August ကို မုန်းတယ်.. ။
ကျနော်တို ့…
လူငယ်စာချစ်သူတော်တော်များများရဲ ့ ရင်ထဲထိ..ရောက်အောင် ပို ့နိုင်တဲ ့…
စကားလုံးများ ဖန်တီးသူ…
ဆရာတာရာမင်းဝေ (သို ့မဟုတ်) ရွှေဘုန်းလူ….
ကျနော်တို ့ကို..ခွဲခွဲထားခဲ့တာ…
လွန်ခဲ့တဲ့… 2007 ခုနှစ်ရဲ .August ……မိုးဖွဲတွေနဲ ့..နေ့ရက်ကလေး..တစ်ရက်….
5 . 8 .2007 . တနင်္ဂနွေ / နေ့လည် 12 း 40 …. ကတည်းက….
ဒါပေမယ့်… အခုထိ…ကျနော်တို ့သူ့ကို မေ့လို ့မရသေးဘူး.. ။
သူ ့..အနုပညာတွေက… ကြယ်တစ်စင်းလိုပဲ…
ကျနော်တို ့ချစ်တဲ ့..စာပေကောင်းကင်မှာ.. လင်းလက်တောက်ပနေဆဲ..
ကျနော်တို ့… အဲဒီ ကြယ်စင်အလင်းတန်းတွေကို.. ဖမ်းဆုပ်ကြည့်ပြီး…
ရင်ထဲ..နင့်နင့်နဲနဲ… လွမ်းဆွတ်ကြေကွဲမိဆဲ…ပါပဲ… ။
ကျနော်… August လ ကို မုန်းတယ်.. ။
ဟောဒီ မိုးစက်တွေနဲ ့ ကောင်းကင်ကနေ..ကြွေကျလာခြင်းနဲ ့အတူ….
ကျနော်တို ့ချစ်တဲ့ အနုပညာရှင်တော်တော်များများက… ရောပါ..ကြွေကျသွားတတ်တယ်.. ။
ပြီးတော့… ၈ ဆိုတဲ ့ ဂဏန်း….
ကျနော် တော်တော် မုန်းတယ်.. ။
ကျနော့်ထက် မုန်းတဲ့သူတွေလည်း.. ရှိလိမ့်မယ်..။
ကျနော်တို ့သမိုင်းမှာ…ရိုင်းစိုင်းတဲ ့ ဖြစ်ရပ်တွေ… ၈ ဂဏန်းမှာ..ဖြစ်သွားဖူးတယ်.. ။
အဲဒီ ဆုံး ရှုံ းခြင်းတွေထဲက…. တစ်ခု….
ဆရာတာရာမင်းဝေ ကို… August မှာပဲ.. ဆုံးရှုံးလိုက်ရတယ်.. ။
မမေ့နိုင်ပါဘူး … ။
မနက်ဖြန် 7 August လ…ဟာ.. သူ ့ဈာပနကို..ငိုပွဲနဲ ့..နွဲခဲ့ရတယ်..နေ့ရက်…
တစ်ပါတ် ပြန်လည်လာတိုင်း… အခု ဖြစ်ပျက်သွားတာလိုလို… ခံစားရ… ကြေကွဲရပါတယ်.. ။
————-
ကဗျာဆရာ စောဝေ ရေးခဲ့တဲ့ စာသားလေးတစ်စကို..ပြန် …ရေရွတ်မိတယ်ဗျာ… ။
သေမင်းက…အကောင်းကြိုက်လွန်းလို ့… အလွမ်းကို.. ရွက်ကုန်ဖွင့်ထားရတယ်…
ကျနော်..အခု..လွမ်းပါတယ်.. ။
လွမ်းဆွတ်တမ်းတခြင်းအမှတ်တရ အနေနဲ ့…
ဆရာတာရာမင်းဝေ…သူ ့ရင်ဘတ်ကိုုဆွဲဖွင့်ပြလိုက်သလိုမျိုး…
ရေးသားသီကုံးခဲ့တဲ ့… သူ ့ကဗျာတစ်ချို ့ကို… ပြန် တင်ပြလိုက်ပါတယ်.. ။
အတူတူ ဖတ်ကြရအောင်…
အတူတူ လွမ်းကြရအောင်ဗျာ… ။
—————————————————
ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သချင်္ု ိင်းမြေမှာ
တရားရုံးရဲ့ ရာဇဝတ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်…
မင်းအတွက်…
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအဝ၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇဝင်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ… ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်…
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြု ိဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်…
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘဝအဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် … ။
(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန ္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်…
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘဝတဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇဝင်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးဩဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ…
(၅)
ညီလေးရေ
ရာဇဝင်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
ဪ..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်…. ။ ။
ရွှေဘုန်းလူ
(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော
“အရေးတော်ပုံမှ ထွက်လာသော ဝိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော
ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)
———————————————– ———————————–
ဥဒါန်း
ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို ့မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။
သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို ့
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို ့ဆိုရမယ်။
ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို ့ရယ်။
ဒီဘက် ကမာ္ဘခေတ်ရဲ ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို ့ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။
သားပျောက်ရှာနေတဲ့ အမေကို
သူ ့အောက်က မြေက
“မေမေ”လို ့ တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။
ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊
နေဝင်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။
ဒီနေ ့ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။
“ဟေ့ ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ်။
ရွှေဘုန်းလူ
———————————————————————————————————-
မျှော်
မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို ့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို ့တိုက်ပွဲဝင်နေပါတယ်။
ပိတ်မထားရသေးတဲ့
သားကြီးတို ့ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ ့ လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမာ္ဘမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။
တနေ ့နေ ့လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို ့ကြိုပါမေမေရယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို ့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို ့ တိုက်ပွဲဝင်နေပါတယ်။ ။
ရွှေဘုန်းလူ
——————————————————————————————————————–
သစ္စာတရားအတွက် မီးအိမ်တစ်လုံး
၁။
အရှင်…
သင်၏ခေါ်ရာ
ထပ်ချပ်…ငါ…လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို…ထူပါ။
ဟိုးမှာ…
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။
ဒီမှာ…
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ…ဘာတွေ တွေးပြီနည်း။
စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့စွမ်းမလဲကွယ်။
အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။
ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။
အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ…ရောက်အောင်သွားပါမည်လေ…။
၂။
နွေ…နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။
ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော … နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။
သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။
ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။
သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျှော်စရာမှမဟုတ်ပဲကွယ်။
၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား…ဆွဲခေါ်
ငါ… မမွေ့ပျှော်တော့ပါပြီ အရှင်။
၃။
ငါသည်…တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။
မိုး၏အမြင့်ကိုမသိ…ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား…
မြေ၏အနက်မှာပင် ဝေဝါးဆဲ။
စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။
ထိုသော… မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ဝင်ရောက်ပျောက်ကွယ်ခဲ့ပြီ။
ဤယနေ့ … ငါ … သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
၄။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။
ငါတို့သည်…လူသားများဖြစ်၏
လက်ဖဝါးမှာ
အမှားလက္ခဏာပါလေသည်။
ဟိုချိုး … သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။
အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။
အို … “လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။
သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။
နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။
၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။
စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။
ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။
ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။
အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ … ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။
ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။
၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။
လက်သီးဆုပ်ခြင်း … ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။
ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်
တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို … ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖဝါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် …။
၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ … နိမ့်ဝင်သွားတတ်၏။)
ကြက်ခြေခတ် … ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။
ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။
ထို့နောက် …
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် …
လူချင်းလဲကြပြန်၏။
အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေဝေနဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။
သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။
သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။
၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။
ရှင်သေမင်းက
အစွယ်တဝင်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။
ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှေက်
ခြောက်ခြားဖူးသည်။
တုန်ကောက်မရှိသူ … နှင့်
ချိုင်းထောက်မရှိသူ …
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။
တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလိုပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။
မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။
ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ … ထားခဲ့ချင်ပါပြီလေ။
၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။
ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။
ဘုရားပြောတာကိုမှ
ငါ… မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ… ယုံရတော့မည်လော။
အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး …နီး …နီး၍လာခဲ့ပြီ။
မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။
တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ …
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။
စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို … အရှင် …
မြေမှထသော ငါ့ကိုမြင်ပါ။
၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။
လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည်။
အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။
အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ဝင်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။
ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ … ကြားနေရ၏။
လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။
ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ … မြတ်သော ငါ့ …အရှင်။ ။
(ဗုဒ္ဓ … သို့)
တာရာမင်းဝေ
————————————————————————
ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ဝိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇဝင်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တဝဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈ရ – ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
… … နောက်ထပ် … …
… … နောက်ထပ် … …
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတိ္တဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရဝဏ် အဝင်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇဝင်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး … တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် …
နောက်ဆုံးနေ့အထိ …
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
ဒိန်းဒုံး ဆူညံသွားတယ် …
အဲဒီအခါ … ကျောင်းတော်မှာ …
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ … …
တလဲ့လဲ့ တဝင်းဝင်း
သွေးနီရောင် တောက်ပခါ …
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
အဲဒီထဲက တချို့ဟာ …
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း …
ထုံးတံတားကို လျှောက်နင်း …
ကျောင်းခန်းအတွင်း ဝတ္တရားအရထိုင်
ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
တချို့ကတော့ …
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို … လူစားတွေကိုတော့ …
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇဝင်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ … သမိုင်းမှာ …
“သစ္စာဖောက်” များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တဝုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ …
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ …
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ …
ကိုယ့်လက်ဖဝါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်…။
(၁၀)
နောက်ဆုံးမှာ …
ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို … သူရဲကောင်းတို့
အို … ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း …
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော …
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ …
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော …
သင်တို့၏ဝိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို … သူရဲကောင်းတို့
အို … ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးဩဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။
(ရွှေဘုန်းလူ)
————————————————————————————————————–
ခေါင်းလောင်းသံစာတမ်း
(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဉ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။
လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တဝင်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။
(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။
မုသားတစ်လွှာ မာယာတစ်ထပ်၊ဝတ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။
ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။
နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖဝါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။
(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။
ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။
မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။
မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။
ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။
(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။
(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။
ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာဓါးချင်းခုတ်ဖူးတယ်….။
ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။
ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။
မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။
(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။
ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။
ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀ဝ မရေရာ…။
တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။
(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။
မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။
နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။
သား…
ဘဝဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…
မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။
မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။
(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။
မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။
မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။
နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…
မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။
(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့
မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)
ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။
ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။
ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…ဝိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”
(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နို်း..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။
မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။
သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။
လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)
(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။
မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုုး…အဝေးကြီးမှာ..။
ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။
အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။
အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတို်င်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)
(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။
အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အဝါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။
ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။
မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..
(တာရာမင်းဝေ)
——————————————————————————————
———————————————-
ဟောဒီ စာအုပ်ထဲ…
တစ်ခုခု ရေးချရမယ်..ဆိုရင်…
မိတ်ဆွေများ… ဘာရေးမလဲ…ဗျာ…
14 comments
ခင် ခ
August 6, 2014 at 10:03 pm
ကျုပ်ကတော့ ဒီ August ကို မမုန်းနိုင်ဘူးဗျ
ဒီ August ဟာ ကျုပ်လူလောက ရောက်ခဲ့တဲ့ ကျုပ်သမိုင်း စခဲ့တဲ့လ ကျုပ်တို့ကျောင်းသားသွေး နီရဲသတ္တိကနေ လူထုအားနဲ့ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ မြန်မာသမိုင်း မှတ်တိုင်ထူခဲ့တဲ့လ အဲလို အဲလိုတွေ အမှတ်တရများစွာနဲ့လ မို့လေ။
အလင်းဆက်
August 7, 2014 at 4:18 pm
ဟုတ်သားပဲ
အဲ့လိုကျတော့လည်း လေး ခ က ဘယ်မုန်းနိုင်ပါ့မလဲ
😆
ဇီဇီ ခင်ဇော်
August 7, 2014 at 8:14 am
ရှိတဲ့သက်တမ်းမှာ ………….
ရှိသင့်တဲ့ အတွေးအခေါ်နဲ့
လုပ်ရပ်တွေ ပိုင်ဆိုင်သူမို့ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက်လို့ ပဲ မြင်တယ်။
တစ်ချို့ လူတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေက အသက်နဲ့ ပြောင်းပြန် အချိုးကျတာတွေ မြင်မြင်နေရတော့လေ။
:a:
ကြီးပေါ ဝန်ကြီး ၁ဝ ယောက် နဲ့ ရွှေဘုန်းလူ တစ်ယောက် လဲ လို့ ရရင်တောင် အလိုက်ပေးလဲ ချင်ရဲ့။
:a:
အလင်းဆက်
August 7, 2014 at 8:32 am
အဲ့လိုသာပြန် လဲလို့ရမယ်ဆိုရင် လဲချင်လိုက်တာမှ မမဂျီးရာ
ဆယ်ယောက်မဟုတ်ဘူး။ ပိုပိုသာသာလေး ထပ်ထည့်ပေးလိုက်ချင်သေးတာ ။
သူ တာဝန်ကျေတယ်။
သူ့လောက်တာဝန်မကျေသူတွေအများကြီးကြားမှာ
သူ့နိုင်ငံအတွက် သူ့လူမျိုးအတွက်
သူ့ဘာသာ သူ ့စာပေ သူ့အနုပညာအတွက်
တာ ဝန် ကျေ ပါ တယ်
kyeemite
August 7, 2014 at 10:22 am
သေမင်းက…အကောင်းကြိုက်လွန်းလို ့… အလွမ်းကို.. ရွက်ကုန်ဖွင့်ထားရတယ်… တဲ့လား ကဗျာဆရာကိုစောဝေ….ထိမိအောင်ပြောတတ်ပါပေတယ် 🙁
အလင်းဆက်
August 7, 2014 at 4:20 pm
ဟုတ်ပါ့ဗျာ။
အကောင်းကြိုက်လွန်းတဲ့ တေမင်း
တရုတ်ကြီး အကောင်းကိုကျတော့
မခေါ်ဘူး
:kwi:
Yae Myae Tha Ninn
August 7, 2014 at 4:31 pm
သူပျောက်သွားတာ ဝမ်းနည်းသလို.. သူနဲ့ လက်ရာတူ.. မင်းခိုက်စိုးစန်လဲ ပျောက်သွားတာ နှမြောစရာ..
အလွမ်းပြေ သူ့မိန်းမလက်ရာလဲ မရှေးမနှောင်းပျောက်သွားသလားပဲ..
လင်မယားဆိုတော့ စာအုပ်ဖတ်တာတူတယ်ထင်တယ်.. ဇာတ်လမ်းဆင်တာကို ရှူ း.. တိုး.. တိုးနဲ့ မှာ တွေ့နိုင်တယ်.. သို့ပေမဲ့ ၂ အုပ်လုံး နှစ်သက်ခဲ့ပါတယ်… အခု သူမရှိတော့ သူမပါ မရေးတော့သလားပဲ.. ထပ်မံ နှမြောပါတယ်… 🙁
အလင်းဆက်
August 8, 2014 at 3:56 pm
ကိုရေမြေ့ ရေ…
စာပြန် နောက်ကျတာ..ခွင့်လွှတ်ဗျ.. ။
ဆရာမ မနော်ဟရီက..စာလေးဘာလေး… ခပ်ကျဲကျဲတော့…ဆက်ရေးနေတုန်းပဲ..
http://manorhary.blogspot.com ဆိုတာ.. ဆရာမရဲ ့… စာတွေရှိတဲ ့နေရာလေးဗျ… ။
သိလား မသိဘူး ..။ သွားကြည့်ပါဦး .. ။
TNA
August 10, 2014 at 4:23 pm
ပုံတွေပြန်မြင်ရတော့လဲ ရင်ထဲ အသစ်ဖြစ်ရပါတယ်ဟယ်။
အလင်းဆက်(24/5/2011)
August 14, 2014 at 4:24 pm
မနေ ့က လိုပါပဲ..တဲသီရယ်..
😥
မဟာရာဇာ အံစာတုံး
August 10, 2014 at 4:43 pm
လူတိုင်း လူတိုင်း
ကိုယ် ချစ်တဲ့လူတွေနဲ့ ခွဲခွာကြရတဲ့အခါ
ဝမ်းနည်း ကြေကွဲကြတာ ဓမ္မတာ ပါပဲ …
ဒါပေမယ့် …
ဒီလမှာ ခွဲရလို့ ဒီလ ကို မုန်းတယ် ဆိုတာကတော့
Target မှားတယ်
နမူနာ ပြောရရင် …
ဇူလိုင် ၁၉ ရက်မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့ပေမယ့်
လူတွေက ဇူလိုင်လ ကို မမုန်းကြဘူး …
လုပ်ကြံတဲ့ ဦးစောတို့ အဖွဲ့ကို မုန်းတာ ….
အလင်းဆက်(24/5/2011)
August 14, 2014 at 4:27 pm
ဟုတ်ကဲ ့…
နောက်ကို…စိတ်ကူးယဉ် မဆန်တော့ပါဘူး..ချာရီး…
ဇီဇီ ခင်ဇော် (26102012)
August 14, 2014 at 12:12 pm
ကြယ်ခြွေတဲ့ လ (သို့) August
~~~~~~~~~~~~~~~~~~~~~
၁ ဩဂုတ် – မင်းသိင်္ခ
၂ ဩဂုတ် ၂၀၁၃ – ပါပါလေး
၅ ဩဂုတ် ၂၀၀ရ – တာရာမင်းဝေ
၁၁ ဩဂုတ် ၂၀၁၃ – မောင်ဝံသ
၁၄ ဩဂုတ် ၂၀၀၄ – ထူးအိမ်သင်
၁၄ ဩဂုတ် ၂၀၁၁ – နန္ဒသိန်းဇံ
၁၄ ဩဂုတ် ၂၀၁၃ – မင်းလူ
၁၅ ဩဂုတ် ၂၀၀၄ – မင်းသုဝဏ်
၁၉ ဩဂုတ် ၂၀၁၃ – ဒဂုန်တာရာ
မဟာဆွေ, လူထု ဦးလှ, ရွှေဥဒေါင်း, ကံချွန်(ကာတွန်း)
အို … မိုးသားဖွဲဖွဲတွေနဲ့အတူ ကြယ်တွေကို တစ်ပွင့်ပြီး တစ်ပွင့် မင်းခြွေချခဲ့တာပါလား August။
August ရေ … မှိုင်းညို့ညို့ ကောင်းကင်ရိပ်အောက်မှာ မင်းခြွေလိုက်တဲ့ ကြယ်တွေကိုတမ်းတရင်း ငါတို့ရဲ့စိတ်တွေလည်း လွှမ်းဆွတ်ခြင်းတွေနဲ့ အုံ့မှိုင်းနေတယ် ..။
August …. မင်း သူတို့ရဲ့ အသက်ကို ချွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာ ကြွေအောင်တော့ မင်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး။
August ရေ …. မင်းခြွေချလိုက်တဲ့ ကြယ်တွေဟာ ကြွေကျသွားပေမယ့် သူတို့ချန်ထားရစ်ခဲ့တဲ့အနုပညာတွေဟာ အတိတ်မှာ ကျန်ရစ်မနေခဲ့ဘူး။ ပစ္စုပ္ပန်မှာရည်စူး အနာဂါတ်အထိ တည်မြဲသွားမယ့် အရာတွေပေါ့။
အလွမ်းတွေနဲ့အတူ သူတို့ရဲ့ စာ၊ သူတို့ရဲ့ ကဗျာ၊ သူတို့ရဲ့ ဂီတတွေဟာ ငါတို့ရဲ့ ရင်ခွင်ထက်မှာ ရှင်သန်နေဆဲ …. တငြိမ့်ငြိမ့်နဲ့လှိုင်းထလှုပ်ခတ်နေဆဲပဲ။
လူသေပေမယ့် အနုပညာမသေခဲ့တဲ့ ကြယ်တွေပေါ့ကွာ …….
#Respect!
#RIP
SHW
14.8.2014
အလင်းဆက်(24/5/2011)
August 14, 2014 at 4:29 pm
ဆွဲ အနှုတ်ခံလိုက်ရတာတွေ….
နည်းမှ..မနည်းပဲ…မမဂျီ းရယ်…
😥