လူတန်းစေ့ အလုပ်ခွင်
အသက်မွေးဝမ်းကြောင်း အလုပ် အပေါ် တာဝန်ကျေဖို့ ကြိုးစားရင်း ရွာထဲဝင်ပြီး စာမရေးဖြစ်တာရော မဖတ်ဖြစ်တာရော ကြာခဲ့ပါပြီ …. အရင်ကလို မိုးလင်း မိုးချုပ် ရွာရိုးကိုးပေါက်လည်း မလျှောက်နိုင်တော့ဘူး ။ ရွာကြီးကနေ မြို့ဖြစ်သွားတဲ့ သတင်းရော ပိုပြီး လူပိုများလို့ စည်ကားလာတယ်ဆိုတဲ့ သတင်းရော … တချို့ .. တချို့သော … သတင်းတွေပါ ခပ်သဲ့သဲ့တော့ ကြားနေရပေမယ့် …. အရင်ကလို အရပ်တကာလှည့်ပြီး ရန်မတွေ့နိုင်တော့ဘူး …. တအိမ်တက် တအိမ်ဆင်း အတင်းလိုက် မပြောနိုင်တော့ဘူး ….. ။ ဒီနေ့ … အဲ … ဒီည …. ဒါလည်း မဟုတ်သေးဘူး ဒီမနက် ဝေလီဝေလင်းတော့ (ဒါဆိုပိုမှန်မယ် ….. ) မကြံစည်ထားပဲ ရွာထဲ အဲ မြို့ထဲ ခနတာ ပြန်ရောက်ခဲ့ပြန်ပြီ ။
ဒီနေ့ လူစည်ကားတဲ့ မြို့နယ် တစ်ခုထဲက စူပါမားကတ်တစ်ခုကို ရောက်ခဲ့တယ် ။ တခြားမြို့နယ်တွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်ထားပြီး အောင်မြင်နေတဲ့ စူပါမားကတ်တစ်ခုပါပဲ ။ ယောကျာ်းဝတ် အကျီ င်္တန်းရောက်တဲ့အခါ အကျီ အစင်လေးရော ဒီဇိုင်းရော သဘောကျပြီး ပိတ်စအသားလေးရောကောင်းရဲ့လား သိချင်လို့ မအူမလည်နဲ့ သွားကိုင်ကြည့်မိတယ်ဆိုလျှင်ပဲ တာဝန်ကျတဲ့ ရောင်းဝန်ထမ်းကောင်လေးတစ်ယောက် အနားရောက်လာခဲ့တယ် ။ ကောင်လေးက အခုမှ အလွန်ဆုံးရှိလှ ၁ရ နှစ် ၁၈ နှစ်ပေါ့ ။အစ်မ ဘယ်သူ့အတွက် ဝယ်ချင်လို့လဲ ဘယ်ဆိုဒ်လောက်လဲလို့ ပြောပြောဆိုဆိုနဲ့ အကျီ င်္တန်းမှာ ချိတ်ထားတဲ့ မတူတဲ့ ဆိုဒ်တွေကို ချိတ်ကနေ ကိုင်မပြီး ဖြုတ်လို့ သုံးလေးထည်ကို လက်ထဲ လှမ်းပေးတယ် ။ ကိုယ်လည်း လျှပ်တပြတ် ကြောင်အမ်းအမ်းဖြစ်ပြီး သူပေးတာ လှမ်းယူမိလျှက်သား ဖြစ်သွားတယ် ။ သတိပြန်ရတော့မှ “ လှလို့ကြည့်တာ မဝယ်ဘူး ၊ ဝယ်ပေးလည်း ဝတ်မယ့်လူ မရှိဘူး …. ရော့ ရော့ “ ဆိုပြီး သူ့လက်ထဲ ပြန်ပေးလိုက်တယ် ။ တခြား ဒီဇို်င်းတွေ ဘယ်နေ့ကမှ ရောက်တာ ဘယ်လိုလေး ချုပ်ထားတာဆိုပြီး တခြား တန်းတွေပေါ်က အကျီ င်္တွေ လက်ငြိုးလိုက်ထိုးပြပြန်တယ် ။
သာမန်အားဖြင့်ဆိုလျှင် အရောင်းစာရေးတွေက ကိုယ်က အကူညီ တောင်းမှသာ ဆိုဒ်ရှာပေးတာ အရောင်ရှာပေးတာတို့ လုပ်တတ်ကြတာပါ ။ ပျံကျဈေးသည်ရောင်းသလို လာပါ ဝယ်ပါဆိုပြီး ရောင်းကြတာမျိုး မဟုတ်ဘူး ။ အကူညီလိုလို့ ခေါ်လျှင်တောင် မကြားချင်ယောင်ဆောင်တာမျိုး ဆိုဒ်ရှာခိုင်းလျှင်တောင် မရှိတော့ဘူး ချိတ်ထားတာ အကုန်ပဲ ၊ ဒါပဲ ရှိတယ်ဆိုတာမျိုး ပြောတတ်တာတွလည်း ကြုံခဲ့ရဖူးတယ် … ။ ရောင်းရရ မရရ လစာက တသမတ်တည်း ရတာကြောင့် သက်တောင့်သက်သာ ခိုချင်သူက များပါတယ် ။ မနက်ကိုးနာရီကနေ ညကိုးနာရီ အထိထမင်းစားချိန်ကလွှဲပြီး ကျန်တဲ့ အချိန် မတ်တပ်နေရတဲ့သူတို့အလုပ်ကလည်း မချောင်ပါဘူး ဒါကြောင့်လည်း ရသလို ခိုကပ်ချင်တာမျိုးဖြစ်ပါလိမ့်မယ် ….. ။ ဒီကောင်လေးကတော့ သူတာဝန်ယူရောင်းနေရတဲ့ ပစ္စည်း ရောင်းထွက်အောင် အားတက်သရော ရောင်းပေးချင်ပုံရတယ် … ။ တက်တက်ကြွကြွလည်းရှိတယ် ….။ စပ်စုတတ်တဲ့ အကျင့်က မပျောက်လို့ သူ့အကြောင်း တစွန်တဖျား တီးခေါက်မိပါသေးတယ် ။
အလုပ်ဝင်ထားတာ လပိုင်းလောက်ပဲ ရှိသေးတယ်လို့ သိရပြီး နေ့စား အခြေခံ လူတန်းစားအများစုနေတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကားနှစ်ဆင့် စီးပြီးလာရပါတယ်တဲ့ ။ လစာက ခုနှစ်သောင်းခွဲရတယ်လို့ သိရပြီး ၊ တပတ်ကို တရက် အနားပေးပါသတဲ့ ။ မနက်ကိုး နာရီကနေ ညကိုးနာရီ အထိဒီလိုပဲ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရကြောင်းလည်း ပြောပြတယ် ။ အထက်တန်းနဲ့စာဆက်မသင်ပဲ အလုပ်ဝင်လုပ်နေတာလို့လည်း သိရတယ် ။ အလုပ်စလုပ်တော့ ထောင်ဂဏန်းပမာဏရှိတဲ့ ငွေကြေးတစ်ခုကို စပေါ်အနေနဲ့ တင်ထားရပါတယ်တဲ့ တနှစ်အတွင်း အလုပ်ထွက်တာနဲ့ အဲ့ဒီ ပိုက်ဆံ ဆုံးမယ်ဆိုတဲ့အကြောင်းလည်း သိရပါတယ် ။ *** ထောင်လောက်ပဲ ရှိတဲ့ ပိုက်ဆံလေးလောက်ဆိုပေမယ့် လစာ ရသောင်းခွဲ ရတဲ့သူ့အတွက်တော့ ချည်တိုင်တစ်ခုပါပဲ ။ ဆင်ခြေဖုံး ရပ်ကွက်က ကားနှစ်ဆင့်စီးပြီးလာရတာကြောင့်လည်း လစာငွေက ဘယ်လောက်မှ မကျန်ဘူးလို့လည်း သိရပါတယ် … ။ ဝင်ဝင်ချင်း ပထမလ လုပ်ခ လစာ မဲ့ ရက်ပေါင်သဘောမျိုး (အလကား အလုပ်လုပ်ပေးရတာ) အလုပ်ဆင်းပေးရတဲ့ရက်လည်းရှိပါတယ် တဲ့ ။ စူပါမားကတ်က ချမှတ်ပေးထားတဲ့ ရက်ကို ဆက်တိုက် ကိုယ့်ထမင်းကိုယ်စား ကိုယ့်ကားခနဲ့ ကိုယ် လာပြီး အလုပ်ဆင်းပေးရပါတယ်တဲ့ (ရက်ဘယ်လောက်ဆင်းရတယ်ဆိုတာ ချန်လှပ်ခဲ့ပါမယ် ….. သူ့ပရိုက်ဗိတ်ဆီ အတွက်ပါ ) ။ ဘာလို့ အလကား အလုပ်ဆင်းပေးရတာလဲ မေးကြည့်တော့ ထရိန်နင် ဆင်းရတဲ့ရက်လိုမျိုး သဘောပါတဲ့ …. ဘယ်လို ထရိန်နင်မျိုးတွေ လုပ်ပေးသလဲ ဘာတွေ သင်ပေးသလဲ ဆိုတော့ ကိုယ့်ရှေ့က လူတွေ ဘာတွေ လုပ်လဲ ၊ ဘယ်ပစ္စည်းဘယ်နားထားလဲ အဲ့ဒါမျိုးတွေ ကြည့်ရတာပါတဲ့ … ။ ****ထောင်တင်ထားရတာကရော ဘာအတွက်လို့ ထင်လဲ မေးကြည့်တော့ အလုပ်သမားတွေ အပြောင်းရွှေ့များလု့ိ မထွက်အောင်လုပ်တာလို့ ရုံးကပြောကြောင်း သူနားလည်သလို ရှင်းပြပါတယ် ။*** ဆိုတော့လည်း အဆုံးမခံနိုင်လို့ လုပ်ရဦးမယ်ဆိုတဲ့ အကြောင်းရော ၊ တခြားအလုပ်တွေမှာ အတွေ့ကြုံမရှိလျှင် အစိမ်းသက်သက် မခန့်တဲ့ အကြောင်းရော ပြောပြပြန်ပါသေးတယ် … ။ အလုပ်ရတော့ စာချုပ်တွေ ဘာတွေရှိလားလို့မေးကြည့်တော့ … စာချုပ်ဆိုတာ အိမ်ဝယ်တာတို့ ငှားတာတို့မှ ချုပ်ရတာမို့လား အစ်မတဲ့ ….. ။ဪ .. သူပြောတာလည်း ဟုတ်သားပဲ ၊ လတ်တလော သူနားလည်မှာ မဟုတ်သေးတဲ့ အကြောင်းရာတွေကို မရှင်းပြချင်တာနဲ့ … အဲ့ဒီနေရာက ထွက်လာခဲ့တယ် … ။
အိမ်ပြန်လမ်းတလျှောက်လုံး စဉ်းစားလာခဲ့တာ … စိတ်လည်းလေးနေမိတယ် …. ကိုယ်ကိုယ်တိုင်ရော အလုပ်ဝင်စဘဝကို ဘယ်လို ဖြတ်သန်းခဲ့ဖူးလဲ ၊ ဘယ်လို ရုန်းကန်မှုတွေနဲ့ အလုပ်တစ်ခု ရဖို့ကို ကြိုးစားခဲ့သလဲ ၊ ဘာတွေ အင်တိုက်အားတိုက် ပေးဆပ်ပြီး အလုပ်ကို ချည်းကပ်ခဲ့သလဲပေါ့ ပြန်တွေးကြည့်မိတယ် ။ အလုပ်လျှောက်မရှာပဲ အိမ်မှာ ထိုင်စားရင်း ကျောင်းမပြီးခင်ကတည်းက ဝင်လုပ်ရမယ့်နေရာရယ်လို့ လူကြီးမိဘတွေ အကူညီနဲ့ ၊ မလုပ်ချင် လုပ်ချင် အလုပ်ရခဲ့တယ် ။ ကျောင်းပြီးတော့ … စာဆိုလျှင် စာကလေးတောင် မမြင်ချင်လောက်အောင်ဖြစ်ခဲ့လို့ စာမကျက်ချင်တာကြောင့် ဆက်မတက်ပဲ …ချက်ချင်းဝင်လုပ်ခဲ့တယ် …..ဘာမှ မလုပ်တတ်လည်း သင်ရင်းလေ့လာရင်း အလုပ်သွားတဲ့ ရက်တိုင်းအတွက် ပိုက်ဆံရခဲ့တယ် ။ အလုပ်နဲ့ပတ်သတ်ပြီး ဘာကိုမှ ချည်နှောင်ထားချင်းမရှိဘူး …. ခွင့်ခံစားခွင့်ရှိတယ် ။ အလုပ်ရှင် အလုပ်သမား ချုပ်ထားတဲ့ လေဘာ ကွန်းထရပ်အားကိုးနဲ့ အလုပ်လုပ်ခဲ့ရတယ် ။ ၈နှစ်နီးပါး လုပ်ခဲ့ပြီး ဆက်မလုပ်ဖြစ်တော့လို့ ကောက်ခါ ငင်ခါပြောင်းခဲ့သည့်တိုင်အောင် ကိုယ့်အပေါ် ချည်နှောင်မှု မရှိခဲ့ဘူး ။ အလုပ်ရှင်ကလည်း သူ့စည်းမျဉ်းအတိုင်းသူသွားခဲ့သလို အလုပ်သမားကလည်း သူ့ဘောင်ထဲက သူ အလုပ်လုပ်ခဲ့တယ် နှစ်ဦးနှစ်ဖက် အဆင်ပြေခဲ့တယ် မတရားမှု မရှိ ၊ မကျေနပ်တာမရှိ (တစိပ်လုပ်ပြီး တအိတ်စာ လိုချင်တဲ့ ကိုယ့်လောဘက လွှဲရင် 😛 ) အားလုံး အေးအေးဆေးဆေးဖြစ်ခဲ့ပါတယ် ။
%%%%%%%%%%%%
တွေ့ခဲ့တဲ့ အရောင်းစာရေးလို ကောင်လေးမျိုးကျတော့ …. အလုပ်သမားကလည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိ … ကာကွယ်ရကောင်းမှန်း မသိတာဆို ပို မှန်ပါလိမ့်မယ် …. အလုပ်ရှင်ကလည်း သမာ သမတ် မရှိ ။ အသက်ပြည့်မပြည့်တောင် မစဉ်းစားပဲ ပေါချောင်ကောင်းရလျှင်ပြီးရော အလုပ်သမား ရှာတယ် ၊ ကိုယ့်ရဲ့ အလုပ်သမားကို ကာကွယ်စောင့်ရှောက်ဖို့ မပြောနဲ့ ပါးပါးလှီးဖို့ အရင်စဉ်းစားတယ် ….. ရေရေရာရာ စနစ်တကျ ပို့ချပေးတဲ့ သင်တန်းမျိုး မဟုတ်ပဲ အလကားမတ်တင်းရောချ အလုပ်ခိုင်းပြီး ပိုက်ဆံမပေးတဲ့ ရက်တွေကလည်းရှိတယ် ။ ထရိန်နင်လို့ပြောပြီး လုပ်ငန်းခွင်ဆိုင်ရာ လူမှု ဆက်ဆံရေးလောက်တောင် သင်မပေးနိုင်တဲ့ အဖြစ်ရယ် ။ ဒါ့ပြင် *** ထောင်ဆိုတဲ့ ငွေပမာဏလောက်နဲ့ ချုပ်ကိုင်ဖို့ ကြိုးစားတယ် ။ တကယ်သာ အလုပ်သမားကို ချုပ်ကိုင်ချင်လျှင် ဘယ်သူ့ကိုမှ နစ်နာမှု မရှိတဲ့ အလုပ်ရှင် အလုပ်သမား စာချုပ်မျိုးရှိရုံနဲ့ လုံလောက်ပြီပဲ … ။ ဘယ်သူ့ကို အလုပ်ခန့်ပြီး ဘယ်လောက်လစာပေးလို့ ဘယ်လို တာဝန်တွေပေးပြီး ဘယ်လိုစောင့်ရှောက်မှုပေးနေတယ်ဆိုတာမျိုး အလုပ်ရှင်နှင့်အ လုပ်သမားသာ အပြန်လှန် သိနေတဲ့ကိစ္စတွေ အများကြီးပါပဲ ။ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်သမား မှတ်ပုံတင်မရှိပဲ အလုပ်ခွင်ဝင်နေတဲ့လူ ဘယ်လောက်များ များလိမ့်မလဲ… ။ ….
တကယ်ဆို ဒါမျိုးက မဖြစ်သင့်ဘူး ။ ကောင်းကောင်းမွန်မွန် ရှာစားချင်သူတွေအတွက် အလုပ်ကိုင် အခွင့်လမ်းတွေဖန်တီးပေးနိုင်မယ့် လုပ်ငန်းခွင်မျိုးတွေ ရှိသင့်တယ် ။ အလုပ်ရှင်အပေါ်မှာရော ၊ အလုပ်သမားပေါ်မှာပါ မတရားတာမှန်သမျှ ကာကွယ်ပေးမယ့် သမာ သမတ်ကျတဲ့အဖွဲ့စည်းတွေ များများရှိသင့်တယ် ။ အလုပ်သမားတွေကလည်း မိမိတို့ရဲ့ ရပိုင်ခွင်နဲ့ ဆိုင်တဲ့ အချက်လက်တွေကို သိရှိနားလည်သင့်တယ် ။ ဒီလို သိနိုင်ဖို့ကလည်း အလုပ်သမား ဝန်ကြီးဌာနလိုမျိုး လူမှု ဖူလုံရေးလိုမျိုး အဖွဲ့စည်းတွေက ပညာပေးဗဟုသုတလုပ်ပေးသင့်တယ် ။ စည်းမျဉ်းစည်းကမ်းဆိုတာ စာအုပ်ထဲပုံနှိပ်နိုင်ရုံဆိုတာထက်ပိုပြီး လူတွေ ခေါင်းထဲရောက်တဲ့အထိ မှတ်မိသွားနိုင်လျှင် ၊ အလုပ်ခွင်အတွင်းက မတရားမှုတွေ ကာကွယ်ပေးနိုင်လိမ့်မယ် ။
%%%%%%%%%%%%
အခု အထည်ချုပ်လောကမှာ USA အော်ဒါ ရထားတဲ့ စက်ရုံ နှစ်ရုံရှိနေပါပြီ ။ အဲ့ဒီစက်ရုံတွေ အဲ့ဒီ အော်ဒါရဖို့ အသေလဲ ကြိုးစားခဲ့ရတယ် ။ အလုပ်သမားတွေ အပေါ် ပံ့ပိုးမှုတွေလည်း အများကြီးလုပ်ခဲ့ရတယ် … သောက်သုံးရေ ကအစ ပါဝင်မှုတွေကိုပါအသေးစိတ် တိုင်းတာ စစ်ဆေးခဲ့တယ် ။ လူ့အခွင့်ရေး ဖိနှိပ်မှုတွေ ၊ အသားရောင် ဘာသာ ခွဲခြားမှုမရှိတာတွေ ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုတွေ ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ ၊ တကိုယ်ရည်သန့်ရှင်းမှု ပညာပေးခြင်း ဆိုင်ရာလုပ်ငန်းတွေ ၊ အတင်း အဓမ္မ ခိုင်းစေမှုတွေ ၊ စက်ရုံဘက်က ပံ့ပိုးပေးမှုတွေ ၊ ရပိုင်ခွင့် အကျိုးခံစားခွင့်တွေ ၊ အလုပ်ချိန်သန့်မှတ်မှုတွေ အပြင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အပူချိန်အထိပါ အသေးစိတ် အပြန်ပြန်လှန်လှန် စီစစ်ပြီးမှသာ အော်ဒါ ချပေးခဲ့ရတာပါ ။ အဲ့ဒီများပြားလှတဲ့ စံချိန်တွေမှီမမှီ ရှောင်တခင်စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပါသေးတယ် ။ တော်တော့်ကို အသေးစိ်တ်ကျတဲ့ စိစစ်ရွေးချယ်မှု မျိုး အဆင့်ဆင့်အောင်မြင်ပြီးမှသာ USA က အော်ဒါ လက်ခံရခဲ့တာမျိုးပါ ။ အလုပ်ရှင်ပေါ်ရော အလုပ်သမားပေါ်ပါ ချုပ်ကိုင်ထားနိုင်ပြီး စနစ်တကျ ဖွဲ့စည်းစီစစ်သွားတယ်လို့မြင်သာစေပါတယ်
ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေနဲ့ ဆိုင်တဲ့ အဖွဲ ့စည်းတွေကသာ တင်းတင်းကြပ်ကြပ် သမာသမတ် စည်းမျဉ်းဆွဲပြီး လုပ်ငန်းခွင်အခြေနေကို ချုပ်ကိုင်နိုင်မယ်ဆိုလျှင် အလုပ်ရှင်အတွက်ရော ၊ အလုပ်သမား အတွက်ပါ အရမ်းအထောက်ကူဖြစ်စေမှာပါပဲ ။ လူတန်းစေ့ အလုပ်လုပ်နိုင်မယ့် အလုပ်ခွင်မျိုး ဒီလို အခြေနေမျိုးဖြစ်လာစေဖို့ပဲ ဆုတောင်း မိပါတော့တယ် …. ။
(သဂျီး မမြင်စေနဲ့ … သူက ဆုတောင်းတာ မကြိုက်ဝူး … ခွိ 😛 )
27 comments
အရီးခင်
July 6, 2014 at 4:29 am
ပထမဆုံး ပြောလိုတာက တုံတုံ ပြန်လာတာမို့ အလွန့်အလွန် ဝမ်းသာပါတယ်။
ဒုတိယကတော့ အန်တီလို size မရှိဘူး လို့ အပြောခံရဘူးပါတယ်။ ကိုယ့်ဟာကိုယ်တောင် ငါက ဘာ Size မို့ပြီပါလိမ့် လို့ စိတ်ဓာတ်ကျ လိုက်သေး ။နောက်တော့ length ကို ပြောတာနေမှာပါလို့ဘဲ အတင်းစိတ် ဖြေ ယူ ရတယ်။ ဟုတ်မဟုတ်တော့ အဲဒီ အရောင်းဟာမ လေးဘဲ သိမယ်။
တတိယ ကတော့ အလုပ်သမား ထက် အလုပ်ရှင် မျက်နှာ ကိုသာကြည့် တဲ့ မြန်မာပြည်မှာ ဒီလိုမျိုး တွန်းအားလေးတွေ နဲ့ လိုအပ်ချက်တွေဖြည့် ပြီး မတရားမှုတွေ နည်းသွားဖို့ လုပ်ပေးနိုင်ရင်တော့ နင်းပြားတွေ အသက်ရှူချောင်လာကြမှာပါ။ ဘရာဗို ပါ တုံတုံ။ :-))
etone
July 7, 2014 at 12:13 pm
မင်္ဂလာပါ အရီးလတ်ရေ ….
အရောင်းစာရေး အတော်များများက အန်တီပြောတဲ့ပုံစံမျိုး များတာ ကြုံဖူးပါတယ် ….။
ဒါကြောင့်လည်း ထရိန်နင်ဆိုပြီး ပိုက်ဆံမရပဲ အလုပ်လုပ်ရတဲ့ 3ရက်ကနေ 1လတွင်း အချိန်တွေမှာ အကျိုးရှိတာလေး သင်ပေးစေချင်တာပါ …. ။ တစ်ဖက်ကလည်း ပိုက်ဆံမရပဲ အချိန်ပေးလာတက်ရတယ် .. တဖက်ကလည်း ထရိန်နင်ပေးဖို့ အချိန်ပေး၊ ငွေကုန်ခံပြီး ပို့ချရမယ် ….ဒါကြောင့် ထရိန်နင် မထားချင်လည်း မထားနဲ့ ထားလျှင်လည်း …. ရတဲ့အချိန်မှည အကျိုးရှိတာမျိုးပဲ သင်စေချင်တယ် ။
အလုပ်ရှင်ဘက်က အဲ့ဒါမျိုး ပံ့ပိုးပေးမယ်ဆိုလျှင် အလုပ်သမားရော အလုပ်ရှင်ရော .. နှစ်ဦးနှစ်ဖက် ပိုပြီး အဆင်ပြေပါလိမ့်မယ် ။
ဇီဇီ
July 6, 2014 at 7:39 am
“”လူ့အခွင့်ရေး ဖိနှိပ်မှုတွေ ၊ အသားရောင် ဘာသာ ခွဲခြားမှုမရှိတာတွေ ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုတွေ ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ ၊ တကိုယ်ရည်သန့်ရှင်းမှု ပညာပေးခြင်း ဆိုင်ရာလုပ်ငန်းတွေ ၊ အတင်း အဓမ္မ ခိုင်းစေမှုတွေ ၊ စက်ရုံဘက်က ပံ့ပိုးပေးမှုတွေ ၊ ရပိုင်ခွင့် အကျိုးခံစားခွင့်တွေ ၊ အလုပ်ချိန်သန့်မှတ်မှုတွေ အပြင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အပူချိန် “”
တုန် ရေ။
အစိုးရဌာနရော ကိုယ်ပိုင်အလုပ်တွေမှာရော အထက်က တုန်ပြောသလို စည်းမျဉ်း စည်းကမ်းလေးတွေ က အစိုးရ ရဲ့ အလုပ်သမား ဝန်ကြီးဌာနလိုမျိုးက ကိုင်ရတာလားဟင်?
အမ သေချာမသိဘူးတော့။
ဒီမှာတော့ အဲဒါမျိုး ကို……….
လုပ်ခ၊ အလုပ်သမား အခွင့်အရေး စတာတွေကို Ministry of Manpower က စစ်တယ်။
သန့်ရှင်းမှု၊ ရောဂါပိုး စတာတွေ National Environment Agency က စစ်တယ်။
(ဟိုတလောက စတိုက ရေကန်မှာ ပိုးလောက်လန်း ၂ ကောင်တွေ့လို့ တစ်ကောင် ဒေါ်လှ ၂၀ဝ နဲ့ ဒဏ်ရိုက်တယ်။ နောက်ခါဆို ဒေါ်လှ ၅၀ဝ တဲ့။ ဂစ်)
အလုပ်သမားထားတဲ့ တန်းလျားတွေပါ ရှောင်တခင် စစ်တယ်။
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုတွေ ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ ကို Workplace Safety & Health – Ministry of Manpower က စစ်တယ်။
တို့ဆီမှာ လောက် ဝန်ကြီး ဌာန များတာ တို့ ဆီမှာပဲ ရှိတယ်။ :mrgreenn:
ဒီလို လေးတွေတော့ ရှိသင့်တယ် ဟ။
တုန် ပြောမှ ပဲ အမြဲသတိထားမိတယ်။
နောက် ကိစ္စတစ်ခုရှိသေးတယ်။
အသက်မပြည့်တဲ့ ကလေးးး အလုပ်သမား ကိစ္စ။
ဘယ်တော့မှ ဖြစ်မလဲမသိ။
ဆုတောင်းတာပေါ့နော်။
ဒီ လို ကောင်းတဲ့ လမ်းစဉ်ချမှတ်နိုင်တဲ့ အစိုးရသစ် လက်ထဲ နိုင်ငံရောက်ပါစေလို့။
:mrgreenn:
etone
July 7, 2014 at 12:32 pm
မင်္ဂလာပါ မမဆွိရေ ….
အပေါ်မှာပြောတဲ့ အချက်တွေအပြင် အခြားသော အသေးစိတ် အချက်လက်တွေကို အစစ်ခံရပါတယ် …. ။
အစိုးရပိုင် အဖွဲ့စည်း နဲ့ ဘာဖွဲ့ ညာဖွဲ့က စစ်တာမဟုတ်ပါဘူး … GAP အော်ဒါချမယ့် စက်ရုံဖြစ်တာကြောင့် အဲ့ဒါတွေပါ အစစ် ခံရတာပါ ။ စစ်တာကတော့ GAPဘက်က စစ်တာပေါ့လေ ။ အောဒစ်ဝင်တာမျိုး .. အကြိမ်ကြိမ်မွှေနှောက်ပြီး စစ်ပါတယ် (ဒေါင့်ပေါင်းစုံက စစ်တာကိုပြောတာပါ) … ။ လေးငါးခြောက်ကြိမ် ကွင်းဆင်းစစ်ဆေးပြီး ရလဒ်ကောင်းမှသာ သူတို့အော်ဒါကို ပေးချုပ်တာမျိုးပါ ။ အထည်ချုပ်လောကမှာ လတ်တလော အဲ့လို အစစ်ခံပြီးအောင်လို့ အော်ဒါရထားတာ ညီမတို့ စက်ရုံရယ် ၊ တခြား စက်ရုံတစ်ခုရယ်ရှိတယ် ။ လာဘ်မစားဘူး အမှန်ကန်ကို စစ်တာ …. ။ သူတို့ကြောင့် အလုပ်သမားတွေ အိုဗာတိုင်အများကြီးမဆင်းရဘူး ။ တနင်္ဂနွေပိတ်ရတယ် စောင့်ရှောက်မှုတွေရော အကျိုးခံစားခွင့်တွေရော ရတယ် … ။ နေထိုင်မှုစရိုက်ပါ တစစမြင့်လာရတယ် … ။ အလုပ်သမားတွေ နေတဲ့ အဆောင်တွေထိ သွားစစ်တာမျိုးပါ လုပ်ပါတယ် … တခန်းကို ဘယ်လောက်ပဲ ထားရမယ် … ဘယ်လို ပံ့ပိုးထားတယ်ဆိုတာက အစ …. အရမ်းပဲ အသေးစိတ်ကျလွန်းတယ် …. ။
မစစ်ချင်လည်း ရပါတယ် … အော်ဒါမအပ်ဘူး … ဒီလိုမျိုးပါ … ။ တကယ်တမ်းဒီအော်ဒါ လိုချင်တဲ့ အခါကျတော့ .. အစစအရာရာ သူတို့ စံနှုန်းမှီဖို့ လိုက်ကို လုပ်ရတာ …. ။အော်ဒါက ချမယ် မချဘူး မသိဘူး … အစစအရာရာ ပြောသလိုကို လိုက်လုပ်ရတယ် .. ။ ဒါ့ပြင် ကလေးအလုပ်သမားလည်း တယောက်မှ မရှိဘူး(စာရင်းလိမ် ၊ အင်ထုထားတာတွေကို သေချာစိစစ်ရပါတယ်) ။ ပြီးမှ အော်ဒါရခဲ့ရတယ် ။
ဒီလို စစ်ဆေးမှုမျိုး 100% မဟုတ်လျှင်တောင် မဖြစ်မနေ စစ်သင့်တဲ့ 30%လောက်ကိုသာ အစိုးရ လက်အောက်ခံ ဌာနလိုမျိုးတွေက စက်ရုံတွေ ၊ အလုပ်ရုံတွေ ၊ အလုပ်ဌာနတွေ၊ အလုပ်ခွင်တွေ ကိုစစ်စေချင်တာ … ။ အလုပ်ရှင် အလုပ်သမား ပြေပြေလည်လည်ပဲ … မတရားတာ ဘာမှ မရှိဘူး ။
ဆိုလိုချင်တာက …တာဝန်ရှိတဲ့ ဌာနတွေကသာ သမာ သမတ်ကျပြီး ဖိဖိစီးစီးသာ ကိုင်တွယ်စေချင်တယ် ဒါဆို ကောင်းသော ပြောင်းလဲခြင်းဖြစ်လာလိမ့်မယ် … …
surmi
July 6, 2014 at 10:46 am
မင်္ဂလာပါဒေါ်တုန် 🙂
ရွာထဲမဆုံဖြစ်တာ နှစ်ပေါက်တော့မယ်ထင်တယ် ။
အခုလိုတွေးစရာ ရေးစရာ လုမှုဘဝ ဖြစ်ရပ်စုံလင် ပို့စ်လေးနဲ့ ပြန်လာတာ ဝမ်းသာတယ်ဗျို့ ။
တခြားဟာတွေသိပ်မပြောတတ်ပေမယ့် ဒီကိစ္စလေးတော့ နဲနဲဝင်ရွှီးဦးမယ် ။
ဒီလိုဗျ … ဒေါ်အိတုန်ပြောတဲ့ အလုပ်ရှင်လိုမျိုးကလည်း အတော်များတာကိုတွေ့ဖူးပါရဲ့ ။ အထည်ချုပ် စက်ရုံတစ်ခုရဲ့ အမျိုးသမီးအခြေခံအလုပ်သမားတစ်ယောက် ရဲ့ လစာထုတ်စာရွက်လေးဖတ်ဖူးပါတယ်။
ဟိုနှုတ် ဒီနှုတ် နဲ့ဒဏ်ကြေးတွေဆောင်လိုက်တာ ၃၀၀၀ဝ လောက်ဘဲကျန်ပါရောလား ။
စက်ရုံလောကမှာလည်း ရာခိုင်နှုံးအတိအကျမပြောနိုင်ပေမယ့် တချို့စက်ရုံတွေက သိပ်ကောင်းလှတယ်မဟုတ်ပြန်ဘူး ။
ကျနော့်အလုပ်က ဝန်ထမ်းအမျိုးသမီးတွေဟာ အထည်ချုပ်စက်ရုံအတော်များများမှာလုပ်လာသူတွေပေါ့ ။
အဲ တစ်လက်စတည်း ကျနော်ခေတ္တ အလည်ရောက်ရှိနေတဲ့ အလုပ်ကအကြောင်းလေးတွေနဲ့ နှိုင်းကြည့်မိတယ် ။
ကျနော်တို့အလုပ်က ဝန်ထမ်းတွေရဲ့ ပညာရေးဟာ အလယ်တန်းအဆင့် ရေးတတ်ဖတ်တတ် ဆိုလက်ခံပါတယ် ။
အလုပ်ချိန် အတိအကျ ရ နာရီခွဲ မျှ ၊ နားရက် တစ်လ ကို ၃ရက် ။ ပေးတဲ့ လစာ ၁၂၀၀၀ဝ ဝန်းကျင်ပါ ။
အခါကြီးရက်ကြီးတွေမှာ မုန့်ဖိုးပဲဖိုး ၁၀၀၀ဝ ဝန်းကျင် ပေးပါတယ် ။တစ်နှစ်ပြည့်တိုင်းပြည့်တိုင်း မုန့်ဖိုးသဘော ၁၀၀၀၀ဝ ပေးလေ့ရှိတယ် ။ အတိုးမဲ့ ချေးငွေ ၆၀၀၀၀ဝ အထိချေးပေးတယ် ။
အမိုးအကာအောက်မှာ သန့်သန့်ရှင်းရှင်းနဲ့လုပ်ရပြီး (တချို့က စားပွဲနဲ့ ) အဲ ကွန်း မရှိပေမယ့် ပန်ကာအောက်မှာပါ ။
သိပ်ပြီးပြည့်စုံကောင်းမွန်လှတာမဟုတ်ပေမယ့် ဒေါ်တုန်ပြောတဲ့ ကောင်လေးထက်တော့ သာမယ်ထင်ပါတယ် ။
သူတို့က ဒေသခံဆိုတော့ ခရီးစရိတ်လည်းမကုန်ပြန်ဘူး ။ ဒါပေမယ့် ……
လုပ်ငန်းသက်တမ်း 7 နှစ်နီးပါးမှာ ဝန်ထမ်း 50 လောက် အပြောင်းအလဲဖြစ်တယ် ။လုပ်ငန်းလိုအပ်ချက်က ဝန်ထမ်း ၄ ယောက်နဲ့ လုပ်လို့ရတဲ့ ပေါက်စန အလုပ်သေးသေးလေးပါ ။
သူတို့ ဘာကြောင့် ပြောင်းရွေ့ကြသလဲ ?
သူတို့ ဘယ်ကိုပြောင်းကြသလဲ ?
မူလပထမ အစကတော့ ဆယ်တန်းအောင်တွေ ဘွဲ့ရတွေလည်းခန့်ခဲ့သေးတာပေါ့ ။
ဘွဲ့ရပြီးသူတွေက လပိုင်းလောက်ပဲလုပ်ကြတယ် ။ ဆယ်တန်းအောင်သူတွေကလည်း လ အနည်းငယ်ဘဲလုပ်ပါတယ် ။ နှစ်ယောက်ပဲ နှစ်နှစ်ကျော် လုပ်ပြီး တစ်ယောက်ကတော့ ဘွဲ့ရပြီးသည်အထိ အလုပ်လုပ်ရင်း ကျောင်းတက်သွားကြတာပါ ။
အများစုရဲ့ အိမ်မက်တွေကတော့ သူတို့နေထိုင်ရာ မြို့သစ်တွေကနေ မြို့ထဲက စတိုးဆိုင်တွေ စူပါမတ်တွေမှာ လာလုပ်ဖို့ကြိုးစားကြတာပါဘဲ ။
ဘွဲ့ရပြိီးသူတွေကတော့ မကြာခဏကြည့်ရတဲ့ ဗီဒီယိုတွေထဲကလို ကုမ္ပဏီကြီးတွေမှာ လုပ်ဖို့ စိတ်ကူးယဉ်ကြပါတယ် ။
ဆယ်တန်းအောင်ပြီးတဲ့သူတွေကတော့ စူပါမတ်တွေမှာ သွားလုပ်ချင်ကြတာပေါ့။
သူတို့အားလုံးဟာ တကယ်တော့ အထည်ချုပ်စက်ရုံတွေမှာ လုပ်ခဲ့ဖူးသူတွေပါ ။
တချို့က စက်ရုံနှစ်ရုံ ၊ တချို့က
လေးငါးခြောက်ရုံပြောင်းခဲ့ဖူးသူတွေချည်းပါဘဲ ။ ယောက်ကျားလေးအများစုကတော့ ဝီစကီ စက်ရုံတို့ VV စက်ရုံတို့က လာကြသူတွေပေါ့ ။
ကျနော်တို့အလုပ်ပေါက်စလေးမှာ အလုပ်သင်ပြီး စိန်ဂေဟာမှာ ငွေရှင်းကောင်တာ တာဝန်ခံလုပ်တဲ့တစ်ယောက်လည်း ၃ လလောက်ဘဲ လုပ်ပြီးထွက်ပြန်တယ် တဲ့ ။
ယူနီဖေါင်းဆင်တူ ၊ မိတ်ကပ်ထူထူလိမ်းပြီး သန့်ရှင်းသပ်ရပ်တဲ့နေရာ လေအေးစက်လွှတ်ပေးထားတဲ့နေရာမှာ အလုပ်လုပ်ရပေမယ့် ၊ သွားစရိတ် လာစရိတ်နဲ့ ရတဲ့လစာ မကိုက်ဘူးလို့ဆိုပါတယ် ။ အလုပ်ချိန်အတွင်းမှာလည်း မတ်တပ်ရပ်ပြီး ဆက်တိုက်အလုပ်များကြတာဆိုတော့ ပင်ပန်းကြတာပေါ့ ။
ကျနော်တို့အလုပ်မှာ ၊ ဒါမှမဟုတ် စက်ရုံတွေမှာ သနပ်ခါးဘဲကြားနဲ့ အလုပ်ဆင်းလို့ရပေမယ့် ၊စူပါမတ်တွေမှာတော့ သင့်တော်တဲ့ ဖီးလိမ်းပြင်ဆင်မှုတွေကြောင့်
အလှပြင်စားရိတ်လည်း နေ့စဉ်ထွက်ပါတယ် ။ အဲဒီက အလုပ်ထွက်လာတဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ကတော့ အခုထိအဆက်အသွယ်မပြတ်တော့ သူအလုပ်ပေါင်းစုံလုပ်ပြီး မမြဲတာသိနေရပါတယ် ။
ကောင်လေးတစ်ယောက်ကတော့ ကာရာအိုကေ ဆိုင်မှာ ဧည့်ကြိုဝန်ထမ်းသွားလုပ်ပါတယ် ။
ပိုပ်ဆံကတော့ များများရပါတယ် ။သိတဲ့အတိုင်း မုန့်ဘိုးပဲဘိုးအပြင် ကောင်မလေးတွေ ဘာညာတွေနဲ့ ချိတ်ပေး ၊ ဘာညာ ဆိုတော့ ပိုက်ပိုက်ရွှင်တာပေါ့ ။
ဒါပေမယ့် ဒီအလုပ်မျိုးတွေဟာ ရေရှည် တည်မြဲတာမှမဟုတ်ဘဲ ။ ဒီကောင်လေးလည်း လမ်းပေါ်ပြန်တွေ့နေရပြန်ရော ။
ပြောရရင် ဇတ်လမ်းတွေအများကြီးဘဲဗျာ ။ သူတို့အခက်ကြုံရင် ရောက်ရောက် လာတတ်တော့ သိနေရတယ်လေ ။
အဓိက ပြောချင်တာက နေရာတွေမှားနေတယ်ထင်မိတာဘဲ ။
ဒေါ်တုန်ပြောတဲ့ ကောင်လေးလိုလူဆို ကျနော်တို့ဆီမှာ အဆင်ပြေနိုင်ပေမယ့်
သူလိုလူကလည်း ကိုယ့်ဆီ ရောက်မလာပြန်ဘူး ။ လာပြန်ရင်လည်း သူ့ရဲ့အိမ်မက်နဲ့ လက်တွေ့ဘဝက ကိုက်ချင်မှကိုက်မှာလေ။
ဒီလို ဒီလိုနဲ့ဘဲ ထွက်လိုက် ဝင်လာလိုက် ပြောင်းလိုက် စမ်းကြည့်လိုက်နဲ့ လုံးလည် လိုက်နေပြန်ရော ။
စံချိန်စံညွှန်းတွေနဲ့အညီကိုက်ညီဖို့တော့ ဝေးနေဦးမယ်ထင်မိတယ် ။
ကဲကဲ မဆုံရတာကြာလို့ လေဖေါနေတာလည်း ပို့စ်တစ်ပုဒ် စာရှိရော့မယ် ။
အချိန်ရရင် မကြာမကြာ ရေးပါဦးနော ။
့
etone
July 8, 2014 at 12:07 pm
မင်္ဂလာပါ ယောက္ခမရီးရေ ….
စာပြန်ရေးချင်ပေမယ့် အချိန်က ကန့်သတ်ချက်တစ်ခုဖြစ်နေတယ် …. ဘယ်လိုမှ လှုပ်မရဘူး ။
ပြည့်စုံလွန်းတဲ့ ကော့မန့်လေးအတွက် ကျေးဇူးပါ …
သားလေးကိုလည်း ဂရုစိုက်ပါ … ဟီး
alinsett (gazette)
July 6, 2014 at 11:12 am
ဆုတောင်းတယ် ပဲ…ဆိုဆို..ဆန္ဒပြုတယ်ပဲ….ပြောပြော…
မဖြစ်သင့်တာတော်တော်များများ ဖြစ်နေရာကနေ..ရပ်
ဖြစ်သင့်တာတွေ… ဖြစ်မယ့် အလားအလာတွေ..ထွက်…
ဒါပဲ..ပြောချင်နေမိတယ်.. ။
😆
မင်္ဂလာပါ မအိတုံ
ဒီလို အတွေးအရေးတွေ.. အဆက်မပြတ် ဖတ်ချင်နေတယ်လို ့..ပြောရင်… ယုံပါ
TNA
July 6, 2014 at 1:15 pm
မင်္ဂလာပါတုန်တုန်။ ပြန်လာပြီးပြန်မသွားပါနဲ့တော့လို့။ အခုတုန်တုန်ပြောတဲ့ပြသနာတွေအရင်းစစ်ရင်တော့မင်းကြီးတာကပဲထွက်ရလိမ့်မယ်ထင်တယ်။ အလုပ်ရှင်အလုပ်သမားဥပဒေကိုတင်းကျပ်စွာမကိုင်တွယ်တဲ့အစိုးရကြောင့် အလုပ်ရှင်ကော အလုပ်သမားပါ နစ်နာမှု့တွေမကြာခဏကြားနေရတယ်
ကိုပေါက်(မန္တလေး)
July 6, 2014 at 1:44 pm
တေးကလုံ
ဖုန်း sms နဲ့ ပို့ ပေး တဲ့ မွေးေ န့ ဆု တောင်းလေး အတွက် ကျေး ကျေး။
ဒီ အလုပ် ရှင် အလုပ် သမား ပြဿ နာ ကို ရေး မယ် စိတ ်ကူး ပြီး စာ တွေ ချ ရိုက်လိုက်တိုင်း
တစ်ဝက်လောက်ရေးပြီး ရင် ဆက် မရေး ချင်အောင်ဖြစ်ဖြစ် သွား ပါတယ်။
အမှန် အတိုင်း အဖြစ် အတိုင်း ပ က တိ အတိုင်းရေး လိုက် မယ် ဆို ရင်
အလုပ်ရှင်ဘက်က ရော အလုပ် သမား ဘက် က ပါ လက် ခံ နိုင် မယ် မ ထင် မိ လို့ပါ။
တစ်ရက်တော့ အပြီး ထိ ရေး ဖြစ ်မယ် ထင် ပါ တ.ယ။်
Ma Ma
July 6, 2014 at 3:21 pm
အီတုံးလက်ရာလေးတွေ မဖတ်ရတာကြာပြီ။
အခုလိုပြန်တွေ့ရတာ ဝမ်းသာပါတယ်။
အချိ ု့အချိ ု့သောဝန်ထမ်းတွေက tip money လေးမှ မရရင် ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို အလကားလုပ်ပေးနေရသလို မျက်နှာထားတင်းတင်းနဲ့၊ ပြန်မပြောနားမထောင်၊ မကြားချင်ဟန်ဆောင်နေတာမျိုးတွေနဲ့ ပညာပြကြတယ်။
အဲဒီလို အချိုးမျိုးဆို စိတ်တိုင်းမကျလို့ tip money ကို မပေးဖြစ်တော့ဘူး။
စားသောက်ဆိုင်တစ်ဆိုင်သွားတုန်းက စားပွဲထိုးလေးတစ်ယောက် Tip money ကို မမျှော်ပဲ၊ သွက်သွက်လက်လက်ဖြတ်ဖြတ်လတ်လတ်နဲ့ တာဝန်ကိုစေတနာပါပေါင်းပြီး ဝန်ဆောင်မှုပေးလို့ ပြန်ခါနီးမှ Tip money ပေးပြီး သူ့စိတ်ဓာတ်ကို အားပေးထောက်ခံပေးလိုက်တယ်။ 🙂
Ko chogyi
July 7, 2014 at 6:06 am
ကိုယ်တွေ့ဖူးတဲ့အလုပ်ရှင်ကတစ်မျိုး အလုပ်သမားတွေမထွက်အောင်ဆိုပြီး
ပိုက်ဆံတွေချေးပေးထားတယ် လစာထုတ်ရင်ကြွေးဆပ် ပြီးတော့ ပြန်ချေး လည်နေတာပဲ
ထွက်ခြင်ရင် အကြွေးကျေအောင်ဆပ်ပြီးမှထွက်
kai
July 7, 2014 at 8:30 am
ဆုတောင်းတာဖြစ်မဖြစ်တော့မသိ… လက်တွေ့ကတော့…
မြန်မာပြည်ဝန်ထမ်းလောကအတွက်.. နို်င်ဂျံဂါးရင်းနှီးမြုတ်နှံသူတွေဆီက…. သတင်းကြားရတာက.. “တတ်ထွက်”တဲ့..
အလုပ်ရှင်က.. နိုင်ဂျံဂါးကမို့.. ထရိန်နင်ပေးရတယ်.။ ပေးပြီး..တတ်ရင်.. အလုပ်ထွက်တာကို.. “တတ်ထွက်”ဆိုတာပဲ..။ တပ်ထွက်တွေ အုပ်ချုပ်မင်းလုပ်နေတဲ့နိုင်ငံမို့.. ဖြစ်တော့နိုင်တာပဲ..
(ဟုတ်မဟုတ်မသိ…)
ကမ္ဘာ့နိုင်ငံကြီးတွေမှာ.. အဲလိုပြဿနာတွေ ဖြေရှင်းနည်းကတော့.. အလုပ်သမားသမဂ္ဂတွေဖွဲ့ပြီးကိုင်တွယ်ခိုင်း/စေတာပါ..။
ယူအက်စ်မှာဆို.. ဒီမိုကရက်ပါတီက… သမဂ္ဂတွေအပေါ်ကနေ.. နိုင်ငံရေးအရအပြန်အလှန်မှီခို.. အလုပ်လုပ်ကြတာများပါတယ်..။
မြန်မာပြည်မယ်. ဒဲဒါမျိုး… ဒီချုပ်ကလုပ်မယ်ထင်တာ.. မလုပ်..
ဆိုတော့… ၈၈ ကလုပ်မယ်ထင်ပြန်တော့လည်း… မလုပ်…
ဒီလိုနဲ့… :buu:
ကိုပေါက်(မန္တလေး)
July 7, 2014 at 9:26 am
ကို ခိုင် ရေ
ဒီမှာ က ခေါင်း စဉ် အမျိုး မျိုး တတ် ထား တဲ့ အဖွဲ့ အစည်းတွေက နာ မယ် ခံ သက် သက်လို ဖြစ ်နေတယ်။
အဲ တော့ အလုပ် သမား နဲ့ အလုပ် ရှင် အဆင် ပြေ အောင် ညှိ ပြီး လုပ် ကြ ရ ပါတယ်။
အလုပ်ရှင်က လဲ ဈေး ပေါ ပေါ နဲ့ ဘဲ ခိုင်း ဘို့ ကြိုး စား နေ တာ ကို တွေ့ နေ ရ ပါ သေးတယ်။
ပြည် တွင်း ပြည် ပ အလုပ် ရှင် အားလ ုံး အကုန် နီး ပါ း ဒီ သဘော ထား ကို မြင် နေရ ပါတယ်။
အဲ တော့အလုပ် သမား က လဲ ဘယ် မှာ မှ စွဲ စွဲ မြဲ မြဲ မ လုပ် တော့။
ပို ပေး တဲ့ နောက် ကို လိုက် တာ ပါ ဘဲ
အလုပ်သမား မြဲ ဘို့ က ဖေစ် ဘုတ် မှာ ကျ နော် မန်း ထား တဲ့ အတိုင်း ပါဘဲ။
လုံလောက် တဲ့ လစာ ငွေ ပေး ရ မယ်
စိတ် လွတ် လပ် မူ့ ရှိ ရ မယ်
အပြန်အလှန် နား လည် စာ နာ မူ့ ရှိ ရ မယ်
တိုး တက် မူ့ ရှိ မယ်
ဒါ ဆို ရင် သေချာ ပေါက် ကြာ ကြာ နေမှာ အမှန် ပါဘဲ
ဦးဦးပါလေရာ
July 7, 2014 at 10:48 am
.ပထမပြောချင်တာက ဒီကလေးရဲ့ လစာက အရမ်းနဲတယ်…။
.တစ်နေ့ ဆယ့်နှစ်နာရီလုပ်ရရင် ဘယ်လောက်ညံ့ညံ့ တစ်လ နှစ်သိန်းထက်လျှော့ပေးလို့ မဖြစ်ဘူး…။
.လက်ရှိ အောက်ခြေအလုပ်သမားဝင်ငွေအမှန်တွေကို
.(သူကြီးအပါအဝင်) အောက်ခြေလူတန်းစားတွေနဲ့ တကယ်မထိတွေ့တဲ့လူတွေသိဖို့ ပြောပြချင်တယ်။
.ပန်းရံ လက်သမား မီးရိုက်အကူ(အကြမ်း) – တရက် ၅၀၀၀- ၆၀၀၀
.ဆောက်လုပ်ရေး/ဝန်ဆောင်မှု့ အလုပ်သမား ပျမ်းမျှ – တရက် ၇၀၀၀- ၁၀၀၀၀
.ပန်းရံဆရာ လက်သမားဆရာ မီးဆရာ ရေဆရာ အလုပ်ခွင်ကြီးကြပ်သူ တရက် ၁၀၀၀၀-၁၅၀၀၀
.ဆိပ်ကမ်း / ဈေး အစရှိသည်တွေက ကာယလုပ်သား – တရက်ပျှမ်းမျှ ၁၀၀၀၀- ၁၅၀၀၀
.ဈေးသည် / ခေါင်းရွက်ဗျက်ထိုး/ လမ်းဘေး ဈေးရောင်းများ၊ ကွမ်းယာဗန်းသေး တရက် ၁၀၀၀၀- ၁၅၀၀၀
.ဆိုက်ကားနင်း တရက် – ၁၀၀၀၀
.တက္ကစီ အငှားမောင်း တရက် ၁၅၀၀၀- ၃၀၀၀၀
.ဘတ်စ်ကား ဒရိုင်ဘာ တရက်ပျှမ်းမျှ ၂၀၀၀၀
.ဘတ်စ်ကား စပါယ်ယာ တရပ်ပျှမ်းမျှ- ၁၀၀၀၀- ၁၅၀၀၀
.ကျုပ်ဆီက အလုပ်ထွက်သွားပြီး မင်္ဂလာဈေးနားမှာ ရှမ်းခေါက်ဆွဲမတ်တပ်သွားရောင်းတဲ့ကောင်လေး
.တစ်လ- ရ သိန်း မှ ၁ဝ သိန်း အတွင်း။
.ပြောချင်တာက –
.တစ်လ ၇၀၀၀ဝ ပေးတာကို ဆက်လုပ်တာ သူကိုက မှားတာဖြစ်တယ်…။
.ဘာမှားသလဲဆိုတာ ကျုပ်သိတယ်…
(ခေတ်ပေါင်းစုံမှာ အလုပ်ခွင်မျိုးစုံမှာ ဝန်ထမ်းမျိုးစုံ ၂၀၀ဝ ကျော် ကိုင်တွယ်ဖူးတဲ့သူအနေနဲ့..)
.ဘာမှားသလဲဆိုတာ ကျုပ်သိတယ်…
.ဒါပေမယ့် ထုတ်ပြောလို့မရဘူး…
.ထုတ်ပြောရင် အဆဲခံရမယ်….
.အဆဲခံရတာက ကိစ္စမရှိဘူး…
.ထုတ်ပြောလဲ ဘာမှအကျိုးမရှိဘူး….
kai
July 7, 2014 at 12:22 pm
အဲဒါကို နည်းနည်းတိတိကျကျ.. Confirm ပေးစေလိုပါတယ်ဦးပါခင်ဗျ။
တခြားရွာသူားများလည်း သိသလောက်ဖြည့်ပေးပါ။
ယူအက်စ်ကသူတွေ မသိကြတာအသေအချာမို့… သတင်းစာထဲထည့်သုံးမလို့ပါ။
သတင်းစာက US အစိုးရဆီမှတ်တမ်းဝင်တာမို့ တကယ့်စာရင်းဝင်ဖြစ်သွားနိုင်ချေရှိပါတယ်။
weiwei
July 7, 2014 at 4:11 pm
ဦးပါ ပြောတဲ့ လုပ်ခတွေက အမှန်တွေပါ …
လုပ်ငန်းနဲ့လူပေါ်မူတည်ပြီး အနဲငယ် အပြောင်းအလဲတော့ ရှိတာပေါ့ .
Ma Ma
July 7, 2014 at 10:36 pm
နေ့စားလစာနဲ့ လခစားလစာနဲ့တော့ ကွာလိမ့်မယ်ထင်တယ်။
အခုဒီမှာ ဝန်ထမ်းခေါ်ပေးတဲ့ ကုမ္ပဏီတွေကတဆင့်ခေါ်ရင် ……
အခြေခံပညာရေး ၁ဝတန်းလောက်တတ်ရင် (အောင်ဖို့မလို) ၇၀၀၀၀- ၈၀၀၀ဝ လောက် ပေးရတယ်။
နေ စား ငြိမ်း ပေးမယ်ဆိုရင် အလုပ်သင် ၅၀၀၀၀- ၆၀၀၀ဝ လောက် ပေးရတယ်။
ဘွဲ့ရလည်း လုပ်ငန်းကျွမ်းကျင်မှု မရှိသေးရင် လစာ သိပ်မထူးဘူး။
ပုခုံးထမ်းအလုပ်သမားတွေလုပ်ခက တစ်နေ့ကို အလုပ်ရှိရင် ရှိသလို ၁၀၀၀ဝ လောက်ရပေမယ့်၊
အလုပ်မပေးနိုင်တဲ့အခါ အခြေခံနေ့စားခကတော့ ၃၀၀၀- ၄၀၀ဝ ပေးရတယ်။
kai
July 8, 2014 at 7:22 am
တလ ဘယ်နှရက်.. တရက်ဘယ်နှနာရီလောက်အလုပ်လုပ်ရတာလည်းအမတော်ခင်ဗျ..။
Ma Ma
July 9, 2014 at 7:34 pm
အပတ်တိုင်း တနင်္ဂနွေပိတ်တယ်။
ကြားထဲက အခါကြီးရက်ကြီး (ဒေဝါလီ၊ လွတ်လပ်ရေး၊ သီတင်းကျွတ်လပြည့် စသဖြင့်) တွေလည်း ပိတ်တယ်။
ကျမတို့အလုပ်အနေနဲ့ အလုပ်ချိန်ကတော့ တိတိကျကျမရှိဘူး။
အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို ၆လ အလုပ်များပြီး၊ ၆လ အလုပ်နည်းတယ်။
အလုပ်များတဲ့ ရာသီမှာ တစ်နေ့ ၁၂နာရီလောက်လုပ်ရတယ်။
အလုပ်နည်းတဲ့ ရာသီတော့ တစ်နေ့ ၄-၅ နာရီလောက်ပဲ အလုပ်ရှိတယ်။
တစ်ခုက ကြားထဲမှာ (သင်္ကြန်၊ သီတင်းကျွတ် စသဖြင့်) ပျော်ပွဲရွှင်ပွဲတွေအတွက် မုန့်ဖိုးပေးတယ်။
နှစ်ပြည့်ရင်တော့ ဘောနပ်ခံစားခွင့်ရှိတယ်။
ဘောနပ်က တစ်လစာ (သို့) နှစ်လစာ (လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး) ရတယ်။
Choo
July 7, 2014 at 3:33 pm
အဲ့ဒီထုတ်မပြောတဲ့ အမှားကိုသိဂျင်တယ်
ကျနော်လဲ အလုပ်တွေ အလုပ်သမားတွေနဲ့ပက်သက်ရင် တဂယ်နားမလည်နိုင်တဲ့ရွေးချယ်မှုတွေရှိ နေတာကိုတွေ့ရတယ်
မိုးအရမ်းသဲနေလို့အင်တာဗျူးသွားမဖြေတော့တဲ့ ပညာတတ်တွေ
အကြောင်းအမျိုးမျိုးကြောင့်သတ်မှတ်ချိန်ထက် နောက်ကျပီးမှ အင်တာဗျူးဖို့ရောက်လာတဲ့ ပညာတတ်တွေ
အင်တာဗျူးဖြေပီး အလုပ်ရပီးမှ ရုံးတက်ရမယ့်ရက်ကျတော့ ရောက်မလာလို့ဆက်သွယ်တော့ ကိုယ်တိုင်ဖုံးကိုင်ပီးမှ ဗြောင်လိမ်ဗြောင်စားလုပ်တတ်တဲ့ ပညာတတ်တွေ
လကုန်ပီးနောက်တရက် ရုံးမလာတော့ဘဲပျောက်သွားတဲ့ ပညာတတ်တွေ
ဘွဲ့လက်မှတ်ထောက်ခံစာနဲ့ အခြေခံလစာ ၂သိန်းလိုချင်နေတဲ့ ပညာတတ်တွေ
(အဲ့ဒါမျိုးတွေကို ဟိုပါဖောမန့်တင်ဆက်သူကို သိဇေဂျင်ဒယ်)
ဝက်ဆိုက်တွေမှာတွေ့ရတဲ့ လုပ်မယ့်သူမပေါ်လာသေးတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ
အဲ့လိုအလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပက်သက်ပီးစင်ဇားမိရင် ဟိုပါဖောမန့်တင်ဆက်သူကို ဆဲဂျင်ဒယ်ဗျာ…………….. 🙁
kyeemite
July 8, 2014 at 11:27 am
လုပ်ခလစာအကြောင်းပြောရရင်…ကျုပ်လုပ်နေတဲ့စက်ရုံမှာ
အလယ်တန်းအဆင့်…အတွေ့အကြုံမရှိတဲ့ လူသစ်ကို ဝင်ဝင်ချင်း ရသောင်းပါ…
ဖယ်ရီပေးပါတယ်…ဒါလည်းလာလုပ်နေကြတာပါပဲ…
.
.
.
စက်ရုံ အလုပ်ရုံတွေကိုတော့
…အလုပ်သမားဝန်ကြီးဋ္ဌာနလက်အောက်ကဋ္ဌာနတွေ
စည်ပင်အောက်က ဋ္ဌာနတွေ
ကျန်းမာရေးဝန်ကြီးဋ္ဌာနလက်အောက်က…လုပ်ငန်းခွင်ကျန်းမာရေးဋ္ဌာနတွေ…ကတာဝန်ယူပြီးစစ်ဆေး
ကိုင်တွယ်ရတာပါ….
ဒါပေမဲ့ နာမည်ပဲရှိပြီး တကယ်မစစ်ဆေး၊ မကြီးကြပ်နိုင်ပါဘူး….
ယာဉ်ထိန်း ရှိပြီး မော်တော်ယာဉ်တွေ စည်းကမ်းမဲ့ ထင်သလိုမောင်းနေကြသလိုပေါ့…
အကြီးမားဆုံးပြသနာက ဥပဒေတွေခေတ်နဲ့မလျှော်ညီတော့တာရယ်…
ဥပဒေကိုစည်းကြပ်အကောင်အထည်ဖေါ်ပေးမဲ့ ဝန်ထမ်းတွေအလုပ်မလုပ်တာရယ်ကြောင့်ပါ…
ကျုပ်လုပ်သက်တစ်လျှောက်တော့ ဘယ်စက်ရုံအလုပ်ရုံကိုမှ အလုပ်ရုံများအက်ဥပဒေပါ စည်းမျဉ်းတွေမလိုက်နာလို့ တရားစွဲတယ်လို့ မကြားဖူးပါဘူး…. :buu:
ဒေါ်အီးတုံးပြောတဲ့အောတစ်ကတော့ ဘိုင်ယာ ဘက်က ငှားစစ်ခိုင်းတဲ့ တကယ့်ပရော်ဖက်ရှင်နယ်အောတစ်တွေပါ….လိမ်လို့မရပါဘူး…
အောင်ဖို့လည်းမလွယ်ပါဘူး….အီးတုံးတို့စက်ရုံက အောင်ပြီးပြီဆိုတော့
ဝမ်းသာဂုဏ်ယူပါတယ်ဗျာ…အဲ့လို လူ့အခွင့်အရေးတန်ဖိုးထားတဲ့ Buyer တွေများလာဖို့မျှော်လင့်မိပါတယ်…
etone
July 8, 2014 at 12:16 pm
အဲဗရီးဘာဒီ မင်ဂါဘာ….
တယောက်ချင်းစီကို စာပြန်ရေးချင်ပါတယ် ။ ဒါပေမယ့် အခြေနေက လုံးဝ လှုပ်လို့မရတဲ့ အနေထား ။
ထမင်းစားချိန်မှာတောင် …. မြန်မြန်စားပြီး အလုပ်ထိုင်လုပ်ရတယ် … ။တခါတလေ ဇွန်းတန်းလန်းနဲ့ ထမင်းဗူးရှေ့ချပြီး အခုလို ရွာထဲရောက်ရင်ရောက်လာတတ်တာမျိုး … ။ (ဘယ်သူ့မှ မခိုင်းပါဘူး ကိုယ်တိုင်က မနေနိုင်လို့ .. ကျွန်ဇာတာ ပါလာတယ်ပဲ ဆိုရမယ် … ) … ။
ဒီအော်ဒါရဖို့ အဖက်ဖက်က အရမ်းပြောင်းလဲထားရတာ ကိုယ်က ဒီအော်ဒါအတွက် ကွန်ထရိုလာ ၊ ကိုယ်တယောက် အသုံးမကျလို့ ဒါကြီးတခုခု လွဲချော်သွားမှာ အရမ်းကြောက်ပါတယ် .. တခုခုသာ လွဲချော်ခဲ့လျှင် ထွက်သွားရသည့်တိုင် bad image က ကျန်ခဲ့မှာမျိုး … ။ဒါကြောင့် ညဘက်တွေလည်း မိုးချုပ်တဲ့ အထိ အိမ်မှာ အလုပ်လုပ်ရတယ် …. ။ 😥
etone
July 8, 2014 at 12:18 pm
အဲဗရီးဘာဒီ မင်ဂါဘာ….
ကော့မန့်တခုချင်းစီကို ပြန်မရေးဖြစ်တာ အားနာပါတယ် … အသေးစိတ်ဆွေးနွေးပေးတဲ့ ကော့မန့်လေးတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ..
တယောက်ချင်းစီကို စာပြန်ရေးချင်ပါတယ် ။ ဒါပေမယ့် အခြေနေက လုံးဝ လှုပ်လို့မရတဲ့ အနေထား ။
ထမင်းစားချိန်မှာတောင် …. မြန်မြန်စားပြီး အလုပ်ထိုင်လုပ်ရတယ် … ။တခါတလေ ဇွန်းတန်းလန်းနဲ့ ထမင်းဗူးရှေ့ချပြီး အခုလို ရွာထဲရောက်ရင်ရောက်လာတတ်တာမျိုး … ။ (ဘယ်သူ့မှ မခိုင်းပါဘူး ကိုယ်တိုင်က မနေနိုင်လို့ .. ကျွန်ဇာတာ ပါလာတယ်ပဲ ဆိုရမယ် … ) … ။
ဒီအော်ဒါရဖို့ အဖက်ဖက်က အရမ်းပြောင်းလဲထားရတာ ကိုယ်က ဒီအော်ဒါအတွက် ကွန်ထရိုလာ ၊ ကိုယ်တယောက် အသုံးမကျလို့ ဒါကြီးတခုခု လွဲချော်သွားမှာ အရမ်းကြောက်ပါတယ် .. တခုခုသာ လွဲချော်ခဲ့လျှင် ထွက်သွားရသည့်တိုင် bad image က ကျန်ခဲ့မှာမျိုး … ။ဒါကြောင့် ညဘက်တွေလည်း မိုးချုပ်တဲ့ အထိ အိမ်မှာ အလုပ်လုပ်ရတယ် …. ။ 😥
kyeemite
July 8, 2014 at 2:21 pm
😥 ကိုယ်လည်းဒီဘွမျိုး ကလာတာဆိုတော့ ကိုယ်ချင်းစာမိပါတယ်
padonmar
July 9, 2014 at 10:26 pm
အလုပ် မရှိဘူး ဟုတ်လား? ဘာလို့ စားပွဲထိုး မလုပ်တာလဲ? – အက်စတာမက်ဗီ
အက်စတာ မက်ဗီ ဆိုတာ အသက် ၄ရ နှစ်သာ ရှိသေးတဲ့ ဗြိတိန်ရဲ့ အလုပ်သမား ရေးရာ ဝန်ကြီး ဖြစ်ပါတယ်။ မြန်မာပြည်မှာတင်မက ဗြိတိန်မှာပါ အလုပ်ရှားပါးမှု ပြဿနာ ကြုံတွေ့နေတုန်း သူပြောတဲ့ စကားဟာ အတော်လေး ကမ္ဘာကျော်သွား ပါတယ်။
‘အလုပ်မရှိဘူးလား? ဘာလို့ ကော်ဖီဘားမှာ စားပွဲထိုး မလုပ်တာလဲ’ တဲ့။ သူမက ဆက်ပြော ပါတယ်။ ဗြိတိန်မှာ အလုပ်မရှားပါဘူးတဲ့။ လူငယ်တွေ အလုပ် အရမ်း ရွေးကြပါတယ်တဲ့။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ၊ အောင်မြင်သူတွေကို အထင်ကြီး လေးစား အတုယူကြတဲ့ ခေတ်ထဲမှာ လူငယ်တွေဟာလည်း လိုက်ဖြစ်ချင် ကြတယ်။ ဒါပေမယ့် သူတို့လို ဖြစ်ဖို့အတွက် သုညကနေ စရမယ် ဆိုတာကို မသိကြ ဘူး။ အလုပ်တစ်ခုလျှောက်တိုင်း ကိုယ်လိုချင်တဲ့ ရာထူး နဲ့ လစာ မဟုတ်တာနဲ့ပဲ မလုပ်ပဲ ထွက်ခွာသွားကြတယ်။ နောက်တော့ ဒုက္ခ ရောက်တဲ့သူဟာ ကာယကံရှင် ကိုယ်တိုင် ပါပဲ လို့ ဆိုပါတယ်။
အလုပ် စလုပ်သူတိုင်း ဘယ်လောက်ပဲ ပညာအရည်အချင်း ရှိရှိ မာန်မာန ခဝါချလို့ Entry Level ကနေ စလုပ်ဖို့ လိုကြောင်း သူမဟာ တိုက်တွန်း ခဲ့ ပါတယ်။ သူမ ကိုယ်တိုင်ဟာလည်း တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားလို့ Entry level ကနေ ဝန်ကြီး ဖြစ်လာသူ ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူများထဲမှ အလုပ် ရှာနေသူ များလည်း သူမရဲ့ နည်းနာကို ယူကြဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
……….
ဆိုင်မလားလို့…
black chaw
July 15, 2014 at 12:33 pm
လောလော ဆယ် ဖတ်သွားတယ်ဆိုတာလေး ဝင်ပြောသွားတာပါဗျ။
Etone စာပြန်ရေးလာတာကို ကြိုဆိုပါတယ်ခင်ဗျ။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
manawphyulay
August 5, 2014 at 12:05 pm
အင်း အမဆို အမြဲ ကြုံရပါတယ်။ ဖိနပ်ဆိုလည်း သေချာ မရှာရဘူး။ အမ ဆိုက်မရှိဘူးဆိုပြီး လှည့်တောင် မကြည့်ပဲ စကားပြော မပျက်လည်း ကြုံရသလို တချို့ဆိုင်တွေကျတော့ အသည်းအသန် ဘာမှမကြည့်ရသေးဘူး လိုက်မေးတာလည်း ခံရဖူးတယ်။ တချို့ကျပြန်တော့ လုပ်ငန်းခွင်အတွင်း ဈေးဝယ်သူကို မကြည့်ပဲ အလုပ်ရှင်နဲ့ အလုပ်သမား နင်ပဲ ငဆ စကားများနေတာလည်း ကြုံခဲ့ရတယ်။ အလုပ်သမားဘက်ကရော အလုပ်ရှင်ဘက်ကရော ကိုယ့်တာဝန် ကိုယ်ကျေပွန်ရင်ဖြင့် အလုပ်သမားဥပဒေဆိုတာလည်း မလိုလောက်ဘူးလို့ အစ်မတော့ မြင်မိပါတယ် ညီမလေးရယ်….