတ် အချိန်မတော် တကျီကျီဖြင့် မိဘအားလည်းနှိက်စက်ခွင့်ရနေဦးမည်။ ထို့ပြင် မိမိ၏ တကိုယ်ရည်တကာယ တာဝန်ကို လုံးလုံးမယူပဲ ကိုယ်ဖြစ်ချင်သလိုသာ အာရုံတစ်ခုတည်းဖြင့် လုပ်ချင်ရာ လုပ်နေတတ်သည်။ သို့ဆိုလျှင် ကလေးဘဝသည် အားကျစရာမကောင်းလှ။ စိတ်ကို ထိန်းသိမ်းနိုင်စွမ်းလည်းမရှိ၊
အလိုလောဘကလည်းကြီးလှသည်၊ ဒေါသကိုလည်း မချုပ်တည်းနိုင်ကြ။ အလိုဆန္ဒနောက်ကိုလိုက်ရန်သာ အမြဲစဉ်းစားစိတ်ကူးနေတတ်သည်။
ထိုကဲ့သို့သောကလေးဘဝကို လူကြီးများက ပြန်လည်တမ်းသည် ဆိုခြင်းမှာ ထိုကလေးကဲ့သို့ နေချင်သောကြောင့်မဟုတ်တန်ရာ၊ ကိုယ်လုပ်ချင်သမျှ အပြစ်မယူပဲခွင့်လွှတ်ခြင်းခံနေရသည့်အခွင့်အရေးကို အချောင် အားကျ၍သာဖြစ်တန်ရာသည်။
လူကြီးများက ခွင့်လွှတ်ပြီး မငြူမစူစောင့်ရှောက်ကြခြင်းမှာ မသိနားမလည်သေးသော ကလေးငယ်များပါတကားဟု ဂရုဏာရှိသောကြောင့်သာဖြစ်သည်။ ထိုက်သင့်သည့်အသိဉာဏ်ရှိလာသောတစ်နေ့တွင် ကလေးတစ်ယောက်၏ အခွင့်အရေးဆိုသည်မှာ ပြန်တမ်းတထိုက်သည့် ဖြူစင်မှုတစ်ခုမဟုတ်တော့ပေ။
ထို့ကြောင့်ကလေးငယ်များသည် လူကြီးများထက်ဖြူစင်သည်ဟု အယူအဆလွဲနေခြင်းသည်လည်း တဘက်စွန်းရောက်သဖြင့် မစ္ဆျိမ မဋိပဒါ မဟုတ်နိုင်။ ထိုအယူအစွဲသည် ပညာနှင့်မယှဉ်ပဲ တဘက်သတ် ဘက်လိုက်ခြင်းသာဖြစ်သဖြင့် မှန်ကန်သည်ဟုမဆိုသာ။ ကလေးငယ်များသည် စစ်စင်အားဖြင့် ထိန်းသိမ်းနိုင်စွမ်းနည်းကြသဖြင့်အတွေ့အကြံရှိသည့်လူကြီးများက ကရုဏာအားဖြင့် စောင့်ရှောက်ရလေသည်ဟု ကြံစည်မှ မှန်ကန်သည့် အလယ်အလတ်လမ်းစဉ်ဖြစ်လိမ့်မည်။ သို့မှသာ ငယ်သူကိုသနားပြီးကြီးသူကိုရိုသေသည့် စိတ်ကောင်းစိတ်မြတ် ပေါ်နိုင်ပါလိမ့်မည်။
ကိုယ့်အိမ်ကဘုရား၊ အားနာစရာ၊ ဘုရားဖူးသွားတာအပိုပဲ ဟုတစ်ချို့က ထင်တတ်ကြသည်။ အပြင်ဘုရားဖူးသွားမည့်အတူတူ အိမ်ကဘုရားကိုဆွမ်း၊ ပန်းရေချမ်းကပ်လှူ ပီး နှလုံးသွင်းလည်း ရတာပါပဲ ဟု ယူဆကာ ဘုရားဖူးထွက်သူများအား အထင်သေးတတ်ကြသည်။ ကိုယ့်လောက်မှ စိတ်မထားတတ်လေခြင်းဟု အမြင်လွဲကြသည်။ ထိုကဲ့သို ယူဆခြင်းကလည်း အလယ်အလတ်မကျပြန်၊ အဘယ့်ကြောင့်ဆိုသော် အလယ်အလတ်ဆိုသည်မှာ မျှတစွာ နှလုံးသွင်းမှု မဟုတ်လော။ အိမ်ကဘုရားပုထိုး ရှိခိုးတတ်လျှင်လည်း ကောင်းပါသည်။ အပြင်အပသို့ ဘုရားဖူးသွားလျှင်လည်း ပိုကောင်းသောအကျိုးများကိုရနိုင်ပါသည်။ ထိုနေရာတွင် အပျော်အားဖြင့် ခရီးထွက်ခြင်းကိုမဆိုလိုပါ။ ဘုရားဖူးထွက်ရန်ဆုံးဖြတ်လိုက်သည့်အချိန်မှစပြီး ဗုဒ္ဓနုသတိ ပွားခွင့်ရနေခြင်း၊ လှူဒါန်းပူဇော်စရာများအား သဒ္ဓါတက်ကြွစွာ စီစဉ်ခွင့်ရနေခြင်း၊ ခရီးသွားဗဟုသုတရစေခြင်း၊ မိတ်သစ်ဆွေသစ်တိုးပွားခြင်း၊ တကူးတကန်လာရောက်ဦးခိုက်ရသဖြင့် (တန်အောင်) ကျကျနနပူဇော်ရန်လုံ့လထုတ်ခြင်းစသည့်အကျိုးများကလည်း မနည်းလှပေ။ ထို့ကြောင့်အိမ်ကဘုရားဆွမ်းကပ်လျှင်လည်းကောင်းသည်။ ရပ်ဝေးဘုရားကိုလည်း သွားရောက်ဖူးမြှော်နိုင်လျှင် ကောင်းသည်ဟု နှလုံးသွင်းခြင်းသည်သာ မစ္ဆျိမ မဋိပဒါ ဖြစ်ပါသည်။ တတ်နိုင်လို့ရပ်ဝေးဘုရားဖူးသွားတာ သွားပါစေ၊ ငါကတော့ကိုယ့်အိမ်ကနေပဲ ရှိခိုးမယ်ဟု စိတ်ထားခြင်းသည် ပညာယှဉ်သော အတွေးမဟုတ်၊ အခြေအနေပေါ်တွင် ရောင့်ရဲနိုင်သည့်စိတ်တစ်မျိုးသာဖြစ်သည်။
နတ်ပြည်ရောက်ရန် ဒါနလုပ်ခြင်း၊ သီလစောင့်တည်ခြင်း ဆိုသည့်အမှုကို ပြုတတ်ကြလေသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သုဂတိဘုံသို့ရောက်ရတော့မည်ဟု ယူဆကြသည်။ တတ်နိုင်သူများက ခိုင်သထက်ခိုင်စေရန်များများကြီးလုပ်ကြသည်။ မတတ်နိုင်သူများကလည်း ညောင့်စေ့ဥပမာအားဖြင့် ဇွတ်နှစ်ကာ လုပ်ကြသည်။ ထို့ကြောင့်စိတ်ရင့်ကျက်သင့်သလောက်မရင့်ကျက်ကြ၊ တကယ်တော့ ပူပင်စေတတ်၊ လောင်မြှိုက်တတ်သော လောဘ ကိလေသာကို အလောဘစိတ်ဖြင့်နှိပ်ကွပ်ခြင်းဖြစ်သည်။ ထိုအလောဘစိတ်သည် ငါပစ္စည်း၊ ငါ့ဥစ္စာဟူသည့် ငါစွဲကို ပွန်းအောင်၊ ပါးအောင်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။ ထိုစိတ်ကလေး၏အကျိုးပေးကြောင့် သူနှင့်ထိုက်တန်သည့် ကံတရား၏ချီးမြှောက်မှုကို ရရှိပေးသည်ဟု နှလုံးသွင်းမှ မှန်ကန်ပေလိမ့်မည်။
နတ်ပြည်သို့ပို့ပေးခြင်းသည် ညနေစာအငတ်ခံခြင်း သို့တည်းမဟုတ် ကိုယ့်ပစ္စည်းကို သူတစ်ပါးအားပေးလိုက်ခြင်းတည်းဟူသော အဖြစ်မှပေါ်လာရသည်ဟု အကြောင်းသည် မှန်ကန်သည်မဟုတ်၊ ဗိုက်အဆာခံ၍ခြေကန်ဥပုသ်စောင့်ခြင်းထက် မျှတစွာ သုံးဆောင်ပြီး သက်သာစွာ တရားနှလုံးသွင်းနေခြင်းက ပိုမြတ်စရာရှိသည်။ ထိုကဲ့သို့ပြောသဖြင့် ဥပုသ်စောင့်ခြင်းကို ရှုတ်ချခြင်းမဟုတ်။ စိတ်မထားတတ်လျှင် ဗိုက်ဆာပြီးသက်တောင့်သက်သာမဖြစ်သည့်အခြေအနေကို ဘာဝနာလက်ကိုင်အားကိုးဖြင့် သည်းမခံနိုင်သမျှ ခန္ဓာပင်ပန်းသဖြင့် ဒေါသနှိက်စက်ပြီး အဆင်မသင့်လျှင် အကုသိုလ်တောင်ဖြစ်နိုင်ပါသည်။
မဂ္ဂင်ရှစ်ပါးအကျင့်မြတ်ကိုကျင့်မှ မစ္ဆျိမ မဋိပဒါ လမ်းစဉ်မှန်ကန်သည်ကို သတိမူသင့်သည်။ သမ္မာသင်္ကပ (အမှန်ကြံစည်ခြင်း) တည်းဟူသောအကျိုးကြောင့်သာ မစ္ဆျိမ မဋိပဒါ ဟု နာမည်တပ်နိုင်ခြင်းဖြစ်သည်။ ဒုက္ခရစရိယအကျင့်ကို စွန့်လွှတ်ကာ အဟာရ ပြန်လည်သုံးဆောင်ခြင်းအား အလယ်အလတ်လမ်းစဉ်ဟု ယူဆနေပြီး ဗုဒ္ဓဝင် အား မှားယွင်းစွာ ကြည်ညိုနေလျှင် ကိုယ်တိုင်လည်း အမှန်နှင့်ဝေးသွားပါလိမ့်မည်။ ဆိုလိုသည်မှာ ထမင်းစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေတရားရခြင်းအကြောင်း နှင့်မဆိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အဟာရကို လုံးဝမသုံးဆောင်သော်လည်း သမ္မာသင်္ကပ (အမှန်ကိုကြံစည်ခြင်း) နှင့် သမ္မာဝါယာမ (အမှန်အားထုတ်ခြင်း) ပြည့်စုံပါက မုချတရားရမည်သာဖြစ်သည်။
ခန္ဓာအပင်ပန်းမခံပဲ ချမ်းသာစွာ ကျင့်ကြံသဖြင့် တရားထူးရသည်ဟု ထင်လျှင် သီသီကလေးနှင့် အလွဲကြီးလွဲပေလိမ့်မည်။ ချမ်းသာ၊ ဆင်းရဲ အဓိကမထားပဲ မှန်ကန်သောသုံးသပ်မှုကြောင့် တရားကိုနှလုံးသွင်းနိုင်ခြင်းသာဖြစ်သည် ဟုယူဆလျှင် မှန်သည်၊ ထို့ကြောင့် မိမိ၏ စိတ်သန္တာန်ရင့်ကျက်ရန်အတွက် မလိုလားအပ်သည့် အစွန်းတရားဆိုသည်မှာ အပြုအမူ၊ စောင့်ထိန်းခြင်း ကျင့်ဝတ်နှင့်မဆိုင်ပဲ မှန်ကန်စွာ သိမြင်ခြင်းနှင့်ဖီလာဖြစ်နေသည့် တရားသေစွဲကိုင်မှုနှင့်သာ ဆိုင်သည်။
(၁) သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်သော ဉာဏ်အမြင်၊
(၂) သမ္မာသင်္ကပ္ပမဂ္ဂင်=မှန်ကန်သောအကြံအစည်၊
(၃) သမ္မာဝါစာမဂ္ဂင်=မှန်ကန်သောစကား၊
(၄) သမ္မာကမ္မန္တမဂ္ဂင်= မှန်ကန်သောအလုပ်၊
(၅) သမ္မာအာဇီဝမဂ္ဂင်= မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊
(၆) သမ္မာဝါယာမမဂ္ဂင်= မှန်ကန်သော အားထုတ်မှု လုံးလဝီရိယ၊
(၇) သမ္မာသတိမဂ္ဂင်= မှန်ကန်သော ဆင်ခြင်အောက်မေ့မှု၊
(၈) သမ္မာသမာဓိ= မှန်ကန်သော တည်ကြည်မှု တို့ကြောင့် တရားထူးရသည်ဟု ဟောခဲ့ခြင်းကိုထောက်သဖြင့် အဟာရသုံးဆောင်ခြင်း၊ မသုံးဆောင်ခြင်းသည်တရားရမှုနှင့်မသက်ဆိုင်။
အစာအဟာရမမှီဝဲခြင်းသည် အချည်နှီးသာဟု သမ္မာသင်္ကပ္ပမဂ္ဂင်အားဖြင့် သိသည့်အချိန်မှစ၍ တရားရရန်လမ်းမှန်ပြီဟု ယူဆမိပါသည်။ တရားရပြီးမှ ထိုမဂ္ဂင်ရှစ်ပါးပြည့်စုံရသည်မဟုတ်၊ ထိုမဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြင့်ချဉ်းကပ်ခြင်းသာ ဖြစ်သည်ဟူလို။
ထို့ကြောင့် မည်သည့်အရာမဆို အသိဉာဏ်ကို ဦးစီးစေပြီး မိမိတို့တွင်ရှိသည့် လုံ့လ၊ ဝီရိယ ကိုစိုက်ထုတ်မှ ထိုက်တန်စွာခရီးရောက်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါသည်။
12 comments
ဇီဇီ
June 21, 2014 at 11:27 pm
ယေဘူယျ သဘူတော ပါတယ်။
တဂျီးးး လာပါလိမ့် မယ်။
ခိခိ
:mrgreenn:
Foreign Resident
June 22, 2014 at 10:21 am
ကိုကြီးမိုင်း ၊ သဘောတူပါတယ်ဗျာ ။
ကိုကြီးမိုင်း စာတွေကို ၊ ပုံမှန် စောင့်ဖတ်နေပါတယ် ။
padonmar
June 22, 2014 at 10:34 am
Like တိတ်တိတ်နေလည်း ဖတ်နေတယ်လို့ သဘောပေါက်ပေးပါ။ သဘောမတူတာပါမှ မန့်ပါရစေ။
Paing Lay
June 22, 2014 at 2:35 pm
ကိုကြီးမှိုင်းစာတွေ ဖတ်ရတာ အမှန်တကယ် အဖိုးတန်လှပါတယ်ဗျာ Share ဦးမယ်ဗျို့ 🙂
အရီးခင်
June 22, 2014 at 3:12 pm
ဥပုဉ် စောင့်တဲ့နေ့ ဆို ညနေ ဆာမစိုး လို့ နေ့လည်စာ ကို အရင်ထက် ပိုပြီး ဗိုက်တင်းကား နေအောင် စား တတ်တာ။
ကိုယ့်လောဘ ကို ကိုယ်မြင်လိုက်လဲ Survival ကို ရှေ့တန်းတင်မြဲ။
တကယ်တော့ ကျွန်မ ဥပုဉ် စောင့်တာကလဲ ပြန်စမ်းစစ်လိုက်တော့ တရားအစစ်တွေ့ဖို့ထက် ကိုယ့်လောကီ ကိစ္စတွေ ပိုအောင်မြင်နိုင်ဖို့ ရလာနိုင်မဲ့ ကုသိုလ် ကို မှန်းပြီး လုပ်နေတာ တွေ့ပါတယ်။
သို့ပေသည့် မသိတာထက်စာရင် သတိလေး ရှိနေတာ တော်သေးလို့ ကိုယ့်ဟာကိုယ် ဖြေတွေးနေတာ ကိုကြီးမိုင်း စာ နဲ့ တွေ့မှ ကိုယ့် ဒီ အတွေးကလဲ အစွန်းရောက်နေတာ ကို သတိထားလိုက်မိတယ်။
ကျေးဇူးကြီးပါရှင့်။ :-)))
kyeemite
June 23, 2014 at 10:09 am
“ကလေးသူငယ်များကိုလည်း ဖြူစင်သည့်အနေဖြင့် ချီးမွမ်းကြလေ့ရှိသည်။ အပြစ်ကင်းသယောင် အားကျစကားလည်းဆိုကြသည်။ ထိုအမြင်သည် စင်စစ် မှန်ကန်ပါ၏လော၊ ထိုကလေးသူငယ်တို့၏ ဘဝကို ဆင်ခြင်စဉ်းစားတတ်သည့် လူကြီးများက အားကျသည့်အဖြစ်သည် သင့်လျော်ပါ၏လော။ ”
စာတစ်ပုဒ်လုံးကြိုက်ပါတယ် ကိုကြီးမိုင်း…အဲ့ထဲကမှ…ကလေးသူငယ်နဲ့ပါတ်သက်တဲ့ ကိုကြီးမိုင်း အတွေးမျိုး
ကျုပ်တစ်ခါမှ မဖတ်ဖူး မတွေးကြည့်ဖူး တာအမှန်ပါ..သိပ်ကိုသဘောကျမိပါတယ်
alinsett (gazette)
June 23, 2014 at 1:07 pm
ဖတ်သွားပါကြောင်း
သဘောမတူစရာမရှိပါကြောင်း
ကိုကြီးမိုင်းရဲ့ အတွေး အမြင်တွေကို သဘောကျတာမို့
နောက်ထပ် ရေးမှာတွေကိုလည်း
ဆက်လက် စောင့်ဖတ်နေမည်ဖြစ်ပါကြောင်း
kai
June 23, 2014 at 3:50 pm
အဲဒါလေးကြိုက်သဗျ..
ဆိုတော့…
တဦးတယောက်ကိုလည်း.. ကိုယ့်ကိုယ်တိုင်ဘာဖြစ်နေတယ်.. အလယ်အလတ်ဖြစ်နေသလား.. ဆုံးဖြတ်ကြည့်တာထက်.. အပြင်လူအနေနဲ့က.. ပိုပြီးသိသာမြင်သာရှိတယ်ထင်မိတာပဲ..။
Mr. MarGa
June 23, 2014 at 3:52 pm
သဘောတူတယ် ဆိုတာ
လာပြောတာဗျို့
အဲဒါ အဲဒါ
ဝင့်ပြုံးမြင့်
June 23, 2014 at 9:18 pm
ရွာထဲ တကယ်ဝင်လာပြီပေါ့ ကိုကြီးမိုင်း။ ပို့စ်ထဲက အကြောင်းတွေကိုတော့ ငရဲပြည်မှာ ဘွတ်ကင်လုပ်ထားပြီး ပြီမို့ ဘာမှမပြောတတ်။
ပြောချင်တာက ရွာထဲဝင်ပြီးရင် ပြန်မထွက်ရဘူးနော်။ ဝင်ပြီးပြန်ထွက်ရင် အဘိုးကြီးစာရင်း သွင်းလိုက်မယ်။ ခုဆို ရွာထဲလူစုံနေတယ်လေ။ အဘိုးကြီး အဘွားကြီးစာရင်းဝင်သွားမှာစိုးလို့။ ကိုဂျွန်နီသမင်တို့၊ ကိုရင်စည်တို့၊ ကိုရဲစည်တို့ သူတို့ကို မတွေ့တာကြာပြီ။ အဲဒါ အဘိုးကြီးတွေ ဖြစ်သွားလို့ပေါ့။ ခုတလော ဆြာပု ပါပျောက်နေတာ။ အရီးလတ်တောင် အဘွားကြီးစာရင်းဝင်သွားမှာစိုးလို့ အူရားဖားရား ပြန်ဝင်လာတာကြည့်။ မယ်ပုရောပဲ။
—
ဒီရွာက အားကြီးပျော်စရာကောင်းပါတယ်။ အကူအညီလိုရင်လည်း တောင်းလို့ရတယ်။ တကယ်လို့သာ ကိုကြီးမိုင်းဆီမှာ နှလုံးသားရေးရာ ပြသနာရှိနေရင် ဝါရင့် ကေဇီရယ်၊ ဝေါင်းရယ်၊ ခွစ်ရယ် သူတို့ကို တိုင်ပင်ပါ။ တကယ်လို့သာ ကိုကြီးမိုင်းဆီမှာ နှလုံးသားရေးရာ အိုကေပြီး ဟန်းနီးမွန်းထွက်ချင်ရင် ကိုဆော ရှိတယ်။ လုံမလေးမွန်မွန်ရှိတယ်။ လကမာ္ဘက လွဲရင် ဘယ်နေရာမဆို အဆင်ပြေနိုင်တယ်။ တကယ်လို့သာ ကိုကြီးမိုင်းဆီမှာ အိမ်ထောင်ရေးပြသနာရှိတယ်ဆိုရင် ရွာထဲက ဝါရင့် အန်တီမမ တို့၊ အန်တီပဒုမ္မာ တို့က ဖြေရှင်းပေးပါလိမ့်မယ်။ မျှစ်မ ကိုလည်း မှတ်ထားပါ။ LT နဲ့ တစ်လင်တစ်မယားစနစ်အပေါ် ယုံကြည်တဲ့ လစ်ဗြဲ လည်းမဟုတ်၊ ကွန်နာဗေးကစ်လည်း မဟုတ်တဲ့ ဂွစာပါ။ အီကား မိမိကိုယ်ကို မိတ်ဆက်ခြင်းတည်း။
ကိုပေါက်(မန္တလေး)
June 24, 2014 at 1:49 pm
ကြုံတုန်းလေး ဝင်ပွားလိုက်ပါအုံးမယ်။
“သေရင် ကိုယ့် နောက် ဒါလေး ဘဲ ပါ မှာ ” ဆိုတဲ့
ဘယ်သူ က စ လိုက် မှန်း မ သိ ရ တဲ့
အယူ အဆကြီး နဲ့ လှူ နေကြ တာကိုမြင်ရ တော့
နောက်သုံးလို့ ရ အောင် ဘဏ်မှာ ငွေ သွား စု ထား တာ နဲ့ တူ နေ တယ် လို့ ထင် မိ တယ်.
ကျနော် နား လည် သော အလှူ အတန်း ဆို တာက
အ ဆင် မပြေ သူ က ို အဆင်ပြေသူက ကိုယ် ချင်း စာ တ ရား ထား ပြီး ကူ ညီ တာ
( ပေး ကမ်း စွန့် ကြဲ တယ် ဆို တဲ့ စကား လုံး ကို မသုံး ချင် /မသုံးသင့်)
ကလဲ လှူ တာ ဘဲ။
သာ သ နာ အတွက် ( ဘယ် ဘာ သာ မဆို ) ကောင်းအောင်ဆောင်ရွက်နေသူများ
စိတ်ဖြောင့် စွာ အပူအပင်ကင်းစွာဆောင်ရွက်နိုင်အောင် ကူ ညီ တာ ကလ ဲ
လှူ တာ ဘဲ လို့ မြင်မိ ပါတယ်။
လှူ တာ နဲ့ နိဗ္ဗာန် ရောက် မေ ရာက်ကတော့ ကျနော် လဲ မပြောတတ်ဘူး ဗျိုး။
ပန်း စံပါယ်
June 25, 2014 at 3:05 pm
ဖတ်ပြီး ဒီအဆိုကို သဘောတူကြောင်း ဝင်ရေးသွားပါတယ်။