ကျနော်နဲ့ ဟိုကလေးမ (၃)
ခင်ပြီးနောက်မှာ…ကောင်မလေးရဲ့ စိတ်ရင်းကောင်းတာလေးတွေ၊ စိတ်မာချင်သယောင် ဆောင်ပြီး စိတ်အားငယ်တတ်တာတွေ….၊ ကျနော့်အပေါ် တစ်ခါတစ်လေတော့ သဘောကောင်းပြီး…တစ်ခါတစ်လေတော့ ချောက်ချတတ်တာတွေ…ခင်ဗျားတို့ကို ပြောပြဦးမယ်….။
အရင် ပိုစ့်မှာ ကျနော်…အဲ့ဒီလို ပြောခဲ့ပါတယ်….
သုံးနှစ်ကျော် ခင်ခဲ့တဲ့ထဲမှာ..သူမနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေ ကျနော့်အမှတ်တရပိုစ့်တွေအနေနဲ့ ပြောပြချင်တယ်….။ ကဲ………ကျနော်…စ ပြောတော့မယ်နော်..
ကျနော် ပြောပြမယ်…။ ခင်ဗျားတို့သာ စဉ်းစားကြည့်ကြပါတော့…။ သူမဟာ…ဘယ်လိုမိန်းခလေးမျိုးဆိုတာ………..
****************************************************************
တကယ်လို့…အဲ့ဒီကောင်မလေးကို နာမည်တစ်ခုသာ ပေးရမယ်ဆိုရင် သူ့ကို ကျနော်…”မိန်း” လို့ နာမည်ပေးချင်ပါတယ်…။ တကယ်လဲ သူဟာ ကျနော့်အတွက် Main ပါပဲ…။
ကျနော်တို့ ခင်ပြီးတဲ့နောက်…..
ဒီနေ့ ကျနော့်ကားလဲပြီး စိတ်တိုင်းကျတဲ့ ကားသစ်လေးနဲ့ မြောက်ကြွကြွဖြစ်နေတယ်…။
ရွှေညောင်ပင်ဘိုးဘိုးကို ဦးမတိုက်ရသေးခင်…အဲ့ကလေးမကို သွားကြွားမယ်ဆိုပြီး…ဖုန်းဆက်ကြည့်လိုက်တော့ အိမ်မှာတဲ့…..။
ဒါနဲ့ပဲ သူမဆီကို အရင်ဦးတိုက်ဖို့…ကျနော် သူမအိမ်နား သွားတယ်….။
သူမအိမ်နားရဲ့ ခပ်လှမ်းလှမ်းအရောက်မှာပဲ…အဲ့ကလေးမ သူ့ခြံထဲကနေ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး…ခပ်သုတ်သုတ် ထွက်လာတာ တွေ့လိုက်တယ်….။ မလုံမလဲပုံစံ အိမ်ကိုလဲ လှည့်ကြည့်လှည့်ကြည့်လုပ်ပြီး….အိမ်က ဝေးလေကောင်းလေ ပုံစံနဲ့ အမြန် အသော့နှင်နေတယ်….။
“မိန်း”
“အမလေး……..တောက်ပလုတ်တုတ်!!!!” လန့်ယောင်လိုက်ပြီး…ကိုယ်လေးတောင် တုန်သွားတဲ့ သူမကိုကြည့်ရင်း…အင်းးး….ဒီကလေးမတော့ ဘာမဟုတ်တာ တစ်ခုခုလုပ်လာပြန်ပြီလဲ မသိလို့ ကျနော် တွေးလိုက်မိတယ်…
ကျနော့ကို မြင်တော့ သူမမျက်နှာ..ဝင်းထိန်သွားပြီး…ကားဆီ အူယားဖားယား ပြေးလာတယ်…။
” မောင်းးးးး မောင်းးးး ”
“ဘယ်ကို မောင်းရမတုန်း….”
“ကျိုက်ဝိုင်းဘုရား…ကျိုက်ဝိုင်းဘုရားကိုမောင်း…”
ကျိုက်ဝိုင်းဘုရားနဲ့ သူမ အူယားဖားယား ဖြစ်နေတာနဲ့ ဘာများဆိုင်လို့ပါလိမ့်….
ရွှေတိဂုံအထက်ပစယံအသင်းမှာ သူမတံမြက်စည်းလှည်းတယ်…၊ နောက် သူငယ်ချင်းတစ်ယောက်အဆွယ်ကောင်းလို့..ကျိုက်ဝိုင်းမှာ လူနည်းနေတယ်ဆိုတာနဲ့ အဲ့ဒီကလေးမ ကျိုက်ဝိုင်းဘုရားဘက်ပြောင်းပြီး…တနင်္ဂနွေနေ့တွေဆို တံမြက်စည်းသွားလှည်းတတ်တာတော့ ကျနော် သိနေတယ်….။
ဒါပေမယ့်….ဒီနေ့က တနင်္ဂနွေနေ့လဲ မဟုတ်ပါဘူး….ဘာရှိလို့ ကျိုက်ဝိုင်းဘုရားလဲ….
ရှေ့ကို ပြင်ယူလိုက်တဲ့ လေးပင်နေပုံရတဲ့ သူမ ကျောပိုးအိတ်ထဲက ပန်းကန်ခွက်ယောက်ချင်းထိသလို…အသံပလံတချို့ထွက်လာတယ်….။
“နင့်ပုံစံ မူမမှန်ဘူး….ဘာမဟုတ်တာလုပ်လာတာတုန်း…” ကျနော် သင်္ကာမကင်းတဲ့ အသံနဲ့ သူမကို လှည့်မေးလိုက်တယ်….
သူမ ပြန်ဖြေလိုက်တဲ့…အဖြေကြောင့်…ကျနော်အတော်အကျပ်ရိုက်သွားပါတယ်….။ ကျနော်…သာဓုပဲ ထခေါ်ရတော့မလား…၊ ခေါင်းပဲ ထခေါက်ရတော့မလား…….
ဇဝေဇဝါ…
” ကျိုက်ဝိုင်းဘုရားမှာ…ဆီမီးတစ်ထောင်ပွဲ လုပ်ဖို့ရှိနေတယ်…၊ ဂေါပကက ဘုရားဖူးတွေကို ကြာဇံဟင်းခါး ကျွေးချင်တယ်….။ ပန်းကန်တွေ လောက်ပါ့မလားမသိဘူး…ညည်းနေတာကြားလို့….မားသား ရှိုးကေ့စ်ထဲက မားသား စုထားတာတွေ ဘုရားလှူဖို့ ငါ မ, လာတာလေ….” တဲ့…
ကဲ…
(ဒုတိယတစ်ခေါက် သူမ အဲ့ဒီလို လုပ်တော့ အန်တီ မိသွားခဲ့ပါတယ်…။ အန်တီတော့ သာဓုခေါ်ခဲ့မလား၊ ခေါင်းပဲခေါက်ခဲ့မလား ကျနော် မသိပါ…..)
****************************************************************
ကျနော် သူမကို တော်တော်ကြာတဲ့ထိ…ချစ်တယ်လို့ မပြောခဲ့ဘူး…..။
အဲ့ဒါ ဘာဖြစ်လို့လဲ ခင်ဗျားတို့သိလား….???? ကောင်မလေးရဲ့ စိတ်လေးကို သိလာလေလေ…ကျနော် သူမကို ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့…အားနာလာလေလေပဲ…။
သူမဟာ…ကျနော့်…ရည်းစားဘဝထက်…ကျနော်…ဦးတိုက်ရမယ့်သူ၊ ကျနော်အလေးအမြတ်ထားရမယ့်သူမျိုးပဲ ဖြစ်သင့်တယ်…။ ကျနော့်ရည်းစားဆိုတဲ့ အဖြစ်ဟာ…ကျနော်သူမရဲ့ အဆင့်ကို လျှော့ချသလိုများ ဖြစ်နေမလားလို့…(ကျနော့်အတွေးဟာ….ကြောင်ကောင်း ကြောင်ပါလိမ့်မယ်…)
ကျနော့်ရည်းစား ကောင်မလေးတိုင်းဟာ…ကျနော့်စိတ်ကြိုက်ထက် သူမ စိတ်ကြိုက်ပဲ ဖြစ်နေတတ်တယ်…။ သူမကိုယ်တိုင်ချစ်တဲ့မိန်းခလေးမျိုးဆိုရင်တော့ အဲ့ဒီကလေးမ….နေ့မနား ညမအား ဖုန်းဘေလ်အကုန်ခံ လေအကုန်ခံပြီး ကျနော်နဲ့ မဆုံဆုံအောင် ကူညီတတ်ပါသေးတယ်…။
ဒါပေမယ့်…ဒါတွေကလဲ ကြာကြာတော့ မခံတတ်ပါ…..။ ကျနော်တို့ ပြတ်သွားပြီ…သတင်းကြားရင် မိန်းတစ်ယောက်..သူမကုန်ထားတဲ့ လေရဲ့ ၂ ဆ .. ကျနော့်ကို ဆဲတော့တယ်..။
ဘာကြောင့် ပြတ်သွားရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ကျနော် ဘယ်တော့မှ မိန်းကို မပြောပြဖြစ်ပါ….။
ငါ သွားရှင်းပေးမယ်လေ…လို့ ကူညီချင်စိတ်အပြည့်ရှိတဲ့လေသံနဲ့ မိန်းပြောတိုင်းလဲ … ကျနော် ဘယ်တော့မှ လက်မခံခဲ့ပါ…။
ဘာလုပ်မှာလဲ….
ကျနော်နဲ့ ကောင်မလေးတွေ ဆုံတိုင်း ကျနော်ပြောဖြစ်တဲ့အကြောင်းအရာဟာ… မိန်း ဖြစ်နေတတ်တယ်…။ ကောင်မလေးတွေနဲ့ Shopping ထွက်ဖြစ်လို့ ကျနော်ဝယ်ဖို့ကောက်ကိုင်လိုက်တဲ့အရာတိုင်းဟာ…မိန်းအတွက် ဖြစ်နေတတ်တယ်…။ မိန်းက ငါခေါင်းမူးနေတယ်လို့များ ဖုန်းထဲက ပြောရင်… ဘေးနားကဘယ်သူဖြစ်ဖြစ် ကျနော်ဂရုမစိုက်ဘဲ ပြန်ရအောင်လို့..ပြောဖြစ်ခဲ့တာတွေဟာ…ကောင်မလေးတွေ ကျနော်နဲ့ ပြတ်ဖို့ ကောင်းကောင်းလုံလောက်တဲ့အကြောင်းပြချက်တွေပဲ…။
ကျနော်…ရေရှည်အတွက်…မိန်းကိုပဲ ရွေးပါတယ်…။
သူမ သဘောမကျတဲ့ မိန်းခလေးတွေနဲ့ဆိုရင်လဲ မိန်းတစ်ယောက် ကျနော့်ကို ကောင်းကောင်း ချောက်ချတတ်ပါသေးတယ်….။
တစ်ရက်…….
ထူးအယ်လင်းရဲ့….ဒါအချစ်လို့ခေါ်သလားသီချင်းသံ …ဖုန်းက မြည်လာတော့ ကျနော် ကောက်ကိုင်လိုက်တယ်…။
“နောင်ရိုး…..ငါ ငါ့အဖေနဲ့ နင့်အဖေကို ကန်တော့ချင်လို့…လုံချည်လိုက်ရှာချင်တာ….မရွေးတတ်ဘူး…လိုက်ရွေးပေး!!!” (သူမ ပြောမှ သတိရသွားတယ်…။ ဪ…သီတင်းကျွတ်နား နီးပြီကိုး…ဒါ သူမ ပေါချောင်ကောင်းနဲ့ ဖန်ငွေရှာချိန်ပေါ့….)
ဒါနဲ့ပဲ….ကျနော် ရှိသမျှ အလုပ်တွေကို ထားခဲ့ပြီး…သူမနဲ့ Shopping ထွက်ကြတယ်…..။ မဂျီးထူက တော်တော်နဲ့ စိတ်တိုင်းမကျဘူးရယ်….မရွေးတတ်ပေသေးလို့ပဲ….။ ဘုရားလမ်းစိန်ဂေဟာ၊ လှည်းတန်းစိန်ဂေဟာတွေ ကုန်ပြီး…မြေနီကုန်း ဂမုန်းပွင့်ရောက်ပါမှ…လိုချင်တာ ရတော့တယ်…။ (ဒီမှာမရရင်…ယုဇနပလာဇာဘက်ထိတောင် သွားဖို့ အစီအစဉ်ရှိသေးတယ်…)
အထုတ်အပိုးတွေ ဆွဲပြီး…ဂမုန်းပွင့်ကထွက်လာတော့…ကျနော်တို့ရှေ့က ကောင်မလေးခပ်လန်းလန်းတစ်ယောက်…ဖြတ်သွားတယ်ဗျ…။ အဲ့ဒီကောင်မလေးကို ကျနော်သိတယ်..၊ ကျနော်တို့ လမ်းထိပ်မှာနေတာ…။ မျက်မှန်းတန်းမိနေတယ်….။ အဲ့ဒီကောင်မလေးက ရှေ့က…၊ ကျနော်တို ့ ၂ယောက်က နောက်က…။
ခပ်လန်းလန်း ကောင်မလေးက…ဒဂုံစင်တာထဲ ဝင်သွားတယ်….။
ကျနော် ဖုန်းနံပါတ်လောက်တောင်းနိုင်ရင် … မဆိုးဘူး…ဇာတ်လမ်းဆက်လို့ ရနိုင်တယ်…..။
“မိန်း….ငါတို့ ဒဂုံစင်တာထဲ ပတ်ရအောင်…၊ ၂ပတ်လောက်ပတ်ပြီးရင်…ငါ မုန့်လိုက်ကျွေးပါ့မယ်…”
ကျနော် ဘယ်ယုန်မြင်လို့ ဘယ်ချုံထွင်နေတယ်ဆိုတာ … လှစ်လှစ်ထနေတဲ့ အဲ့ဒီကလေးမ သိမှာပါ….။ ကျနော့်ကို တစ်ချက်မော့ကြည့်ပြီး ပြုံးပြတယ်….။ အဲ့ဒီအပြုံးကြောင့် ကျနော် နည်းနည်းတော့ ကျောချမ်းသွားပေမယ့်…သူမရဲ့ “သွားလေ” ဆိုတဲ့ နောက်ဆက်တွဲစကားကြောင့်…ကျနော် ပျော်သွားတယ်…။
ဒဂုံစင်တာထဲမှာ ဟိုကောင်မလေးနောက် ဆိုင်ပေါက်စေ့ ကျနော်နဲ့ မိန်း လိုက်ကြတယ်….။ ကောင်မလေးနဲ့လဲ မျက်လုံးချင်းဆုံအောင် ကျနော် ကြိုးစားတယ်…။ မိန်းနဲ့ ၂ ယောက်တွဲမို့ ဟိုဘက်ကအစပိုင်း ဇဝေဇဝါ ဖြစ်သလိုဖြစ်နေပေမယ့်… သူ့နောက် ၂ ယောက်လုံး တောက်လျှောက်ပါလာလေတော့… နောက်ပိုင်း စိတ်ရှင်းသွားပုံပဲ…၊ အခြေအနေက Eye Talking ပစ်တဲ့ အနေအထားထိ ရောက်လာပြီ….။
ခုချိန်က အကောင်းဆုံးပဲ……။ ဖုန်းနံပါတ် တောင်းလိုက်တော့မယ်…။ ဆိုင်ထဲ လူလဲ ရှင်းနေတယ်….။ အတွေးနဲ့ ဟိုကောင်မလေးနားကပ်သွားချိန်….မိန်း ကျနော့်နား ရောက်လာပြီး…ဘယ်လိုစကားမျိုးနဲ့ ကျနော့ အရှက်ဗြန်းဗြန်းကွဲအောင်…လုပ်ခဲ့တယ်လို့…ခင်ဗျားတို့ ထင်ပါသလဲ……
မိ်န်းပြောလိုက်တာက…………
:
:
:
“မောင်…..အကြွေ ၂၀ဝ လောက် ပါလားဟင်…” တဲ့
:
:
:
ကျနော် နားကြားမှားတာလား….။ မိန်းကိုလှမ်းကြည့်လိုက်တော့…သူမထုံးစံအတိုင်း…မှင်သေသေနဲ့ ထပ်ပြောတယ်…
” အကြွေ ၂၀ဝ လောက်ရှိလားဆို…ကျမ အကျီင်္ဖိုး အစွန်းထွက်လိုလို့…မောင့်ဆီက တောင်းတာ ဘာလို့ ကြောင်တောင်တောင်လုပ်နေလဲ မောင်ရဲ့….” တဲ့….သူမရဲ့ တမင်လုပ်ယူထားတဲ့ ခပ်ချွဲချွဲအသံအဆုံးမှာ…ကျနော် မြေလျိုးပြီးတောင် ပျောက်သွားလိုက်ချင်တယ်….
သွားပါပြီဗျာ…..သွားပါပြီ……
ကျနော် ရင်တွေ ဒိန်းခနဲ ခုန်တယ်….၊ ဟိုကောင်မလေး မျက်စောင်းက ကျနော့်ဆီ ဒိုင်းခနဲ ရောက်လာတယ်…။ လမ်းထိပ်မှာ….တစ်ခါတစ်လေ မြင်မြင်နေတဲ့ အဲ့ဒီကောင်မလေးမျက်နှာကို နောက်ဆို…ကျနော့် ဘယ်မျက်ခွက်ကြီးနဲ့ သွားကြည့်ရပါ့မလဲ….
ဟိုကောင်မလေး တောက်ခေါက်သံခပ်တိုးတိုးနဲ့ လှည့်ထွက်သွားတဲ့နောက်….ကျနော် မိန်းကို စိတ်ဆိုးပါတယ်….
” မိန်း…နင်ဘယ်လိုလုပ်လိုက်တာလဲ……..ငါ့ ဒီအခွက် ဘယ်နားသွားထားရမလဲ မသိဘူး…။ အဲ့ဒီတစ်ယောက်က ငါ့လမ်းထိပ်နား နေတာ….။ နင်လုပ်တာ ငါဘယ်လောက် သောက်ရှက်ကွဲရလဲ သိလား…”
သူမကတော့ ထုံစံမပျက်…ခပ်အေးအေးပါပဲ….
“နင် ဒါမျိုးလေးနဲ့များ တွဲရင်…နင် ကပ်စီးကုပ်သမျှ အကုန်ပြုတ်မှာပဲ…။ သူဝယ်နေတာတွေ နင်မြင်လား၊ သူ့မျက်လုံးမငြိမ်တာရော..နင်တွေ့လား….။ နင် ဘယ်လောက်ကြာအောင် လိုက်ထိန်းနိုင်မှာတုန်း….။ နင့်မျောက်လို ဂနာမငြိမ်တဲ့ စိတ်နဲ့ရော ဘယ်လောက်ကြာမှာလဲ….နင်ရော ဟိုခလေးမရော အကျိုးမယုတ်ခင် ငါက စေတနာနဲ့ ဝင်တားပေးရတာ….။ နင့်မှာ … ငါ့ကျေးဇူးတောင် မကင်းဘူး…။ ခု မုန့်လိုက်ကျွေး” တဲ့ဗျားးးးးးးးးး
အဲ့ဒီစကားတစ်ခွန်းနဲ့…နှောင့်ယှက်သူအဖြစ်မှ… ကျေးဇူးရှင်အဖြစ် လုံးလုံးဘဝပြောင်းသွားတဲ့ အဲ့ဒီကောင်မလေးကို ကျနော်အောင့်သက်သက်နဲ့ပဲ သူမဗိုက်လေး ကားသွားတဲ့အထိ မုန့်လိုက်ကျွေးလိုက်ရပါသေးတယ်….။
ကျနော် မှတ်မိသွားတဲ့ တစ်ခုကတော့…..
“သူမ ပြုံးတိုင်းလဲ….အကောင်းတော့ မဟုတ်ဘူး…” ဆိုတာ……
****************************************************************
ဟုတ်တယ်….။ သူမ ပြုံးတိုင်းလဲ အကောင်းတော့ မဟုတ်ဘူး…။
ကျနော်တို့…သင်တန်းမှာ ခင်ခဲ့တဲ့ သူငယ်ချင်းတစ်သိုက်နဲ့ မြေနီကုန်းက လက်ဖက်ရည်ဆိုင်မှာ ဟေးလားဝါးလားလုပ်နေတယ်….။ အင်္ဂလိပ်စာ ဂိုက်လိုက်သင်တဲ့ သူငယ်ချင်းမတစ်ယောက်က သူမဝိုင်းတွေ များလာလို့…စပွန်ဆာ လုပ်တာပါ…။
“ဒေါ်မီမီသော်…ခင်ဗျား အလုပ်တစ်ဖက်နဲ့ တခြားက ဝင်ငွေရှာသေးတယ်….၊ လောဘကြီးရအောင် အိပ်ထောင်ပြုဖို့နေနေသာသာ ခင်ဗျားကို ကြိုက်မယ့်သူတောင်..မရှိဘူး…”
မီမီသော့်ဆီက ကျနော့်ကို ကောင်းချီးပေးသံ နည်းနည်းထွက်လာတယ်…။
“သင်တော့ ပိတ်ရက်သင်တာလား..မီမီ..” မိန်းက ဝင်မေးတယ်…။
“ပိတ်ရက်လဲ ပါတယ်…။ ခု ဝိုင်းကများလာတော့ ရုံးဖွင့်ရက်လဲ သင်ရတာပဲ…”
“ဟင်….ပြန်တော့ မိုးချုပ်မှာပေါ့…….”
“အင်းပေါ့…တစ်ခါတစ်လေ….၁ဝနာရီခွဲလောက်မှ ပြန်ရောက်တယ်….”
မီမီက မြောက်ဒဂုံဘက်မှာနေတာမို့ မိန်းက စိတ်ပူသွားပုံပါပဲ….။
“ဟင်….. တစ်ယောက်ထဲ ပြန်တော့ မကြောက်ဘူးလား…”
“ဟင့်အင်း…မကြောက်ပါဘူး…….အဖေက ကားဂိတ်ထိ လာကြိုတယ်လေ…။ ပြန်တာနောက်ကျတဲ့…ညတိုင်းပဲ……”
မီမီပြောလိုက်တာကတော့ ပုံမှန်ပါပဲ…။ ဒါပေမယ့်…အဲ့ဒီစကားသံအဆုံးမှာ…… မိန်းမျက်နှာကို မှန်တစ်ချပ်လို ကြည့်နေတဲ့ကျနော် မိန်းကို သတိထားလိုက်မိပါတယ်…။ မိန်းတစ်ချက် မှိုင်သွားတယ်….။ အဝေးကို ငေးတယ်…။
အဲ့ဒီအဖြစ်က ခဏကလေးပါပဲ….။
နောက်…ချက်ချင်း…မျက်နှာကို မော့ပလိုက်ရင်း…မိန်းဆီက “အဟက်” ဆိုတဲ့ အသံတစ်ခု ထွက်လာတယ်….။
“ဟားးးဟားးးး ငါ မီမီ့ကို ပြောပြရဦးမယ်….ဟိုတစ်နေ့က Facebook ထဲက ဟာသ..လေ..”
မျက်နှာဖုံးတစ်ခုကို ချက်ချင်းကောက်တပ်လိုက်ပေမယ့်…. ကောင်မလေးရဲ့ နာကျင်နေမှုကို အဲ့ဒီမျက်နှာဖုံးအောက်မှာ ကျနော်တစ်ယောက်တော့ ရှာတွေ့ခဲ့တယ်….။
သူမရဲ့ ဒဏ်ရာတွေ၊ နာကျင်မှုတွေကို ဖုံးကွယ်ပစ်ချိန်တိုင်း…သူမ စကားအစမှာ..ရီသလို၊ ပြုံးသလို အသံတစ်ခု ထုတ်လွှတ်တတ်မှန်း ကျနော် အဲ့ဒီကစ သိခဲ့တာပဲ…..။ တစ်ခါတစ်လေမှာ အဲ့ဒီအသံဟာ…တစ်ဖက်လူအတွက် လှောင်သံလိုလိုဖြစ်သွားတတ်ပေမယ့်…တကယ်တော့ အဲ့ဒါ…ကောင်မလေးရဲ့ မာန်တင်းမှု တစ်ခုသက်သက်သာ…
ကျနော်…ပြောပါတယ်….
သူမ ပြုံးတိုင်းလဲ ကောင်းတာတော့ မဟုတ်ပါဘူး…လို့……
နောင်ရိုး
(17.8.2014)
14 comments
ဇီဇီ ခင်ဇော် (15102012)
August 17, 2014 at 12:32 pm
ဒါဟာ အချစ် တဲ့ လားးးးး
အဲ့ဒါ အချစ် တဲ့လားးး
အဟွတ်
:k:
နောင် ရိုး
August 17, 2014 at 12:49 pm
ဆက်ပါ့မယ် ခင်ညာ…..နောက် ကျနော် ရည်းစားစကားပြောခဲ့တဲ့ အပိုင်းတွေ…
ဒါနဲ့ ဇဂါးမစပ်…ခင်ညားအတော် ချောင်းဆိုးတယ်နော်….
အီဘိုလာတော့ စ ပြီထင်ရဲ့….ငိ…ငိ…
ဇီဇီ ခင်ဇော် (15102012)
August 17, 2014 at 1:29 pm
သယ်…!!!!
ဆရာမ တစ်ယောက်လုံးးး ရှေ့ အရောက် လာတာတောင် ဂါရဝ ပုရမှန်းးးမသိ..!!!
Ko chogyi
August 17, 2014 at 5:11 pm
ဆရာမ တားဘာသယ်ပေးရမှာလဲဟင်
နောင် ရိုး
August 18, 2014 at 8:48 am
ဂါလဝလာပုဒါပါ ခင်ညာ….။
မနေ့က အကောင့် Log Out လိုက်လို့ ဒီဆြာမရှေ့ရောက်လာတာ မမြင်သယောင် ဖစ်သွားမိဘာဒယ်..။
မိုက်မဲလေးဂို ခွေးလွှတ်ပါလို့…..
ဆြာမဆိုတော့ ကျင့်ဝတ်ထဲပါတယ်…။ ဘာတဲ့…သင့်ရာအပ်ပို့ဆိုတာ….
ပို့မယ့်ပို့ရင် ကူးတို့ရောက်အောင်ထိ ပို့ပါဗျာ…..
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 9:13 am
အိန်းးး အိန်းး (ဟို အဆိုတော် မဟုတ်ဘူးနော်။)
ဆြာမက ရွာသာကြီး က ဆိုတော့ နောင်ရိုးကိုလည်း ရွာသာကြီး အရောက်ပို့ရမှာပေါ့ကွီ။
ဘာမှ နောက်ဆန်မတင်းပဲ။
ဖောင်ကိုသာဖျက်ခဲ့တော့။
မောင်လေးချိုလည်း အထုပ်တွေ သယ်ပြီးသာ လိုက်ခဲ့ကြလော့၊
ဟိ
:k:
kyeemite
August 18, 2014 at 11:54 am
ကိုနောင်ရိုးက စာရေးတော်တော်ကောင်းတယ်..ဖတ်ရတာစမုနေတာပဲဗျ …ဆက်ပါအုံးလေ
နောက်ပြီး..ဟိုခြင်ကျားပူက ဆြာမဂျီးကိုလည်း တျောက်လောက်ရှာပေးလိုက်ပါဗျ :k:
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 11:57 am
ဟမ်မလေးး
နောင်ရိုးရှာရင် သူ့လို မစွံတာ ရမှာပေါ့ မိုက်မိုက်ရဲ့။
သများ ဟာ သများ စိတ်ကြိုက်ရှာပါ့မယ်။
:k:
နောင် ရိုး
August 18, 2014 at 12:30 pm
ဦးကြီးမိုက်…!!!!
ကျော့်သူငယ်ချင်းတစ်ယောက်ယောက်ကိုများ…သေကြောင်းကြံချင်နေတာလား….
:byee:
kyeemite
August 18, 2014 at 1:19 pm
:k: :k: :k: :k:
myat pearl phyu
August 18, 2014 at 11:59 am
Dunno New or Old story but interested in reading! Carry on!
manawphyulay
August 18, 2014 at 12:07 pm
ဒါနဲ့ ဘာဆက်ဖြစ်သေးလဲ… ဇာတ်လမ်းက ဆုံးတော့ မလိုနဲ့ အခုမှ အစပဲရှိနေပါသေးသလား…
Kaung Kin Pyar
August 18, 2014 at 2:31 pm
မြန်မြန်ဆုံးတော့ နောင်ရိုးရေ…….
ဦးကျောက်ခဲ
August 18, 2014 at 4:40 pm
ဂလိုပဲ ဆြာလေးရဲ့… အခြစ်ဆိုတာ ပီကေနဲ့တူသတဲ့…
အစပိုင်းမှာတော့… အနံ့ အရသာလေးက စွဲမက်စရာလေးပေါ့…
နောက်ပိုင်းမှာတော့… အရသာလည်းမရှိ ၊ ရနံ့ဆိုတာ ဝေလာဝေး…
မြိုလို့လည်းမရ ၊ ထွေးထုတ်ရင်လည်း ဟိုကပ်သည်ကပ် ဒွတ်ခများသတဲ့…
ဟီဟိ… ကျောက်စ်ကိုယ်တွေ့ မဟုတ်ဘူးနော်… အထင်မမှားရ… အဟွတ်စ်စ်
:k: